အခန်း(၁၀) - ဆင်ကိုမျိုသည့်မြွေ
လုချန် သူ့ဆီပစ်ပေးလိုက်သည့် ခရစ်စတယ်များအား စိတ်ရှုပ်ထွေးမှုအချို့နှင့် ကြည့်လိုက်ပြီးမှ မီကျားကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါးနှင့် ၎င်းတို့အားလုံးကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။
မီကျား သူ့ရင်ဘတ်ပေါ်မှ အိုင်ကွန်အား ကြည့်လိုက်သည်။
[နာမည်- လုချန်]
[ကိုယ်ပိုင်လက္ခဏာ- နံပါတ် ၃၀၇၃ စတင်သူနယ်မြေ၏ ကမ္ဘာ့ဘော့စ်]
[အခြေအနေ- ဖမ်းဆီးနိုင်သည်]
[နှစ်သက်မှုအမှတ်- ၂၃.၂/၂၀၀ (ရန်လိုသည့်အခြေအနေကို ဖယ်ရှားရန် ၅၀ ရောက်ရမည်၊ နဂါးဒေတာကတ်ကို ဖွင့်ရန် ၁၀၀ ရောက်ရမည်၊ နောက်ယောင်ခံလိုက်ခြင်းကို ပြီးမြောက်၍ အထူးဆုလာဘ်များ ဖွင့်ရန် ၂၀၀ ရောက်ရမည်)]
အစိမ်းရောင် ခရစ်စတယ် ၁၂ ခုသည် နှစ်သက်မှုအမှတ်အား ၁.၂ မှတ်သာ တိုးစေခဲ့သည်။ ခရစ်စတယ်များ၏ အဆင့်အတန်းသည်လည်း နှစ်သက်မှုအမှတ်ကို သက်ရောက်ပုံရသည်။ အပြာရောင်ခရစ်စတယ် တစ်လုံးမှာ ၁ မှတ်တန်ပြီး အစိမ်းရောင်ခရစ်စတယ်တစ်လုံးသည် ၀.၁ မှတ်သာ တန်သည်။
ဤသို့ဆိုလျှင် အမှတ်ယူရန်မှာ အလွန်ခက်ခဲလွန်းပေသည်။ ယခုချိန်ထိ အပြာရောင်ခရစ်စတယ်များအား အရှိန်မြန်ဖုတ်ကောင်များဆီမှသာ ရရှိပြီး မြေအောက်ကားပါကင်ရှိ ဖုတ်ကောင်များထဲ၌ အရှိန်မြန်ကောင်သည် သုံးလေးကောင်သာ ရှိသည်။
ခရစ်စတယ် ကျွေးပြီးနောက် ရေချိုး၍ ၊ အိပ်စက်ရန်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စစ်ဆေးရန်အလို့ငှာ မီကျား အလုပ်ရုံခန်းမှ ထွက်လာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အဆင့်သတ်မှတ်ချက်သည် အနီရောင်ဖန်သားပြင်တွင် ၃၄,၇၅၂ နေရာ၌ ရှိနေပြီး ယခင်ကထက် အနည်းငယ် ကျဆင်းသွားခဲ့သည်။
ညာဘက်အပေါ်ထောင့်တွင် ကြည့်ရှုသူ ၃ဦးရှိပြီး၊ Like ၁၆ ခုနှင့် Dislike ၂၁ခု ရှိနေသည်။
Like အရေအတွက်သည် Dislike အရေအတွက်နှင့် တူလုနီးပါးဖြစ်နေသည်ကို မီကျား မြင်သောအခါ ၊ အေးစက်သည့်လေကို ရှူသွင်းလိုက်မိသည်။ သူ ဒီလို ဆက်ဖြစ်နေလို့ မဖြစ်ဘူး ! Dislike မရှိရင် သူ့ဆီ ဘယ်သူကမှ ဘီလူးတွေ ပစ်ထည့်ပေးမှာ မဟုတ်ဘူး ။ ဒီတော့ သူ ဘယ်လိုလုပ်ရင် ခရစ်စတယ်တွေနဲ့ ဘီလူးဒေတာကတ်အသစ်တွေကို စုဆောင်းနိုင်မလဲ...။
ငါးရက်မြောက်နေ့
“အစ်ကိုကြီး... ဒါက မကောင်းဘူး ထင်တယ်နော်” မှိန်ဖျော့ဖျော့သာ လင်းနေသော စင်္ကြံလမ်း၌ ပိန်ပိန်ပါးပါးလူတစ်ယောက်သည် သူ့ပတ်ဝန်းကျင်မှ သွေးစွန်းထင်းနေသည်များအား စိုးရိမ်တကြီး ကြည့်ပြီး သူ့လက်မောင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဘာဖြစ်လဲ။ ငါ အောက်ထပ်က အခန်းတချို့ကို စစ်ပြီးပြီ။ အစားအသောက်တွေ အကုန်ကုန်နေပြီ။ ဟိုကောင်က အားလုံးကို ယူဖို့ ကြိုးစားနေတာ သေချာတယ်....” ဆံပင်တိုတိုနှင့် ကြွက်သားအဖုအထစ်ရှိသော လူက ဟိန်းဟောက်လိုက်သည် ။ “သတ်ခံရဖို့ စောင့်နေမယ့်အစား၊ ငါတို့ အရင်တိုက်ခိုက်တာက ပိုကောင်းတယ်။ ဟိုကောင်က အားနည်းပြီး နူးညံ့တဲ့ပုံပဲ ။ ပြီးတော့ ကောင်မလေးတစ်ယောက်ကိုလည်း ခေါ်လာသေးတယ်။ သူ ငါတို့ကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး....”
“အပြင်မှာ အခုဆို အရမ်း ရှုပ်ထွေးနေပြီ။ ကယ်ဆယ်ရေးတွေ ရောက်လာဖို့ ဘယ်လောက်ကြာမလဲ ဘယ်သူသိမှာလဲ။ ဒီအဆောက်အအုံမှာ လူအများကြီးကို ကျွေးဖို့ အစားအစာ ဘယ်လောက်များ ရှိနိုင်မှာမလို့လဲ။ ငါတို့ အစီအစဉ်ကို မြန်မြန်ဆွဲမှ ရမယ်။”
လျိုရုန်ဖုသည် ဤလူငယ်လေးသည်ကား အားနည်းသည့်ပုံ ပေါ်နေသော်လည်း ယမန်နေ့က တိုက်ခန်းအဆောက်အအုံတွင် အရှုပ်ထွေးဆုံးဖြစ်ချိန်၌ နေရာတိုင်းမှ ဖုတ်ကောင်များအား ဆက်လက်ရှာဖွေနေခဲ့သည်ကို ပြောချင်သော်ငြားလည်း လျိုဟောက်၏ လုယက်ရန် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်ရသောအခါ ပြောမည့်စကားအား မြိုချလိုက်ပြီး တိတ်တဆိတ် သူ့နောက်သို့သာ လိုက်သွားခဲ့သည်။
“ကြောက်နေရင် ပြန်ဝင်ပြီး စောင့်နေ... ကြောက်တတ်တဲ့ကောင်လေး!” လျိုဟောက်က လျိုရုန်ဖု၏ တွန့်ဆုတ်နေသည့်ပုံကို မြင်သောအခါ လှောင်ပြောင်လိုက်သည်။ “ငါတို့ အစားအသောက်တွေ ရတဲ့အခါ၊ မင်းကို ခွဲမပေးနိုင်ဘူးနော်...”
လျိုရုန်ဖု အားတင်းပြီး ဖြေသိမ့်လိုက်ကာ ခပ်တိုးတိုးဖြင့် “ဘယ်ဖြစ်ပါ့မလဲ.... အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးနောက်ကို သေချာပေါက် လိုက်မှာပါ” ဟု ပြောလိုက်သည်။
သူ့အိမ်မှ အစားအသောက်များ အားလုံးကို လျိုဟောက်က လုယူသွားခဲ့ပြီးဖြစ်သည် ။ သူ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလျှင် သူ တစ်ခုမှ ရမည်မဟုတ်ဘဲ ဤအဆောက်အအုံ၌ တစ်ဦးတည်း အစာအငတ်ခံနေရမည်မှာ ဖြစ်နိုင်ပေသည်။ ယခုချိန်တွင် သူ တစ်ဆင့်ချင်းစီ စီမံရုံသာ ရှိတော့သည်။ သူတို့ဘက်တွင် လူနှစ်ယောက်ရှိပြီး သူ့အစ်ကိုကြီးသည် ယခင်က လမ်းပေါ်မှလူတစ်ယောက်ဖြစ်ပြီး တော်တော်ကျွမ်းကျင်ပေသည်။ ထိုလူငယ်လေး မည်မျှပင် တော်နေနိုင်ပါစေ၊ သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ထိုသို့တွေးပြီးနောက် လျိုရုန်ဖုသည် လျိုဟောက်၏နောက်မှ ကပ်လျက် လိုက်လာခဲ့သည်။ လင်းတတွေရဲ့ အကြွင်းအကျန်ကို ကောက်စားရရင်တောင်မှ ငတ်သေရတာထက် ပိုကောင်းသေးသည်...။
မီကျား အေပရွန်ကို ဝတ်ဆင်ထားပြီး ဒယ်အိုးထဲသို့ ကြက်ဥနှစ်လုံး ခွဲထည့်ရင်း သီချင်းလေး ညည်းနေလေသည်။ မနေ့ နေ့လယ်က နိုးလာပြီးနောက် သူ စင်္ကြံလမ်းမှ ဖုတ်ကောင်များအား ပြန်ရှင်းလင်းခဲ့ရာ သန်းခေါင်ကျော်မှ ပြီးစီးခဲ့ပြီး အိမ်ပြန်ကာ အနားယူခဲ့သည်။ ယနေ့တွင် ပေါ့ပေါ့ပါးပါးနှင့် မည်သည်ကိုမျှမလုပ်ဘဲ ကောင်းကောင်းအနားယူမယ့်နေ့ဟု သူ စိတ်ကူးထားသည်။ ကပ်ဘေးအချိန်မှာပင် ဖြစ်လင့်ကစား အလုပ်နှင့် အနားယူခြင်းကို မျှတအောင် လုပ်ရပေမည်။ သို့မဟုတ်လျှင် သူနှင့် ၉၉၆ လုပ်သားတို့ကြား၌ မည်သည့်ကွာခြားမှုများ ရှိဦးမည်နည်း... ။
လျှပ်စစ်မီးက ပြတ်နေခဲ့ပြီဖြစ်သည် ၊ သို့သော်လည်း ကံကောင်းစွာနှင့် အိမ်တွင် ဓာတ်ငွေ့မီးဖိုရှိနေပြီး အရည်ဓာတ်ငွေ့နှင့် မီးညှိစက်ထဲမှ ဘက်ထရီများမှာ အတော်ကြာသည်အထိ အားရှိနေသေးသည်။ ထို့ကြောင့် သူ ကြက်ဥနှစ်လုံးကို နေလုံးပုံစံကြော်လိုက်ပြီး လွယ်လွယ်ပျက်စီးနိုင်သည့် ဟင်းသီးဟင်းရွက်အချို့ကို ကြော်လှော်ကာ အလွန်ပြည့်စုံကောင်းမွန်သော ညစာတစ်နပ်ကို ချက်ပြုတ်ခဲ့သည်။
ဖုန်းလင်ဇီ ဆိုဖာပေါ်တွင် ထိုင်နေရင်း ထောင့်မှ အခန်းငယ်လေးထံ စူးစမ်းလိုစိတ်နှင့် မကြာခဏ လှမ်းကြည့်နေခဲ့သည် ။ အတွင်း၌ အိမ်မွေးတိရစ္ဆာန်ကြီးတစ်ကောင် ရှိနေပုံရပြီး တစ်ခါတစ်ရံ ထူးဆန်းပြီး ကြောက်စရာကောင်းသည့် အသံများ ပြုလုပ်နေသည်မှာကား သူမ၏ အာရုံအား ဖမ်းစားနေခဲ့သည်။
မီကျား ပန်းကန်ကို ကောင်မလေးထံ ယူလာပေးခဲ့သည်။ “စားနော်...”
“ကျေးဇူးပါ၊ အစ်ကိုမီကျား” ဖုန်းလင်ဇီ မီးသွေးခဲကဲ့သို့ ဖြစ်နေသည့် ကြက်ဥကြော်နှင့် ဟင်းသီးဟင်းရွက်ကြော်ကို ကြည့်ပြီး စကားလုံးများအား ဂရုတစိုက် ရွေးချယ်၍ ပြောလေသည် : “အာ... နောက်တစ်ခါ သမီး ချက်ပေးလို့ ရမလား... အစ်ကို့ကို အချိန်တိုင်း အလုပ်ရှုပ်စေတာမျိုး မလုပ်ချင်ဘူး...”
“ရပါတယ်၊ အမှန်တော့ ကိုယ် ချက်ပြုတ်ရတာ ကြိုက်ပါတယ်” မီကျား ကောင်မလေး၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်အား နားမလည်ခဲ့သော်လည်း သူမ၏ စဉ်းစားပေးမှုကြောင့် စိတ်သက်သာရာရခဲ့သည်။ “ဒါပေမဲ့ ချက်ပြုတ်တာက တော်တော် ပင်ပန်းတဲ့အတွက် နောက်တစ်ခါ ကိုယ် မင်းကို လွှဲပေးလိုက်ပါ့မယ်”
ခက်ခဲသည့် ညစာကို စားပြီးနောက် ဖုန်းလင်ဇီ ထူးဆန်းသောအသံများ ပေးနေသည့် အခန်းငယ်လေးကို နောက်တစ်ကြိမ် လှမ်းကြည့်ပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးမြန်းခဲ့သည် ။ “ အစ်ကိုမီကျား၊ အစ်ကို့မှာ ခွေးကြီးတစ်ကောင် ရှိလား..... အဲ့ဒါက ဗိုက်ဆာနေတဲ့အသံနဲ့ ၊ဆက်ပြီး ဟောင်နေတယ်နော် ။ သမီးတို့ သူ့ကို တစ်ခုခု ကျွေးသင့်လားဟင် ....”
“အာ … ဟုတ်တယ်။ သူ့ကို အစာ ကျွေးရမယ့် အချိန်ရောက်ပြီ” မီကျား ပန်းကန်အား ဘေစင်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော အခန်းငယ်လေးထဲသို့ လျှောက်ဝင်သွားလေသည်။
ဖုန်းလင်ဇီသည် မီကျား ဝင်သွားချိန်တွင် မည်သည်ကိုမျှ ယူမသွားသည်ကို မြင်လိုက်ရပြီးနောက် ခဏအကြာ၌ ထိုသူ ပြန်ထွက်လာသည်။ အတွင်းမှ အသံများ မှိန်ဖျော့သွားသောကြောင့် သူမ ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာသည်။ “အစ်ကိုမီကျား၊ သူ့ကို ဘာကျွေးလိုက်တာလဲဟင်...”
မီကျား သူမအား လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သော်ငြားလည်း အဖြေပြန်မပေးခဲ့ပေ ။ သူ ခရစ်စတယ်များအား ကျွေးလိုက်သည်ဟု သေချာပေါက် ပြော၍ မရပေ။
မီကျား ပန်းကန်များအား ဆေးကြော သိမ်းဆည်းနေစဉ် ဖုန်းလင်ဇီ သူမ၏ စူးစမ်းချင်စိတ်အား မတွန်းလှန်နိုင်တော့ဘဲ တိတ်တဆိတ် အလုပ်ရုံတံခါးထံသို့ သွားလိုက်သည်။ ထို့နောက် ခြေဖျားထောက်ပြီး တံခါးတွင် တစ်ခုခုနှင့် ဖောက်ထားသကဲ့သို့ ပုံပေါက်နေသည့် အပေါက်ငယ်လေးမှ ချောင်းကြည့်လိုက်သည်။
အတွင်းထဲတွင် သွေးစွန်းကာ စုတ်ပြဲနေသည့် အဝတ်အစားများနှင့် ဖြူဖျော့ဖျော့ လူငယ်တစ်ဦး ရှိနေလေသည် ။ သူ၏ လက်နှင့် ခြေထောက်များအား လေးလံသော သံကြိုးများဖြင့် ချုပ်နှောင်ထားပြီး၊ အကိုက်ခံရခြင်းမှ ကာကွယ်ရန် နှုတ်ခမ်းစည်းအကာ တပ်ဆင်ထားသည် ။ နှုတ်ခမ်းစည်းမှတဆင့် သူ၏ ကွဲအက်နေသော ၊ သွေးနီရောင် နှုတ်ခမ်းများနှင့် ချွန်ထက်သည့် အစွယ်သွားများကို မြင်နိုင်ပေသည်။ သူ့မျက်လုံးများသည် မှိန်ဖျော့ဖျော့ အစိမ်းရောင် ဖြစ်ပြီး ယခုအချိန်တွင် သတိထားကာ ကြောက်ရွံ့သည့် အကြည့်နှင့် သူမအား ကြည့်နေသည်။ အတိအကျပြောရလျှင် သူမကို မဟုတ်ဘဲ သူမ၏နောက်မှ တစ်စုံတစ်ရာကို ကြည့်နေသည်သာ ဖြစ်ချေသည် ။
ဖြူဖျော့ဖျော့ လက်တစ်စုံက ရုတ်တရက် သူမ၏ မြင်ကွင်းကို ကွယ်လိုက်ပြီး သူမနောက်မှ နွေးထွေးကာ ၊ ကြင်နာတတ်သော်လည်း တစ်နည်းအားဖြင့် ထိတ်လန့်စရာကောင်းနေသည့် မီကျား၏ အသံ ထွက်လာသည် ၊ “လိမ္မာတဲ့ကလေးတွေက ပတ်ပတ်လည်မှာ ပြေးလွှား မနေသင့်ဘူး။ မဟုတ်ရင် ဖုတ်ကောင်တွေက မင်းကို တစ်ပိုင်းပြီးတစ်ပိုင်း ကိုက်စားလိမ့်မယ်။”
ဖုန်းလင်ဇီ ချက်ချင်းဆိုသလိုပင် သူမ၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်ကို ခံစားလိုက်ရသည်။
“ဒုန်း ဒုန်း ဒုန်း!” “ဒုန်း ဒုန်း ဒုန်း!”
ထိုအချိန်တွင် တံခါးအား ပြင်းထန်စွာ ထုရိုက်နေသံများကို ကြားလိုက်ရသည်။
မီကျား ကောင်မလေး၏ မြင်ကွင်းအား ကာဆီးထားရာမှ ဖယ်ရှားလိုက်ပြီး စိတ်မရှည်သည့်ဟန်နှင့် တံခါးထံသို့ ကြည့်လိုက်သည်။ “ဘယ်သူလဲ? တံခါးကို ဒီလောက်အထိ အကျယ်ကြီး ထုစရာ မလိုပါဘူး။ ယဉ်ကျေးမှု မရှိလိုက်တာ။”
သူ ဧည့်ခန်းဆီ လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။ ဖုန်းလင်ဇီ၏ မျက်နှာ ဖြူဖျော့သွားပြီး ခန္ဓာကိုယ်မှာ တုန်ရီနေကာ ဆိုဖာပေါ်တွင် ဂရုတစိုက် ကွေးကာ ထိုင်လိုက်သည်။
“ကလစ်”
တံခါးပွင့်သွားသည်။
မီကျား အပြင်မှ လူနှစ်ယောက်ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်ကာ မေးလိုက်သည်၊ “ဘာကိစ္စလဲ?”
ဆံပင်တိုတိုနှင့် ထွားကြိုင်းသည့်လူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ ရဲရဲတင်းတင်း ဝင်လာလေသည်။ သူ့နေရာကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။
“အစားအသောက်တွေ အကုန်လုံး မင်းဆီမှာ ရှိတယ်မလား ....” လျိုဟောက် ဝင်လာသည်နှင့် အစားအသောက်ရနံ့ကို ရလိုက်သည်။ အနည်းငယ် တူးထားသော အနံ့ဆိုသော်လည်း ယင်းက တစ်ယောက်ယောက်မှာ ခုနကမှ ချက်ပြုတ်ထားခြင်း ဖြစ်သည်ကို ဆိုလိုပေသည်။ လျိုဟောက် လောဘတကြီးဖြင့် သူ့နှုတ်ခမ်းအား လျက်လိုက်သည်။ “ ပစ္စည်းတွေ ငါ့ကို အေးအေးဆေးဆေး ပေးလိုက်ရင် ငါ မင်းကို ဒုက္ခ မပေးဘူးဆိုတာ အာမခံတယ် ။”
မူလက လျိုဟောက်မှာ ဆံပင်နီနှင့် လူငယ်လေးသည် ပြင်းပြင်းထန်ထန် ခုခံလိမ့်မယ် သို့မဟုတ် အနည်းဆုံး မကျေမချမ်းနှင့် ပေးလာလိမ့်မယ်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ထိုကောင်လေးသည် တုံ့ပြန်မှုပင် မပြခဲ့ပေ ။
“အိုး၊ ဒီလိုလား” မီကျား ခေါင်းညိတ်ပြီး ဧည့်ခန်းမှ ကြိုတင်ထုပ်ပိုးထားသည့် ပစ္စည်းနှစ်ထုပ်အား ထုတ်ယူကာ ပေးလိုက်သည်။ “ရော့၊ ဒါတွေက မင်းတို့အတွက်”
ယင်းက သူတို့အား လုံးဝပင် ပြောစရာ စကားမဲ့သွားစေခဲ့သည်။
[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၇ - မီကျား] တိုက်ရိုက်ထုတ်လွှင့်မှု
၂၃L: သေစမ်း၊ တကယ်ပဲလား.... သူက ပစ္စည်းတွေကို ဒီလိုမျိုး ပေးလိုက်တာလား.... ကြည့်ရတာ စိတ်ပျက်စရာ ကောင်းလိုက်တာ...
၂၄L: ဘာပဲပြောပြော သူက သူတော်စင်ပဲ...
၂၅L: ဆက်မကြည့်တော့ဘူး၊ ငါ ထွက်ပြီ။ ဒါက ငါ ကြည့်ဖူးသမျှထဲမှာ အပျင်းစရာအကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပဲ...
၂၆L: သူရဲဘောကြောင်ပြီး သေရမှာ ကြောက်တယ်။ သူ အနီရောင် ဖန်သားပြင်ပေါ် ရောက်နေတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ မကြိုက်။
မူလတွင် ကြည့်ရှုသူ နှစ်ယောက် သုံးယောက်မျှ ရှိနေသေးသော မီကျား၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ဤသို့ပြောစရာ စကားမဲ့စေသော လုပ်ရပ်ကြောင့် တစ်ကျော့ပြန်၍ ကြည့်ရှုသူ ဗလာနတ္တိ ဖြစ်သွားခဲ့သည်။
လျိုဟောက် လှောင်ပြောင်လိုက်ပြီး မီကျားမှာ နောက်ဆုတ်သွားပြီဟု ထင်ကာ သူ့အား တောင်းပန်ရန်အလို့ငှာ ပစ္စည်းတချို့ ပေးကမ်းမယ်ဟု တွေးလိုက်သည်။
သူ မီကျား ပေးလာသည့် ပစ္စည်းထုပ်များအား ရိုက်ထုတ်လိုက်သည်။ “မင်း ဘယ်လောက်များ ဝှက်ထားလဲဆိုတာ ငါ ဘယ်လို သိမလဲ? မင်းရဲ့ ပစ္စည်းတွေ အကုန်ထုတ်လာခဲ့။ စိတ်မပူနဲ့ ၊ မင်းအတွက် နည်းနည်းလေးတော့ ချန်ထားခဲ့ပေးမယ်” ကွတ်ကီးတစ်ချပ် ချန်ထားတာကလည်း ချန်ထားပေးတာပဲ… ။
သူ့ရှေ့မှ လူငယ်လေးသည် ယခုချိန်ထိတိုင် ကြင်နာ၍ နူးညံ့သော အပြုံးကို ပြုံးထားဆဲပင်ဖြစ်ပြီး သူ့အား အကျိုးအကြောင်းကို ရှင်းပြရန်ပင် ကြိုးစားနေသေးသည်။ “ကျွန်တော် အကုန်လုံးကို အထုပ် ခုနစ်ထုပ်အဖြစ် ခွဲထားပါတယ်။ မင်းတို့ တစ်ယောက်ကို တစ်ထုပ်စီ ရမယ်၊ ကျန်သုံးထုပ်က လေးလွှာက အဖိုးအိုနဲ့ အဘွားအိုစုံတွဲရယ်၊ ဆယ့်တစ်လွှာက အိမ်နီးချင်းအတွက်ပါ”
“အဟွတ်....” လျိုဟောက် မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်၊ “ရှက်စရာတွေ မလုပ်စမ်းပါနဲ့!မကြာခင် ဒါမှမဟုတ် နောက်ဆုံးမှာ သေရတော့မယ့် အဲဒီ အသက်ကြီးတဲ့ နှစ်ယောက်ကိုပါ မင်းက မျှဝေပေးချင်နေသေးတယ်။ မင်းက မိုက်မဲ့တဲ့ အလုပ်ကို လုပ်ချင်ေနတာပဲ ။ ဒါတွေ အကုန်လုံး ငါ့ကိုပေးလိုက်၊ ငါကျိန်ပြောရဲတယ် ငါ မင်းကို သတ်ပစ်မယ်ဆိုတာ မင်း ယုံလား မယုံဘူးလား....”
“ဒါက မမှန်ဘူးလေ ။ ဒီလိုအချိန်က သက်ကြီးရွယ်အိုတွေအတွက် အရမ်း ခက်ခဲနေပြီကို ။ ငါတို့က သူတို့ကို ပိုပြီး ကူညီသင့်တယ်” မီကျား ဤမနက်မှ သူ သန့်ရှင်းထားသည့် ကြမ်းပြင်ပေါ်သို့ လူကြီးက တံတွေးထွေးချသည်ကို မြင်လိုက်ရသောအခါ သူ၏အမူအရာမှာ အနည်းငယ် တောင့်တင်းသွားခဲ့သော်လည်း သူ ထိန်းချုပ်ထားလိုက်ပြီး စိတ်ရှည်လက်ရှည်နှင့် ထိုသူ့အား ဆက်လက် ဖြောင်းဖျရန် ကြိုးစားခဲ့သည်။ “ငါတို့က အိမ်နီးချင်းတွေနဲ့ အဆင်ပြေအောင် နေသင့်တယ်။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ အချင်းချင်းက အမြဲတမ်း မြင်နေရတာပဲ...”
နောက်တွင် ပုန်းနေသောလျိုရုန်ဖုသည် ယင်းအား သည်းခံပြီး ဆက်မကြည့်နေနိုင်တော့ပေ။ ဒီလူငယ်လေးက အရမ်း ရိုးအလွန်းနေတုန်းပဲ... အိမ်နီးချင်းဆက်ဆံရေးအကြောင်းတောင် ပြောလိုက်သေးတယ်...
အသက်နဲ့ သေခြင်းကို လောင်းကြေးထပ်နေရတဲ့ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံးသူကသာ ရှင်သန်နိုင်တာပါ… ဘယ်သူကများ ကိုယ်ကျင့်တရားနဲ့ ခံစားချက်တွေအကြောင်း ပြောဖို့ အချိန်ရှိပါ့မလဲလေ… ။
လျိုဟောက် စိတ်မရှည်တော့ပေ။ သူ မီကျား၏လည်ပင်းကို ဆွဲဆုပ်လိုက်ပြီး လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်။ “ဖာ့ခ်၊ မင်း… ကောင်ချောလေး ၊ ငါ မင်းကို သည်းမခံနိုင်တော့ဘူး။ မင်း စကားပတ်ချာလည်နေတာနဲ့ပဲ ငါ မင်းကို မထိုးဘူးလို့ ထင်နေတာလား? ပစ္စည်းတွေ ပေးလိုက်တော့...”
“ကျွန်တော်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူပါ။ လူတွေနဲ့ ရန်ဖြစ်ရတာကို မကြိုက်ဘူး” ဖြောင်းဖျခြင်း မအောင်မြင်သည်ကို မြင်သောအခါ မီကျား နောင်တရသည့်ဟန်နှင့် သက်ပြင်းချလိုက်သည်။ မီကျား သူ့အိတ်ကပ်ထဲမှ သားရေလက်အိတ်ထူကြီး တစ်စုံကို ဆွဲထုတ်ပြီး ဝတ်လိုက်သည်။ ထို့နောက် သွေးစွန်းနေသည့် ကြေးဝါလက်ဆစ်ကာအင်္ကျီအား ဖြုတ်ရန်ပင် အချိန်ယူလိုက်သည်။ “ဒါပေမဲ့ မင်းက အရင် စလုပ်ခဲ့တဲ့အတွက် ဒါက ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းပဲ ၊ မဟုတ်ဘူးလား.... လုံးဝကို ဥပဒေနဲ့ မငြိစွန်းဘူး။”
“မင်း ဘာလုပ်ချင်တာလဲ...” သို့သော် လျိုဟောက် စကားမဆုံးခင်မှာပင် မီကျား လျင်မြန်သော အပေါ်ထိုးချက်နှင့်အတူ ထိုသူ့အား လွှင့်ပစ်လိုက်သည်။ သွေးများနှင့်အတူ ကျိုးပဲ့နေသည့် သွားအချို့ လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်သွားကာ နှစ်မီတာ သုံးမီတာအထိ နောက်သို့ လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုအရာအားလုံးသည် လျိုရုန်ဖု တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အလွန်မြန်ဆန်ခဲ့သည်။ သူ ဤနေရာမှာပင် အပြီးထိ ရပ်နေခဲ့သည်။
မီကျား ကြမ်းပြင်ပေါ် လဲကျနေသည့် လူကြီးထံ လျှောက်သွားလိုက်ပြီး ခြေထောက်အား ဆွဲကိုင်ကာ ဤသူ တံတွေးထွေးခဲ့သော နေရာဆီသို့ ပြန်ဆွဲခေါ်လာခဲ့သည်။
“ငါ ဒီမနက်မှ ဒီကြမ်းပြင်ကို တံမြက်စည်းလှဲပြီးခါမှ မင်းက ဒီလို ညစ်ပတ်အောင် လုပ်လိုက်တယ်။”
မီကျား တံတွေးကို စက်ဆုပ်ရွံရှာစွာ ငုံ့ကြည့်လိုက်သည်။
“အဲဒါကို လျက်ပြီး သန့်ရှင်းအောင် လုပ်စမ်း ။” သူ ဤလူကြီး၏ ဦးခေါင်းအနောက်ဘက်အား နင်း၍ သူ့မျက်နှာကို ကြမ်းပြင်နှင့် ဖိလိုက်သည်။ မီကျား ဤအချိန်ထိ ထိုသို့ ဖော်ရွေပြီး ပျော်ရွှင်နေသည့်အပြုံးအား ပြုံးထားဆဲဖြစ်ကာ သူ ခေါင်းငုံ့ကာ တီးတိုးပြောလိုက်လေသည် - “မင်း လျက်ပြီး သန့်ရှင်းအောင် မလုပ်နိုင်ရင်၊ ငါ မင်းရဲ့ အရိုးတွေကို တစ်ခုချင်းစီ ဆွဲထုတ်ပြီး ဟင်းချိုအဖြစ် ပြုတ်ပစ်မယ်။”