အပိုင်း ၇-၈
Viewers 21k

Part 7


ညစာစားချိန်အမှီ တစ်မိသားစုလုံးအိမ်ပြန်ရောက်လာကြသော်လည်း တဝမ်နှင့်မိုင်စွေ့မောင်နှမနှစ်ယောက်မှာ ယခုထိပြန်မရောက်သေးပေ။ 


ယခုကာလ၌ မြို့တွင်းလုံခြုံရေးမှာအထူးကောင်းမွန်လာသည်။ လမ်းပေါ်၌ ပြန်ပေးသမားများလည်း မရှိတော့သလို ရွာကနေမြို့ထဲသို့သွားရာ ‌လမ်းတစ်လမ်းသာရှိသည်။ လမ်းပျောက်ဖို့ရန်မဖြစ်နိုင်ပေ။ ၁၁နှစ်အရွယ်ကောင်ကလေးက ၉နှစ်အရွယ်သူ့ညီမလေးအား ဦးဆောင်ခေါ်လာမည်ဖြစ်၍ လူကြီးများစိတ်ပူစရာအကြောင်းတော့မရှိပေ။ 


လင်းလန် စိတ်နည်းနည်းပူနေသည်။ တဝမ်နှင့်မိုင်စွေ့မောင်နှမနှစ်ယောက်ကို စိတ်ပူခြင်းတော့မဟုတ်။ ဦးလေးအငယ်နှင့်ဒေါ်ငယ်လေးတို့နောက်လိုက်သွားပြီး ဘာမှအကျိုးမှဖြစ်မလာမည်ကို စိတ်ပူ‌၍ဖြစ်သည်။ 


အနာဂတ်တွင်တော့ သူမကလေးနှစ်ယောက်ကို ထိုလင်မယားလက်မှ လွတ်နိုင်မည့်နည်းအား ရှာထားရမည်။ 


သူမ၏ခဲအိုနှင့်ယောက်မများမှာ မစ္စစ်ဟန် အသက်ကြီးမှရလာသောကလေးများဖြစ်သဖြင့် ဖူးဖူးမှုတ်အချစ်ခံရသူများဖြစ်ကြသည်။ သူတို့၏ အထက်တန်းကျောင်းအသုံးစရိတ်ကို ခြိုးခြံလို၍ မိသားစုအတွက် အဝတ်အစားနှင့်အစားအသောက်ကိုပင် လောက်ငှအောင်မပေးချင်ကြ။ 


သူမ၏ခဲအိုသည် စားသောက်ဆိုင်များ၌သာ တစ်နေ့လုံး သောက်စားပျော်ပါးကာ သူဌေးသားတစ်ယောက်ကဲ့သို့ သုံးဖြုန်းလေ့ရှိသည်။ 


မြေရှင်မိသားစု၏သူဌေးသမီးပုံစံဖမ်းတတ်သော သူမ၏ယောက်မမှာ နွေဦးကျရေကိုပင် လက်နှင့်မထိချေ။ ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ဖူးဖူးမှုတ်ခံထားရပြီး တူ၊ တူမများကပင် သူမ၏အဝတ်များအား လျှော်ပေးရ၏။ 


သူတို့သားအမိများ ၁၀ရက်သို့မဟုတ်လဝက်လောက် တစ်ဦးနှင့်တစ်ဦးမတွေ့ရလျှင် မစ္စစ်ဟန်မှာ သူမအပြစ်ဟုသာတွေးပူနေတတ်သည်။ 


သူတို့သုံးဖြုန်းသောပိုက်ဆံများသည် ဟန်ချင်စုန့်ရှာထားသည်များသာ။ သို့သော် ဟန်ချင်စုန့်ကလေးများကတော့ ထိုငွေများ၏ တစ်ပဲလောက်ကိုပင် သုံးနိုင်ကြသည်မဟုတ်။ ထိုသည်လည်း မူလကိုယ်၏အမှားမဟုတ်ပေ။ 


လင်းလန်ကိုယ်လက်သန့်စင်ပြီး ရှောင်ဝမ့်လက်ကိုဆွဲလျက် ထမင်းစားခန်းသို့ထွက်လာလိုက်သည်။ 


ခန်းမထဲတွင်အလုပ်များနေသော ဟန်၏အကြီးဆုံးမရီးသည် သူမထွက်လာသည်ကို မြင်သောအခါ ဘယ်အရာမှမဖြစ်ပျက်ခဲ့သကဲ့သို့ အပြုံးဖြင့်နှုတ်ဆက်၏။ 


"တဝမ့်အမေပဲ၊ မင်းဆာနေလောက်ရောပေါ့။ လာစားချည်။ "


ဒုတိယမရီးသည် လင်းလန်အားတစ်ချက်ကြည့်လိုက်ပြီး ထေ့ငေါ့ပြောလာသည်။ 


" အို့၊ ငါ တတိယမိသားစုကိုပြောပါတယ်၊ မင်းရဲ့ဘဝကြီးသာယာနေလိုက်တာများ တစ်နေ့လုံးဘာမှမလုပ်ဘဲအေးဆေးလှဲလျောင်းနေရုံပဲ။  သူဌေးကတော်လို နိုးလာတာနဲ့ ထမင်းခူးခပ်ကျွေးမယ့်သူက အဆင်သင့်။ "


လင်းလန်က သူမကိုလျစ်လျူရှုထားသည်။ အကြီးဆုံးမရီးအားနှုတ်ဆက်လိုက်ပြီး ရှောင်ဝမ်ကိုလက်ဆေးပေးရန်ရေသွားယူလိုက်သည်။ 


" ဒီလက်သေးသေးလေးတွေက ဘာကြောင့်များမဲနေတာပါလိမ့်နော်... " သူမစကားမဆုံးသေးခင် သူမ၏အသံမှာ မူလကိုယ်၏ရိုင်းစိုင်းကြမ်းကြုတ်သောစရိုက်နှင့်ကွဲထွက်ကာ လွန်စွာပျော့ပျောင်းနေမှန်းသတိထားမိလိုက်သည်။ ရှောင်ဝမ့်လက်ကိုလွှတ်ချလိုက်ပြီး

" ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် မင်းလက်ကို မှန်မှန်ဆေးသင့်တယ်။ "


ရှောင်ဝမ်သည် လိမ်လိမ်မာမာဆောင့်ကြောင့်ထိုင်ချလျက် မြေအိုးထဲရှိညစ်တစ်တစ်ရေထဲသို့ ဒဏ်ရာများပြည့်နေသောသူ့လက်သေးသေးလေးများကို နှစ်ထည့်၍သန့်စင်လိုက်ကာ သူ့အဝတ်များနှင့်ရေခြောက်အောင်သုတ်လိုက်သည်။ 


လင်းလန်မျက်မှောင်ကြုံ့သွားပြီး သူ့လက်ကိုဆွဲယူလျက် ဆောင့်ကြောင့်ထိုင်ချကာ လက်ဘယ်လိုဆေးသင့်ကြောင်း သင်ပြပေးရတော့သည်။ 


"သိပြီလား... "


ရှောင်ဝမ်က ခေါင်းငြိမ့်၏။ 


လင်းလန်လည်းကလေးကိုခေါ်၍ ညစာစားရန် အိမ်ထဲသို့ဝင်သွားလိုက်သည်။ 


ဒုတိယမရီးက သူမကို သူစိမ်းတစ်ယောက်အလား ပြူးပြဲကြည့်နေသည်။ သူမအား လင်းလန်ဒေါသတကြီးရိုက်နှက်လာစေရန် ထိုစကားများကိုပြောခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ ဘာလို့များ သူမကို ဘာမှမတုံ့ပြန်ရတာလဲ...


လင်းလန်သည် တစ်နေ့ခင်းလုံး အိပ်ရာထက်တွင်သာလှဲလျောင်းပြီး ဘာအလုပ်မှမလုပ်ချိန်တွင် သူမသည်တော့ အလုပ်များစွာပိုလုပ်ရသဖြင့် မကျေနပ်ခြင်းဖြစ်သည်။ လင်းလန်ကို သူမအပေါ် ကမူးရှူးထိုးရိုက်နှက်လာစေချင်သည်။ ထိုမှသာ မိသားစုခေါင်းဆောင်ဖြစ်သူ သူမယောက်ခမကို အပြေးတိုင်ကြား၍ လင်းလန်အားဒုက္ခရောက်စေမည်ဖြစ်သည်။ 


လင်းလန် လျစ်လျူရှုထားလိမ့်မည်ဟုတော့ သူမမတွေးမိခဲ့!


အရမ်းထူးဆန်းလွန်းသည်။ 


လင်းလန်ရှောင်ဝမ်နှင့်အတူ အိမ်ထဲဝင်လာချိန်၌ လူတိုင်းသူမကိုစိုက်ကြည့်နေကြသည်။ ရှောင်ဝမ်ကြောက်သွားပြီး သူမနောက်ဝင်ပုန်းလိုက်သည်။ 


သို့သော်ထိုကလေးသည် တီးတိုးစကားများဆိုလျက်စိုက်ကြည့်နေကြသောလူအများစုရှေ့၌ အခန်းထဲမှ ထွက်မသွားနိုင်ရန်တင်းခံထားမှန်း လင်းလန်သတိထားမိလိုက်သည်။ သူမသာ ယခုအချိန်ထိုကလေးကိုလျစ်လျူရှုထားမိပါက နောင်တစ်ချိန်၌ သူ၏အော်တစ်ဇင်စိတ်ရောဂါပိုမိုဆိုးရွားသွားနိုင်ပြီး သူ့အမေအရင်းကိုပင် စိတ်တံခါးပိတ်ထားသည်အထိ ဖြစ်သွားနိုင်၏။ 


ကံကောင်းစွာဖြင့် သူသည် ကလေးအရွယ်သာရှိသေးပြီး အမေ၏ချစ်ခင်မြတ်နိုးမှုကို တောင့်တနေဆဲဖြစ်သည်။ သူ၏ရောဂါလည်း အဆိုးရွားကြီးမဟုတ်သေး။ 


သူမကိုယ်တိုင်တောင်မသိလိုက်မိဘဲ ပျော့ပျော့ပျောင်းပျောင်းပြောလိုက်သည်။ 


" ရှောင်ဝမ်၊ မကြောက်နဲ့။ စားရအောင်။ "


'ဒါကဒီမိသားစုဓလေ့ပဲလေ' ဟုပြောချင်သော်လည်း လက်ရှိငြိမ်းချမ်းမှုလေးပျောက်ဆုံးသွားမည်စိုး၍ ထိုစကားစုအား အင်တင်တင်သိမ်းထားလိုက်ရသည်။ 


သို့သော်လည်း အခန်းထဲရှိလူများသည် သူမအား ဂြိုလ်သားတစ်ကောင်အလား စူးစမ်းကြည့်နေကြသည်။ မူလကိုယ်သည် ပုံမှန်လူတစ်ယောက်ကဲ့သို့စကားပြောတတ်လေ့မရှိသည်မှာ နှစ်ပေါင်းကြာနေချေပြီ။ သူမပါးစပ်ဖွင့်သည်နှင့် ဆဲဆိုသံ၊ ထေ့ငေါ့သံနှင့် ဟက်ပက်ပက်ရယ်မောသံများသာ ကြားရတတ်၏။ 


မရီးဟန်က မအောင့်အီးနိုင်တော့ဘဲ အံ့သြစွာမေးလိုက်သည်။ 


"တဝမ်အမေက... ဘာလိုဖြစ်တာလဲ... "


ဘာလို့များ blind dateထဲက မင်းသမီးရဲ့ အရှက်မရှိပေမယ့် ယဥ်ယဥ်ကျေးကျေးပြောနေတဲ့အဖြစ်အပျက်နဲ့ တူနေရတာလဲ? (blind date movie လို့ထင်တာပဲ)


လင်းလန်သည် သူမကိုယ်သူမအနည်းငယ်ကြမ်းတမ်းအောင်ပြုမူလျက် ခုံပုတိုကိုဆွဲယူထိုင်လိုက်ပြီး ပန်ကိတ်ကိုထက်ခြမ်းခြမ်းကာ ရှောင်ဝမ်အားအရင်ထည့်ပေးလိုက်သည်။ ထို့နောက် သူမကဆို၏။ 


" ဘာမှမဖြစ်ပါဘူး။ ကျွန်မသေမင်းတံခါးဝထိရောက်ခဲ့တယ်လေ။ အဲ့မှာယမမင်းနဲ့တွေ့ပြီး စကားနည်းနည်းပြောခဲ့တာ တစ်ခါတည်းအမြင်မှန်ရသွားပါရော။ "


အဘယ်ကြောင့်ဆို ထိုငတုံးများသည် သရဲ၊ တစ္ဆေများအားအယုံအကြည်ရှိသဖြင့် သူမစကားများကိုလည်း သေချာပေါက်ယုံကြည်ကြမည်သာ။ 


ထို့အပြင် သူမ၏စိတ်သဘောထားမှာ ထူးဆန်းမြန်ဆန်စွာ ပြောင်းလဲလေ့ရှိသဖြင့် သေမင်းတံခါးဝသို့ရောက်ဖူးသည်ဟူသော အဖြစ်အပျက်ကို မယုံကြည်နိုင်စရာအကြောင်းမရှိ။ 


မည်သို့ပင်ဖြစ်စေ သူမအထူးတလည်ရှင်းပြနေမည်မဟုတ်။ ထိုသူများမည်သို့တွေးတွေး သူမဂရုမစိုက်ပေ။ 


ဟန်မိသားစုသည် အလျှံပယ်စားသောက်နိုင်လောက်အောင်ပြည့်စုံသော်လည်း အစားအသောက်မှာ အရသာမကောင်းပေ။ အာလူးသီး၊ ဆားရည်စိမ်အရွက်၊ ပဲငံပြာရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသဖြင့် အရွက်စုံပေါင်းစပ်ပါဝင်သော မာတောက်တောက်ပန်ကိတ်တစ်ခုထက်ဘာမှမပို။ ဟင်းချက်စရာအတွက် နွေရာသီဟင်းသီးဟင်းရွက်၊ ဆောင်းဦးရာသီဟင်းရွက်နှင့် ဆားရည်တို့ပင် အပြည့်အစုံရှိသော်လည်း အသားတော့ လုံလောက်စွာမရှိပေ။ 


သို့သော် တစ်ရက်ထမင်းသုံးနှပ်မှန်အောင်မစား‌နိုင်သောသူများနှင့်နှိုင်းယှဥ်ပါက ယခုအခြေအနေမှာ အဆိုးကြီးတော့မဟုတ်။ 


အနည်းငယ်စားကြည့်ရုံမျှနှင့် လင်းလန်မှာ အန်ထွက်မတတ်ဖြစ်နေသည်။ ဒီဟာကြီးက သူမလည်ချောင်းထဲကနေ ကျနိုင်ပါ့မလား?


ဆိုးလိုက်တဲ့အရသာ!


သူမရဲ့ကိုယ်ပိုင်အိမ်မှာသာစီမံခန့်ခွဲနိုင်ခဲ့ရင် ခေါက်ဆွဲတွေ၊ အသားဟင်းတွေကိုပဲ နေ့တိုင်းစားပြမယ်!


စားပွဲပေါ်ရှိလူတိုင်းမှာ လင်းလန်နှင့်ရှောင်ဝမ်တို့သားအမိကိုသာ စိတ်ဝင်တစားစူးစမ်းကြည့်နေကြသဖြင့် သူတို့ဘာသာစားဖို့ပင် မေ့နေကြသည်။ 


ဒုတိယမရီးသည် မနေနိုင်စွာ နောက်တစ်ကြိမ်ရွဲ့စောင်းလိုက်၏။ 


" တတိယညီမလေး၊ ပိုးသတ်ဆေးကသောက်‌လို့ကောင်းရဲ့လား... သူအရသာက ဘယ်လိုလေးလဲ... "


လင်းလန်လည်း ပြန်ခနဲ့သည်။ 


" အဲ့လောက်တောင်သောက်ချင်နေတာလား... ဘယ်လိုအရသာလဲသိချင်ရင် တစ်ခါလောက်အစမ်းသောက်ကြည့်လေ။ "


ဒုတိယမရီး ချက်ချင်းဒေါသထွက်သွား၏။ 


" တတိယညီမလေး၊ မင်းဘာလို့ဒီလိုပြန်ပြောရတာလဲ... "


xxxxxx

Part 8


သူမလည်ချောင်းထဲ၌ကြပ်နေသော ပန်ကိတ်ကိုနောက်ဆုံးမြိုချနိုင်သွားပြီး ဒုတိယမရီးအားတမင်လျစ်လျူရှူလိုက်သည်။ 


" ဒါနဲ့ ကျွန်မကို ကျွန်မရဲ့မိဘတွေဆီကန်ထုတ်တော့မယ်ဆို..."


အကြီးဆုံးမရီးက သူမစိတ်လိုလက်ရပြုမူမည်စိုးသဖြင့် အသင့်အနေအထား အမြန်ပြင်လိုက်သည်။ 


" တဝမ့်အမေ၊ အဲ့လိုဖြစ်မှာမဟုတ်လို့ ဘာမှစိတ်မပူနဲ့။ "


တခြားလူများကလည်း လင်းလန်ကို အလန့်တကြားကြည့်နေကြသည်။ 


လင်းလန် သူတို့အားပြန်ကြည့်လျက် ပြုံးပြလိုက်ပြီး


" အားဝမ်နဲ့စန်းဝမ် အဲ့ကြက်ဥပုပ်လေးနှစ်ကောင် အခုဘယ်ပျောက်သွားတာလဲဟင်... "


ထိုကလေးနှစ်ယောက်သည် စောနကအထိရှိနေသေးသော်လည်း ယခု၌ အရိပ်ပင်မမြင်ရတော့ချေ။ သူတို့မှာ အိမ်တွင်လိမ်လိမ်မာမာမနေထိုင်တတ်သော အမှန်တကယ်ဆိုးသွမ်းသည့်ကလေးများဖြစ်ကြသည်။ 


လူကြီးတစ်ချို့မှာ မွန်းကြပ်လွန်း၍ သူတို့ကိုယ်သူတို့ကျောက်တုံးအဖြစ် ပြောင်းလုပြောင်းချင်ပင်ဖြစ်နေသည်။ စကားတစ်မျိုးကို ပြီးဆုံးအောင်ပြောလိုက်စမ်းပါ။ ဘာလို့ လမ်းကြောင်းလွှဲ,လွှဲနေတာလဲ?


ဒုတိယမရီးက ထေ့ငေါ့ပြောသည်။ 


" ဘယ်သူသိမှာလဲ.. မင်းတစ်နေကုန် မြက်မရိတ် အလုပ်မလုပ်ဘဲ အားယားနေတယ်ဆိုတာ။ မင်းသိတာဆိုလို့ ဘယ်လိုပြန်ခံပြောရမလဲဘဲ ရှိတာ။ တကျွမ်း နဲ့ တထျန်း တို့ဆိုရင်... "


" မိသားစုခွဲထွက်စေ ချင်တာမလား.. " ‌လင်းလန်ခေါင်းငြိမ့်သည်။ 


" ခွဲထွက်လိုက်တာကောင်းတာပေါ့! "


ဒုတိယမရီး : "... "


သူမတကယ်ပဲ ယမမင်းနဲ့တွေ့ခဲ့တာလား... ဘာလို့အဲ့လောက် ဒေါသထွက်စရာကောင်းရတာလဲ!


အဘွားကြီးဟန်က သူမ၏တူဖြင့် စားပွဲကိုခေါက်လိုက်ပြီး...


" အကျည်းတန်တဲ့အကြောင်းအရာအချို့ကို ငါပြောရတော့မယ်။ ငါတို့တွေက မိသားစုကြီးတစ်စုပဲ။ စည်းမျဥ်းစည်းကမ်းတွေမရှိဘဲ ပြောချင်ရာပြောတတ်ကြတဲ့ တခြားမိသားစုတွေလိုမဟုတ်ဘူး။ မင်းတို့မိသားစုခွဲထွက်ချင်တယ်ဆိုရင် တစ်ဦးချင်းရိက္ခာကလွဲပြီး ဘာမှရမှာမဟုတ်ဘူး။ မင်းတို့ခွဲထွက်ပြီးတာနဲ့ မင်းတို့ဝင်ငွေကိုမင်းတို့ကိုယ်တိုင်ရှာရမယ်။ ကလေးတွေကို မင်းတို့ကိုယ်တိုင်ကျွေးမွေးစောင့်ရှောက်ရမယ်။ ငါက... "


" ပြဿနာမရှိပါဘူး။ သူတို့မှာအဖေရှိသေးတာပဲ။ "

လင်းလန်အပြုအမူမှာ အေးဆေးတည်ငြိမ်လျက်။ 


ဟန်ချင်စုန်ပြန်လာတော့မည်လေ။ 


အဘွားကြီးဟန်မှာ ရုတ်တရက်စကားစအဖြတ်ခံလိုက်ရသဖြင့် အသက်ရှူသံပင် ခေတ္တရပ်တန့်သွားသည်။ 


ပွင့်ပွင့်လင်းလင်းပြောရသော် မူလကိုယ်သည် ပိုက်ဆံရချင်၍ဖြစ်ဖြစ်၊ သူမယောက်ျားအားပြန်လာခိုင်းစေချင်၍ပဲဖြစ်ဖြစ် မည်သည့်အကြောင်းကိစ္စကိုမဆို ဆူပူသောင်းကြမ်း၍ ပြဿနာလုပ်တတ်သော်လည်း အားလုံးမှာ ကိုယ့်ကိုကိုယ် ထိခိုက်အနာတရဖြစ်အောင်လုပ်ခဲ့ခြင်းမျိုးဖြစ်သည်။ သို့သော်သူမယောက္ခမသည် သူမမျက်‌နှာရှေ့တွင်တော့ ဘယ်သောအခါမှ ဆူပူမကြိမ်းမောင်းခဲ့။ 


ထို့အပြင် လင်းလန်၏ချိုသာပျော့ပျောင်းသောစကားသံက အဘွားကြီးဟန်အား သူမကို သူမ၏တတိယချွေးမမဟုတ်ဘဲ ပထမချွေးမဟုပင် ‌မြင်ယောင်လာစေသည်။ သူမကိုယ်တိုင်သတိမထားမိဘဲ ယောက္ခမတစ်ယောက်၏ ချွေးမကိုဆူ‌ပူနေ‌သောမျက်နှာထားဖြင့် ပြောလိုက်သည်။ 


" ယောက္ခမစကားပြောနေတာကို ချွေးမက ဘယ်လိုဝင်နှောင့်ယှက်ရဲတာလဲ..."


လင်းလန်က သူမကို အံ့သြစွာကြည့်လိုက်သည်။ 


" အို့၊ ကျွန်မသိပြီ။ ရှင်က ကျွန်မ စားပွဲခုံကိုရိုက်ပြီး အမေ့ကိုဆဲဆိုနေမယ့်ပုံကို မြင်ချင်တာမလား..."


လင်းလန်ကပြောရင်းဆိုရင်း သူမအကျီလက်တစ်ဖတ်ကို ဆွဲတင်လိုက်သေးသည်။ 


မူလကိုယ်နှင့်နှိုင်းယှဥ်လျှင် သူမ၏စိတ်နေသဘောထားမှာ လွန်စွာကွာခြားနေသည်။ သူမ၏ဖြေးဖြေးမှန်မှန်အစီအစဥ်တကျလုပ်တတ်သော အကျင့်စရိုက်အား သူတို့နှင့်ချက်ချင်းကျင့်သားရလာအောင်မလုပ်နိုင်မည်ကို ထိတ်လန့်မိသည်။ သူမသည်လည်း မူလကိုယ်၏အကျင့်စရိုက်နှင့်ကျင့်သားမရသေးသည့်တွက် စားပွဲကိုရိုက်ပြပြီး လူတွေကိုဆဲဆိုပြရဦးမည်လော။ 


လင်းလန်သိပ်တော့မစွန့်စားရဲ။ မဟုတ်မှလွဲ ဒီမိန်းမက အနှိပ်စက်ခံရတာကိုကျင့်သားရနေကျတော့မဟုတ်လောက်ဘူးမလား...


" အိုး.. တဝမ့်အမေရယ်၊ စိတ်ထိန်းပါဦး။ " မရီးကြီးက သူမ‌လက်မောင်းကို ခပ်မြန်မြန်ဆွဲထားလိုက်သည်။ 


" ပြောစရာရှိရင် အေးဆေးပြောပါ။ ဒေါသမထွက်ပါနဲ့။ "


စားပွဲကိုမမှောက်လိုက်နဲ့!


လင်းလန်ကပြုံးသည်။ 


" အာ.. အဲ့လိုမဟုတ်တာလား... တရားသူကြီးချိုက်က ကျွန်မကိုပြောဖူးတယ်။ ဒေါသတကြီးအော်ဟစ်ဆဲဆိုလိုက်တာက ပြဿနာကိုဖြေရှင်းရာမရောက်ဘူးတဲ့။ အဲ့တာကြောင့်ကျွန်မထိုင်ပြီးအေးအေးဆေးဆေးစကားပြောနေတာ။ ကျွန်မမွေးတုန်းက ကျွန်မရဲ့စိတ်နှလုံးသားအငှားခံခဲ့ရတယ်လို့ သူကပြောသေးတယ်။ သူကူညီခဲ့လို့ ကျွန်မအခုအမှန်ကိုနားလည်သွားပြီး နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ "


သူမအား သရဲတစ်ကောင်မြင်လိုက်ရသည့်အလား ထိတ်လန့်နေကြသော မိသားစုဝင်များကိုကြည့်လျက် သူမပြုံးလိုက်ကာ ဒရာမာထဲသို့မီးစာထပ်ထည့်ပြီး အရှိန်မြင့်လိုက်သည်။ အဘိုးကြီးနှင့်တခြားလူများထံ လက်သီးဆုပ်ကာတောင်းပန်သံဖြင့်

" ကျွန်မက လွယ်လွယ်စိတ်ရှုပ်တတ်တယ်ရယ်။ အဲ့တာကြောင့်လေ အဖေ၊ အကိုကြီး၊ ဒုတိယအစ်ကို၊ ပထမမရီးတို့လည်း မတော်လို့ကျွန်မစိတ်ဖောက်မိသွားရင် ကျွန်မကိုသည်းခံပေးကြပါနော်။ "


"ထောက်.."


 တစ်ယောက်ယောက်ကိုင်ထားသောတူ စားပွဲပေါ်သို့ပြုတ်ကျသွားသည်။ 


အဘွားကြီးဟန်မှာ ဆူပူဖို့ပင်မေ့နေပြီး သူမကိုသာ တအံ့တသြကြည့်နေလေသည်။ ဒီကောင်မလေး ပိုးသတ်ဆေးသောက်သေသွားပြီး တစ်ယောက်ယောက်ဝင်ပူးထားတာတော့ မဖြစ်နိုင်ဘူးမလား။ 


ဒုတိယမရီးက သူမကိုအရံသင့်ထိန်းထားနိုင်ရန် ယောက်ျားသားများအား အော်ခေါ်နေတော့သည်။ 


လန်းလန်က သူတို့တစ်ယောက်ချင်းစီ ဝိဉာဥ်ပျောက်သွားခဲ့လျှင်တောင် ဂရုစိုက်မည်မဟုတ်။ သူမနှင့်ရှောင်ဝမ် စားပြီးအောင်သာ အရင်အာရုံစိုက်ထားသည်။ 


ပန်ကိတ်တုံးကြီးအား အချိန်ကြာကြာဝါးပြီးသော်လည်း သူမလည်ချောင်းထဲတွင် တော်တော်နှင့်မြိုမကျနိုင်၍ ရေကိုသာ ထပ်တလဲလဲသောက်နေရသည်။ 


သူမစားပြီးသည့်နောက် လူတိုင်းက သူမစားနေသည်ကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြမှန်းသတိထားမိလိုက်သည်။ သူတို့ စိုးတထိတ်ထိတ်ဖြစ်နေသည်မှာ ထင်ရှားလှ၏။ 


သူမ၏နောက်ကွယ်တွင် သူမအားဆဲဆိုကြိမ်းမောင်းလေ့ရှိသော အဘွားကြီးဟန်ပင် ယခုသူမနှင့်မျက်နှာချင်းဆိုင်ရှိချိန်၌ ပြိုင်ဘက်ပင်မဟုတ်တော့။ သူမ အလွယ်တကူအနိုင်ယူနိုင်သည်။ မူလကိုယ်သည်လည်း အဘွားကြီးဟန်အား သူမကိုရိုက်ခွင့်မပြုခဲ့။ မျက်နှာမပျက်ချင်သောအဘွားကြီးဟန်သည် မူလကိုယ်၏ လွန်စွာအရှက်မရှိသောအကျင့်စရိုက်ကို အနိုင်ရဖွယ်အကြောင်းမရှိချေ။ 


အဖြစ်အပျက်အားလုံးဖြစ်ပြီးချိန်၊ မူလကိုယ်လည်းနေရာတွင် မရှိသည့်အချိန်မှသာ လူတိုင်းက သူမကို ပြစ်တင်ဝေဖန်ကြသည်။ 


အပေါက်ဆိုးသည်ဟု နာမည်ပျက်မရှိသော အဘွားကြီးဟန်လည်း သူမ၏သိက္ခာကိုထိန်းရဦးမည်ဖြစ်သောကြောင့်ပင်။  


ထိုအဘွားကြီး သူမတို့မိသားစုအား တပြားတစ်ချပ်မှ မပေးဘဲ အိမ်ပေါ်မှနှင့်ထုတ်ချင်နေသည့် အဖြစ်ကို တွေးမိသောအခါ ထိုအဘွားကြီးကို ထမင်းအေးအေးဆေးဆေးစားခွင့်မပြုချင်တော့။ 


သူမ၏တူကို ချလိုက်သည်။ 

" အဖေ၊ သမီးပြောစရာရှိတယ်။ "


အဘိုးကြီးဟန်၏တုံ့ပြန်ပုံကို မစောင့်တော့ဘဲ အဘွားကြီးအိုဟန်က အလန့်တကြားသူမတူကိုစားပွဲပေါ်ပစ်ချလိုက်ပြီး စိုးရိမ်နေသောမျက်နှာထားနှင့် ဆူ‌ပူတော့သည်။ 


" ဘာစောက်ရေးမပါတာတွေပြောအုံးမလို့လဲ...

ငါမင်းကိုသတိပေးလိုက်မယ်။ ပိုးသတ်ဆေးသောက်လိုက်တာနဲ့ လူတွေမင်းကိုလန့်သွားမယ်မထင်နဲ့။ မင်းနောက်ထပ်သောက်ချင်သေးတယ်ဆိုရင် ပုလင်းကိုရှာဖို့တောင်မလိုဘူး။ ငါကိုယ်တိုင် မင်းကိုဗူးလိုက်ဝယ်ပေးထားမယ်။ "


လင်းလန်က ရှောင်ဝမ့်ကိုထိလိုက်ပြီး အစားသာဆက်စားရန် ပြောပြီးနောက် အဘွားကြီးဟန်ဘက်လှည့်လိုက်သည်။ 


" အမေ၊ အမေပြောသလိုဆို ပိုးသတ်ဆေးဆိုတာ ကိုယ်ဝယ်ချင်သလိုဝယ်လို့မရတဲ့ပစ္စည်းပဲပေါ့။ ကျွန်မအဲ့ဒီ့ပိုက်ဆံကို မြို့ထဲကဆရာဝန်ဆီ ရှောင်ဝမ့်မျက်လုံးသွားပြဖို့ သုံးချင်ပါတယ်။ "


" ငါတို့မှာ‌ပိုက်ဆံမရှိဘူး! " အဘွားကြီးဟန်မှာ အမြီးတက်နင်းခံထားရသောကြောင်တစ်ကောင်အတိုင်း။ 

" မင်း ငါတို့မိသားစုရဲ့အခြေအနေကို မသိတာလည်းမဟုတ်ဘူး။ ဆရာဝန်ပြဖို့ ပိုက်ဆံဘယ်ကများရှိမှာတဲ့လဲ... အဲ့တာထက်... "


အဲ့ကလေးက နလပိန်းတုံးတစ်ယောက်ပဲလေ။ ဘယ်နားက နေမကောင်းဖြစ်နေလို့လဲ? အငတ်မထားပဲ ကျွေးထားတာကိုပဲ ကျေးဇူးတင်စရာကောင်းနေပြီ။ 


လင်းလန် နှုတ်ခမ်းတောင့်စွန်းများကွေးတက်သွားသည်။ အဲ့လိုဆိုမှတော့ ငါ့ကိုအပြစ်မ‌တင်နဲ့တော့။ အဲ့ပိုက်ဆံကို ငါ ယူကိုယူပြမယ်!


xxxxxx