အခန်း(၁၀) - အခြေခံအုတ်မြစ်ကောင်း
အမေကျိုးလည်း သူမကိုယ်တိုင် စိတ်ဆင်းရဲနေမိတော့ တခြားသူတွေအကြောင်း ထည့်မစဥ်းစားနေတော့ဘူး။ တကယ်တော့ ကျိုးလောင်တ၊ ကျိုးလောင်အာ့နှင့် ကျိုးလောင်စန်းတို့ ဝတ်ဆင်နေသည့် အဝတ်အစားများမှာ လွန်ခဲ့သောတစ်နှစ်လောက်က ချုပ်လုပ်ထားတာဖြစ်သည်။ အဲ့ဒီအချိန်တုန်းက နည်းနည်းပိုကြီးပြီး ချုပ်လုပ်ထားတာဖြစ်သည့်အတွက်ကြောင့် အခုအချိန်ထိ ဝတ်လို့ရလေသည်။
အဲ့ဒီတုန်းက တတိယမရီးဖြစ်သူကပဲ ချုပ်ပေးခဲ့တာဖြစ်သည်။ ထို့အတွက်ကြောင့် ကျိုးလောင်တသည် တတိယအန်တီရဲ့ဗိုက်လေးကို သူတွေ့ချိန်တိုင်း “ညီငယ်လေး” လို့ ခေါ်ဆိုလေ့ရှိသည်...
သူလေးက လူ့စိတ်သဘောကို ကောင်းစွာသိမြင်သူလေးလို့ ဆိုရပေမည်။
“ဒါပေမယ့် တတိယချွေးမရဲ့ဗိုက်က မွေးခါနီးနေပြီ” အမေကျိုးသည် သူ့မြေးသုံးယောက်ကို ချစ်ခင်သော်လည်း ချီတုံချတုံ ဖြစ်နေမိသည်။
“သူမမွေးဖို့ ဘယ်လောက်လိုသေးလဲ။” လင်းချင်းဟယ်က မေးလိုက်သည်။
“နှစ်လလောက်တော့ လိုသေးတယ်။” အမေကျိုးက ပြန်ဖြေသည်။
“ဒါဆိုရင် အမေ တတိယမရီးကို သူမ ဒါကိုချုပ်ပေးဖို့ဆန္ဒ ရှိ မရှိ သွားမေးပေးပါလား။ အကယ်၍ သူမဆန္ဒရှိမယ်ဆိုရင် သူမကလေးမွေးပြီး အားအင်ပြန်ဖြည့်တင်းတဲ့အခါကျရင် အသုံးပြုဖို့ သကြားညိုနှစ်ကျင်းလောက် ပေးလို့ရတယ်။” လင်းချင်းဟယ်က အတည်တကျပြောဆိုလိုက်သည်။
“သကြားညိုလား။ မင်း သကြားညို ဘယ်ကရလဲ။” အမေကျိုးက မနေနိုင်ပဲ မေးလိုက်မိသည်။
“ပိုက်ဆံသာသုံးလိုက်မယ်ဆိုရင် သကြားညိုကို လွယ်လွယ်ကူကူရနိုင်ပါတယ်။” လင်းချင်းဟယ်က မျက်ခုံးပင့်ပြလိုက်သည်။
အမေကျိုးက ဒါကိုကြားလိုက်တာနဲ့ မှောင်ခိုစျေးကွက်ကနေ ရခဲ့တာဖြစ်မယ်ဆိုတာ သူမ နားလည်သွားခဲ့သည်။
လင်းချင်းဟယ်ကလည်း မူလခန္ဓာပိုင်ရှင်က ဘယ်လိုလူမျိုးလဲဆိုတာကို လုံးဝသိနားလည်သည်။ သူမသည် ကျိုးလောင်စန်းလေးကို ပွေ့ချီရင်း “အမေ လောင်စန်းကို အရင်ကျွေးပေးပါလား။ သမီး သကြားညိုသွားယူလိုက်ဦးမယ်။” ဟု ပြောလိုက်သည်။
ယခုအချိန်ကာလတွင် သကြားညိုသည် ရှားပါးသောအရာဖြစ်သည်။ အထူးသဖြင့် မကြာခင် ကလေးမွေးဖွားတော့မည့် တတိယမရီးအတွက် ရှာပါးပစ္စည်းတစ်ခုဖြစ်သည်မှာ သေချာလှသည်။
လင်းချင်းဟယ်က သူမအခန်းထဲသို့ပြန်ရောက်တဲ့အခါမှာ နေရာလွတ်ထဲကနေ သကြားညိုနှစ်ကျင်းကို ထုတ်ယူလိုက်သည်။ သူမနေရာလွတ်ထဲမှာ သကြားညိုကျင်း၂၀ (၁၀ ကီလိုဂရမ်) သာ ရှိသောကြောင့် ၎င်းအရေအတွက်မှာ သိပ်မများလှပေ။
သကြားညိုနှစ်ကျင်းကို သန့်ရှင်းသေသပ်သောဗူးတစ်ခုထဲတွင် ထည့်သွင်းထုပ်ပိုးထားပြီး အလေးချိန်အတော်ရှိကာ အရောင်အသွေးမှာလည်း အရည်အသွေးကောင်းမွန်ကြောင်း သိသာပါသည်။
“အမေ ဒီမှာ ကြည့်ပါဦး။” လင်းချင်းဟယ်သည် အမေကျိုးကို သကြားညိုအား ပြသလိုက်သည်။
စီးပွားရေးဆန်တဲ့လေသံနဲ့ပြောလိုက်ပေမယ့် အမေကျိုးကြည့်ရတာ ထူးဆန်းသွားပုံမပေါ်ပေ။ သူမက တစ်ချက်လှမ်းကြည့်လိုက်ပြီး “ဒါဆို ငါ ဒီဟာကိုပြန်ယူသွားပြီး မင်းအတွက် သွားမေးပေးမယ်။” ဟု ပြောလိုက်သည်။
“ကောင်းပြီ။” လင်းချင်းဟယ်သည် ခေါင်းညိမ့်ပြပြီး ဆန်ပြုတ်ကို လက်ညှိုးညွှန်ကာ “ဒါက အမေ့ခန္ဓာကိုယ်အတွက် ကောင်းမွန်လိမ့်မယ်။ ဒါကို စားလိုက်ပါဦး။” ဒီအပြုအမူကိုကြည့်ရတာ သူမသရုပ်ဆောင်တာ အဆင်ပြေပုံပါပဲ။ သူမပြောဆိုနေပုံကို ထူးဆန်းတယ်လို့ မမြင်ဘူးလေ။
အကယ်၍ သူမသာ ဆိုးရွားတဲ့အပြုအမူကို ပြုလုပ်မိခဲ့ရင် အမေကျိုးက သူမစိတ်နှလုံးထိတ်လန့်သွားပြီး ဒီဆန်ပြုတ်ကို မစားပဲ နေလိမ့်မည်။ ဒါကိုမြင်တော့ အမေကျိုးက “ငါက မင်းယောက္ခမပဲ။ ဒါကို ဘယ်လိုလုပ်ပြီး စားလို့ဖြစ်မှာလဲ။”
ဒါနဲ့ ကြက်ဥအနှစ်နဲ့ဝက်သားဆန်ပြုတ်ကို သူမက ကောင်းကောင်းစားနေတာပဲ။ အနံ့အရသာကလည်း တကယ့်ကို မွှေးကြိုင်နေပါလား။
ထို့နောက် သူမသည် သကြားညိုကိုယူကာ ပြန်သွားခဲ့သည်။
“မေမေ တကယ်ပဲ သားတို့အတွက် တတိယအန်တီကို အဝတ်အစား ချုပ်ခိုင်းချင်တာလား။” ကျိုးလောင်တ၏ မျက်ဝန်းလေးများသည် လင်းလက်တောက်ပနေသည်။
“အဲ့တာက သကြားညိုအများကြီးပဲ။” ကျိုးလောင်အာသည် သကြားညိုပေးလိုက်တာကိုပဲ အာရုံစိုက်လေသည်။
ကျိုးလောင်စန်းသည် ဗိုက်ပြည့်သွားပြီး သူ့ဖာသာသူ ခြံထဲမှာ ထိုင်ကစားနေပြီဖြစ်သည်။ လင်းချင်းဟယ်သည် သူမဖာသာသူမ စားသောက်ပြီး “နောက်ထပ် ထပ်မပြောနဲ့တော့။ မင်းတို့အဝတ်အစားတွေ ချုပ်ပေးဖို့ဆို အရမ်းဂရုစိုက်ရလိမ့်မယ်။ အဲ့တာကြောင့် သကြားညိုပေးလိုက်တာ တစ်ခုခုပြုလုပ်ခိုင်းချင်ရင် ထိုက်သင့်တဲ့တန်ဖိုးကို ပြန်ပေးရမှာပေါ့။”
မူလခန္ဓာပိုင်ရှင်၏ အရည်အချင်းကို အမွေဆက်ခံထားသော်လည်း သူမသည် တကယ်ပဲ ကလေးအဝတ်အစားများကို မချုပ်လုပ်နိုင်ပေ။ မူလခန္ဓာရှင်၏ စိတ်စွဲလမ်းမှု နက်နဲလွန်းတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ ပြုလုပ်နိုင်...
“မေမေ မေမေကိုယ်တိုင်ချုပ်ရင် တတိယအန်တီကို သကြားညိုပေးစရာ မလိုတော့ဘူးလေ။” လောင်အာက ထိုအကြောင်းကို တွေးနေတုန်းပါပဲ။
လင်းချင်းဟယ်က စိုက်ကြည့်လိုက်သည်။ “ငါ မင်းတို့အတွက် အဝတ်အစား မချုပ်ပေးတော့ဘူးဆိုရင် ဒီသကြားညိုကို ငါ ပေးစရာမလိုတော့ဘူးပေါ့။”
ဒီစကားကိုကြားလိုက်ရတာနဲ့ လောင်အာ့သည် ပါးစပ်ပိတ်သွားခဲ့သည်။
လင်းချင်းဟယ်သည် သူ့ကို ဆက်လက်မဆူပူတော့ပဲ ကြက်ဥအနှစ်ဝက်သားဆန်ပြုတ်ကိုပဲ ဆက်သောက်နေသည်။ ခဏအကြာမှာပဲ သူမ သတိရသွားမိသည်။ “မင်းဖိနပ်လဲသင့်နေပြီ။ ငါလည်း မင်းအတွက် ဖိနပ်လုပ်ပေးရမှာပေါ့။ ငါ့ကိုကူညီဖို့ သမီးတစ်ယောက်သာရှိရင် သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မင်းတို့အားလုံးက သားတွေချည်းပဲ။ ငါ့ကိုကူညီပေးနိုင်မယ့်သူမရှိဘူး။ သားတွေမွေးထားတာက အကြွေးဆပ်နေရတာနဲ့တူတယ်လို့ လူတွေကပြောကြတာပေါ့။”
လင်းချင်းဟယ် ဒီစကားကိုပြောနေချိန်တွင် ကျိုးအမေက ဒီနေရာမှာ ရှိနေသည်။ ပြီးတော့ ဒီစကားကိုကြားလိုက်ရပေမယ့် သူမမျက်နှာဟာ ပျက်ယွင်းသွားခြင်းမရှိပေ။ ဒီစတုတ္ထချွေးမလေးဟာ အလွန်ပျင်းရိလွန်းသောကြောင့် ကျိုးအမေသည် သူမသမီးတစ်ယောက်လို ပြုစုပေးလိုစိတ်ရှိသည်။
“မင်းရဲ့ တတိယမရီးက သဘောတူလိုက်တယ်။” ကျိုးအမေသည် ရောက်ရောက်ချင်း ပြောလိုက်သည်။
“သမီး စားပြီးပြီ။ အမေ ခဏလောက်စောင့်ဦးနော်။ သမီး အထည်စနဲ့ ဝါဂွမ်းတွေ သွားယူလိုက်ဦးမယ်။” လင်းချင်းဟယ်သည် သူမစားလက်စ ပန်းကန်ခွက်ယောက်များကိုချထားပြီး ပြောလိုက်သည်။
အခုအချိန်က စက်တင်ဘာလကုန်နေပြီဖြစ်ပြီး ဝါဂွမ်းအနွေးထည်များ ချုပ်လုပ်တာ မြန်တယ်လို့ ဆိုလို့မရနိုင်ပေ။ သူတို့ညီအစ်ကိုသုံးယောက်အတွက် ဝါဂွမ်းအနွေးထည်များ ချုပ်လုပ်ပြီးစီးသည့်အခါ အောက်တိုဘာလလယ်လောက်ဖြစ်မှာ ဆိုးရွံ့မိသည်။ ထိုအချိန်လောက်တွင် အေးနေပေလိမ့်မည်။ အခုအချိန်မှာတောင် ရာသီဥတုက တစ်ရက်နဲ့တစ်ရက် မတူပေ။
တတိယမရီးရဲ့ဗိုက်က မွေးခါနီးလာတာနဲ့အမျှ သူမ နောက်ကျမှချုပ်လုပ်ပြီးစီးမှာကို သူမ တကယ်ဆိုးရွံ့မိပေသည်။
လင်းချင်းဟယ်သည် အခန်းထဲပြန်ဝင်သွားခဲ့ပြီး အထည်စနဲ့ ဝါဂွမ်းနှစ်ကျင်းကို ယူလိုက်သည်။
မူလခန္ဓာပိုင်ရှင် ဒီတစ်ခါ ဝယ်ယူလာခဲ့သည့်အဝတ်အစားတွေက သူမကိုယ်တိုင်အတွက်ပင် မကပဲ သူမမိခင်မိသားစုကိုပေးဖို့ ရည်ရွယ်ထားခဲ့သည်။ တကယ်တော့ ဝါဂွမ်းနှစ်ကျင်းထဲက တစ်ကျင်းက သူမမိခင်မိသားစုအတွက် ပြင်ဆင်ထားခဲ့တာဖြစ်သည်။
ဒါပေမယ့် အခုတော့ လင်းချင်းဟယ်က ဒီကိုကူးပြောင်းလာခဲ့ပြီ။ လင်းမိသားစုက ဘာကိုမှမမျှော်လင့်ထားတာ ပိုကောင်းမည်။ အခွင့်သာရင် ကျိုးချင်းပိုင် အရင်က ပြန်ပို့ပေးခဲ့တဲ့ စစ်အင်္ကျီကို ပြန်ယူချင်သေးသည်။
သူမကိုယ်ပိုင်အဝတ်အစားနဲ့ လင်းမိသားစုအတွက် စုဆောင်းထားတဲ့ ငွေကြေးပမာဏကို ပြန်တွက်ကြည့်လိုက်တော့ ဒီညီအစ်ကိုသုံးယောက်အတွက် ဆောင်းရာသီဝတ်အင်္ကျီသုံးစုံ ချုပ်လုပ်ပေးလိုက်သည်မှာ မှန်ကန်သည့်ကိစ္စပါပဲ။ ကျိုးလောင်တသည် လာမည့်နှစ်လောက် သူကြီးပြင်းလာမည့်အချိန်တွင် အဝတ်အစားများတိုလွန်းခြင်း မဖြစ်စေရန် နည်းနည်းရှည်သည့် အဝတ်အထည်တချို့ကို သီးသန့်ထားရှိရမည်ဖြစ်သောကြောင့် အထည်စများစွာ လိုအပ်မည်ဖြစ်သည်။
ကျိုးလောင်အာ့သည်လည်း အလားတူပါပဲ။ တကယ်တော့ ကျိုးလောင်စန်းလေးအတွက် ချုပ်ပေးစရာမလိုဘူး။ သူ့အထက်မှာ အစ်ကိုနှစ်ယောက်ရှိတယ်။ ဒါပေမယ့် သူတို့အတွက် အဝတ်အစားတွေ ချုပ်လုပ်ပေးတယ် ဆိုကတည်းက ညီအစ်ကိုသုံးယောက်လုံးအတွက် လုပ်သင့်တယ်။
မည်သို့ပင်ဆိုစေကာမူ သူမသည် သူမလက်များကိုအသုံးပြုရန်မလိုပဲ သူမပါးစပ်ကိုသာ အသုံးပြုရန် လိုအပ်သည်။
အမြောက်စာအမျိုးသမီးဇာတ်ကောင်အနေဖြင့် သရုပ်ဆောင်ရန် သူမသည် အလွန်စိတ်အားထက်သန်သူဖြစ်သည်။
အမေကျိုးသည် ဤမျှအရည်အသွေးကောင်းသော အထည်စနှင့် ဝါဂွမ်းများကို ရနိုင်မည်ဟု မမျှော်လင့်ထားပေ။ ထို့အပြင် ၎င်းသည် သူမကိုယ်တိုင်အတွက် ဝတ်ဆင်ရန်မဟုတ်ပဲ သူမသားသုံးယောက်အတွက်သာ ဖြစ်လေသည်။
ဒါက အမေကျိုးအတွက် အနည်းငယ် စိတ်သက်သာရာ ရစေခဲ့ပါသည်။ သို့သော် သူမသည် နောက်ထပ်စကား အနည်းငယ်လောက် ပြောရမည်မှာ မလွဲဧကန်ပါပဲ။ “အခု လောင်တနဲ့ တခြားကလေးတွေက ငယ်သေးတယ်ဆိုပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာပဲ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ကြီးပြင်းလာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ ဇနီးမယားတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက် ခန်းဝင်စရိတ် ကုန်ကျရမှာတွေ ရှိလာလိမ့်မယ်...”
“အမေ စိတ်မပူပါနဲ့။ ကျွန်မ သိပါတယ်။” လင်းချင်းဟယ်သည် သူမစကားကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။
အမေကျိုးသည် မွန်းကြပ်သလို ခံစားရကာ စိတ်ထဲတွင် ‘နင် နားလည်တယ်လား။ နင် ဘာကိုနားလည်တာလဲ။ ချွေတာစားသောက်ရမှာကိုလည်း နားမလည်ဘူး။ နင်က ဆန်ပြုတ်တောင် စားလိုက်သေးတယ်။ ဒ့ါအပြင် ကြက်ဥနဲ့ ဝက်သားပါ ဆန်ပြုတ်ထဲမှာ ပါသေးတယ်။ ဒါတွေက ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။’
ဒါပေမယ့် နောက်ဆုံးမှာတော့ မူလခန္ဓာပိုင်ရှင် အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ပိုင်ဆိုင်ထားသောကြောင့် အမေကျိုးသည် အပြစ်တင်စကားမဆိုတော့ပဲ ပါးစပ်ပိတ်နေလိုက်သည်။ အထည်စနဲ့ ဝါဂွမ်းကိုပဲယူပြီး ပြန်သွားသည်။
သူမထွက်သွားသည်နှင့်တပြိုင်နက် လင်းချင်းဟယ်သည် စိတ်သက်သာရာရသွားခဲ့သည်။
တကယ်တော့ သူမ အမေကျိုးအား ထိုသို့ဆက်ဆံပြောဆိုမိဖို့ တကယ့်ကို မရည်ရွယ်မိခဲ့ဘူး။ ဒါပေမယ့် ဒီနေ့လုပ်ရပ်ကို ပြန်ကြည့်ရမယ်ဆိုရင် အမေကျိုးက သူမရဲ့ပြောပုံဆိုပုံတွေနဲ့ လိုက်လျောညီထွေရှိပုံရသည်။
အိုး... မူလခန္ဓာပိုင်ရှင် မူလခန္ဓာပိုင်ရှင် မင်းက တကယ့်ကိုကံကောင်းတဲ့ အမျိုးသမီးပဲ။
လင်းချင်းဟယ်က အရမ်းစိတ်လှုပ်ရှားသွားမိသည်။ ဒီလိုအံ့မခန်း အခြေခံအုတ်မြစ်တစ်ခုနဲ့ သူမဟာ ဇာတ်ကောင်စရိုက်နဲ့ ကွဲလွဲစွာ နေထိုင်မိခဲ့ရင်တောင် အခုအချိန်မှာ သိပ်အလွန်အကျွံမဖြစ်တော့ဘူး။
စိတ်အခြေအနေကောင်းစွာဖြင့် သူမသည် ကျိုးလောင်စန်းလေးအား ပွေ့ချီပြီး နမ်းရှုံ့လိုက်ရာ ကျိုးလောင်စန်းလေးသည် တခစ်ခစ်ရယ်မောလာခဲ့သည်။
ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့နှစ်ဦးစလုံးကလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ သူတို့က လင်းချင်းဟယ်ကို မစိုက်ကြည့်ပဲ မနေနိုင်ပါ။ လင်းချင်းဟယ်သည် သူတို့၏နဖူးများကို နမ်းလိုက်သည်။
ကျိုးလောင်တသည် ရှက်သွေးဖြာသွားပြီး “သား အပြင်မှာ သွားကစားလိုက်ဦးမယ်။” လို့ဆိုကာ ပြေးထွက်သွားသည်။
ကျိုးလောင်အာ့သည်လည်း အနည်းငယ် ရှက်ရွံသွားကာ အပြင်သို့ ပြေးထွက်သွားသည်။
လင်းချင်းဟယ်လည်း သူတို့ကို ဂရုမစိုက်နေတော့ပါဘူး။ သူမသည် အမေကျိုးအတွက် ဆန်ပြုတ်တစ်ပန်းကန် ထည့်ထားပေးလိုက်သည်။ အိုးထဲတွင် ပန်းကန်တစ်လုံးစာနီးပါး ကျန်နေခဲ့သည်။ လင်းချင်းဟယ်သည် ထိုဆန်ပြုတ်ကျန်တာကို ယောက်ချိုဇွန်းဖြင့်ခပ်ကာ ဘေးဖယ်ထားလိုက်သည်။
ထို့နောက် သူမသည် ပန်းကန်ခွက်ယောက်များကို သန့်ရှင်းရေးလုပ်ကာ ကလေးတွေ ကစားရာမှပြန်လာလျှင် သန့်ရှင်းရေးလုပ်ရန် ရေနွေးတည်ထားလိုက်သည်။
အမေကျိုးက အထည်စနဲ့ ဝါဂွမ်းစတွေကို ပြန်ယူသွားခဲ့သည်။
တကယ်တော့ ဒီအချိန်ဟာ အလုပ်သိမ်းချိန်ရောက်နေပေမယ့် ကျိုးအိမ်ဟောင်းကမိသားစုတွေဟာ အိမ်မပြန်လာကြသေးပေ။ ညနေငါးနာရီတောင် မထိုးသေးပါဘူး။ အမေကျိုးသည် သုံးရက်ကြာ လယ်ထဲဆင်းပြီးနောက် ဆက်လက်အလုပ်မလုပ်နိုင်သောကြောင့် ဒီနေ့တွင် အလုပ်မသွားပဲ အနားယူခဲ့သည်။ သူမမိသားစုက လူအင်အားများတော့ သူမ နေ့တစ်ဝက်လောက် အနားယူတာက သိပ်အရေးမပါလှပေ။
တတိယမရီးရဲ့ကိုယ်ဝန်က လတော်တော်ရင့်နေပြီမို့ အိမ်မှာချက်ပြုတ်ဖို့ တာဝန်ယူရသည်။ ကိုယ်ဝန်သိပ်မရင့်သေးသော အကြီးဆုံးမရီးကလည်း သူမကို ကူညီပေးခဲ့သည်။ ဒါပေမယ့် အမေကျိုးက ဒီနေ့အနားယူသောကြောင့် သူမက ဒီတာဝန်ကို အမေကျိုးနဲ့ အစားထိုးလိုက်သည်။ မဟုတ်ရင် အများအားဖြင့် အကြီးဆုံးမရီးက တာဝန်ယူလေ့ရှိပြီး အခုအချိန်မှာတော့ တတိယမရီးက အိမ်မှုကိစ္စအတွက် တာဝန်ယူရသည်။
အမေကျိုးယူလာပေးတဲ့ အထည်စနဲ့ ဝါဂွမ်းတွေကိုမြင်တော့ တတိယမရီးက မနာလိုဖြစ်မိသွားသည်။ သို့သော်လည်း ဒါကို မနာလိုကြာကြာ မဖြစ်နိုင်ပါ။ သူမက အထည်စအရွယ်အစားနဲ့ ဝါဂွမ်းပမာဏကိုကြည့်ပြီး စိတ်ထဲမှာ ဝမ်းသာပီတိဖြစ်ကာ မေးလိုက်သည်။ “အမေ စတုတ္ထခယ်မက လောင်တနဲ့ သူ့ညီလေးတွေအတွက် အဝတ်အစားတစ်စုံစီ ချုပ်ပေးဖို့ ပြောလိုက်တာမလား။ ကျန်တာက ကျွန်မအတွက် သုံးလို့ရလားဟင်။”