အခန်း (၁၇) - ရှင်သန်ရေးရမှတ်များ
"..." ချင်းကျီယီ ရုတ်တရက် အတွေးထဲတွင် ရှုပ်ထွေးသွားပြန်သည်။ မီကျားသည် ဤကမ္ဘာမှ သာမန် NPC တစ်ယောက်သာဆိုလျှင် မည်သည့်ထူးခြားသည့် စွမ်းရည်မှ ရှိနိုင်မည် မဟုတ်ပေ ။ ဒါဆို သူ့ရဲ့ "အနိုင်ရမှာ သေချာတယ်" ဆိုတဲ့ ယုံကြည်မှုကြီးက ဘယ်ကလာတာလဲ….
မကြာမီပင် အဖြေ ရလိုက်သည်။ ပတ်ဝန်းကျင်မှ ဖုတ်ကောင်များမှာ မီကျားအနားကိုပင် မကပ်နိုင်ကြချေ ။ နီးကပ်လာသည်နှင့် တစ်ပြိုင်နက် မီကျားမှ ဖမ်းဆုပ်ပြီး လှမ်းပစ်လိုက်ရုံမျှဖြင့် တစ်တန်းလုံးအား ဘိုးလင်းပစ်သကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျသွားစေသည်။
ချင်းကျီယီ ယခင်က အားကြီးသည့်သူများအား အများအပြား မြင်ဖူးသော်လည်း ပေါင် ၈၀ မှ ၉၀ လောက်ရှိသော ဖုတ်ကောင်အား ကြက်ဥကိုပစ်သကဲ့သို့ အလွယ်တကူ ပစ်နိုင်သည့်သူမျိုးကို အဘယ်သောအခါမှ မမြင်ဖူးခဲ့ချေ ။
ဒါဆို မီကျားက တကယ်ပဲ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်များလား… ပြီးတော့ သူ့စွမ်းရည်က ခွန်အားနဲ့ ပတ်သက်တာများလား…
မည်သည်တို့ဖြစ်နေသနည်းကို သူ မတွေးနိုင်မီမှာပင် ဖုတ်ကောင်အတော်များများသည် သူ့ထံသို့ အော်ဟစ်ပြီး ပြေးဝင်လာကြသည်။ ချင်းကျီယီသည်လည်း သတ္တုချောင်းနှင့် အမြန်ကာကွယ်လိုက်ရပြီး ဖုတ်ကောင်များအား တွန်းလှန်ကာ ခေတ္တ မလှုပ်ရှားနိုင်စေရန် လည်ပင်းကို အားနှင့် ရိုက်ချလိုက်သည်။
သို့သော် သေနတ်နှင့်ယှဉ်လျှင် ဤသတ္တုချောင်းသည် အသုံးပြုရ ပိုခက်ခဲသည်။ သူ့ ခံနိုင်ရည်အားကို ကုန်စေပြီး ထိရောက်မှုလည်း သိပ်မရှိချေ ။
ထိုနေရာတွင် မျှော်လင့်ထားသည်ထက် ဖုတ်ကောင်များ အဆမတန် များပြားနေပြီး၊ ထူထပ်စွာနှင့် သူတို့နှစ်ယောက်ထံသို့ စဉ်ဆက်မပြတ် ဝိုင်းအုံလာနေသည်။ ဆယ်မိနစ်ကျော် ကြာပြီးနောက် သူတို့သည် စူပါမားကတ်၏ အရေးပေါ်ထွက်ပေါက်ထံ တဖြည်းဖြည်း နောက်ဆုတ်လာခဲ့ရသည်။ ချင်းကျီယီ ၎င်းတို့အား ကိုင်တွယ်ခြင်းတွင် ပို၍ ရုန်းကန်လှုပ်ရှားနေရသည်။ အကူအညီရလိုရငြား မီကျားအား ဖျတ်ခနဲကြည့်လိုက်သောအခါ မီကျားကိုယ်တိုင်အတွက်လည်း ခက်ခဲသောအချိန်တစ်ခုဖြစ်နေပုံရကြောင်း သဘောပေါက်လိုက်ရသည်။ အုံလာသော ဖုတ်ကောင်များအား ခုခံရုံမျှ ခုခံနေရပြီး အဖမ်းခံရလုနီးပါးအခြေအနေများအား အကြိမ်များစွာ ရှောင်တိမ်းနေရသည်ကို မြင်လိုက်ရသည်။
ချင်းကျီယီ ရင်ထဲတွင် အနည်းငယ် မွန်းကျပ်သွားသည်။ မည်မျှပင် သန်မာသည်ဖြစ်စေ ၊ ခံနိုင်ရည်အားသည် နောက်ဆုံးတွင် ကုန်ဆုံးမည်ပင် ဖြစ်၏ ။ ဖုတ်ကောင်များ ဤကဲ့သို့ အဆုံးမရှိ ဝိုင်းအုံနေသည်အား လက်ဗလာနှင့် မည်သို့မျှ ခုခံနိုင်မည်နည်း ။
သူ အံကြိတ်လိုက်ပြီး နောက်ဆုံး၌ သူ့ စွမ်းရည်အား အသက်သွင်းရန် အလို့ငှာ နဖူးမှ ကျည်ဆန်ပုံသဏ္ဌာန် အမှတ်အသားအား ဖိလိုက်သည် ။ ဤသို့ မိုက်မဲ၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည့် လူတစ်ယောက်ကြောင့် ဤနေရာတွင် သေသည်အထိ ဆွဲခေါ်သွားခံရမည်အား သူ အဖြစ်မခံနိုင်ပေ။
ခါးမှ ငွေဖြူရောင်ပစ္စတိုအား ဆွဲထုတ်လိုက်ပြီး သူတို့ထံ ခုန်ဝင်လာသော ဖုတ်ကောင်အုပ်ကို ပစ်ခတ်လိုက်သည်။ဘီလူးနှိမ်နင်းရေးပစ္စတိုသည် ဖုတ်ကောင်များအပေါ် အထူးပင် အကျိုးသက်ရောက်မှု ရှိပေသည်။ ထိမှန်လိုက်သည်နှင့် သတ်မှတ်ထားသော အကွာအဝေးအတွင်းမှ ဖုတ်ကောင်အားလုံး သုံးစက္ကန့်အကြာ ရပ်တန့်သွားစေမည် ဖြစ်သည် ။ တစ်နာရီကြာ ကျည်မကုန်သည့် သူ၏ စွမ်းရည်နှင့် ပေါင်းစပ်လိုက်လျှင် ဤနေရာမှ ထွက်ပြေးရန်မှာ သိပ်မခက်ခဲတော့ပေ။
သို့သော် ဤပေါ့ဆသည့်NPCကို စွန့်ပြီး သူ့အသက်အတွက် ထွက်ပြေးရန် လုပ်နေစဥ်တွင်ပင် အခုလေးတင် ရုန်းကန်နေရသော ခေါင်းစွပ်ဝတ်ထားသည့် လူငယ်မှာ ရုတ်တရက် လျင်မြန်တိကျစွာဖြင့် လှုပ်ရှားလိုက်သည်ကို သူ မြင်လိုက်ရသည်။ သူက ကျောပိုးအိတ်ထဲမှ မော်လိုတော့ ကော့တေး အနည်းငယ်ကို အေးအေးဆေးဆေးနှင့် ဆွဲထုတ်ပြီး သူ့ထံ တည့်တည့် ပစ်ပေါက်လိုက်သည်။
ချင်းကျီယီ၏ မျက်ဆံများ ပြင်းထန်စွာ ကျုံ့သွားပြီး ရှောင်တိမ်းရန် ခေါင်းကို အမြန်လှည့်လိုက်ရသည်။ မော်လိုတော့ ကော့တေးသည် သူ့နားနားမှ ဖြတ်သွားပြီး ဘီလူးနှိမ်နင်းရေး ပစ္စတိုကြောင့် ခေတ္တရပ်တန့်နေသည့် ဖုတ်ကောင်အုပ်စု အလယ်တည့်တည့်သို့ ကျရောက်သွားသည်။
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
"Fuck... မင်း ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား...." သေဘေးမှ လွတ်မြောက်လာသည့် ချင်းကျီယီမှာ အပိုင်းပိုင်းပြတ်သွားသော ဖုတ်ကောင် တစ်ဒါဇင်လောက်ကို ကြည့်ကာ ကြောက်ရွံ့စိတ်အား ခံစားလိုက်ရသည်။
"အာ... စိတ်မကောင်းပါဘူး။" မီကျား သူ့ထံ ပြေးလာသည့်ဖုတ်ကောင်နှစ်ကောင်ကို အသာလေး ပစ်ထုတ်လိုက်ပြီး အပြစ်ကင်းသည့် ပုံစံနှင့် သူ့အား တောင်းပန်လိုက်သည် ၊ "လက်ချော်သွားလို့ပါ"
"မင်း သေချာပေါက် တမင်လုပ်တာ..." လက်ချော်တာလို့ ဘယ်သူက ယုံမှာလဲ... သူ့မျက်နှာ တည့်တည့်ကို ပစ်တာ အသိသာကြီးကို....
"ဟားဟား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။" လူငယ်လေး၏ မျက်နှာပေါ်၌ နောင်တအရိပ်အယောင်လေးတစ်ခု သိမ်မွေ့စွာ ဖြတ်ပြေးသွားပြီး အလျင်အမြန်ပင် ကြင်နာ၍ စိတ်အားထက်သန်သော ပုံစံသို့ ပြန်ရောက်လာသည် : "ကျွန်တော်က လူကောင်းတစ်ယောက်ဖြစ်ပြီး ဥပဒေကို လေးစားတဲ့သူပါ။ လူသတ်တာလိုမျိုး ဒီလိုကြောက်စရာကောင်းတဲ့ ကိစ္စကို ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ....
တကယ်ကို လက်ချော်သွားတာပါ။ ဘဝမှာ မတော်တဆမှုတွေတော့ ရှိတတ်တာပေါ့..."
"..." ချင်းကျီယီ အကြောင်းတစ်ခုခုကြောင့် သူ့အား ‘ခုနက လှည့်စားလိုက်တာများလား’ ဆိုသည့် မတည်ငြိမ်သော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
မီကျား ခေတ္တရပ်နားပြီးနောက် တစ်ဖန် ပြန်လည် ဝိုင်းအုံလာသော နောက်မှ ဖုတ်ကောင်အုပ်ကြီးအား ကြည့်လိုက်ပြီး သူ့အား အော်ပြောလိုက်သည် ၊ "အရေးပေါ်ထွက်ပေါက်ထဲကို အရင်ဝင်...." ပြီးနောက် လေးလံသည့် တံခါးအား အမြန်ဆွဲဖွင့်ကာ တစ်ချက်တည်းနှင့် အတွင်းထဲသို့ ပြေးဝင်သွားလိုက်သည်။
ချင်းကျီယီလည်း ပိတ်နေသည့်စူပါမားကတ် ထွက်ပေါက်အား နောက်လှည့်ကြည့်လိုက်ပြီး အံကြိတ်ကာ မီကျား နောက်သို့ လိုက်သွားလိုက်သည်။
သူ ဝင်လိုက်သည်နှင့် မီကျား တံခါးကို လျင်မြန်စွာနှင့် ပိတ်ချလိုက်ပြီး အပြင်မှ ဖုတ်ကောင်များအား ပိတ်ဆို့လိုက်သည်။
လှေကားထစ်အတွင်းမှ မီးများမူကား အလုပ်မလုပ်သည်မှာ ကြာပြီဖြစ်၏ ။ အတွင်း၌ မှောင်မည်းနေပြီး ပျက်စီးနေသည့် အလောင်းများသည် လှေကားထစ်များပေါ်၌ သွေးနှင့်အသားများ၏ ကြောက်စရာကောင်းသော ကော်ဇောတစ်ချပ်ပမာ ပြန့်ကျဲနေသည် ။
အတွင်း၌လည်း ဖုတ်ကောင်များ အတော်အတန် ရှိသော်ငြား အပြင်ရှိ ဖုတ်ကောင်းများကဲ့သို့ မများပြားလှပေ။ ဘီလူးနှိမ်နင်းရေးပစ္စတိုနှင့် မော်လိုတော့ ကော့တေး ပေါင်းစပ်မှုကြောင့် ၎င်းတို့အား အလျင်အမြန် ရှင်းလင်းနိုင်ခဲ့သည်။
မီကျား လှေကားထစ်ပေါ် တက်နေလျက်နှင့် ချင်းကျီယီအား ပြောလိုက်သည် ၊ "မင်းရဲ့ သေနတ်က အရမ်းထူးဆန်းတာပဲ။ ဖုတ်ကောင်တွေကို ထိသွားတာနဲ့ သူတို့က မလှုပ်နိုင်တော့ဘူး။"
ချင်းကျီယီ မျက်နှာတင်းမာသွားပြီး သေနတ်ကို ကျည်ထိုးကာ လူငယ်လေး၏ နောက်စေ့ကို တိတ်တဆိတ် ချိန်လိုက်သည် ။ " အသက်အန္တရာယ်ရှိတဲ့ အရေးကြီးနေရာကို ထိသွားတာ ဖြစ်ပါလိမ့်မယ်။"
[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၃၇၈ - ချင်းကျီယီ] တိုက်ရိုက်ထုတ်လွှင့်မှု
[ဒီခေါင်းစွပ်ဝတ်ထားတဲ့ကောင်လေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အခုမှ ရှာတွေ့တာပဲ။ သူက တကယ် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပဲ...]
[ဘယ်မှာလဲ.... ငါ မနေ့ညက တိုက်ရိုက်ကြည့်ရှုမှုအခန်းတိုင်းနီးပါး လိုက်ကြည့်တာပဲ မတွေ့ခဲ့ဘူး...]
[အနီရောင်ဖန်သားပြင်ရဲ့ အနောက်ဆုံးမှာပါ။ ပွတ်ဆွဲပြီး ရှာရတာ အချိန်အရမ်းကြာတယ်။]
[အနီရောင်ဖန်သားပြင်၊ ဒါကြောင့် အရင်က မတွေ့တာ မထူးဆန်းတော့ပါဘူးလေ...]
[သူ့ရဲ့ စွမ်းရည်က ဘာလဲ... မြင်ရလား....]
[မမြင်ရဘူး၊ ဒါပေမဲ့ ကွန်မန့်တွေအရတော့ အမြန်နှုန်း အမျိုးအစား စွမ်းရည်နဲ့ တူတယ်]
[သခင်လေးချင်းကို အမြန်ပြောလိုက်ကြ!]
[သခင်လေးချင်း အခု မြင်နိုင်မှာ မဟုတ်ဘူး။ ဖုတ်ကောင်သတ်တဲ့အခါ ရှင်သန်သူ တွေက သူတို့ရဲ့ အမြင်အာရုံကို ပိတ်ဆို့မှာစိုးလို့ ပေါ့ဒ်အပ် မျက်နှာပြင်ကို မဖွင့်ထားကြဘူး။]
ချင်းကျီယီ၏ အမြင်အာရုံပြင်ပတွင် မီကျား မျက်လုံးအောက်မှ အနီရောင်ကြက်ခြေခတ်အား တိတ်တဆိတ်ဖိ၍ အမြန်နှုန်း ဖုတ်ကောင် ဒေတာကတ်ကို တို့ထိကာ စွမ်းရည်အား အသက်သွင်းလိုက်သည်။
[ဟေး၊ ဟေး၊ သတိထား....သူ မင်းကို ရှင်းထုတ်တော့မယ်။] အထူးပြုလုပ်ထားသည့်စနစ် လင်းလင်းချီ သတိပေးလိုက်သည်။
ခေတ္တအကြာ၌ သူ့စိတ်ထဲတွင် မိမိကိုယ်ကို စကားပြောနေသကဲ့သို့ ထပ်ပေါ်လာသည်။
[အမ်၊ ဒါပေမဲ့ သတိပေးဖို့ သိပ်လိုအပ်ပုံလည်း မရပါဘူးလေ။]
မှောင်မည်းနေသည့်လှေကားထစ်အတွင်း၌ လူငယ်လေး၏ ပုံရိပ်သည် ရှေ့မှ အရိပ်များအတွင်းသို့ ပျော်ဝင်သွားသည်။ ချင်းကျီယီ သေနတ်မောင်းအား ဆွဲခါနီးတွင် လူငယ်လေးမှ ရုတ်တရက် ပြောလိုက်သည်- "မင်းလည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက် မဟုတ်လား..."
ချင်းကျီယီ လန့်သွားပြီး ထိုအချိန်တွင် အဘယ်ကြောင့် သူ၏ လျို့ဝှက်ချက်အား ရုတ်တရက် ဖော်ထုတ်လိုက်သည်ကို နားမလည်နိုင်ဖြစ်သွားရသည်။
"မင်း ငါ့ကို တကယ် သတ်နိုင်မယ်လို့ ထင်နေတာလား..." မီကျား နောက်လှည့်လိုက်ပြီး နံရံကို ပေါ့ပေါ့ပါးပါး မှီကာ ချင်းကျီယီအား စိတ်အေးလက်အေးနှင့် ယုံကြည်မှုအပြည့်ရှိသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ ခွန်အားကို လုံးဝ ယုံကြည်စိတ်ချ နေပုံရသည်။
ချင်းကျီယီ သေနတ်နှင့် သူ့အား ချိန်ထားပြီး လှောင်ပြုံးပြုံးလိုက်သည်၊ "ဘာလဲ၊ မင်းရဲ့ စွမ်းရည်က မင်းကို သေမျိုးမဟုတ်အောင် လုပ်ပေးတာလား ဒါမှမဟုတ် တစ်ခုခုလား...."
"ဒီပျက်စီးနေတဲ့ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်သူတွေက အတူတကွ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းလိမ့်မယ်လို့ ငါယုံတယ်"ဟု မီကျား သူ၏စွမ်းရည်နှင့် ပတ်သက်သည့် မေးခွန်းကို မဖြေဘဲ ပြန်ဖြေလိုက်သည်။ "မင်းလည်း ဒီလို မထင်ဘူးလား....."
"ပူးပေါင်းဆောင်ရွက်မယ်?.... ပူးပေါင်းဆောင်ရွက်တာက အသက်ရှင်သန်ရေးရမှတ်တွေ ကျမလာစေဘူးလေ"
ရှင်သန်ရေးရမှတ်တွေ ကျမလာဘူးလား... မီကျား အနည်းငယ် ကြောင်သွားပြီး သူ့စိတ်ထဲမှ အထူးပြုလုပ်ထားသည့် စနစ် လင်းလင်းချီအား မေးလိုက်သည်။
ဘာတွေဖြစ်နေတာလဲ....
[ ဘီလူးတွေကို သတ်သည်ဖြစ်စေ၊ အခြား ရှင်သန်ကျန်ရစ်သူတွေကို သတ်သည်ဖြစ်စေ၊ အသက်ရှင်ကျန်ရစ်သူ တစ်ယောက် သေဆုံးသွားတာနဲ့ ရှင်သန်ရေးရမှတ်တွေ ကျသွားမှာပါ။ ဒီကျသွားတဲ့ရမှတ်တွေကို အခြားအသက်ရှင်ကျန်ရစ်သူတွေက တိုက်ရိုက် ကောက်ယူနိုင်ပြီး သူတို့ရဲ့ စွမ်းရည်တွေကို အဆင့်မြှင့်တင်ဖို့ အသုံးပြုနိုင်ပါတယ် ။ စနစ်က ဂိမ်းအစမှာ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဒီစည်းမျဉ်းကို အသိပေးပြီးသားပါ။ မင်းရဲ့ အရင်က ပျင်းရိပြီး ပေါ့ဆတဲ့ စနစ်က မင်းကို မပြောပြဘူးလား.....]
မီကျား မျက်မှောင်ကြုတ်သွားရသည်။ သူ၏ ယခင်စနစ်မှာ ထိုစည်းမျဉ်းအား မပြောပြခဲ့ရုံသာမက ၊ ရှင်းပြရန်ပင် ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်း မရှိချေ ။ စင်စစ်တွင် ထိုစနစ်သည် ပေါ်လာသည်ဟူ၍ မရှိသလောက်ဖြစ်ပြီး သူ မေးမြန်းသည့်အခါတိုင်းလည်း မည်သည်ကိုမျှ သိပုံမရပေ။
သို့သော် သူ အလျင်အမြန် တုံ့ပြန်လိုက်ပြီး ချင်းကျီယီ၏သေနတ်ကို မျက်နှာမူလျက် ပြောလိုက်သည်၊ "ကောင်းတဲ့အချက်ပဲ။ ဒါဆို မင်းရဲ့ ရှင်သန်ရေးရမှတ်တွေကို ငါ့လက်ထဲ အပ်ဖို့ ပြင်နေတာလား...."
"မင်း ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင်လည်း ရပါတယ်။" ထိုလူသည် သူ၏ စွမ်းရည်များအပေါ် ယုံကြည်မှု အပြည့်အဝရှိနေသည်မှာ ထင်ရှားပေသည်၊ ၎င်းသည် သူ၏ စွမ်းရည်မှာ တစ်ခုခု ထူးခြားနေသည်ဟု ဆိုလိုခြင်းပင်။ ချင်းကျီယီ သူ့အကြောင်းအား မသိရသေးသရွေ့ လုပ်ကြံခြင်း မပြုသည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤသို့ တွေးလိုက်ပြီးနောက် သူ သေနတ်အား ဖြည်းညှင်းစွာ ချလိုက်သည်။ "ဒါပေမဲ့ ငါတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ရိုးသားဖို့ လိုလိမ့်မယ်။"
"ဘာသိချင်တာလဲ..."
"ကမ္ဘာ့ဘော့စ်" ဤကမ္ဘာ့ဘော့စ်အား သူ့ရှေ့မှ ထူးဆန်းသော စွမ်းရည်ရှိသည့် အသက်ရှင်ကျန်ရစ်သူက တကယ်ပင် ဖမ်းထားသလားဆိုသည်ကို ချင်းကျီယီ သေချာမသိပေ။ သူ စမ်းသပ်သည့်အနေနှင့်၊ "ကမ္ဘာ့ဘော့စ်ကို သတ်နိုင်ရင် ငါတို့အားလုံး ဒီကနေ ထွက်သွားနိုင်မယ်၊ ဒါပေမဲ့ မင်းက အဲဒါကို အဆောက်အအုံ ၈မှာ ထားထားပြီး မသတ်သေးဘူး။ မင်း ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို ငါသိချင်တယ်။"
"ဒါက..." တစ်ဖက်လူက မည်သည်ကိုမျှ ဖုံးကွယ်ထားပုံမရဘဲ ပြုံးလိုက်သည်၊ "ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လူတိုင်းကို ကယ်တင်ချင်လို့လေ၊ ဒီအကြောင်းပြချက်က လုံလောက်ရဲ့လား...."