Part 21
ရှောင်ဝမ်က ထိုသို့ပြောလိုက်သည့်အတွက် ဆန်ပြုတ်ပန်းကန်ကိုင်ထားသော အားဝမ်လက်များ ခေတ္တတုံ့ဆိုင်းသွားသည်။ ဟန်မိုင်စွေ့လည်း သူမဝေစုကိုကြည့်ရင်း မည်သည်ကိုမှ မတုံ့ပြန်ဘဲ သူမဗိုက်ကိုသာ ဦးစားပေးဖြည့်နေပေသည်။
စန်းဝမ်က သူ့ခေါင်းလှည့်၍လှမ်းကြည့်လိုက်ရာ အံ့သြဘနန်းဖြစ်သွားသည်။
" မားရဲ့ ဆန်ပြုတ်ကဘာလို့အရမ်းကျဲနေရတာလဲ... "
သူ့ခေါင်းလှည့်၍ တခြားသူများ၏ပန်းကန်လုံးထဲသို့လှမ်းကြည့်လိုက်သောအခါ ဘယ်သူ့ဆန်ပြုတ်ကမှ သူ့အမေလောက် သနားစရာအသွင်သဏ္ဍာန်မျိုး ရှိမနေခဲ့။ ထို့နောက် သူ့ပန်းကန်လုံးထဲသူကြည့်လိုက်ပြီး ခေါင်းကုတ်လိုက်သည်။
" မား, ကျွန်တော့်ဟာနဲ့ တစ်ဝက်စီခွဲစားရအောင်... "
ထိုသို့ပြောရင်း သူ့ဆန်ပြုတ်ကို တစ်ဝက်ခွဲ၍ လင်းလန်၏ပန်းကန်လုံးထဲသို့ လောင်းထည့်ပေးလိုက်သည်။
ကျေးလက်ဒေသများ၌ မိသားစုထဲရှိ အမျိုးသမီးများသည် အဆိုးရွားဆုံးအစားအသောက်ကို စားရခြင်းမှာ ပုံမှန်ဓလေ့သာဖြစ်သည်။ အကယ်၍ ထိုအမျိုးသမီးမှာ သန်မာသည့်အုပ်စု,အားနည်းသည့်အုပ်စု သို့မဟုတ် ထူးခြားသောအခြေအနေတစ်မျိုးမျိုးမျိုး၌ ပါဝင်ခဲ့ပါက ယင်းသို့စားသောက်ရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
ထိုသို့ မပြောသင့်သောစည်းမျဥ်းအား တစ်ယောက်ယောက်က ထောက်ပြလိုက်သော်လည်း စားပွဲပေါ်ရှိ ယောက်ျားသားများသည် ငြီးငွေ့ဖွယ်ဖြစ်သောမျက်နှာအမူအရာနှင့် သူတို့ခံစားချက်အား မျက်နှာဖုံးတပ်လိုက်ကြသည်။
အကြီးဆုံးမရီးသည် သူမ၏ယောက်ျားနှင့် ကလေးများကို တစ်ချက်ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ သူတို့တွေသည် အပြစ်မရှိဟူသော ခေါင်းစဥ်တုအောက်၌ သူတို့ကိုယ်သူတို့မြှုပ်နှံလိုက်ကြပြီး သူတို့ဝေစုအား သူမနှင့်ခွဲဝေချင်စိတ်မရှိဘဲ အလောတကြီးစားနေကြပေသည်။
အဖွားကြီးဟန်သည် သူမ၏မျက်နှာအမူအရာကို မထိန်းနိုင်တော့ဘဲ သူမ၏တူဖြင့် စန်းဝမ်ကို ထိုးပြပြီး
" ကလေး, မင်းတစ်ယောက်တည်း အထူးအဆန်းဖြစ်နေတာ; ကိုယ့်အစာကိုယ်စားစမ်း..."
စန်းဝမ်က သိချင်စွာဖြင့်
" ဖွားဖွား, ကျွန်တော်တို့တွေ ဟင်းကောင်းကောင်းစားရဖို့ မတတ်နိုင်တော့ဘူးလား... အဲ့တာဆိုရင် ကျွန်တော်မနက်ဖြန် မြက်သွားရိတ်ရင်း အသီးအရွက်အရိုင်းတွေ တူးယူလာမယ်လေ... တစ်ခေါက်က ရှောင်နင်တူးဖူးတာ ကျွန်တော်မြင်ဖူးတယ်... "
အဖွားကြီးဟန်သည် သူ့စကားကြောင့် သီးတော့မတတ်ဖြစ်သွားသည်။
အဖိုးကြီးဟန်က စကားစဖြတ်လိုက်သည်။
" ဆက်စားကြစို့... "
သူ ခြင်းတောင်းထဲသို့ တစ်ချက်ကြည့်လိုက်သည် _ ပန်ကိတ်အနည်းငယ်ရှိသေးသဖြင့် အဖွားကြီးဟန်ကို ကလေးများအား ကျွေးရန် ပြောလိုက်သည်။
အဖိုးကြီးဟန်သည် မည်သည့်ပြင်ပပြဿနာကိုမဆို ဦးစီးဆုံးဖြတ်နိုင်သလို အဖွားကြီးဟန်သည် အိမ်မှုကိစ္စများအား ကိုင်တွယ်ပေသည်။ သူမသည် အစားအသောက်နှင့် အသုံးစရိတ်ကို တာဝန်ယူစီမံသော်လည်း တစ်ချို့ကိစ္စရပ်များတွင်တော့ အဖိုးကြီးဟန်၏စကားအတိုင်း နားထောင်ရပေသည်။
မည်သို့ပင်ဖြစ်စေ, အဖိုးကြီး၏စကားကို ကလေးများရှေ့၌ ပြန်လည်ချေပ၍မဖြစ်ချေ။ ထိုအခွင့်ထူးသည် ယောက်ျားသားများ၏ ဘုန်းကံဖြစ်ပြီး တိုင်းပြည်၏ စည်းမျဥ်းထဲတွင်လည်း ပါဝင်သည်။
သူမသည် ခြင်းတောင်းကို စားပွဲပေါ်သို့ ဒေါသတကြီးချလိုက်သည်။
စန်းဝမ်က ချက်ချင်းထလိုက်ပြီး ခြင်းတောင်းထဲမှ အကြီးဆုံးပန်ကိတ်ကို အားဝမ်မယူခင် အရင်ဦးအောင်ယူလိုက်ပြီး လင်းလန်အားပေးလိုက်သည်။
" မား, ပန်ကိတ်စားလိုက်အုံး.."
စန်းဝမ်သည် ထိုသို့ပေးပြီးနောက် သူ့အစာကိုသူဆက်စားတော့သည်။
လင်းလန်သည် ပန်ကိတ်ကို အပိုင်းပိုင်းခွဲလိုက်ပြီး ကလေးများကို ထည့်ပေးလိုက်သည်။ ဟန်မိုင်စွေ့၏ နုံးချိချိမျက်နှာလေးအားမြင်သောအခါ သူမအတွက်လည်း တစ်ပိုင်းဖဲ့ပေးလိုက်ပေသည်။
အကြီးဆုံးမရီးက ညစာစားပြီးနောက် သူသမီးကိုခေါ်၍အိုးခွက်,ပန်းကန်များကို စတင်ဆေးကြောသည်။ သို့သော် ဒုတိယမရီးက သူမ၏ မကျေနပ်စိတ်ကို မထိန်းထားနိုင်တော့ဘဲ လင်းလန်ထံသို့ သူမဒေါသများကို ပုံချတော့သည်။
" ငါပြောမယ်, တတိယမိသားစု, မင်းဘာသာမင်း တပ်မဟာဝင်းထဲကနေပိုက်ဆံသွားချေးခဲ့တာနော်... အဲ့ဒါကြောင့် ကိုယ့်ဘာသာပြန်ဆပ်, မင်းကြောင့်မို့လို့ မိသားစုအလုပ်ရမှတ်တွေကို နှုတ်ပေးမယ်လို့တော့မမျှော်လင့်နဲ့... "
လင်းလန် ဘာမှမပြောနိုင်ခင် စန်းဝမ်ကအော်ပြောသည်။
" ကျွန်တော့်အဖေ ပို့ပေးတဲ့ပိုက်ဆံနဲ့ ပြန်ဆပ်လို့ရတာပဲ... "
ဒုတိယမရီးမှာ ဒေါသထွက်လွန်းသဖြင့် အံတင်းတင်းကြိတ်ထားတော့သည်။
" မင်းအဖေရဲ့ပိုက်ဆံက တစ်မိသားစုလုံးပိုင်တာ, အဲ့တာကြောင့် ထည့်မတွက်ဘူး! "
စန်းဝမ်ကြောင်သွားသည်။ သူသည် ရိုးသားပွင့်လင်းပြီး တည့်တိုးပြောတတ်သော ကလေးတစ်ယောက်ဖြစ်ရာ သူ့အဒေါ်အား ပြန်မေးလိုက်သည်။
" ဒုတိယအဒေါ်, ဒီအတိုင်းစဥ်းစားကြည့် _ ပိုက်ဆံရှာရတဲ့သူက ကျွန်တော့်အဖေလေဗျာ... ဘာကြောင့် ထည့်တွက်လို့မရတာလဲ..."
အဖွားကြီးဟန်က စိတ်ရှုပ်ရှုပ်နှင့် သူမလက်ကိုဝေ့ရမ်းလိုက်သည်။
" သွား, သွား, သွား... သွားကစားချည်ကြတော့... "
ပိုက်ဆံပို့သည့်အကြောင်းကြားကာမှ သူမလက်ချောင်းများနှင့် lunarပြက္ခဒိန်၏ရက်များကို ရေတွက်ရင်း အလုပ်ရှုပ်နေတော့သည်။
" ဟေး, ဒီနေ့က ၁၈ရက်လား, ၁၉ရက်လား; အခုချိန်ဆို တတိယလေးပိုက်ဆံပို့ပြီးလောက်ပြီ... စာပို့သမားက ဘာလို့ အမိန့်စာလာမပေးသေးတာလဲ..."
စာလွှာကို နှစ်တိုင်း ယခုလိုအချိန်တွင်ပို့လေ့ရှိသော်လည်း ကင်းထောက်ပို့ဆောင်ရေးတပ်သားများသည် တာဝန်ယူရမည့်အလုပ်များစွာရှိကြသဖြင် ၂ရက်၊ ၃ရက်နောက်ကျတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ငွေသည်လည်း မည်သည့်နေရာကိုမှရောက်သွားမည်မဟုတ်သည့်အတွက် တစ်ရက် နှစ်ရက်ကြန့်ကြာလျှင်တောင် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ချေ။
လင်းလန်သည် သူမငွေများအားအရင်ထုတ်ယူလိုက်ပြီးကြောင်းကို မပြောဘဲ မသိသလိုသာ ဟန်ဆောင်လိုက်သည်။ ဝန်ခံ၍ဖြစ်လာမည့်အကျိုးဆက်မှာ သက်ညှာမှုရှိမည်မဟုတ်သည့်အတွက် အမှန်အတိုင်းဝန်ခံ၍လည်း မဖြစ်ချေ။ အဖွားကြီးဟန်သည် မည်သည်ကိုမဆို သက်ညှာပေးတတ်သော်လည်း ငွေကြေးကိစ္စနှင့်ပတ်သက်လာပါက ထိုသို့မဟုတ်တော့။ ထို့ကြောင့် သူမလည်း အဖြစ်မှန်ပေါ်လာသည်အထိ စောင့်ဆိုင်းရုံသာရှိတော့သည်။
နှစ်ရက်ကြာပြီးနောက်, တစ်ညနေခင်း၌,
အလုပ်သမားများ အလုပ်ဆင်း၍ အိမ်ပြန်လာကြစဥ် ဝတ်စုံပြည့်ဝတ်ထားသော စာပို့သမားတစ်ဦးသည် စက်ဘီးစီး၍ ရွာထဲသို့ဝင်လာသည်အား သူတို့မြင်လိုက်ကြပြီး ရွာထဲမှကလေးတစ်စုကလည်း စက်ဘီးနောက်သို့ ပြေးလိုက်သွားကြသည်။
စာပို့သမားသည် ဟန်မိသားစု၏အိမ်သို့အရောက်တွင် ရပ်တန့်လိုက်ပြိီး အော်ပြောလိုက်သည်။
" ပါဆယ်ထုပ်ရောက်ပြီဗျို့! "
" အို့.., ငါ့ရဲ့ငွေလွှဲစာရောက်လာပြီ! " အဖွားကြီးဟန်မှာ ပျော်လွန်းသဖြင့် ပါးစပ်နှင့်နားရွက်တက်ချိတ်မတတ်ပြုံးနေပြီး မျက်လုံးများပင် မျက်နှာနှင့်တစ်ဖြောင့်တည်းဖြစ်သွားသည်အထိ ကွေးညွှတ်နေတော့သည်။ သူမ၏ အားနည်းသောခန္ဓာကိုယ်နှင့် နာကျင်နေသောခြေထောက်များကို စောဒကမတက်တော့ဘဲ ဝမ်းသာအားရခုန်ချလိုက်ပြီး အထုပ်လက်ခံရန် လျှောက်လာခဲ့သည်။
" ရှောင်ကျုံး, စာဘယ်မှာလဲ... ငါ့ကိုမြန်မြန်ပေး... " အဘွားကြီးဟန်သည် စာပို့သမားထံသို့ အမောတကောပြေးထွက်လာခဲ့သည်။
စာပို့သမားသည် စာရင်းအားတစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။
" မဒမ်ဟန်, အခုတစ်ကြိမ်က မဒမ့်အတွက်မဟုတ်ဘူး; လင်းလန်အတွက်ပါတာ... လင်းလန်အိမ်မှာရှိလား..."
" ဟမ်... " အဖွားကြီးဟန် ကြက်သေသေသွားသည်။
သူမ၏ရင်ဝသို့ အသွားချွန်ချွန်မြားတစ်ချောင်း စိုက်ဝင်သွားသည့်နှယ် သူမ၏ခွန်အားများလည်း ရုတ်ချည်းကုန်ဆုံးသွားသည်ဟု ခံစားလိုက်ရသည်။ သူမကိုယ်သူမ မသိလိုက်ပါဘဲ မြေပေါ်သို့ ပျော့ခွေကျသွားတော့သည်။
အချိန်ခဏကြာပြီးနောက် သူမ ဒေါသတကြီး ဆူပူမာန်မဲတော့သည်။
" ဘုရား,ဘုရား! ဒီမွေးရကျိုးမနပ်တဲ့သား! မိန်းမရပြီးတာနဲ့ ကိုယ့်အမေအရင်းကို မေ့သွားရတယ်လို့_ "
စာပို့သမားလေးသည် အဖွားကြီးဟန်အား အံ့အားသင့်စွာ စိုက်ကြည့်နေပေသည်။ အဘွားကြီးဟန်နှင့် သူ အမြဲတွေ့တိုင်း သူမသည် အမြဲ သွက်လက်ပေါ့ပါးပြီး တက်ကြွလျက်ရှိခဲ့သည်။ သူမ၏မျက်ခုံးတို့မှာ စိတ်လှုပ်ရှားမှုတို့ကြောင့် အမြဲအပေါ်တက်နေတတ်ပြီး မသိလျှင် ဥက္ကဌမိုနှင့် ဆုံခဲ့သည့်အတိုင်းပင်...
အခုကျတော့ သူမမျက်နှာက အချိန်မရွေးငိုတော့မယ့်ပုံ ဘာလို့ ဖြစ်နေရတာလဲ...
" မဒမ်, ဘာဖြစ်သွား... "
xxxxxx
Chapter 22
အဖွားကြီးသည် မည်သူ့ကိုမှ အရေးမစိုက်တော့ပေ _ သူမ၏သားက စိတ်ပြောင်းသွားခြင်းဖြစ်သည်ဟု သူမတွေးထင်နေသည်။ သူ့အမေအရင်းကိုပေးမည့်အစား သူမချွေးမကိုသာ ပိုက်ဆံပေးခဲ့ခြင်းဖြင့် သူ့သားက သူမအား သစ္စာဖောက်ခဲ့သည်။
ကောင်းကင်ကြီး ပြိုလဲပြီ!
သူမသည် ထိုအချက်ကို လက်မခံနိုင်ပေ။
သူမ၏ ကိုယ့်ကျင့်သိက္ခာမှန်သမျှကို မေ့ပျောက်သွားပြီး သူမပေါင်သူမရိုက်ကာ အကြီးအကျယ်ငိုကျွေးတော့သည်။
" သူက ငါ့ကိုပဲအမြဲပို့တာ; သူ့မိန်းမ သူ့ကိုယ်သူသတ်သေမယ်ဆိုပြီး ခြိမ်းခြောက်လို့ အခုလိုဖြစ်ရတာ! မိန်းမပူမိသွားတဲ့ သားတွေအကုန်လုံး သူတို့အမေရင်းကို မေ့သွားကြတော့တာပဲ.. အားးး, မွေးရကျိုးမနပ်တဲ့သား; ငါအသက်မရှင်ချင်တော့ဘူး... ငါ့ကိုမတားနဲ့... ငါ့ခေါင်းနဲ့နံရံနဲ့ပဲ ပြေးဆောင့်တော့မယ်..."
စာပို့သမားလေးသည် အော်ပရာများစွာကြည့်ရှုဖူးသဖြင့် ဗဟုသုတများစွာအား နှံ့စပ်နေသူဖြစ်သည်။ သူမ၏အရှက်ကိုထိန်းပေးရန် သူသည် သူမကအလွတ်တန်းပြဇာတ်တစ်ပုဒ်ကို သရုပ်ဆောင်နေသည်ဟု ယူဆချင်ဟန်ဆောင်လိုက်ပြီး ရယ်သွမ်းကာ ပြောလိုက်သည်။
" ကျွန်တော်ပြောပါဦးမယ်, မစ္စစ်ဟန်; ခင်ဗျား ဘယ်ဇာတ်ကွက်ကို သရုပ်ဆောင်နေတာလဲ... ဒါက ငွေလွှဲစာမဟုတ်ဘူး_ ဆေးရုံက ပို့လာတဲ့အထုပ်ဗျ..."
သူသည် အထုပ်သေးသေးလေးတစ်ထုပ်ကိုထုတ်ပြလိုက်သည်။
အဖွားကြီးဟန်သည် ငွေလွှဲပြေစာမဟုတ်သည်ကို ကြားပြီးနောက် သူမကိုယ်သူမ ပြန်စဥ်းစားလိုက်သည်; ဆိုလိုတာက ငါ့သားက ငါ့ကို သစ္စာမဖောက်သေးဘူးပေါ့, ဟုတ်တယ်မလား?
ပါဆယ်... အဲ့ဒါက ဘာလဲ...
သူမချက်ချင်းထရပ်လိုက်ပြီး အထုပ်ဆီသို့ လက်လှမ်းလိုက်သည်။ သူမ၏ တောင့်တင်းနေသော လှုပ်ရှားမှုများက ကလေးသူငယ်များ၏ ယိုင်နဲ့နဲ့ လှုပ်ရှားပုံမျိုးနှင့် တူနေသည်။
" ဘာပါဆယ်ထုပ်လဲ... ငါ့ကိုပေးစမ်း.. "
" မဖြစ်ပါဘူး မဒမ်... ပေးပို့သူက ကိုယ်တိုင်ပြောထားတာ... လင်းလန်ကိုယ်တိုင်လာပြီး လက်ခံမှ ပေးပါတဲ့... "
အဖွားကြီးဟန်သည် မပျော်မရွှင်ဖြစ်သွားပြီးတတွတ်တွတ် ညည်းတွားတော့သည်။
" သူမက ငါ့ချွေးမပဲလေ, အဲ့တော့ အဲ့ထဲကပစ္စည်းကလည်း ငါ့ဟာပဲ... ဘာလို့ ငါကမယူလို့ရ,ရမှာလဲ...ငါ့မြေးအတွက် ဆေးစာတွေလား..."
စာပို့သမားက တစ်ချက်ကြည့်လိုက်သည်။
" မျက်မှန်တွေ..."
" မျက်မှန်တွေ.. "
ရှောင်ဝမ်က မျက်မှန်တပ်မှာတဲ့လား..
အဖွားကြီးဟန်မှာ ပို၍ပင်ဒေါသထွက်သွားသည် _ သူ့လိုတောသားက တန်ဖိုးကြီးတဲ့ မျက်မှန်တပ်ပြီး ဘယ်နားသွားအသုံးချမလို့လဲ? သူက ကလေးလေးလေ, လင်ယောက်ျားလည်းမဟုတ်ဘူး _ လင်းလန် ရူးသွားတာလား..
" သူမက အိမ်မှာမရှိဘူး... ဒါပေမဲ့ ငါယူထားပြီး သူမကိုပေးလို့ရတယ်... "
အဖွားကြီးဟန်သည် သူ၏အပြောများကို ထပ်မယုံကြည့်တော့; ဒီတံခါးကနေဖြတ်လာသော အရာမှန်သမျှကို သူမသာပိုင်သည်!
သို့သော် ရှောင်ကျုံးက ငြင်းလိုက်သည်။ အဘယ်ကြောင့်ဆို ဒေါက်တာယန်က လင်းလန်လက်ထဲသို့သာတိုက်ရိုက်ထည့်ပေးရမည်ဟု သူ့အား အသေအချာမှာသွားသောကြောင့်ပေ။ သူမ၏ယောက္ခမကို ယင်းအထုပ်အား လုံးဝမထိစေနဲ့ဟူ၍လည်း ထပ်မှာသွားခဲ့သေးသည်။
အဖွားကြီးဟန်လည်း သူမထိန်းသိမ်းရမည့်သိက္ခာရှိသေးမှန်း အခု အမှတ်ရသွားချေပြီ။ တတိယမိသားစုနှင့် ပတ်သက်လာသောလူမှန်သမျှသည် ကောင်းသည့်လူများမဟုတ်ကြမှန်း သူမသတိရသွားသဖြင့် အေးအေးဆေးဆေး နှာမှုတ်လိုက်သည်။
" ထားပါလေ, လူကောင်းတွေမတပ်ကြတဲ့ အသုံးမကျတဲ့ မျက်မှန်တစ်လက်ပဲဟာ... ဒါနဲ့ ရှောင်ကျုံး, တတိယလေးပို့လိုက်တဲ့ ငွေလွှဲစာရင်းဘယ်မှာလဲ? "
သူမ ဒေါသအရမ်းထွက်နေမိသဖြင့် အရေးအကြီးဆုံးအရာအား မေ့တော့မတတ်ဖြစ်သွားသည်။
စာပို့သမားက သူ့ခေါင်းကို ခါလိုက်သည်။
" မစ္စစ်ဟန်, ခင်ဗျားအတွက် ငွေလွှဲစာရင်းက ဒီနေ့မပါလာဘူး..."
" မဖြစ်နိုင်တာ! "
အဖွားကြီးဟန်က မယုံပေ။ ထို့ကြောင့် စက်ဘီးလက်ကိုင်၌ ချိတ်ထားသော စာအုပ်ကို သူမ ကြည့်လိုက်သည်။
ဘာရေးထားတယ်ဆိုတာ ဖတ်တတ်တာကြလို့...
တစ်အောင့်ကြာသော် လင်းလန်အလုပ်မှ ပြန်ရောက်လာသည်။ သူမအပေါ်သို့ တစ်ချိန်လုံး ကျရောက်နေသောအဘွားကြီးဟန်၏ ကြောက်စရာကောင်းသော အကြည့်စူးစူးကို လျစ်လျူရှုပြီး စာရွက်ပေါ် သူမလက်ဗွေနှိပ်လိုက်သည်။ ပြီးနောက် မျက်မှန်ကိုယူလိုက်ကာ ရှောင်ကျုံးအား ကျေးဇူးတင်ကြောင်းပြောပြီး ရှောင်ဝမ့်အားရှာရန် ထွက်သွားလိုက်သည်။
အဖွားကြီးဟန်သည် ငွေလွှဲစာရင်း မရောက်သေးမှန်းကို မယုံပေ။ ထို့ကြောင့် သူမသည် ရှောင်ကျုံးအား အတင်းဆွဲထား၍ မည်သို့ဖြစ်သွားခဲ့ကြောင်းကို သူမအား ရှင်းပြခိုင်းသည်။
ညစာချက်ရန် အိမ်ပြန်လာခဲ့သော မရီးကြီးဟန်သည် ဝင်ဖြောင်းဖျပေးသည်။
" အခုထိ မရောက်သေးလို့နေမှာပေါ့, အမေရဲ့... "
အဖွားကြီးဟန်သည် ထိုအရာအတွက် မကောင်းသောခံစားချက်ကို ခံစားလိုက်ရသည်။ သူမ စိတ်မအေးနိုင်ဘဲ ရှောင်ကျုံးအား မည်သို့ဖြစ်သွားသည်ကို အကြောင်းစုံ ရှင်းပြခိုင်းလေတော့သည်။
ရှောင်ကျုံးသည် အဖွားကြီးဟန်က ထိုငွေအား သူမဘဝထက် ပိုအရေးကြီးသော အရာအဖြစ် သဘောထားမှန်း သိလေသည်။ သူများမိသားစုပြဿနာထဲ ဝင်ပါမိမည်စိုး၍ ထိုကိစ္စအကြောင်း သူဘာမှမသိကြောင်းဟူ၍သာ ရှင်းပြလိုက်ပေသည်။
သူသည် စက်ဘီးလက်ကိုင်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ၏ ခြေထောက်ကို မြှောက်၍ တက်ထိုင်လိုက်သည်။
" မဒမ်လည်း မြင်တဲ့အတိုင်းပဲ, ကျွန်တော်ပို့
ရမယ့်စာတွေအများကြီးကျန်သေးတယ်... အဲ့တာကြောင့် ကျွန်တော့်ကို ခွင့်ပြုပါအုံး..."
ရှိသမျှခွန်အားကို ခြေနင်းခုံပေါ်ကသူ၏ခြေထောက်သို့ တွန်းပို့လိုက်ပြီး အသက်လုနေရသည့်အလား ချက်ချင်းစီးထွက်သွားပေသည်။
အဖွားကြီးဟန် သံသယများစွာဖြင့် တတွတ်တွတ်ရွတ်ရင်း ကျန်ခဲ့ပြီး အိမ်သို့ ပြန်လာခဲ့တော့သည်။
သူမခြံဝင်းထဲသို့ ဝင်ဝင်ချင်း အရှေ့ဘက်အဆောင်၌ လင်းလန်သည် ရှောင်ဝမ့်အားမျက်မှန်တပ်ကြည့်ရန် ခေါ်နေသည်ကို တွေ့လိုက်ရသည်။
လင်းလန်သည် မျက်မှန်တစ်စုံအား သေချာကြည့်လိုက်သည်။ ကုန်ကြမ်းမှာ အထူးကောင်းမွန်ပြီး လက်ရာမှာ သေသပ်လှပသဖြင့် စျေးကြီးကြီးပေးရသည်မှာ ထိုက်တန်သွားပေသည်။
" ရှောင်ဝမ်, ဒီလာခဲ့... မားမားက မင်းကို တပ်ပေးမယ်... "
ရှောင်ဝမ်သည်သူ့မျက်လုံးများကို နာနာခံခံပိတ်ထားလိုက်သည်။
လင်းလန်က တပ်ပေးပြီးနောက် ခပ်ဆဆရယ်သွမ်းလိုက်သည်။
" မျက်စိမကျိမ်းပါဘူး... ကဲ... မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်... "
ရှောင်ဝမ်က သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ရာ အလင်းရောင်များက မျက်မှန်ကိုဖြတ်ပြီး သူမျက်လုံးထဲ စူးရှဝင်ရောက်လာကာ သဘာဝအရောင်များစွာ သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ရှောင်ဝမ်သည် အရာဝတ္ထုများကို အရင်ကတည်းကမြင်ရသော်လည်း ကြည်လင်ပြတ်သားနေခြင်းမျိုးမဟုတ်ဘဲ ထိုအရာများပေါ်၌ မြူခိုးများဖုံးကာထားသကဲ့သို့ မြင်ရခြင်းဖြစ်သည်။ သူ့ရှေ့တည့်တည့်ရှိလျှင်တောင် ရှင်းလင်းပြတ်သားစွာမမြင်ရချေ။ ထို့အပြင် လူများသည် သူ့အား "အရူးလေး, ငကန်း" စသဖြင့် လှောင်ပြောင်သမုတ်ကြသည်။ သူ့အမေကလည်း သူ့ကိုမကြိုက်သဖြင့် သူမအား အနီးကပ်ကြည့်ရန် မဝံ့ရဲခဲ့ချေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏စိတ်ပိုင်းဆိုင်ရာမငြိမ်သက်မှုသည် ခန္ဓာပိုင်းဆိုင်ရာနာမကျန်းမှုနှင့် ပေါင်းစပ်သွားပြီး သူ၏မျက်လုံးအခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့ခြင်းဖြစ်သည်။
သူဆေးရုံသို့ သွားခဲ့သည့်အချိန်တုန်းက အထူးကုဆရာဝန်ကြီးသည် သူ့မျက်လုံးကို သန့်ရှင်းရေးလုပ်ပေးပြီး အပ်စိုက်ကုထုံးနှင့် ကုသပေးသည့်အပြင် မျက်စဥ်းခတ်ရန်လည်း ဆေးညွှန်းပေးခဲ့သည်။ မျက်စဥ်းခတ်ပြီးသည့်နောက် သူ့မျက်လုံးအခြေအနေမှာ တိုးတက်လာခဲ့သည်။
ယခု သူမျက်မှန်တပ်လိုက်ပြီးသည့်နောက် မြူခိုးများကို လေဖြင့်တိုက်ထုတ်လိုက်သကဲ့သို့ သူ့မြင်ကွင်းမှာ ကြည်လင်ပြတ်သားလာခဲ့သည်။
သူသည် အဖြူရောင်မျက်သားလွှာနှင့်အနက်ရောင်မျက်ဆံအိမ်တို့တစ်သီးတခြားရောယှက်လျက်ရှိသော လှပသောမျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။ သူမသည် ကြင်နာစွာပြုံးပြနေသည်။ သူ့ပါးပြင်သို့ ညင်ညင်သာသာဝေ့ဝဲဖြတ်သန်းသွားသော မတ်လ၏ လေပြေညင်းကဲ့သို့, မနက်ခင်းနေရောင်ခြည်၏ နွေးထွေးသောအထိအတွေ့ကဲ့သို့, အလင်း၏ အစိုဓာတ်ကဲ့သို့, တဖွဲဖွဲကျနေသော မိုးကဲ့သို့ လှပနေပေသည်။ ယင်းသည် သူမျက်လုံးမှိတ်ထားရင်း လေတိုးသံ၏အသံသဲ့သဲ့ကို နားထောင်နေရသလိုမျိုး သူ့အား ကြည်နူးပျော်ရွှင်စေသော ခံစားချက်နှင့် ဆင်တူလှသည်..
မားမား, အရမ်းလှတယ်!
xxxxx