အခန်း(၈)ကြက်ဥအနှစ်နဲ့ဝက်သားဆန်ပြုတ်
Viewers 43k

အခန်း(၈) - ကြက်ဥအနှစ်နဲ့ ဝက်သားဆန်ပြုတ်


လင်းချင်းဟယ်သည် ညီအစ်ကိုသုံးယောက်စလုံးကိုခေါ်ကာ သူတို့ရဲ့မျက်နှာကို သုတ်ပေးပြီး သူတို့ရဲ့ခြေလက်များကို ဆေးပေးပြီးမှ ပြန်လွှတ်လိုက်သည်။


“မေမေ ချက်ပြုတ်ချိန်ရောက်ပြီလေ။” ကျိုးလောင်တက သူမကို သတိပေးသည်။


ကလေးတွေဟာ ဗိုက်ဆာမြန်ကြသည်။ ဒီအချိန်တွင် သူတို့ဗိုက်ပြန်ဆာလာကြသည်။


လင်းချင်းဟယ်သည် ဒီညီအစ်ကိုတွေ သူမ ဝယ်ယူလာသည့် အထုပ်အကြီးကြီးတွင် ဘာပါလာမှန်း မသိတဲ့အချက်ကို အမှီပြု၍ သူမအခန်းထဲသို့ပြန်ဝင်သွားကာ ပန်းသီးတစ်လုံး ယူလာခဲ့သည်။ ပန်းသီးကို အခွံမခွာပဲ ရေဆေးကာ လေးခြမ်းခြမ်း၍ ကျိုးလောင်တနဲ့ ကျိုးလောင်အာ့တို့အား တစ်ယောက်တစ်စိတ်စီ ပေးခဲ့သည်။


ကျိုးလောင်စန်းလေးအတွက်မူ လင်းချင်းဟယ်သည် ဇွန်းတစ်ချောင်းယူကာ ဆေးထားသောပန်းသီးအား ခြစ်ကျွေးလိုက်သည်။


ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် ဒီလိုအရသာရှိတဲ့ အသီးအနှံတွေ စားသုံးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ တစ်ယောက်တစ်စိတ်စီသာရရှိခဲ့သော်လည်း နှစ်ယောက်သား စိတ်ကျေနပ်သွားကြသည်။


လင်းချင်းဟယ်က ဒါတွေကို ကျွေးရခြင်းအား စိုးရိမ်ပူပန်ခြင်းမရှိပေ။ ဒီဒေသမှာ ပန်းသီးနဲ့ သစ်တော်သီးတွေ ရှိပေမယ့် စပျစ်သီးတော့ မရှိကြပေ။ သူမသည် စပျစ်သီးကို သူမတစ်ယောက်တည်း တိတ်တိတ်လေးစားရန် ရည်ရွယ်ထားသည်။ ရံဖန်ရံခါတွင် အကြီးနှစ်ယောက် အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး စကားမပြောနိုင်သေးသော ကလေးငယ်အား ကျွေးမွေးနိုင်သည်။


ကျိုးလောင်အာ့က ထက်မြက်လွန်းတယ်။ သူ့ကို စပျစ်သီးအား ကျွေးလို့မဖြစ်ပေ။ ဒါမှ သူမ စားသောက်ခြင်းမှ ရလာတဲ့ဒုက္ခတွေကို ကယ်တင်နိုင်လိမ့်မည်။


လောင်စန်းကို တစ်စိတ်ကျွေးပြီးနောက် လင်းချင်းဟယ်သည် ကျန်တစ်စိတ်ကို သူမဖာသာသူမ စားလိုက်သည်။ ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် သူတို့ထဲမှတစ်ယောက်ယောက်အား ထိုတစ်စိတ်အားကျွေးလျှင် သူမ၏ဘက်လိုက်မှုအပေါ် ကန့်ကွက်ရန် ပြင်ဆင်နေခဲ့ကြပြီး သူမ၏လုပ်ရပ်ကြောင့် သူတို့ပါးစပ်များ ပိတ်သွားကြသည်။


“ငါ မင်းတို့အတွက် အသားချက်ပြုတ်ပေးမယ်။ မင်းတို့ညီလေးကို ဂရုစိုက်ထားကြ။” လင်းချင်းဟယ်သည် မတ်တပ်ထရပ်ပြီး သူတို့ကို ညွှန်ကြားလိုက်သည်။


နေ့လည်ခင်းတွင် ပေါက်စီဖြူနှင့် ပန်းသီးတစ်စိတ် စားလိုက်ရသောကြောင့် ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် နားမထောင်ပဲ မနေဝံ့ပေ။


သူတို့ဟာ ငယ်ရွယ်လွန်းပြီး အများကြီးနားမလည်သေးပေမယ့် သူတို့က မမိုက်မဲကြပါဘူး။ သူတို့အမေက သူတို့ကို အရင်ကထက် ပိုကောင်းမွန်စွာ ဆက်ဆံပေးတဲ့ပုံပေါ်တယ်လို့ သူတို့ အနည်းငယ်ခံစားမိသည်။


လင်းချင်းဟယ်သည် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။


မီးဖိုချောင်ထဲတွင် မြေသားမီးဖိုတစ်လုံးသာရှိသော်လည်း ဒယ်အိုးစောက်မှာ ကောင်းမွန်နေသေးသည်။ ယောင်းမသည်လည်း အလွန်ဟောင်းသော်လည်း ကောင်းမွန်နေပါသေးသည်။


သို့သော် ထိုပစ္စည်းများသည် မူလခန္ဓာပိုင်ရှင်က သူမခင်ပွန်းမိသားစုနှင့် အိမ်ခွဲနေထိုင်ပြီးနောက် သူမဖက်မိသားစုနှင့် လဲလှယ်ခဲ့တာဖြစ်သည်။ သူမသည် ထိုပစ္စည်းများကို မြင့်မားသောတန်ဖိုးငွေဖြင့် လဲလှယ်ခဲ့သည်။ ထိုမီးဖိုချောင်သုံးပစ္စည်းများကြောင့် ကျိုးမိသားစုသည် မိသားစုခွဲနေထိုင်ရန် သဘောတူခဲ့သည်။


ဒီလိုမှမဟုတ်ပဲ ဒယ်အိုးစောက်သာမရှိလျှင် အိမ်ခွဲနေထိုင်ဖို့က ပြဿနာအကြီးကြီးတစ်ခု ဖြစ်လာလိမ့်မည်။ ထိုအသုံးအဆောင်မျိုးရဖို့ မလွယ်ကူသလို ကျိုးမိသားစုမှာလည်း မရှိခဲ့ပါ။


မီးဖိုချောင်သည် ရိုးရှင်းသော်လည်း အခြားသူများ၏မီးဖိုချောင်နှင့် အလားတူအခြေအနေတွင် ရှိနေပါသေးသည်။


လင်းချင်းဟယ်သည် သူမ ငယ်ရွယ်စဥ်က အဖွားဖြစ်သူနှင့်အတူ ကျေးလက်ဒေသတွင် နေထိုင်ခဲ့ဖူးသည်။ ဒါ့ကြောင့် သူမ ဒီလို‌ရှေးဟောင်းမီဖိုမျိုးကို အသုံးပြုရတာ သိပ်မခက်ခဲပေ။ ထို့အပြင် သူမသည် မူလခန္ဓာပိုင်ရှင်၏မှတ်ဥာဏ်များကိုလည်း လက်ခံရရှိထားသေးသည်။ သူမသည် ဒယ်အိုးစောက်ကို ပွတ်တိုက်ဆေးကြောလိုက်ပြီး ရေနွေးဆူအောင်တည်ကာ ဆန်တစ်ခွက်အား ရေဆေးလိုက်သည်။

 

မီးဖိုချောင်ထဲတွင် ဆန်အိုးနှင့် ဂျုံမှုန့်ထည့်ထားသည့်အိုးတစ်လုံးပါရှိသည်။ ဒါပေမယ့် ပမာဏအများကြီးတော့ မရှိပေ။ မူလခန္ဓာပိုင်ရှင်သည် စျေးသို့သွားရာတွင် ဆန်နှင့် ဂျုံမှုန့်ဝယ်ရန် မစဥ်းစားပဲ အဝတ်အစားချုပ်လုပ်ရန်အတွက်သာ ဝယ်ယူခဲ့သည်။


လင်းချင်းဟယ်သည် ခေါင်းယမ်းလိုက်ပြီး သူမနေရာလွတ်ထဲမှ ဆန်တစ်အိတ်ကိုထုတ်ယူကာ ဆန်အိုးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ဂျုံမှုန့်တစ်အိတ်ကိုလည်း ထုတ်ယူပြန်ကာ အခြားအိုးထဲသို့ လောင်းထည့်ကာ ကြက်ဥခြင်းတွင် ကြက်ဥများအပြည့်ဖြည့်လိုက်သည်။


မိသားစုထဲက ကလေးသုံးယောက်ဟာ ဒါတွေကို ဂရုမစိုက်သလို သူတို့က ရေတွက်ဖို့လည်း မသိကြဘူး။ သူတို့သိသည့်အရာအများစုမှာ ကြက်ဥများနှင့် ဆန်များ များများရှိကြောင်းကိုသာ သူတို့သိကြသည်။ ဘယ်လောက်ပမာဏရှိလဲဆိုတာကိုတော့ သူတို့မသိကြဘူး။ ဒီတော့ သူမ ဘယ်လိုလုပ်လုပ် ဒါက အဆင်ပြေလေသည်။


အိုးတွေထဲကို လိုအပ်တာများ ဖြည့်တင်းပြီးနောက် လင်းချင်းဟယ်သည် နေရာလွတ်ထဲမှ ၁၀၀-၂၀၀ဂရမ်လောက်ရှိသည့် အဆီနည်းသည့်အသားတစ်ပိုင်းကို ထုတ်ယူလိုက်သည်။ သူမက ကြက်ဥအနှစ်နဲ့ဝက်သားဆန်ပြုတ် ချက်ပြုတ်ဖို့ စိတ်ကူးထားပါသည်။

အိမ်ရှိဓားသည် အလွန်တုံးနေသောကြောင့် လင်းချင်းဟယ်သည် ခေတ်ဟောင်းပုံစံ မီးဖိုချောင်သုံးဓားအသစ်ကို နေရာလွတ်ထဲမှ ထုတ်ယူကာ အသုံးပြုခဲ့သည်။


အိမ်မှာ ကလေးနည်းနည်းပဲရှိတဲ့အပြင် ဘာတစ်ခုမှ မလုပ်တတ် မသိသေးတော့ သူမ လုံးဝမစိုးရိမ်ပါဘူး။ သာမာန်မဟုတ်တာမျိုး တွေ့ခဲ့ရင်တောင် မူလခန္ဓာပိုင်ရှင်ထက် ပိုဆိုးတာ မဖြစ်နိုင်ပေ။


ထို့အပြင် သူမသည် သူမကိုယ်သူမ သက်တောင့်သက်သာဖြစ်စေရန် ထိုပစ္စည်းများအား စုဆောင်းထားခဲ့တာဖြစ်ပြီး ထိုအရာများကို မသုံးပဲ ဒီအတိုင်းထားမည်မဟုတ်ပေ။


သူမ၏ဓားအသစ်သည် ထက်မြိသည်။ ရေဆေးပြီးတာနဲ့ အသားလှီးဖြတ်ရတာ ပိုလွယ်ကူသည်။ အဆီနည်းသောအသား ၁၅၀-၂၀၀ဂရမ်အား သိပ်မကြာခင်မှာ လှီးဖြတ်ပြီးစီးသွားသည်။ ထိုအချိန်တွင် တည်ထားသောအိုးထဲမှာ ရေများသည်လည်း ဆူပွက်နေပြီဖြစ်သောကြောင့် ဆေးကြောထားသော ဆန်များကို လောင်းထည့်ကာ အိုးအောက်ခြေတွင် ကပ်မနေစေရန် ယောင်းမဖြင့်‌ မွှေနေလိုက်ပါသည်။


“မေမေ သားတို့အတွက် ဘာချက်ပေးနေတာလဲ။” ကျိုးလောင်အာ့သည် မီးဖိုချောင်အပေါက်ဝတွင် ပေါ်လာပြီး မျက်လုံးတောက်တောက်များဖြင့် မေးမြန်းသည်။


လင်းချင်းဟယ်က ပြန်ဖြေသည်။ “ဒီည မေမေတို့ ကြက်ဥအနှစ်ဝက်သားဆန်ပြုတ်ချက်မယ်။”


“အဲ့တာက အရသာရှိလား။” ကျိုးလောင်အာ့သည် ကြက်ဥအနှစ်ဝက်သားဆန်ပြုတ်ကို တစ်ခါမှ မစားဖူးပါ။ ဒါပေမယ့် ကြက်ဥနဲ့ အသားများပါဝင်တယ်ဆိုတော့ ဒါက စဥ်းစားကြည့်ရုံဖြင့်ပင် အရမ်းအရသာရှိမယ့်ပုံပေါ်သည်။


“သေချာပေါက် အရမ်းအရသာရှိတာပေါ့။ ဒါက အရမ်းစားကောင်းလွန်းလို့ မင်းလျှာကိုတောင် မြိုချချင်စိတ်ပေါက်သွားလိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။


ကျိုးလောင်အာ့သည် သူ့အမေနောက်ပြောင်ပြောဆိုတာကိုကြားပြီး သူမကိုကြည့်ကာ သတိထား လျှောက်လာခဲ့ပြီး သူမခြေထောက်ကိုပွေ့ဖက်ခဲ့သည်။ လင်းချင်းဟယ်က သူ့ကိုငုံ့ကြည့်လိုက်ပြီး “ဘာဖြစ်လို့လဲ” လို့ မေးသည်။

 

“မေမေ မင်းက အရမ်းကောင်းတာပဲ။” ကျိုးလောင်အာ့သည် သူမကို စိုက်ကြည့်နေသည်။


“ငါကောင်းမှန်းသိရင် လုံလောက်ပြီ။ ရွာထဲက မိထွေးရှိတဲ့ တခြားအိမ်က ကလေးတွေရဲ့ဘဝနဲ့ မင်းတို့ ညီအစ်ကိုသုံးယောက်ကို နှိုင်းယှဥ်ကြည့်ဦး။” လင်းချင်းဟယ်က ပြောသည်။


ဒါက မှားယွင်းတဲ့စကားတော့ မဟုတ်ပါ။ ရွာရှိ အိမ်ထောင်စုတစ်စုသည် နောက်မိန်းမကိုလက်ထပ်ယူပြီး ယခင်အိမ်ထောင်မှ မွေးဖွားခဲ့သော သားသမီးများကို ရိုက်နှက်အနိုင်ကျင့်ကြသည်။ သူတို့တွေရဲ့ဘဝက မလွယ်ကူခဲ့ကြဘူး။


ကျိုးလောင်အာ့က တခစ်ခစ်ရယ်ရင်း “မေမေ သားကို မခြောက်လှန့်ပါနဲ့။”


“မင်းကို မခြောက်လှန့်ပါဘူး။ မင်းညီငယ်လေးကို ဂရုစိုက်ပါ။ ဒီနှစ်သစ်မှာ မင်းတို့ညီအစ်ကိုတွေအတွက် အဝတ်အထည်သစ် ချုပ်ပေးမယ်။” လင်းချင်းဟယ်က ကတိပေးလိုက်သည်။


“အဝတ်အထည်သစ်တွေလား။” ကျိုးလောင်စန်းကို ချီလာတဲ့ ကျိုးလောင်တသည် ထိုစကားကို ကြားလိုက်ရပြီး သူ့မျက်လုံးလေးများက တောက်ပသွားသည်။


“မေမေ သားလည်း အဝတ်အစားအသစ်တွေ ရမှာလား။” ကျိုးလောင်အာ့သည်လည်း လိုလားတောင့်တနေသည့်မျက်နှာထားဖြင့် မေးသည်။


လင်းချင်းဟယ်သည် ဒယ်အိုးအဖုံးကိုဖွင့်လိုက်ပြီး နောက်သို့ခေါင်းပြန်မလှည့်ပဲ ပြန်ဖြေသည်။ “စကားနားထောင်ပြီး မကောင်းတဲ့အရာတွေ မလုပ်နဲ့။ ဒါဆိုရင် အရသာရှိတဲ့ အစားအသောက်နဲ့ အဝတ်အစားသစ်တွေရမယ်။ ဒါပေမယ့် မင်းတို့က စကားနားမထောင်ဘူးဆိုရင် မင်းတို့ရဲ့အဝတ်ဟောင်းတွေကို ဆက်လက်ဝတ်ဆင်ရပြီးတော့ ပြောင်းဖူးပေါက်စီကို စားရလိမ့်မယ်။”


“သားတို့ စကားနားထောင်ပါ့မယ်။” ညီအစ်ကိုတွေက ချက်ချင်းပင် ထိုသို့အော်ပြောသည်။


“ကောင်းတယ်။” ကျိုးလောင်စန်းက သံယောင်လိုက်သည်။


လင်းချင်းဟယ်က သူလေးကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး “လောင်စန်းလေးက စကားပြောနိုင်ပြီလား။”


“အာ...” လောင်စန်းသည် ချက်ချင်းပင် သူမခြေထောက်များကို ပွေ့ဖက်လိုက်ပြီး အလိုလိုက်ခံရသဖြင့် ဆိုးသွမ်းသလိုပြုမူလိုက်သည်။


အင်း သူလေးရဲ့မူလအသွင်အပြင်လိုပဲ ပြန်ဖြစ်သွားခဲ့သည်။


သို့သော်လည်း လင်းချင်းဟယ်ဟာ လုံးဝမစိုးရိမ်ပါ။ စာရေးသူ၏ကလောင်စွမ်းအောက်တွင် သူလေးက သိပ်မကြာခင်အချိန်မှာ စကားစပြောလာခဲ့သည်။ နောက်ပိုင်းတွင် သူ‌လေးက မိန်းကလေးများ ပစ်ကြွေနိုင်လောက်သည့်အထိ စကားပြောကောင်းသော အမျိုးသားတစ်ယောက် ဖြစ်လာခဲ့သည်။


လင်းချင်းဟယ်က အကြီးနှစ်ယောက်ကို “ကြက်ဥတွေ ဘယ်မှာထားတာလဲဆိုတာ မင်းတို့ သိကြလား။ မင်းတို့ တစ်ယောက်နှစ်လုံးစီ သွားယူလာခဲ့ကြ။”


“သားတို့သိပါတယ်။” အကြီးနှစ်ယောက်က ကြက်ဥတွေ သွားယူဖို့ ထွက်သွားခဲ့သည်။


လက်တစ်ဖက်စီတွင် တစ်လုံးစီ စုစုပေါင်း ကြက်ဥလေးလုံး ယူလာခဲ့ကြသည်။ သေချာပေါက် ထိုညီအစ်ကိုနှစ်ယောက်ဟာ ကြက်ဥ ဘာလို့ထပ်ရှိနေသေးတာလဲဆိုတာကို မတွေးခဲ့ကြဘူး။


လင်းချင်းဟယ်က ကျိုးလောင်တကို ဆားသွားယူပေးရန် ခိုင်းလိုက်သည်။ ထိုအချိန်က အသုံးပြုသော ဆားသည် မသန့်စင်ရသေးသော ဆားကြမ်းဖြစ်သည်။ လင်းချင်းဟယ်သည် ညီအစ်ကိုသုံးယောက်အား တစ်ချက်ကြည့်ပြီး အပြင်သို့ပြန်ထွက်သွားခိုင်းလိုက်သည်။


ထို့နောက် သူမသည် နေရာလွတ်ထဲမှ စားပွဲတင်ဆားတစ်ထုပ် ထုတ်ယူကာ အသုံးပြုသည်။


အခု သူမနေရာလွတ်ထဲမှာ ကုန်စည်ပစ္စည်းများရှိနေတော့ နေရာလွတ်ထဲက ပစ္စည်းများကို မေးမြန်းပြောဆိုစရာမလိုပဲ အရင်အသုံးပြုနိုင်သည်။


ဘာပဲဖြစ်ဖြစ် သူမနေရာလွတ်မှာ ဆား ပေါင်၅၀ရှိသည်။


ဆန်ပြုတ်ကျက်ပြီးနောက် လင်းချင်းဟယ်သည် နုတ်နုတ်စင်းထားသော အသားများကိုပါထည့်ကာ မွှေလိုက်သည်။ သူမသည် ခေါက်ထားသောကြက်ဥများကိုပါထည့်၍ ဆားအနည်းငယ်ထည့်ပြီးသောအခါ ကြက်ဥအနှစ်နဲ့ဝက်သားဆန်ပြုတ်ကို သုံးဆောင်ရန် အဆင်သင့်ဖြစ်သွားပါပြီ။


မူလခန္ဓာပိုင်ရှင်က အသားမစားရတာ ကြာလို့ပင်လားမသိ လင်းချင်းဟယ်က ဒီဆန်ပြုတ်ရဲ့မွှေးရနံ့က အရမ်းမွှေးတယ်လို့ ခံစားရသည်။


ဒ့ါကြောင့် လင်းချင်းဟယ်သည် သားသုံးယောက်ကို စားသောက်ဖို့ မခေါ်ရသေးပေမယ့် ညီအစ်ကိုသုံးယောက်စလုံးရဲ့အကြည့်တွေက မီးဖိုချောင်ထဲသို့ စိုက်ကြည့်နေကြသည်။


“မင်းတို့အားလုံး ခဏစောင့်ဦး။ ပူနေသေးတယ်။” လင်းချင်းဟယ်က ပန်းကန်တွေကို သယ်လာရင်း ကျိုးလောင်တနဲ့ ကျိုးလောင်အာ့အတွက် ပန်းကန်တစ်ခုစီမှာ ထည့်ပေးကာ ဘေးတွင်တင်ထားလိုက်သည်။


“သား အစားအစာကို ပူရင်လည်း မှုတ်ပြီးစားနိုင်ပါတယ်။” ကျိုးလောင်တသည် ချက်ချင်း ပြောဆိုလိုက်သည်။ 


“သားလည်း စားနိုင်တယ်။” ကျိုးလောင်အာ့က ထောက်ခံပြောဆိုသည်။ 


စကားမပြောနိုင်သေးသော ကျိုးလောင်စန်းသည် သူမခြေထောက်ကို ဖက်တွယ်ကာ “အာ့... အာ့” ဟု အော်နေခဲ့သည်။ သူလေးရဲ့မျက်လုံးများကတော့ ဆန်ပြုတ်ကို စူးစိုက်ကြည့်နေခဲ့သည်။


လင်းချင်းဟယ်သည် ကျိုးလောင်စန်းလေးကို ကောက်ချီလိုက်ပြီး ဆန်ပြုတ်များကို အအေးခံရန် မီးဖိုချောင်ထဲတွင် ထားခဲ့လိုက်သည်။ သူမသည် ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့ကိုပါ မီးဖိုချောင်ထဲမှ ခေါ်ထုတ်လာခဲ့သည်။