part 9
ဟန်ချင်စုန့်၏လစာကို သုံးလတစ်ကြိမ်ပို့လေ့ရှိသည်။ သို့သော် ယင်းလစာကို ဟန်ချင်စုန့်ကိုယ်တိုင်ပို့ခြင်းမဟုတ်ဘဲ တပ်မတော်အသုံးစရိတ်ထောက်ပံ့ရေးဌာနအား လွှဲလိုက်ခြင်းဖြစ်သည်။
ဤနှစ်ရက်သည် သုံးလတစ်ကြိမ်ငွေထုတ်ရမည့်ရက်ဖြစ်သည်။ ငွေစာရင်းများသည် ပထမဦးစွာ ခရိုင်ရုံးသို့အရင်ရောက်ပြီး နောက်မှ စာပို့သမားက ၎င်းအား လက်ခံရမည့်အိမ်တိုင်းသို့ပို့လေ၏။ သို့သော် ဝန်ထမ်းအင်အားမလုံလောက်သဖြင့် အိမ်သို့ငွေစာရင်းရောက်လာရန် အနည်းဆုံးသုံးရက်ကြာတတ်သည်။
လင်းလန်သည် ယခုအချိန်၏ အခွင့်အရေးကို အပြည့်အဝအသုံးချရန်ကြံစည်ထားသည်။ အဖွားကြီး ဟန် ငွေမထုတ်ယူခင် သူမက ခြေတစ်လှမ်းဦး၍ မြို့ထဲသို့သွားကာ ငွေစာရင်းအား သူမလက်ထဲသို့ အရင်ရောက်လာအောင် လုပ်မည်ဖြစ်သည်။
ယခင်က ဟန်ချင်စုန့်၏လစာကို အဖိုးအိုဟန်နာမည်နှင့်ရေးသွင်းထားသဖြင့် အဖွားကြီး ဟန်သည် ငွေလွှဲပြောင်းထောက်ခံစာနှင့် အဘိုးအိုဟန်၏ ကိုယ်ပိုင်တံဆိပ်တုံးကိုယူကာ ငွေသွားထုတ်လေ့ရှိသည်။
မူလကိုယ်ရှောင်ဝမ့်အားမွေးပြီးချိန် လွန်ခဲ့သောနှစ်အနည်းငယ်က သူမကိုလည်း အသုံးစရိတ်ပေးသင့်သည်ဟုဆိုကာ ဟန်ချင်စုန့်အား နှစ်တိုင်းပြဿနာရှာခဲ့သည်။ အဖွားကြီး ဟန်မှာ ထုံးစံအတိုင်းငွေပေးရန်ငြင်းဆိုသဖြင့် ဟန်ချင်စုန့်လည်း သူမနာမည်အား လက်ခံသူနေရာ၌ ထည့်သွင်းပေးခဲ့သည်။ ယင်းနာမည်နှစ်မျိုးလုံးဖြင့် ငွေထုတ်ယူခွင့်ရှိသော်လည်း မူလကိုယ်သည် တစ်ကြိမ်သော်မျှ ထိုအခွင့်အရေးမရခဲ့ခြင်းဖြစ်လေသည်။
လင်းလန်သည် ရှောင်ဝမ့်အားဝအောင်စားစေပြီး နောက် အစာကြေနိုင်ရန် လမ်းလျှောက်ထွက်လာခဲ့သည်။
လမ်းကြားတစ်နေရာ၌ စန်းဝမ်နှင့်အတူတူဆော့ကစားနေကြဖြစ်သော ရွာထဲရှိကောင်လေးတစ်ယောက်နှင့် တွေ့လိုက်ရသည်။ သူမ အဆောတလျင်မေးလိုက်သည်။
" ရှောင်နင်၊ စန်းဝမ်ဘယ်မှာလဲသိလား... "
ရှောင်နင်သည် သူမအားမြင်သောအခါ လန့်သွားပြီး နောက်သို့ ခြေလှမ်းနည်းနည်းဆုတ်သွားကာ သူမနှင့် မျက်နှာချင်းဆိုင်မကြည့်ရဲဘဲ ချက်ချင်းထွက်ပြေးသွားသည်။
" တောင်ဘက်မြစ်ထဲမှာ "
လင်းလန်လည်း ရှောင်ဝမ့်အား ကျောပိုး၍ ရွာတောင်ပိုင်းသို့ ထွက်ခဲ့သည်။ လမ်း၌ ဖြတ်သွားဖြတ်လာရွာသားများစွာက သူမအား တိတ်တဆိတ် ခိုးကြည့်အကဲဖြတ်သွားကြသည်။
" သူမ အခုကောင်းသွားပြီပေါ့... ပါးစပ်ကနေ အမြှုပ်တွေထွက်ပြီး သေသွားတယ်မဟုတ်ဘူးလား... "
" မဟုတ်တာတွေဟယ်... ပုလင်းအလွတ်ထဲကို ရေထည့်ပြီး သောက်ချလိုက်တာတဲ့..."
" ဟဲ့ ဟန်ချင်စုန့်က သူမကို တကယ်ကွာရှင်းမယ်ထင်လား... "
" ရှူး.. ဟိုမှာ ရောက်လာပြီ... "
ရှောင်ဝမ်အားကျောပိုးလျက် လျှောက်လာသော လင်းလန်က သူမအိမ်ထောင်ရေးအကြောင်း အတင်းအဖျင်းပြောနေသော မိန်းမအား တစ်ချက်စိုက်ကြည့်လိုက်သည်။ ထိုမိန်းမသည် မူလကိုယ်၏ ယခင်ရန်သူဟောင်းဟုပြော၍ရသည်။ သူမလည်း မူလကိုယ်၏ ဟန်ပန်နှင့်လေသံအတိုင်း တုပ၍
" ငါကွာရှင်းခဲ့ရင်တောင် နင့်ကိုတော့မယူဘူး... "
" နင်.." ထိုမိန်းမမှာ လွန်စွာဒေါသထွက်သွားသည်။
လင်းလန်က အေးအေးလူလူဖြတ်လျှောက်သွားသည်။
" သူမ ဝင်ပူးခံထားရတာလား..."
ဘာလို့ဒီအတိုင်းထွက်သွားတာလဲ...
ယခင်အတိုင်းသာဆိုလျှင် မူလကိုယ်သည် ဒေါသတကြီး အော်ဟစ်ဆဲဆိုခုန်ပေါက်နေမည်မှာ မလွဲဧကန်။ အလုပ်အားယားနေကြသော လူများကလည်း မူလကိုယ်၏ ထိန်းမနိုင်သိမ်းမရအပြုအမူအား ဟာသသဖွယ် အပျင်းပြေကြည့်နေကြလိမ့်မည်။
လင်းလန်သည် ရှောင်ဝမ်အားပိုးလျက် တောင်ဘက်မြစ်ကမ်းသို့ ရောက်လာခဲ့သည်။ ယင်းမြစ်ထဲ၌ ဘဲငန်းတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာကူးခတ်နေသော စန်းဝမ်အား သူမ တွေ့လိုက်သည်။
ဒီကောင်စုတ်လေးကတော့ အစားစားဖို့တောင်မေ့နေတယ်!
" စန်းဝမ်.. အပေါ်တက်ခဲ့တော့... " လင်းလန်အော်ခေါ်လိုက်သည်။
စန်းဝမ်သည် သူ့အမေခေါ်သံကြားသော်လည်း ရေထဲသို့ ငါးတစ်ကောင်အလား ငုပ်ဆင်းသွားသည်။ တော်တော်နှင့်ပြန်ပေါ်မလာဘဲ ရေအောက်ထဲ၌ အချိန်အတော်ကြာ ရေငုပ်နေပေသည်။
လင်းလန်လည်း လန့်စပြုလာသည်။
" ဟန် ဝမ် မင်! အခုချက်ချင်း တက်လာခဲ့စမ်း.. "
ညစာစားအပြီး ပိုးပုရစ်ရှာဖမ်းရန်အိမ်မှထွက်လာကြသော ရွာသားအချို့တို့မှာ သူမအော်သံကြားလိုက်သည်နှင့် 'ဟန့်မိန်းမထပ်ရစ်ပြန်ပြီ' ဟု တန်းသိလိုက်ကြသည်။ သို့သော် သူတို့ သိသိသာသာသော်လည်းကောင်း၊ မသိမသာသော်လည်းကောင်း ထိုမြင်ကွင်းအား စိတ်လှုပ်တရှား စောင့်ကြည့်လျက်ရှိကြသည်။
စန်းဝမ်က ရေပေါ်မတက်ချင်သေး။ သို့သော် သူ့အမေဒေါသထွက်မည်စိုးသဖြင့် တွန့်ဆုတ်ဆုတ်နှင့်ကူးခတ်လာပြီး ကမ်းပေါ်သို့ပြန်တက်ခဲ့သည်။
" မားမားက ဘာလို့ဒီရောက်နေတာလဲ... "
" မင်းရဲ့ဒုတိယအကိုကြီးကော... "
" အစ်ကိုကြီးက အိမ်ကိုဖရဲသီးသွားပို့တယ်လေ။ ကျွန်တော်မြက်ရှင်းနေတုန်း ဖရဲသီးအရိုင်းတစ်လုံးရှာတွေ့တာနဲ့ အမားစားရအောင်ဆိုပြီး အစ်ကိုကြီးကို သွားပို့ခိုင်းလိုက်တာ။ "
အားဝမ် တစ်နေရာရာ၌ ပုန်း၍ စားပြီးလောက်ပြီဟု လင်းလန်ခန့်မှန်းလိုက်သည်။ စန်းဝမ်ကိုလည်း ထမင်းစားရန် အိမ်အမြန်ပြန်ခိုင်းလိုက်သည်။
" နောက်တစ်ခါ မြစ်ထဲကို ဘယ်သူမှ တစ်ယောက်တည်း သွားခွင့်မရှိသလို ညမှောင်မှောင်ကြီးထဲ ဘယ်သူမှ ရေထဲဆင်းခွင့်မရှိဘူး။ "
အနာဂတ်တစ်ချိန်၌ ရေနစ်သေမည့်ထိုကလေးအဖြစ်အား တွေးမိသောအခါ ယခုသတိပေးချက်ဖြင့် သူ့အား ရေနှင့်ဝေးဝေးနေခိုင်းသည်က ပိုကောင်းမည်ဟု သူမတွေးလိုက်သည်။
စန်းဝမ်က အရေးမစိုက်။
" မားကလည်း ကျွန်တော်ရေကူးကျွမ်းပါတယ်။ "
၇နှစ်အရွယ်ကလေးတစ်ယောက်သည် ထိုမျှလောက်ချင့်ချိန်လုပ်ကိုင်တတ်ရန်မှာ မဖြစ်နိုင်သော်လည်း စန်းဝမ်မှာ သူ့အစ်ကိုကြီးများထက်ပို၍ လူကြီးပေါက်စလေးကဲ့သို့ နေ့တိုင်းငါးရှာ၊ မြက်ရိတ် လုပ်နိုင်လေ့ရှိသည်။
" ရေကူးကျွမ်းလည်း ရေနစ်သေတတ်တယ်ဆိုတာ မင်းမကြားဖူးဘူးလား... ရေမကူးတတ်တဲ့သူတွေက ဘာလို့မြစ်ထဲဆင်းကြမှာလဲ..." လင်းလန်က စန်းဝမ်အိမ်အမြန်ပြန်ရန် တိုက်တွန်းနေပေသည်။
စန်းဝမ်သည် သူ့အမေသတိပေးချက်ကို စိတ်ထဲမထည့်ဘဲ ရေငုပ်သည့်အကြောင်းကို စိတ်လှုပ်တရှားပြောပြရင်း အိမ်ပြန်လိုက်ခဲ့သည်။
စန်းဝမ်အိမ်ထဲဝင်သွားသည်အထိကြည့်ပြီးနောက် လင်းလန်လည်း ရှောင်ဝမ်အားပိုးလျက် တပ်မဟာဌာနချုပ်သို့ သွားလိုက်သည်။ အဘယ်ကြောင့်ဆို ဌာနမှဝန်ထမ်းများသည် ညစာစားအပြီး စကားစမြည်ပြောဆိုရန် ထိုနေရာသို့ မကြာခဏလာတတ်သောကြောင့်ပင်ဖြစ်သည်။
ယခုအချိန်၌ မိသားစုတိုင်းလိုလို ညစာစားကြပြီး ယောက်က်ျားသားများကလည်း တပ်မဟာဝင်းထဲ၌ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲစုပေါင်း၍ လေညင်းခံရင်းထွေရာလေးပါးပြောဆိုဆွေးနွေးလေ့ရှိကြသည်။ နွေရာသီတစ်ခုလုံးသည် ပေါင်းသတ်ရှင်းလင်းချိန်ဖြစ်ပြီး တံတားနှင့်ရေလှောင်တမံများလည်း ပြုပြင်ထိန်းသိမ်းရန်မလိုအပ်သေးသည့်အတွက် ဝန်ထမ်းများလည်း အေးအေးဆေးဆေးဖြစ်နေကြသည်။
အတွင်းရေမှူးချုပ်ယူလာခဲ့သော ဓာတ်ဆက်မှ ပီကင်းပြဇာတ်၏ 'မီးအိမ်နီ' သီချင်းသံကို အဝေးကပင် ကြားနေရသည်။
ကလေးပိုးနှင့်လျှောက်လာသော လင်းလန်အား မြင်ကြသောအခါ ရွာသားများသည် သီချင်းသံပင်နားမထောင်ကြတော့ပဲ သူမအား ကွက်ကြည့်လျက်ဆွေးနွေးသံများ အစုံအလင်ထွက်ပေါ်လာတော့သည်။
" အဲ့ငတုံးလေးကို ခေါ်ပြီး သူမဘာလုပ်မလို့လဲ..
"
သူတို့သည် သူမက ရှောင်ဝမ့်ကိုမကြိုက်သဖြင့် ကလေးကိုခေါ်ပြီး တစ်ခါမှအပြင်မထွက်ဖူးဘူးဟု ကောလဟလများအား ကြားဖူးလေ့ရှိကြသည်။
" ဒီနေ့က တကယ်ပဲ နတ်ဆိုးဝင်စီးတဲ့နေ့လားဟ! "
သူမကိုယ်သူမ ထိခိုက်အနာတရဖြစ်အောင်လုပ်ခဲ့စဥ်တစ်ချိန်က လူတိုင်းက သူမအား အရူးမဟုဆိုခဲ့ကြပြီး ယင်းမြင်ကွင်းအား ကျင့်သားရသွားချိန်၌မူ ပြစ်တင်ပြောဆိုခြင်းထက် သူမအား မကောင်းဆိုးရွားအလား ထင်မြင်လာကြသည်။
လင်းလန်သည် မူလကိုယ်၏ 'အပေါက်ဆိုးတဲ့မိန်းမ'ဟူသော နာမည်ဆိုးက သူမကိုယ်သူမ ကာကွယ်နိုင်သည့်အတွက် ကောင်းသည်ဟု ယူဆမိသည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ဂုဏ်သတင်းမှာ ဟိုးအောက်ဆုံးအထိ ရောက်နေပြီးသားဖြစ်သဖြင့် အတင်းပြောခံရလျှင်တောင် အထူးတလည်ရှက်နေစရာမလိုအပ်တော့။
ဥပမာဆိုသော် သူမအကြောင်းအတင်းစုတုပ်နေကြသော မိန်းမများအား မမြင်ချင်ယောင်ဆောင်၍ သူတို့ရှေ့ ခေါင်းမော့လျှောက်ပြလိုက်မည်ဖြစ်သည်။ သူတို့အား နှုတ်ဆက်ပြုံးပြနေမည်တော့မဟုတ်။
နှုတ်ဆက်လိုက်ခြင်းက သူတို့ကို ပို၍ ကြောက်သွားစေလိမ့်မည်။
ယောက်ျားအချင်းချင်းဝိုင်းဖွဲ့ ပြောဆိုနေကြသော တပ်မဟာဝင်းထဲသို့ မိန်းကလေးတစ်ယောက် ရောက်လာပါက ထိုမိန်းကလေး သေချာပေါက် အစခံရမည်မှာ စည်းမျဥ်းထုံးစံပင်ဖြစ်နေသည်။ ထိုခေတ်အခါက ယောက်ျားသားများသည် ဘဝကြင်ဖော်နှင့်ပင် သူတို့၏စိတ်ခံစားချက်အား ပွင့်ပွင့်လင်းလင်းဖော်ပြလေ့မရှိကြပေ။ ထူးဆန်းလွန်းသောအချက်မှာ တစ်ချို့ယောက်ျားများသည် အလုပ်အကြောင်းအရာမှလွဲပြီး ဇနီးသည်နှင့် တစ်သက်တာလုံး ထွေရာလေးပါးပြောဖူးခြင်းလည်းမရှိသလို ခံစားချက်ချင်းလည်း တစ်ခါမှ ရင်းနှီးဖလှယ်ဖူးခြင်းမရှိချေ။
xxxxxx
Part 10
"အတွင်းရေးမှူးနဲ့ ဥက္ကဌကြီးတို့ ကျွန်မကို မိတ်ဆက်စာတစ်စောင်ရေးခွင့်ပြုပါ! "
မူလကိုယ်သည် ယခင်ကတည်းက အော်ကြီးဟစ်ကျယ်ဆိုနေကြဖြစ်၍ လင်းလန်လည်း သူမကိုယ်သူမ မကြားဝံ့မနာသာ ဖြစ်နေမည်အား ဂရုမစိုက်တော့။
ဤနေရာ၏အားသာချက်မှာ တပ်ဆင်ထားသော မိုက်ခရိုဖုန်းများစွာ ရှိသည့်အတွက် သူမအော်သံအား ပါတီအတွင်းရေးမှူးနှင့် ဗိုလ်မှူးတို့ ကြားနိုင်ပြီး ဝိုင်းထဲမှတစ်ဦးက သူတို့ဘယ်နားရှိသည်ကို ပြောပြခဲ့သည်။
သူတို့နှစ်ဦးဘယ်နားရှိနေမှန်း သိပြီးနောက် လင်းလန်လည်း ကလေးပိုးနှင့် သူတို့ရှိရာသို့ လျှောက်သွားလိုက်သည်။
"ချင်စုန့်ရဲ့ ဇနီးပါလား... မင်းဘာဖြစ်လို့လဲ"
ဝန်ထမ်းများသည် သူမအပေါ်စိတ်ကွက်ခြင်းအလျင်းမရှိဘဲ အရေးတယူ ဂရုတစိုက်မေးမြန်းပေးကြသည်။
လင်းလန်သည် မူလကိုယ်၏စရိုက်နှင့် ကွဲမထွက်မိစေရန်အတွက် သူမမျက်နှာထားအား တင်းမာနိုင်သမျှတင်းမာထားသည်။
" ဘာမှမဖြစ်ပါဘူး.. ကျွန်မ မနက်ဖြန်ခရိုင်ရုံးသွားချင်လို့ ထောက်ခံစာတစ်စောင်ရချင်တာပါ။ "
" ခရိုင်ရုံးကို ဘာသွားလုပ်မလို့လဲ.... "
" ကျွန်မရဲ့ ရှောင်ဝမ်လေးကို ကြည့်စမ်းပါအုံး.. လေးနှစ်ပဲရှိသေးတယ် သူ့မျက်လုံးက ကောင်းကောင်းမမြင်ရချင်ဘူး... အဲ့တာကြောင့် ကျွန်မသူ့ကို ဆေးရုံသွားပြပေးချင်လို့..."
အားလုံးလည်း သက်ပြင်းကိုယ်စီချလိုက်ကြသည်။ တော်သေးတာပေါ့၊ တိုင်ကြားဖို့မဟုတ်ဘဲ ဆရာဝန်ဆီသွားပြမလို့ကို။
သူမသည် ယခင်ကတည်းက ပြဿနာမီးထွန်းရှာသူဖြစ်၏။ ထို့ကြောင့်လည်း ဟန်ချင်စုန့်အိမ်ပြန်မလာ၍သော်လည်းကောင်း၊ သူမယောက္ခမက သူမအား နှိပ်စက်သည်ဟူ၍သော်လည်းကောင်း ခရိုင်တော်လှန်ရေးကော်မတီထံ တိုင်ကြားစာ သွားပို့မည်ဟု သူတို့အလိုအလျောက်တွေးမိလိုက်ကြခြင်းဖြစ်သည်။
အကယ်၍ စစ်သားမိသားစုသည် တိုင်ကြားစာနှင့်ပတ်သက်သော အစီရင်ခံစာတစ်ခုခုပို့ခဲ့ပါက ၎င်းကို အလွန်ပြင်းထန်သော ကိစ္စအဖြစ် အရေးယူဆောင်ရွက်သည်။
ကံကောင်းစွာဖြင့် သူမ တိုင်တန်းရန်သွားခြင်းမဟုတ်။
ဥက္ကဌသည် အတွင်းရေးမှူးအား မျက်စပစ်ပြ၍ အဘိုးကြီးဟန်အား အကြောင်းအကျိုးသွားမေးခိုင်းသည်။
အတွင်းရေးမှူးက သူ့ဘေးနားရှိလက်ထောက်အား မျက်စောင်းတစ်ချက်ထိုး၍ အဘိုးကြီးထံ အမြန်သွားစုံစမ်းခိုင်းသည်။
လင်းလန်က ဆက်ပြော၏။
" အတွင်းရေမှူးကြီး..ကျွန်မကို ငါးယွမ်ချေးပေးပါလား... အလုပ်ရမှတ်တွက်တဲ့နေရာမှာ သုံးချင်လို့ပါ... ပြီးရင် ကျွန်မပြန်ဆပ်ပါ့မယ်..."
တစ်အောင့်ကြာသော် လက်ထောက်ပြန်ရောက်လာပြီး ဟုတ်မှန်ကြောင်း လက်ဟန်လုပ်ပြသည်။ အဲ့လိုကိစ္စ ရှိခဲ့တယ်တဲ့။
အတွင်းရေးမှူးလည်း ဝမ်းသာအားရ အတည်ပြုပြီးနောက် အခန်းထဲပြန်ဝင်ပြီး စာရွက်သွားထုတ်ကာ စာလုံးအနည်းငယ်ရေး၍ ရုံးတံဆိပ်နှိပ်ကပ်ပြီး လင်းလန်အား လက်ဗွေနှိပ်ခိုင်းလိုက်သည်။
" ကျေးဇူးတင်ပါတယ်.. အတွင်းရေးမှူးကြီး... ကျေးဇူးတင်ပါတယ်.. ဥက္ကဌကြီး..."
လင်းလန်က ထောက်ခံစာနှင့် ပိုက်ဆံကိုယူပြီး ရှောင်ဝမ့်ကိုလည်း ကျေးဇူးတင်ခိုင်းလိုက်သေးသည်။
သူမ ယဥ်ကျေးစွာပြောဆိုလိုက်ခြင်းကြောင့် လူတိုင်း ကြောင်အသွားကြသည်။ သူတို့သိထားသည်များကပဲ မှားနေသလိုလို...
ကျားမက ကျေးဇူးတင်စကားပြောတတ်တယ်ပေါ့...သူမရဲ့ အပြုအမူက စာတတ်ပေတတ်မြို့ကြီးသူတစ်ယောက်အတိုင်းပင်။
လင်းလန် ကျေးဇူးတင်ပြီးနောက် ဘာမှထပ်မပြောတော့ဘဲ ရှောင်ဝမ်အား ကျောပိုး၍ အိမ်သို့ပြန်သွားတော့သည်။
သူမထွက်သွားသည်နှင့် ခြံဝင်းမှာ ဆီအိုးကြော်လိုက်သည့်အတိုင်း ဘယ်လိုဖြစ်သွားလဲ မေးသည့်သူများနှင့် တရှဲရှဲညံနေတော့သည်။
အိမ်ထဲရှိ အဖိုးကြီးဟန်မှာ ယောက်ျားတောထဲရောက်သွားသည့်သူက သူ့ချွေးမဖြစ်နေမှန်း သိလိုက်ရ၍ လွန်စွာ ဒေါသထွက်နေခဲ့သည်။
နောက်ပိုင်း၌ ကလေးဆေးဖိုးအတွက် ငါးယွမ်သွားချေးခြင်းဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် သူ့မျက်နှာပင်ထူပူသွားတော့သည်။ အဘယ်ကြောင့်ဆို သူ့မိသားစုသည် သူမတို့တတိယမိသားစုအား ကြမ်းတမ်းစွာဆက်ဆံ၍ ကလေးဆေးဖိုးပင်မပေးသည့်အတွက်ကြောင့် ယခုလိုဖြစ်ရခြင်းပင်။
" ဒီကောင်မလေးကတော့! သူမပဲ ဒီနှစ်ရက်အတွင်း အလုပ်အားရင် သူ့ကလေးကို ဆရာဝန်သွားပြမယ်လို့ ငါတို့ကိုပြောထားရဲ့သားနဲ့ သူမဘာသာအဲ့ကိုသွားဖြစ်အောင် သွားလိုက်သေးတယ်... "
သူမနေရာက ဝင်ကြည့်ပါလျှင် မကြာခင်ရောက်တော့မည့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်အတွက် သူမလည်းအလုပ်များနေမည်ဖြစ်ရာ မြို့ထဲသွားဖို့အချိန် ဘယ်ကရှိမည်သည့်နည်း။
ဒါမှမဟုတ် အဘွားကြီးဟန် သူမတို့အား ငွေမပေးချင်၍ ဖြစ်နိုင်သည်။ အကယ်၍ နေမကောင်းသူမှာ သူတို့၏ အငယ်ဆုံးသားနှင့်သမီးသာဖြစ်ပါက ဆေးရုံသို့ရောက်ပြီးနေမည်မှာ ကြာလှပေပြီ။
လင်းလန်ခန့်မှန်းချက်အရ အဘိုးကြီးဟန်သည် သေချာစဥ်းစားတတ်သူမဟုတ်ချေ။ သူမ တပ်မဟာဝင်းထဲသွားပြီး ငါးယွမ်ချေးခဲ့သည့်အကြောင်းအား အဘွားကြီးဟန်ထံထိမ်ချန်ထား၍ နောက်မှ သူမကို မိသားစုဘီလ်ပေါ်၌ ထပ်ပေါင်းထည့်ခိုင်းပေလိမ့်မည်။
ထိုည၌ လင်းလန်သည် အားဝမ်အား စန်းဝမ်ကို ဂရုတစိုက်စောင့်ရှောက်ရန်မှာကြားပြီးနောက် မီးဖိုခန်းထဲ တိတ်တဆိတ်သွား၍ ကြောင်အိမ်ထဲမှ အစာခြောက်အနည်းငယ် သွားယူခိုင်းလိုက်သည်။
ရလဒ်အနေနှင့် လက်ဖဝါးအရွယ် အခွံနှစ်ခုသာ အားဝမ် ယူလာနိုင်ခဲ့သည်။
" မား.. သူတို့အကုန်စားပြီးသွားကြပြီ.. "
သူမတို့အိမ်သည် မိသားစုကြီးတစ်စုဖြစ်သည့်အတွက် မုန့်ခြောက်များသည် များသောအားဖြင့် တစ်နေ့အတွင်း စားကုန်လေ့ရှိရာ နောက်တစ်နေ့မှသာ မုန့်အသစ်ထပ်လုပ်လေ့ရှိ၏။
လင်းလန်လည်း လက်လျော့လိုက်ပြီး ဟန်ချင်စုန့် သယ်လာခဲ့သော စစ်ကရားအိုးကို အသာထုတ်ကာ ရေအပြည့်ဖြည့်၍ ဖွက်ထားလိုက်သည်။
အိပ်ရာပြင်နေသော အဘွားကြီးဟန်သည် လှုပ်ရှားသံကြားလိုက်သဖြင့် သွားကြည့်မည့်ဟန်ပြင်စဥ် အဖိုးကြီးဟန်က တားလိုက်သည်။
" ကလေးတွေ ရေဆာလို့ ရေထသောက်တာနေမှာပေါ့... မင်းလည်း အမြန်အိပ်တော့... "
.....
နောက်တစ်နေ့မနက်အာရုဏ်မတက်ခင် ဝေလီဝေဝါးအချိန်၌ လင်းလန်စောစောထ၍ ရှောင်ဝမ်အား နိုးပြီး ခရိုင်ရုံးသို့ ထွက်လာခဲ့သည်။
ရိက္ခာနှင့် အစာခြောက်များ မလုံလောက်သည့်အတွက် လင်းလန်လည်း ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ဝင်မွှေရပြန်သည်။ သူမ၏မနက်စာအတွက် သခွားသီးနှစ်လုံးကို အမြန်ကောက်ယူလိုက်ရသည်။ ထိုအတွက် အဘွားအကြီးဟန် သူမအားဆူမည်ဆိုလျှင်လည်း ဆူပါစေ။
ရှန်ရွေ့ရွာမှ ခရိုင်မြို့သို့သွားရာ ဖုန်လမ်းတစ်လမ်းသာရှိသည်။ မြစ်တောင်ပိုင်း၏ အရှေ့ဘက်လျှောက်သွားလျှင် မိုင်၅၀ပင်မရှိသော် လည်း သူမကလေးနှင့် အချိန်အတော်ကြာ လမ်းဆက်လျှောက်ရဦးမည်ပင်။
မည်သို့ဆိုစေကာမူ သူမသည် ဇီဇာကြောင်တတ်သည့် ခေတ်သစ်လူသားတစ်ယောက်ပင်ဖြစ်သည်။အေးလျှင် အပူပေးစက်ဖွင့်၍၊ ပူလျှင် airconဖွင့်၍ စသဖြင့် ဇိမ်ကျကျနေလာခဲ့သော သူမသည် ယခုလို ပူပြင်းသောနေရောင်အောက်၌ ကလေးတစ်ယောက်သယ်၍သွားရလိမ့်မည်ဟု တွေးပင်မတွေးဖူးခဲ့ချေ။
အရမ်းပူပြင်းပြီး ပင်ပန်းလွန်းလှသည်။ သူမခေါင်းပေါ်မှ နေမင်းကြီးသည် သူမဘယ်သွားသွား ထပ်ကြပ်မကွာလိုက်နေသော မီးဘောလုံးကြီးအတိုင်းဟု ခံစားလာရပြီး သွားရသည့်ဖုန်လမ်းကြီးကလည်း ခလုတ်ကန်တင်းများလွန်း၍ လေးဖင့်နေကာ လမ်းပင်အနိုင်နိုင်လျှောက်နေရသည်။
မကြာမီ သူမ၏ ခါး၊ ကျော၊ ခြေထောက်နှင့် ခြေဖဝါးများ ညောင်းညာကိုက်ခဲလာပြီး သူမတစ်ကိုယ်လုံး မနာသည့်နေရာဟူ၍ မရှိတော့ပေ။
ရှောင်ဝမ်သည် အလွန်အလိုက်သိတတ်သော ကလေးတစ်ဦးပင်။ ထို့ကြောင့် သူ့အမေအား မသယ်ခိုင်းဘဲ အမေ့လက်ဆွဲ၍ လမ်းလျှောက်လိုက်ခဲ့ပေသည်။
လင်းလန်က ရှောင်ဝမ်စကားပြောလာရန် စနောက်သော်လည်း အိမ်ကထွက်လာသည်နှင့် စကားမပြောတော့ချေ။ အထူးသဖြင့် ရှန်ရွေ့ရွာကျော်သည်နှင့် မည်သည့်စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့ပါးစပ်အား တင်းတင်းစေ့ပိတ်ထားတော့သည်။
လင်းလန်က စာကြောင်းအနည်းငယ် စနောက်မေးမြန်းကြည့်သည်။ သူမအား တစ်ခွန်းစ နှစ်ခွန်းစ ပြန်ဖြေပေးသည့်အတွက်အခြေအနေကောင်းသည်ဟု ယူဆ၍ရနိုင်သည်။ အပြင်လူသာရှိပါက သူသည် တစ်ခွန်းတစ်လေမှ ပြန်ဖြေမည်မဟုတ်။
လင်းလန်လည်း အတင်းတွန်းအားမပေးချေ။ ပွင့်လင်းစွာဆိုရသော် သူမသည်လည်း အနည်းငယ် စိုးထိတ်နေမိသည်။ အကယ်၍ ကလေးသာ သူမအား စကားစမြည်ပြောခဲ့ပါက သူမမည်သို့ဆက်ပြောသင့်မှန်း မသိသည့်အတွက်ကြောင့်ပင် ဖြစ်၏။
အမှန်မှာ သူမသည် ကလေးများအား မည်သို့ထိန်းသင့်မှန်း မသိချေ။
အချိန်အတော်ကြာလမ်းလျှောက်ခဲ့ပြီးနောက် မြည်းလှည်းနှင့်တိုး၍ လမ်းကြုံလိုက်စီးခဲ့ရသည်။ လမ်းတစ်ဝက်၌ အလကားလမ်းကြုံစီးလိုက်ခွင့်ရသဖြင့် သူမတို့ ကံကောင်းသည်ဟု ဆို၍ရနိုင်သည်။
ထို့သို့ လမ်းကြုံစီးခဲ့ရင်းနှင့် မွန်းမတည့်ခင် မြို့ထဲသို့ရောက်လာခဲ့သည်။ ပြဿနာက သူမလမ်းမသိချေ။ စာတိုက်ရုံးဘယ်နားရှိမှန်းပင်မသိသဖြင့် အနီရောင်လက်ပတ်နှင့် မဲနယ်ရောင်ဝတ်စုံဝတ် လုံခြုံရေးဝန်ထမ်းအား လမ်းမေးခဲ့ရပေသည်။
လူများသည် သူမ၏ ပျော့ပျောင်းသောစကားသံကိုကြားပြီးနောက် ပိန်ပိန်ပါးပါးကလေးဆွဲထားသော သူမပုံစံအားအကဲခတ်လိုက်ပြီး သူဆင်းရဲ တောင်သူလယ်သမား၏ဇနီးဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြကာ တက်ကြွစွာ ကူညီလမ်းပြပေးကြသည်။ ကြင်နာတတ်သောလူတစ်ယောက်က သူမတို့အား သကြားလုံးနှစ်လုံးပင် ပေးခဲ့သေးသည်။
xxxxx