အခန်း (၁၈) - အညစ်အကြေးကောက်သူ
[ရှင်သန်သူနံပါတ် ၇ - မီကျား] တိုက်ရိုက်ထုတ်လွှင့်မှု
၇၁လိုင်း: …ငါကြားလိုက်တာက မှားများနေလားမသိဘူး။ သူ ဘာတွေကို ကယ်တင်မယ်ပြောလိုက်တာလဲ...
၇၂လိုင်း: သူ အားလုံးကို ကယ်ချင်တယ်တဲ့လေ... ဟားဟားဟား၊ သူတော်စင်စိတ်ဝင်နေတဲ့ နောက်ထပ်ရှင်သန်သူတစ်ယောက်ပါလား … ။ ဒီလိုလူကြိုက်နည်းလို့ အနီရောင်ဖန်သားပြင်ဇုန်ထဲ ပစ်ချခံရတာ အံ့ဩစရာမရှိပါဘူး။ ဒီဂိမ်းထဲမှာ သူ့နေရာကို သူ ခုထိ နားမလည်သေးဘူးလား?
၇၃လိုင်း: အဆင့်နိမ့်ဘဝလေးက အဓိကစနစ်ကို တော်လှန်ဖို့ပြင်နေတယ်။ သူက လုံလောက်အောင် အသေမမြန်ဘူးလို့ ထင်နေတာလား...
၇၄လိုင်း: သူ တစ်ခုခု ထူးထူးခြားခြားကောင်းတဲ့ စွမ်းရည်များ ရထားသလား?
၇၅လိုင်း: မဖြစ်နိုင်ပါဘူး။ ရုတ်တရက်သေတဲ့လူတွေက အများအားဖြင့် သာမန်အဆန်ဆုံး အနီရောင်တံဆိပ်စွမ်းရည်တွေပဲ ရကြတာ။ အများဆုံးဆိုရင် ခွန်အား ဒါမှမဟုတ် အမြန်နှုန်းကို နည်းနည်းလေး မြှင့်ပေးတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့အခြေအနေကို ပြောင်းလဲပေးတာလောက်ပဲ။ တကယ်တမ်းဆို အသုံးမဝင်တဲ့အရာတွေပါ။ ပြီးတော့ အဲဒီအများစုက စတင်အသက်သွင်းဖို့ အချိန်ကြာမြင့်တာတွေချည်းပဲ။ အစွမ်းထက်ပြီး ချက်ချင်းအသုံးပြုနိုင်တဲ့ အနက်ရောင်တံဆိပ်စွမ်းရည်တွေနဲ့ ယှဉ်ရင် အရမ်းဆိုးတယ်။ အဲဒါတွေက ဘာအသုံးဝင်နိုင်မှာလဲကွာ…
"အားလုံးကို ကယ်မယ်? ဟား..." ချင်းကျီယီ ခေတ္တမျှ မအောင့်အီးနိုင်ဘဲ ရယ်မောလိုက်ပြီး "မင်းတစ်ယောက်တည်းနဲ့ ကမ္ဘာပေါ်က ဖုတ်ကောင်အားလုံးကို ရှင်းပစ်နိုင်မယ်လို့ တွေးနေတာလား?"
"ဘာလို့ မရှင်းနိုင်ရမှာလဲ?"
"..." ပထမဆုံးအနေနှင့် ဤအခြေအနေသည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ခဲ့သော ချင်းကျီယီ၏ ရင်ထဲတွင် ယခုအခါ သိမ်မွေ့သော လေးလံမှုတစ်ခု ဝင်ရောက်လာသည်။ တစ်ဖက်လူ၏ တည်ငြိမ်ပြီး ဣန္ဒြေရသော အမူအရာက သူ့အား အမှန်တကယ်ပင် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ သူသည် ဖုတ်ကောင်အားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် စွမ်းအားကြီးသော စွမ်းရည်အား အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်ပါသလား…
"ကြီးမားတဲ့စွမ်းအားနဲ့အတူ ကြီးမားတဲ့တာဝန်ယူမှုလည်း ပါလာတဲ့အတွက်၊ ကျွန်တော့်စွမ်းရည်အတွင်းကနေ လူတွေကို တတ်နိုင်သမျှ များများကယ်တင်ဖို့ ကြိုးစားသွားမှာပါ။" မီကျား သူ၏စကားများက မည်မျှ ရယ်စရာကောင်းကြောင်းကို လုံးဝမသိသည့်အလား ပြောဆိုလိုက်သည်။ သူ၏နောက်မှလူက သူ့ခေါင်းကို သေနတ်ဖြင့်ချိန်ထားသည်ကို လုံးဝဂရုမစိုက်ဘဲ အပေါ်ထပ်သို့ ဆက်လက်တက်သွားသည်။ "ဒါကြောင့် အခုလောလောဆယ်တော့၊ စူပါမားကတ်ထဲက ရှင်သန်သူတွေကို အရင်ကယ်တင်ကြရအောင်။"
ချင်းကျီယီ မျက်နှာကို ရှုံ့မဲ့လိုက်ပြီး သူ့နောက်မှ လိုက်ပါသွားခဲ့သည်။
မီကျား လှည့်သွားသည်နှင့် သူ လျှို့ဝှက်စွာ သက်ပြင်းချလိုက်သည်။ ချင်းကျီယီ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူ့အား အခုချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ချက်မရှိပုံရသည်။ ထို့ကြောင့် မီကျားသည် သူ၏စွမ်းရည်ကို အသံတိတ် ရပ်ဆိုင်းလိုက်သည်။
ချင်းကျီယီ သူ့အား နေရာမှာတင် သတ်ရန် စိတ်ပိုင်းဖြတ်ထားမယ်ဆိုလျှင် သူ အမြန်နှုန်းမြင့်ဖုတ်ကောင်အဖြစ် ပြောင်းလဲလိုက်လျှင်ပင် သူ၏ ကျည်ဆန်နှင့် အလွန်အမင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိကို အာမခံနိုင်မည့်နည်းလမ်း မရှိခဲ့ပေ။ အကောင်းဆုံးနည်းလမ်းမှာကား အခြားတစ်ဖက်လူအား ကြိုတင် တားဆီးထားပြီး သူ့ကိုယ်သူ မည်သည်မှမလုပ်ရဲစေရန် လုပ်ထားရပေလိမ့်မည်။
စင်္ကြံလမ်းတွင် ဖုတ်ကောင်များ အတော်လေး များသော်လည်း ချင်းကျီယီ သူ့စွမ်းရည်အား စတင်အသုံးပြုထားပြီး ဖြစ်သည့်အတွက်၊ အသက်သွင်းပြီးနောက် ခေတ္တရပ်ထား၍ မရနိုင်သောကြောင့် အချည်းနှီး ဖြစ်အောင်လုပ်ရန် အကြောင်းပြချက်မရှိခဲ့ပေ ။ သူ၏ စွမ်းရည်ဖြင့် လူနှစ်ဦးသည် စူပါမားကတ်၏ အပေါ်ဆုံးထပ်သို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။
ခေါင်မိုးပေါ်ရှိ သံတံခါးသည် ဖုတ်ကောင်များ၏ ထပ်ခါတလဲလဲ ရိုက်ခတ်မှုများကြောင့် ပိန်ချိုင့်၍ ကောက်ကွေးနေပြီ ဖြစ်သည်။ ဤဖုတ်ကောင်များသည် ရည်ရွယ်ချက်မရှိဘဲ တံခါးအား ဆောင့်နေခဲ့ကြပြီး၊ နောက်ဘက်မှ လူနှစ်ဦး ချဉ်းကပ်လာမှသာ ဖုတ်ကောင်များသည် နောက်ဆုံးတွင် တုံ့ပြန်ကာ လှည့်၍ သူတို့ထံ လှမ်းလာခဲ့သည်။
ဤအဆင့်နိမ့်ဖုတ်ကောင်များအား လျင်မြန်စွာ ရှင်းလင်းပြီးနောက် ချင်းကျီယီသည် တံခါးသော့ကို ချိန်ရွယ်၍ ပစ်ခတ်လိုက်ရာ သော့သည် လွင့်စင်သွားတော့သည်။
"မင်းရဲ့စွမ်းရည်တွေက တကယ်အသုံးဝင်တာပဲ။ မင်း ကျည်ဆန်ပြန်ဖြည့်တာတောင် ငါ မမြင်လိုက်ရဘူး။" ဟု မီကျားက ချီးမွမ်းလိုက်သည်။
ချင်းကျီယီ အောင့်သက်သက်ဖြင့် နှာခေါင်းမှ အသံပြုလိုက်သော်လည်း စကား ဆက်မပြောတော့ပေ။ ဤလူသည် ချဉ်းကပ်ရလွယ်ကူပုံရပြီး ပူးပေါင်းဆောင်ရွက်ချင်သည်ဟု ပြောနေသော်လည်း လမ်းတစ်လျှောက်လုံး သူ့စွမ်းရည်အကြောင်း အသေးစိတ် တစ်ခုမှ ထုတ်မပြောခဲ့ပေ။ သူသည် သတိရှိပြီး အန္တရာယ်များသောသူ တစ်ယောက်ပင် ။
သူတို့နှစ်ယောက် သံတံခါးအားဖွင့်ပြီး ခေါင်မိုးပေါ်သို့ တက်လာခဲ့သည်။
ခေါင်မိုးထောင့်တစ်နေရာတွင် ပိန်ချုံးနေသော လူသုံးယောက်သည် သူတို့ကို သတိကြီးစွာ စောင့်ကြည့်လျက် ပုန်းအောင်းနေကြသည်။ ထိုသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးလည်း ပါဝင်သည်။ ဝင်လာသူများမှာ သက်ရှိလူသားနှစ်ဦး ဖြစ်သည်ကို မြင်သောအခါ သူတို့၏ မျက်နှာများသည် ဝမ်းမြောက်မှုဖြင့် လင်းလက်သွားသည်။
"ရှင်တို့က ဘေးနားက တိုက်ခန်းအဆောက်အအုံကလား?..." ဟု ထိုအမျိုးသမီးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်ပါတယ်" ဟု မီကျားက ပြောပြီး သူ၏ကျောပိုးအိတ်ထဲမှ ချောကလက်နှင့် ရေအချို့ကို ထုတ်ယူကာ လှမ်းပေးလိုက်သည် ။ "အားပြန်ပြည့်ဖို့ တစ်ခုခု စားလိုက်ပါ။ ခဏနေရင် မင်းတို့ကို ရှင်းဖုရပ်ကွက်ကို ကျွန်တော်တို့နဲ့အတူ ပြန်ခေါ်သွားပါမယ်။"
ထိုသူများသည် ခေါင်မိုးပေါ်တွင် အချိန်အတော်ကြာ ပိတ်မိနေသည်မှာ ရှင်းနေပေသည် ။ သူတို့ မည်မျှကြာကြာ အစာမစားခဲ့ရသနည်းဆိုသည်ကို မည်သူမျှ မသိနိုင် ။ သူတို့၏ခြေလှမ်းများက မခိုင်မမာဖြစ်နေပြီး မျက်နှာများကမူ ပိန်ချုံးနေကြသည်။ အားနည်းမှုကြောင့် ကိုယ့်ဘာသာ လမ်းလျှောက်ရန် ခက်ခဲပြီး အဖွဲ့အား နှေးကွေးစေနိုင်သည် ။ ချော့ကလက်သည် စွမ်းအင်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်ပြီး သယ်ဆောင်ရလွယ်ကူကာ နေရာမယူသည့်အတွက် ဤသို့အချိန်မျိုးအတွက် အသင့်တော်ဆုံးပင် ဖြစ်သည်။ ယင်းက အရေးပေါ်အခြေအနေမျိုးတွင် အကောင်းဆုံးသော ထောက်ပံ့ရေးပစ္စည်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ်... အရမ်းကျေးဇူးတင်ပါတယ်..." ထိုလူသုံးဦးသည် မီကျားထံမှ ပစ္စည်းများအား ယူကာ ဟန်ပန်မရှိဘဲ ချက်ချင်း စတင်စားသောက်ကြပြီး အချို့မှာ တိုးတိုးလေး ငိုကြွေးနေကြသည်။
မီကျား စူပါမားကတ်ဝင်ပေါက်တွင် မြင်ခဲ့ရသော အမြင့်မှ ပြုတ်ကျသေဆုံးခဲ့သည့် အလောင်းများအား ပြန်သတိရကာ မေးလိုက်သည် : "ပြုတ်ကျသွားတဲ့သူတွေက ဘာဖြစ်သွားတာလဲ?"
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် လည်ချောင်းနာနာဖြင့် ပြန်ဖြေသည် : "သူတို့... သူတို့က မျှော်လင့်ချက်ပျောက်သွားတာ... ဒါကြောင့် ခုန်ချလိုက်ကြတာလေ..."
သူသာ အနည်းငယ်စော၍ ရောက်လာခဲ့မည်ဆိုလျှင်... မီကျား ခေါင်းခါလိုက်ပြီး ထိုအတွေးများသည်ကား အဓိပ္ပာယ်မရှိဟု ဆုံးဖြတ်လိုက်သည်။ အခြားလူများ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသည် သူ ထိန်းချုပ်နိုင်သည့်အရာများ မဟုတ်ပေ။ ဤသို့ရှုပ်ထွေးသော ကမ္ဘာကြီးတွင် သူလုပ်နိုင်သည်မှာ အနည်းငယ်သာ ရှိသည်။ သူ တတ်စွမ်းနိုင်သမျှ ကူညီပေးခြင်းသည်ပင်လျှင် အကောင်းဆုံး လုပ်ဆောင်မှုဖြစ်သည်။
ချင်းကျီယီ စိတ်ရှုပ်ထွေးစွာ ကြည့်၍ မီကျားကို မေး၏ — "တကယ် လိုအပ်လို့လား? ကမ္ဘာ့ဘော့စ်ကို မသတ်ရင်တောင်မှ၊ ငါတို့ ရက် ၃၀ ဆို ထွက်သွားရမှာပဲလေ။"
"ဒီမေးခွန်းက အဓိပ္ပာယ်မရှိလိုက်တာ" မီကျားက ငိုယိုလိုက်၊ ရယ်မောလိုက် လုပ်နေကြသော ရှင်သန်သူ သုံးဦးအား ကြည့်လျက် ပြောလိုက်သည်။ "မင်းအတွက် ဒီလူတွေက အရေးမပါတဲ့ NPC တွေ ဖြစ်နိုင်ပေမယ့်၊ ကျွန်တော့်အတွက်တော့ သူတို့က NPC ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သူတို့က ကျွန်တော်တို့လိုပဲ သွေးသား၊ ခံစားချက်တွေနဲ့ အသက်ရှင်နေတဲ့ သတ္တဝါတွေပဲ။"
"ကျွန်တော်တို့လိုပဲ ဖြစ်တဲ့ တခြားသတ္တဝါတွေကို သာလွန်တဲ့ အနေအထားကနေ အထင်သေးကြည့်မယ်ဆိုရင်..." မီကျားသည် သေးငယ်သော ကင်မရာအိုင်ကွန်အား ခေါင်းညိတ်ပြလိုက်ပြီး " ဒါဆိုရင် ကျွန်တော်တို့နဲ့ သူတို့ကြား ဘာကွာခြားတော့မလဲ “
ချင်းကျီယီ စကားပြောခြင်းကို ရပ်လိုက်ပြီး တိတ်ဆိတ်စွာနှင့် ဘေးဘက်သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။
ရှင်သန်သူသုံးဦး အားပြန်ဖြည့်နေစဉ်တွင် မီကျားသည် သူ၏အိတ်ထဲမှ မှန်ပြောင်းသေးသေးလေး တစ်ခုအား ထုတ်ယူပြီး ခေါင်မိုးပေါ်ရှိ တိတ်ဆိတ်သောထောင့်တစ်နေရာကို ရှာကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
တိုက်ခန်းအဆောက်အအုံသည် စူပါမားကတ်ထက် ပိုမြင့်သော်လည်း ၎င်း၏တည်နေရာသည် မကောင်းရုံသာမက အမြင်အာရုံကိုလည်း ကန့်သတ်ထားပြီး အဝေးသို့ မမြင်နိုင်ပေ။ စူပါမားကတ်၏ ခေါင်မိုးသည် ကျယ်ဝန်းပြီး လမ်းဆုံတွင် အဆင်ပြေစွာ တည်ရှိသောကြောင့် ပိုမိုကျယ်ပြန့်သော ရှုခင်းကို မြင်နိုင်သည်။
ဂိမ်းသို့ဝင်လာချိန်က စနစ်သည် ၎င်းက စတင်သူဇုန် ဖြစ်ကြောင်း ပြောခဲ့သည်။
ယခင်က ထုတ်လွှင့်မှုများတွင် သူ မြို့ပြင်၌ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအကြောင်း သတင်းတစ်ခုမှ မကြားခဲ့ရပေ ။ သူသည် အခြားပြည်နယ်နှင့် မြို့ကြီးများမှ ချန်နယ်အချို့ကိုပင် သီးခြားစစ်ဆေးခဲ့သည်။ အရာအားလုံး ငြိမ်သက်ပြီး တည်ငြိမ်နေကာ ထူးခြားသည့် အဖြစ်အပျက်များ မရှိ၊ လင်နန်မြို့အကြောင်းလည်း အစီရင်ခံစာများ မရှိခဲ့ပါ။ အပြင်ကမ္ဘာသည် ဤမြို့၌ ဖြစ်ပျက်နေသည့် ပုံမှန်မဟုတ်သော အခြေအနေများအား လုံးဝမသိရှိသည့်အလား ဖြစ်နေသည်။
မှန်ပြောင်းမှတဆင့် မြင်ရသော ကမ္ဘာသည် မီကျား ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေသည် ။ ဆယ်ရက်ကျော်ကာလအတွင်း တစ်ချိန်က စည်ကားခဲ့သော မြို့သည် ပျက်စီးယိုယွင်းရာ နေရာတစ်ခု ဖြစ်သွားခဲ့သည်။ လမ်းသွားလမ်းလာများက ရည်ရွယ်ချက်မရှိ လှည့်လည်နေသော ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လမ်းများပေါ်တွင် စွန့်ပစ်ထားသော ကားများ ပြန့်ကျဲနေပြီး၊ လမ်းဘေးဆိုင်အချို့မှာ ပြိုကျနေကာ၊ တစ်ချိန်က ခမ်းနားခဲ့သော အဆောက်အအုံများမှာမူ သွေးနီရဲရဲများ စွန်းထင်းနေသည့် ကျိုးပဲ့ပျက်စီးနေသော အပျက်အစီးများ ဖြစ်သွားခဲ့သည်။ မြို့တစ်ခုလုံးသည် လတ်လတ်ဆတ်ဆတ် ဖျက်ဆီးခံထားရသည့်အလား ထင်ရသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ဤဘေးအန္တရာယ်ထဲမှ လူသားများသည် ကူကယ်ရာမဲ့ကာ ၊ သေးငယ်သော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေကြပြီး သေခြင်းတရားအား စောင့်ဆိုင်းခြင်းမှလွဲ၍ အခြားထွက်ပေါက် မရှိတော့ပေ ။
သူ၏အမြင်အာရုံအစွန်အဖျားတွင် မီကျားသည် အနက်ရောင်အစက်အချို့ကို မှိန်ပြပြ မြင်လိုက်ရသည်။ ဤအစက်များသည် သူတို့၏တည်နေရာအား အဆက်မပြတ် ရွေ့လျားချဉ်းကပ်လာနေပြီး တစ်ခုမှာ အနီးနားရှိ လမ်းဆုံတစ်ခုတွင် ပေါ်လာခဲ့ပြီး ဖြစ်သည်။
၎င်းသည် ၇ မီတာ သို့မဟုတ် ၈ မီတာအထိ ရှည်လျားသော ဧရာမမွန်းစတားတစ်ကောင်ဖြစ်ပြီး သုံးထပ်တိုက်ငယ်လေး အရွယ်နီးပါး ရှိသည်။ ၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် လိမ်ကောက်နေသော အဝါရောင်ပုံစံများဖြင့် ဖုံးလွှမ်းနေပြီး ထူထပ်ကာ ရှုပ်ယှက်ခတ်နေသည်။ ၎င်း၏မျက်လုံးများမှာ ကြီးမားပြီး ငါးတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖောင်းကားနေကာ ဦးခေါင်း၏ နှစ်ဖက်စလုံးမှ ပြူးထွက်နေသည်။ တစ်ကိုယ်လုံးသည် ဆွေးမြေ့ပျက်စီးနေပြီး အသားများ စုတ်ပြဲနေသည့် ကြာမြင့်စွာကပင် သေဆုံးနေပုံရသော ရုပ်ဆိုးအကျည်းတန်သည့် ငါးခေါင်းပုံစံရှိသော သတ္တဝါနှင့် ဆင်တူနေသည်။
၎င်း ဖြတ်သန်းသွားသော လမ်းပေါ်ရှိ အထပ်မြင့်အဆောက်အအုံအားလုံးသည် ကျိုးပဲ့နေသော အပျက်အစီးများပုံအဖြစ် ရှင်းလင်းလုနီးပါး ဖြစ်သွားခဲ့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော သွေးမွန်းစတားသည် ဆူးချွန်များ အပြည့်ပါသော ဧရာမတူရွင်းအား လက်ထဲတွင် ကိုင်ဆောင်ထားသည်။ ၎င်းသည် သက်ရှိသတ္တဝါတစ်ကောင်အား ဖမ်းမိချိန်တိုင်း ခါးကိုင်းကာ မြှောက်တင်ပြီး ဧရာမတူရွင်း၏ ဆူးချွန်များပေါ်တွင် ချိတ်ဆွဲထားတတ်သည်။ ဧရာမတူရွင်း၏ ဆူးချွန်များမှာ အမျိုးမျိုးသော သတ္တဝါများ၏ အလောင်းများဖြင့် ပြည့်နေပြီး၊ ထိုအလောင်းများသည် ၎င်း ဂုဏ်ယူဝံ့ကြွားရန် အသုံးပြုသည့် အဆင်တန်ဆာများနှင့် ဆုတံဆိပ်များ ဖြစ်လာခဲ့သည်။
မီကျားသည် ချိတ်ဆွဲခံထားရသော သတ္တဝါအချို့မှာ အသက်ရှင်နေဆဲဖြစ်ပြီး နာကျင်စွာ တုန်ခါရုန်းကန်နေသည်ကိုပင် မြင်နိုင်သည်။ သို့သော် ထိုသတ္တဝါသည် ၎င်းဖြတ်သန်းသွားသည့် အဆောက်အအုံတစ်ခုစီအား ဖျက်ဆီးရန် တူရွင်းကို လွှဲလိုက်သည်နှင့် ထိုချိတ်ဆွဲခံထားရသော သတ္တဝါများသည် ထိခိုက်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားကာ ဆူးချွန်များပေါ်မှ ပြုတ်ကျသွားကြသည်။ ထို့နောက် ထိုမွန်းစတားသည် ၎င်းတို့အား ပြန်လည်ဖြည့်ဆည်းရန်အတွက် သက်ရှိသတ္တဝါအသစ်များကို ရှာဖွေတော့သည်။
မီကျား ၎င်း၏ရင်ဘတ်ပေါ်မှ သေးငယ်သော စက်ဝိုင်းပုံ အိုင်ကွန်ထံသို့ မျက်လုံးများကို ရွှေ့လိုက်သည်။
[မွန်းစတားအမည်: အညစ်အကြေးကောက်သူ ]
[အဆင့်: ၃]
[မှတ်ချက်: ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်ကာ ကြီးမားသော ခွန်အားရှိသော်လည်း အမြန်နှုန်းနှင့် တုံ့ပြန်မှု နှေးကွေးသည်။ ဂိမ်းပြီးဆုံးပြီးနောက် ၎င်း၏ကြည်လင်သောအူတိုင်ကို ရှင်သန်မှုရမှတ်များအဖြစ် တွက်ချက်နိုင်ပြီး ဖုတ်ကောင်ဘုရင်မှ စုပ်ယူနိုင်သည်။]
[အခြေအနေ: ဖမ်းယူနိုင်]
[နှစ်သက်မှု: ၁၀/၁၀၀ (ရန်လိုသောအခြေအနေကို ဖယ်ရှားရန် ၅၀ ရောက်ရှိအောင် လုပ်ပါ ၊ လိုက်ရှာမှု ပြီးမြောက်ရန် ၁၀၀သို့ ရောက်ရှိအောင် လုပ်ပါ။ ၎င်းသည် သင့်၏ အမိန့်တိုင်းကို နာခံပေမည်။)]
အညစ်အကြေးကောက်သူဟု အမည်ပေးထားသော မွန်းစတားသည် အထူးတလည် မြန်မြန်ဆန်ဆန် ရွေ့လျားခြင်း မရှိသော်လည်း အကွာအဝေးအား ထောက်ရှုလျှင် မနက်ဖြန်ထက် နောက်မကျဘဲ ရှင်းဖုရပ်ကွက်သို့ ရောက်ရှိလာမည် ဖြစ်သည်။
သူသည် အခြား ဦးတည်ရာများအား ထပ်မံကြည့်လိုက်ပြီး သူ၏မျက်နှာသည် တဖြည်းဖြည်း တင်းမာလာသည်။ ထိုအကြီးနှင့်အသေး အနက်ရောင်အစက်များသည် အရပ်မျက်နှာအားလုံးဝယ် နေရာတိုင်း၌ ရှိနေသည်။ ထွက်ပြေး လွတ်မြောက်ရန် နေရာမရှိတော့ပေ ။