အခန်း(၁၁) - သဘောထားကြီးသည့်လူ
လူ့သဘာဝက ဤသို့ပင်၊ တစ်ခုခု၌ ကောင်းသောအရာ ရပြီဆိုသည်နှင့် ပိုမို လိုချင်လာကြသည်။ ရောင့်ရဲတင်းတိမ်တတ်ရန် မည်သို့မျှ မသင်ယူကြပေ။ လောဘနှင့် မဆုံးနိုင်သည့်ဆန္ဒများသည် နှလုံးသားအား တဖြည်းဖြည်း တိုက်စားပြီး စိတ်ကို မှုန်ဝါးစေသည်။ ပြင်ပအင်အားစုများမှ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည့်အခါမှသာ ကိုယ့်လုပ်ရပ်များက မည်မျှပင် အဓိပ္ပာယ်မဲ့လဲဆိုသည်ကို သိလာရသည်။
လျိုဟောက် အရိုက်ခံလိုက်ရသောအခါ လုံးဝ ကြောင်အသွားသည်။ ခေါင်းထဲ၌ ဆူညံနေပြီး ပါးစပ်ထဲတွင် သွေးများ အပြည့်ဖြင့် သူ့၏ရှေ့သွားတစ်ချောင်းလည်း ကျွတ်ထွက်သွားခဲ့ချေပြီ။ သူသည် သနားစရာလည်းကောင်းသကဲ့သို့ ရယ်စရာလည်း ကောင်းနေခဲ့သည်။
"ငါက မင်းနဲ့ ကောင်းကောင်းမွန်မွန် စကားပြောဖို့ ကြိုးစားခဲ့တာကို မင်းက နားမထောင်ဘူး။ ငါရိုက်လိုက်မှပဲ ငါက အနုနည်းနဲ့ အကြမ်းနည်း နှစ်မျိုးလုံးယှဉ်လို့ရတယ်ဆိုတာ မင်းသိရတော့တာမလား၊ ဟမ်..."
လျိုဟောက်၏ခေါင်းသည် မီကျား၏ခြေထောက်အောက်၌ ဖိမိနေသည်။ မည်သို့ပင် ရုန်းကန်ရုန်းကန်၊ တစ်လက်မမျှ မလှုပ်နိုင်ပေ။ ဤသို့ နူးညံ့သိမ်မွေ့သော လူငယ်လေးတွင် ဤမျှလောက် အားအင်များ မည်သို့ ရှိနေသနည်းဆိုသည်ကို သူနားမလည်နိုင်ပေ။
မျက်နှာမှာ အလွန်နာကျင်နေ၍ စကားပင် ကောင်းကောင်းမွန်မွန် မပြောနိုင်တော့ပေ။ မပီမသ ညည်းသံများ ၊ အော်သံများသာ ထွက်ပေါ်လာရင်း ခွင့်လွှတ်ရန်အလို့ငှာ တောင်းပန်နေရသည်။
"အားမနာပါနဲ့။ ငါက အားလုံးမှာတော်ပေမယ့် တစ်ခုပဲ အားနည်းချက်ရှိတယ်၊ အဲ့ဒါက ငါက သဘောထားကြီးလွန်းတာပဲ။" မီကျား မတ်တပ်ရပ်လိုက်ပြီး ဘေးနားတွင် တုန်လှုပ်နေသည့် လျိုရုန်ဖုအား လက်ညှိုးထိုးပြရင်း ပြောလိုက်သည် ။ "ကြည့်စမ်းပါဦး ၊ သူက အသက်တဲ့ကြီးသူကို မလေးစား၊ ငယ်သူကို မချစ်ခင်ပဲ၊ အကျပ်အတည်းကို အခွင့်ကောင်းယူချင်တဲ့ လူဆိုးကြီး ဖြစ်နေရင်တောင် ငါက သူ့ကို အရမ်းအထိနာအောင် မရိုက်ရက်ဘူး။"
...."ခင်ဗျားက သဘောထားကြီးတာ ဟုတ်ရဲ့လား..."
ဒီလိုလုပ်တာက အထိနာအောင် မရိုက်တာ မဟုတ်ဘူးတဲ့လား… လျိုရုန်ဖု၏ ရင်ထဲ၌ အော်ဟစ်နေသော်ငြားလည်း စကားတစ်ခွန်းမှ မပြောရဲပေ။ သူက နောက်ထပ် လျိုဟောက်ကဲ့သို့ ဖြစ်မည်ကို လုံးဝ မလိုချင်ပေ။
"ဒါပေမယ့် ဘယ်လောက်ပဲ ဆိုးတဲ့လူဖြစ်ဖြစ် အမှားပြင်ဆင်ဖို့ အခွင့်အရေးတော့ ရသင့်တာပဲ။ နောက်ပြီးတော့ ငါကလည်း မကောင်းဆိုးဝါး တစ်ကောင်မှ မဟုတ်တာ။"
မီကျား ခြေထောက်ကို ဖိနင်းလိုက်ပြီး အနည်းငယ် လှည့်လိုက်သည်။ လျိုဟောက် သူ့ခေါင်းအား ကြိတ်ချေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ "သ-သနားပါ... နောက်ထပ် မလုပ်တော့ပါဘူး... တောင်းပန်ပါတယ်... အစ်ကိုကြီး..."
တစ်ဖက်လူ အမှားဝန်ခံသည်အား မြင်ရသောအခါ မီကျား ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ငါ မင်းကို ဒုက္ခမရောက်စေရဘူး။ သေသေချာချာ သန့်ရှင်းရေးလုပ်လိုက်၊ ဒါဆိုရင် ငါမင်းကို လွှတ်ပေးမယ်။"
ဤအချိန်တွင် လျိုဟောက်သည် သူ၏သိက္ခာကို ဂရုစိုက်နိုင်ခြင်း မရှိတော့ပေ။ ဤ မာရ်နတ်ထံမှ အမြန်ဆုံး လွတ်မြောက်ချင်ရုံသာ ။ သူ အလျင်စလို ခေါင်းငုံ့ပြီး တံတွေး ထွေးပစ်ခဲ့သော ကြမ်းပြင်အား လျှာနှင့် လျက်လိုက်သည်။
တံတွေးများ သေသေချာချာ သန့်ရှင်းသွားမှသာလျှင် မီကျား ခြေထောက်အား ရုတ်လိုက်သည်။ လျိုဟောက် အနည်းငယ် ရုန်းကန်ကာ ထရပ်၍ ထွက်ပြေးရန် ကြိုးစားလျက် တံခါးဘက်သို့ ယိုင်ထိုးယိုင်ထိုးနှင့် သွားခဲ့သည်။
"ခဏလေး။" လျိုဟောက် ထွက်ပြေးရန်လုပ်နေစဥ်တွင် မီကျားမှာမူ သူ့ကော်လံစအား နောက်မှ ဆွဲကိုင်လိုက်သည် ။ ထိုအချိန်တွင် သူ့မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ဆိုးဆိုးဝါးဝါးကိုပင် လန့်သွားခဲ့သည်။
"မင်းတို့ရဲ့ ပစ္စည်းတွေကို မေ့ပြီးမကျန်ခဲ့စေနဲ့။" မီကျား ထောက်ပံ့ရေးအိတ် နှစ်အိတ်ကို သူတို့လက်ထဲ ထည့်ပေးလျက် ပြောလိုက်သည်။ "ငါက မျှတတဲ့သူပါ။ လူတိုင်း ကိုယ့်ဝေစု ကိုယ်ရမယ်။ ပိုလည်း မပိုဘူး၊ လျှော့လည်း မလျှော့စေရဘူး။"
သူတို့နှစ်ယောက်သည် ထောက်ပံ့ရေးအိတ်များအား ထုံထိုင်းစွာ ယူလိုက်ကြသည်။ သူတို့သည် စက္ကန့်အနည်းငယ်ကြာမှ သတိပြန်ဝင်လာပြီး သူတို့အသက်ကို မူတည်နေသလိုမျိုး ထိုနေရာမှ လျှပ်တစ်ပြက် ပြေးထွက်သွားကြသည်။
"အိမ်နီးနားချင်းတွေက ဒီလိုပဲ အဆင်ပြေပြေ နေထိုင်သင့်တာပေါ့။ နောက်တစ်ခါ လာလည်ဖို့ ကြိုဆိုပါတယ်။ ဘိုင့်..." မီကျား ထိုလူနှစ်ဦး၏ ကျောပြင်ကိုကြည့်ကာ လက်လှမ်းပြလိုက်သည်။ ပြီးနောက် တံခါးပိတ်လိုက်ပြီး ရေချိုးခန်းထဲမှ ကြမ်းတိုက်တံကို ထုတ်ယူကာ ကြမ်းပြင်အား နောက်တစ်ကြိမ် တိုက်ချွတ်ဆေးကြောလိုက်သည်။
ဖုန်းလင်ဇီသည် ယခု ဖြစ်ပျက်ခဲ့သည်များကို မြင်လိုက်ရသောအခါ သူမသည် ယခင်ကထက် ပို၍ ကျုံ့သွားခဲ့သည်။ သူမ၏ မျက်လုံးရှေ့တွင် အဖြူရောင်စာသားတန်းများ ပေါ်လာလေသည်။
[ငါ သူ့ကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ... ဒါပေမယ့် ငါ အရမ်းအန္တရာယ်ရှိတဲ့ လူတစ်ယောက်နဲ့ ပတ်သက်မိသွားတာလဲ ဖြစ်နိုင်တယ်...]
[အခန်းငယ်လေးထဲက ဖုတ်ကောင်က... သူ့ခေါင်းပေါ်မှာ အနီရောင် နာမည်ကဒ်ပြား ရှိနေတယ်… အဲ့ဒါ ကမ္ဘာ့ဘောစ့် ဖြစ်ရမယ်...]
[ဝိုး၊ အဲ့ဒီလူက ရှင်သန်ကျန်ရစ်သူ (survivor) လား ဒါမှမဟုတ် NPC လား.... ဘယ်လို ရှင်သန်ကျန်ရစ်သူကများ ကမ္ဘာဘောစ့် ကို ကိုယ့်အခန်းထဲမှာ လော့ခ်ချထားမှာလဲ!]
[ဝူးဝူး၊ ကျားပါးစပ်ကနေ လွတ်ပြီး ဝံပုလွေတွင်းထဲ ရောက်သွားပြီ။ လင်လင်.... နင် ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်အောင် နေရမယ်နော်....]
"ဘာဖြစ်တာလဲ? နေမကောင်းဘူးလား?" ထောင့်၌ တိတ်တိတ်ဆိတ်ဆိတ် ကွေးနေသော ကလေးမလေးအား မြင်သောအခါ မီကျား စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။
"အမ်... အစ်ကို၊ ခင်ဗျားက..." ဖုန်းလင်ဇီက သတ္တိကို မွေးကာ သူက ရှင်သန်ကျန်ရစ်သူလားဟု မေးရန် ရည်ရွယ်ခဲ့သော်လည်း စကားလုံးများမှာ လည်ချောင်းထဲတွင် ပိတ်မိနေခဲ့သည်။ ယင်းအစား သူမက "အခန်းထဲက အစ်ကိုက ဘယ်သူလဲ" ဟူ၍သာ မေးလိုက်သည်။
"သူက..." မီကျား ပေါ့ပေါ့ပါးပါးနှင့် "ငါ့ ညီလေး" ဟု ပြောလိုက်သည်။
သူ သက်ပြင်းချလိုက်ပြီး သူ့မျက်နှာက ဝမ်းနည်းမှုနှင့် ကြေကွဲမှုများဖြင့် ပြည့်နှက်နေသည်။ "ငါတို့က အမြဲတမ်း အရမ်းရင်းနှီးခဲ့ကြတာ။ ဒါကြောင့် သူ ဖုတ်ကောင်အဖြစ် ပြောင်းသွားပေမယ့်လည်း သူ့ကို အပြင်မှာ လျှောက်သွားပြီး တခြားသူတွေကို ထိခိုက်အောင် လုပ်ခိုင်းဖို့ ငါ စိတ်မချဘူး... ငါ သူ့ကို အခန်းထဲမှာ သော့ခတ်ထားပြီး ငါကိုယ်တိုင်ပဲ ဂရုစိုက်ပေးနိုင်တယ်။"
ဖုတ်ကောင်ကို အခန်းထဲမှာ သော့ခတ်ထားတာ အံ့သြစရာ မရှိတော့ပါဘူး ၊ ဒါ့ကြောင့်ကိုး... ဖုန်းလင်ဇီ ရုတ်တရက် နားလည်လိုက်သည်။
ဒီအစ်ကိုကြီး က တကယ်ကို သဘောထားကြီးတဲ့ လူကောင်း တစ်ယောက်ပဲ… ငါ အစောပိုင်းတုန်းက သူ ငါ့ကိုဖမ်းပြီး ဖုတ်ကောင်ကို ကျွေးဖို့ ကြံနေတာများလားလို့ တွေးခဲ့မိသေးတယ်... ငါ သူ့ကို အထင်မှားခဲ့တာပဲ...သူမသည် အပြစ်ရှိသလို ခံစားရလျက် တွေးလိုက်မိသည်။
သူမက မီကျားအား ထစ်ထစ်ငေါ့ငေါ့ နှင့် နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။ "ရပါတယ်၊ အဆင်ပြေသွားမှာပါ။ တစ်နေ့ကျရင်... ဖုတ်ကောင်တွေကို လူပြန်ဖြစ်စေမယ့် ဆေးတစ်ခုခု ပေါ်လာနိုင်ပါတယ်..."
"အင်း။" မီကျားက သူမ၏စကားကြောင့် နှစ်သိမ့်မှု ရသွားသကဲ့သို့ နှာတစ်ချက် ရှုံ့လိုက်သည်။ သူ ခါးသီးစွာ ပြုံးလိုက်ပြီး ကလေးမလေး၏ ခေါင်းအား ပွတ်သပ်လိုက်သည်။ "အဲ့ဒါကြောင့် ငါတို့အားလုံး ကောင်းကောင်းနေထိုင်ပြီး ငါတို့ပတ်ဝန်းကျင်က လူတွေကို ကာကွယ်ပေးရမယ်။"
"ဟုတ်...."
သို့သော်လည်း ဖုန်းလင်ဇီသည် တစ်ခုခု မှားနေသကဲ့သို့ သဲ့သဲ့လေး ခံစားနေရဆဲပင်။ သူမ အခန်းထဲမှ ဖုတ်ကောင်၏မျက်နှာကို သေချာ ပြန်စဉ်းစားကြည့်သည်။ အဘယ်ကြောင့်မှန်းမသိ၊ ၎င်းက ရင်းနှီးနေသကဲ့သို့ ထင်ရပေသည်။
သူမ ယာယီနေထိုင်နေသော အခန်းထဲတွင် မိသားစုဓာတ်ပုံ တစ်ပုံအား မြင်ခဲ့သည်ကို မှတ်မိနေပေသည် ။ ထိုဓာတ်ပုံထဲမှ ကောင်လေးသည် သူမ ခုနက မြင်ခဲ့ရသော ဖုတ်ကောင်နှင့် အလွန်တူနေခဲ့သည်...
"အစ်ကိုတို့နှစ်ယောက်က မျက်နှာချင်းဆိုင်မှာနေတာ... အစ်ကိုတို့ အရမ်းရင်းနှီးခဲ့ကြမှာပဲ။"
မီကျား မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။ "ဟုတ်တယ်။ ငါတို့က တူညီတဲ့ အဆောက်အအုံ၊ တူညီတဲ့ အလွှာမှာ အခန်းတွေ ဝယ်ခဲ့ကြတာ၊ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးနိုင်အောင်လို့လေ။"
သူ ရုတ်တရက် တစ်ခုခုအား သတိရသွားပုံရပြီး သက်ပြင်းချလျက် ထပ်ပြောလိုက်သည်။ "ကမ္ဘာပျက်ချိန်မှာ အိမ်ရာချေးငွေ ပြန်ဆပ်စရာ မလိုတော့တာ အရမ်းကောင်းတာပဲ...."
[ရှင်သန်သူအမှတ်စဉ်. ၉၂၇၆၂ ဖုန်းလင်ဇီ] တိုက်ရိုက်ထုတ်လွှင့်မှု
[လင်လင်... နင် ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို ယုံတယ်လား... အဲ့ဒါက ရှင်သန်ကျန်ရစ်သူနားမှာ မတော်တဆ ပေါ်လာတဲ့ Boss တစ်ကောင်ဆိုတာ သေချာတယ်...]
[သတိထားနော် လင်လင်.... ဒီလူက လွယ်တဲ့သူ မဟုတ်ဘူး...]
[ပြေးတော့....]
တိုက်ရိုက်ကြည့်ရှုမှုမှ ကြည့်ရှုသူများအားလုံးသည် ပူပန်စွာ သတိပေးနေကြချေပြီ ။
"အဲ့လို မဟုတ်ဘူး... ဒီအစ်ကိုကြီးက သေချာပေါက် လူကောင်း တစ်ယောက်ပါ။ သူ ငါ့ကို ကယ်တင်ခဲ့တာလေ..."
မီကျား သူ့ရှေ့မှ လေဟာနယ်အား စိတ်အားထက်သန်စွာ ငြင်းခုန်နေသော ကလေးမလေးကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဒီကလေးမလေးက တကယ်ကို နည်းနည်း အ,တာလား…။
နေ့လယ်ခင်းတွင် မီကျားသည် ကျန်ရှိနေသော ထောက်ပံ့ရေးပစ္စည်းများအား ဖြန့်ဝေပြီးသွားသောအခါ သူ နောက်တွင်လုပ်ဆောင်မည့် ကိစ္စအမျိုးမျိုးကို စတင်စီစဉ်ခဲ့သည်။
အဆောက်အအုံထဲမှ ကျန်သည့် ဖုတ်ကောင်များအား ရှင်းလင်းပြီးနောက် ရရှိလာသော ခရစ်စတယ်များကိုလည်း လူချန်အား ကျွေးခဲ့သည်။ သူ၏ မျက်နှာသာပေးမှု အဆင့်သည် လက်ရှိတွင် ၃၆ မှတ်ရှိနေပြီး ရန်လိုသည့်အခြေအနေမှ လွတ်မြောက်ရန် ၁၄ မှတ် လိုနေသေးသည်။ ယခုအချိန်အထိ၊ ကြည့်ရှုသူများ လှူဒါန်းခဲ့သော အမြန်ဖုတ်ကောင်တစ်ကောင်အပြင် မီကျားသည် နောက်ထပ် နှစ်ကောင်သာ တွေ့ခဲ့ရသည်။ ၎င်းတို့က ရှားပါးပြီး ကြိုတင်ခန့်မှန်းရခက်သကဲ့သို့ ၊ အခုလောလောဆယ်တွင် မျက်နှာသာပေးမှုအား တိုးမြှင့်ရန် ပုံမှန် ဖုတ်ကောင် ခရစ်စတယ်များအပေါ်၌သာ အဓိက မှီခိုနေရဦးမည် ဖြစ်သည်။
သူ ပြတင်းပေါက်မှတဆင့် လမ်းကိုပေါ်သို့ ငဲ့ကြည့်လိုက်သည်။ မြင့်မားသည့် တံတိုင်းပတ်လည်ကြောင့် အပြင်ဘက်မှ ဖုတ်ကောင်များသည် ရပ်ကွက်ထဲသို့ မဝင်နိုင်ပေ။ လူနေရပ်ကွက် အတွင်းရှိ ဖုတ်ကောင်အရေအတွက်မှာ အလွန်မများလှပေ။ သို့သော် အပြင်ဘက် လမ်းများပေါ်တွင်မူ ဖုတ်ကောင်အုပ်ကြီးများသည် ရည်ရွယ်ချက်မရှိ လှည့်လည်နေကြပြီး သူတို့၏အရေအတွက်မှာကား တစ်နေ့ထက်တစ်နေ့ လျင်မြန်စွာ တိုးလာနေသည်။
လုံခြုံရေးအရ၊ သူက အသိုက်အဝန်းအတွင်းမှ ပုံမှန်ဖုတ်ကောင်များအား အရင်ဖမ်းဆီးရန် အာရုံစိုက်ခြင်းသည် အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။
၈ ရက်မြောက်နေ့
"ရှောင်ကျား၊ ဒီကာလအတွင်း မင်းရဲ့ ဂရုစိုက်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်..."
အဆောက်အအုံ (၇)၏ ဧည့်ခန်းမထဲ၌ သက်ကြီးရွယ်အိုနှင့် နေထိုင်သူများသည် မီကျား ပေးသည့် အစားအစာများအား ကျေးဇူးတင်စွာ လက်ခံယူကြသည်။
"ရပါတယ်၊ ဒါက ကျွန်တော် လုပ်သင့်တဲ့အရာပါ။ ရပ်ကွက်ထဲ လှည့်လည်နေတဲ့ ဖုတ်ကောင်အများစုကို ရှင်းလင်းပြီးသွားပါပြီ၊ ဒါပေမယ့် အန္တရာယ်တော့ ရှိနေတုန်းပါပဲ။ အခုလောလောဆယ် ခင်ဗျားတို့အားလုံး အဆောက်အအုံ (၇)မှာပဲ အတူတူ နေထိုင်ကြပါ။ အဲ့ဒီလိုဆိုရင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်မယ်၊ တစ်ခုခုဖြစ်ရင်လည်း ကျွန်တော် အမြန်ရောက်လာပြီး ကူညီနိုင်မယ်။"
သူသည် အသက်ရှင်ကျန်ရစ်သော ဆယ်ဂဏန်းလောက်သာရှိသည့် လူငယ်များအား ပြောလိုက်သာည် ။ "အရင်က ပြောထားတဲ့အတိုင်း ကျန်တဲ့ လူငယ်လူရွယ်တွေက သုံးယောက်တစ်ဖွဲ့စီ ခွဲပြီး ထောက်ပံ့ရေးပစ္စည်းတွေကို အသုတ်လိုက် ရှာဖွေကြပါ။ စုဆောင်းရရှိတဲ့ ပစ္စည်းတွေကို စုပုံပြီးမှ လူတိုင်းဆီကို ညီညီမျှမျှ ပြန်လည် ဖြန့်ဝေပေးပါမယ်။ လူတိုင်း ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် လုံလောက်တဲ့ အစားအစာနဲ့ ရေ ရှိစေဖို့ သေချာပါစေ၊ ပြီးတော့ ကယ်ဆယ်ရေးကို စောင့်ဆိုင်းကြပါ။"
"နားလည်ပါပြီ...." ဆယ်ဂဏန်းလောက်သာရှိသော လူများက ပြန်ဖြေကြသည်။
ဤနှစ်ရက်အတွင်းတွင် မီကျားဟုခေါ်သည့် ထိုလူငယ်လေးသည် ရပ်ကွက်တစ်ခုလုံးမှ ရှင်သန်ကျန်ရစ်သူများအား တစ်ယောက်တည်း စုစည်းခဲ့ပြီး၊ သူတို့ကို အဆောက်အအုံ (၇)၌ အတူတကွ နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။ သူလုပ်သည်များအား လူတိုင်း မြင်ကြသည့်အတွက် သူ၏ စီစဉ်မှုကို ဘယ်သူမှ ကန့်ကွက်ခြင်း မပြုကြပေ... ဟုတ်ပါသည်၊ ကန့်ကွက်သူများသည်လည်း အရိုက်ခံလိုက်ရပေသည်။ တချို့လူများက ထောင့်မှ ပတ်တီးစည်းထားသော လျိုဟောက်အား လျှို့ဝှက်စွာ ကြည့်လိုက်ပြီး သနားစိတ် အနည်းငယ်ကို ခံစားလိုက်ရသည်။ ဟူး - အရိုက်ခံရတာ တကယ်ဆိုးပါလားနော်… ။
ယနေ့အတွက် ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပြီးနောက် မီကျားသည် အစောပိုင်းမှ ရှင်းလင်းမှုများအတွင်း လွတ်သွားခဲ့သော ကျန်ရှိနေသေးသည့် ဖုတ်ကောင်များ ရှိ၊ မရှိကို ရပ်ကွက်အတွင်းတွင် ထပ်မံ ရှာဖွေရန် ထွက်သွားခဲ့သည်။
ညနေရောက်မှသာလျှင် သူသည် ဖုတ်ကောင်နှစ်ကောင်အား ဆွဲခေါ်လာလျက် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
မျက်နှာ ဖြူဖျော့ဖျော့နှင့် လူငယ်လေးသည် ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ သံကြိုးအများစုကို ဖြုတ်ထားပြီး ခြေကျင်းဝတ်၌ ကြိုးတစ်ခုသာ ကျန်ခဲ့သည်။ ယင်းက သူ့အား မီကျား၏ အိမ်မှ မထွက်သွားနိုင်အောင် တားဆီးထားခြင်းသာဖြစ်သည်။
သူ့ လက်များနှင့် ခြေထောက်များတွင် အပြာရောင်နှင့် ခရမ်းရောင် ဒဏ်ရာများ ပြည့်နေသော်လည်း ၎င်းတို့က ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာပုံရပြီး တစ်စိတ်တစ်ပိုင်းသည်ပင် အနာဖေးများ တက်နေပြီဖြစ်သည်။
မီကျား သူ့ရင်ဘတ်ပေါ်မှ အိုင်ကွန်အား ကြည့်လိုက်သည်။
[နာမည်- လုချန်]
[အထောက်အထား-နံပါတ် ၃၀၇၆ စတင်သူဇုန် ကမ္ဘာဘောစ့် ]
[အခြေအနေ- ဖမ်းဆီးနိုင်သည်]
[မျက်နှာသာပေးမှု- ၆၇/၂၀၀ (ရန်လိုမှုအား ဖယ်ရှားပြီးဖြစ်သည်။ ဘီလူးဒေတာကတ် ဖွင့်ရန် ၁၀၀ ရောက်ရမည်၊ လိုက်လံဖမ်းဆီးမှု ပြီးမြောက်ပြီး အထူးဆုများရရန် ၂၀၀ ရောက်ရမည်။)]
ဤနှစ်ရက်အတွင်းတွင် သူသည် ရပ်ကွက်ထဲမှ ရှင်သန်ကျန်ရစ်သူများအား စုစည်းပြီး လူငယ်လူသန်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့များစွာကို ဖုတ်ကောင်များအား အထူးပင် လိုက်လံဖမ်းဆီးစေခဲ့သည်။ အလောင်းများကို စုဆောင်းပြီး ပိုးမွှားများကြောင့် ဖြစ်ပွားလာနိုင်သည့်ရောဂါများကို ကာကွယ်ရန်အလို့ငှာ ဥယျာဉ်ငယ်လေး၏ နေရာတွင်ပင် မီးရှို့ဖျက်ဆီးစေခဲ့သည်။
ဒေသခံများသည် ခရစ်စတယ်များအား မလိုအပ်သည့်အတွက် ဖုတ်ကောင်ဦးနှောက်ထဲမှ ခရစ်စတယ်များကို မီကျားက စုဆောင်းပြီး လုချန်ကို ကျွေးခဲ့သည်။ နောက်ထပ် နှစ်ရက် သုံးရက်ကြာပြီးနောက်တွင် သူသည် လုချန်၏ချစ်ခင်တွယ်တာမှု အဆင့်အား ၆၇ အထိ ရောက်အောင် တိုးမြှင့်နိုင်ခဲ့သည်။
မီကျား သူ့ရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။ "ငါ ဘယ်သူလဲဆိုတာ မင်း မှတ်မိလား....."
လုချန်၏ယခင်က မုံမုံမှိုင်းမှိုင်းနှင့်၊ အာရုံစိုက်မှု မရှိသော မျက်လုံးများသည် ဖြည်းဖြည်းချင်းပင် ပြန်လည် ထက်မြက် လာခဲ့သည်။ သူက မီကျားအား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သူ ယခင်ကဲ့သို့ အခွင့်အရေးရလျှင်ရသလို ကိုက်ရန် ကြိုးစားနေသည့် ရန်လိုမှုမျိုး မပြတော့ပေ။ ထိုအစား သူက အခန်းထဲတွင်သာ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ပြီး ရိုးရှင်းသော စကားတချို့ကိုပင် နားလည်နိုင်ပုံရသည်။
"အင်း၊ မင်း မမှတ်မိသေးဘူးနဲ့ တူတယ်။" မီကျား သက်ပြင်းချလိုက်သည်။
သူက ဖုတ်ကောင်ဘုရင် ဖြစ်သည့်အတွက် ထူးခြားသည့် စွမ်းရည် တစ်ခုခု ရှိသင့်သည်။ သူ့တွင် ရုပ်ပိုင်းဆိုင်ရာ အားအင်သာရှိမည်ဆိုလျှင် မီကျားအမြင်၌ ဤသို့ကမ္ဘာဘောစ့်ဟုခေါ်သည့်သူသည် စိတ်ပျက်စရာကောင်းလောက်အောင်ပင် အားနည်းနေလိမ့်မည်။
မီကျား ဖမ်းဆီးထားသော ဖုတ်ကောင်တစ်ကောင်ကို လုချန်ရှေ့သို့ ပစ်ချလိုက်သည်။ "မစားနဲ့။ သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်။"
လုချန်က မီကျားပြောသည်ကို နားလည်အောင် ခက်ခက်ခဲခဲ ကြိုးစားနေသကဲ့သို့ ခေါင်းအား စောင်းလိုက်သည်။
ခဏအကြာတွင် ပင်ကိုယ်အသိစိတ်မှ လမ်းညွှန်သကဲ့သို့ သူက ဖုတ်ကောင်ဆီသို့ အသံတိုးတိုးနှင့် ဟိန်းလိုက်သည်။ မီကျားအား ကိုက်ရန် ရုန်းကန်နေသော အဆင့်နိမ့် ဖုတ်ကောင်မှာ အသံကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။ သူက လုချန်ထံသို့ တောင့်တင်းစွာ ချဉ်းကပ်လာပြီး သူ၏ ချွန်ထက်သော လက်သည်း တစ်ဖက်ကို ထောင်လိုက်ကာ ကိုယ့်ဦးခေါင်းထဲသို့ ထိုးသွင်းလိုက်သည်။ အတွင်းထဲတွင် တူးဆွပြီးနောက် အစိမ်းရောင် ခရစ်စတယ်တစ်ခုကို ဆွဲထုတ်ကာ လုချန်အား ကမ်းပေးလိုက်သည်။
မီကျားက နောက်ထပ် ဖုတ်ကောင်တစ်ကောင်ကို ပစ်ချလိုက်သည်။ ဤတစ်ကောင်က ပိုပြီး မြန်သည်မှာ သိသာသည်။ ဤတစ်ကြိမ်တွင် လူချန်သည် သူ့အား ထိန်းချုပ် နိုင်ရန်အလို့ငှာ အသံတိုးတိုးနှင့် အကြိမ်ပေါင်းများစွာ ဟိန်းလိုက်ရသည်။
လူချန်က ခရစ်စတယ်များအား ငြိမ်ငြိမ်သက်သက် စားသုံးနေသည်ကို ကြည့်ပြီး မီကျား အတွေးနယ်ချဲ့ နေခဲ့သည်။
သူ ခရစ်စတယ်များ စားပြီးသွားသောအခါ မီကျားက သူ့ ခြေကျင်းဝတ်ကြိုးကို သော့ဖွင့်လိုက်ပြီး သူ၏ အေးစက်နေသော လက်ကို ကိုင်လိုက်သည်။ သူ့အား ခဏလောက် စိုက်ကြည့်ပြီးနောက် ရုတ်တရက် "ချိန်းတွေ့ကြရအောင်လေ" ဟုပြောလိုက်သည်။