အခန်း(၁၁) ကျိုးမိသားစု၏အရေးကိစ္စ
Viewers 38k

အခန်း(၁၁) - ကျိုးမိသားစု၏ အရေးကိစ္စ


“အဲ့အတိုင်း သူမပြောလိုက်တာပဲ… ဒါပေမယ့် သူတို့အတွက် နည်းနည်းကြီးချုပ်ပေးလိုက်ဦး… သူတို့တွေက မြန်မြန်ကြီးလာမှာ “ ကျိုးအမေက သူတို့ကို အလွန်ချစ်မြတ်နိုးနေဆဲဖြစ်တာကြောင့် ဒီလိုပြောလာတာဖြစ်သည်။


“အဲ့လိုလုပ်ပေးရမှာပေါ့။“ တတိယမရီးက သေချာပြန်ပြောလိုက်သည်။


ကျိုးအမေက ခေါင်းညိမ့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ တကယ်တော့ စတုတ္ထ ချွေးမကလွှဲလို့ တခြားသုံးယောက်က သူမကို စိုးရိမ်ရအောင် မလုပ်ကြဘူး။ 


တတိယမရီးသည် သူမစိတ်ထဲ အကြမ်းဖျဥ်းခန့်မှန်းကြည့်လိုက်သည်။ ကျိုးလောင်တ နှင့် သူ့ညီတွေအတွက် ပြီးသွားရင်တောင် အထည်သားတွေ အများကြီးကျန်နေဦးမှာ… အရင်ကကျန်ထားတာနည်းနည်းထပ်ပေါင်းလိုက်ရင် သူမရဲ့သမီးအတွက် အနွေးထည်တစ်ထည် လုပ်ပေးနိုင်သေးတယ်။ 


စတုတ္ထရဲ့ဇနီးပေးလိုက်တဲ့ သကြားညို ၂ ကျင်း ပါ ထည့်တွက်လိုက်ရင် ဒီအပြုအမူက အရမ်းစေတနာကောင်း ရက်ရောနေပြီ။ 


အဲဒါကို တွေးကြည့်လိုက်တာနဲ့ တတိယမရီးက အရမ်းကျေနပ်သွားသည်။ ဒါပေမယ့် အခုတော့ ဒီအတွက် အချိန်မပေးနိုင်သေးဘူး။ သူမက အစနဲ့ ဂွမ်းစများကို သူမအခန်းထဲ ထည့်ပြီး ကျိုးအမေကို ကူညီရန် မီးဖိုချောင်ဆီ သွားလိုက်သည်။ 


ပြောရရင် အစတုန်းက မူလပိုင်ရှင် ပြောင်းရွေ့သွားတာနဲ့ပတ်သက်ပြီး လူတိုင်း မကျေနပ်ကြပေမယ့် အချိန်ကြာလာတော့ အဲဒါက တော်တော်ကံကောင်းတာလို့ လူတိုင်း ခံစားမိလာကြသည်။ 


ဘာကြောင့်လဲဆိုတော့ မူလပိုင်ရှင်က တစ်ခါမှ အလုပ်မလုပ်ဘူး။ လက်ထပ်ပြီးစကတည်းက ဒီကနာတယ် ဟိုကအောင့်တယ်နဲ့ ပြောတတ်တယ်။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် အလုပ်မလုပ်တော့ဘူး။ 


ဒါပေမယ့် သူမ အလုပ်မလုပ်ရင် အလုပ်အမှတ်ကို ဘယ်ကရမှာလဲ…. ဒါက ထမင်းအလကားစားနေတာပဲ… သူမမှာ လက်ကော ခြေကော ရှိနေတာကို တစ်မိသားစုက သူမကို ထောက်ပံ့နေရသေးတယ်။ 


အဲအချိန်တုန်းက လူတိုင်းမှာ အကြောင်းပြချက်တွေ ရှိနေသည်။ 


ထိုအချိန်က သူတို့လက်ထပ်ပွဲနေ့မှာပဲ သူမသားက ထွက်သွားတာကြောင့် အထူးသဖြင့် ကျိုးအမေက မူလပိုင်ရှင်ကို အကြွေးတင်နေသလို ခံစားနေရသည်။ ဒါကြောင့် သူမက မူလပိုင်ရှင်ကို ကျိုးချင်းပိုင်ရဲ့ ထောက်ပံ့ကြေးကို ကိုင်ဆောင်ခွင့်ပေးလိုက်သည်။ 


ပြီးတော့ သူမ၏စားသောက်စရိတ်ကို မိသားစုထံပေးရန် ပြောလိုက်သည်။ သူမ အလုပ်မလုပ်ရင်တောင်မှ ကျိုးချင်းပိုင်က သူမကို ထောက်ပံ့ပေးနေတာ…. ဒါဆို တခြားသူတွေလည်း ဘာမှပြောတော့မှာမဟုတ်ဘူး။ 


ဒါပေမယ့် အဲအကြောင်းကြောင့် မူလပိုင်ရှင် သတ္တိကောင်းသွားလိမ့်မယ်လို့ ကျိုးအမေ မမျှော်လင့်ထားခဲ့ဘူး။ မဟုတ်ရင် သူမက ကိုယ်ဝန်ရှိမှန်းအတည်ပြုပြီးသွားတာနဲ့ ကိုယ့်ကိုယ်ကို သတ်သေမည့်သဘော လုပ်ဆောင်ရဲမှာမဟုတ်ဘူး။


အရင်က ဘယ်သူမှ ကိုယ်ဝန်မဆောင်ဖူးသလိုလုပ်နေသည်။ 


ထင်ထားတာနဲ့တလွဲ ကျိုးအဖေနှင့် ကျိုးအမေက အဲလုပ်ရပ်မှာ ကျဆုံးသွားသည်။


နောက်ဆုံး အဲအတွက် အကြောင်းပြချက်ကတော့ ကျိုးအဖေနှင့် အမေက သူတို့ရဲ့သားငယ်လေးကို တုန်နေအောင်ချစ်တာကြောင့် ဖြစ်သည်။


မူလပိုင်ရှင်သာ ထိုနေရာမှာ နေမယ်ဆိုရင် သူတို့မိသားစုက အရမ်းပြွတ်သိပ်ကျပ်ညက်သွားမှာ…. သူတို့က အခုမှ ပူပူနွေးနွေးလက်ထပ်ကာစဖြစ်ပြီး ကျိုးအဖေနှင့် ကျိုးအမေတို့ရဲ့ သားငယ် ဖြစ်တာကြောင့် ကျိုးချင်းပိုင် လက်ထပ်ရင် သူတို့အတွက် အခန်းပေးရန် မိသားစုက စီစဥ်ထားသည်။ 


တခြားဘယ်သူမှ ဒီလိုအခွင့်အရေးမရခဲ့ကြဘူး။ သူတို့အားလုံး အခန်းတစ်ခန်းထဲ ကျပ်ကျပ်သိပ်သိပ်နေရပြီး အဲအချိန်မှာ ကလေးလည်း သိပ်မရှိကြသေးတာကြောင့် နေလို့ အဆင်ပြေကြသေးသည်။ စုံတွဲတွေရဲ့ညရေးညတာကိစ္စ အနည်းငယ် ရှက်ရွံ့စရာကောင်းရုံပါပဲ။ 


အဲအချိန်တုန်းက မူလပိုင်ရှင် သူမ၏ကိုယ်ပိုင်အခန်းရတဲ့အပေါ် ကျန်မိသားစုသုံးစုက တခြားအတွေးတွေ မရှိတာမျိုးတော့မဟုတ်ဘူး။ ကျိုးချင်းပိုင်က ကျိုးအဖေနှင့် ကျိုးအမေတို့၏ အချစ်ဆုံးနှင့် အငယ်ဆုံးသားဖြစ်နေတာကြောင့်ပဲလား….


တခြားအကြောင်းက ကျိုးချင်းပိုင် လက်မထပ်ခင် မိသားစုဆီ ငွေပို့တတ်သည်။ အစ်ကိုကြီးသုံးယောက် ပေါင်းရှာလို့ရတဲ့ငွေအားလုံး ပေါင်းတာတောင် ကျိုးချင်းပိုင် ရှာလို့ရတဲ့ပမဏကို မမှီဘူးလို့ ပြောနိုင်သည်။ 


ဒါကြောင့် သူတို့ ကန့်ကွက်ချင်ရင်တောင် ချုပ်တည်းထားကြမှာ။ 


ပုံမှန်အားဖြင့် မူလပိုင်ရှင် တစ်ယောက်တည်းသာ အထူးခံစားခွင့်ရပေမယ့် မိသားစုကနေ အိမ်ခွဲနေရန် ကြိုးစားပြီးနောက်……… 


ထိုအချိန်မှာ မရီးသုံးယောက်လုံး ပြဇာတ်ထိုင်ကြည့်နေကြပေမယ့် သူမ၏ဗိုက်ကို အကာအကွယ်အဖြစ် အသုံးပြုလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး။ နောက်ဆုံး သူမဘာသာ နေထိုင်ရန် ပြောင်းရွေ့ခွင့်ရသွားသည်။ 


ဒါပေမယ့် သူမ အိမ်ခွဲသွားပြီးနောက် တခြားချွေးမသုံးယောက်ကို စိတ်ကျေနပ်စေရန်အလို့ငှာ ကျိုးအဖေ နှင် ကျိုးအမေ သည် သူတို့တစ်ယောက်ချင်းစီကို ကိုယ်ပိုင်အခန်းပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် အားလုံးကျပ်သိပ်နေတာနဲ့စာရင် ပိုကောင်းသွားတာပေါ့။ 


အဲအထဲမှာ မူလပိုင်ရှင်၏အခန်းလည်း အပါအဝင်ဖြစ်ပြီး ထိုအခန်းကို တတိယမရီးကို ပေးလိုက်သည်။


အကြီးဆုံးမရီးနှင့် ဒုတိယမရီးကတော့ တစ်ယောက် တစ်ခန်းစီ ခွဲယူလိုက်ကြသည်။


အခုတော့ ကျိုးအိမ်က တခြားမိသားစုသုံးစုလည်း အားလုံးအဆင်ပြေချောမွေ့သွားပြီ။ ကျိုးအဖေ သည် လွန်ခဲ့သောသုံးနှစ်က ကျိုးချင်းပိုင် ပို့ထားသော ထောက်ပံ့ကြေးငွေအားလုံးကို ထုတ်ယူလာသည်။ နဂိုပိုင်ရှင်ကတော့ ပြောင်းရွေ့သွားခဲ့ပြီ။ 


အဲအချိန်က ထောက်ပံ့ကြေးက တစ်လမှာ ယွမ် ၂၀ ကျော်ကျော်လေးပဲ။ ဒါကြောင့် တစ်နှစ်မှာ ယွမ် ၂၀၀ ကျော် သုံးနှစ်မှာ ယွမ် ၆၀၀ ကျော်ရုံပဲ။ 


မူလပိုင်ရှင်၏ အလယ်ခန်းပါသော အိမ်ခန်းနှစ်ခန်းပါအိမ်နှင့် တခြားစျေးမကြီးသောပစ္စည်းအနည်းအကျဥ်းကို ဆောက်လုပ်ဖို့အတွက်ဆို အားလုံးပေါင်း ယွမ် ၂၀၀ ကျော်လောက် ကုန်ကျနိုင်သည်။ 


အဲဒါက နည်းတဲ့ငွေပမာဏတော့ မဟုတ်ဘူး။


ဒါပေမယ့် ကျိုးချင်းပိုင် ပို့ထားတာနဲ့ယှဥ်ရင်တော့ သိပ်မများတော့ဘူး။ 


ဒီငွေတွေက စတုတ္ထသား သူတို့ကို ပေးကမ်းတဲ့ငွေဆိုတဲ့ အကြောင်းပြချက် ပေးပြီး ကျိုးအမေက မူလပိုင်ရှင်ကို ပေးဖို့ စိတ်ကူးမရှိခဲ့ဘူး။ အမှန်တကယ်တော့ သူမက မူလပိုင်ရှင် မစုဆောင်းမိမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။ 


မူလပိုင်ရှင်က သူမ၏ဝေစုဖြစ်သော ဆန်စပါးနှင့် ဆီကို လွယ်လွယ်ကူကူရလိုက်သည်။ ပြီးတော့ အဲထက်ပိုတာက ကျိုးချင်းပိုင် ပို့သော ထောက်ပံ့ကြေးကိုလည်း လတိုင်း ရဦးမယ်။


ဒါကြောင့် သူမက ကျိုးအမေကို ပြဿနာထပ်မရှာတော့ချေ။


လူတိုင်း အခန်းတစ်ခန်းရပြီး သူတို့မိသားစု ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်သလို ကျိုးချင်းပိုင်က ငွေအများကြီး အိမ်ကို ပို့ပေးထားတာ သိကြတာကြောင့် မူလပိုင်ရှင်အတွက် အိမ်တစ်လုံးဆောက်ပေးတာကို ဘာမှမပြောကြဘူး။ 


လွန်ခဲ့တဲ့ငါးနှစ်က ကျိုးအဖေ နဲ့ ကျိုးအမေ သည် ငယ်ရွယ်သန်စွမ်းနေဆဲဖြစ်လို့ သူတို့ကလေးတွေရဲ့ ငွေရေးကြေးရေးထောက်ပံ့မှုကို မလိုအပ်သေးပေ။ ကျိုးအဖေ နဲ့ ကျိုးအမေ က အသက် 60 နားနီးနေရင်တောင် သူတို့က ကျန်းမာသန်စွမ်းနေဦးမှာပင်။ 


မူလပိုင်ရှင် အိမ်ခွဲသွားရင်တောင်မှ သူမက သူတို့ထက်ပိုပြီး ယွမ်ရာဂဏန်းဖြင့် ကျိုးအဖေ နှင့် ကျိုးအမေ အပေါ် ပိုပြီး ရိုသေထောက်ထားပေးနိုင်သေးတယ်လို့ ပြောလို့ရသည်။ 


အဲငွေတွေကို ကျိုးချင်းပိုင် ရှာထားတာဆိုပေမယ့် ကွာခြားမှုမှမရှိတာ…..


မိသားစုကနေ ခွဲနေပြီးနောက် မူလပိုင်ရှင် ဘာမှမလုပ်တာကို စောင့်ကြည့်စရာမလိုတော့သလို လူတိုင်း သူမအပေါ်အကြွေးတင်နေသကဲ့သို့သော သူမ၏မျက်နှာအမူအယာကိုလည်း မမြင်တွေ့ရတော့ပေ။ ဒါကြောင့် ထိုနှစ်တွေအတွင်းတွင် ကျိုးအိမ်မှမိသားစုများသည် အလွန်ပျော်ရွှင် သင့်မြတ်နေကြသည်။ 


တစ်ခါတစ်လေတော့ အလုပ်လုပ်ရန် လယ်ကွင်းထဲ သွားစရာမလိုဘဲ သူမယောကျာ်းပို့လာသော ငွေကိုသာ စောင့်မျှော် သုံးစွဲနေသည့် မူလပိုင်ရှင်ကို မနာလို အားကျကြသော်လည်း မလိုမုန်းတီးစရာ အကြောင်း ဘာမှမရှိဘူး။ 


ခြောက်နာရီထိုးတော့ ကျိုးအိမ်က ကျန်လူအားလုံး ပြန်ရောက်လာကြသည်။ 


အခုချိန်သည် ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်ဖြစ်လို့ အလွန် အလုပ်များကြသည်။ နှစ်အစကတည်းက အလုပ်လုပ်လာတာက ဒီကောက်ရိတ်သိမ်းချိန်အတွက်ပဲ။ ဘယ်သူမှ မပျင်းရိရဲကြဘူး။ မဟုတ်ရင် ဆောင်းဦးမိုး တစ်ခါရွာလိုက်တာနဲ့ တစ်နှစ်လုံး ပင်ပန်းထားသမျှ အလကားဖြစ်သွားမည်။ တစ်မိသားစုလုံးလည်း ကြပ်တည်းသွားလိုက်မည်။ 


ဒါကြောင့် သူတို့အားလုံး ကောက်ပဲသီးနှံများကို မြန်မြန်ဆန်ဆန် ရိတ်သိမ်းရမည်။ ဒါမှ သူတို့ အေးအေးချမ်းချမ်း နေနိုင်မည်။ 


“အခန်းထဲမှာ သမီး နဲ့ ရှင့်အတွက် သီးသန့်လုပ်ထားတဲ့ သကြားညိုဖျော်ရည်ရှိတယ် မြန်မြန်သွားသောက်လိုက်။” တတိယမရီးက သူမယောကျာ်းနှင့်သမီးတို့၏ နေလောင်နေတဲ့မျက်နှာကို မြင်တော့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ 


တတိယမရီး၏သမီးသည် ကျိုးမိသားစုတွင် ငါးယောက်မြောက်ဖြစ်တာကြောင့် သူမကို ကျိုးဝူနီ လို့ နာမည်ပေးထားသည်။ 


ကျိုးဝူနီ သည် တော်တော်ပင်ပန်းနေပေမယ့် ထိုစကားကြားတော့ မျက်လုံးတွေ အရောင်တောက်သွားသည်။ 


ကျိုးချင်းစန်း သည် ဘာမှမပြောဘဲ သူ့သမီးကို ခေါ်ကာ အခန်းထဲသွားလိုက်သည်။ အဖေနှင့် သမီးသည် သကြားညိုဖျော်ရည် သောက်ပြီး စိတ်ကျေနပ်သွားသည်။ 


နောက်တော့ သူတို့အားလုံး ခြေလက် မျက်နှာ ဆေးကြောပြီး စားသောက်ရန် ပြင်ဆင်ကြသည်။ 


ကျိုးအိမ်က အစားအသောက်တွေက ကောင်းမွန်သည်။ ပြောင်းဖူးပန်ကိတ်ကို ဆန်ပြုတ်နှင့် ကြက်ဥမွှေကြော်တစ်အိုးဖြင့် တွဲဖက်စားသောက်ကြသည်။ ကြက်ဥမွှေကြော်မှာ ကြက်ဥ ငါးလုံး၊ခြောက်လုံးပဲ ပါပေမယ့် တခြားဟင်းလျာတွေလည်း ရှိသေးသည်။ သူတို့အားလုံး သတ်သတ်လွတ်စားကြသော်လည်း တခြားမိသားစုတွေက ဒီအစားအစာတွေတောင် မစားနိုင်ကြပေ။ 


စားသောက်ပြီးနောက် အားလုံး အနားယူကြသည်။ 


တတိယမရီးသည် သူမ၏ဗိုက်ကို ထိန်းကိုင်ရင်း အခန်းဆီပြန်လာသည်။ အခုချိန်တွင် သူမ၏ကိုယ်ဝန်လရင့်လာပြီမို့ ထမင်းစားပွဲ သိမ်းရမည့်တာဝန်သည် ဒုတိယမရီးအပေါ် ကျရောက်လာသည်။ အကြီးဆုံးမရီးကလည်း ကိုယ်ဝန်ရှိနေတာကြောင့် အနားယူလို့ရပြီ။ 


ဒုတိယမရီးက မကျေမနပ်ဖြင့် နှုတ်ခမ်းတွန့်လိုက်သော်လည်း ဘာမှတော့မပြောချေ။ သူမ ကိုယ်ဝန်ဆောင်ချိန်တုန်းကလည်း တခြားနှစ်ယောက်က လုပ်ရသည်။ ဒါက ကျိုးအိမ်ရဲ့စည်းကမ်းဖြစ်ပြီး အမြဲတမ်း တရားမျှတမှုရှိသည်။ 


အကြီးဆုံးမရီးနှင့် ဒုတိယမရီးက ဒီနေ့ အိမ်မှာ ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ မသိကြဘူး။ သူတို့ လုပ်စရာရှိတာပဲ လုပ်နေကြသည်။ 


တတိယမရီး ပြန်ရောက်တော့ အဖေနှင့် သမီးရဲ့ မေးခွန်းများက သူမကို ကြိုဆိုနေသည်။ 


ကျိုးဝူနီ သည် ခြောက်နှစ်ရှိပြီဖြစ်သည်။ ဒီအရွယ်မှာ ကလေးတွေက စဥ်းစားချင့်ချိန်နိုင်ပြီဖြစ်ပြီး သကြားညိုက အရမ်းတန်ဖိုးရှိတာ ကောင်းကောင်း သဘောပေါက်နားလည်ထားသည်။ ဘယ်လိုဖြစ်ပြီး သူမအမေဆီမှာ ရှိနေရတာလဲ….