အခန်း(၉) - မုန်းစရာကောင်းသော စကားပြောသံ
လင်းချင်းဟယ်သည် ကျိုးစန်းအာကို ချီလာခဲ့သည်။ ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် အသားဆန်ပြုတ်ကို စားချင်နေသောကြောင့် သူတို့တစ်ယောက်မှ သွားမခေါ်ချင်ကြပေ။ သို့သော် လင်းချင်းဟယ်က သူတို့နှစ်ယောက်စလုံးကို သွားခေါ်ခိုင်းလိုက်သည်။ “သွား... မင်းတို့အဖွားကို သွားခေါ်ကြ။”
“အဖွားကို အသားဆန်ပြုတ်သောက်ဖို့ သွားခေါ်ရမှာလား။’ လို့ ကျိုးလောင်အာ့က မေးလိုက်သည်။
“မင်းတို့အဖွားက မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံလေ့ရှိတယ်လေ။ ဒါ့ကြောင့် သူမကို အသားဆန်ပြုတ်သောက်ဖို့ ခေါ်သင့်တာပေါ့။ ရိုသေကိုင်းရှိုင်းမှုက အကျင့်သီလအားလုံးရဲ့ အခြေခံပဲ။ မင်း လူကြီးသူမတွေကို ဂါရဝတရားရှိဖို့ လိုတယ်။ နားလည်လား။” လင်းချင်းဟယ်က ရှင်းပြခဲ့သည်။
“မေမေ မေမေကရော အဖွားကို အမြဲတမ်း ရိုသေကိုင်းရှိုင်းနေတာ မဟုတ်ဘူးလေ။” ကျိုးလောင်အာ့က မျက်တောင်လေး ပေကလတ် ပေကလတ်လုပ်ပြသည်။
လင်းချင်းဟယ်ဟာ ပြောစရာစကားကင်းမဲ့သွားတာကြောင့် ဒေါသထွက်ဟန်ဆောင်ကာ “မင်း မသွားသေးဘူးလား။ မင်းအဖွားကို သွားမခေါ်ဘူးဆိုရင် မင်းတို့အားလုံး ထမင်းစားရမှာမဟုတ်ဘူး။”
“ကျွန်တော် အခုပဲ အဖွားကို သွားခေါ်လိုက်ပါ့မယ်။” ကျိုးလောင်တက ပြောလိုက်သည်။
သူကပြောပြီးတာနဲ့ တံခါးကိုတွန်းဖွင့်ပြီး ပြေးထွက်သွားခဲ့သည်။ လင်းချင်းဟယ်သည် ကျိုးလောင်အာ့ကို ကြည့်လိုက်သည်။ ကျိုးလောင်အာ့က “အစ်ကို သွားနှင့်ပြီလေ။” လို့ အဖြေပြန်ပေးခဲ့သည်။
ဆိုလိုတာက တစ်ယောက်သွားရင် လုံလောက်တယ်။ သူ သွားစရာ မလိုအပ်တော့ဘူး။
လင်းချင်းဟယ်သည် သူ့ကို အဖက်လုပ်ပြီး စကားပြန်မပြောတော့ဘူး။ “မေမေ သား အရင်ဆုံးစားချင်တယ်။ သား ဗိုက်ဆာနေပြီ။” ကျိုးလောင်အာ့က ပြောလိုက်သည်။
“မင်းအစ်ကိုကြီး ပြန်လာတဲ့အခါ မင်းကိုရိုက်နှက်မှာ မကြောက်ရင် မင်း သူ့ကိုမစောင့်ပဲ စားနှင့်။ ဒီတစ်ခါ သူ မင်းကိုရိုက်နှက်ရင် ငါ သူ့ကိုတားမှာ မဟုတ်တော့ဘူး။” လင်းချင်းဟယ်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
ကျိုးလောင်အာ့သည် သူ့အစ်ကိုကြီး၏လက်သီးများသည် ဘယ်လောက်အင်အားပြည့်ဝမှန်းကို သိသောကြောင့် သူ ထပ်မံ မပူဆာတော့ပဲ ရိုးသားစွာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
အိမ်ခွဲခဲ့ကြသော်လည်း သူတို့အိမ်သည် ကျိုးအိမ်တော်ဟောင်းနှင့် သိပ်မဝေးလှပေ။ ထိုအိမ်တော်ဟောင်းသို့ လောင်တ အပြေးလေးသွားလျှင်ပင် နှစ်မိနစ်လောက်ဆို ရောက်လေသည်။
သို့သော် ဤအကွာအဝေးလောက်ကိုပင် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ထိုနေရာသို့ ထပ်မံသွားလည်ခြင်းမရှိပေ။ လူတိုင်းသည် သူမက ကျိုးမိသားစုရဲ့ချွေးမဆိုတာကို သိကြပေမယ့် သူမကိုယ်သူမ ထိုသို့တွေးထားခြင်းမရှိပေ။
ထို့ကြောင့် အမေကျိုးသည် ကျိုးလောင်တက သူမကိုလာတွေ့ပြီး သူ့အမေက သူမကို တွေ့ချင်ကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားသည်။
ဘာကြောင့်လဲဆိုတော့ သူက စတုတ္ထချွေးမရဲ့အကျင့်စရိုက်ကို ကောင်းကောင်းသိနေလို့ပါပဲ။ သူမသည် များသောအားဖြင့် သူတို့နှင့်ဝေးဝေး နေထိုင်ချင်သည်။ ချွေးမဖြစ်သူက လက်ဦးမှုယူ၍ သူမကို အိမ်အလည်ခေါ်တာက ဘယ်လိုဖြစ်နိုင်မှာလဲ။
လင်းချင်းဟယ်သည် သူမထံသို့ ကိုယ်တိုင်လာခေါ်ရမည့်အစား လောင်တအား လာခေါ်ခိုင်းလိုက်သော်လည်း အမေကျိုးက ဂရုမစိုက်ပဲမနေရဲပေ။ ထို့ထက် ပိုဆိုးရွားသောအရာများ ရှိနေမှာကို စိုးရိမ်မိသည်။ ဥပမာအားဖြင့် အိမ်ခွဲနေရန် တောင်းဆိုခဲ့သောအချိန်က ပြုလုပ်ခဲ့သော ရန်ပွဲကြောင့်ပင်။ အဲ့ဒီအချိန်တုန်းက တကယ့်ကို အများနှင့်မတူပဲ ဆိုးဝါးလှသည်။ အကယ်၍ အိမ်ခွဲနေခွင့်မပေးလိုက်မိဘူးဆိုရင် စတုတ္ထသားရဲ့သွေးသားဖြစ်တဲ့ မမွေးရသေးသောကလေးပါ သူမနဲ့အတူ သေသွားရလိမ့်မယ်။
“အမေ သွားကြည့်လိုက်ပါ။ တကယ်ပဲ အကြောင်းကိစ္စရှိတာလည်း ဖြစ်နိုင်တာပဲ။” တတိယမရီးက သူမဗိုက်လေးကိုကိုင်ရင်း ပြောလိုက်သည်။
“တတိယအန်တီ ညီလေး ဘယ်တော့ ထွက်လာမှာလဲ။” ကျိုးလောင်တသည် သူမဗိုက်ကိုမြင်မြင်ချင်း မေးလိုက်သည်။
ထိုစကားများက ယခုအချိန်အထိ သမီးများသာ မွေးဖွားထားသည့် တတိယမရီးအား စိတ်ရင်းမှန်ဖြင့်ပြုံးမိစေကာ “နှစ်လလောက်ပဲ လိုတော့တယ်။ အဲ့အချိန်ရောက်ရင် ညီလေးနဲ့ကစားပေးမလား။” လို့ ပြန်မေးလိုက်သည်။
ကလေးတွေရဲ့မျက်လုံးက မှန်တတ်တယ်လို့ ပြောတာ ကြားဖူးသည်။ ကျိုးလောင်တသည် သူမဗိုက်ကို ပထမဆုံးမြင်တဲ့အချိန်ကတည်းက ညီလေးလို့ အမြဲပြောလေ့ရှိသည်။ ဒါက သူ့အမေကို သိပ်မကြိုက်တဲ့ တတိယမရီးကိုပင် သူလေးအား ခင်မင်ရင်းနှီးစေခဲ့သည်။
“ကောင်းပြီ ညီလေး မွေးလာရင် ကျွန်တော် သူ့ကို ကစားဖို့ ခေါ်သွားမယ်။” ကျိုးလောင်တသည် ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်သည်။
နောက်တော့ သူသည် သူ့အဖွားဖြစ်သူအား ဆွဲခေါ်သွားဖို့ မစောင့်နိုင်တော့ပေ။
အမှန်တိုင်းပြောရရင် အမေကျိုးက အရမ်းကြင်နာတတ်တာ မဟုတ်ဘူး။ သူမသည် သူမသားအငယ်ဆုံးအား မျက်နှာသာပေးသောကြောင့် ထိုမြေးများကိုလည်း ချစ်ခင်မိသည်။ သူတို့အဖွားဖြစ်သူက သူတို့အပေါ် တွယ်တာမှန်းကို သူတို့သိတယ်။ မဟုတ်ရင် သူတို့အဖွားကို ဒီလိုဆွဲခေါ်ဖို့ သတ္တိရှိမှာမဟုတ်ဘူး။
“ဘာလို့ အရမ်းလောနေတာလဲ။” အမေကျိုးက ပါးစပ်ကသာ ထိုသို့ပြော၍ လူကတော့ ဆွဲခေါ်ရာနောက် ပါသွားသည်။
သူမစိတ်ထဲမှာတော့ စတုတ္ထချွေးမက ဘာလုပ်ချင်တာလဲဆိုတာကို တွေးတောနေမိသည်။ သူမမှာ စားစရာမရှိတော့လို့ ဆောင်းဦးရာသီရိတ်သိမ်းတာကို အခွင့်ကောင်းယူပြီး မိသားစုထံမှ အစားအစာတွေကို ဝယ်ယူချင်နေတာလား။
ဒါကတော့ မဖြစ်သင့်ဘူး။ စတုတ္ထချွေးမသည် အပြင်လူများအပေါ်သို့သာ ကောင်းသောလူမျိုးဖြစ်သည်။ သူမသည် စျေးမှ အစားအသောက်များကို ဝယ်ယူလှဲလှယ်ပြီး ကျိုးအိမ်တော်ဟောင်းမှလူများကို အထင်အမြင်သေးသည်။
ဒီရွာမှာ စျေးတစ်ခုတော့ရှိလေသည်။ ကျေးလက်မှာ အစားအသောက်တွေဝယ်ယူဖို့ အစားအသောက်လက်မှတ်မလိုဘူး။ ပိုက်ဆံရှိရင် လုံလောက်တယ်။
စတုတ္ထသားကလည်း လစဥ်ငွေပြန်ပို့သည်။ သူမသည် အစာရေစာ ပြတ်လပ်ပုံမပေါ်ပေ။ သူမကို ကြည့်ရုံနဲ့တင် သူမ ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန်စားနေရကြောင်း သိသာသည်။
သူမရဲ့စတုတ္ထသားကြောင့်သာမဟုတ်ရင် ဒီစားဖို့သိတဲ့ မိန်းမပျင်းကို စွန့်ပစ်ပြီး ရွာသူရွာသားများအား သူမရဲ့လုပ်ရပ်တွေကို ဝေဖန်ပြောဆိုတာကို ရပ်ကြည့်နေမိလိမ့်မည်။
ဒါက အမေကျိုးက စနောက်ပြောဆိုနေတာ မဟုတ်ဘူး။ သို့သော် ယခုအချိန်မှာတော့ စိတ်လျော့ထားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ကိုကာကွယ်ပေးသည့် ကျိုးချင်းပိုင် တစ်ယောက်လုံးရှိနေသောကြောင့်ပင်ဖြစ်သည်။ ကျိုးမိသားစုအိမ်တော်ဟောင်းမှလူများ အပြင်သို့ထွက်သည့်အချိန်တိုင်း ကျိုးချင်းပိုင်ကြောင့် လူတိုင်းက မျက်နှာသာပေးကြသည်။
မူလခန္ဓာပိုင်ရှင်သည် ကျိုးလောင်စန်းက အရမ်းငယ်သေးတယ်လို့ထင်ပြီး ကျိုးလောင်တသည်လည်း သမီးမိန်းကလေးလောက်ပင် အားမကိုးရပေ။ သူက ဘာအလုပ်မှ ကူညီလုပ်ကိုင်ခြင်းမရှိပေ။ ဒါ့ကြောင့် ဒီနှစ်ကုန်မှာ သူတို့အတွက် စားစရာဝေစု မရရှိဘူး။
လဝက်အတွင်း ထုတ်လုပ်ရေးအဖွဲ့သည့် လူတိုင်းကို ဆုချရန်အတွက် ဝက်ပေါ်မည်ဖြစ်သော်လည်း မူလခန္ဓာပိုင်ရှင်တွင် မည်သည့်ဝက်သားကိုမျှ ရနိုင်မည့်အမှတ် မရှိပေ။ အကယ်၍ သူမသာ ဝက်သားစားချင်တယ်ဆိုရင် ပိုက်ဆံဖြင့်ဝယ်မှသာ စားနိုင်ပေမည်။ အဆုံးမှာ အားလုံးဟာ တစ်ရွာတည်းသားချင်းဖြစ်လေသည်။ သူမသာ ဝက်သားစားချင်ရင် အသင်းထံမှ ပိုက်ဆံဖြင့် ဝယ်ယူရရှိနိုင်သည်။ ပြီးတော့ တခြားလူတိုင်းက သူတို့ဝေစုကိုရွေးပြီးလို့ ကျန်တာကိုမှ ဝယ်လို့ရမှာဖြစ်သည်။
ဒါပေမယ့် အကြွင်းအကျန်တွေကလည်း ကောင်းမွန်ပါသည်။ ဒီဖက်ခေတ်မှာ ဆီနဲ့သာဆို ဘယ်အရာမဆို ကောင်းမွန်တဲ့အရာတွေပဲဖြစ်သည်။
မူလခန္ဓာပိုင်ရှင်က တခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်ပဲ ဒီလိုမျိုးနေထိုင်ခဲ့ပြီး သူမဟာ အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်ပြီး သူမလိုလူမျိုးနဲ့ လက်ထပ်ရခြင်းဟာ ကျိုးချင်းပိုင်လိုလူမျိုးအတွက် သုံးဘဝစာ ကံဆိုးမှုမျိုးပင်။
ဟုတ်ပါတယ်။ ဒါက အမျိုးသမီးအားလုံးရဲ့ အတွေးများပင်။ မူလခန္ဓာပိုင်ရှင်၏ နွဲ့နှောင်းသောကိုယ်ဟန်၊ ကျန်းမာသောကိုယ်နေဟန်ထားနှင့် သူမရဲ့မျက်နှာလေးနှင့် အပြင်သွားရင်ဝတ်စားဆင်ယင်ဟန်တို့က အမျိုးသားတိုင်း သူမကိုမြင်တိုင်း နောက်ထပ်တစ်ခါ ပြန်မကြည့်ပဲ မနေနိုင်ပါပေ။ ထို့နောက် ကျိုးချင်းပိုင်အား ထိုကောင်းချီးအား မခံစားရဘူးလို့ တွေးမိကြသည်။ ဒီလိုချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်နိုင်ခဲ့ပေမယ့် တစ်နှစ်လုံးနေမှ မိန်းမနဲ့နှစ်ရက်သုံးရက်ထက် ပိုမအိပ်ရပေ။
ရွာမှ လူပျိုကြီးတစ်ချို့ဟာ မကောင်းတာလုပ်ဖို့ အကြံမရှိတာမျိုးတော့ မဟုတ်ဘူး။ သူမရဲ့ လက်ရှိမိသားစုအသိုက်အဝန်းက အကောင်းဆုံး လုံခြုံရေးဖြစ်နေတော့ ဘယ်သူက ဘာကိုလုပ်ရဲမှာလဲ။
ပြီးတော့ ဘယ်သူမိန်းမလဲဆိုတာကို အမှတ်ရသင့်တယ်။ ထိုအမျိုးသမီးဟာ ကျိုးချင်းပိုင်၏ဇနီးဖြစ်ပြီး ကျိုးမိသားစု၏ချွေးမဖြစ်သည်။
ကျိုးမိသားစုအိမ်တော်ဟောင်းက သူမကို ပြဿနာအတင်းရှာပြီး အိမ်ခွဲနေထိုင်သည့်အတွက် မကျေနပ်ကြပေမယ့်လည်း သူမမှာသာ ပြဿနာတစ်ခုခုကြုံတွေ့ရမယ်ဆိုရင် ဒါဇင်ချီတဲ့ ကျိုးမိသားစုဝင်တွေက အပြင်လူတွေနဲ့ ရန်ဖြစ်ပေးမှာ သေချာပေါက်ပင်။
ဒီအချိန်ဒီကာလမှာ လူတွေက ဒီအကြောင်းတွေကြောင့် သားယောကျာ်းလေးကို ပိုလိုချင်ကြတာပေါ့။
အိမ်မှာ သားယောကျာ်းလေးမရှိရင် တခြားသူတွေနဲ့ ရန်ဖက်ဖြစ်နိုင်ဖို့ အစွမ်းမစ မရှိဘူး။
ဒါပေမယ့် အရေးကြီးဆုံးကတော့ အရာရှိဇနီးမယားဖြစ်ရန်အတွက် အိမ်မက်မက်နေဆဲဖြစ်တဲ့ မူလခန္ဓာပိုင်ရှင်အတွက် သူ့အမြင်မှာ ဖုန်မှုန့်တွေလိုဖြစ်နေတဲ့ ဒီလူတွေက အရေးမပါလှဘူး။ သူမသည် ဒီတောသားလူနုံလေးများအား အထင်မြင်သေးလေသည်။
လူပျိုကြီးများကိုပင် မပြောနဲ့ ကျေးလက်ကနေ မြို့ပြသို့ပညာသင်သွားသော ပညာတတ်လူငယ်များကိုပင် ရှုံချအထင်သေးခဲ့သည်။
ဒါပေမယ့် သူမအိမ်မက်တွေပျက်စီးသွားတော့ သူမစံနှုန်းကို လျော့ချလိုက်သည်။
လမ်းတစ်လျှောက်တွင် အမေကျိုးသည် အတွေးများနေခဲ့သည်။ စတုတ္ထချွေးမအိမ်သို့ ရောက်သည်နှင့် စတုတ္ထချွေးမသည် ကြက်ဥအနှစ်နှင့်ဝက်သားဆန်ပြုတ်ပန်းကန်အား သယ်လာတာကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကာ “မင်း ဝက်သားကို ဘယ်နေရာကရလာတာလဲ။”
“ကျွန်မ မြို့ထဲက အဲ့နယ်မြေကနေ ဝက်သားကို ဝယ်လာခဲ့တာလေ။” လင်းချင်းဟယ်သည် လောင်စန်းကို ပွေ့ချီထားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထိုနယ်မြေဆိုတာက မှောင်ခိုစျေးကွက်ကို ရည်ညွှန်းနေပြီး လက်ရှိအချိန်တွင် ကလေးများပါရှိနေ၍ ပြောဆိုရန် အဆင်မပြေပေ။
ခရိုင်မြို့ပေါ်မှာ မှောင်ခိုစျေးတစ်ခုရှိသည်။ မှောင်ခိုစျေးကွက်သည် ပုဂ္ဂလိက အရောင်းအဝယ်ပြုလုပ်သော နေရာတစ်ခုဖြစ်သည်။ မူလခန္ဓာပိုင်ရှင်သည် ထိုစျေးသို့ သွားခဲ့သော်လည်း အသားနှင့်ဆန်စပါးများကို မဝယ်ယူပဲ ဝါဂွမ်းများကိုသာ ဝယ်ယူခဲ့သည်။
သူမသည် ဝယ်လိုအားနှင့် ထောက်ပံ့ရေးသမဝါယအသင်းတွင် ဝါဂွမ်းတစ်ဂျင်းကို ဝယ်ယူခဲ့ပြီး ကျန်တစ်ကျင်းကို မှောင်ခိုစျေးကွက်တွင် ဝယ်ယူခဲ့သည်။
အမေကျိုးက နားလည်သည်။ သူမသည် စတုတ္ထချွေးမက ရဲရင့်သူတစ်ဦးဖြစ်ကြောင်း သိသော်လည်း ဤမျှလောက်အထိ ရဲရင့်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူမသည် မှောင်ခိုစျေးကိုတောင် သွားလိုက်သေးသည်။
“အမေ ကျွန်မ ဘာမှထပ်မပြောချင်ဘူး။ ကျွန်မသားတွေ ကြီးပြင်းလာကြပြီ။ နှစ်စကနေ နှစ်ကုန်အထိ အသားမစားရလို့ ဘယ်ဖြစ်မလဲ။” လင်းချင်းဟယ်က ပြောသည်။
အမေကျိုးက စိတ်ထဲတွင် မှတ်ချက်ပေးနေသည်။ ‘မင်းသားသမီးတွေအပေါ် ဘယ်တုန်းက ကြင်နာခဲ့ဖူးလို့လဲ။ မင်းမှာ လှည့်ကွက်တွေရှိနေရင် သူတို့ကိုကြင်နာပြပြီး မဆွဲထားသင့်ဘူး။’
လင်းချင်းဟယ်က ပြောသည်။ “ဒီနေ့ အသားဆန်ပြုတ်ချက်တာ နည်းနည်းများသွားတယ်။ ဒီဆောင်းဦးရာသီမှာ ရိတ်သိမ်းနေရတော့ အရမ်းအလုပ်များနေမှာပဲ။ အမေ မင်း အာဟာရပြည့်ဝတာတွေ စားပေးသင့်တယ်။”
အခြားချွေးမသုံးယောက်က အမေကျိုးကို ဒီလိုစကားမျိုးပြောလျှင် အံ့သြမိမှာမဟုတ်ပေ။ ဒါပေမယ့် ဒီစကားတွေကို စတုတ္ထချွေးမက ပြောနေသောကြောင့် သူမ သတိထားနေသင့်သည်။
“ပြောပါဦး။ မင်း တစ်ခုခုလိုချင်လို့လား။” အမေကျိုးသည် သူမကို သွယ်ဝိုက်မေးမနေတော့ပဲ တိုက်ရိုက်မေးမြန်းလိုက်သည်။
“ကျွန်မ မှောင်ခိုစျေးကနေ အထည်စနဲ့ ဝါဂွမ်းတချို့ဝယ်လာပြီး ဒီကောင်လေးသုံးယောက်အတွက် အထည်သစ်ချုပ်ပေးဖို့ စိတ်ကူးထားပေမယ့် ကျွန်မရဲ့အချုပ်အလုပ်စွမ်းရည်က ညံ့ဖျင်းနေတယ်။ အမေ ဒါကို တတိယမရီးဆီ ချုပ်ပေးဖို့ မေးပေးဖို့ရမလား။ မရီးတွေထဲမှာ တတိယမရီးရဲ့ အချုပ်အလုပ်စွမ်းရည်က အကောင်းဆုံးပဲ။ ကျွန်မ သူ့လက်ရာတွေကို အရမ်းသဘောကျတာပဲ။ ပိုတဲ့အထည်စတွေကို သူ့အတွက် အခကြေးငွေအဖြစ်ပေးပါ့မယ်။” လင်းချင်းဟယ်က ပြောသည်။
ဒီစကားသံက တော်တော်လေး အမြင်ကတ်စရာကောင်းပေမယ့် ဒါက မူလခန္ဓာပိုင်ရှင်ရဲ့ ပင်ကိုယ်အသံပါပဲ။