အခန်း(၁၂) – အနှေးနဲ့အမြန် ဝယ်ဖို့ လိုတယ်
“ စတုတ္ထခယ်မ ပေးလိုက်တာ “ တတိယမရီးက ရှင်းပြလိုက်သည်။
အဲအချိန်က ခြောက်နာရီ ထိုးခါနီးဖြစ်ပေမယ့် ကောင်းကင်ကတော့ တောက်ပနေတုန်းပဲ။ အခု ခြောက်နာရီခွဲဝန်းကျင်တွင် ကောင်းကင်သည် စတင်မှောင်မှိုင်းလာသည်။
ထိုအခါ တတိယမရီးသည် ပိတ်စနှင့် ဝါချည်များကို ထုတ်ယူလာသည်။
ကျိုးချင်းစန်း သဘောပေါက်သွားသည်။ စတုတ္ထမရီးက အထည်ချုပ်ခိုင်းစေချင်တာပဲ။
“သူမကိုယ်တိုင် အထည်မချုပ်နိုင်ဘူးလား။ ဘာလို့ မင်းကို သကြားညို နှစ်ပေါင် ပေးပြီး လုပ်ခိုင်းတာလဲ “
“သူမက လောင်တ နဲ့ တခြားသူတွေအတွက် ဘယ်လိုလုပ်ရမလဲ မသိဘူးလေ။ အဲတော့ ဒါတွေကို ယူလာပြီး ကျွန်မကိုပဲ လုပ်ခိုင်းရတော့မှာပေါ့။” တတိယမရီးက လက်က အလုပ်လုပ်ရင်း ပါးစပ်က ဖြေလိုက်သည်။
သူမရဲ့ကိုယ်ပိုင်အရည်အချင်းအပေါ် သူမ လုံးဝ ယုံကြည်စိတ်ချတယ်။
“သူမက လောင်တနဲ့ တခြားသူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည် လုပ်ဖို့ ဒီလောက်ကောင်းတဲ့ ပိတ်စနဲ့ ဝါချည်တွေ သုံးတယ်… ဟုတ်လား။” ကျိုးချင်းစန်း အမှန်တကယ် အံ့သြသွားသည်။
“နောက်ဆုံးတော့ သူမက သူတို့ရဲ့ မွေးအမေပဲလေ။ ပြီးတော့ သူတို့ညီအစ်ကိုမှာလည်း ဒီနှစ်အတွက် ဂွမ်းကပ်အနွေးထည် တစ်ထည်မှမရှိသေးဘူး။” တတိယမရီးက ဆက်ပြောလိုက်သည်။
“အမေ….. သမီးကော ဘယ်အချိန်မှ အင်္ကျီအသစ်ဝတ်ရမှာလဲ….. “ ကျိုးဝူနီက ပိတ်စနှင့် ဝါချည်များကို မနာလိုအားကျသောမျက်နှာဖြင့် ကြည့်ရင်း မေးလိုက်သည်။
တကယ်တော့ သူမက စတုတ္ထအဒေါ်ရဲ့သမီး ဖြစ်ချင်တယ်။ စတုတ္ထအဒေါ်ရဲ့ဘဝက ကောင်းမွန်တာကြောင့်ပင်။ လောင်တနှင့် တခြားသူတွေက အလုပ်အမှတ်များ စုဆောင်းဖို့ နွားချေးကောက်စရာမလိုသလို လယ်ကွင်းထဲမှာလည်း ကောက်ပဲသီးနှံ စုဆောင်းစရာမလိုဘူး။ နေ့တိုင်း သူတို့ကစားနိုင်တယ်။
“အမေ သမီးအတွက် ကြည့်ပြီးသွားပြီ။ သူတို့ညီအစ်ကိုအတွက် ပြီးသွားရင်တောင် ဒီပိတ်စနဲ့ ဝါချည်တွေ ပိုနေဦးမှာ… ပြီးတော့ အမေ သိမ်းထားတဲ့ပိတ်စတွေလည်း ရှိသေးတယ်။ အချိန်ကျလို့ နည်းနည်းပေါင်းထည့်လိုက်ရင် သမီးအတွက် အပေါ်ဖုံးအင်္ကျီတစ်ထည် ရနိုင်တယ်။” တတိယမရီး ပြောလိုက်သည်။
“ ဒါဆို….. အမေ… မြန်မြန်လေး “ ကျိုးဝူနီ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
ထိုအချိန် ကျိုးချင်းစန်း မှတ်ချက်ပေးလာသည်။” မင်းက ဒီလောက်တောင် ကိုယ်ဝန်ရင့်နေပြီ… သူမက မင်းကို အထည်ချုပ်ခိုင်းနေသေးတယ် “
“ကျွန်မ ကိုယ်ဝန်ရင့်နေတာ မြင်လို့ပေါ့… မဟုတ်ရင် ဘာလို့ သကြားညို နှစ်ကျင်း ပေးမှာလဲ။ အဲဒါတွေက အရည်အသွေးကောင်းမယ့်ပုံပဲ။ လောင်တနဲ့ တခြားသူတွေအတွက် လုပ်ပေးဖို့ပြောခဲ့တဲ့ နောက်ဆုံးဝတ်စုံတွေက အခုလက်ရှိ သူတို့ဝတ်နေတဲ့ ဆောင်းဦးအတွက် အဝတ်တွေပဲ။ အဲအချိန်က သူမက ကြက်ဥ သုံးလုံးပဲ ပေးတာ “ တတိယမရီးက ပြန်ပြောလိုက်သည်။
ကျိုးအမေက အကြားညိုနှစ်ကျင်းကို မသိမ်းယူဘဲ သူမကိုပဲ သိမ်းဆည်းထားစေသည်။ အဲအတွက်လည်း တတိယမရီးက အရမ်းကို စိတ်ကျေနပ်နေသည်။
သကြားညိုက ရှားပါးတဲ့ပစ္စည်း…. ပြီးတော့ နှစ်ကျင်းကြီးများတောင်….။
ကျိုးချင်းစန်းသည် ဘာမှမပြောတော့ပေ။ သူ့ဇနီးက ပင်ပန်းမှာ မစိုးရိမ်ဘဲ ပျော်ရွှင်ဝမ်းမြောက်နေသေးတယ်။
ဒီခေတ်ကလူတွေက ရေနံဆီကို ချွေတာဖို့ စိတ်အားထက်သန်ကြသည်။ ပြီးတော့ အထောက်အပံ့ကလည်း လတိုင်း ကန့်သတ်ထားသည်။ ဒါကြောင့် သူတို့တွေ စောစောအိပ်ရာဝင်ကြသည်။
ရှစ်နာရီပဲ ရှိသေးတယ်… ကျိုးအမေနှင့် ကျိုးအဖေသည် အိပ်စက်ရန် ခန်းပေါ်သို့ ရောက်လာသည်။
ကျိုးအမေက ဒီနေ့ကိစ္စအကြောင်း ပြောပြသည်။ “ စတုတ္ထရဲ့ဇနီးက ဒီနေ့ ကျွန်မကို ကြက်ဥနဲ့ ဝက်သား စားဖို့ ဖိတ်တယ် “
“ ကျွေးရင် စားလိုက်ပေါ့ “ ကျိုးအဖေက ပင်ပန်းနေပြီ။ ဆယ်မှတ် ရခဲ့ပြီး အရမ်းပင်ပန်းနွမ်းနယ်နေပြီ။
“ အဲဒီ ပိတ်စနဲ့ ဝါချည်တွေကလည်း တော်တော်ကောင်းတယ်။ သူမအတွက် အထည်ချုပ်တော့မယ်လို့ ကျွန်မ ထင်ခဲ့တာ။ အဲဒါတွေ လောင်တနဲ့ သူတို့ညီအစ်ကိုတွေအတွက် ဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး “ ကျိုးအမေက ဆက်ပြောသည်။
ဒီနေ့ သူမ အလုပ်မလုပ်ဘူး။ ဒါကြောင့် စတုတ္ထရဲ့ဇနီး စျေး နောက်ထပ်သွားတယ်လို့ ရွာသားတွေပြောတာ ကြားလိုက်ရသည်။ ထိုအချိန် ညီအစ်ကိုတွေကို သွားတွေ့တယ်။ သူမ အထုပ်ကြီးတစ်ထုပ်နဲ့ ပြန်လာတယ်လို့ ကြားသည်။
ပိတ်စနှင့် ဝါချည် နှစ်ကျင်းက အထုပ်ကြီးတစ်ထုပ်ဖြစ်ဖို့ လုံလောက်နေပြီ။ အဲဒါတွေကို သူမရဲ့ မြေးသုံးယောက်အတွက် ဝယ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
“ သူမက ကလေးတွေရဲ့အမေပဲ။ ဘယ်လောက်ပဲဆိုးနေပါစေ သူတို့အားလုံးက သူမဗိုက်ထဲက ထွက်လာတဲ့ကလေးတွေပဲ “ ကျိုးအဖေက အိပ်ငိုက်နေပေမယ့် ပြန်ဖြေသည်။
သူက စတုတ္ထချွေးမအပေါ် ထင်မြင်ချက် တစ်ချို့ရှိသော်လည်း ဘာမှမကျေမနပ် ညည်းညူပြောနေစရာမရှိဘူး။ အခုတော့ သူမက သူ့မြေးတွေအတွက် ဆောင်းဝတ်ကုတ်ချုပ်ပေးပြီး စားသောက်ဖို့ ကြက်ဥနှင့် ဝက်သားဆန်ပြုတ် လုပ်ပေးနေပြီ။
“ သူမက အသုံးအစွဲကြီးလွန်းတယ်။ ပိတ်စအထည် ၊ ဝါချည် ၊ ကြက်ဥ ၊ အဆီနည်းဝက်သား ပြီးတော့ သကြားညို နှစ်ကျင်း……. ။ သူမကို ကြည့်ရတာ မှောင်ခိုစျေးကွက်နဲ့ ရင်းနှီးကျွမ်းဝင်နေပြီ ထင်သည်။ စတုတ္ထသားပို့လိုက်တဲ့ လစဥ်ထောက်ပံ့ကြေး အများကြီး မရှိတော့တာ သေချာတယ်။ ပိုက်ဆံ သိပ်မကျန်တော့တာ သေချာတယ်။ ပိုက်ဆံနည်းနည်းစုဖို့ သူမကို ကျွန်မ ပြောတာပဲ။ ကျွန်မက သူမကိစ္စကို ဝင်စွတ်ဖက်တယ်ပဲ ထင်နေတာ “ ကျိုးအမေက ပြောသည်။
ကျိုးအဖေက တခေါခေါဟောက်နေပြီ။ သူ အိပ်ပျော်သွားတာ ထင်ရှားသည်။
ကျိုးအမေလည်း ဘာမှမပြောတော့ဘဲ မကြာခင် အိပ်ပျော်သွားသည်။
ကျန်ကျိုးမိသားစုသည်လည်း အလားတူအခြေအနေမျိုးတွင် ရှိနေသည်။
လင်းချင်းဟယ်ဘက်မှာတော့ သူမက ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။
ည ရှစ်နာရီမှာ အိပ်ဖို့ အရမ်းစောလွန်းနေသည်။ မော်ဒန်ခေတ်မှာဆိုရင် သူမ၏ညဘဝတောင် မစသေးပေ။
ဒါပေမယ့် သူမက ကျေးလက်ဒေသရောက်နေပြီ။ ဒါကြောင့် သူမလည်း ထုံးတမ်းစဥ်လာကို လိုက်နာရမည်။ အကြီးနှစ်ယောက်ကတော့ ဘေးဘက်အခန်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ ကျိုးလောင်စန်းကတော့ ငယ်သေးတာကြောင့် သူမနှင့်အတူတူ အိပ်သည်။
အိပ်ရာမဝင်ခင် လင်းချင်းဟယ်က ညစာစားပြီး ကျန်တဲ့ဆန်ပြုတ်ကို ရေနွေးရောကာ ညီအစ်ကိုတွေကို ခွဲကျွေးခဲ့သည်။
ဒါပေါ့…. အိပ်ရာမဝင်ခင် သူတို့သုံးယောက်ကို ရေချိုးပေးလိုက်သေးသည်။ ညီအစ်ကို သုံးယောက်လုံး ရေချိုးပြီးသွားတော့ ရေတွေအားလုံး မည်းနက်သွားပြီ။ ပြီးတော့ သူတို့ကို အုတ်ကုတင်ဆီ သွားဖို့ မောင်းထုတ်လိုက်ပြီး အိပ်စက်စေခဲ့သည်။
လင်းချင်းဟယ်လည်း အမှောင်ထဲတွင် သူမကိုယ် သူမ ကြေးညှော်တိုက်ချွတ် ရေမိုးချိုးလိုက်သည်။ ရေချိုးခန်းသတ်သတ် မရှိတာ မကောင်းဘူး။
အိပ်ရာထဲတွင် လှဲလှောင်းရင်း သူမ၏စိတ်တွေ ဟိုတွေး ဒီတွေး လျှောက်တွေးနေမိသည်။ ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပေ။ ညသန်းခေါင်၌ မူလပိုင်ရှင်၏ ပင်ကို အသိစိတ်အရ အိပ်ရာမှထကာ သူတို့တွေ အုတ်ကုတင်ပေါ် သေးပေါက်ချခြင်းမှ ကာကွယ်နိုင်ရန် သူမ၏သားသုံးယောက်ကို သေးတည်လိုက်သည်။ မဟုတ်ရင် သူမ သန့်ရှင်းနေရမှာ…. ။
မနေ့ညက စောစောအိပ်သွားတာကြောင့် လင်းချင်းဟယ်သည် နောက်တစ်နေ့ အစောကြီး နိုးလာသည်။ ကောင်လေးသုံးယောက်စလုံး အိပ်ပျော်နေသေးတာ မြင်တော့ သူမကိုယ် သူမ အရင် သန့်ရှင်းရေးလုပ်လိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။
ဒီမနက် သူမ ဂျုံယာဂု ချက်လိုက်သည်။ အဲဒါက အသားမပါတဲ့ ရိုးရိုးယာဂုပဲ…။ ဂျုံယာဂု အပြင် အဖြူရောင် ဘန်းမုန့်နှစ်ခု ပါသေးသည်။
အဖြူရောင် ဘန်းမုန့်ကို စဥ်းစားမိတော့ မနက်စာဆိုင် အဒေါ်ကြီးဆီမှာ ကြိုတင်မှာယူထားသည့် ဘန်းမုန့် ၅၀၀ ကို သတိရလိုက်သည်။ အဲဒါ တကယ် နစ်နာတာပဲ…… ။
ယာဂု ချက်ပြီးသွားချိန်တွင် ကြီးမားသည့် အဖြူရောင် ဘန်းမုန့်လည်း ပူနွေးပြီး မွှေးကြိုင်နေပြီ။
သူမ အခန်းထဲ အော်ခေါ်လိုက်သည်။ ကျိုးလောင်တ နှင့် ကျိုးလောင်အာ့ တို့သည် အိပ်ရာမှထကာ သူတို့ဘာသာ မြန်မြန်ဆန်ဆန် အဝတ် ဝတ်ပြီးနောက် အုတ်ကုတင်ပေါ်ကနေ ဆင်းလာကြသည်။ အောက်တွင် အရှည် အတို သစ်ငုတ်တိုများက လှေကားအသွင် ရှိနေတာကြောင့် ညီအစ်ကိုတွေ ပိုပြီး လွယ်ကူအဆင်ပြေစွာ တက်နိုင် ဆင်းနိုင်ကြသည်။
ထို့နောက် လင်းချင်းဟယ် ဝင်လာကာ လောင်စန်း ကို နိုးပြီး မျက်နှာသစ်ပေးပြီးနောက် အခန်း၏အပြင်ဘက် ခေါ်သွားသည်။
“ အမေ……. ဘန်းမုန့် အကြီးကြီးပဲ….. “ ကျိုးလောင်တ မျက်နှာသစ်ပြီး ပြေးလာသည်။ သူ့မျက်လုံးတွေက တောက်ပနေသည်။
“ သွား…….. သွားတိုက် “ လင်းချင်းဟယ် အမိန့်ပေးလိုက်သည်။
“ အမေ… သားအတွက် သွားတိုက်တံ မဝယ်ထားပေးဘူးလေ “ ကျိုးလောင်တ ထောက်ပြသည်။
လင်းချင်းဟယ် သူ့ကို စားခွင့်ပေးလိုက်ပြီး သူမ ဘယ်အချိန်လောက် နောက်တစ်ခေါက် စျေးသွားသင့်လဲ စတင်စဥ်းစားတော့သည်။
သူမ မနေ့ကမှ သွားထားတာဆိုတော့ ဒီနေ့ ပြန်သွားရင် နည်းနည်း လွန်သွားပြီ။ အရေးအကြီးဆုံးအပိုင်းက ကလေးသုံးယောက်နဲ့ ဘယ်လိုလုပ်ရမလဲ။ ရွာကနေ မြို့ထဲရှိ သမဝါယမ အရောင်းဆိုင်ဆီ သွားရတာက ဝါချည်နှင့် အထည် ဝယ်ရန် ခရိုင်မြို့ဆီ အပြေးသွားဖို့ လုံ့လစိုက်ခဲ့သော မူလပိုင်ရှင်ထက် ပိုလွယ်သည်။ ဒါပေမယ့်လည်း ဒီကနေ မြို့ထဲရှိ သမဝါယမ အရောင်းဆိုင်ဆီ သွားရန် အနည်းဆုံး အချိန် တစ်နာရီ လိုတယ်။
ဒါပေမယ့် မသွားရင်လည်း အိမ်အတွက် ဝယ်ရမှာတွေ အများကြီးရှိသေးတယ်။
တကယ်တော့ မူလပိုင်ရှင်၏ စံပြလူနေမှု အဆင့်အတန်းအရ မိသားစုသုံးပစ္စည်းတွေက တခြားမိသားစုတွေနှင့်ယှဥ်ရင် တော်တော်လေး ပြည့်စုံသည်။ ဒါပေမယ့် လင်းချင်းဟယ်အမြင်မှာတော့ လိုအပ်တဲ့ ပစ္စည်းတွေ အများကြီး ရှိသေးသည်။
မူလပိုင်ရှင်သည် သူ့မကိုယ်သူမသာ ဂရုစိုက်သည်။ သွားတိုက်တံများ၊ တခြား မရှိမဖြစ် တကိုယ်ရည်သုံးပစ္စည်းတွေ၊ ခြေထောက်ဆေးတဲ့ပုံး….. အားလုံး သူမ သုံးဖို့အတွက်ပဲ ရှိသည်။ ကလေးတွေအတွက် ဘာမှမရှိဘူး။ သူတို့တွေက ရေဆေးကန်တစ်လုံးကို မျှသုံးရသည်။
အခု သူတို့က ငယ်သေးတယ်။ ဒါပေမယ့် ကြီးလာရင် အဆင်မပြေတော့ဘူး။
ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန် လိုအပ်လာမှာပဲ…. ဒါဆို ဘာလို့ စောစော မဝယ်ရမှာလဲ… ။
လင်းချင်းဟယ်က နောက်တစ်ကြိမ် သွားဖို့ စီစဥ်ထားသော်လည်း အခုတော့ မသွားသေးပေ။ နောက် ရက်အနည်းငယ်ကြာမှ သွားဖို့ ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ်ကြာရင် ရွာမှာ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းတာ လုံးဝပြီးသွားပြီ။ ဒါဆို လောင်အာ့ နှင့် လောင်စန်းကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ကျိုးအိမ်မှာ သူတို့ကို ထားခဲ့လို့ရတယ်။ ကျိုးလောင်တအတွက်တော့ သူမ စိတ်ပူနေစရာ မလိုဘူး။ တစ်နေရာသွားပြီး သူ့ဘာသာ ကစားနိုင်တယ်။
နံနက်ခင်းတွင် သူတို့သည် ဂျုံယာဂုကို အရသာရှိသော ဘန်းမုန့်ဖြင့် တွဲစားကြသည်။ ဒီဘန်းမုန့်ထဲရှိအဆာက တော်တော် ပြည့်စုံသည်။ အသား၊ ကြက်ဥတစ်ဝက် နှင့် ဂေါ်ဖီထုပ် တို့သည် ယာဂုနှင့်တွဲဖက်မယ့် ဟင်းလျာအဖြစ် စားသုံးရန် သူတို့အတွက် လုံလောက်နေပြီ။