အပိုင်း ၁၁-၁၂
Viewers 23k

Part 11


လင်းလန်သည် ရှောင့်ဝမ်အား လမ်းဘေးသို့ခေါ်၍ ရေတိုက်ပြီး ကိတ်ခြောက်အနည်းငယ်ကျွေးရင်း ခေတ္တနားလိုက်သည်။ ထို့နောက်စက်ဘီးတစ်စီးဝယ်သင့်သည်ဟု တွေးတောနေမိသည်။ သူမ စက်ဘီးနှင့်သာမသွားရလျှင် သူမခြေထောက်များပြုတ်ထွက်တော့မည်ဟု ခံစားလာရသောကြောင့်ပင်။ 


အစာခြောက်မှာ အလုံအလောက်မရှိပေ။ လူတစ်ယောက် အာသာပြေရုံသာအနည်းငယ်စားနိုင်ပြီး ရေကိုအာဆွတ်ရုံမျှသောက်၍ သူတို့ ရှေ့ဆက်ခဲ့ကြသည်။ ခရိုင်ရုံးသည် ကြီးကြီးမားမားမဟုတ်သည့်အတွက် တစ်အောင့်ကြာသော် စာတိုက်ရုံးသို့ ရောက်သွားကြ၏။ 


ယခုကာလရှိ ခရိုင်ရုံးနှင့် ဆက်သွယ်ရေးရုံးတို့မှာ သိပ်မကြီးသေးသော်လည်း ကုန်တိုက်ဘေး၌ ထင်ရှားစွာ တည်ရှိနေကြသည်။ 


လင်းလန်သည် ဧည့်ကောင်တာသို့ဝင်လိုက်ပြီး လူအနည်းငယ်တန်းစီနေကြသည့်ကောင်တာအား တစ်ချက်ကြည့်လိုက်သည်။ တစ်ချို့မှာ ဖုန်းခေါ်ဆိုမှုများနှင့် ကြေးနန်းရိုက်ရင်းဖြင့် အလုပ်ရှုပ်နေကြပြီး ငွေထုတ်သည့်ကောင်တာ၌လည်း လူနှစ်ယောက်၊ သုံးယောက် စောင့်နေကြသည်။ 


သူမ မည်သည်ကိုမှ နားမလည်ချင်ယောင်ဆောင်လိုက်ပြီး ငွေထုတ်ရမည့်နေရာအား ဝန်ထမ်းတစ်ဦးထံ မေးလိုက်သည်။ 


မီးခိုးပြာဝတ်နှင့် စာရေးမတစ်ဦးက လက်ခံလိုက်ပြီး သူမ၏နေရပ်နှင့် ထုတ်ယူမည့်ငွေပမာဏကို မေးမြန်းသွားသည်။ 


လင်းလန်က ကမ္ဘာကြီးအားတစ်ခါမှမမြင်ဖူးသော တောထဲကမိန်းမပျိုအတိုင်း ကြိုးစားတုပနေပေသည်။ သူမ၏ ရှက်ရွံ့သောမျက်လုံးများနှင့် သနားစရာကောင်းသော လေသံပျော့ပျော့က လူတိုင်း အကူအညီပေးချင်စိတ်များ ဖြစ်ပေါ်စေလိမ့်သည်။ 


" မင်း ငွေလွှဲဖြတ်ပိုင်းကော ယူလာခဲ့လား..."


" ဖြတ်ပိုင်းက အိမ်ကိုမပို့သေးပါဘူး.. လွန်ခဲ့တဲ့နှစ်ရက်ကမှ စာတိုက်ကိုရောက်ထားတာပါ.. ကျွန်မကို စစ်ဆေးကြည့်ပေးပါလားရှင်... ရောက်လာရင် တစ်ခါတည်းထုတ်သွားချင်လို့ပါ... "

လင်းလန်သည် တစ်ဖက်သား သူမကို သနားလာစေရန် အခက်တွေ့နေသည့်လေသံအတိုင်း အတတ်နိုင်ဆုံး ကြိုးစားပြောဆိုလိုက်သည်။ 


စာရေးမ‌သည် ရှောင်ဝမ့်အားတစ်ချက်ကြည့်၍ 'ကလေးဘာဖြစ်လို့လဲ'ဟု မေးလာသည်။ ကလေး၏အမြင်အာရုံအားနည်းခြင်းက သူတို့အား သနားစရာပိုကောင်းသွားစေသည်။ 


" အယ်.. ဒီကလေးလေးမှာ ဒီလောက်လှပတဲ့မျက်လုံးလေးရှိတာကို ဘာလို့များ အမြင်အားနည်းနေရတာပါလိမ့်... " စာရေးမက သူမလက်အား ဆန့်ထုတ်၍ ရှောင်ဝမ့်ရှေ့ ဝှေ့ရမ်းပြကာ ပြောလိုက်သည်။ ထုံးစံအတိုင်း ရှောင်ဝမ်က မည်သို့မျှ မတုံ့ပြန်ပေ။ 


" ခဏစောင့်ဦး...ကျွန်မစစ်ဆေးကြည့်လိုက်မယ်... "


မကြာမီ စာရေးမပြန်ရောက်လာပြီး လင်းလန်အား အပြုံးနှင့်နှုတ်ဆက်ကာပြောသည်။ 

" ရုံးက ပြေစာမပို့ခင် မင်းအချိန်မီရောက်လာခဲ့လို့တော်သေးတယ်။ မဟုတ်ရင် အိမ်ကိုပြေစာရောက်ဖို့ နှစ်ရက်၊သုံးရက် စောင့်ရဦးမှာ။ "


လင်းလန်က ဝမ်းပန်းတသာ သူမအား ကျေးဇူးတင်လိုက်သည်။ 


သူမအိတ်ထဲမှ ထောက်ခံစာနှင့် လက်ထပ်မှတ်ပုံတင်အားထုတ်လိုက်ပြီး

" ကျွန်မက ပညာမတတ်တဲ့မိန်းမတစ်ယောက်ပါ.. အဲ့တာကြောင့် ကိုယ့်နာမည်ကိုယ် မရေးတတ်ဘဲ လက်ဗွေပဲနှိပ်တတ်ပါတယ်...ဒါက အစိုးရအတည်ပြုထားတဲ့ ကျွန်မယောက်ျားနဲ့ကျွန်မရဲ့ လက်ထပ်စာချုပ်.. အဲ့တာနဲ့ ကျွန်မက ဟန်ချင်စုန့်ရဲ့ဇနီးမှန်း အတည်ပြုလို့ရပြီလား.. "


" ရတာပေါ့ရှင်။ " စာရေးမမှာ စိတ်ထဲကကြိတ်၍ခိုးရယ်နေမိသည်။ 


လင်းလန်း၏မျက်လုံးများ လင်းလက်တောက်ပလာသည်။ 

" ဒါဆို ကျွန်မကို အမြန်ထုတ်ပေးပါတော့... "


အခုအကြိမ်က ၂၆၀ယွမ်ရမှာ။ အရင်ကထက် ယွမ်၄၀ပိုများတယ်...


ငွေလွှဲစလစ်သည် ကြေးနန်းဖြင့် ရောက်လာခြင်းမဟုတ်။ ထို့ကြောင့် ငွေပမာဏများနေခြင်းအပေါ် ဖြေရှင်းစာမရောက်လာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ထိုအရာသည် မိသားစုဝင်အချင်းချင်း စာရေးပို့ခြင်းဖြင့် နားလည်နိုင်သောကြောင့်ပင်။ 


လင်းလန်သည် စာရွက်ပေါ်တွင် သူမလက်ဗွေနှိပ်လိုက်ပြီးနောက် ပိုက်ဆံအားတစ်ဝက်စီခွဲလိုက်သည်။ ထို့နောက် ၎င်းတို့အား သူမအိတ်ထောင်တစ်ဖက်တစ်ချပ်စီတွင်ထည့်လိုက်ပြီး ဝန်ထမ်းမလေးအား ကျေးဇူးတင်စကားပြောလိုက်သည်။ 


" ကဲ ဆေးရုံမြန်မြန်သွားပြီးတော့ မင်းကလေးမျက်စိကို ကုပေးလိုက်ဦး... "


လင်းလန်ထွက်သွားပြီးနောက် ရုံးဝန်ထမ်းကောင်မလေးများမှာ စုဝေးလာပြီး အတင်းအဖျင်းပြောကြတော့သည်။ 

" ယွမ်၂၆၀တဲ့! သူမရဲ့ယောက်ျားက ဘာအလုပ်လုပ်တာလဲမသိဘူး... ပိုက်ဆံတွေ အများကြီးပို့နိုင်တယ်..."


" ငွေလွှဲလိပ်စာက စစ်တပ်ပိုင်တာ... "


" သူက တပ်မတော်သားပဲ.. ကျေးလက်ဒေသက  တပ်မတော်သားတစ်ယောက်ကို စစ်ဗိုလ်ဖြစ်အောင် စီမံနိုင်တာ တကယ်အံ့သြဖို့ကောင်းတယ်..."


" သူမ ဘယ်လိုဖြစ်ပြီး ယောက်ျားရကံကောင်းရတာလဲ... "


အိမ်ထောင်ကျကံကောင်းသည်ဟုဆိုကာ အားအကျခံနေရသော လင်းလန်မှာ ကလေးတစ်ယောက်နှင့် ခရီးနှင်လာရသဖြင့် အလွန်မောပန်းနွမ်းနယ်နေသည်။ ခန္ဓာကိုယ်ကသာ မူလကိုယ်အပိုင်ဖြစ်သော်လည်း နာကျင်မှု၊ ပင်ပန်းမှုနှင့် အောင်မြင်မှုများမှာ သူမ၏ ပင်ကိုအသိစိတ်နှင့် ခံစားရပေသည်။ 


ထို့ကြောင့် သူမ အခုကြုံတွေ့နေရသော အခက်အခဲများကို မဖြေရှင်းနိုင်၊ ပင်ပန်းမှုကို သည်းမခံနိုင်၊ မောပန်းဒဏ်ကို တောင့်မခံနိုင်ရခြင်း၏ အရင်းမြစ်မှာ လုံးဝ သူမကြောင့်ပင်ဖြစ်သည်။ 


သူမ စက်ဘီးရှိထားမှဖြစ်‌မည်။ ခေါက်ဆွဲဖြူနှင့်အသားကိုလည်း စားရမှဖြစ်မည်။ 


စာတိုက်ရုံးမှ ထွက်ခဲ့ပြီးနောက် သူမကျောင်းကိုသွား၍ တဝမ်နှင့်မိုင်စွေ့မောင်နှမနှစ်ယောက်အား အရင်ရှာရန် တွေးတောလိုက်သည်။ သို့သော် ရာသီဥတုအခြေအနေကိုကြည့်ပြီး ဆေးရုံသို့အရင်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ 


ထိုမောင်နှမနှစ်ယောက်သည် သူတို့၏ ဒေါ်ငယ်လေးနှင့် ဦးငယ်လေးတို့အတွက် မြို့ထဲထိ ပစ္စည်းသွားပို့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်တော့။ သူတို့ဘာသာသူတို့ ပြဿနာတစ်ခုမရှိဘဲ အိမ်ပြန်နိုင်လိမ့်မည်ဖြစ်သည်။ 


ထို့ကြောင့် သူမသည် ရှောင့်ဝမ့်အား ဆေးရုံရှေ့ကကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ခိုင်း၍ အမောအရင်ဖြေလိုက်သည်။ သူမတကယ့်ကို လမ်းမလျှောက်နိုင်တော့ချေ။ 


သူမ ပိုက်ဆံထုတ်ရမည်ဟူသောရည်ရွယ်ချက်ဖြင့် ဒီနေရာအထိ လျှောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ အခုအချိန်တွင်တော့ သူမသည် စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ထမင်းပူပူလေးစားပြီး တည်းခိုခန်းမှာ အေးအေးဆေးဆေး အနားယူချင်စိတ်ထက် ဘာကိုမှ မမျှော်လင့်တော့ပေ။ 


သူမတွင် အစားအသောက်တံဆိပ် တစ်ခုမှမပါလာခဲ့သည်က နှမြောစရာပင်။ ထို့ကြောင့် သူမတွင် ပိုက်ဆံရှိသော်လည်း ဘာတစ်ခုမှ ဝယ်စားနိုင်မည်မဟုတ်။ စိတ်တိုစရာကောင်းချက်!


ရှောင်ဝမ်သည် သူ့ကိုယ်သူ လုံခြုံမှုပိုရစေရန် သူမအနား ကပ်နိုင်သမျှကပ်ထားသည်။ 


လင်းလန်လည်း သူ့ခေါင်းလေးအားပုတ်၍ ဘာမှမကြောက်ရန် လက်ဟန်ပြ၍နှစ်သိမ့်ပေးလိုက်သည်။ 


အချိန်အနည်းငယ် အနားယူပြီးနောက် လင်းလန်ထရပ်လိုက်သည်။ ရုတ်ချည်းထရပ်မိသည့်အတွက် သူမအမြင်အာရုံမှာ ခေတ္တမှောင်မိုက်သွားပြီး သူမတစ်ကိုယ်လုံး နောက်လှန်သွားသည်။ 


" သတိထား_ " တစ်စုံတစ်ယောက်က သူမအား အချိန်မှီ ထိန်းပေးထားနိုင်သည့်အတွက် သူမ မြေပေါ်သို့ မလှဲကျမိခြင်းပေ။ 


လင်းလန်သည် သူမ၏ကိုယ်တွင်း သကြားဓာတ်နည်းနေခြင်း သို့မဟုတ် သွေးအားနည်းနေသည့်အတွက် ယခုလိုလဲကျသွားကြောင်း သတိထားမိလိုက်သည်။ သူမမြင်ကွင်းထဲမှ အမှောင်ထုပျောက်နိုင်ရန် အချိန်ခဏလောက်ကြာသွားပြီး တစ်မိနစ်လောက် အနားယူပြီးမှသာ သူမ၏အမြင်အာရုံမှာ တဖြည်းဖြည်းကြည်လင်လာခဲ့သည်။ 


" အဲ.. ဒီကမိတ်ဆွေလေး.. မင်းအဆင်ပြေရဲ့လား... " မထင်မှတ်ဘဲ ကြားလိုက်ရသည့် ကြင်နာနွေးထွေးသောအသံကြောင့် သူမ စိတ်သက်သာရာရသွားသည်။ 


လင်းလန် မျက်လုံးပွတ်လိုက်သည်။ 

" ကျေးဇူးတင်ပါတယ်.. ကျွန်မအခုအဆင်ပြေသွားပါပြီ... စောစောက နည်းနည်းလေးမူးသွားလို့ပါ.."


သူမကျေးဇူးတင်ပြီးနောက် မော့ကြည့်မိသောအခါ ဂျူတီကုတ်အဖြူရောင်ဝတ်ထားသော ယောက်ျားလေးဆရာဝန်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် အသက် ၂၆၊ ၂၇ ဝန်းကျင်ရှိ‌ပြီး စာဖတ်ဝါသနာကြီးပုံပေါ်ကာ နူးညံ့သိမ်မွေ့ပုံရသော ကြန်အင်လက္ခဏာနှင့် ရုပ်ရည်ခန့်ညားသော လူချောတစ်ယောက်ဖြစ်သည်။ 


သူသည် သူမအား အပြုံးမပျက် စိုက်ကြည့်နေသော်လည်း သူ့မျက်ဝန်းထဲ၌ ထူးဆန်းသော အမူအရာတစ်မျိုးက ဖုံးလွှမ်းထားသည်။ 


လင်းလန်လည်း ထိုဆရာဝန်နှင့် အနည်းငယ်ဝေးရာသို့ မြန်မြန်ရွေ့သွားလိုက်သည်။ သူမ ရှောင်ဝမ့်လက်အား ကိုင်လိုက်ပြီး ရှောင်ဝမ်လည်း သူမပေါင်အား လွှတ်ပေးမည့်ပုံမပေါ်ဘဲ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။


xxxxx

Part 12


ဆရာဝန်က ‌ပြုံးလျက် ပြောသည်။ 


" မင်းရဲ့ကလေးကို ဆေးကုပေးချင်လို့ ဒီကိုရောက်လာတာ ဟုတ်တယ်မလား...ကျွန်တော့်နာမည်က ယန်ဟန်ပါ..."


ထို့နောက် သူခေတ္တရပ်လိုက်သည်။ သို့သော် လင်းလန်က မည်သည်မှ မတုံ့ပြန်လာသဖြင့်

သူ ဆက်ပြောသည်။ 


" ကျွန်တော်က ဒီဆေးရုံရဲ့ခွဲစိတ်ဆရာဝန်ပါ... မင်းတို့နှစ်ဦးကို အထဲလိုက်ပို့ပါရစေ..."


လင်းလန် မြန်မြန် ငြင်းဆိုလိုက်သည်။


" အဆင်ပြေပါတယ်... ကျွန်မ ရှင့်ကို အနှောင့်အယှက်မပေးချင်ပါဘူး... ကျွန်မတို့ဘာသာကျွန်မတို့ သွားလို့ရပါတယ်... "


သို့သော် သူတို့နှစ်ဦး၏ ဦးတည်ရာမှာ တူညီကြသဖြင့် ယန်ဟန်သည် သူမတို့နှင့်အတူ အထဲထိလျှောက်လာခဲ့သည်။ သွားရင်းနှင့် သူသည် ရှောင်ဝမ့်အခြေအနေကို သိလိုက်ရသဖြင့် သူမတို့အား မျက်စိနှင့်ကလေးအထူးကုဆရာဝန်ဖြစ်သော သူ၏အသိစီနီယာဒေါက်တာလျှို နှင့်မိတ်ဆက်ပေးသည်။ 


ထိုခေတ်အချိန်၌ ဆေးရုံသည် အော်တစ်ဇင်ရောဂါအတွက် အထူးသီးသန့်ကုသပေးမှုမျိုးမရှိပေ။ အများစုမှာ ထိုကဲ့သို့သောကိစ္စရပ်တိုင်း၌ ကလေးအထူးကုကိုသာ လွှဲလေ့ရှိသည်။ 


လင်းလန် ရှောင်ဝမ်နှင့်မထွက်သွားခင် ထိုဆရာဝန်အား နောက်တစ်ကြိမ်ကျေးဇူးတင်လိုက်သည်။ 


ယန်ဟန် : " ခင်ဗျား ကျွန်တော့်ကိုမြင်ဖူးတယ်လို့ မတွေးမိဘူးလား? "


လင်းလန် သူ့ကိုကြည့်နေရင်း 'ဘာကြောင့်ဒီလူက ရယ်စရာကောင်းအောင်ပြောနေရတာလဲ' ဟု တွေးနေမိသည်။ အကယ်၍ သူမကို စိတ်ဝင်စားသည်ဆိုပါက ပုံမှန်ဆို ' မင်းကကြည့်ကောင်းတာပဲ ' ဟု အရင်ပြောလိမ့်မည်။ သူဘာကြောင့် ထိုသို့ပြောလဲတွေးမရ၍ လင်းလန်စိတ်ရှုပ်သွားသည်။ 


သူမစိတ်ထဲ ပေါ်လာသော အတွေးများကြောင့် သူမကိုယ်သူမ ရယ်ချင်မိသည်။ သူမသည် ကလေးငါးယောက်ရှိသော တောသူမတစ်ယောက်ပင်_ ထိုသို့သော ကံကောင်းမှုမျိုးကတော့... မေ့လိုက်သည်က ပိုကောင်းပါသည်။ 


မေ့လိုက်ဖို့ကလွဲပြီး သူမဘာများတတ်နိုင်ဦးမှာလဲ...


ဒေါက်တာလျှို၏ ရုံးခန်းသို့ သူမလျှောက်သွားလိုက်သည်။ သူမနောက်ပြန်လှည့်အကြည့် ဟန်ယန်၏ အပြုံးမျက်လုံးများနှင့် သူမ မျက်လုံးများ တွေ့ဆုံသွားသည်။ 


သူမ အနည်းငယ်စိတ်လှုပ်ရှားသွားကာ ရှောင်ဝမ့်အား ရုံးခန်းတံခါးအမြန်ဖွင့်ခိုင်း၍ အထဲဝင်လိုက်သည်။ 


သူတို့အား ကြိုဆိုသော ဆရာဝန်မှာ အဖြူရောင်မှုတ်‌ဆိတ်မွေးနှင့် မီးခိုးရောင်ဆံပင်ရှိသော အသက်ကြီးကြီး ဆရာဝန်အဖိုးကြီးဖြစ်သည်။ ကိုင်းကြိုးတပ် စာကြည့်မျက်မှန်ဝိုင်းကို သူ့နှာခေါင်းပေါ်၌ ချိတ်ဆွဲထားသည်။ 


ပထမဦးစွာ သူသည် ကလေး၏အခြေအနေကို အရင်ကြည့်ပြီးနောက် မေးခွန်းအနည်းငယ်မေးမြန်းသည်။ ထို့နောက် သူမအား မေးခွန်းများစွာ တိုက်ရိုက်မေးပြီးနောက် ပညာရပ်ဆန်သော စကားအသုံးအနှုန်းများစွာဖြင့် ပြောခဲ့သည်။ လင်းလန်သည် နားလည်းနားမလည်သလို ဘယ်လိုကနေ ဘာကြောင့်ဖြစ်သွားသလဲဟုလည်း မေးရန်မဝံ့ပေ။ 


မူလကိုယ် ကိုယ်ဝန်ဆောင်စဥ်က ရွာဆွေးနွေးပွဲတစ်ခုတွင် စွာတေးလန်သောမိန်းမတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ထိုမိန်းမနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသည်အထိ ဖြစ်ပွားခဲ့ပြီး သူမ၏ ဝမ်းဗိုက်သို့ပြင်းထန်သောထိခိုက်မှုဖြစ်ပွားခဲ့ရာ လမစေ့မီ အရေးပေါ်မွေးဖွားခဲ့ရသည်။ ထို့ကြောင့် ရှောင်ဝမ် မျက်လုံးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ 


ကလေး၏ မျက်စိအာရုံကြောနားတွင် သွေးဖိအားများစုနေ၍ဖြစ်မည်ဟု သူမ ခန့်မှန်းမိသည်။ 


ဆရာဝန်ကြီးသည် ကလေးအား မျက်စဥ်းခတ်ရန်ဆေးညွှန်းပေးထားသဖြင့် မျက်မှန်တပ်ရန်လည်း ရွေးချယ်နိုင်ကြောင်း ပြောပြသည်။ 


လင်းလန်က ယခုပြဿနာကို အမြန်ဖြေရှင်းနိုင်ရန် ခွဲစိတ်ကုသ၍ရမလားဟု သိချင်နေမိသည်။ 

" ဆရာ.. သူ့ကိုလေ CT စကင်န်ဖတ်ပေးလို့ရတယ်မလား..."


ဆရာဝန်ကြီးက သူ့မျက်မှန်ကိုပင့်တင်၍ သူမအား တစ်ချက်ကြည့်လိုက်သည်။ 


" မိန်းကလေး.. မင်း CT စကင်န်ရှိနေတာကို  ဘယ်လိုသိတာလဲ... ဆရာတို့ဆီမှာ အဲ့လိုအရာမရှိသေးဘူး..."

သူသည် ထိုအရာကို နိုင်ငံခြားသားများသာ သိနားလည်ထားကြသည်ဟု လူငယ်များဆီက ကြားဖူးနားဝရှိထားသည့်အတွက် မထင်မှတ်ဘဲ ကျေး‌လက်မိန်းကလေးတစ်ဦးက နာမည်တောင်ခေါ်တတ်နေသဖြင့် အံ့သြသွားသည်။ 


လင်းလန်လည်း ဘာမှနားမလည်ချင်ယောင်ဆောင်လိုက်ကာ ချက်ချင်း ပြုံးလိုက်သည်။ 

" အိုး အဲ့လိုလား.. ကျွန်မတို့ရွာက ဆရာဝန်က အဲ့လို စကင်န်မျိုးရှိတယ်လို့ ပြောဖူးတာ ကြားဖူးလို့ပါ... "


ဆရာဝန်ကြီးလည်း ပြုံး၍ပြောသည်။ 


" ဆရာတို့လို ခရိုင်မြို့ငယ်လေးတွေမှာ X-rays တွေမပေါ်သေးဘူး.. အဲ့တာကြောင့် ပြည်နယ်ကို သွားမှရမယ်.. ဒါပေမယ့် သူ့အလုပ်လုပ်ပုံကိုတော့ ဆရာ နားလည်ပါတယ်... ကျိုးသွားတဲ့အရိုးတွေကို စကင်န်ဖတ်လို့တော့ရတယ်... ဒါပေမယ့် ကလေးနေမကောင်းတာကိုတော့ CT စကင်န်က ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး... "


လင်းလန်သည် ဆရာဝန်လည်း မဟုတ်သလို ထိုအရာများကိုလည်း သူမနားလည်သည်မဟုတ်။ အဲ့တာကြောင့် မျက်ရည်ပေါက်လေးနည်းနည်းသုံးပြီး ဆရာဝန်ပြောတာပဲ နားထောင်လိုက်ရအောင်...


ဆရာဝန်အဘိုးကြီးသည် ရှောင်ဝမ့်မျက်လုံးကို စစ်ဆေးရန်အတွက် သူ့ကိုကူညီရန် ဆရာဝန်ငယ်လေးအား ခေါ်လိုက်သည်။ 


ရှောင်ဝမ်သည် အမြဲတမ်းကြောက်လန့်နေ‌တတ်ပြီး လင်းလန်အား ဆွဲဖက်ထားကာ လုံးဝမလွှတ်ပေးချေ။ လင်းလန်လည်း မတတ်သာသည့်အဆုံး သူနှင့်အတူ လိုက်သွားခဲ့ရသည်။ 


အချိန်အတော်ကြာ လုပ်ကိုင်ပြီးနောက် စစ်ဆေးခြင်း ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံး၌ ဆရာဝန်က ဖောင်ဖြည့်ပြီး သူမအား မျက်မှန်ရွေးခိုင်းလိုက်သည်။ 


ဆရာဝန်အဘိုးကြီးက အသုံးပြုရမည်မှာ အတူတူပဲဖြစ်သည့်အတွက် လင်းလန်အား စျေးအသက်သာဆုံးကို ရွေးချယ်ရန်အကြံပေးသည်။ ကျေးလက်တောင်သူများသည် ငွေကြေးမတတ်နိုင်ကြချေ_ မျက်မှန်တစ်လက်ဝယ်နိုင်သည်ကပင် ထူးခြားလွန်းနေသည်။ 


‌ထိုကျေးလက်မိန်းကလေးသည် ရွေးနိုင်မကရွေးပြီး နောက်ဆုံး၌ အကောင်းဆုံးကို ကောက်ကိုင်လိုက်မှန်း သူတွေ့လိုက်ရသည်။ ‌၎င်းသည် ကြေးနီကိုင်းနှင့် သလင်းကျောက်မှန်ဘီလူးပေါ် ငွေထည်ဖြင့်ဘောင်ခတ်‌ထားပြီး ၇ယွမ်ထက်မက စျေးပေးရသော မျက်မှန်ကောင်းတစ်လက်ဖြစ်သည်။ 


သူ လင်းလန်ကို မကြည့်ဘဲမနေနိုင်ချေ။ ကျေးတောသူမိန်းကလေးတစ်ယောက်အနေဖြင့် ထိုမျှငွေသုံးနိုင်သော သတ္တိရှိသည်မှာ ရှားပါးလှသည်။ 


လင်းလန်အတွက် ပစ္စည်းကောင်းများဝယ်တတ်ခြင်းမှာ အလေ့‌အကျင့်ပင် ဖြစ်လို့နေသည်။ "မင်းပေးတာအတွက် မင်းရမယ် " ဟူသောစကားကို သူမ အခိုင်အမာယုံကြည်သည်။ သူမငွေရေးကြေးရေး အမှီအခိုကင်းသောနေ့မှစ၍ စျေးသက်သာသည့်ပစ္စည်းများထက် အရည်အသွေးကောင်းသည့်ပစ္စည်းများကိုသာ ဦးစားပေး၍ အမြဲဝယ်ယူလေ့ရှိသည်။  


သူမပိုက်ဆံရှင်းသော အချိန်မှသာ အဖိုးအခမှာ လွန်စွာစျေးကြီးနေမှန်း သိလိုက်ရသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ၈ယွမ်ထက်မကပေ။ ကျေးလက်ထဲက ဆရာဝန်အား သွားပြလျှင် တစ်ပြား၊ နှစ်ပြားသာ ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် နှိုင်းယှဥ်တွက်ဆလျှင် ၎င်းမှာ လွန်စွာစျေးကြီးသော အဖိုးအခဖြစ်သည်။ 


လင်းလန်သည် တစ်စက္ကန့်လောက်သာ နာကျင်ခဲ့သော်လည်း ပိုက်ဆံအား ပျော်ရွှင်စွာပေးချေခဲ့သည်။ 


အဘယ်ကြောင့်ဆို ကလေးအတွက် ဆရာဝန်သွားပြခြင်းဖြစ်၍ ပိုက်ဆံဘယ်လောက်ပဲကုန်ကုန် သလင်းကျောက်မှန်ဘီလူးဖြင့်လုပ်ထားပြီး ငွေထည်‌အနားကွပ်ထားသော ကြေးနီကိုင်းပါသည့် အကောင်းဆုံးမျက်မှန်ကိုပဲ သူမရွေးချယ်မည်ဖြစ်သည်။ 


၎င်းမျက်မှန်များသည် ကြည့်၍လည်းအမြင်လှသည်။ အကယ်၍ ရှောင်ဝမ် အနာဂတ်မှာ ဝတ်ဖို့မလိုတော့လျှင်တောင် ပစ်မည့်အစား ရှေးဟောင်းပစ္စည်းအဖြစ် သိမ်းထားလို့ရသည်ပေ။ 


တစ်ရက်အတွင်း မျက်မှန်တစ်လက်ရရန်မဖြစ်နိုင်သည့်အတွက် သူမတို့သုံးရက်ထပ်စောင့်ရမည်ဖြစ်သည်။ 


လင်းလန်ထိတ်လန့်သွားသည်။ ထိုအရာအားလုံးပြီးမြောက်နိုင်ရန်အတွက် သူမသည် နေ့တစ်ဝက်လောက်အပင်ပန်းခံခဲ့ရသည်။ ရွာကိုထပ်ပြန်ပြီး ပစ္စည်းရချိန်သွားယူရဦးမည့်အလုပ်ကိုတော့ သူမတကယ် မလုပ်ချင်တော့ပေ။ 


xxxxxxx