အပိုင်း ၁၃-၁၄
Viewers 23k

Part 13


သူမသည် ဆရာဝန်အဖိုးကြီးနှင့် စတင်ညှိကြည့်တော့သည်။ 


" ဒေါက်တာလျှို.. မိုင်၅၀၊ ၆၀လောက်ဝေးတဲ့ ရှန်ရွေ့ရွာကနေ ဒီအထိ ဖုန်တောကိုဖြတ်ပြီး မနက်မလင်းခင် ကျွန်မတို့ထလမ်းလျှောက်ခဲ့ရတာပါ...

ကျွန်မတို့ အခုပြန်သွားပြီး နောက်တစ်ခေါက်ထပ်ပြန်လာဖို့ လွယ်တဲ့ခရီးမဟုတ်ပါဘူး... ကျွန်မတို့ တည်းခိုခန်းမှာ သုံးရက်လုံးတည်းဖို့ကိုလည်း မတတ်နိုင်ဘူး... အဲ့တာထက် ကျွန်မမှာ အစားအသောက်တံဆိပ်မပါခဲ့ဘူးရှင့်... ဘယ်လောက်ပဲ နောက်ကျကျ ဒီနေ့ပဲစောင့်ယူသွားလို့မရဘူးလား... "


ဆရာဝန်အဖိုးကြီးက ပြုံးလျက်ပြောသည်။ 

" ကလေးမ.. ဒီအရာကိုတော့ မြန်မြန်ပြီးအောင် ကျုပ်တိုက်တွန်းလို့မရဘူး... ဒီအထူးထုတ်မျက်မှန်တွေကို ဗဟိုဆေးရုံကနေ ဒီကိုရောက်ဖို့သုံးရက်ကြာတာတောင် မြန်လွန်းနေပြီ..."


လင်းလန် လက်လျော့လိုက်ရုံသာ။ 


လယ်သမားများ မြို့ထဲဝင်ရောက်ရန် မည်မျှခက်ခဲမှန်း သူမ သိလာရသည်။ မိတ်ဆက်စာကို ခေါက်ထားလိုက်တော့; အခု အစားစားရဖို့က အဓိကပြဿနာပဲ... ငါယူလာခဲ့တဲ့ မုန့်နဲ့ နှစ်ကြိမ်ပဲစားရသေးတယ်... အချိန်ကြာရင် ကောင်းတော့မှာမဟုတ်ဘူး... မြို့ထဲမှာ စားသောက်ဖို့က အစားအသောက်တံဆိပ်လိုတယ်... ရွာသားတစ်ယောက်အနေနဲ့ အဲ့တာကို ဘယ်လိုလုပ်ရနိုင်မှာလဲ...


ကျေးလက်ဒေသတွင် အစားအသောက်တံဆိပ်ခေါင်း ရချင်ပါက ကောက်သစ်ရိတ်သိမ်းမှုထိန်းချုပ်ရေးရုံးသို့သွား၍ မိမိရိတ်သိမ်းထားသော ကောက်ပဲသီးနှံများနှင့် လှဲလှယ်လို့ရသည်။ ထိုနေရာ၌ သူတို့သည် ပိုက်ဆံအစား အစားအသောက်တံဆိပ်ခေါင်းများပေးမည်ဖြစ်သည်။ အဲ့လိုလှဲလှယ်မှတော့ လယ်သမားတွေအတွက် ဘယ်ကအမြတ်ကျန်တော့မှာလဲ...ဘယ်သူကကော ဘယ်လောက်များတဲ့ ကောက်ပဲသီးနှံတွေကို အကုန်ရိတ်သိမ်းနိုင်မှာတဲ့လဲ? အဲ့လောက် ကပ်စေးကုပ်လွန်းတဲ့ ထောက်ပံ့မှုမျိုးက ဘယ်ဗိုက်ကိုမှ ပြည့်အောင်မဖြည့်နိုင်ဘူး...


မည်သို့‌ပင်ဆိုစေ ဒီနေရာသို့ ဒုတိယအကြိမ် ခရီးထွက်ရဦးမည်ဆိုသော အတွေးနှင့်ပင် သူမ များစွာစိုးရိမ်ထိတ်လန့်နေပြီဖြစ်သည်။ ယခုတောင် သူမခြေထောက်များ နာကျင်နေဆဲပင်။ 


ခန္တာလေးပြောင်းလိုက်တာနဲ့ ငါဘာလို့များအဲ့လောက် အထိမခံဖြစ်သွားရတာလဲ?


အားးး, စက်ဘီးတစ်စီးကို တကယ်ရချင်နေပြီ...


သူမ ရှောင်ဝမ့်ကိုခေါ်ပြီး ထွက်သွားသည်။ ယခုအချိန်၌ နှစ်ဦးသားမှာ‌ မောပန်းပြီးဆာလောင်နေသော်လည်း ကံဆိုးစွာပင် သူတို့၌ပါလာသောကိတ်ခြောက်များအား အကုန်စားပြီးပြီဖြစ်သည်။ သူတို့တွင် ပိုက်ဆံရှိသော်လည်း အစားအသောက်တံဆိပ်မပါသည့်အတွက် စားသောက်ဆိုင်တွင် ထမင်းစားနိုင်ခွင့်မရပေ။ 


သူမတုံ့ဆိုင်းနေသည်။ ဆေးရုံကန်တင်းကိုပဲသွား၍ လူအများသနားလာအောင် နည်းအနည်းငယ်သုံးသင့်လားဟု တွေးနေမိသည်။ ထိုသို့ဆိုလျှင် သူမတို့သည် အစားအသောက်တံဆိပ်မလိုဘဲ ဘန်းကိတ်မုန့်အား စားနိုင်လိမ့်မည်။ 


သို့သော် မြို့ခံအများစုသည် ညစာစားပြီးဖြစ်သဖြင့် စျေးဆိုင်များလည်း မဖွင့်ကြတော့ပေ။ ထို့အပြင် တစ်နေ့လျှင် သတ်မှတ်ထားသောဘိန်းကိတ်မုန့်အရေအတွက်သာ ရနိုင်သည်။ 


" သားဗိုက်ဆာတယ်..." ရှောင်ဝမ့်မသိစိတ်မှအလိုလို ပြောထွက်သွားသည်။ 


လင်းလန် ခဏလောက်စဥ်း‌စားလိုက်သည်။ 

" မာမားတို့ပိုက်ဆံနဲ့ မြို့ခံတွေဆီကနေ စားစရာတွေဝယ်လို့ရမလားလို့ အနည်းငယ်လျှောက်ပတ်ကြည့်ရအောင်... "


သူမ၏ အလုပ်လုပ်ရန်အစီအစဥ်ကိုလည်း မျှော်လင့်ချက်မရှိပေ။ ယခုခေတ်၌ အစားအသောက်တံဆိပ်သည် ပိုက်ဆံထက်ပို၍ အရေးပါကာ ထိုတံဆိပ်မရှိဘဲ အစားအသောက်ဝယ်စား၍မရပေ။


တောသူတောင်သားအများစုသည် မြို့ခံများ၏ အစားအသောက်တံဆိပ်နှင့် ကြက်ဥကို လှဲလှယ်ရန်အတွက် မြို့ထဲသို့ သွားလေ့ရှိကြသည်။ သူတို့တွေသည် ရိတ်သိမ်းပြီးသောသီးနှံများကို ပိုက်ဆံနှင့်မဟုတ်ဘဲ အစားအသောက်တံဆိပ်နှင့် လှဲလှယ်ကြသည်။ 


အဘယ်ကြောင့်ဆို အစားအသောက်တံဆိပ်သာ အပြည့်ရှိထားပါက မည်သည့်အစားအစာကိုမဆို ဝယ်လို့ရနိုင်သဖြင့် ပိုက်ဆံက အဓိကမကျတော့။ 


သူမသည် ရှောင်ဝမ်နှင့် ဆေးရုံမှထွက်လာခဲ့စဥ် မထင်မှတ်စွာ ယန်ဟန်နှင့်ပြန်တွေ့ခဲ့သည်။ 


လင်းလန်လည်း မသိစိတ်ကြောင့် အလိုလို သူ့အိတ်ထောင်ထဲမှ ပိုက်ဆံများကို ဖိထားလိုက်သည်။ သူဘာကြောင့် အဲ့လောက်သဘောကောင်းနေရတာလဲ... ငါ့ကို တကယ်ကြီး ကြိုက်နေတာတော့ မဟုတ်လောက်ဘူးမလား...


လင်းလန်သည် ယန်ဟန်၏ ပျော့ပျောင်းသော မျက်ခုံးနှင့် ထင်ရှားပြီး ကြည်လင်သန့်ရှင်းသော မျက်ဝန်းအစုံတို့ကို အကဲခတ်လိုက်သည်။ မည်သို့ပင်ကြည့်ကြည့် မကောင်းသည့်သူနှင့်မတူချေ။ ထို့ကြောင့် သူမ သူ့ကို မကြောက်တော့ပေ။ 


ယန်ဟန်သည် သူမတို့အား ရင်းနှီးသောအသံဖြင့်မေးလာသည်။ 

" ကလေးက အဆင်ပြေသွားပြီလား..."


လင်းလန်သည် သူက သူမနှင့် အလွန်ရင်းနှီးသယောင်မေးလာသည့်အတွက် သံသယနှင့် စိုက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။ 


" ဒေါက်တာယန်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ဒေါက်တာလျှိုက သူ့အတွက် မျက်မှန်လုပ်ပေးထားပြီး နောက်သုံးရက်နေရင် ထပ်လာခဲ့ဖို့ပြောပါတယ်..."


ယန်ဟန်သည် သူမနှင့် ကလေးအားစိုက်ကြည့်လိုက်သည်။ သူတို့ဗိုက်ဆာနေမှန်း သိလိုက်သည့်အတွက် 

" ကျွန်တော့်မှာ ဒီညနေကဝယ်ထားတဲ့ ဘန်းမုန့်အပိုတွေရှိသေးတယ်... မင်းရဲ့ကလေးကို ကန်တင်းခေါ်သွားပြီး စားလို့ရပါတယ်..."


လင်းလန် အတွေးများနေချေပြီ။ 


သူ ငါ့ကို အကြောင်းပြချက်မရှိဘဲ ဘာကြောင့် ကောင်းကောင်းဆက်ဆံနေတာလဲ...


ဆေးရုံမှာ ဝင်တဲ့၊ ထွက်တဲ့လူတွေ ဒီလောက်များတာ သူက အရင်ကတည်းက အဲ့လောက်သဘောကောင်းရင်တောင် တစ်ယောက်ချင်းစီကို အသေးစိတ်လိုက်ကူညီပေးနိုင်မှာတော့ မဟုတ်လောက်ဘူးမလား...


မည်သို့ပင်ဆိုစေ ယခုအချိန်၌ လူတိုင်း အစားအသောက်တံဆိပ်များ ရှိကြတော့မည်မဟုတ်။ အစားအသောက်ပိုဝယ်ထားသည့်သူများကလည်း ညစာအတွက် ချန်ထားကြမည်သာ။ အဲ့တာကို သူက ဘာလို့ ငါတို့ကိုကျွေးရတာလဲ...


သူ တကယ်ပဲ ငါ့ကို စိတ်ဝင်စားနေတာလား...


အမှန်ပြောရသော် မူလကိုယ်၏ ရုပ်ရည်မှာ အတော်လှပသည်။ သူမတွင် ကလေးငါးယောက်ရှိသော်လည်း ခန္ဓာကိုယ်မှာ သေးသွယ်၍ အချိုးအစားကျနနေဆဲဖြစ်သည်။ သူမ၏ ရန်လိုပြီး စွာတေးလန်ဝုန်းဒိုင်းကြဲတတ်သော စိတ်သဘောထားကြောင့်သာ သူမ၏အလှက ဖုံးကွယ်နေခြင်းဖြစ်သည်။ 


နည်းနည်းလေး သာမန်ဆန်ပြလိုက်တာနဲ့ ဆန့်ကျင်ဘက်လိင်ကို အသာလေးဆွဲဆောင်နိုင်တယ်ဆိုတာ တွေ့ပြီမလား... တစ်ခါတစ်လေ ရုပ်ချောပြီးသဘောကောင်းတဲ့ဆရာဝန်တွေတောင် သတိမထားမိဘဲမနေနိုင်ဘူး...


နှမြောစရာပဲ; ငါက ယောက်ျားရပြီးနေပြီ...


" ကျေးဇူးပါပဲ ဒေါက်တာယန်... ဒါပေမဲ့ ကျွန်မတို့ မလိုအပ်ပါဘူး... "


သူမ ယဥ်ကျေးစွာ ပြောဆိုနေမှုကြောင့် သူ၏မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နှက်လာပြီး ပြုံး၍ မေးလိုက်သည်။ 


" လင်းလန်... မင်းတကယ် ငါ့ကိုမမှတ်မိဘူးလား... "


လာကြောင်မနေနဲ့တော့... ငါက လက်ထပ်ပြီးသားမိန်းမ!


လင်းလန်လည်း ပြုံးလျက် ပြန်ဖြေလိုက်သည်။ 

" ကျွန်မက ရှင့်ကို သိလို့လား..."


မူလကိုယ်၏မှတ်ဉာဏ်ထဲတွင် သန့်ပြန့်ပြီး‌ကြည့်ကောင်းသော ယောက်ျားတစ်ယောက်ကို မှတ်မိဖို့အသာထား  ဟန်ချင်စုန့်၊ သူမယောက်ျား၏မိသားစု၊ နှစ်တိုင်းရန်ဖြစ်လေ့ရှိသော သူမတို့မိသားစု၏ ရန်သူ‌ဟောင်းများမှလွဲပြီးတခြားဘယ်သူ့ကိုမှ သူမ တွေး၍မရချေ။ 


ယန်ဟန်သည် သူမက သူ့ကို မမှတ်မိမှန်းသတိထားမိသွားသဖြင့် သူ့မျက်လုံးများတွင် စချင်သယောင်အရိပ်အယောင်များ ရောစွက်လာသည်။ 


" မင်းက လန်ဟွားဟွားမလား..."


လန်ဟွားဟွား..သူမဆံပင်များ ထောင်တော့မည် ; လန်ဟွားဟွားက ဘယ်သူကြီးလဲ...


အား.. သူမ မှတ်မိသွားပြီ... မူလကိုယ်၏နာမည်ကို လင်းလန် အဖြစ်အဓိပ္ပါယ်ကောက်ယူလို့ရသည်။ 


သူမသည် ကျေးလက်ရွာမှ လာသူဖြစ်သည်။ ယင်းဒေသမှ လူများသည် သူတို့သမီးများ၏နာမည်ကို ပန်းပွင့်များ၊ အပင်များ၊ သီးနှံများ စသဖြင့် လိုက်ဖက်အောင် မှည့်ပေးတတ်ကြသော်လည်း 'လန်' ဟူသော စကားလုံးဖြင့် မှည့်ပေးခြင်းမှာ တွေ့ရခဲသည်။ 


(T/N : လန်兰: သစ်ခွပန်း နဲ့ လန်岚: မြူနှင်းမှုန် _ အသံထွက်တူပေမယ့် ရေးပုံရေးနည်းကွဲပါတယ်။  ဒီနေရာမှာ MC ရဲ့နာမည် 'လန်' က မူလကိုယ်ရဲ့'လန်' သစ်ခွပန်း နဲ့မတူဘဲ မြူနှင်းမှုန်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ )


ဒါပေမဲ့... ဒီလန်ဟွားဟွားနာမည်ကြီးက တကယ်ပဲ ကညာဆန်လွန်းတယ်...


ယန်ဟန်သည် လင်းလန်၏ ဆိုးဆိုးရွားရွားမနှစ်မြို့နေသော မျက်နှာအမူအရာကို တွေ့လိုက်ရပြီးနောက် ခွက်ထိုးခွက်လန် ရယ်မောတော့သည်။ 

" မကြောက်စမ်းပါနဲ့... ငါက မကောင်းတဲ့သူ မဟုတ်ပါဘူး..."


မကောင်းတဲ့အကြံတစ်ခုခုရှိတဲ့လူတွေက ဘယ်တော့မှ သူတို့ကိုယ်သူတို့ ဆိုးတယ်လို့ မပြောကြဘူး...


လင်းလန်သည် လန်ဟွားဟွားနာမည်ကိုတော့ ဘယ်တော့မှ မေ့မည်မဟုတ်။ 


ယန်ဟန်က မြန်မြန်ဆက်ပြောသည်။ 


" လင်းလန်.. ငါက ဖန်းဖန်းလေ ! "


လင်းလန် ရုတ်တရက် သတိရသွားသည်။ သူမ မှတ်မိသွားပြီ!


xxxxx

Part 14


မူလကိုယ်ကလေးဘဝက သူမတွင် ဖန်းဖန်းဟု အမည်ရသော သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။ သို့သော် ထိုအချိန်က သူသည် လုံးဝန်းပြီး ဝတုတ်လေးဖြစ်သည့်အတွက် လူတိုင်းက သူ့အား ဖန်းဖန်းဟု ခေါ်ကြခြင်းဖြစ်သည်။ 


သူမပြန်တွေးကြည့်မှ တော်တော်ထူးဆန်းမှန်း သိလိုက်သည်။ ၁၉၅၀ ဝန်းကျင်၌ အစာရေစာမလုံလောက်သလို နေစရာလည်းရှားပါးသည့်အတွက် လူတိုင်း သက်တောင့်သက်သာနေထိုင်ခဲ့ရခြင်း မရှိချေ။ မသေချာသော အကန့်အသတ်ရှိသည့် အစာရေစာများကြောင့် လူတိုင်းပိန်ပါးခြောက်ကပ်သော အသွင်အပြင်သာရှိကြသော်လည်း ထိုသို့သောအခြေအနေမျိုးအောက်တွင် ဖန်းဖန်းမှာ ဝကစ်ဆူဖြိုးနေခဲ့သည်။ 


ထူးဆန်းလွန်းသဖြင့် ထိုကလေး တစ်နေ့ကို ကြက်ဥ ၁၀လုံးစားနေသလားဟု လူတိုင်းက ကြိတ်ပြီးတွေးမိခဲ့ကြသည်။ 


ထိုခေတ်က မိသားစုဝင်နှစ်ဦးလျှင် ကြက်တစ်ကောင်သာ မွေးခွင့်ရှိသည်။ သူ့မိသားစု၏လူအရေအတွက်နှင့်ဆိုလျှင် ကြက်နှစ်ကောင်လောက် မွေးခွင့်ရှိမည် ဖြစ်သော်လည်း သူ့အဖွားသည် အံ့သြဖို့ကောင်းစွာ ကြက်၆ကောင်အား အသာလေးမွေးထားနိုင်ပြီး ထိုလုပ်ရပ်အတွက် ဘယ်သောအခါမှ အဖမ်းခံခဲ့ရခြင်းမရှိခဲ့။ သူမအလိုချင်ဆုံးသောအရာမှာ သူမ၏တစ်ဦးတည်းသောမြေးလေးအား ဝအောင်စားစေချင်၍ဖြစ်ခဲ့လိမ့်မည်။ 


သူမ တစ်ခြားမှတ်ဉာဏ်တစ်ခုကို ပြန်ဖော်မိသည်_  မူလကိုယ်အသက်၈နှစ်အရွယ်၌ သူမ စတင်အလုပ်လုပ်ခဲ့ရပြီး ယန်ဖန်းဖန်လည်း ကျောင်းသို့‌စတက်ခဲ့ရသည်။ ထိုကာလ၌ ယောက်ျားလေးနှင့် မိန်းကလေးများသည်  တစ်ဦးနှင့်တစ်ဦး ရင်းနှီးခြင်းမရှိဘဲ ခပ်ကွာကွာနေကြပြီး အတူတူရှိကြသောအခါ တခြားကလေးများ၏ စနောက်ခြင်းကို ခံရတတ်သည်။ 


တစ်ဦးနှင့်တစ်ဦး နမ်းမိလျှင်ဖြစ်စေ၊ ဖက်မိလျှင်ဖြစ်စေ မိန်းကလေးများဗိုက်ကြီးတတ်သည်ဟု ရိုးစင်းစွာတွေးတတ်ကြသော ကလေးငယ်များအနေဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးခပ်ကွာကွာနေခဲ့ကြပြီး မိန်းကလေးနှင့်ယောက်ျားလေးတို့၏ ဆက်ဆံရေးကိုအစပြုချင်မှသာ နှစ်ဦးသား တွဲသွားတွဲလာလုပ်လေ့ရှိသည်။ 


သို့သော် မူလကိုယ်အသက်ကြီးလာသည်နှင့်အမျှ သူမ၏ တတိယအစ်မနှင့် ရန်ဖြစ်ရင်း အလုပ်များနေခဲ့သည်။ အမှန်တကယ်ပင် သူမဘေးပတ်ဝန်းကျင်က လူများအကြောင်းကို သူမစိတ်ထဲမရှိတော့။ ထို့ကြောင့် ယန်ဖန်းဖန်းလည်း သူမစိတ်ထဲရှိ အနောက်တစ်နေရာတွင် ရောက်သွားပြီး မေ့ပျောက်ခြင်းခံလိုက်ရသည်။ 


လင်းလန်က သူ့အား ယန်ဖန်းဖန်းဟုပြန်ခေါ်ခဲ့ခြင်းသည် သူ့မအား "လန်ဟွားဟွား"ဟုခေါ်လိုက်သည့်အတွက် ပြန်ပေးဆပ်ခြင်းဖြစ်သော်လည်း သူ၏အပြုအမူများထဲတွင် နေရခက်ခြင်းမျိုးမရှိပေ။ သူကပြုံးပြီး ဆက်ပြောသည်။ 


"ဟုတ်တယ်.. အဲ့တာငါပဲ.. လာ... မင်းတို့ဘန်းကိတ်စားလို့ရအောင် ငါလုပ်ပေးမယ်.."


လင်းလန်လည်း ဝမ်းသာအားရဖြစ်သွားသည်။ 

'နောက်ဆုံးတော့ ငါနဲ့သိတဲ့သူကိုတွေ့ရပြီ... ငါကောင်းကောင်းစားရတော့မယ်...' သူမအရမ်းစိတ်လှုပ်ရှားနေသည်မှာ သိသာလွန်းသဖြင့် သူမရှက်သွားကာ ကိုယ့်ကိုယ်ကိုပြန်ထိန်း၍ ပြုံးလိုက်သည်။ 


" ငြင်းစရာမရှိတော့ဘူး... ဒါပေမဲ့ ငါတော်တော်ဆာနေပြီ... "


" ငါသိတယ်လေ... အဲ့တာကြောင့်ပဲ မင်းတို့ကိုဘန်းမုန့်ကျွေးရအောင် ဒီမှာစောင့်နေတာ... "


ယန်ဟန်က သူမတို့အား သူနှင့်အတူ ကန်တင်းသို့ခေါ်သွားသည်။ 


ကန်တင်းတွင် အဖြူရောင်ဘန်းမုန့်လုံးများ တစ်ခြင်းအပြည့်ရှိသည်သာမက ရေညှိကြက်ဥစွပ်ပြုတ်လည်း ရှိသေးသည်!


သူမအရင်က စားဖူးသော ရာစုသစ်၏ အစားအသောက်များနှင့်ယှဥ်လျှင် ဘာမှမဟုတ်သော်လည်း လင်းလန် လွန်စွာစိတ်လှုပ်ရှားနေမိသည်။ ဘာလို့ဆို ဗိုက်ဆာနေရင် ဘယ်အစားအသောက်မဆို စားလို့အကောင်းဆုံးပဲမို့လေ...


သူမ မြန်မြန်ဆန်ဆန် ငွေစက္ကူအချို့ကို ထုတ်လိုက်သည်။ 


ယန်ဟန်၏ မျက်နှာထားတင်းမာလာသည်။ 

" ငါတို့တွေက တစ်ရွာတည်းသားတွေ ; ငါ့ကို ဘန်းမုန့်လေးနည်းနည်းနဲ့ စွပ်ပြုတ်လေးတစ်ပွဲတောင် မတတ်နိုင်တဲ့ ပုံစံမျိုးမဆက်ဆံနဲ့... အဲ့တာက ငါ့စွမ်းရည်ကို အထင်သေးတာနဲ့အတူတူပဲ... "


လင်းလန်က ရှောင်ဝမ့်ကို ပြောလိုက်သည်။ 

" ရှောင်ဝမ်... ဦးကို "ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်လေ..."


ရှောင်ဝမ်က သူ့ကို ခပ်မြန်မြန်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းသေးသေးလေးမှ "ဦး" ဟူသောအသံသေးသေးလေးထွက်လာသည်။ 


ယန်ဟန်က သူ့ခေါင်းလေးကို ထိလိုက်သည်။ 


ရှောင်ဝမ် ထိတ်လန့်သွားပြီး သူ့အထိကို ခပ်မြန်မြန်ရှောင်ဖယ်လိုက်ကာ လင်းလန်အား အလန့်တကြားဖက်တွယ်ထားတော့သည်။ 


လင်းလန်သည် သူ့ကို အသာလေးပုတ်ပေး၍ မကြောက်ရန်နှစ်သိမ့်ပေးသည်။ 


ယန်ဟန်သည် ရှောင်ဝမ့်အား သဘောကျစွာရယ်မောလိုက်ပြီး စနောက်လိုက်သည်။ 


" ‌သက်တောင့်သက်သာနဲ့ သား စားချင်သလောက်စား, ဒီလောက်တော့ ဦးတတ်နိုင်ပါတယ်... "


လင်းလန် ပြုံးလိုက်သည်။ 

" ဒီလိုဆိုတော့လည်း ကျွန်မတို့ကို ခွင့်ပြုပါအုံး... အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်... "


ဟင်းးး, ဘန်းမုန့်နဲ့ ရေညှိကြက်ဥစွပ်ပြုတ်တွေက အရသာအရှိဆုံးဖြစ်လာမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်သူများ တွေးမိကြမှာတဲ့လဲ; ငါ့ကမ္ဘာမှာသာဆိုရင် ငါ့ကိုဘယ်သူမှ ယုံကြမှာမဟုတ်ဘူး...


ခေတ်သစ်ကမ္ဘာက ငါ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့မရတာ တကယ်နှမြောစရာပဲ... မဟုတ်ရင် ငါအခုကြုံနေရတဲ့ အရာတွေကို သူတို့ကြည့်လို့ရအောင် social media ပေါ်မှာ live လွှင့်မိမှာ သေချာတယ်...


လင်းလန်နှင့်ရှောင်ဝမ်သည် အရသာရှိစွာစားသောက်နေကြသည်။ လင်းလန်က ရှောင်ဝမ့်ကို အစားစားလျှင် ပါးစပ်ပိတ်စားရန် သတိပေးဖို့မမေ့ချေ။ အစားစားနေစဥ်အသံမမြည်စေရန်နှင့် စွပ်ပြုတ်သောက်လျှင် သေချာအနှံ့မွှေ၍ ဇွန်းတစ်ခွက်စာသာခပ်သောက်ရန် သတိပေးသည်။ 


ယန်ဟန်မှာ သူတို့နှစ်ဦးကို ကြည့်ရင်း အနည်းငယ်အံသြနေသည်။ 


ထိုအချိန်၌ လင်းလန်က သူ့ကိုမော့ကြည့်လာပြီး မေးလိုက်သည်။ 

" ယန်ဟန်, နင် ငါ့ကို ဘယ်လိုမှတ်မိတာလဲ?"


ယန်ဟန်၏ မျက်လုံးများအပေါ်သို့ ပင့်တက်သွားသည်။ 


" မင်း မမှတ်မိဘူးလား? ငါ့မျက်လုံးတွေက ကျဥ်းပေမယ့် သူတို့တွေက ကောင်းကောင်းမြင်ရတယ်လေ... အမှန်တိုင်းပြောရရင် မင်းက အရင်တုန်းကနဲ့အတူတူပဲ ; ငါ့ရဲ့ ပြောင်းလဲမှုကြီးကသာ တကယ့်သြချလောက်စရာဖြစ်နေတာ... "


လင်းလန် သူ့ကို ကြည့်လိုက်သည်; "အရင်ပုံစံအတိုင်းပဲ" ဆိုသည်က သူမကို ချီးမွမ်းသည်လော သို့မဟုတ် သူမမှတ်ဉာဏ်ထဲကအတိုင်း သူက ကလေးဆန်ပြီး ချစ်ဖို့ကောင်းနေဆဲဟု ဆိုလိုသည်လောဟု သူမတွေးနေမိသည်။ 


သူသည် ဖက်တီးလေးအဖြစ်ကနေ ခပ်မိုက်မိုက်အဆင်လေးအဖြစ်သို့ ၁၈၀ဒီဂရီလောက် လုံးဝပြောင်းလဲသွားသော စံနမူနာဖြစ်ရပ်များ၏ အတုယူဖွယ်ရာတစ်ဦးဖြစ်သည်။ 


လင်းလန်သည် ပြုံးပြီး ယန်‌ဟန်အကြောင်း တိတ်တဆိတ်အကဲဖြတ်ရင်း ဆက်လက်စားသောက်နေခဲ့သည်။ 


ယန်ဟန်သည် သူမအား တည်ငြိမ်စွာ ကြည့်နေသည်။ 


ဒါက ထူးဆန်းလွန်းတယ်... သူမငယ်ငယ်က ဆတ်ကနဲဒေါသထွက်တတ်တဲ့စရိုက်ရှိပေမယ့် သာမန်မိန်းကလေးတစ်ယောက်ဖြစ်နေတုန်းပါပဲ... သူမက တော်တော်လေး ဖြောင့်မတ်တဲ့သူတစ်ယောက်ပါ; လူတွေ သူ့ကို ဝလို့ဆိုပြီး အနိုင်ကျင့်ခဲ့တုန်းက သူမပဲ သူ့ရှေ့က ရပ်တည်ပေးခဲ့တာ...


သူမလက်ထပ်လိုက်တာနဲ့ ကျားမတို့ ကြွက်စုတ်တို့ ဆိုတဲ့ နာမည်တွေ ဘာလို့ရသွားတာလဲ... သူမက မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲတတ်သေးတယ်လို့လည်း သူတို့ပြောကြတယ်_ ပထမတော့ငိုမယ်, ဒုတိယ ထင်ရာဆိုင်းမယ်, တတိယအနေနဲ့ ကြိုးဆွဲချမယ်...


သူမရဲ့ တတိယအစ်မနဲ့ ရန်ဖြစ်တာကိုပဲ ကျင့်သားရသွားလို့များလား... ဒါပေမဲ့ အဲ့အချိန်တုန်းက သူမရဲ့ တတိယအစ်မကို ရိုက်တတ်ပေမယ့် သူမကိုယ်သူမ ထိခိုက်အောင်တော့ မလုပ်ခဲ့ဖူးဘူး; အဲ့တာကို သူမရဲ့ ယောင်းမတွေ၊ ခယ်မတွေကို ရိုက်လို့ရပါရက်နှင့် ဘာလို့ ကိုယ့်ကိုယ်ကို ထိခိုက်စေအောင်ပဲ ရွေးခဲ့ရတာလဲ...


ဖြစ်နိုင်တာက သူမယောက်ျားရဲ့မိသားစုကပဲ အသုံးမကျလို့လား_ အဲ့တာကြောင့် ပုံမှန်ကောင်မလေးတစ်ယောက်ကို ရူးသွပ်သွားအောင် လုပ်နိုင်တာပေါ့...


သူသည် သူမ မြစ်ထဲခုန်ချဖူးသည့်အကြောင်း၊ ကြိုးဆွဲချဖူးသည့်အကြောင်းနှင့် တစ်ကြိမ်ထက်မက ပိုးသတ်ဆေးသောက်ခဲ့ဖူးသည်များအား ကြားဖူးထားသည်။ 


သူမသည် မပျော်ရွှင်ရသော တခြားကျေးတောသူတစ်ဦးကဲ့သို့ ဖြစ်ရမည်ဟု သူယခင်က ထင်ခဲ့ဖူးသည်။ ရောင်ရမ်းနေသောမျက်နှာ၊ မှုန်မှိုင်းမှိုင်းမျက်လုံးများနှင့် ဖြစ်ကတတ်ဆန်း ကပိုကရိုနေလိမ့်မည်ဟု သူတွက်ဆထားခဲ့ခြင်းဖြစ်သည်။ သူမ၏ ရူးပေါတော ကြောင်တောင်တောင် အပြုအမူများကြောင့် သူ၏ခယ်မ ရှန့်လင်းနှင့်တူလိမ့်မည်ဟု သူထင်ခဲ့သည်။ သူ့ခယ်မသည် နေ့တိုင်း သူမ၏ကံမကောင်းသောဘဝအကြောင်းကို ညည်းညူနေတတ်ပြီး ထို့ကြောင့်ပဲ လူတိုင်းက သူမအနားမှ ဝေးဝေးရှောင်သွားတတ်ကြသည်။ 


သူသည် သူမအား ဒီနေ့ဆေးရုံအဝင်ဝတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။ သူမသည် အနည်းငယ် မျက်တွင်းချောင်နေပုံပေါက်သော်လည်း သာမန်လူတစ်ယောက်လိုသာဖြစ်ပြီး ပိုပြီးတောင် စိတ်ဆတ်နေသေးတယ်!


xxxxx