Part 15
စိတ်ဆတ်နေခြင်းက လန်ဟွားဟွားကို တရားမျှတအောင်မလုပ်နိုင်ချေ, သို့သော် လင်းလန်ဆီမှ အေးဆေးတည်ငြိမ်သောအရှိန်အဝါက ကျေးလက်မိန်းမတစ်ယောက်ရှိသင့်သော အမူအကျင့်နှင့် သိပ်မကိုက်ညီဟု သူခံစားမိသည်။
သူမက ကြွက်စုတ်နဲ့လည်း မတူပါဘူး...
ဘယ်လိုကြွက်စုတ်ကများ ဒီလိုယဥ်ယဥ်ကျေးကျေးစားတတ်မှာတဲ့လဲ...
ယင်ဟန်သည် ကောလဟာလများကို ဘယ်သောအခါမှ မယုံကြည်သင့်မှန်း သိလိုက်ရသည်။
လင်းလန်ဗိုက်ပြည့်သွားသောအခါ နှစ်ယောက်သားသည် အတိတ်ကအမှတ်တရများအကြောင်း စားမြှုံ့ပြန်ကြပြီး ရှောင်ဝမ်၏ အခြေအနေနှင့် မျက်မှန်အကြောင်း ဆက်ပြောကြသည်။
ယန်ဟန်က ပြောသည်။
" ဒီလိုဆို ဘယ်လိုလဲ_ မျက်မှန်တွေရောက်ရင် ငါ စာပို့သမားကို ယူခိုင်းပြီး မင်းတို့ရွာကိုပို့ခိုင်းလိုက်မယ်လေ... အဲ့တာဆို မင်းတို့ဒီကို ထပ်လာစရာမလိုတော့ဘူးပေါ့... "
အခုလို နေပူပူကြီးထဲတွင် ကလေးတစ်ယောက်ကိုခေါ်ပြီး ဟိုသွားသည်လာ လုပ်ရန်လွယ်သည်မဟုတ်။
ဒါ အကြံကောင်းပဲ... ဘာလို့များ ငါမတွေးမိရတာလဲ...
လင်းလန် ကိုယ့်ကိုယ်ကို တိတ်တဆိတ် မေးခွန်းထုတ်မိသည်။ ဖြစ်နိုင်သည်က သူမ ဗိုက်အရမ်းဆာနေသည့်အတွက် အကျိုးသင့်အကြောင်းသင့် မစဥ်းစားနိုင်ခဲ့ခြင်းဖြစ်မည်။ ထို့ကြောင့် စာပို့သမားနဲ့ပို့လို့ရသည့်အကြောင်းကို သူမလုံးဝမေ့နေခဲ့သည်ပင်။
မှောင်လာသောကောင်းကင်ကိုကြည့်ပြီး ရှောင်ဝမ်၏ဗိုက်ဖောင်းဖောင်းလေးကို ထိလိုက်ကာ ယန်ဟန်ကို နှုတ်ဆက်၍ သူမအိမ်သို့ပြန်ရန် ထွက်လာခဲ့သည်။
မူလက သူမသည် စတိုးဆိုင်တစ်ဆိုင်သို့သွား၍ လက်ဆောင်အများအပြားဝယ်ရန် စီစဥ်ထားသော်လည်း သူမတွင် မည်သည့်တံဆိပ်မှမပါလာခဲ့သည်ကို သတိရသွားသည်။ ထို့ကြောင့် သူမလည်း ပိုက်ဆံရှိပေမယ့် ဘာမှဝယ်လို့မရသည့် ခံစားချက်အား တမြေ့မြေ့ခံစားနိုင်ရုံသာတတ်နိုင်တော့သည်။
ယန်ဟန်က အံ့သြစွာမေးလာသည်။
" မင်း အိမ်ကိုလမ်းလျှောက်ပြန်မှာတော့ မဟုတ်ဘူးမလား? "
" အင်းးး, ငါတို့ဒီကို လမ်းလျှောက်ပြီး လာခဲ့တာ... " လင်းလန်က ဂရုမစိုက်ပေ။ ယခုအချိန်၌ သူမကိုယ်သူမ ၁၁လမ်း၏ အများစီးဘတ်စ်တစ်စီးကဲ့သို့ သရုပ်ပြရုံသာ။ သူမခြေဖဝါးနှင့် လမ်းမကို ပွတ်တိုက်၍ အိမ်ပြန်ခရီးစတင်တော့မည်ဖြစ်သည်။
" ဒီမှာခဏစောင့်ဦး... မင်းတို့နေရာထိရောက်မယ့် လိုင်းကားရှိလားလို့ ငါမေးကြည့်လိုက်မယ်... "
ထိုသို့ပြောပြီး ယန်ဟန် ထွက်သွားသည်။
မကြာမီ သူပြန်လာခဲ့သည်။
" မင်းတို့နေရာအထိ သွားမယ့်သူ ဘယ်သူမှမရှိဘူး... ဒါပေမဲ့ အထက်ကျေးလက်အထိ သွားမယ့် တစ်ချို့တစ်လေတော့ရှိတယ်... အဲ့အထိစီးသွားပြီး လမ်းနည်းနည်းဆက်လျှောက်ရင် မင်းတို့ရွာရောက်သွားပြီ..."
" ငါ စီးသွားလိုက်မယ်... ရှင့်ရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်... ဒီနေ့ဆေးရုံမှာ ငါ့အသိတစ်ယောက်ကိုတွေ့လိမ့်မယ်လို့ တွေးတောင်မတွေးထားမိဘူး..."
လင်းလန်သည် ယန်ဟန့်အား သူမနောက်တစ်ခေါက် မြို့ထဲလာလျှင် ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့် ထွေရာအနည်းငယ်ပေးဖို့ ယူလာရန် စီစဥ်လိုက်သည်။ ယခုအချိန်၌ သာမာန်လူများအတွက် အစားအသောက်နှင့် ကြက်ဥမှာ အကောင်းဆုံးလက်ဆောင်တစ်ခုပင်။
ယန်ဟန်သည် လင်းလန်တို့အား ကားပေါ်သို့တင်ပေးပြီး မျက်လှည့်တစ်ခုအသွင်လုပ်၍ ရှောင်ဝမ့်အား သကြားလုံးလက်တစ်ဆုပ်စာအပြည့်ပေးလိုက်သည်။
ရှောင်ဝမ်သည် လက်ပြတ်ခါးတိုအကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ထားသဖြင့် သူ့တွင်ဘာအိတ်ထောင်မှမပါရှိချေ။ သူသည် အကုန်လုံးကို မကိုင်နိုင်သည့်အတွက် လင်းလန်က သိမ်းပေးထားလိုက်သည်။
" ငါတို့တွေက နင့်ဝေစုကို စားလိုက်သေးတာတောင် နင်က သူ့အတွက် သကြားလုံးတွေအများကြီး ထပ်ပေးသေးတယ်, ငါတကယ် အရှက်ရမိပါတယ်..."
ယန်ဟန်က ပြုံးသည်။
" ငါက ဦးလေးလေ, ဟုတ်တယ်မလား... " သူ့တွင် ညီမတစ်ယောက်မှမရှိပေ။ ထို့ကြောင့် သူတို့ကလေးဘဝကတည်းက သူမအား ညီမတစ်ယောက်လို သတ်မှတ်ထားခြင်းဖြစ်သည်။
လင်းလန်သည် ရှောင်ဝမ့်လက်ကို ကိုင်လိုက်ပြီး သူ့ကို ဝှေ့ရမ်းပြလိုက်သည်။
ကားနှင့်ပြန်ရသည်က ပို၍သက်တောင့်သက်သာရှိပေသည်။
ကားစီးရခြင်းသည် သူမခရီး၏ သုံးပုံနှစ်ပုံခန့်ကို ဖုံးလိုက်နိုင်ပြီး နှစ်ဆင့်သာကုန်ကျသည်ဖြစ်ရာ လင်းလန်အတွက် အလွန်ကိုသက်သာသော စရိတ်စခဖြစ်ပေသည်။
သူမသည် ရှောင်ဝမ့်ကိုခေါ်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။ ယခုအချိန်၌ နေဝင်ကာစဖြစ်သဖြင့် ရောင်ခြည်အလင်းက မြစ်ရေပြင်ပေါ် ဖြာကျနေရာ ရေမျက်နှာပြင်ပေါ် ရွှေရောင်တလက်လက်တောက်ပနေစေသည်။
သူမတို့မျက်နှာများသည် ဖုန်မှုန့်များနှင့် ညစ်ပတ်နေသဖြင့် သူမသည် ရှောင်ဝမ့်အား မျက်နှာသစ်ရန် ခေါ်သွားလိုက်သည်။
သူမ ထလိုက်သောအချိန်တွင် ရှောင်ဝမ်သည် သူ့မျက်နှာသေးသေးလေးကို အပေါ်သို့ပင့်ထားပြီး မျက်လုံးပိတ်ထားရာ ရှည်လျားသော မျက်တောင်မွှေးလေးများ၌ ရွှေရောင်အလင်းများ ရောင်ပြန်ဟပ်လျက် ယှက်သန်းနေကြသည်။ ညနေခင်းလေပြေက သူ၏ရှုပ်ထွေးနေသော ဆံပင်အား ဖြတ်သန်းတိုက်ခတ်သွားသည်။ ဆေးရေးပန်းချီထဲမှ ကလေးတစ်ယောက်အတိုင်း_ အိန်ဂျယ်အသွင်သဏ္ဍာန်နှင့် တိတ်ဆိတ်ပြီး အေးချမ်းမှုကို ဖော်ဆောင်လို့နေသည်။
သူမ သူ့ကို မနှောက်ယှက်ရက်တော့...
အချိန်ခဏကြာပြီးနောက် ရှောင်ဝမ် မျက်လုံးဖွင့်လိုက်ပြီး နေဝင်နေသောအရပ်ဆီသို့ကြည့်လိုက်ကာ တိုးတိုးပြောလာသည်။
" မာမား... နားထောင်ကြည့်! "
လင်းလန်သည် သူမနားကိုစွင့်၍ နားထောင်လိုက်သည်။ ရောင်စုံတီးဝိုင်းသံအလား အသက်ဝင်နေသော တောအုပ်ထဲမှ လေတိုးသံသဲ့သဲ့ကို ကြားလိုက်ရသည်_ ပုစဥ်းရင်ကွဲများနှင့် ဖားကပြုတ်တို့၏ တစီစီအော်မြည်သံများက လေတိုးသံသဲ့သဲ့နှင့် ပနံရနေသည်။ တကယ်ပင် နားထောင်လို့ကောင်းသည်။
" မားမား... ကြားရလား... "
" နားထောင်ကြည့်... "
" ဒီအသံက... " သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး ပို၍နားဝင်ပီယရှိသော တေးသံတစ်သံကို နည်းနည်းညည်းပြ၍ ပြောပြလေသည်။
လင်းလန်က သူ့အား အံ့သြစွာ ကြည့်လိုက်သည်_ ဒီကလေးက တကယ်သာမန်ကလေးမဟုတ်ဘူးပဲ... ဝါဒဖြန့်သီချင်းများအား ရိုးရိုးစင်းစင်းဆိုတတ်သော ကလေးများထက်ပင် ရှောင်ဝမ်က ပို၍တော်နေသည်။
souna နှင့် ဘေ့စ်ဒရမ်တီးနည်းကို သင်ယူခြင်းအပြင် ကျေးလက်လူငယ်တစ်ယောက်က အခြေခံတီးလုံးတွေကို ဘယ်လိုသိမှာတဲ့လဲ...
...
အချိန်အနည်းငယ်ကြာ အနားယူပြီး၊ ရေသောက်ပြီးနောက် လင်းလန်သည် ရှောင်ဝမ့်ကိုခေါ်၍ အိမ်သို့ပြန်လာခဲ့သည်။
လယ်ကွင်းများတွင် ကောက်ပင်များအား ပိုးသတ်ရင်း၊ ဂရုစိုက်ရင်းဖြင့် အလုပ်များနေကြသော အလုပ်သမားများဖြင့် သက်ဝင်နေလျက်ရှိကြသည်။ သူမ ရှောင်ဝမ့်ကိုခေါ်ပြီး ပြန်လာသည်အား သူတို့မြင်ကြသောအခါ အကုန်လုံး အံ့သြမှင်တက်စွာ လှမ်းကြည့်လာကြသည်။
လင်းလန်လည်း ဂရုစိုက်သူမဟုတ်ချေ။ ကြွက်စုတ်ဆိုတဲ့နာမည်က သူမကိုတံတိုင်းကြီးလို ကာကွယ်ပေးနေတာ ဘာကိုကြောက်စရာလိုသေးလို့လဲ!
" မာမား! " ဟု ကျယ်လောင်စူးရှသော အသံတစ်သံထွက်လာသည်။
လင်းလန်သည် အသံလာရာအတိုင်းကြည့်လိုက်ရာ မြောက်ဘက်လယ်ကွင်းမှ ပြေးလာနေသော ကလေးမလေးအား တွေ့လိုက်ရသည်။ သူမသည် ၈နှစ် သို့မဟုတ် ၉နှစ်အရွယ်သာ ရှိသေးပြီး နှစ်လိုဖွယ်ဖြစ်သောမျက်နှာလေးနှင့် ချစ်စရာကောင်းသည်။ ထိုကလေးမလေးသည်ကား တခြားမဟုတ်, သူမ၏သမီး ဟန်မိုင်စွေ့ပင် ဖြစ်ချေသည်။
မိုင်စွေ့က မြန်ဆန်စွာ ပြေးလာခဲ့သည်။
" မာမား! မားက သမီးကိုရှာဖို့ မြို့ထဲလာခဲ့တယ်ဆို! "
မိုင်စွေ့သည် အရွယ်နှင့်မလိုက်အောင် လိမ္မာပါးနပ်သော ကလေးမလေးဖြစ်သည်။ အသက်၉နှစ်အရွယ်၌ပင် သူမသည် အလှအပကို ခုံမင်တတ်နေပြီး သူမ၏ ဝင့်ဝါထောင်လွှားသောမာနလည်း ရုပ်လုံးပေါ်ကာစ ပြုနေပြီဖြစ်သည်။
ဟန်မိုင်စွေ့သည် မူလကိုယ်၏အချစ်ဆုံးကလေးဖြစ်သည်။ သို့သော် ထိုကလေးမလေးသည် မူလကိုယ်နှင့် ရင်းနှီးခြင်းမရှိသည့်အပြင် သူမမိဘများ၏ အချစ်တော်လေးဖြစ်ချင်သည်လည်းမဟုတ်။ ယင်းအစား သူမသည် ပိုက်ဆံချမ်းသာသော အဖွားနှင့်အဒေါ်တို့နှင့်သာ ပို၍ရင်းနှီးမှုရှိသည်။
xxxxx
Part 16
လင်းဟန် တုံးတိတိပြောလိုက်သည်။
" မင်းရဲ့မောင်လေးကို ဆရာဝန်သွားပြတာ..."
မိုင်စွေ့သည် သူမအမေ၏အသံမှာ နည်းနည်းအေးစက်နေမှန်း သတိထားမိသွားပြီး သူမအမေ၏ပေါင်အားဖက်တွယ်ထားသော မုန်လာဥနီလေးကို နောက်မှ သတိထားမိသွားသည်။ သူမသည် ထိုအကြောင်းကို ဂရုမစိုက်ဘဲ သူမအမေက ထိုမုန်လာဥနီလေးအား အဘယ်ကြောင့်အရူးလေးလို့မခေါ်မှန်း စဥ်းစားနေခဲ့သည်။
" မာမား မြို့ထဲကိုသွားတာက သမီးဒီညကိုပြန်မလာတဲ့အတွက် သမီးကိုလာခေါ်တယ်လို့ ထင်ထားတာ... " မိုင်စွေ့အသံမှာ သိပ်အားမရှိချင်တော့။
သူမအမေသည် သူမလိုချင်သမျှသာအရင်ဖြည့်ဆည်းပေးတတ်ပြီး သူမကိုအမြဲဦးစားပေးဂရုစိုက်တတ်သူဖြစ်သည်။ ယခုတော့ သူမ၏နေရာမှာ သူမမောင်လေးနောက်သို့ ရောက်သွားခဲ့သည်။
သူမ၏စိတ်ထဲ၌ မသက်မသာ ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။
လင်းလန်သည် သူမ၏ကျောင်းအတွေ့အကြုံများနှင့် ဦးလေးနှင့် အဒေါ်တို့အကြောင်း သာမန်ကာလျှံကာသာမေးလိုက်သည်။ ထို့နောက် သူမသည် လွန်ခဲ့တဲ့နှစ်ရက်အတွင်း တဝမ်၏ လှုပ်ရှားမှုများအကြောင်း မေးမြန်းခဲ့သည်။
သူမကြောက်သည်မှာ တဝမ်သည် မြို့ထဲတွင် မကောင်းသည့်သူများနှင့်ပေါင်းမိ၍ မဟုတ်သည့်အကျင့်ဆိုးများတတ်လာမည်ကို ဖြစ်သည်။
သို့သော် မိုင်စွေ့မှာ မေးသည့်မေးခွန်းနှင့် ကွဲလွဲစွာ သူမဖြေချင်ရာသာဇွတ်ဖြေနေသည်။ မြို့ပြသည် မည်မျှလှပကြောင်း၊ မြို့ထဲကလူများ မည်သို့ဝတ်စားဆင်ယင်သည့်အကြောင်း၊ ကုန်စုံဆိုင်ကြီးတွင် မည်သည့်ပစ္စည်းများရောင်းချကြောင်း _ ပန်းပွင့်စကပ်များ၊ ဆံထိုးလှလှလေးများ၊ သားရေဖိနပ်များ စသဖြင့် အမျိုးစုံလို့ပင်...
လင်းလန်သိပ်စိတ်မရှည်ချင်တော့။
" အိမ်ရောက်မှ ဆက်ပြောရအောင်..."
မိုင်စွေ့သည် ရှောင်ဝမ်က သူမတို့အမေလက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်သည်။ ယင်းသည် လုံးဝ တွေ့ရခဲသော အပြုအမူဖြစ်သည်။ အဘယ်ကြောင့်ဆို သူမတို့အမေသည် ရှောင်ဝမ့်အားမုန်း၍ တစ်ခါမှ အပြင်သို့ခေါ်မထွက်ဖူးဘူးသောကြောင့်ပေ။
အဲ့တာဆို မာမားက ဘာလို့ ငါ့ထက် သူ့ကိုပိုဦးစားပေးရတာလဲ... သူမ မသက်မသာဖြစ်လာသဖြင့် လင်းလန်၏လက်နောက်တစ်ဖက်ကို ချက်ချင်းဆွဲကိုင်လိုက်သည်။
" မားမား, သမီး တစ်ညလုံးအိမ်ပြန်မလာခဲ့ဘူး... အဲ့တာကြောင့် မားမားကို လွမ်းနေတာ..."
လင်းလန်က ပြောခဲ့သည်။
" မင်းရဲ့မားမားကို နောက်ဘယ်တော့မှ ထပ်မတွေ့ရဖို့ နည်းနည်းပဲလိုခဲ့တာ..."
မင်းအမေ မနေ့က ပိုးသတ်ဆေးသောက်ခဲ့တယ်... ငါတောင်းပန်ပါတယ်, ဒါပေမဲ့ မင်းရဲ့အမေကို ဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်တော့ဘူး...
မိုင်စွေ့နှင့် သူမအစ်ကိုကြီးတို့အိမ်ပြန်ရောက်သောအခါ သူတို့အဘွားနှင့် အဒေါ်က သူတို့အမေ၏ ပိုးသတ်ဆေးသောက်ပြီး ပြဿနာဖြစ်အောင်လုပ်ထားသောအကြောင်းများအား အားပါးတရပြောသံများကို ကြားခဲ့ရသည်။ ထိုသို့ပြောရင်း သူမဘာသာသူမ မကောင်းသောဝေဖန်ချက်တချို့လည်း ပေါင်းထည့်လိုက်သေးသည်။
သူမအစ်ကိုကြီး၏ မျက်နှာမှာ အေးစက်မှုန်မှိုင်းသွားပြီး လူသတ်မှုကျူးလွန်တော့မည့် မျက်နှာထားမျိုးဖြစ်နေသည်။ သူမအစ်ကိုကြီးသည် မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ ပေါင်းပင်များရှင်းလင်းရန် ပြေးထွက်သွားပြီး သူမသည်လည်း သူမအမေကို စောင့်ရန် တောင်ဘက်သို့ဦးတည်ခဲ့သည်။ သူမအမေသည် ရှောင်ဝမ့်ကိုဆရာဝန်ပြရန်အတွက် မြို့သို့တက်သွားကြောင်း ရွာသားများကပြောကြသော်လည်း သူမအမေသည် သူမကိုကြိုရန်အတွက် မြို့သို့တက်သွားခြင်းဖြစ်သည်ဟု သေချာနေခဲ့သည်။
ဘယ်သူကများ ထင်မှာတဲ့လဲ...
" မားမား, မားက ရှောင်ဝမ့်ဆေးဖိုးအတွက် ပိုက်ဆံရှိတာလား...ဘာလို့ သမီးအတွက် ရှူးဖိနပ်တစ်ရံမဝယ်ပေးခဲ့တာလဲ..."
ဟန်မိုင်စွေ့သည် ပွင်းပွင့်လင်းလင်းမေးခဲ့သော်လည်း သူမအသံထဲတွင် အလိုမကျမှုများက ရောယှက်ပါနေသည်။
မည်သို့ပင်ဆိုစေ သူမအမေသည် သူမပစ္စည်းတစ်ခုခုလိုလာသည့်အချိန်တိုင်း အမြဲဝယ်ပေးနေကြပင်။ ထို့ကြောင့် သူမ ကျင့်သားရသွားပြီး ၎င်းကို ပုံမှန်ဟုပဲထင်မြင်လာတော့သည်။
လင်းလန်သည် သူမအား အလေးအနက်စိုက်ကြည့်လိုက်သည်။ ဟုတ်တယ်... ဒီကလေးမလေးက အရမ်းအလိုလိုက်ခံထားရတော့ ကန်းတက်လာတာပဲ... ဒီအတိုင်းဆိုရင် သူမရဲ့နံပါတ်၂အဒေါ်အတိုင်း ကိုယ့်ကိုယ်ကို အထင်ကြီး ဘဝင်မြင့်တဲ့ အရံဇာတ်ကောင်လိုဖြစ်သွားတော့မှာ..
လင်းလန်သည် ရှင်းသန့်လှပသော ကလေးမလေးအား တစ်ချက်ကြည့်လိုက်သည်။ ယခုအချန်၌ သူမလေးသည် လောဘအမြင်မဖုံးသေးသည့်အတွက် သူမ၏စိတ်သဘောထားကို အချိန်မှီပြောင်းလဲလို့ရနိုင်သေးသည်။ သူမပြောလိုက်သည်။
" မိုင်စွေ့ , ဒီနေ့ကစပြီး မာမားတို့မိသားစုရဲ့ ဝင်ငွေအားလုံးကို ရှောင့်ဝမ့်အပေါ်မှာ ဦးစားပေးသုံးရမယ်... မင်းတို့ကျောင်းအတွက် အသုံးစရိတ်ကိုတော့ နည်းနည်းချန်ပေးမှာပေါ့... ဒါပေမဲ့ ဖိနပ်တွေ, အဝတ်အစားတွေစတဲ့ အလှအပအသုံးအဆောင်တွေကိုတော့ နောက်ပိုင်းအမားတို့ချမ်းသာတော့မှ ဝယ်ပေးနိုင်မယ်... "
ဘာ... မာမားက ငါ့ကို ငြင်းလိုက်တယ်...
မိုင်စွေ့သည် လင်းလန်အား မယုံနိုင်စွာဖြင့် ကြောင်တောင်တောင် ငေးကြည့်နေခဲ့သည်။
မာမားက ပြောင်းလဲသွားပြီ! သူမက အခု မိထွေးလိုပဲ!
...
လင်းလန်သည် ဖြစ်ပျက်သွားသောအရာမှန်သမျှကို သိနားလည်နိုင်သော အမြင်အာရုံရှိသည်။ သို့သော် သူမ၏မျက်နှာထားသည် ပြောင်းလဲသွားခြင်း မရှိခဲ့။
မူလကိုယ်နှင့် ဟန်မိုင်စွေ့တို့၏ ဆက်ဆံရေးကို ရှင်းပြရန် အမှန်တကယ်လွယ်ကူသည်။
မူလကိုယ်သည် သူမအားချစ်လာမည့် တစ်စုံတစ်ယောက်ကို အမြဲတမ်းတမ်းတလျက်ရှိသည်။ သမီးတစ်ယောက်အနေဖြင့် သူမသည် မင်းသမီးလေးကဲ့သို့ ဂရုစိုက်ခံချင်သည်။ သူမ၏မိဘများသည် သူမကို ဂရုမစိုက်ခဲ့သည်က သနားစရာပင်။ သူမ၏အဖွားသည် သားများထက် သမီးများကို ပိုချစ်တတ်သူဖြစ်သော်လည်း သူမသည်ကား အချစ်မခံရသူအဖြစ် ကျန်ရစ်နေခဲ့ပေသည်။
အထူးသဖြင့် သူမ၏အဖွားသည် သူမ၏အငယ်ဆုံးဒေါ်လေးအား အချစ်များအားလုံးပုံပေးထားပေသည်။ ယင်းအချက်သည် မူလကိုယ်အား အမှန်တကယ် မနာလိုဖြစ်စေခဲ့သည်။ သူမလိုချင်ခဲ့သော ချစ်မေတ္တာများကို သူမခေါင်းထဲတွင် မသိမသာပုံဖော်ထားခဲ့သဖြင့် သမီးလေးရလာချိန်၌ သူမမရရှိခဲ့သော ချစ်ခြင်းများအား သမီးအပေါ်အကုန်စုပေးထားခြင်းမျိုး ဖြစ်ပေသည်။
သူမသမီးသည် သူမ၏ကိုယ်ပွားပင်ဖြစ်သည်။
မိုင်စွေ့သည် သူမကလေးဘဝကတည်းက သူ့အမေနှလုံးသားထဲရှိ အထူးခြားဆုံးနေရာတစ်ခုကို ယူထားပြီးဖြစ်သည်။ သို့သော် သူ့သမီးလိုချင်သော ဇိမ်ခံဘဝမျိုးကို သူမမထားပေးနိုင်ခဲ့။ ထိုအစား သူမချစ်သည့်ပုံစံသည် သူမသမီးအား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ မိုင်စွေ့ကြီးပျင်းလာပြီး တွေးခေါ်တတ်လာချိန်၌ သူမအမေ၏ တုံးအပြီး စိတ်ညစ်ဖွယ်အကျင့်စရိုက်ကို သူမစိတ်ကုန်လာခဲ့သည်။ တစ်ဖက်၌ သူမအဒေါ်သည် အဝတ်အစားလှလှလေးများဝတ်၍ ကောင်းကောင်းစားနိုင်ခြင်းကို အားကျလာခဲ့သည်။ သူမအဒေါ်သည် အချစ်ခံရပြီး ပညာတတ်သော ကံကောင်းသည့်လူများထဲမှတစ်ဦးဖြစ်သည်။ သူမကျောင်းတက်နေဆဲကာလ၌ပင် ကောင်မလေးများသာမက ကောင်လေးများပါ အားကျမနာလိုခြင်း ခံခဲ့ရသဖြစ်သည်။
မူလကိုယ်သည် ဗဟုသုတအနည်းငယ်ကိုသာ တီးမိခေါက်မိသိထားသော ပညာမသင်ဖူးသည့်မိန်းကလေးဖြစ်သည်။ လင်းလန်သည်ကား လုံးလုံးမသက်ဆိုင်သည့်ဖြတ်လျှောက်တစ်ဦးသာဖြစ်သော်လည်း မည်သည်တို့ဖြစ်ပျက်နေမှန်း သူမကောင်းကောင်းတွေးတောနိုင်လေသည်။
လမ်းအဆုံး၌ သူမ၏သမီးသည် ကျေးဇူးတရားကို သိမြင်ပုံမပေါ်ဘဲ ဘယ်လိုဉာဏ်များသင့်ကြောင်း အကြံထုတ်နေပေသည်။ သူမ ကံကြမ္မာအတွက် အချစ်နေရာမှာ အမုန်းနဲ့အာဃာသတွေသာ အစားထိုးဝင်လာမှတော့ ဘယ်ဟာကများ ကျေးဇူးတင်စရာကောင်းဦးမှာတဲ့လဲ..
.
ဘယ်အချိန်မဆို ဦးစားပေးအချစ်ခံရသောမိုင်စွေ့အတွက် သူမအမေက သူမအား မင်းသမီးလေးကဲ့သို့ ဂရစိုက်ပေးခြင်းသည် သူမအတွက် ဒုတိယမြောက် သဘာဝကျမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူမသည် တခြားမည်သည့်ချွင်းချက်ကိုမှ စဥ်းစားစရာမလိုခဲ့။ ဥပမာဆိုရသော် သူမမြို့သို့တက်သွားသည့်ကိစ္စကို ကြည့်ပါလျှင် ဟန်မိုင်စွေ့သည် သူမမောင်လေးဖျားနေ၍ ဟု မတွေးမိသလို တခြားအကြောင်းတစ်ခုခုကြောင့်ဟုလည်း တွေးမိခြင်းမျိုးမရှိဘဲ သူမအမေ သူမကိုသာရှာရန်လာခဲ့သည်ဟု တသမတ်တည်းတွေးထင်နေခဲ့သည်။
ထိုအပြုအမူသည် ကမ္ဘာလောကကြီးက သူတို့အပေါ်မှာပဲ လည်ပတ်နေသည်ဟု ယူဆထားသော ဘဝင်မြင့်ချင်သည့်စိတ်သဘောထားပင်ဖြစ်တော့သည်။
ထိုအကျင့်အား ပြုစုပျိုးထောင်ပေးသူမှာ မူလကိုယ်ပင်ဖြစ်သည့်အတွက် ထိုကလေးမလေး ထိုသို့တွေးတတ်ခြင်းမှာလည်း ပုံမှန်သာဖြစ်တော့သည်။
လင်းလန်သည် သူမအား ထိုနည်းလမ်းအတိုင်းပျိုးထောင်ရန် ရည်ရွယ်ချက်မရှိပေ။
ပထမဆုံးအချက်အနေနှင့် သူမသည် ကလေးများကိုမကြိုက်ပေ; သူတို့ကို ပြုစုစောင့်ရှောက်ရန်အား ပြောစရာမလိုတော့။ ဒုတိယအနေနှင့် သူတို့တွေသည် သူမကလေးများလည်းမဟုတ်သည့်အတွက် ပျော့ပျောင်းနေမည်တော့မဟုတ်ချေ။
ဟဟ...
xxxxx