Chapter 14
Viewers 1k

အခန်း(၁၄) - သရုပ်ဆောင်များ

 

 

 

ထိုလူသစ်သုံးဦးအား မြင်လိုက်ရသည့်အခါ မီကျားသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

 

 

 

သူတို့ဘက်သို့ လှမ်းလာသည်ကို မြင်သောအခါ ချင်းကျီယီတို့သည် မသိစိတ်ဖြင့်ပင် နောက်သို့ နှစ်လှမ်း သုံးလှမ်းဆုတ်သွားကာ သူတို့၏ လက်နက်များကို မြှောက်လိုက်ကြသည်။

 

 

 

ချင်းကျီယီ၏ လက်ထဲမှ သေနတ်ကို မြင်သောအခါ မီကျားက သူတို့ကို လက်ဝှေ့ယမ်းပြပြီး “မစိုးရိမ်ကြပါနဲ့၊ ကျွန်တော်က ဖုတ်ကောင်မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။

 

 

 

“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ” အရင်ဆုံး စိတ်သက်သာရာရသွားသူမှာ ချင်းကျီယီဖြစ်သည်။ သူသည် ဖုတ်ကောင်အလောင်းပုံကြီးကို ညွှန်ပြကာ မေးလိုက်သည် : “ဒီကောင်တွေကို ခင်ဗျား သတ်လိုက်တာလား” 

 

 

 

“ဒီဖုတ်ကောင်တွေကို ရပ်ကွက်ထဲက လူတွေနဲ့ စုပေါင်းရှင်းလင်းထားတာပါ။ အပြင်မှာ ပစ်ထားရင် ပုပ်ပွပြီး အနံ့အသက်ဆိုးတွေ ထွက်မယ်၊ ဘက်တီးရီးယားတွေ ပေါက်ပွားပြီး နောက်ထပ် ကပ်ရောဂါ ဖြစ်စေနိုင်တယ်လေ။ ဒါကြောင့် စုပြီး မီးရှို့လိုက်တာပါ” ဟု မီကျားက ရှင်းပြသည်။ ထို့နောက် လက်ကိုချကာ သူတို့သုံးဦးအား အနည်းငယ် စူးစမ်းသော အကြည့်ဖြင့် ကြည့်လျက် မေးလိုက်သည် :  “ခင်ဗျားတို့ အပြင်ကနေ ဝင်လာတာလား။ ဒီရပ်ကွက်ထဲမှာ ခင်ဗျားတို့ကို တစ်ခါမှ မမြင်ဖူးပါဘူး” 

 

 

 

အန်းခယ့်သည် ထိုကြောက်မက်ဖွယ် အလောင်းပုံကြီးများအား တတ်နိုင်သမျှ ရှောင်လျက် တုန်ယင်သောအသံနှင့် ပြန်ဖြေလိုက်သည် - “...ကျွန်တော်တို့က တောင်ပိုင်း ဆင်ခြေဖုံးဈေးကနေ လာခဲ့ကြတာပါ” 

 

 

 

တောင်ပိုင်း ဆင်ခြေဖုံးဈေး... သူသာ အမှတ်မမှားလျှင် ထိုနေရာသည် ဖုတ်ကောင်ဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သော နေရာများထဲမှ တစ်ခုပင်။

 

 

 

မီကျား မျက်မှောင်ကျုံ့လိုက်ကာ သူတို့သုံးဦး၏ ဝတ်စားဆင်ယင်ပုံကို သေချာ ကြည့်လိုက်သည်။ သူတို့အားလုံးသည် ပြည့်စုံစွာ တပ်ဆင်ထားပြီး ပေါ့ပါး၍ လှုပ်ရှားရလွယ်ကူသော အဝတ်အစားများအား ဝတ်ဆင်ထားကြသည်။ တစ်ဦးမှာ နားထင်တွင် ကျည်ဆန်ပုံ သေးသေးလေးအား ဆေးမင်ကြောင် ထိုးထားပြီး သေနတ်ကို ကိုင်ထားသည်။ သေနတ်ပုံစံသည် ထူးခြားပြီး ငွေရောင်နှင့် သတ္တုအရောင် တောက်နေကာ၊ လှပသောပုံစံများသည်လည်း သေနတ်ကိုယ်ထည်အနှံ့ ဖြတ်သန်းလျက်ရှိသည်။ သေနတ်တစ်ခုလုံးအား ခြုံကြည့်လိုက်သောအခါ ချောမွတ်ပြီး ရိုးရှင်းသည့်ပုံပေါ်သည်။ ဤကဲ့သို့ သေနတ်အမျိုးအစားကို မူလကမ္ဘာတွင် မီကျား မည်သည့်အခါမျှ မြင်ဖူးခဲ့ခြင်းမရှိပေ။

 

 

 

“ဪ... ခင်ဗျားတို့က တောင်ပိုင်းဆင်ခြေဖုံးကနေ ခိုလှုံဖို့ လာတာပေါ့။ အပြင်မှာ ဖုတ်ကောင်တွေ တကယ်ပဲ များလွန်းတယ်။ ဒီနေရာက နံရံတွေကြောင့် နည်းနည်း ပိုကောင်းပါတယ်” ဟု သူက ဖော်ရွေစွာ ပြုံးပြလျက် မိတ်ဆက်သည်။ “ကျွန်တော့် နာမည်က မီကျားပါ။ ဒီရပ်ကွက်ထဲက လူတစ်ယောက်ပါ။ ခင်ဗျားတို့ သုံးယောက်ကို ဘယ်လို ခေါ်ရမလဲ”

 

 

 

ကျည်ဆန်ပုံ တက်တူးထိုးထားသော ထိုအမျိုးသားက သူ့အား အေးစက်သောအကြည့်ဖြင့် ကြည့်လာကာ မည်သည်မှ မပြောပေ။

 

 

 

“ကျန်းလင်” ဟု ဆံပင်တိုအမျိုးသမီးက တိုတောင်းစွာ ပြန်ဖြေပြီး မီကျားအား စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည်။

 

 

 

“ကျွန်တော်က အန်းခယ့်ပါ၊ မင်္ဂလာပါ” နူးညံ့ပြီး ကြောက်ရွံ့တတ်ပုံရသော လူငယ်လေးသည် ရှက်ပြုံးလေးဖြင့် ပြောလာသည်။ “ဘေးက တစ်ယောက်က ကျွန်တော်တို့ရဲ့ ခေါင်းဆောင်၊ ချင်းကျီယီပါ”

 

 

 

“အဖွဲ့လား...အာ... ခင်ဗျားတို့ ဒီကို ရောက်လာတာ ကွက်တိပါပဲ။ လာပါ၊ လာပါ၊ ခင်ဗျားတို့ကို ရပ်ကွက်ထဲက လူတွေနဲ့ လိုက်မိတ်ဆက်ပေးပါ့မယ်” ဟု မီကျားက နွေးထွေးစွာ နှုတ်ဆက်သည်။ “ကျွန်တော်တို့က လူအင်အား လိုနေတာ။ လူများရင် အင်အားရှိတယ်လေ။ ဒီဘေးအန္တရာယ်ကို အတူတကွ ကျော်ဖြတ်ပြီး ပုံမှန်ဘဝကို ပြန်ရောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

 

 

 

ထိုသုံးဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချင်းကျီယီ ခေါင်းအနည်းငယ် ငြိမ့်ပြပြီးမှ သူတို့သည် လက်နက်များအားချကာ မီကျားနောက်သို့ ပါလာကြပြီး အနီးရှိ အဆောက်အအုံတစ်ခုထံ လိုက်သွားကြသည်။

 

 

 

မီကျား သူတို့အား အဆောက်အအုံ နံပါတ် ၇သို့ ခေါ်လာခဲ့သည်။ ထိုနေရာတွင် လူဆယ်ဂဏန်းခန့် စုဝေးကာ စကားပြောနေကြသည်။ သူတို့အထဲတွင် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ပါဝင်နေသည်ကို မြင်သောအခါ ချင်းကျီယီ မျက်မှောင်ကြုတ်မိသည်။

 

 

 

မီကျားက အပြင်လူ သုံးဦးအား ခေါ်လာသည်ကို မြင်သောအခါ နေထိုင်သူများက စုရုံးလျက်ရောက်ရှိလာကြသည်။

 

 

 

“သားလေးကျား၊ ဒီလူတွေက... အပြင်ကလူတွေလား” တုတ်ကောက်ကို မှီထားသော သက်ကြီးပိုင်း အမျိုးသားတစ်ဦးက သူ၏ စာကြည့်မျက်မှန်ကိုပြင်ကာ ချင်းကျီယီအား ပိုမိုရှင်းလင်းစွာ ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ ချင်းကျီယီသည် မကျေမချမ်းဖြင့် နောက်သို့ ဆုတ်ကာ နေထိုင်သူများ၏ အကြည့်များကို ရှောင်လိုက်သည်။

 

 

 

ကမ္ဘာ့ဘော့စ်သာ မရှိခဲ့လျှင် သူသည် မကြာမီ သေဆုံးကြတော့မည့် ဤလူများနှင့် ဆက်ဆံနေမည်မဟုတ်ပေ။ ထိုဦးထုပ်ဆောင်းထားသောလူငယ်သည် အသက်ရှင်ကျန်ရစ်သူ ဟုတ်၊ မဟုတ်မှာ မသေချာသေးပေ။ အကယ်၍ သူသည် အသက်ရှင်ကျန်ရစ်သူဖြစ်ပါက ကမ္ဘာ့ဘော့စ်အား မသတ်နိုင်ခဲ့လျှင်လည်း ရက် ၃၀ အသက်ရှင်ကျန်ရစ်ရုံဖြင့် အဆင့်အား ရှင်းနိုင်သည်၊ ဤသို့သော ဝန်ထုပ်ဝန်ပိုးများအား ထမ်းထားနေစရာမလိုပေ။

 

 

 

သို့သော်လည်း သူသည် မူလကမ္ဘာမှ NPC တစ်ဦးသာဆိုပါလျှင်... ချင်းကျီယီသည် ဖုတ်ကောင် အလောင်းပုံကြီးအား သတိရလိုက်ရာ သူ့မျက်နှာအမူအရာမှာ အနည်းငယ် မှောင်သွားသည်။ ၎င်းသည် ကမ္ဘာ့ဘော့စ်နှင့် ခိုင်မာသော ပတ်သက်ဆက်နွယ်မှု ရှိနိုင်သည်။ ဘော့စ်အား ချုပ်နှောင်ထားသူသည် သူတို့ရှေ့မှ ဤလူသာ ဖြစ်နိုင်သည်။

 

 

 

ဦးထုပ်ဆောင်းထားသော ထိုလူငယ်သည် ချင်းကျီယီ၏ စူးရှသော အကြည့်အား သတိပြုမိပုံမရပေ။ သူသည် ထိုအဖွဲ့အား နွေးထွေးစွာ ဆက်လက်ကြိုဆိုနေသည်။ “အဆောက်အအုံ နံပါတ် ၇မှာရှိတဲ့ ဖုတ်ကောင်အားလုံး ရှင်းလင်းပြီးပါပြီ။ ပဉ္စမထပ်မှာ အခန်းလွတ်တွေ ရှိပါသေးတယ်။ ခင်ဗျားတို့ အဲဒီမှာ ခဏတည်းခိုချင်လား”

 

 

 

ချင်းကျီယီ၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားပြီး ရုတ်တရက် “ဒီမှာ လူတွေ အရမ်းများတယ်ဗျာ။ ကျွန်တော်တို့ အဆောက်အအုံ နံပါတ် ၈မှာပဲ နေမယ်” ဟု ပြောလိုက်သည်။

 

 

 

မီကျား တုံ့ဆိုင်းသွားပုံရသည်။ “ဒါပေမဲ့... အဆောက်အအုံ နံပါတ် ၈ ရဲ့ အခန်းတချို့မှာ ဖုတ်ကောင်တွေ ရှိနေတုန်းပဲ...”

 

 

 

“ကိစ္စမရှိပါဘူး” ချင်းကျီယီ သူ့မေးစေ့အား မော့ကာ မထီမဲ့မြင် အကြည့်အပြည့်နှင့် ပြောသည်။ “ဖုတ်ကောင် နည်းနည်းပါပဲ... ကျွန်တော့်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး”

 

 

 

အပြာရောင်စာရင်းတွင် အဆင့် (၅၄)ရှိသော အသက်ရှင်ကျန်ရစ်သူအနေဖြင့် ချင်းကျီယီသည် ဂိမ်းစတင်သည့် ပထမနေ့တွင်ပင် ကြေးရောင် ရတနာသေတ္တာ လေးလုံးကို စုဆောင်းနိုင်ခဲ့ပြီး ပရိသတ်များထံမှလည်း လက်ဆောင်များစွာ ရရှိခဲ့ရာ ငွေရောင် ရတနာသေတ္တာ တစ်လုံးလည်း ပါဝင်ခဲ့သည်။ ထိုငွေရောင် ရတနာသေတ္တာမှ သူသည် သရဲနှင် သေနတ်ကိုရရှိခဲ့ပြီး ၎င်းတွင် ဖုတ်ကောင်များကို ထိရောက်စေမည့် အထူးအကျိုးသက်ရောက်မှု ရှိသည်။ သူ၏ ထူးခြားသော ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ဤဖုတ်ကောင် ကပ်ဘေးကမ္ဘာတွင် သူသည် မကြုံစဖူးပင် အောင်နိုင်သူ ဖြစ်နေသည်။

 

 

 

သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသည်။ သူသည် နံပါတ် ၃၀၇၃ အစပြုဇုန်အား ရှင်းလင်းနိုင်သည့် ပထမဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်လာမည်မှာ သေချာသည်။

 

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၃၇၈ - ချင်းကျီယီ]  တိုက်ရိုက်ထုတ်လွှင့်မှု

 

၁၆၇၈L: မျှော်လင့်ထားသလိုပဲ မစ္စတာချင်းကတော့ မစ္စတာချင်းပါပဲ ၊ အဓိကအချက်ကို တန်းသွားတယ် ၊ တုံ့ဆိုင်းမနေဘူး။

 

၁၆၇၉L: သူက ရက် ၃၀အပြည့်စောင့်ဖို့ စီစဉ်ထားတာ မဟုတ်ဘဲ ဘော့စ်ကို ချက်ချင်း သတ်ချင်နေပုံရတယ်...

 

၁၆၈၀L: သေချာတာပေါ့... သူ့ကျွမ်းကျင်မှုက သူ့ကို တစ်နာရီအကြာ ကျည်ဆန်အကန့်အသတ်မဲ့ပေးထားပြီး၊ အဲ့ဒါအပြင် ကံကောင်းပြီးတော့ ခရမ်းရောင်အဆင့်ပစ္စည်း သရဲနှင်သေနတ်ကိုပါ ရခဲ့သေးတယ်... သေစမ်း ၊ ကောင်းကင်ကပါ သူ့ဘက်ပါနေသလိုပဲ...  ဒီစတင်သူဇုန်မှာ သူသတ်ဖို့ ရန်သူ အလုံလောက်မရှိဘူး။

 

၁၆၈၁L: ဒီနေ့အတွက် သူ့ရဲ့ တစ်နာရီ အချိန်ပြတင်းကို သုံးပြီးတာသာ မဟုတ်ရင် သူရောက်ရောက်ချင်းမှာပဲ ဒီကလူအားလုံးကို ရှင်းလင်းပစ်လောက်ပြီးပြီလို့ ငါ လောင်းရဲတယ်။

 

၁၆၈၂L: သူ စတင်သူဇုန်ကနေ ထွက်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုကို အဆင့်မြှင့်လိုက်တာနဲ့ ထိပ်ဆုံး နှစ်ဆယ်ထဲကို သေချာပေါက် ရောက်လာမှာ....

 

၁၆၈၃L: ဒါနဲ့... အဲဒီ ဦးထုပ်ဆောင်းထားတဲ့ ကောင်လေးက အသက်ရှင်ကျန်ရစ်သူလား ၊ ဒါမှမဟုတ် မူလကမ္ဘာက တစ်ယောက်လား။

 

၁၆၈၄L: မူလကမ္ဘာက တစ်ယောက် ဖြစ်နိုင်တယ်။ သူသာ အသက်ရှင်ကျန်ရစ်သူဆိုရင် ဒီလူတွေကို ကယ်စရာ အကြောင်းမရှိဘူး...

 

 

 

သူ ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် မီကျား ထိုသူ့အား ဆက်လက် မတားဆီးတော့ဘဲ အဆောက်အအုံ နံပါတ် ၈၏ ပထမထပ်ရှိ အခန်းလွတ်နှစ်ခန်းတွင် နေရာချပေးလိုက်သည်။

 

 

 

“ဪ၊ ဟုတ်သားပဲ၊ ကျွန်တော်တို့ ဒီမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ အဖွဲ့တချို့  ဖွဲ့စည်းထားတာ ရှိတယ်။ ခင်ဗျား တစ်ခုခုမှာ ပါချင်လား။ ခင်ဗျား အကူအညီနဲ့ဆိုရင် အနီးနားက လမ်းမတွေပေါ်က ဖုတ်ကောင်တွေကို ရှင်းလင်းရာမှာ နှစ်ဆပိုပြီး ထိရောက်မှာ သေချာပါတယ်” နေရာချထားပေးပြီးနောက် မီကျား နွေးထွေးစွာ ပြုံးပြကာ ဖိတ်ခေါ်လိုက်သည်။ “ဟုတ်တာပေါ့၊ အသက်ရှင်ကျန်ရစ်သူ အဖွဲ့ဝင်တွေအနေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ပိုပြီး ရနိုင်ပါတယ်”

 

 

 

“ကောင်းပြီလေ” ချင်းကျီယီ ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ “ဒါပေမဲ့ ကျွန်တော့် အဖွဲ့ဝင်နှစ်ယောက်က အရမ်း အားနည်းတော့ သူတို့က ဝန်ထုတ်ဝန်ပိုးဖြစ်မှာ စိုးရတယ်။ သူတို့ကို ဒီမှာပဲ ထားခဲ့လို့ရမလား... ကျွန်တော်တစ်ယောက်တည်း ပါရင်ပဲ လုံလောက်ပါပြီ”

 

 

 

“အကောင်းဆုံးပါပဲ....” မီကျားသည် မျက်နှာတွင် နွေးထွေးမှု အပြည့်ဖြင့် ရိုးသားစွာ ပြောသည်။ “ကြိုဆိုပါတယ်... ကြိုဆိုပါတယ်.... ကျွန်တော်တို့ မနက်ဖြန် လမ်းတစ်ဖက်က ရမ်ဖ စူပါမားကတ်ကို သွားဖို့ စီစဉ်ထားတယ်။ ခင်ဗျား လိုက်ခဲ့သင့်တယ်နော်...”

 

 

 

“ကောင်းပြီ” ချင်းကျီယီ ချက်ချင်း သဘောတူလိုက်ပြီး မငြင်းတော့ပေ။ ဤလူငယ်သည် အမှန်တကယ် အသက်ရှင်ကျန်ရစ်သူ ဟုတ်၊ မဟုတ်ကို ကြည့်ရှုရန် ကောင်းမွန်သောအခွင့်အရေး ဖြစ်သည်။

 

 

 

 

“ခင်ဗျားတို့ တစ်နေကုန် ခရီးပန်းလာကြမှာဆိုတော့ ကျွန်တော်လည်း မနှောင့်ယှက်တော့ပါဘူး... အနားယူကြပါဦး... မနက်ဖြန် မနက်၉နာရီတိတိမှာ ဝင်ပေါက်ကနေ စထွက်ကြမယ်နော်” မီကျား တွေ့ဆုံချိန်အား သတ်မှတ်ပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း ချင်းကျီယီက ရုတ်တရက် မေးလာသည် : “ခင်ဗျား ဘယ်မှာ နေတာလဲ” 

 

 

 

“၇၀၁” ဟု သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သတိထားရမည်ကိုပင် မသိသည့်ပုံရသည်။ “ကျွန်တော် ၇၀၁ မှာ နေတယ်။ လိုအပ်တာတစ်ခုခုရှိရင် လာရှာလို့ ရပါတယ်”

 

 

 

ဦးထုပ်ဆောင်းထားသောလူငယ် ထွက်သွားပြီးနောက် ချင်းကျီယီ၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ သူသည် သူ့သေနတ်၏ ကျည်ကတ်ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေပြီး အတွေးနယ်ချဲ့နေပုံရသည်။

 

 

 

“ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ” ကျန်းလင် သူ့ဘေးတွင် ထိုင်ရင်း ကပ်၍ တိုးတိုးမေးလိုက်သည်။ “ချင်းကော ၊ အဲဒီလူက NPC တစ်ယောက်လိုပဲ ထင်ရတယ်။ ဒီည သန်းခေါင်ကျော်ရင် လှုပ်ရှားလိုက်ရမလား”

 

 

 

“မလုပ်သေးနဲ့ဦး ။ သူက NPC သာဆိုရင် သူ့ကိုယ်သူ ဒီလောက် တင်းကျပ်အောင် ပတ်ထားဖို့ မလိုဘူး၊ မျက်နှာကိုပါ မပြဘူးလေ။ သူက သူ့ရဲ့ မူလပုံစံကို တမင် ဖုံးကွယ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ဦး ဖြစ်နိုင်တယ်။ သူ့ရဲ့ ကျွမ်းကျင်မှုက ဘာလဲဆိုတာ မသိမချင်း အလျင်စလို မလုပ်ရှားသင့်ဘူး။ အမှတ်မထင် ဖမ်းမိသွားရင် ငါတို့ပဲ အကြီးအကျယ် နစ်နာလိမ့်မယ်”

 

 

 

“သူ မနက်ဖြန် စူပါမားကတ်ကို သွားမယ်လို့ ပြောထားတာဆိုတော့ ငါ သူနဲ့အတူ လိုက်ပြီး စကားစကြည့်မယ်။ အခွင့်အရေးရရင် ရသလို အပြီးသတ် ရှင်းပစ်မယ်” သူ့မျက်လုံးများက အေးစက်ပြီး ပြတ်သားနေသည်။ “မင်းတို့ နှစ်ယောက်လည်း အလကား မနေသင့်ဘူး။ မနက်ဖြန် အဆောက်အအုံကို ရှာဖွေပြီး ကမ္ဘာ့ဘော့စ်ရှိတဲ့ နေရာကို ရှာကြ။ သူတို့က NPC ဖြစ်စေ၊ အသက်ရှင်ကျန်ရစ်သူ ဖြစ်စေ၊ လမ်းမှာ အတားအဆီး ဖြစ်နေသူ မှန်သမျှ ဖယ်ရှားပစ်”

 

 

 

“နားလည်ပါပြီ” ကျန်းလင် သဘောတူလိုက်သည်။

 

 

 

အန်းခယ့်သည် တုံ့ဆိုင်းနေသည်။ “ဒါပေမဲ့... အထဲမှာ ကောင်မလေး တစ်ယောက် ရှိတယ်လို့ ပြောထားတယ် မဟုတ်ဘူးလား... သူ...”

 

 

 

“သူက ကလေးငယ်ပေမဲ့ သူလည်း အသက်ရှင်ကျန်ရစ်သူပဲ” ကျန်းလင်က အန်းခယ့်အား မဖော်ပြနိုင်သော အကြည့်တစ်မျိုးနှင့် ကြည့်ရင်း ပြောသည်။ “အသက်ရှင်ကျန်ရစ်သူကို သတ်တာက ဖုတ်ကောင် ခရစ်စတယ်တွေထက် ရှင်သန်မှုရမှတ်တွေ အများကြီး ပိုရတယ်။ မင်း သိပါတယ်နော်”

 

 

 

“ကျွန်တော်က အဲဒီ မီကျားနဲ့ ဆွေးနွေးကြည့်လို့ ရမလားလို့ စဉ်းစားမိလို့ပါ... သူက လူကောင်းတစ်ယောက်လိုပဲ ထင်ရတယ်...” အန်းခယ့်၏ အသံသည် တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားသည်။

 

 

 

“ဆွေးနွေးမယ် ဟုတ်လား” ကျန်းလင်က လှောင်ပြောင်လိုက်သည်။ “သူများပေါင်ကို ဖက်တွယ်နေရတဲ့ မင်းလို အရှုံးသမားက ငါတို့နဲ့ ဆွေးနွေးဖို့ ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ။ ချင်းကောရဲ့ ကြင်နာမှုကြောင့်သာ မင်းကို ခေါ်လာတာ... မဟုတ်ရင် မင်း ဖုတ်ကောင် ဖြစ်နေတာ ကြာပြီ။ ဘယ်သူ့အတွက် လူကောင်းဟန်ဆောင်ချင်နေတာလဲ”

 

 

 

“ကျွန်‌တော်..”

 

 

 

 “တော်ပြီ! စကားများနေတာ ရပ်လိုက်တော့” ချင်းကျီယီ မဂ္ဂဇင်းအား ‘ဖြတ်ခနဲ’ ဆိုသော အသံဖြင့် ပိတ်လိုက်ပြီး နှစ်ယောက်သား ဆက်လက် ငြင်းခုန်နေခြင်းမှ တားလိုက်သည်။ “လင်လင် ၊ မင်း အခန်းကို အရင် ပြန်ပြီး နားတော့”

 

 

 

“...” ကျန်းလင်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ ချင်းကျီယီဘေးသို့ မှီရင်း မျက်နှာ ရှုံ့မဲ့ကာ ပြောသည် :  “ချင်းကော ၊ ဟိုဘက်ခန်းကို သူ့ကို သွားခိုင်းလိုက်ပါလား။ အစ်ကိုက ကျွန်မရဲ့ ရည်းစားလေ... ထွက်သွားရမယ့်သူက သူဖြစ်သင့်တယ်” 

 

 

 

“စကားနားထောင်” ချင်းကျီယီ သူမအား အေးစက်သော အကြည့်နှင့် ကြည့်သည်။ “ဒါမှမဟုတ် သုံးယောက် အတူတူ ကစားချင်လို့လား”

 

 

 

ကျန်းလင်၏ မျက်နှာသည် ဖြူဖျော့ရာမှ ချက်ချင်း ဒေါသထွက်လာသည်။ နောက်ဆုံးတွင် သူမသည် အန်းခယ့်အား ကြောက်စရာကောင်းသော အကြည့်နှင့် စိုက်ကြည့်ပြီး အခန်းထဲမှ ဆောင့်ထွက်သွားသည်။

 

 

 

ချင်းကျီယီ သူ့သေနတ်ကို ဘေးချလိုက်ပြီး တုန်ယင်နေသော ထိုလူငယ်အား ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဆွဲကာ ဖက်လိုက်သည်။ “မင်း နောက်ပိုင်း ကောင်းကောင်းမွန်မွန်နေတာ ပိုကောင်းလိမ့်မယ်။ နားလည်လား”

 

 

 

အန်းခယ့် မျက်နှာဖြူဖျော့စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

 

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၃၇၈ - ချင်းကျီယီ] တိုက်ရိုက်ထုတ်လွှင့်မှု

 

 

 

ပရိသတ် မှတ်ချက်ပေးမှုများ သိသိသာသာ များပြားလာပြီး မျက်နှာပြင်တစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေသည်။

 

 

 

“အိုး၊ အဓိက အကြောင်းအရာ စပြီဟေ့”

 

 

 

“ဒါကပဲ မစ္စတာချင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါတို့ စောင့်ကြည့်နေရတဲ့ အကြောင်းရင်း မဟုတ်လား။ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ဘယ်သူက ဂရုစိုက်လို့လဲ”

 

 

 

“ဟားဟား၊ သုံးယောက် အတူတူရှိနေတာကို ငါ မြင်ချင်သေးတယ်...”

 

 

 

 

ရိုင်းစိုင်းပြီး မဖွယ်မရာ မှတ်ချက်များသည် မျက်နှာပြင်တွင် အဆုံးမရှိ တက်လာနေပြီး လက်ဆောင်ပေးအပ်မှု အကြောင်းကြားချက်များနှင့်အတူ ပါလာသည်။

 

 

 

ချင်းကျီယီသည် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပေါ်လာသော ရတနာသေတ္တာပုံ သင်္ကေတများကို ကြည့်လိုက်သော်လည်း သူ့မျက်နှာတွင် ပျော်ရွှင်မှု အရိပ်အယောင် မရှိပေ။

 

 

 

အန်းခယ့်သည် သူ့လက်မောင်းထဲတွင် အနည်းငယ် တုန်ယင်နေပြီး ပျက်စီးလွယ်ကာ အကူအညီမဲ့နေပုံ ပေါက်သည်။ သူ၏ စိုစွတ်သော မျက်လုံးများသည် သူ့အား သနားစရာကောင်းစေပြီး အပြစ်ကင်းစင်ပုံပေါက်စေသည်။ သူသည် ကင်မရာဘက်သို့ သူ့မျက်နှာအား လှည့်ထားနိုင်ရန် သူ့အနေအထားကို အနည်းငယ် ချိန်ညှိနေသည်ကို မသိမသာ တွေ့ရသည်။

 

 

 

……..

 

 

 

သရုပ်ဆောင်များ နေရာယူပြီးလေပြီ။

 

 

 

ပရိသတ်များသည်ကား ပြပွဲ စတင်ချိန်အား စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။