အခန်း (၁၅) - အလှလေး
ည တစ်နာရီအချိန်တွင် ဤနေရာလေးထဲမှ ဖုတ်ကောင်များအား အခြေခံအားဖြင့် ရှင်းလင်းပြီးဖြစ်ပြီး၊ ရပ်ကွက်တွင်း နေထိုင်သူများသည်လည်း အိပ်ပျော်နေပြီဖြစ်ကာ အိမ်နီးချင်းပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေသည်။
မှိန်ဖျော့ဖျော့ မီးရောင်အောက်မှ စင်္ကြံလမ်းတွင် အရိပ်တစ်ခု ရပ်နေသည်။
ထိုကောင်လေးသည် နူးညံ့သိမ်မွေ့ပြီး ချောမောသည့် မျက်နှာသွင်ပြင်ရှိသည်။ သူ့ မျက်လုံးအိမ်ကျယ်ကြီးများမှာ အမြဲတမ်း အရောင်တလက်လက်တောက်ပနေကာ ၊ ကြောက်လန့်နေသော သမင်ပေါက်လေး တစ်ကောင်ကဲ့သို့ နူးညံ့ပြီး ထိခိုက်လွယ်သည့်ပုံပေါက်နေသည်။
သူ့ခန္ဓာကိုယ်မှာ သေးသွယ်ပြီး ပိန်ပါးသည် ။ သူ့ခန္ဓာကိုယ်နှင့် မလိုက်ဖက်သည့် ကြီးမားလွန်းသော အဖြူရောင် တီရှပ်တစ်ထည်အား ဝတ်ဆင်ထားပြီး အခုမှ ရေချိုးပြီးသကဲ့သို့ဖြစ်နေသည်။ ဆံပင်ထိပ်ဖျားများတွင် ရေစက်ကလေးများ တွဲလွဲခိုနေဆဲဖြစ်ပြီး တီရှပ်ပေါ်သို့ စီးကျနေကာ ပါးလွှာသော အသားပေါ်မှ အဝတ်စအား ဖျော့တော့သည့် အသားရောင် သန်းနေစေသည်။
သူဝတ်ထားသည့် တစ်ခုတည်းသောအရာမှာ ထိုအဖြူရောင် တီရှပ်တစ်ထည်သာဖြစ်ပြီး အောက်ပိုင်းကိုမူ လုံခြုံရုံမျှသာ ဖုံးထားရသည်။ ဖြူဖျော့၍ ရှည်လျားသည့် ခြေသလုံးသားများ ပေါ်နေပြီး ခရမ်းရောင်သန်းနေသည့် ဒဏ်ရာအနည်းငယ်လည်း ရှိနေသည်။
တီရှပ်အောက်ရှိ သူ၏ ဘယ်ဘက် ပေါင်ရင်းနားတွင်မူ မှိန်ဖျော့သော ထက်အောက်ပြောင်းပြန် နှလုံးပုံစံ အဖြူကွက်လေး တစ်ခုကို မြင်နေရသည်။ ယင်းက တက်တူးသေးသေးလေး တစ်ခုကဲ့သို့ပင်။
တခြားသူများအတွက် သူသည် လုံးဝ အန္တရာယ်ကင်းပုံပေါ်ပြီး၊ ငွေလင်ဗန်းပေါ်တွင် တင်ဆက်ထားသော ဆွဲဆောင်မှုရှိသည့် အလှလေးတစ်ယောက်ကဲ့သို့ ပေါ်နေသည်။ သူ ယခုချိန်ထိ အသက်ရှင်နေနိုင်သည်မှာလည်း ဤသို့ အန္တရာယ်ကင်းပြီး ဖြူစင်သည့် အသွင်အပြင်အား အားကိုးနေရသောကြောင့်ပင်တည်း ။
အန်းခယ့် သူ့ကော်လံအား အနည်းငယ် ထပ်ဆွဲချလိုက်သောအခါ နူးညံ့သော လည်ပင်းနှင့်ပခုံး ပေါ်လာပြီး နီရဲရဲ အမှတ်အသား မှေးမှေးလေးများ ကျန်ရှိနေသေးသည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ယူနစ် ၇၀၁ တံခါးကို ခေါက်လိုက်သည်။
အချိန်တစ်ခုမျှ စောင့်နေသော်လည်း တံခါးမှာ ပွင့်မလာပေ ။
ဧပြီလနှောင်းပိုင်းညသည် အနည်းငယ် အေးနေဆဲဖြစ်ကာ သူက သူ၏ လက်မောင်းများအား ပွတ်သပ်လိုက်ပြီး ရဲရဲတင်းတင်းနှင့် တံခါးအား နောက်တစ်ကြိမ် ထပ်ခေါက်လိုက်သည်။
နောက်ထပ် အချိန်အကြာကြီး စောင့်လိုက်ရပြီးနောက်တွင် အန်းခယ့်က ‘ ခေါင်းစွပ်နဲ့လူငယ်လေးက ဒီမှာနေတာ ဟုတ်ရဲ့လား ’ ဟု တွေးနေဆဲမှာပင် တံခါးသည် နောက်ဆုံး၌ ပွင့် လာလေသည်။
မီကျား တံခါးဖွင့်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “ညီလေး…. အခု ဘယ်အချိန်ရှိနေပြီလဲ မမြင်ဘူးလား…. တသ်ခုခုပြောစရာရှိရင်လည်း မနက်ထိ ဘာလို့ မစောင့်တာလဲ.... မင်းက မအိပ်ချင်ပေမဲ့ ငါလည်း မျက်လုံးပွင့်ပြီး နေစရာ မလိုဘူးလေ….”
သူ၏ ရှုပ်ပွနေသော ဆံပင်နီနီများက ကြမ်းတမ်းစွာ ထောင်ထနေပြီး သူ၏အသံသည်လည်း အတင်းအဓမ္မ အနှိုးခံလိုက်ရသူတစ်ဦး၏ သည်းမခံနိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
အန်းခယ့် သူ့ရှေ့မှ လူငယ်အား မော့ကြည့်ကာ ခတ္တ ကြောင်အသွားပြီး ပြောချင်သည့်စကားကိုပါ မေ့လုနီးပါး ဖြစ်သွားရသည်။
လူငယ်လေးသည် ပခုံးကျယ်ကျယ်နှင့် ခါးသေးသေးအား အပြည့်အဝ ပေါ်လွင်စေသော အနက်ရောင် တီရှပ်လက်ပြတ်အား ဝတ်ဆင်ထားပြီး ၎င်းက အားကစားသမားကဲ့သို့ ကြံ့ခိုင်သော ကြွက်သားတည်ဆောက်ပုံအား ဖုံးကွယ်ခြင်းမရှိဘဲ ထုတ်ဖော်ပြသနေသည် ။
သူ့မျက်နှာ၌ အိပ်နေစဥ်တွင်ပင် မချွတ်ထားသည့်အလား အနက်ရောင် မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်သည်။ သို့သော်ငြားလည်း သူ့ဆီမှ ထွက်ပေါ်နေသော ခြိမ်းခြောက်ပြီး ရန်လိုသည့် အရှိန်အဝါအား ခံစားနိုင်သေးသည်။
ထိုအချိန်တွင် သူသည် လက်ပိုက်ပြီး တံခါးဘောင်အား ပျင်းရိစွာ မှီထားလျက် လမ်းကို ပိတ်ဆို့ထားကာ အန်းခယ့်အား အတွင်းသို့ ဖိတ်ခေါ်ရန် စိတ်ကူးမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။
[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၄၉၉၂၃ - အန်းခယ့်] တိုက်ရိုက်ထုတ်လွှင့်မှု
အချိန်နောက်ကျနေပြီဖြစ်ကာ စိတ်လှုပ်ရှားစရာကောင်းသော ရှိုးပွဲက ပြီးသွားပြီဖြစ်၍ မူလပရိသတ်အရေအတွက်မှာ တော်တော်လေး လျော့နည်းသွားပြီး အနည်းငယ်မျှသာ ပြန့်ကျဲကျန်ခဲ့တော့သည်။
“ဟာကွာ၊ ဒီလူက... နည်းနည်းလေး ကြည့်ကောင်းတာလား..”
“ဘာကြောင့်လဲတော့ မသိဘူး။ ဒီလူက သူ့မျက်နှာကို မပြဘူးဆိုရင်တောင် သူတို့နှစ်ယောက် အတူတူ ရပ်နေတာကို မြင်ရုံနဲ့တင်... ချစ်စရာကောင်းတာက ဆွဲဆောင်မှုရှိတာနဲ့ ယှဥ်ရင် ဘာမှကို မဟုတ်ဘူးဆိုတဲ့ စကားကို ရုတ်တရက် နားလည်သွားတယ်။”
“+1... ဒီလူကလည်း အသက်ရှင်ကျန်ရစ်သူလား? သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါ ဘာလို့ မမြင်ဖူးရတာလဲ...”
“အိပ်မက်ကနေ နိုးထပါတော့.... သူက မျက်နှာဖုံးကို ဝတ်ထားဆဲပဲ... သူ့မျက်နှာကိုတောင် သေသေချာချာ မမြင်ရဘူး။ အားလုံးသိတဲ့အတိုင်းပဲ မျက်နှာဖုံး ချွတ်လိုက်ရင် ငါတို့ စိတ်ကူးယဉ်ထားတာတွေ အားလုံး ပျက်စီးသွားလိမ့်တယ်....”
“အကြိုက်တွေကို အရမ်း မြန်မြန် မပြောင်းကြပါနဲ့နော်... သွားပါ၊ အန်းခယ့်၊ သူ့ကိုပါ သွားပြီး သွေးဆောင်လိုက်ပါဦး... မင်းတို့နှစ်ယောက် အတူတူ ရှိနေတာကို ငါ မြင်ချင်တယ်.....”
အန်းခယ့် ခတ္တမျှ ကြောင်အနေခဲ့ပြီး ဤညအတွက် ရည်ရွယ်ချက်အား သတိရပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။ တခြားတဖက်မှလူသည် သူ့အား ဖြစ်နိုင်ခြေရှိသော အကောင်းဆုံးရှုထောင့်မှ မြင်နိုင်စေရန် ကိုယ်နေဟန်ထားအား အနည်းငယ် ပြင်လိုက်သည်။
“အစ်ကို.... ကျွန်တော်... ကျွန်တော် ချင်ကောနဲ့ ရန်ဖြစ်ခဲ့တာ... တစ်ညလောက် အစ်ကို့အခန်းမှာ အရင်နေလို့ရမလားဟင်...”
“မရဘူး။” အဖြေက အလွန်ကို ကျစ်လျစ်ပြည့်စုံကာ တိကျပြတ်သားသည်။
“...” အန်းခယ့် အနည်းငယ်မျှ စကားထစ်သွားခဲ့သည်။ သူက မီကျား၏ တီရှပ်ထောင့်ကို ဂရုတစိုက်ဆွဲလိုက်ပြီး၊ သူ၏ ကြီးမားပြီး မျက်ရည်စက်လက်မျက်လုံးများနှင့် သနားစရာကောင်းသည့်ပုံစံဖြင့် မီကျားအား မော့ကြည့်လိုက်သည်။ မျက်ရည်များက မည့်သည့်အချိန်တွင်မဆို ကျဆင်းလာနိုင်သည့်အလား ။ “ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ်... တစ်ညလောက်ပဲ နေခွင့်ပြုပါနော်၊ ဟုတ်ပြီလား....”
“ဘာမဆိုလား....”
အခြားတစ်ယောက်က စိတ်ပြောင်းသွားပြီဟုထင်ပြီး အန်းခယ့် ဝမ်းသာအားရ ခေါင်းညိတ်ကာ သူ့ လေသံအား နူးညံ့စေလိုက်သည်။ “အွန်း... ကျွန်တော် တကယ်ကို နာခံမှာပါ”
မီကျား၏မျက်နှာတွင် မည်သည့်ခံစားချက်မှ မပြောင်းလဲဘဲ ရှိနေသည် ။ “ဒါဆိုရင် ငါ့အခန်းနဲ့ ဝေးဝေးမှာနေပြီး ငါအိပ်နေတာကို မနှောင့်ယှက်နဲ့။”
“ဒါပေမဲ့ ကျွန်တော့်အတွက် အိပ်စရာနေရာက ဘယ်မှာမှ မရှိဘူးလေ...” အန်းခယ့် မျက်ရည်ကျလုနီးပါးဖြစ်နေကာ အလွန် စိတ်ထိခိုက်နေသည့်ပုံ ပေါ်နေသည်။
“ဒီနားတစ်ဝိုက်မှာ အခန်းလွတ်တွေ အများကြီးပဲလေ... ကြိုက်တဲ့တစ်ခန်း ရွေးလိုက်ရုံပဲဟာ... ဘာလို့ ငါ့အခန်းထဲ ဝင်ဖို့ကိုပဲ တောင်းဆိုနေရတာလဲ...”
အန်းခယ့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘေးပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်ကာ ရုတ်တရက် မီကျား နားနားသို့ တိုးကပ် ပြီး တိုးတိုးလေး ပြောသည် ။ “ဒါပေမဲ့ အစ်ကို့ကို ပြောပြချင်တာ တစ်ခု ရှိတယ်.... ချင်းကျီယီအကြောင်းပါ...”
မီကျား ထိုသူ့အား တွန်းထုတ်လိုက်သည်။ “ဒါဆို ဒီမှာပဲ ပြောလိုက်။”
သူက စင်စစ်တွင် မည်သည့်အားကိုမှ အသုံးပြုခဲ့သည် မဟုတ်ဟု ယုံကြည်နေခဲ့သော်လည်း ကောင်လေးက ပြင်းပြင်းထန်ထန် တွန်းခံလိုက်ရသကဲ့သို့ နောက်ကို ယိုင်လဲသွားပြီး ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ထိုသူ့အားကြည့်ရသည်မှာ မီကျားက သူ့အား အနိုင်ကျင့်လိုက်၍ ငိုတော့မည့်ဆဲဆဲ ဖြစ်နေသည် ။
ဝိုး... ဒီကလေးက သူ့ထက် ပိုကောင်းကောင်း သရုပ်ဆောင် နိုင်တာပဲ.... မီကျား စိတ်ရင်းနှင့်ပင် အထင်ကြီးသွားမိသည်။
အန်းခယ့်အသံက တုန်ယင်နေပြီး ပျော့ပျောင်းကာ သနားစရာ ကောင်းနေပုံရသည်။ “...သူက အရင်က လူသတ်သမားဟောင်း တစ်ယောက်ပါ.... သူ ဒီကို တခြား ရည်ရွယ်ချက်နဲ့ လာခဲ့တာ။ ကျွန်တော် သူ့ကို မကြိုက်ဘူး... ဒါပေမဲ့ ရွေးချယ်စရာလည်း မရှိခဲ့ဘူး... ကျွန်တော်က အစ်ကိုနဲ့ ပူးပေါင်းချင်ရုံ သက်သက်ပါ...”
“မင်း အမှန်အတိုင်း ပြောနေလားဆိုတာ ငါ ဘယ်လို သိနိုင်မလဲ?” မီကျား သူ့အား ပြုံးရယ်ပြီး ကြည့်လိုက်သည်။ “ဒါ့အပြင် ညသန်းခေါင်မှာ ခေါင်းဆောင်မကောင်းကြောင်းကို လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်ကို လာပြောတာကရော ၊ ငါက မနက်ကျရင် သူ့ကို အကုန်လုံး ပြန်ပြောပြလိုက်မှာကို မင်း မကြောက်ဘူးလား...”
“...” သူ့ရှေ့မှ လူက နူးညံ့မှုနှင့် ဖိအားနှစ်ခုလုံးကို တုံ့ပြန်လိမ့်မည် မဟုတ်ကြောင်း မြင်သောအခါ အန်းခယ့်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ အခန်းအတွင်းသို့ တစ်ချက် ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မမြင်ရပေ။
သူက သူ၏ ခြေထောက်အတွင်းပိုင်းထံ လက်လှမ်းလိုက်ပြီး ဇောက်ထိုးဖြစ်နေသော နှလုံးပုံစံ အမှတ်အသားအား ထိလိုက်သည်။ သူ့လေသံက အေးစက်နေသော်လည်း ချိုသာပြီး တောင်းပန်နေသကဲ့သို့ မြူစွယ်ဟန်ပြုနေဆဲပင်။ “အစ်ကို... ကျွန်တော့်ကို ဘာလို့ အထဲ မဝင်ခိုင်းရတာလဲ...အထဲမှာ .ကျွန်တော့်ကို မမြင်စေချင်တဲ့ တခြားတစ်ယောက်ယောက် ရှိနေလို့လား...”
သူ ထိုလှုပ်ရှားမှုကို လုပ်လိုက်သည်နှင့် မီကျား ရုတ်တရက် မူးဝေမှု တစ်ခုအား ခံစားလိုက်ရသည်။ သူ ပြန်မော့ကြည့်လိုက်သောအခါ သူ့ရှေ့မှ လူသည် ပန်းရောင် စစ်ထုတ်အလွှာထူထူတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပြီး နှလုံးပုံသဏ္ဍာန် ပူဖောင်းသေးသေးလေးများသည်လည်း ပတ်ပတ်လည်တွင် လွင့်မျောနေသည် ။
အန်းခယ့် ခြေထောက်အား လျင်မြန်စွာ ထောက်ကာ တံခါးပေါက်မှ တိုးဝင်လိုက်ပြီး၊ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တိုက်ခန်းထဲသို့ ပြေးဝင်သွားပြီး စစ်ဆေးရှာဖွေလိုက်သည်။
အတွင်းတွင် နေရာအား ရိုးရှင်း၍ ခေတ်မီသောပုံစံနှင့် အလှဆင်ထားပြီး အများစုမှာ အနက်နှင့်အဖြူသာ ဖြစ်ကာ ပစ္စည်းအနည်းငယ်နှင့် ဗလာဖြစ်နေပုံရသည်။
သူက အခန်းတိုင်းနှင့် ထောင့်တိုင်းအား ဂရုတစိုက် စစ်ဆေးပြီး လူတစ်ယောက်အား ဖုံးကွယ်ထားနိုင်သည့် ပုံပေါ်နေသော အရာအားလုံးကို ဖွင့်၍ စစ်ဆေးခဲ့သော်လည်း မည်သည်ကိုမျှ မတွေ့ခဲ့ပါ။
အချိန်က တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။
အတွင်းတွင် မည်သူမှမရှိကြောင်းနှင့် ၊ ဖုတ်ကောင်လှုပ်ရှားမှု လက္ခဏာလည်း မရှိကြောင်း မြင်သောအခါ အန်းခယ့် သူ၏ ကျွမ်းကျင်မှုဘားတွင် ကျန်ရှိနေသည့်အချိန်အား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သွားကြိတ်လိုက်ပြီး တံခါးဝဆီသို့ ပြန်ပြေးလာသည်။
သူ ပြန်ရောက်လာသောအခါ ဆံပင်နီနီနှင့်လူငယ်လေး၏ မျက်လုံးများသည်လည်း ကြည်လင်လာသည်။ မည်သည်တို့ဖြစ်သွားသည်အား နားမလည်သကဲ့သို့ စကားပြောလက်စနေရာမှ ပြန်ဆက်လိုက်ပြီး အန်းခယ့်၏ ယခင်မေးခွန်းကို ပြန်ဖြေသည်။
“မဟုတ်ဘူး၊ အဲဒါက ငါ့မှာ အပေါက်တွေ မြင်ရင် ကြောက်တတ်တဲ့ ရောဂါရှိလို့ပဲ။ အတွေးတွေ အရမ်းများတဲ့သူတွေနားမှာ ငါ မနေနိုင်ဘူး။”
ထိုသို့ ပြောပြီးနောက် မီကျား တံခါးကို ပိတ်လိုက်သည်။ တံခါးမပိတ်ခင်လေးတွင် သူက ထပ်ပြောလိုက်သည် ။ “နောက်ပြီး... ငါ နှိုးလာတဲ့အချိန်မှာ အရမ်း ဒေါသထွက်တတ်တယ်... မင်း ငါ့တံခါးကို ထပ်ခေါက်ရင် ငါ စိတ်မထိန်းနိုင်ဘဲ မင်းကို ခုနစ်လွှာကနေ ပစ်ချမိမလားကို ငါ အာမ,ခံနိုင်မှာ မဟုတ်ဘူး။”
“...” အန်းခယ့် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပုံမှန် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသည့် အမူအရာက ကွဲအက်သွားသည် ။ ထို့နောက် အအေးဒဏ်ကြောင့် ကြက်သီးမွေးညင်းထနေသည့် သူ့ လက်မောင်းအား စိတ်တိုတိုနှင့်ပွတ်သပ်လိုက်ပြီး ၇၀၁ တံခါးမှ ထွက်ခွာသွားသည်။
တံခါးပိတ်ပြီးနောက် မီကျား အချိန်ကို ကြည့်လိုက်သည်။
သူ ပထမဆုံး တံခါးဖွင့်လိုက်ချိန်သည် ည ၁:၂၁ ဖြစ်ပြီး အန်းခယ့်နှင့် စကားပြောသည်က လေးမိနစ်မျှသာ ကြာခဲ့သည်။ သို့သော် အခုချိန်တွင် နာရီက ည ၁:၃၅ဟု ပြနေသည်။
၎င်းက ထိုအသက်ရှင်ကျန်ရစ်သူ၏ ကျွမ်းကျင်မှုသည် ဆယ်မိနစ်ကြာသည်ဟု အဓိပ္ပာယ်ရသည် ။
ထို့အပြင် သတ်မှတ်ထားသည့် ကန့်သတ်ချက်အချို့လည်း ရှိနိုင်သေးသည်။ ဥပမာ- ပစ်မှတ်က တိုက်ခိုက်ခံရလျှင် သို့မဟုတ် နာကျင်မှု ခံစားရလျှင် ရှုပ်ထွေးသည့် အခြေအနေမှ လွတ်မြောက်သွားနိုင်သည်ပင်။ သို့မဟုတ် ကျွမ်းကျင်မှု ကြာချိန်အတွင်းတွင် သူ့အား ဓားနှင့် ထိုးပြီး အချိန်ယူကာ ရှာဖွေနိုင်ခဲ့မည် ။
သို့သော် သူသာ လက်နက်ယူလာခဲ့လျှင် ပထမဆုံးအနေနှင့် သူ(မီကျား) တံခါးအား ဖွင့်မည်မဟုတ်ပေ။