Part 19
ကိုက်တတ်သည့်ခွေးသည် ဘယ်တော့မှ မဟောင်တတ်ဟူသောဆိုရိုးရှိသည် _ အတိတ်တစ်ချိန်က သူမသည် "အမြဲဟောင်သော်လည်း ဘယ်တော့မှ မကိုက်တတ်" သည့် အကျိုးဆက်ကိုသာကြုံခဲ့ရပြီး ယခုတော့ လုံးဝဟောင်မည်မဟုတ်တော့ဘဲ ကိုက်ပဲကိုက်တော့မည်ဟု ခံစားနေရသည်။
ထိုကဲ့သို့ စဥ်းစားလိုက်ပါက သူမသည် တတိယမိသားစုအား သူမတို့အိမ်မှနှင်ထုတ်နိုင်မည့် နည်းလမ်းကို ကြိုရှာထားရတော့မည်ဖြစ်သည်။
လင်းလန်သည် သူမလက်များအား မြှောက်ဆန့်ပြီး အညောင်းဖြေလိုက်သည်။ သူမ အပျင်းကြီးနေ၍တော့မဟုတ်_ အဘယ်ကြောင့်ဆို တစ်ယောက်မှ သူမအား မခိုင်းရဲကြသောကြောင့်ဖြစ်သည်။
သူမဘေးဘီဝဲကြည့်လိုက်ပြီး ခြံဝင်းအားလှည်းကျင်းရန် တံမြက်စည်းကိုင်လိုက်သည်။ အိမ်ထဲတွင် ကြက်အနည်းငယ်မွေးမြူထားသဖြင့် ခြံဝင်းမှာ ညစ်ပတ်နေပေသည်။ ထို့နောက် သူမသည် အိမ်ရှေ့ပေါ်တီကို ကို သန့်ရှင်းလိုက်ပြီး ညလေအေးအေးလေးအောက်၌ ညစာစားရန် စီစဥ်လိုက်သည်။
သန့်ရှင်းရေးလုပ်ပြီးနောက် လင်းလန်သည် သူမ၏ကောင်ငယ်လေးသုံးယောက်အိမ်ပြန်မရောက်သေးသဖြင့် သူတို့ကို သွားရှာရန် ထွက်လာခဲ့သည်။
အားဝမ်က အဆင်ပြေလိမ့်မည် _ သူ၏ မရိုးဖြောင့်သောလျှာဖျားနှင့် အလိမ်အညာစကားများသာပြောတတ်သော်လည်း နေ့စဥ်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်အောင်နေတတ်သည်။ သို့သော် စန်းဝမ်သည် ပင်ကိုသဘာဝအတိုင်းနေတတ်သူဖြစ်ပေသည် _ သူ အဲ့လောက် ပေတေကပ်တပ်နေအောင် ထိန်းချုပ်ခံထားရတာလား...
ထိုကိစ္စများထက် သူမသည် ကလေးများအားဆိုဆုံးမဖူးသည့် အတွေ့အကြုံမရှိချေ။ သူမလုပ်ပေးခဲ့သော အရာများသည် သူမရရှိထားသော ခန္ဓာကိုယ်ပိုင်ရှင်ကျန်ထားခဲ့သည့် မှတ်ဉာဏ်များအတိုင်းလိုက်၍ သူစိမ်းတစ်ယောက်က အကြောင်းမဲ့သက်သက်လုပ်ပေးခဲ့ခြင်းမျိုးဖြစ်သည်။
ကလေးတစ်ယောက်မဟုတ်တော့သည့် တဝမ်တစ်ယောက်လည်း ရှိသေးသည်။ သူသည်လည်း သူမအား ခေါင်းကိုက်စရာတော်တော်များများ ပေးလိမ့်မည်ပေ။
သူမသည် စန်းဝမ် ခြေထောက်ကြွက်တက်နိုင်မည်စိုး၍ သို့မဟုတ် တခြားအရာတစ်ခုနှင့် ကြုံလာရမည်စိုး၍ စစ်ဆေးကြည့်ရန် မြစ်တောင်ဘက်သို့ သွားလိုက်သည်။ သူစားထားသော မလောက်မငှအာဟာရများအရ ခြေအနည်းငယ်ခေါက်ရုံမျှပင် ခြေထောက်ကြွက်တက်နိုင်ပေသည်။
ထို့အပြင် ခြေထောက်ကြွက်တက်ခြင်းသည် ရေကူးသမားများအတွက် ကြောက်စရာကောင်းသော စိုးရိမ်စရာဖြစ်သည်။
သူမသည် ရွာအဝင်ဝသို့ရောက်သောအခါ ကောင်လေးတစ်ချို့ ကစားရင်း ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးများထဲမှ မျက်လုံးနက်နက်,မျက်ခုံးထူထူနှင် ဂတုံးဆံထောက်ကေညှပ်ထားသော ကောင်လေးမှာ ခေါင်းဆောင်ဖြစ်သည်။ သူသည် အသက်ငယ်သေးသော်လည်း နွားငယ်လေးကဲ့သို့ ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် လူစွမ်းကောင်းအရိပ်အငွေ့များ ဖုံးလွှမ်းနေသောကောင်လေးဖြစ်သည်။ သူသည် မှန်ကန်ဖြောင့်မတ်သောအသံဖြင့် သူ့သူငယ်ချင်းများအား ဟိုဟာလုပ်ရန်, ဒီဟာလုပ်ရန် စသဖြင့် ပြောဆိုညွှန်ကြားနေပေသည်။
ထိုကောင်လေးမှာ တဝမ်ပင်ဖြစ်ချေသည်။
သူသည် ကလေးများ၏ ခေါင်းဆောင်ဖြစ်နေခြင်းကို သဘောကျပြီး ကလေးများက သူ့စကားကောင်းကောင်းနားထောင်သည်ကို မွေ့လျော်လျက်ရှိသည်။ သူ့ကိုဆန့်ကျင်သူဘယ်သူမဆို သူ့ဒေါသဖြင့် ရိုက်နှက်ခြင်းခံရသည်။
သို့သော် သူ့ထက်အသက်နည်းနည်းကြီးပြီး သူ့အား ဆန့်ကျင်ထေ့ငေါ့နေသော ကလေးတစ်ယောက်ရှိနေသည်။
ကလေးနှစ်ယောက်ရန်ဖြစ်ကြတော့သည်။
တခြားကလေးများက စိတ်လှုပ်တရှား ဝိုင်းအုံလိုက်ကြပြီး အားပေးနေကြသဖြင့် ရန်ပွဲမှာ အရှိန်မြင့်လာသည်။
" ချ! ချ! တဝမ် ချ! "
တဝမ်သည် တစ်ဖက်ကလေးထက် အသက်သုံး,လေးနှစ်မျှငယ်သော်လည်း သူ့အား လုံးထွေးချုပ်ကိုင်ထားရခြင်းအပေါ် နည်းနည်းမှ အားနာချင်စိတ်မရှိချေ။
မကြာခင် တဝမ်သည် ပြိုင်ဘက်ကို ခြေထောက်ဖြင့်ကန်၍ မြေကြီးပေါ်သို့ အလှဲသိပ်လိုက်စဥ် ပရိသတ်တို့က လက်ခုပ်သြဘာသံများပေး၍ အားပေးကြသည်။
ပြီးနောက် ချက်ချင်းပဲ သူသည် အသက်ကြီးသောကောင်လေး၏ကိုယ်လုံးဖြင့် ဖိချခြင်းခံလိုက်ရသည်။ ကောင်လေးသည် တဝမ်၏ ခန္ဓာကိုယ်သေးသေးလေးပေါ် ဖိချထားပြီး ခနဲ့လိုက်သည်။
" ကလေး, မင်းအရှုံးပေးလိုက်တော့... "
ဒါပေါ့ တဝမ်လည်း အရှုံးမပေးပေ။ သူသည် အလျော့ပေးရန်လည်း မတောင်းဆိုသလို နာသည်ဟုလည်း အော်သံမထွက်ဘဲ ပြိုင်ဘက်ကို တွန်းထုတ်ရန် ကြိုးစားနေသည်။
မကြာမီ သူ၏ခါးသို့ ခပ်ပြင်းပြင်းထိုးထည့်လိုက်သည်။ ထို့နောက် ပြိုင်ဘက်၏ပုခုံးကိုသူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ပြိုင်ဘက်အား မြေပေါ်သို့ ပစ်ချလိုက်သည်။ ကောင်လေးပေါ်သို့တက်ထိုင်နေသောတစ်ယောက်မှာ သူဖြစ်သွားပြီး ပြိုင်ဘက်၏ လက်မောင်းကို သူ့ဒူးညွှန့်ဖြင့်ဖိချေလိုက်ပြီး နားရွက်ကို လိမ်ဆွဲလိုက်သည်။
" ငါက ဘယ်တော့မှ အရှုံးမပေးဘူး! "
" အားးး, နာတယ် ! " အသက်ကြီးသောကလေးမှာငိုသွားသည်။ တဝမ့်ကိုကန်ရန်အတွက် သူ့ခြေထောက်များကို လက်လွတ်စပယ်ရမ်းသန်း ကန်ကျောက်နေသည်။
" သေလောက်အောင်နာတယ်လို့! ဟန်တဝမ်, မင်းက ငါ့ကိုရိုက်ရဲတယ်ပေါ့! ငါ့အဖေနဲ့ အစ်ကို့ကို တိုင်ပြောပြီး မင်းကို ပြန်ရိုက်ခိုင်းမယ် ! "
တဝမ်က ဂရုမစိုက်။ ကောင်လေး၏နားရွက်များကို ခပ်နာနာညစ်ဆွဲထားပြီး အေးစက်စက် ပြန်မေးသည်။
" မင်း အရှုံးပေးတော့မလား... ဖြေလေ ! မင်း ငါ့ကို နောက်တစ်ခါ မနာခံဘဲနေရဲဦးမလား..."
" ငါ... မင်းစကား... နားထောင်ပါ့မယ်... "
" ငါ့ကို ဘော့စ်လို့ခေါ် ! "
" ဘ..ဘော့စ် "
" ဟားဟားဟား " သူတို့ကို ဝန်းရံထားသော ကလေးများက ရယ်မောကြသည်။
ထိုအချိန်၌ ရွာထဲက မိဘများက သူတို့ကလေးများအား ညစာစားရန် အော်ခေါ်လာကြသည်။ ကလေးများလည်း အိမ်ပြန်ထမင်းသွားစားကြသဖြင့် ချက်ချင်းလူစုကွဲသွားကြသည်။
တစ်အောင့်ကြာသော် တဝမ်တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူသည် ရုတ်တရက် အပေါင်းအပါများလျော့သွားခြင်းအပေါ် လက်မခံနိုင်သေးသည့်အလား အနည်းငယ်ကြောင်စီစီနှင့် ရပ်နေပေသည်။
သူ့အား ခေါ်မည့်သူဘယ်သူမှလည်းမရှိသလို သူသည်လည်း အိမ်သို့မပြန်ချင်ခဲ့။ ထို့ကြောင့် သူပြန်လှည့်လိုက်ပြီး ကျောက်တုံးကြီးတစ်ခုပေါ်ထိုင်ချလိုက်သည်။
" တဝမ် ! " လင်းလန်က သူ့ကို အော်ခေါ်လိုက်သည်။
တဝမ်သည် သူ့နာမည်အား မည်သူမှခေါ်လိမ့်မည်မဟုတ်ဟု မျှော်လင့်ထားသဖြင့် ရုတ်တရက် အံအားသင့်သွားသည်။ သူမော့ကြည့်လိုက်သောအခါ လင်းလန်သည် သူထိုင်နေသောနေရာနှင့် အနီးနားတွင် မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရသည်။ ထို့ကြောင့် သူထရပ်ပြီး ခေါင်းလှည့်ကာ ချက်ချင်းထွက်ပြေးသွားသည်။
" တဝမ်, မင်းဘာလို့ ထွက်သွားတာလဲ... အိမ်ပြန်ပြီး ညစာစားရအောင်... "
လင်းလန်လည်း သူ့နောက်သို့ မြန်မြန်လိုက်သွားရတော့သည်။
တဝမ်သည် မူလကိုယ်က သူ၏ဂုဏ်သိက္ခာအား ဂရုမစိုက်ဘဲ နေချင်သလိုနေသည်ကို မုန်းနေခြင်းဖြစ်မှန်း လင်းလန် သိပေသည် _ ဘာမဟုတ်သည့်ပြဿနာကို ပုံကြီးချဲ့ခြင်းနှင့် အကြိမ်ပေါင်းများစွာ သတ်သေနေခြင်းတို့အတွက် သူမ၏သားတစ်ယောက်အနေဖြင့် သူအရှက်ကွဲရပြီး သူ့အမေကို လူကြီးတစ်ဦးကဲ့သို့ ပြုမူခြင်းမရှိဟု သူထင်ပေသည်။ ထို့အပြင် မူလကိုယ်က ဟန်ချင်စုန့်သူမကို ပိုက်ဆံမပို့ပေးသောအခါ, အဖွားကြီးဟန်က ဘက်လိုက်သောအခါ, မိသားစုဝင်များထဲမှ သူမတစ်ယောက်သာကွက်၍ ပြောဆိုခံရသည့်အခါ စသည့်အချိန်မျိုး၌ တဝမ်အား ပြစ်တင်ကြိမ်းမောင်းလေ့ရှိသည်။ ထိုအကြောင်းများကြောင့် သူသည် သူ့အား အဓိပ္ပါယ်မရှိပြစ်တင်ကြိမ်းမောင်းခြင်းကို ခံရသည်ထက် မူလကိုယ်နှင့် အတန်းအစားအတူတူ အထားခံရမည်ကို လုံးဝမလိုချင်ခဲ့ပေ။
လင်းလန်သည် သူ့ခံစားချက်ကို နားလည်ပြီး ကိုယ်ချင်းလည်းစာမိလေသည်။ အဘယ်ကြောင့်ဆို သူမယခင်ဘဝက သူမမိဘတွေ သူမအား ဆူပူခဲ့ကြသောအချိန်၌ သူမလည်း ထိုနေရာမှ ပျောက်ကွယ်သွားချင်စိတ်မှာ လုံးဝထိန်းမရခဲ့သောကြောင့်ပေ။
သူမ၏မောင်လေးသည် လက်ထပ်ပြီး ကလေးရသွား၍သာ မဟုတ်လျှင် သူမမိဘများ၏မျက်လုံးထဲ၌ သူသည် သူမ၏တာဝန်ယူစရာဖြစ်လာလိမ့်မည်ဟု ခံစားနေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူမမောင်လေးသာ လက်မထပ်ဖြစ်ခဲ့လျှင် သူမမိဘများသည် သူမအား အစ်မတစ်ယောက်အနေနှင့်ကျရှုံးသည်ဟူ၍ ဝိုင်းဝန်းအပြစ်ဖို့ကြမှာပင်။
ထို့ကြောင်သူမသည် တဝမ် သူ့အမေအပေါ်ထားသော သဘောထားကို နားလည်နေခြင်းဖြစ်သည်။
xxxxx
Part 20
ယခုအချိန်တော့ သူမသည် တဝမ်အား အစိုးရိမ်ဆုံးပင်။ အဘယ်ကြောင့်ဆို ၁၁နှစ်ဟူသော အသက်အရွယ်သည် အလွန်ဂွကျသော အရွယ်ဖြစ်သည့်အတွက်ပင်။ သူသည် လူပျိုဖြစ်ကာစ မြီးကောင်ပေါက်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကမ္ဘာကိုလည်း အဖြူသို့မဟုတ် အနက်ရောင် ခြယ်ပြီးလောက်ချေမည်။ အကယ်၍ သူ့မိဘများသာ သူလေးစားရသောလူ သို့မဟုတ် သူ့စံပြပုဂ္ဂိုလ် မဖြစ်လာခဲ့ပါက သူ့အား နားမလည်ပေးနိုင်သော လူကြီးများအဖြစ် ဘေးချိတ်ခံလိုက်ရမည်ဖြစ်သည်။ မတော်လျှင် သူ့ဘဝ၏ အဆိုးဆုံးရန်သူများပင် ဖြစ်သွားနိုင်သည်။
"chunibyo" ရောဂါသည် အလွန်ဆန်းပြားသော ရောဂါဖြစ်သည် _ ကောင်းကောင်းမကိုင်တွယ်တတ်ပါက အရာအားလုံး ပျက်စီးယိုယွင်းသွားရန် ဖြစ်နိုင်ချေမြင့်မားသည်။
( T/N : chunibyo က ရောဂါမဟုတ်ဘဲ အတိအကျဆို ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များတဲ့ စိတ်ကူးယဥ်ဖြစ်စဥ်တွေကို လက်တွေ့ကမ္ဘာနဲ့ အထင်မှားတတ်တဲ့ စိတ်အခြေအနေတစ်မျိုးပါ..
တစ်ချို့တွေဆို ကိုယ်ကြည့်ဖူးတဲ့ ဇာတ်ကားထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကို စွမ်းအားတွေရှိတယ် ဆိုပြီး အဲ့ဇာတ်ကောင်အတိုင်း ပြုမူတတ်တာမျိုးပေါ့... " love chunibyo & other delusions" ဆိုတဲ့ animeကားလဲရှိပါတယ် ...)
မဟုတ်လျှင် သူတို့ကလေးတွေဆီက မုန်းတဲ့တုံ့ပြန်ချက်တွေရတဲ့ တစ်ကမ္ဘာလုံးကမိဘတွေရဲ့ မှတ်ချက်တွေက ဘာလို့ အဲ့လောက်များနေမှာလဲ...
အဆိုးဆုံးတစ်ချက်မှာ မူလကိုယ်အား ထိုကလေး၏ စံပြဖြစ်အောင် လုပ်ရမည့်အပိုင်းပင်။ သူ့နည်းလမ်းများအား ယခုချိန် စ မပြင်ပေးလျှင် အရမ်းနောက်ကျသွားလိမ့်မည်။
သူမသည် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်အချိန်မှစ၍ မူလကိုယ်အသိများ၏ ဂုဏ်သိက္ခာများအား ပျက်စီးအောင် မလုပ်ရက်ချေ။ မူလကံကြမ္မာဆိုးကို ရှောင်လွှဲနိုင်ရန်အတွက် ကလေးများအား လမ်းမှန်သို့ ထိန်းကျောင်းပေးရမည်မှာ သူမတာဝန်သာဖြစ်သည်။
အရွယ်ရောက်ပြီး ကောင်လေးတစ်ယောက်အနေဖြင့် သူ၏ကိုယ်ပိုင် အတွေး,အမြင်အသစ်တို့ကို ပုံဖော်ထားပြီးသည်က နှမြောစရာပင်။ ထို့ကြောင့် သူမသည် အမေတစ်ယောက်အနေနှင့် သူ့အား မည်သို့ထိန်းကျောင်းသင့်မှန်းမသိတော့ချေ။
သူမသည် တဝမ်အတွက် ဘာမှမလုပ်ပေးနိုင်မည်ကို ကြောက်ရွံ့မိသည်။
သူမ အိမ်ပြန်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့။ ယခုအချိန်၌ တဝမ်တစ်ယောက်မှလွဲပြီး ကျန်သည့်မိသားစုဝင်များအားလုံး အိမ်ပြန်ရောက်နေပြီဖြစ်ရာ ညစာစားရန်အတွက် စားပွဲများချကာ ပြင်ဆင်နေကြသည်။
အချိန်ကား နွေလလယ်ဖြစ်သဖြင့် အိမ်ရှေ့ပေါ်တီကို၌သာ စားပွဲခင်းကျင်းပြီး ညမမှောင်ခင် စားကြလေသည်။ ထိုသို့လုပ်ခြင်းသည် သူတို့အား ရေနံဆီမီးအတွက် ဆီကိုချွေတာရာရောက်စေသည်။
ဟန်မိသားစု၏ ဒုတိယမရီးသည် ရှာလကာအိုးထဲ ပြုတ်ကျထားသည့်နှယ် ထွက်လာခဲ့ပြီး လင်းလန်အား မကျေမနပ် စိုက်ကြည့်နေပေသည်။ သူမသဘောအတိုင်းသာဆိုပါက မိသားစုထမင်းစားချိန်ကို အသုံးချ၍ လင်းလန်နှင့် တရားဝင် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးငြင်းခုံချင်သည်ပဲဖြစ်သည်။
လင်းလန်သည် ဒုတိယမရီးက သူမအား ချောက်ကံပါးအစွန်းသို့ တွန်းပို့ချင်နေမှန်း ခံစားလိုက်ရသည်။ ယခုလိုဖြစ်ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ပါလျှင် မူလကိုယ်သည် သူမအား စကားကိုယဥ်ကျေးအောင်ပြောမနေတော့ဘဲ ချက်ချင်းအော်ငေါက်ပစ်မည်မှာ သေချာပေါက်ပင်။ လူအများရှေ့၌လည်း သူမသည် စကားလုံးများကို စီရီပတ်ကုံးပြောရန် ကြိုးစားနေလိမ့်မည်မဟုတ်။
ထို့ကြောင့် ဒုတိယမရီးသည် လင်းလန် ဘယ်လောက်ခံနိုင်ရည်ရှိမည်ကို စမ်းသပ်နေခြင်းဖြစ်သည်။ သို့သော် သူမ၏ တည်ငြိမ်နေမှုကပဲ ဟန်မိသားစု၏ ဒုတိယချွေးမ အသားမကျနိုင်သေးသည့် အရာဖြစ်နေသည်။
စားနေစဥ်အတွင်း အဖိုးကြီးဟန်သည် ရှောင်ဝမ့်အခြေအနေအား အရင်မေးမြန်းပြီးနောက် မှတ်ချက်စပေးတော့သည်။
" တတိယမိသားစု, မင်းကလေးနေမကောင်းလို့ ဆေးရုံသွားပြတာက ကောင်းတဲ့အချက်ပါ... မိသားစုကလည်း မင်းရဲ့လုပ်ရပ်ကို သဘောတူတယ်... ဒါပေမဲ့ မင်းသဘောနဲ့မင်း ပိုက်ဆံသွားချေးတဲ့ကိစ္စကိုတော့ ငါပြောမှရတော့မယ်... အဲ့တာကြောင့် နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်စေနဲ့... "
လင်းလန်သည် သူတို့ ရှောင်ဝမ်အားဆေးရုံသွားပြခြင်းအပေါ် ထောက်ခံပေးကြသည်မှာ သေချာသော်လည်း ပြဿာနာတစ်ခုမှာ သူတို့ထိုအတွက် ငွေကြေးအထောက်အပံ့ပြုလိမ့်မည် မဟုတ်သည်ပဲဖြစ်သည်။
သို့သော် သူမသည် ပြန်လည်ချေပခြင်းမပြုတော့ပဲ ခေါင်းငြိမ့်လိုက်သည်။
" မှတ်သားထားပါ့မယ်..."
အဖွားကြီးဟန်သည် လင်းလန်က သူမ၏အပြုအမူများအတွက် မတောင်းပန်သည့်အပြင် ဟန်နှင့်ပန်နှင့်ပုံစံမပျက်ထိုင်နေမြဲ ဖြစ်နေသည့်အတွက် ပို၍ပင် ဒေါသထွက်လာသည်။
အဖိုးကြီးဟန်က သူမအား သဘောမကျသည့် အကြည့်တစ်ချက်ပေးလိုက်၍ သူမလည်း သူမစိတ်ထဲမှ တိုးပွားလာသောဒေါသများအားချိုးနှိမ်ထားလိုက်ရသည်။ ပြန်ပေးဆပ်သည့်အနေနှင့် တတိယမိသားစု၏ အစားအသောက်ဝေစုကို လျှော့ချရန် တေးမှတ်ထားလိုက်သည်။
အဖွားကြီးဟန်သည် ဆန်ခြင်းကိုကိုင်၍ အေးစက်စက် နှာမှုတ်လိုက်သည်။
" ဆောင်းဦးအစေ့အဆန်တွေကို ဝေပုံကျမခွဲရသေးဘူး, ပြီးတော့ ဒေါ်ငယ်လေးနဲ့ ဦးလေးငယ်လေးတို့က ပညာသင်ယူနေဆဲပဲရှိသေးတယ်... အဲ့တာကြောင့် သူတို့အတွက် ငါတို့တွေ ဆောင်းရာသီအစေ့အဆံလှဲလှယ်ရေးလက်မှတ်ကို သုံးရလိမ့်မယ်... ငါတို့အိမ်ရဲ့ အစာရိက္ခာတွေက ကုန်ခါနီးပြီ... အဲ့တာကြောင့် အခုချိန်ကစပြီး အစားအစာတွေကို ဝေပုံကျခွဲတမ်းသတ်မှတ်မယ်..."
ယောက်ျားသားများသည် ပြောင်းဖူးပန်ကိတ်နှင့် ဖရုံပဲစေ့ဆန်ပြုတ်တစ်ခွက်စီရကြသည်။ ကလေးများသည် ဆန်ပြုတ်သောက်ရန်ရွေးချယ်နိုင်ကြပြီး မိန်းမများအတွက်မူ အခြောက်လှမ်းထားသော ကန်စွန်းဥအချိုများနှင့် ဆန်ပြုတ်အကျန်များအား ဝေစုရကြသည်။
လင်းလန်နှင့် အကြီးဆုံးမရီးသည် အဆိုးဆုံးဝေပုံကျအစားအသောက်ကို ရခဲ့ကြသည်။
အကြီးဆုံးမရီးမှာ ကျင့်သားရနေပုံပေါ်သည်။ မည်သူ့ကိုမှ စောဒကမတက်သလို မကျေနပ်ချက်များနှင့် ပြဿနာတစ်ခုသော်မှ ထုတ်ပြောရန် သတ္တိရှိပုံလည်းမပေါ်ချေ။
လင်းလန်သည် ရှုပ်ထွေးနောက်ကျိနေသော ဆန်ပြုတ်ပန်းကန်ကိုကြည့်လိုက်ရင်း သူမမျက်နှာပေါ်၌ ရွံရှာသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့သော် သူမသည် ထိုအရာများအားဂရုစိုက်ရန် ဗိုက်ဆာလွန်းနေပြီဖြစ်သည်။ ထို့ကြောင့် ပေါင်းထားသော ကန်စွန်းဥခြောက်ကို အရင်စားလိုက်သည်။
အား, ဖွီ ! ခါးလည်းခါးပြီး ချဥ်လည်းချဥ်တယ် _ ဘယ်လိုအရသာကြီးလဲ?
မြိုချဖို့လည်း ခက်တယ်!
ယန်ဟန်ကျွေးတဲ့ ဘန်းမုန့်လေးတွေကို လွမ်းလိုက်တာ...
မိသားစုသာ ခွဲထွက်ပြီးရင် ငါ့ကိုယ်ငါ ခေါက်ဆွဲဖြူဖြူလေးတစ်ခွက်ရယ်, အသားဟင်းရယ် သေချာပေါက် စားပြမယ် ; အဲ့အခါကျ မင်းတို့ အငတ်ခံနေရမည့်အလှည့်ပဲ!
လင်းလန် သတိမထားမိ၍သာ _ အမှန်မှာ ယခုကာလ၌ပေါ်သော ကန်စွန်းဥချိုနှင့် ကန်စွန်းဥခြောက်တို့ကို အရသာရှိသည်ဟု ယူဆ၍မရပေ။
ကန်းစွန်းဥချိုသည် ဆောင်းဦးလလယ်ပွဲတော်ပြီးမှ ရိတ်သိမ်း၍ရသော ရာသီပေါ်အသီးအနှံဖြစ်သည်။ တချို့ကန်စွန်းဥအချိုများကို အခြောက်လှမ်း၍ အအေးခံပြီးနောက် ဆောင်းရာသီအတွက် စတိုခန်းတွင် သိမ်းထားလေ့ရှိကြသည်။ အထားအသိုမှန်ကန်ပါက မပုပ်မသိုးဘဲ နောက်နှစ်နွေဦးအထိ အထားခံနိုင်ပေသည်။ သို့သော် နှစ်သစ်မကူးခင် ပုပ်သိုးစပြုလာပါက လူများ မစားခင် မကောင်းသည့်အပိုင်းအား အရင်ဖယ်လိုက်ရသည်။
ဒါပေမဲ့ ဒီကန်စွန်းဥတွေက ဒီရာသီပြီးတဲ့အထိ မခံလောက်တော့ဘူး!
အမှန်စင်စစ် သူမစားနေသည်မှာ ကန်စွန်းဥအချိုမဟုတ်ဘဲ ကန်စွန်းဥအချို၏ မမျိုးစေ့ဖြစ်နေသည်။ ၎င်းကို မလှီးခင်နှင့် အခြောက်မလှမ်းခင်တွင် ကန်စွန်းဥအညွှန့်လေးများ ပေါက်တတ်လေ့ရှိပြီး အစားရိက္ခာမလုံလောက်မှသာ ၎င်းအား ထုတ်စားကြလေ့ရှိသည်။
ထိုကဲ့သို့ကန်စွန်းဥမျိုးသည် အဆိပ်ရှိနိုင်ချေလည်းရှိသလို အာဟာရလည်းမရှိသည့်အပြင် မိန်းမများအတွက်သာ သဘာဝကျကျ ပေးကမ်းလေ့ရှိသော အစားအသောက်သာဖြစ်သည်။
သို့သော် ဟန်မိသားစုသည် ထိုအရာကို စားရလောက်သည်အထိ အစာရိက္ခာရှားပါးပြတ်လပ်နေသည်မဟုတ်။ ဖြစ်နိုင်သည်က အဖွားကြီးဟန်သည် လင်းလန်စားနိုင်ရန် သက်သက်အကွက်ချထားခြင်းသာ။ မရီးကြီးက ထိုပြဿနာထဲ အလိုအလျောက်ဆွဲသွင်းခံလိုက်ရခြင်းပင်။
ရှောင်ဝမ်သည် သူ့ပန်းကန်လုံးကိုကိုင်၍ ဆန်ပြုတ်သောက်နေသည်။ ရုတ်တရက် သူ့ဆန်ပြုတ်ပန်းကန်အား လင်းလန်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
" မားမား, စားလိုက် "
လူတိုင်း ကိုယ့်အစားအစာနှင့်ကိုယ်စားသောက်နေကြစဥ် ရှောင်ဝမ်က ရုတ်တရက် ထိုသို့ပြောခဲ့ပေသည်။ ထို့အပြင် သူ၏စကားအသွားအလာမှာ သိပ်မရှင်းလင်းသည့်အတွက် စကားလုံးတို့မှာ ပြတ်တောင်းပြတ်တောင်းထွက်လာခဲ့သည်။
xxxxx