အပိုင်း ၁၇-၁၈
Viewers 22k

Part 17


သူမအိမ်ထဲဝင်လာသည့်နှင့် ပင်မခန်းမမှ သူမ၏ဒုတိယမရီးနှင့် အဖွားကြီးဟန်တို့ လျှောက်လာသောအသံအား ကြားလိုက်ရသည်။ 


ဟန်မိသားစု၏ ဒုတိယမရီးမှာ ဒေါသထွက်နေသည်။ 


" တပ်မဟာရုံးချုပ်ကနေ ပိုက်ဆံချေးပြီး ဆေးရုံသွားတဲ့သူရယ်လို့ ဘာလို့များရှိရတာလဲ...သူမကလေးကို အကြောင်းပြပြီး သူမအတွက်သူမသုံးလိုက်တာဟုတ်မဟုတ် ငါတို့ဘယ်လိုသိမှာလဲ... အစကတည်းက သူမကလေးတွေကို ဆရာဝန်သွားပြပြီး ဂရုစိုက်ခဲ့လေ... အခုမှလာပြီး ဂရုစိုက်ပြနေတာ..."


ပိုက်ဆံများကို အဖွားကြီးဟန်တစ်ဦးတည်းကသာ စီမံခန့်ခွဲသည်_ ငွေကြေးတစ်ပြားနှစ်ပြားကအစ အဖွားကြီးဟန်ပေးမှသာ ရတတ်သည်။ ဒတိယမရီးသည် သူမကိုယ်တိုင် ပိုက်ဆံတစ်ပြားမှ မကိုင်နိုင်ချိန်တွင် လင်းလန်က တပ်မဟာဝင်းထိသွားချေးခဲ့ပြီး သုံးခဲ့သည့်အတွက် မကျေမနပ်ဒေါ‌သထွက်နေခြင်းဖြစ်သည်။ 


အရှက်မရှိလိုက်တာ!


အလုပ်မလုပ်ချင်လို့ ပိုးသတ်ဆေးသောက်ပြီး သတ်သေချင်ယောင်ဆောင်တယ်... ပြဿနာကအဲ့မှာထင်မပြီးသေးဘဲ ပိုက်ဆံပါသွားချေးလိုက်သေးတယ်... သူမ ဘာကြောင့် အဲ့လောက်အရှက်မရှိရတာလဲ...


အဖွားကြီးဟန်လည်း ဒေါသအရမ်းထွက်နေခဲ့သည်။ သို့သော် အဖိုးကြီးဟန်က သူမကို ချော့ထားသည့်အတွက် သူမဒေါသအတော်များများ လျော့သွားခြင်းဖြစ်သည်။ ‌အဖိုးကြီးက ရှောင်ဝမ့်၏ရောဂါကို အခုမဟုတ်လည်းနောက်ခါ ကုပေးရမည်ဖြစ်သည့်အတွက် စိတ်လျှော့ရန် ဖျောင်းဖြသည်။ ထိုသို့မှမဟုတ်လျှင် သူတို့မကောင်းပြောခံရလိမ့်မည်ဖြစ်သည်။ 


သူမသည် ကုသစရိတ်အတွက် ငါးဒေါ်လာယူသွားသော်လည်း လုံးဝပျောက်ကင်းအောင် ကုသနိုင်မည်မဟုတ်ချေ။ ထိုသို့နှင့် တတိယမိသားစုလည်းအလျော့ပေးပြီး နောက်အခါ ထိုအကြောင်းနှင့်ပတ်သက်၍ စောဒကတက်ခြင်းလည်း ပျောက်သွားလိမ့်မည်။ 


အဖွားကြီးဟန်လည်း သူမခေါင်းထဲတွင် ထိုအကြောင်းအား တွေးထားပြီးဖြစ်သည် _

သူမသည် ကြွက်စုတ်နှင့်တော့ ဖက်ပြီးရန်ဖြစ်မှာမဟုတ်... အဘယ်ကြောင့်ဆို ရှောင်ဝမ်လည်း သူမမြေးပင်ဖြစ်သည့်အတွက်ဖြစ်သည်။ 


သို့သော် တပ်မဟာဝင်းထဲမှ ပိုက်ဆံသွားချေးရဲသည့်အကြောင်းစဥ်းစားလိုက်လျှင် _ ငါးဒေါ်လာချေးငွေ... သူမအသက်ပင်တိုသွားသည်ဟု ခံစားလိုက်ရသည်။ 


မိသားစု၏ ဝင်ငွေ၊ထွက်ငွေစာရင်းတိုင်းကို သူမကအမြဲထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် တစ်ခြားသူဆီမှ ပိုက်ဆံသွားချေးခြင်းသည် သူမ၏သိက္ခာအား ပုတ်ခတ်သယောင်ဖြစ်နေသည့်အတွက် သည်းခံ၍မရပေ။ 


အဲ့တာများထက် ငါးဒေါ်လာသည် နည်းသည့်ငွေပမာဏမဟုတ်ချေ။ ဘယ်လိုလူကများ ငွေပမာဏကြားလိုက်တာနဲ့ ဘာမှမစဥ်းစားဘဲ တန်း‌ချေးပေးရတာလဲ...


အဖိုးကြီးက အဖွားကြီးအား ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။ 


" တတိယလေးက မင်းကို ဒေါ်လာထောင်ဂဏန်းလောက်ပို့ပေးထားသေးတယ်မလား... ဒီငါးဒေါ်လာလောက်ကို ဘာလို့စာထိုင်ဖွဲ့နေတာလဲ... "


အဖိုးကြီးပါးစပ်မှ "တစ်ထောင်" ဟုပြောပြီးပြီးချင်း သူမ၏ကြွက်သားများနာကျင်လာသဖြင့် အဘိုးကြီးအား ပါးစပ်ပိတ်ထားရန် မြန်မြန်အချက်ပြလိုက်သည်။ အပြင်လူတစ်ယောက်ယောက်ကြားသွားခဲ့သော် သူမသည် တတိယမိသားစု၏ပိုက်ဆံများကို အခွင့်ကောင်းယူနေသည်ဟု ကောလဟာလများကို လျှောက်ဖြန့်ပစ်ပြီး ပြဿနာကြီးလာမည်ကို သူမလုံးဝမလိုချင်၍ဖြစ်သည်။


" အမေ, သူမရဲ့လုပ်ရပ်အတွက် အရေးယူမှာလား, မယူဘူးလား... ဒီအတိုင်းသာဆက်သွားရင် နောက်ဆို သူမကပဲငွေကိုင်တဲ့သူ ဖြစ်လာလိမ့်မယ်! " 


ဒုတိယမရီးက ဒေါသတကြီးပြောသည်။ 


" ကျွန်မကတော့ အမေ သူမကို သူမတို့မိဘတွေဆီနှင်ထုတ်လိုက်တာပဲ ကောင်းမယ်ထင်တယ်... တတိယလေးက အခုဆိုရင် အစိုးရဝန်ထမ်းဖြစ်နေပြီ... အကျင့်သီလကောင်းတဲ့မိန်းကလေးတစ်ယောက်လောက်ရှာမတွေ့မှာကို စိုးရိမ်စရာမလိုတော့ဘူး... အဲ့တာကို ကျွန်မတို့က ဘာလို့ ဒီလောက်ပြဿနာရှာတတ်တဲ့ ကြွက်စုတ်မကို သည်းခံပေးနေရမှာလဲ... "


လင်းလန် ခြံဝင်းထဲဝင်လာချိန်နှင့် တိုက်ဆိုင်သွားရာ သူမကပြန်ပြုံးပြ၍ ပြောလိုက်သည်။ 


" ဒုတိယမရီး, ကျွန်မကိုစိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ စိတ်ဒုက္ခအရောက်မခံပါနဲ့... စိတ်မပူပါနဲ့ , ကျွန်မမရိုင်းစိုင်းတော့ပါဘူး... ကျန်တဲ့ဘဝတစ်လျှောက်မှာ ဘယ်တော့မှ စိတ်ထင်ရာမလုပ်တော့ပါဘူး... ဒါပေမဲ့ တတိယလေးနဲ့ ကျွန်မ မကွာရှင်းပေးနိုင်ဘူး... "


ဆက်သွားလေ, ဒေါသ‌ထွက်ချင်သလောက်ထွက်, ရှင့်တို့တွေ ဒေါသကြောင့်ရူးသွပ်လာသည့်အထိ ထိုင်ကြည့်ပေးနေမယ်...


ဟန်ချင်စုန့်၏ အကျင့်စရိုက်အရ, မူလကိုယ်၏ဝုန်းဒိုင်းကြဲအပြုအမူများထက် ကလေးများအတွက်ကြောင့် သူမအား ကွာရှင်းသည်အထိ လုပ်မည်မဟုတ်ချေ။ သူသည် သူတို့အမေ၏အကူအညီမပါဘဲ ကလေးများအား တစ်ယောက်ထဲပြုစုပျိုးထောင်သည်ထက် ယင်းအရာကိုသာ နှုတ်ဆိတ်ပြီး သည်းခံနေလိမ့်မည်။ 


" နင်... "


" သူမက အရမ်းမောက်မာလွန်းတယ်! "


အဖွားကြီးဟန်က မနှစ်မြို့သည့်လေသံဖြင့် ပြောလိုက်သည်။ 


" နင်က အရမ်းတတ်သိနေတယ်ပေါ့ , ဟုတ်လား? နေ့တိုင်းဘာအလုပ်မှမလုပ်ဘဲ အမြဲလတ်လျားလတ်လျားနဲ့ ; မြို့ကြီးပြကြီးဆိုတာမင်းသွားချင်တဲ့အချိန်တိုင်းသွားလို့ရတဲ့နေရာများထင်နေတာလား..."


လင်းလန် ပြုံး၍ ဆက်ပြောသည်။ 


" ကျွန်မ အလုပ်မလုပ်ဘဲနေရင်တောင် ကလေးတွေအဖေက ကျွန်မတို့စားဖို့ လုံလောက်အောင် ရှာပေးနိုင်ပါတယ်... "


ရှင်တို့က ကျွန်မကို အလုပ်လုပ်ခိုင်းမယ် စိတ်ကူးတယ်ပေါ့... ကံဆိုးစွာပဲ ကျွန်မက အားမရှိလို့ အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး... ဒီမိန်းကလေးက ခွန်အားမရှိဘူးလို့ , ဟုတ်ပြီလား... ကီလိုမီတာ၅၀ လမ်းလျှောက်ရသည်ကပင် သူမကို ဘာမှမလုပ်နိုင်အောင် မောပန်းစေသည်။ 


အဖွားကြီးဟန်နှင့် ဒုတိယမရီးမှာ အရမ်းဒေါသထွက်နေကြသော်လည်း သူမသည် ဒေါသထွက်နေသူမဟုတ်သဖြင့် မီးတောက်အား ယပ်ခပ်ပေးနေရုံသာ...


" အိုး , ဟုတ်သားပဲ... မိုင်စွေ့လေးမြို့ထဲသွားတုန်းက သူမရဲ့ဒေါ်ငယ်လေးက သူမရဲ့အဝတ်အစားကို လျှော်ရင်းနဲ့ မတော်တဆပြဲသွားခဲ့တယ်... ဟင်း... , ကျွန်မရဲ့သမီးမှာ သူ့အဒေါ်ကို ဘယ်လိုလုပ်အပြစ်တင်ရဲပါ့မလဲ... အဲ့တာကြောင့် ဒေါ်ငယ်လေးက သူ့ကို  ရှူးဖိနပ်သွားကြည့်ဖို့ ကုန်တိုက်ခေါ်သွားပြီးတော့ သူမအဖွားကသူမကို တစ်ရံဝယ်ပေးလိမ့်မယ်လို့ပြောခဲ့တယ်တဲ့... "


အဘွားကြီးဟန်၏ဒေါသများမှာ ငယ်ထိပ်ထိဆောင့်တက်နေပြီဖြစ်သည် , ငါးဒေါ်လာကပင် သူမသွားကိုကြိတ်ထားဖို့ လုံလောက်နေခဲ့ပြီ, သို့သော် အခုတော့ ရှူးဖိနပ်အတွက်ပါ ပေးရဦးမည်တဲ့... ရှူးဖိနပ်တစ်ရံလျှင် ၇ဒေါ်လာမှ ၈ဒေါ်လာအထိရှိသည်; အဲ့တာက ပြီးပြီးရော ဝယ်နိုင်တဲ့ ပစ္စည်းတဲ့လား...


အဖွားကြီးဟန်၏ မျက်နှာတွင် အလိုမကျမှုများဖြတ်ပြေးသွားပြီး သူမ၏ဒေါသများအား ဟန်မိုင်စွေ့ထံပုံချတော့သည်။ 


" မင့်းသမီးရဲ့အသက်က အခုမှ ဘယ်လောက်ရှိသေးလို့လဲ... သူမ ရှူးဖိနပ်နဲ့ ထိုက်တန်ရဲ့လား ဆိုတာ ဘာလို့ သူမကိုယ်သူမ မှန်ထဲကြည့်ပြီး အရင် မစစ်ဆေးကြည့်ရတာလဲ...  "


သူမ၏ အဖိုးတန်သမီးလေးမှလွဲ၍ သူမမျက်စိတွင် ဘယ်သူတစ်ဦးတစ်ယောက်မှ ရှူးဖိနပ်နှင့် ထိုက်တန်သည်ဟု မထင်ချေ ; အထူးသဖြင့် တတိယမိသားစု၏ သမီးဖြစ်လျှင်ပိုဆိုးသည် _ သူမသည် မထိုက်တန်သည့်လူများထဲမှ လုံးဝမထိုက်တန်ဆုံးလူဖြစ်သည်။ 


လင်းလန်သည် သူမစကားကို ဆုံးအောင်နားထောင်ပြီးနောက် စတင်လှုပ်ရှားတော့သည်။ သူမ ထိုစကားများပြောရခြင်း၏ နောက်ကွယ်က အကြောင်းတစ်ရပ်မှာ ဟန်မိုင်စွေ့နှင့် သူမတို့ မြေးအဖွားတူဝရီးနှစ်ယောက်ကြားက ဆက်ဆံရေးကို ယိုင်လဲစေချင်၍ဖြစ်သည်။ ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့နှစ်ယောက်ကြောင့် ကလေးမလေး, တဝမ်နှင့် သူတို့အမေ၏ ဆက်ဆံရေးမှာ ပို၍ ဆိုးရွားသွားလိမ့်မည်။ 


သူမသည် မီးထဲသို့ လောင်စာဆီထပ်ထည့်လိုက်သည်။ 


" ဘယ်လိုတောင် စော်ကားရက်တာလဲ... ရှင့်သမီးကျတော့ ရှူးဖိနပ်စီးရပြီး ကျွန်မသမီးကျတော့ ရှူးဖိနပ်စီးဖို့တောင် မထိုက်တန်ဘူးတဲ့လား... သူမရဲ့အဖေကပဲ ပိုက်ဆံရှာပေးနေတာနော်... "


မိုင်စွေ့သည် လင်းလန်ပြောသမျှကို နားထောင်ရင်း မျက်ရည်ကျလာသည်။ သူမအမေသည် သူမကို ကာ‌ကွယ်ပေးပြီး သူမဘက်က ရပ်တည်ပေးနေမှန်း သိသွားခဲ့သည်။ 


သူမအဘွားသည် အငယ်ဆုံးအဒေါ်လေးသုံးရန် ပိုက်ဆံရှိသော်လည်း သူမအတွက်တော့ မရှိခဲ့။ အဲ့တာများထက် ထိုပိုက်ဆံများသည် သူမအဖေရှာထားသည်များသာ...


မိုင်စွေ့သည် ဝမ်းနည်းပက်လက်ငိုတော့သည်။ သူမမျက်နှာကိုအုပ်ကာ ‌အရှေ့ဆောင်သို့ ပြေးသွား၍ ဆက်ငိုတော့မည်ဖြစ်သည်။ အရှေ့ဆောင်မှ အခန်းသည် ကျဥ်းကျပ်ပြီး မှောင်မဲကာ ဖုန်များစွာနှင့် အနံ့အသက်လည်း မကောင်းသည့်အတွက် သူမသည် သဘောမကျ၍ ပင်မဆောင်၏ အရှေ့ဘက်အခန်း၌သာ သူမအဖွားနှင့်အတူတူအိပ်လေ့ရှိသည်။


အဘွားကြီးဟန်သည် လင်းလန်၏ပြောစကားများကြောင့် ဒေါသထွက်လွန်း၍ တသိမ့်သိမ့်တုန်နေသည်။ သူမဒေါသများ၏ အဓိကတရားခံအား လက်ညိုးတထိုးထိုးနှင့် ကြိမ်းမောင်းနေတော့သည်။ 


xxxxxx

Part 18


လင်းလန်က အပြုံးမပျက်ပေ။ 

" အိုက်ယိုး... အမေရယ်... အဲ့လောက်ဒေါသမထွက်ပါနဲ့... မထိုက်တန်ဘူးလေ... "


လင်းလန်သည် တစိမ်းတစ်ယောက်အား "အမေ"လို့ ခေါ်ရသည်နှင့် သိပ်အသားမကျသေးပေ။ 


သက်ကြီးရွယ်အိုတစ်ယောက်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုကြုံရပါလျှင် ပြဿနာတက်သွားနိုင်‌လိမ့်မည်။ 


သူမလည်း ရှောင်ဝမ့်ကိုခေါ်ပြီး ‌အရှေ့ဆောင်သို့ ပြန်သွားလိုက်သည်။ လမ်းလျှောက်ရင်း ပျော်ပျော်ရွှင်ရွှင် သီချင်းသံအေးအေးလေးပင် ညည်းသွားလိုက်သေးသည်။ 

" ဒီနေ့တော့ လူတိုင်းပျော်ကြတယ်... ပျော်ကြတယ်~ "


အဖွားကြီးဟန်နှင့် ဒုတိယမရီးတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ 


တွေ့လား,တွေ့လား.. ဒါဘယ်လိုအပြုအမူမျိုးလဲ!

အဖွားကြီးဟန်က ကျိန်ဆဲတော့သည်။ 


" သူမဘာသာ‌သူမ ပိုးသတ်ဆေးသောက်ပြီး မြစ်ထဲခုန်ချတာကပဲ ပိုကောင်းသေးတယ်! " အနည်းဆုံးတော့ သူမကိုယ်သူမသာ ထိခိုက်စေသည်လေ... အခုတော့ သူမသေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မထူးခြားတော့... လူတွေကို ဒေါသထွက်လာအောင်လုပ်ရန် ရည်ရွယ်ချက်တစ်ခုသာရှိသည့် ပြုံးနေသောကျားတစ်ကောင်အတိုင်းပင်...


ဒါပေမဲ့ သူမကတကယ်ပဲ  ဉာဏ်နီဉာဏ်နက်များတဲ့ ကျားတစ်ကောင်ဖြစ်‌သွားတယ်, ဒါမှမဟုတ် သူမမှာ အားကိုးစရာ နတ်သမီးများ ရှာတွေ့ထားတာလား...


လင်းလန်သည် အရှေ့ဘက်အဆောင်သို့ပြန်လာခဲ့ပြီး ရှောင်ဝမ်အား ထမင်းမစားခင် လှဲလျောင်းအနားယူခိုင်းလိုက်သည်။ သူမ ယန်ဟန်ပေးခဲ့သော သကြားလုံးတစ်လုံးကို အခွံခွာလိုက်ပြီး ဟန်မိုင်စွေ့ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ 


တစ်ခါရိုက်ပြီး သူတို့ကို နောက်တစ်ခါ ကောင်းကောင်းဆက်ဆံပေးလိုက်; ၎င်းအဆိုသည် ထိုကလေးမလေးအပေါ် ကောင်းကောင်းအလုပ်ဖြစ်သည်။ သူမ၏စိတ်လေးနာကျင်နေတုန်း ခပ်မြန်မြန်ကုသပေးရမည် _ ထိုနည်းလမ်းဖြင့် သူမ၏သမီးနှင့် နှလုံးသားချင်း ရင်းနှီးလာနိုင်ဖွယ်ရှိသည်။ 


မိုင်စွေ့သည် လင်းလန်ရင်ခွင်ထဲ၌ သူမခေါင်းကိုမြှုပ်ထားပြီး သကြားလုံးကို မြုံ့နေရင်း စိတ်ထဲတွင် အလိုမကျမှုကြောင့် ချိုမြိန်သောအရသာကို ခါးခါးတီးတီးညည်းညူနေခဲ့သည်။ 


" မားမား, အဖွားက သူ့အချစ်ဆုံးတွေကို ဘက်လိုက်တယ်... "


ရုတ်တရက် လင်းလန်သည် သူမခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလာပြီး ခေတ္တမျှ ကြောင်အသွားသည်။ နဖူးပေါ်၌ ချွေးအေးများကျလာချေပြီ။ ယခုအချိန်၌ သူမသည် မသက်မသာအခြေအနေမှ ထွက်ပြေးချင်သည်မှအပ တခြားဘာမှမလိုချင်တော့။ 


ရှောင်ဝမ်သည် ၄နှစ်သာရှိသေးသည်; ထို့ကြောင့် ထိုကလေးငယ်လေးအတွက် ယခုလိုဖက်ပေးထားရုံဖြင့် အဆင်ပြေသော်လည် ဟန်မိုင်စွေ့သည် အရွယ်ရောက်ပြီးချေပြီ။ ထို့ကြောင့် လင်းလန်လည်း သူမအား ဆက်ပြီးဖက်ထားပေးရမည်လော သို့မဟုတ် တွန်းထုတ်လိုက်သင့်သည်လော မသိတော့သဖြင့် ဘေးကျပ်နံကျပ်ဖြစ်နေတော့သည်။ 


ဟန်မိုင်စွေ့သည် သူမ၏ပျက်ယွင်းနေသော အခြေအနေအား သတိထားမိသွားမည်စိုးသဖြင့် သူမကျောလေးကိုသာ ငြင်ငြင်သာသာပုတ်ပေးလိုက်သည်။ 


" မားမားက ရှောင်ဝမ့်ကို ဆရာဝန်သွားပြတာ... အဲ့မှာ လူတစ်ယောက်က မားတို့ကို သကြားလုံးတွေ ပေးခဲ့တယ်... "


ဟန်မိုင်စွေ့မှာ သူမမျက်ရည်များနှင့် မွန်းကြပ်ရတော့မတတ်ရှိုက်ကြီးတငင်ငင် ဖြစ်နေသည်။ 


" မားမားက သမီးအပေါ် အကောင်းဆုံးပဲ! "


သူမအဖွားသည် သူမအား အငယ်ဆုံးဒေါ်လေး၏ ဝေယျာဝေစ္စများကို အမြဲမပြတ်လုပ်ခိုင်းလေ့ရှိသည်။ ထို့ကြောင့် သူမလည်း သူတို့အဝတ်များလျှော်ပေးခြင်း၊ လက်ဖက်ရည်ဖြည့်ပေးခြင်း၊ ရေဖြည့်ပေးခြင်း စသဖြင့် ဝေယျာဝေစ္စအမျိုးမျိုး လုပ်ပေးခဲ့သော်လည်း သူမအား အလုပ်ကောင်းကောင်းလုပ်သည့်အတွက် တစ်ခါမှ ချီးကျူးဖူးခြင်းမရှိခဲ့။ သူမအမေတစ်ဦးတည်းကသာ သူမရဲ့သမီးယခုလိုအလုပ်မျိုးလုပ်နေရသည်ကို မကြည့်ရက်ခဲ့ခြင်းဖြစ်သည်။ 


ဝူးဝူး! မားမားကသာ အကောင်းဆုံးပဲ!


လင်းလန်သည် သူမဆံပင်လေးအား သပ်ပေးလိုက်သည်။ တခြားအမေများ သူတို့သမီးကို ချော့ပေးသည့်အတိုင်းတုပ၍ ပျော့ပျော့ပျောင်းပျောင်းပြောလိုက်သည်။ 


" မိုင်စွေ့ , စိတ်မပူနဲ့... မိသားစုခွဲထွက်ပြီးတဲ့နောက် မားတို့ချမ်းသာလာရင် သမီးကို ရှူးဖိနပ်ကော, ပန်းပွင့်ဂါဝန်လှလှလေးကော ဝယ်ပေးမယ်... "


" ဒါပေမဲ့ ဖွားဖွားက အိမ်ခွဲမယ်ဆိုရင် သမီး.တို့ကို ဒီကနေနှင်ထုတ်ပြီး ပိုက်ဆံလည်းမပေးတော့ဘူးတဲ့... "


လင်းလန်က ပြုံး၍ ပြန်ဖြေလိုက်သည်။ 

" အဲ့ဒါကို သူမဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး... "


နေပူသည်မှ မိုးရွာသည်သို့ ရွေ့လျားနိုင်သော ရာသီဥတု, သမီးအဖြစ်မှ ချွေးမဖြစ်လာမည့် သတို့သမီး, အလုပ်အကိုင်တစ်ခုမှ နောက်အသစ်တစ်ခုသို့ ပြောင်းချင်သော သားတစ်ယောက် _ ထိုအရာများသည် သာမန်လူသားတစ်ယောက် လုပ်နိုင်စွမ်းရည်ဖြင့် ထိန်းချုပ်၍မရနိုင်သော အရာများဖြစ်သည်။ 


တစ်အောင့်ကြာသော် အနောက်ဘက်အဆောင်မှ တအီအီငိုသံထွက်လာခဲ့သည်။ အသံပိုင်ရှင်မှာ ဟန်မိသားစု၏ ဒုတိယချွေးမပင် ဖြစ်ချေသည်။ 


သူမငိုရခြင်း အကြောင်းမှာ သူမတို့မိသားစုသည် ဆင်းရဲသည့်အပြင် မျှမျှတတဆက်ဆံမခံရခြင်းကြောင့် ဖြစ်သည်။ ဒုတိယအိမ်ထောင်စုနှင့် ပထမအိမ်ထောင်စုတို့မှာ အနောက်ဘက်အဆောင်ဝင်းတွင် ကျဥ်းကြပ်စွာ စုပေါင်းနေထိုင်ရသည်။  တစ်ဖက်မိသားစုသည် မြောက်ဘက်အခန်းမှာအိပ်ရပြီး တစ်ခြားမိသားစုမှာတော့ တောင်ဘက်အခန်း၌ အိပ်ရသည်။ ကလေးများသည် သူတို့၏အဘိုး,အဘွားနောက်လိုက်၍ ပင်မဆောင်၏အရှေ့ဘက်အခန်း၌ အိပ်ကြသည်။ 


သို့သော် တတိယမိသားစုမှာ အရှေ့ဘက်အဆောင်တစ်ခုလုံးကို အပိုင်စီးရထားလေသည်။ 


သူမသည် အလုပ်ကိုရှောင်ချင်သည့်အတွက် နေ့တိုင်းသေချင်ယောင်ဆောင်သည့်အပြင် မိသားစုက  သူမအား အကျိုးမရှိ ပြုစုကျွေးမွေးရသေးသည်။ 


ဘယ်မှာလဲ, အသိစိတ်....


သူမတွင် အချိန်အတော်ကြာ စုစည်းသိမ်းဆည်းထားသော အထည်ကူပွန်များရှိပြီး အသုံးမပြုရသေးဘဲ ရက်လွန်သွားမည်ကို စိုးရိမ်နေမိသည်။ တစ်ယောက်ယောက်နှင့် အလှဲအလှယ်လုပ်နိုင်ရန်အတွက် လုံလောက်သောကူပွန်ပမာဏအထိ ထပ်စုဖို့လိုသေးသော်လည်း အထည်များကို သင့်တော်သောအဝတ်တစ်စုံရဖို့ ချုပ်ရန်အတွက် သူမတွင်ပိုက်ဆံမရှိချေ။ ထို့ကြောင့် သူမသည် အဖွားကြီးဆီမှ ဒေါ်လာအနည်းငယ်မရခင် နှစ်သစ်ကူးအထိစောင့်ရမည်ဖြစ်သည်။ 


သို့သော် အဲ့ကြွက်စုတ်က တပ်မဟာဝင်းထိသွားပြီး ပိုက်ဆံသွားချေးရဲမယ်လို့ ဘယ်သူကထင်မှာတဲ့လဲ...


အဲ့တိုင်းရကြေးဆို သူမလည်း သွားပြီး ပိုက်ဆံသွားချေးခဲ့မယ်လေ!


မရီးကြီးပြန်ရောက်သောအခါ အိမ်ထဲမှ တစ်ယောက်ယောက်ငိုသံအား ကြားလိုက်ရသည်။ ပထမက သူမသည် တတိယမိသားစုမှဖြစ်သည်ဟု တွေးထင်လိုက်သည် , သို့သော် သူမသေချာနားထောင်ကြည့်သောအခါ ဒုတိယမိသားစုထံမှ ဖြစ်သဖြင့် သူမစိတ်ထဲ၌ ရုတ်တရက်ဘုရားတမိသွားသည်။ 


သူမပြန်လာတာနောက်ကျသဖြင့် ထမင်းမချက်ရသေးသောကြောင့် အဖွားကြီးစိတ်တိုနေခြင်းဖြစ်ရမည်ဟု တွေးလိုက်မိသည်။ လူကြီးများသည် ဒုတိယမရီးကို ထမင်းချက်တာဝန်အပ်ထားသည်ဟု ယူဆလိုက်သဖြင့် သူမကိုယ်သူမ တာဝန်မကင်းသလို ခံစားလိုက်ရသည်။ 


"တိတ်တော့... အစ်မချက်လိုက်မယ်..."


ထိုအချိန်၌ လင်းလန်သည် အရှေ့ဆောင်မှ ထွက်လာခဲ့ပြီး ပြုံးပြလေသည်။ 


" ပထမမရီး, ကျွန်မရှင့်ကို ကူညီပေးမယ်လေ.."


ပထမမရီးသည် ရုတ်တရက်တုန်လှုပ်သွားပြီး ခပ်လန့်လန့် ပြန်ဖြေသည်။ 

" မလိုဘူး... မလိုဘူး, မင်းရဲ့ကလေးကို မြို့ထဲခေါ်သွားပြီး ဆေးရုံသွားပြရတာ ပင်ပန်းနေရောပေါ့... အနားယူလိုက်အုံး..."


အတိတ်တုန်းက မူလကိုယ်သည် လေးလံထိုင်းမှိုင်းသောအမူအရာသာ အမြဲတပ်ဆင်ထားသူဖြစ်သည်။ သူမကို ကြည့်လိုက်လျှင် တစ်ယောက်ယောက်က သူမအား ပိုးသတ်ဆေး‌အကြွေးတင်ထားသည့်ရုပ်နှင့် အမြဲဖြစ်နေသည်။ သူမပါးစပ်ဖွင့်သည်နှင့် အမြဲအပြစ်တင်ညည်းညူနေတတ်သဖြင့် ဘယ်သူမှ သူမနှင့် စကားမပြောချင်ကြပေ။ 


ထို့ကြောင့်ပဲ သူမ၏ ရင်းနှီးသောအပြုအမူနှင့် ကူညီချင်လွန်းသည့် စိတ်အားထက်သန်မှုများက ပထမမရီးအတွက် အနီရောင်ကတ်များထောင်ပြသလိုဖြစ်နေတော့သည်။ 


ဒီမိန်းမမှာ မကောင်းသည့်ရည်ရွယ်ချက်များ ရှိနေလားဟု သူမတွေးနေမိသည် _ ဟင်းအိုးထဲကို ပိုးသတ်ဆေးလောင်းထည့်ပြီး တစ်မိသားစုလုံးအား အဆိပ်ခတ်နိုင်သည့် ရည်ရွယ်ချက် ရှိနေနိုင်မှန်း သံသယဖြစ်နေသည်။ 


သူမလည်း ထိတ်လန့်တကြားနှင့် မီးဖိုခန်းထဲသို့မြန်မြန်ဝင်သွားပြီး သူမဘာသာသူမဟင်းချက်ရန်ပြင်ဆင်တော့သည်။ ထိုသို့လုပ်နေရင်း တတိယမိသားစု ဘာထူးဆန်းသည်မှ မလုပ်မိအောင် သေချာစောင့်ကြည့်သင့်သည်ဟုလည်း တွေးနေပေသည်။ 


xxxxx