Chapter 13
Viewers 1k

အခန်း(၁၃) - ရတနာသေတ္တာဖွင့်ခြင်း

 

 

စူပါမားကတ်ခေါင်မိုးပေါ်မှ လူသုံးဦးထံ မက်ဆေ့ချ်ပို့ပြီးနောက်တွင် သူတို့ဘက်မှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ ထိုသူတို့မှာ သူပြောချင်သည်အား နားလည်သွားကြောင်း မီကျား သိလိုက်သည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ လုချန်နှင့်အတူ ခေါင်မိုးပေါ်မှဆင်း၍ အိမ်သို့ ပြန်လာခဲ့သည်။

 

အိမ်ရောက်သောအခါ ပုံမှန်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအား ဖွင့်ကြည့်ခဲ့ပြီးနောက် သူ့အား လက်ဆောင်ပို့လာသူ တစ်ဦးရှိနေသည်ကို တွေ့လိုက်ရ၏ ။

 

ပွင့်လင်းမြင်သာသည့် မျက်နှာပြင်ပေါ်တွင် ကြေးရောင်ရတနာသေတ္တာပုံ သင်္ကေတတစ်ခု ပေါ်နေပေသည်။

 

သူ့ခေါင်းထဲတွင် အီလက်ထရောနစ်အသံတစ်ခု ထွက်ပေါ်လာသည်။

 

[ကြည့်ရှုသူ အဲလက်ဇဒန်ထံမှ လက်ဆောင် [ကြေးရောင် ရတနာသေတ္တာ] ၁လုံးကို ရရှိသည့်အတွက် အသက်ရှင်ကျန်ရစ်သူ မီကျားအား ဂုဏ်ယူပါသည်။]

 

အသံနှင့် တစ်ပြိုင်နက်တည်းပင် ဖန်သားပြင် အသေးလေးတစ်ခု ပေါ်လာသည်။

 

[ကြေးရောင်ရတနာသေတ္တာ] 

 

[အဆင့်: ၁] 

 

[ဖော်ပြချက်: ရိုးရိုး ရတနာသေတ္တာငယ်လေးတစ်ခု။ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းမှ အဖြူရောင်အရည်အသွေးရှိသော အသက်ရှင်သန်ရေးပစ္စည်းများ သို့မဟုတ် ပစ္စည်းကိရိယာများကို ရရှိနိုင်ပါသည်။]

 

"ပို့ပေးတာသာ ဖုတ်ကောင်ကြီးတစ်ကောင်ဆိုရင်..." ထိုရတနာသေတ္တာအား မြင်လိုက်ရသောအခါ မီကျား အနည်းငယ်မျှသော နှမြောတသစိတ်နှင့် တွေးလိုက်မိသည်။

 

သူ ထိုကြေးရောင်ရတနာသေတ္တာအား တို့ထိလိုက်သောအခါ အရည်ပါသည့် ဖန်ပုလင်းပုံသင်္ကေတတစ်ခုအဖြစ် ပြောင်းသွားပြီးနောက် ပုံသင်္ကေတဘေးတွင် ရိုးရှင်းသော ဖော်ပြချက် ဖန်သားပြင်လေး ပေါ်လာပေသည်။

 

[ပြင်းအားမြှင့် ဆာလ်ဖျူရစ်အက်ဆစ် တစ်ပုလင်း။]

 

 [အဆင့်: ၁]

 

 [ဖော်ပြချက်: ပြင်းအား အလွန်မြင့်မားသော ဆာလ်ဖျူရစ်အက်ဆစ် ၁လီတာပုလင်း။ အဖြူရောင်အရည်အသွေးရှိသော သာမန်ပစ္စည်း။] 

 

[အသုံးပြုလိုပါသလား။ လုပ်မည်။ မလုပ်ပါ။]

 

 

မီကျားက "လုပ်မည်" ကို နှိပ်လိုက်သည်နှင့် ရေသန့်ဘူးအရွယ်အစားခန့်ရှိသော ပြင်းအားမြှင့် ဆာလ်ဖျူရစ်အက်ဆစ်တစ်ပုလင်းသည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

 

ထိုပစ္စည်းအား ရလိုက်ခြင်းသည် ပရိသတ်က ဖုတ်ကောင်မပို့သည့်အတွက် အစောပိုင်းမှ စိတ်ပျက်ခဲ့ရ​ခြင်းများကို ချက်ချင်းပင် ပျောက်ကင်းစေခဲ့သည်။

 

ယခုကဲ့သို့ ဆာလ်ဖျူရစ်အက်ဆစ် ပမာဏအနည်းငယ်သည် ဖုတ်ကောင်များအား တစ်ခုတည်းနှင့် တိုက်ခိုက်လျှင် အစွမ်းမရှိသလောက် အားနည်းသော်လည်း တခြားအရာများနှင့် ပေါင်းစပ်လိုက်သောအခါ တစ်အပေါင်းတစ်သည် နှစ်ထက် ကြီးသကဲ့သို့ စွမ်းအားများမူကား အလွန်ပြင်းသွားပေလိမ့်မည် ။

 

ယခင်အချိန်တွင် လူနေရပ်ကွက်နှင့် မြေအောက်ကားပါကင်မှ ဖုတ်ကောင်များအား ရှင်းလင်းရန်အတွက် မိုလိုတော့ဖ် ကော့တေးဗုံးများ ပြုလုပ်ရန် ဝီစကီပုလင်းများနှင့် ဓာတ်ဆီများအား အများအပြား စုဆောင်းခဲ့ရသည်။ သူသည် ကိုယ်တိုင်တိုက်ခိုက်ရာတွင် မညံ့သော်လည်း ဖုတ်ကောင်အုပ်စုကြီး ဝိုင်းအုံလာလျှင် လက်ဗလာနှင့် ရင်ဆိုင်ရသည်ကား မည်သို့မျှအဆင်မပြေနိုင်ပေ။ ယခုကဲ့သို့ အလွယ်တကူ ပြုလုပ်နိုင်သည့် အဝေးပစ်လက်နက်များသည်  လက်ရှိတွင် သူ့အတွက် တော်တော်လေး အသုံးဝင်နေပေသည်။

 

သို့သော်ငြားလည်း ဤရိုးရှင်းသည့် မိုလိုတော့ဖ် ကော့တေးများ၌ အားနည်းချက်တစ်ခု ရှိသည်။ ပုလင်းဝတွင်ရှိသော ဓာတ်ဆီစိမ်ထားသည့် အဝတ်စအား မီးခြစ်နဲ့ မီးအရင်ရှို့ ပြီးမှသာလျှင် ပစ်ရမည်ဖြစ်၏ ။ တစ်နည်းအားဖြင့်ဆိုရလျှင် အသုံးပြုအချိန်တိုင်း မီးရှို့ရန်အလို့ငှာ လက်တစ်ဖက်အား လွတ်နေစေရန် လုပ်ထားရပေမည်။ အရေးကြီးသောအချိန်မျိုးတွင် တစ်ခုချင်းစီအား မီးထွန်းရန် အချိန်မရှိပေ ။

 

သို့သော် ပြင်းအားမြှင့် ဆာလ်ဖျူရစ်အက်ဆစ် ရှိလာသောအခါ ဤပြဿနာအား ဖြေရှင်းနိုင်ပြီဖြစ်သည်။

 

လုချန်၏အိမ်၌ ဖန်သား ဓာတ်ခွဲပြွန်များ အများအပြားရှိပေသည်။ ထိုပြွန်များနှင့် ပြင်းအားမြှင့် ဆာလ်ဖျူရစ်အက်ဆစ်အား အသုံးပြုပြီး အနည်းငယ် ပြုပြင်မွမ်းမံလိုက်လျှင် မိုလိုတော့ဖ် ကော့တေးများအား အဆင့်မြှင့်တင်နိုင်ပေသည်။ ကြိုတင်ပြင်ဆင်ပြီး သယ်ဆောင်သွားနိုင်ရုံသာမက၊ ပြင်းအားမြှင့် ဆာလ်ဖျူရစ်အက်ဆစ်နှင့် ဓာတ်ဆီတို့၏ ဓာတ်ပြုမှုမှာ အတော်လေးကြီးမားသည့် ပေါက်ကွဲမှုအား ဖြစ်စေနိုင်ပြီး အခြေခံအားဖြင့် ဗုံးငယ်လေးများအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

 

 ဤမိုလိုတော့ဖ် ကော့တေးများသည် သေနတ်ပစ်ဂိမ်းများနှင့် Royale Battle ဂိမ်းအမျိုးမျိုးတွင်မူ အများအပြားရှိတတ်ပေသည်။  မီကျား ထိုအချိန်က စူးစမ်းချင်စိတ်နှင့် ၎င်းတို့ မည်သို့အလုပ်လုပ်သနည်းကို လေ့လာကြည့်ခဲ့ဖူးသော်လည်း တစ်နေ့နေ့တွင် လက်တွေ့ဘဝ၌ ထိုအသိပညာအား အသုံးပြုရမယ်ဟု မည်သို့မျှ မမျှော်လင့်ခဲ့မိပေ။

 

မီကျား လက်ဖဝါးနှစ်ဖက်ကို ပူးပြီး ဗီဒီယိုဂိမ်းများနှင့် တစ်ချိန်က ဂိမ်းစွဲလမ်းခဲ့သည့် သူ၏ ညီငယ်လေးအား စိတ်ရင်းအမှန်နှင့် ကျေးဇူးတင်လိုက်မိသည် ။

 

 

သူသည် စူပါမားကတ်ခေါင်မိုးပေါ်မှ လူသုံးဦးနှင့် လာမည့် သဘက်ခါ၊ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီတွင် ချိန်းဆိုခဲ့သည်။

 

စောစီးစွာ ကယ်ဆယ်လေလေ ကောင်းလေဆိုသည်ကား မှန်သော်ငြားလည်း ၊ ပထမဦးစွာ သူ့ဘက်၌ ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် တခြားသူများအား ကယ်ဆယ်ရန်အလို့ငှာ အပိုစွမ်းအားများ ရှိနေရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် နောက်တစ်နေ့တွင် မိုလိုတော့ဖ် ကော့တေးများ အရင်လုပ်ရန် ၊ ကယ်ဆယ်ရေးအတွက် လူများ ခွဲဝေချထားရန်နှင့် အရာအားလုံး အပြည့်အဝ ပြင်ဆင်ပြီး အမှားအယွင်းကင်းမှသာလျှင် စူပါမားကတ်မှ လူများအား ကယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအခွင့်အရေးအားယူပြီး စူပါမားကတ် ဂိုဒေါင်ထဲမှ အပိုထပ်ဆောင်း စားနပ်ရိက္ခာများအား ပြန်ယူလာရန်လည်း ကြိုးပမ်းရလိမ့်မည်။

 

နောက်နေ့အတွက် လုပ်ငန်းတာဝန်များကို စီစဉ်ပြီးသည့်နောက်တွင် မီကျား လုချန်၏ ခြေကျင်းဝတ်မှ သံကြိုးအား ပြန်လည်သော့ခတ်လိုက်သည်။ တခြားတစ်ဖက်မှ လူက သူ့အပေါ် ရန်လိုစိတ်မရှိဟုထင်ရသော်လည်း ၊ ခြစ်ရာသေးသေးလေးတစ်ခုကပင် အသက်ဆုံးရှုံးနိုင်ဆဲဖြစ်၏ ။ ထို့ကြောင့် လုံခြုံစိတ်ချရစေရန်  လုချန်အား အလုပ်ရုံထဲ၌ တစ်ညလုံး သော့ခတ်ထားရန် ဆုံးဖြတ်လိုက်သည်။

 

၉ရက်မြောက်နေ့

 

လက်နက်အပြည့်အစုံနှင့် လူသုံးဦးသည် ရှင်းဖုရပ်ကွက်၏ နံရံပေါ်မှ တက်မရအောင်ကာထားသည့် ချွန်ထက်သော သံဆူးကြိုးများပေါ်သို့ ကယ်ဆယ်ရေးကြိုးတစ်ချောင်းကို လုံခြုံစွာ ချိတ်ဆွဲလိုက်ပြီးနောက် ထိုကြိုးအားအသုံးပြုကာ ရပ်ကွက်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

 

"ဒီမှာက ကမ္ဘာ့ဘော့စ် တကယ်ရှိတာလား" ဆံပင်တိုတိုနှင့် နားထင်၌ ကျည်ဆန်အမည်းပုံ ဆေးမင်ကြောင်ထိုးထားသော အမျိုးသားတစ်ဦးသည် အောက်မှ လိုက်ပါလာသော ဖုတ်ကောင်နှစ်ကောင်အား ပစ်သတ်လိုက်သည်။ ကျည်ဆန် ထိမှန်သွားသောအခါ ဖုတ်ကောင်များသည် စက္ကန့်အနည်းငယ်အကြာ ရပ်တန့်သွားသည်။ ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ထိုအမျိုးသားသည် ၎င်းတို့ခေါင်းထဲမှ ခရစ်စတယ်များအား အလျင်အမြန်ထုတ်ယူကာ သူ့ခါးတွင်ချိတ်ထားသော စစ်တပ်သုံး အစိမ်းရောင်အိတ်ထဲသို့ ထည့်လိုက်သည်။

 

"အင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြည့်ရှုသူတစ်ယောက်က ဇုန် ၃၀၇၃ ရဲ့ ကမ္ဘာ့ဘော့စ်ကို နောက်ထပ် အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်လိုက်ရတယ်လို့ ပြောတယ်။ သူတို့က အဆောက်အအုံ၈မှာ ရှိတယ်တဲ့" အားကစားဝတ်စုံဝတ်ထားသော ဆံပင်တိုနှင့်အမျိုးသမီးသည် ဓားရှည်တစ်ချောင်းကို ကိုင်ကာ နံရံပေါ်မှ ခုန်ချလာပြီး သတိရှိရှိ စောင့်ကြည့်နေလျက် ပြောလိုက်သည်။

 

"လင်းကျဲ... အဲဒီ အသက်ရှင်ကျန်ရစ်သူရော ဘယ်လိုနေလဲ"  နံရံပေါ်မှ ခုန်ဆင်းလာသော အန်းခယ့်သည် ဆံပင်တိုနှင့်အမျိုးသား၏ ရင်ခွင်ထဲမှ မျက်နှာဖြူဖျော့ဖျော့နှင့် တုန်ယင်နေ​သည့်အသံနှင့် မေးလာသည် ။ "သူတို့... သေသွားလောက်ပြီလား"

 

"မဟုတ်ဘူး" လင်းကျဲဟုခေါ်သည့် အမျိုးသမီးသည် အန်းခယ့်၏ ကြောက်ရွံ့နေသော အမူအရာအား အနည်းငယ် စိတ်မပျော်မရွှင်စွာနှင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "အဲဒီအသက်ရှင်ကျန်ရစ်သူက မိန်းကလေးငယ်လေးပါ၊ အရမ်းအားနည်းတယ်။ ဒါပေမယ့် သူ့ဘေးနားမှာ နောက်ထပ် အသက်ရှင်ကျန်ရစ်သူ... ဒါမှမဟုတ် NPC တစ်ယောက်ရှိတယ်၊ အဲ့လူက ဘော့စ်ကို ပိတ်လှောင်ထားတာ"

 

"ပိတ်-ပိတ်လှောင်ထားတယ်....." အန်းခယ့် အံ့အားသင့်သွားရသည်။ ကမ္ဘာ့ဘော့စ်များသည် အစောပိုင်းအဆင့်များတွင် အတော်လေး အားနည်းသည်ဆိုသော်ငြား ၎င်းတို့၏အဆင့်များသည် ဆက်တိုက်တက်နေကြခြင်းပင် ဖြစ်၏ ။ ကပ်ဘေးဖြစ်ပွားပြီးနောက်ပိုင်းအထိ ဘော့စ်အား ထိန်းချုပ်ထားနိုင်သည်ဆိုလျှင်... ၎င်းက မယုံနိုင်လောက်အောင် အစွမ်းထက်သော အသက်ရှင်ကျန်ရစ်သူဖြစ်ရမည်...

 

ချင်းကျီယီ နောက်ထပ် သတင်းအချက်အလက်တစ်ခုကို ကြားလိုက်ရသည်၊ "ဒါမှမဟုတ် NPCလား.... ဘာလဲ… မိန်းကလေးနားကလူရဲ့  အထောက်အထားကို အခုထိ မဆုံးဖြတ်ရသေးဘူးလား"

 

ကျန်းလင်သည် ကောင်လေး၏ခါးကို ဖက်ထားသော ချင်းကျီယီ၏လက်အား ကြည့်နေသည့် သူမ၏အကြည့်ကို လွှဲလိုက်ပြီး နှုတ်ခမ်းကို စေ့ကာ ပြောလိုက်သည်။ "အဲဒါက သတိမပြုမိသေးတဲ့ ၊ သိပ်နာမည်မကြီးသေးတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မူရင်းကမ္ဘာက NPC တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ငါ့ရဲ့ ကြည့်ရှုသူတွေထဲက တစ်ယောက်က ဒီအသက်ရှင်ကျန်ရစ်သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တကူးတက ရှာဖွေကြည့်ခဲ့ပေမယ့် ဘာမှ မတွေ့ရဘူး၊ ဒါကြောင့် သေချာပြောဖို့ကို ခက်တယ်။"

 

"သူက ကမ္ဘာ့ဘော့စ်ကို အခုအချိန်အထိ ထိန်းထားနိုင်တယ်။ သူသာ အသက်ရှင်ကျန်ရစ်သူဆိုရင် တခြားအစီအစဉ်တွေ ရှိနေမှာ။ ငါတို့ အထဲဝင်ပြီး အခြေအနေကို အရင်ဆုံး စူးစမ်းကြည့်ရအောင်။ အခွင့်အရေးရရင်..." ချင်းကျီယီ သူ့လက်ကို လွှတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ပြင်းထန်သော အသွင်အပြင်တစ်ခု လျှပ်တစ်ပြက်ပေါ်လာသည် ။ " နှစ်ယောက်လုံးကို သတ်ပစ်ရအောင်၊ သူတို့ရဲ့ အသက်ရှင်သန်ရေးရမှတ်တွေကို ငါတို့ရဲ့ ကျွမ်းကျင်မှုတွေအတွက် အဆင့်မြှင့်တင်ဖို့ အသုံးပြုရမယ် "

 

 

ကျန်းလင် လေးစားအားကျသော အကြည့်များနှင့် ချင်းကျီယီအား ကြည့်လိုက်သည် ။ "မှန်တယ်၊ ချင်းကော ။"

 

အန်းခယ့်သည် သူတို့နှစ်ယောက်နောက်မှ တိတ်တဆိတ် လိုက်ပါလာကာ စကားမပြောရဲခဲ့ပေ ။

 

သူတို့သုံးယောက် ရပ်ကွက်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရပ်ကွက်ထဲ၌ ဖုတ်ကောင် အရေအတွက် အလွန်နည်းပါး နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည် ၊ လုံးဝ မကျန်လုနီးပါးပင်။ အဝေးမှ ပန်းခြံငယ်လေးထဲတွင် မီးရောင် မှိန်မှိန်လေး ရှိနေပြီး မီးရောင်ကြောင့် အရိပ်ထိုးနေသော အရိပ်အယောင် ပုံရိပ်ဝါးဝါးတစ်ခု ရှိနေပုံရပြီး မည်သူဆိုသည်အား ရှင်းရှင်းလင်းလင်းမြင်ရန် ခက်နေသည်။

 

"… ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ" ပုံမှန်အားဖြင့် ရဲရင့်သော ကျန်းလင်ပင်လျှင် ဤထူးဆန်းသော မြင်ကွင်းကြောင့် ကြက်သီးထမိသကဲ့သို့ ခံစားလိုက်ရသည်။

 

"သွားကြည့်ရအောင်" ချင်းကျီယီ သူ့သေနတ်အား  ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သတိကြီးစွာနှင့် ရှေ့သို့ လျှောက်လာခဲ့သည်။

 

ဤအချိန်သည် ညနေ ၅ နာရီ ၆ နာရီဝန်းကျင် ရှိနေပေပြီ။ မိုးကောင်းကင်မှာ မှောင်စပြုနေပြီဖြစ်ပြီး ရပ်ကွက်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေကာ မီးထဲ၌ လောင်ကျွမ်းနေသော မီးတောက်အသံများသာ ကြားနေရသည်။

 

မီးနောက်မှပုံရိပ်သည် အရပ်ရှည်သော လူငယ်တစ်​ဦး ဖြစ်ပုံရပြီး အနီရင့်ရောင် ခေါင်းစွပ်ပါသော ချောင်ကျိကျိ အနွေးထည်အား ဝတ်ဆင်ထားပြီး ခေါင်းစွပ် စွပ်ထားကာ မျက်နှာတွင် မျက်နှာဖုံးအမည်းရောင်အား တပ်ထားသည်။ လုံးဝ ဖုံးအုပ်ထား သောကြောင့် အနီရောင်ဖျော့ဖျော့ ဆံပင်အနည်းငယ်ကိုသာ မြင်နေရသည် ။ ထိုသူ့မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။

 

သူတို့အဖွဲ့သည် မီးထဲတွင် မည်သည်တို့ကျွမ်းနေသည်အား မြင်နိုင်လောက်သည့် အကွာအဝေးသို့ ရောက်လာသောအခါ သူတို့၏မျက်နှာများ ဖြူဖျော့သွားရသည်။ အန်းခယ့်ကား နေရာတွင်ပင် အန်ချင်စိတ်နှင့် လေပျို့သည်အထိ ဖြစ်သွားရသည်။

 

ထိုအရာများသည် ပုံစံမကျဘဲ တစ်စုတစ်ပုံတည်း စုပုံထားသည့် အလောင်းပုံကြီး ဖြစ်သည်။ အလောင်းများမှာ ကြောက်စရာကောင်းလောက်အောင် ပုံပျက်နေကြပြီး အများစုမှာ လက်ခြေများပြတ်နေကြကာ ခေါင်းများအား ပစ်ခတ်ဖောက်ခွဲထားပုံရသည်။ အစိမ်းရောင်အရည်များ စိမ့်ထွက်နေပြီး အပုပ်နံ့နှင့်အသားနံ့ ရောထွေးနေသောကြောင့် လူကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေသည်။

 

မီးနောက်မှ ပုံရိပ်သည် လက်များအား ဘောင်းဘီအိတ်ကပ်အတွင်းသို့ ထည့်ထားပြီး တည်ငြိမ်အေးဆေးစွာဖြင့် ကြည့်နေပေသည် ။ သူတို့အဖွဲ့ ချဉ်းကပ်လာသည်ကို သတိပြုမိသောကြောင့် သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ သူတို့အား ကြည့်လာသည် ။