Chapter 19
Viewers 1k

အခန်း ၁၉: ကမ္ဘာငယ်လေး

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၇ - မီကျား] တိုက်ရိုက်ထုတ်လွှင့်မှု

 

 

၇၆လိုင်း: ဝါး.... အညစ်အကြေးကောက်သူ ပေါ်လာပြီ၊ သူတို့ကို သံချွန်နဲ့ ထိုးဖို့ အချိန်တန်ပြီကွ...

 

 

 ၇၇လိုင်း: ထူးဆန်းလိုက်တာ၊ ဘာလို့ စတင်သူဇုန်ထဲမှာ အညစ်အကြေးကောက်သူတွေ ဒီလောက် အများကြီး ပေါ်လာရတာလဲ? အဓိကစနစ်က ဒီကမ္ဘာငယ်လေးကို စောစောစီးစီး ရှင်းပစ်ဖို့ စီစဉ်နေတာလား? 

 

 

၇၈လိုင်း: ဒီကမ္ဘာမှာ သေတဲ့သူ အရမ်းနည်းနေလို့ စနစ်က အခက်အခဲကို ပြန်မျှတအောင် နဂါးတွေကို ပိုထုတ်ပေးလာတာ ဖြစ်နိုင်တယ်။ 

 

 

၇၉လိုင်း: ဟိုအသက်ရှင်ကျန်ရစ်သူက အားလုံးကို ကယ်ချင်တယ်ပြောတယ်၊ ဒါပေမဲ့ အခု သူ့ကျေးဇူးကြောင့် လူတွေက ပိုပြီး မြန်မြန်သေနေရပြီ။ သိပ်တော့လည်း ကိစ္စမရှိပါဘူး။ စောစောသေသည်ဖြစ်စေ နောက်ကျသေသည်ဖြစ်စေ အကုန်လုံး သေကြရမှာပဲလေ…

 

 

၈၀လိုင်း: ဒါနဲ့... ဒီတိုက်ရိုက်ထုတ်လွှင့်မှု စနစ်က ဘာဖြစ်နေတာလဲ? ကင်မရာက ထောင့်တွေ ခဏခဏ ပြောင်းနေတာ၊ ခေါင်းမူးလှပြီ... ငါ မကြည့်နိုင်တော့ဘူး။ တခြား ထုတ်လွှင့်မှုတစ်ခုပဲ သွားကြည့်တော့မယ်။ 

 

 

၈၁လိုင်း: ဘတ်ဂ်များ ဖြစ်နေတာလား? ...

 

 

အီဒင် နေ့စဉ်နှင့်အမျှ မီကျားအမည်ရှိ အသက်ရှင်ကျန်ရစ်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား ဝင်ကြည့်ရန် အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။

 

 

 

မူလတွင် ဤအသက်ရှင်ကျန်ရစ်သူသည် ရောဂါစတင်ဖြစ်ပွားသည့်နေ့တွင်ပင် သေဆုံးသွားလိမ့်မည်ဟု သူ ထင်ခဲ့သည် ။ သို့သော်လည်း ထိုသူ အသက်ရှင်ရုံသာမက ကမ္ဘာဘော့စ်တစ်ကောင်ကိုပါ စတင်မွေးမြူနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ...

 

 

 

ရွှေတံဆိပ်လမ်းညွှန်တစ်ဦးအနေနှင့် အီဒင်သည် မည်သည့်အခြေအနေမျိုးကိုမဆို မြင်တွေ့ဖူးသော်လည်း ထိုသို့မြင်ကွင်းမျိုးကိုမူ သူ တကယ်ပင် မမြင်ဖူးသေးပေ။

 

 

 

အီဒင် ဤအသက်ရှင်ကျန်ရစ်သူ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများကိုပင် တစ်စိတ်တစ်ပိုင်း မျှော်လင့်နေခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်က သူ၏တိုက်ရိုက်ကြည့်ရှုမှုအခန်းတွင် ကြေးသေတ္တာတစ်လုံးကိုပင် ပေးခဲ့သေးသည်။

 

 

 

ဒီအသက်ရှင်ကျန်ရစ်သူရဲ့ ဉာဏ်ရည် ၀ ဖြစ်နေပေမယ့် သူ့ရဲ့ ခွန်အားက ၁၀ ပါလား.....

 

 

 

သူသည် ကြမ်းတမ်း​သည့် အင်အားသုံးပြီး တကယ်ပင် ဖြတ်ကျော်နိုင်လိမ့်ကောင်း နိုင်လိမ့်မည် ။

 

 

 

သို့သော်လည်း သူ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ မှတ်ချက်အပိုင်းအား မြင်သောအခါတွင်မူ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရပြီး မျက်မှောင်ကြုတ်မိလိုက်သည်။

 

 

 

စတင်သူဇုန်ဆိုသည်မှာ အမြဲတမ်းတွင် နှိုင်းယှဉ်ချက်အရ ရိုးရှင်းသော ရှင်သန်ရေးကမ္ဘာတစ်ခု ဖြစ်ခဲ့သည်။ ကမ္ဘာတစ်ခုစီ၌ အများဆုံး အညစ်အကြေးကောက်သူ  ဆယ်ကောင်သာ ရှိခဲ့သည်။ သို့သော်ငြား ဤတစ်ကြိမ်တွင် အကြောင်းတစ်ခုခုကြောင့် စတင်သူဇုန် ၃၀၇၃ ထဲတွင် အညစ်အကြေးကောက်သူ အကောင် ၁၀၀ ထည့်သွင်းထားခဲ့သည်၊ ဤအရာသည် ယခင်ထက်ပင် ဆယ်ဆ ပိုများသည်။

 

 

 

အမြဲတမ်း မျှတခဲ့တဲ့ အဓိကစနစ်ကို ဒီလိုအမှားမျိုး လုပ်မိအောင် ဘယ်အရာကများ ဖြစ်စေနိုင်တာလဲ?....

 

 

 

အီဒင်၏ အစဥ်အမြဲ တည်ငြိမ်၍ အတွေ့အကြုံရှိသော ဖခင်စိတ်ဓာတ်သည် နောက်တစ်ဖန် တုန်လှုပ်စပြုလာခဲ့သည်။

 

 

 

"ဘာဖြစ်တာလဲ?" ချင်းကျီယီသည် မီကျား၏ မည်းမှောင်နေသော မျက်နှာအမူအရာအား မြင်သောအခါ သူ့နောက်သို့ လိုက်လာလျက် မေးလိုက်သည်။ မီကျား မှန်ပြောင်းကို သူ့လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

 

 

 "မင်း ကိုယ်တိုင်ကြည့်လိုက်။" မှန်ပြောင်းအား ရရှိပြီးနောက် အကွာဝေးအတွင်းမှ ဧရာမအလောင်းများအား မြင်လိုက်ရသောအခါ ချင်းကျီယီ၏ မျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။ 

 

 

"ကမ္ဘာ့ဘော့စ်ကို သတ်ပြီး ထွက်သွားမယ်ဆိုရင် ခုထိ မနောက်ကျသေးဘူး..." 

 

 

"မလုပ်ဘူး" ဟု မီကျား ခပ်တင်းတင်း ငြင်းပယ်လိုက်သည် ။ "မင်း ထူးဆန်းတယ်လို့ မထင်ဘူးလား?" 

 

 

"ဘာကလဲ?" 

 

 

"ဒီကာလအတွင်းမှာ ငါ စမ်းသပ်မှုတွေ လုပ်ကြည့်ခဲ့တယ်။ ကမ္ဘာ့ဘော့စ်အဖြစ် ပြောင်းလဲသွားတဲ့သူက ခရစ်စတယ်တွေကို စုပ်ယူနိုင်ပြီး၊ စုပ်ယူလေလေ ပိုပြီး သန်မာလာလေလေပဲ။ ဖုတ်ကောင်တွေကိုတောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ထိန်းချုပ်နိုင်တယ်။" မီကျား ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ အတွေးများကို အခြားတစ်ဖက်မှလူအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူ့အမြင်အရ အနည်းဆုံးဝယ် ဤကမ္ဘာတွင် အခြားရှင်သန်သူများသည် ရန်သူများ မဟုတ် ၊ ယာယီ ပူးပေါင်းဆောင်ရွက်ရမည့် မိတ်ဖက်များသာ ဖြစ်သည်။ "ဒါပေမဲ့ စနစ်က ငါတို့ကိုပေးထားတဲ့ တာဝန်က ကမ္ဘာ့ဘော့စ်ကို သတ်ဖို့ပဲ။" 

 

 

 

"ဒါနဲ့ပတ်သက်ပြီး ဘာကထူးဆန်းလို့လဲ?" ချင်းကျီယီ စိတ်မဝင်စားဟန်ဖြင့် "ဘော့စ်ကို သတ်လိုက်ရင် ငါတို့ အဆင့်ကို ကျော်ဖြတ်ပြီး ဒီနေရာကနေ ပြဿနာမရှိဘဲ ထွက်သွားနိုင်မယ်၊ ပြီးတော့ အပိုဆုကြေးတွေပါ ယူလို့ရမယ်။" 

 

 

 

"ဒါပေမဲ့ ကမ္ဘာ့ဘော့စ်က တကယ်တော့ ဒီကမ္ဘာရဲ့ ရှင်သန်မှုအတွက် အဓိကသော့ချက် ဖြစ်နေမယ်ဆိုရင်ရော?" မီကျား လက်ပိုက်ပြီး ခေါင်မိုးတန်းအား မှီလိုက်သည်။ "ငါတို့ ကမ္ဘာ့ဘော့စ်ကို သတ်ပြီး ထွက်သွားခဲ့ရင် ဒီကမ္ဘာထဲက တခြားသူတွေ အားလုံး ဘာဖြစ်သွားမလဲ?"

 

 

 

 

"..." ချင်းကျီယီ အနည်းငယ်မျှ ပြောစရာစကားမဲ့သွားခဲ့သည်။ "တခြားလူတွေက ငါနဲ့ ဘာဆိုင်လို့လဲ?"

 

 

 "ငါ မှားမနေဘူးဆိုရင် မင်းလည်း အသက်ရှင်တုန်းက ဒီမြို့ထဲမှာပဲ ရှိခဲ့တာ မဟုတ်လား?" ချင်းကျီယီ အလောင်းပုံတစ်ပုံအတွင်းမှ ရှာဖွေရရှိထားသော စီးကရက်တစ်ထုပ်အား ထုတ်ယူကာ တစ်လိပ်မီးညှိပြီး ရှူသွင်းလိုက်သည်။ "ငါက လင်နန်ကို ကွပ်မျက်ဖို့ ပို့ခံလိုက်ရတာ။" မီကျား ထိုသူ၏ နားထင်မှ ကျည်ဆံပုံ တက်တူးအား ကြည့်လိုက်သည်။ "အော်၊ ဒါကြောင့် ကျည်ဆံပုံဖြစ်နေတာကိုး။" 

 

 

 

"ဂိမ်းပဲဖြစ်ဖြစ်၊ တကယ့်ဘဝဖြစ်ဖြစ်၊ ငါလာခဲ့တဲ့ ကမ္ဘာအပေါ်မှာ စွဲလမ်းမှု ဘာမှ မရှိဘူး။ ငါ ဂရုစိုက်တာက အနိုင်ရဖို့ပဲ။" ချင်းကျီယီ မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်သည်။ "ဒီစကားတွေ ပြောလိုက်ရင် မင်းကို ငါကူညီမယ်လို့ ထင်နေရင်တော့ မင်း အလွန်အကျူး စဉ်းစားနေတာပဲ။" 

 

 

 

"စိတ်မပူပါနဲ့၊ မင်းရဲ့ အကူအညီကို ငါ မမျှော်လင့်ခဲ့ပါဘူး။ ငါ့လမ်းမှာ မပိတ်မိဖို့ မိတ်ဆွေတစ်ယောက်လို သတိပေးတာပါ။" မီကျားက ပြုံးလိုက်သည်။ "ငါက အတော်လေး ကြင်နာတတ်တဲ့သူဖြစ်ပြီး တခြားရှအသက်ရှင်ကျန်ရစ်သူတွေကို အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်ချင်ပါဘူး။"

 

 

 

သူသည် ခပ်ကြမ်းကြမ်း ပြောဆိုနေသော်လည်း အတွင်းထဲတွင်မူ အကြီးအကျယ် ထိတ်လန့်နေခဲ့သည်။

 

 

 

သေစမ်း...သူတို့နှစ်ယောက်စလုံးက အသက်ရှင်ကျန်ရစ်သူ ဖြစ်ကြပေမယ့် စွမ်းရည် ကွာခြားချက်က အံ့မခန်းပဲ..... ဘယ်လိုလုပ်ပြီး ကျည်ဆန်အကန့်အသတ်မဲ့လို ဘတ်ဂ်အဆင့် စွမ်းရည်မျိုး ပိုင်ဆိုင်နေရတာလဲ? သူက သူ့ကို မည်သည့်အချိန်တွင်မဆို ပစ်သတ်နိုင်သည်။ ယင်းက ဖုတ်ကောင်များအား ဆန့်ကျင်သည့် အထူးအာနိသင်ပင် ရှိသေးသည်။ ခုနလေးတင်မှ ချင်းကျီယီ၏ လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့်၊ ထိုစွမ်းရည်၏ အချိန်ကန့်သတ်ချက်သည် ဆယ်မိနစ်ထက် ကျိန်းသေ ပိုများနေခြင်းမှာ ရှင်းနေပေသည်။

 

 

 

ချင်းကျီယီ မျက်ခုံးပင့်လိုက်သည်။ သူ့ရှေ့မှ လူငယ်လေး၏ ယုံကြည်မှုရှိသော အသွင်အပြင်အား မြင်သောအခါ သူ ပို၍ပင် မသေချာမရေရာ ဖြစ်လာခဲ့သည်။ ဒီကောင်လေးက သူ့ရဲ့ ကျည်ဆန်အကန့်အသတ်မဲ့ စွမ်းရည်ကို သိပြီးနောက်မှာတောင် ဒီလောက် မကြောက်မရွံ့  ရှိနေနိုင်ဖို့ ဘယ်လိုကျွမ်းကျင်မှုမျိုးများ ပိုင်ဆိုင်ထားတာလဲ….

 

 

 

သူ ခေတ္တစဉ်းစားလိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်ကာ စီးကရက်အား လက်ရန်းပေါ်၌ ဖိချေလိုက်သည်။ "မြန်မြန်ပြန်ကြရအောင်။" သူ့စွမ်းရည်ကြာချိန်သည် ယနေ့အတွက်ကုန်ခါနီးဖြစ်နေလေပြီ ။ သူ လျင်မြန်စွာဖြင့် လုံခြုံသည့်နေရာသို့ ပြန်ရောက်ရန် လိုအပ်နေသည်။

 

 

 

"ကောင်းပြီ။" မီကျား လက်အမူအရာ ပြလိုက်ကာ ချော့ကလက်စားပြီး အားပြန်ပြည့်လာသော အသက်ရှင်ကျန်ရစ်သူများအား ခေါ်လိုက်သည်။ "ကျွန်တော်တို့နဲ့ ကပ်ပြီး လိုက်ခဲ့ပါ။ ကျွန်တော် ခင်ဗျားတို့ကို ရပ်ကွက်ဆီ အရင်ပြန်ခေါ်သွားပေးပါမယ်။"

 

 

 

အသက်ရှင်ကျန်ရစ်သူ သုံးဦးသည် သူတို့နှစ်ဦးနောက်မှ အမြန်လိုက်ပါသွားခဲ့သည်။

 

 

 

မီကျား အောက်ထပ်ကို လှမ်းကြည့်လိုက်ပြီး ချိန်ရွယ်ကာ မိုလိုတော့ဗ်အား ပစ်ချလိုက်သည်။ မီးတောက်တစ်ခု ပေါက်ကွဲထွက်သွားရာ စူပါမားကတ်ဝင်ပေါက်ရှိ ဖုတ်ကောင်အုပ်ကြားတွင် သွေးအလိမ်းလိမ်း ဖြစ်နေသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ၎င်းကို အချက်ပြအဖြစ်ယူကာ ကျန်အဖွဲ့နှစ်ဖွဲ့သည် မီကျား၏ ကာကွယ်မှုအောက်တွင် စူပါမားကတ်ဘက်သို့ စတင်ချီတက်လာခဲ့သည်။

 

 

 

ထို့နောက် သူသည် အခြားသူများနှင့်အတူ အောက်ထပ်သို့ အလျင်အမြန်ပြေးဆင်းကာ သူ၏အသင်းဖော်များနှင့် ပြန်လည် ပူးပေါင်းခဲ့သည်။

 

 

 

စူပါမားကတ်ထဲတွင် ပစ္စည်း များများစားစား မကျန်တော့သောကြောင့် သူတို့သည် ကြာရှည်ခံမည့် အစားအစာများနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများကိုသာ အလျင်အမြန်ယူဆောင်ခဲ့ပြီး ကြာကြာ မနေတော့ပေ။ ချင်းကျီယီ၏ စွမ်းရည်နှင့် မီကျား၏ မိုလိုတော့ဗ် အထောက်အပံ့ဖြင့် အဖွဲ့သည် ဖုတ်ကောင်ပိတ်ဆို့မှုအား ဖြတ်ကျော်ပြီး ရှင်းဖုရပ်ကွက်သို့ ပြန်ရောက်ခဲ့ကြသည်။

 

 

 

သူတို့ ပြန်ရောက်သည်နှင့် မီကျားသည် အသက်ရှင်ကျန်ရစ်သူ အားလုံးကို ချက်ချင်းစုစည်းကာ နောက်လာမည့် အစီအစဥ်များကို စတင်ပြုလုပ်ခဲ့သည်။

 

 

 

"ဒီဘက်ကို ဦးတည်လာနေတဲ့ ဧရာမမွန်းစတားတွေ အများကြီးရှိတယ်။ တံတိုင်းက သူတို့ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ လမ်းကြောင်းအရဆိုရင် တစ်ကောင်က မနက်ဖြန်လောက်ဆို ဒီနေရာကနေ ဖြတ်သွားနိုင်တယ်။"

 

 

 

မီကျား ပြောသည်ကို ကြားလိုက်ရသောအခါ အသပ်ရှင်ကျန်ရစ်သူများသည် သိသိသာသာ စိတ်ပူပန်လာကြသည်။

 

 

 

"အားလုံးပဲ ဒီည မအိပ်ကြပါနဲ့။ ပစ္စည်းအားလုံးကို မြေအောက်ကားပါကင်ထဲ ရွှေ့ကြပါ။ အဲဒီမွန်းစတားတွေက အောက်ကို ဝင်လာလို့ မရနိုင်ဘူး။ မျက်နှာပြင်ပေါ်မှာ နေတာထက် အများကြီး ပိုလုံခြုံပါလိမ့်မယ်။"

 

 

 

မွန်းစတား၏ အပြုအမူအရ ၎င်းသည် အထပ်မြင့်အဆောက်အအုံများအား တမင်တကာ ရှင်းလင်းနေပုံရသောကြောင့် လူနေအဆောက်အအုံများတွင် နေထိုင်ခြင်းသည် အန္တရာယ်များစေသည်။ မြေအောက်ရထားလမ်းများနှင့် မြေအောက်ကားပါကင်များသည် ပုံမှန်အားဖြင့် မြို့ပြကာကွယ်ရေး အခြေခံအဆောက်အအုံများ၏ အဓိကအစိတ်အပိုင်းများ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ပြီး စစ်ကာလအတွင်း ယာယီပုန်းခိုရာနေရာများအဖြစ် အသုံးပြုနိုင်သည်။ ဤသို့အချိန်မျိုးတွင် မြေအောက်ကားပါကင်၌ ပုန်းအောင်းခြင်းသည် နှိုင်းယှဉ်ချက်အရ ပိုမိုလုံခြုံသင့်သည်။

 

 

 

မီကျား၏ အမိန့်အရ လူတိုင်းသည် တစ်ညလုံး အလုပ်လုပ်ပြီး ကားပါကင်၌ ကျန်ရှိနေသေးသော ဖုတ်ကောင်များအား ရှင်းလင်းကာ ယာယီမြေအောက်အခြေစိုက်စခန်းကို တည်ထောင်ခဲ့ကြသည်။

 

 

 

ကားပါကင်ဝင်ပေါက်ရှိ လှိမ့်ချနိုင်သောတံခါးသည် သာမန် သို့မဟုတ် လျင်မြန်စွာရွေ့လျားသော ဇွန်ဘီများအား ကာကွယ်ရန် လုံလောက်သော်လည်း အညစ်အကြေးကောက်သူ (Scavengers) များအတွက်မူ အလွန်ပျက်စီးလွယ်လွန်းလှသည်။

 

 

 

မီကျားသည် အိမ်ရာစီမံခန့်ခွဲမှု အဆောက်အအုံမှ ကိရိယာအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားအသက်ရှင်ကျန်ရစ်သူ အနည်းငယ်နှင့်အတူ သစ်သားပျဉ်ပြားများနှင့် သတ္တုချပ်များစွာဖြင့် တံခါးအား အဆင့်ဆင့် အားဖြည့်ကာ ပြုပြင်ခဲ့ကြသည်။ ကားပါကင်ထဲရှိ ပျက်စီးနေသော ကိုယ်ပိုင်ကားများစွာမှ ဓာတ်ဆီများအား စုပ်ထုတ်ကာ ၎င်းကားများကို တံခါးဝ၌ အတားအဆီးတစ်ခုအဖြစ် တွန်းချထားခဲ့ကြသည်။

 

 

 

ထို့နောက် သူသည် လူတိုင်းကို ကားပါကင်၏ ထောင့်ချိုးမှ တြိဂံပုံဧရိယာတွင် စုဝေးစေပြီး ထိုနေရာအား အဆောက်အအုံ၏ မူလီတိုင်များက ပံ့ပိုးပေးထားသည်။ အပေါ်ထပ်မှ အဆောက်အအုံ ပြိုကျခဲ့သည်ရှိသော် ၎င်းတို့ ကြေမွသွားနိုင်ခြေ နည်းပါးစေရန် ဖြစ်သည်။

 

 

 

လုချန်အား မီကျားသည် အဆောက်အအုံ ၆၌ ကြိုတင်နေရာချထားခဲ့ပြီး ဖြစ်သည်။ ဖုတ်ကောင်ဘုရင် ဖြစ်သောကြောင့် အညစ်အကြေးကောက်သူသည် သူ့အား တိုက်ခိုက်လိမ့်မည် မဟုတ်ဟု မီကျား ယုံကြည်ထားသည်။ ထို့အပြင်၊ ယခင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပြသခဲ့သည့်အပေါ် အခြေခံ၍ ကြည့်ရှုသူများနှင့် အခြားအသက်ရှင်ကျန်ရစ်သူ နှစ်ဦးစလုံးသည် လူချန်၏ခေါင်းပေါ်ရှိ အနီရောင်အမည်ကတ်သည် သူ့အား စတင်သူဇုန် ၃၀၇၃ ၏ ကမ္ဘာ့ဘော့စ်အဖြစ် သတ်မှတ်ထားသည်ကို မြင်နိုင်သည်။ သူ မည်မျှပင် လူသားဆန်ပါစေ၊ ရှင်သန်သူများသည် သူ့အား ကမ္ဘာ့ဘော့စ်အဖြစ် ချက်ချင်း မှတ်မိကြမည်ဖြစ်သည်။

 

 

 

သူတို့သည် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်နေသော်လည်း မီကျားသည် ချင်းကျီယီနှင့် အခြားသူများကို မယုံကြည်ခဲ့ပါ။ လုချန်ကိုအား မြေအောက်ကားပါကင်သို့ ခေါ်လာခဲ့ပါက အန္တရာယ် ပေါ်လာလျှင် ချင်းကျီယီနှင့် အခြားသူများသည် အညစ်အကြေးကောက်သူကို အတူတကွ ရင်ဆိုင်မည့်အစား လုချန်အား သတ်ပြီး ဤကမ္ဘာမှ ထွက်သွားရန် ရွေးချယ်ကြမည်မှာ သံသယဖြစ်စရာ မလိုကြောင်း သူ သိထားသည်။

 

 

 

သူ့ ရည်မှန်းချက် အောင်မြင်စေရန်အလို့ငှာ အခြားအသက်ရှင်ကျန်ရစ်သူများက လုချန်အား လုံးဝမသတ်နိုင်ကြောင်း သေချာစေရန်မှာကား အရေးကြီးဆုံး အရာဖြစ်သည်။

 

 

 

တစ်ချိန်တည်းမှာပင် ကျန်းလင် ၊ အန်းခယ့်တို့နှင့် ပြန်လည်ဆုံတွေ့ပြီးနောက် ချင်းကျီယီ သူတို့ရှာဖွေတွေ့ရှိခဲ့သည်များကို မေးမြန်းစုံစမ်းခဲ့သည်။

 

 

 

သူနှင့် မီကျား စူပါမားကတ်သို့ သွားခဲ့ပြီးနောက် ထိုနှစ်ဦးသည် အဆောက်အအုံ ၈ တစ်ခုလုံးကို ချက်ချင်း ရှာဖွေခဲ့သော်လည်း မည်သည်မှ မတွေ့ခဲ့ပေ။ အန်းခယ့်သည် သတိကြီးစွာဖြင့် အခန်း ၇၀၁အား နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးခဲ့သော်ငြားလည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။

 

 

 

သူတို့သည် ကမ္ဘာ့ဘော့စ်၏ တည်နေရာအား တကယ်ပင် မရှာဖွေနိုင်ကြောင်း မြင်သောအခါ ချင်းကျီယီ ယာယီအခြေစိုက်စခန်းကို ခိုင်ခံ့စေရန်နှင့် ညကို ကျော်ဖြတ်ရန် ပြင်ဆင်ကူညီပေးလျက် အခြားအသက်ရှင်ကျန်ရစ်သူများနှင့် ခေတ္တနေထိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

 

 

 

၁၂ရက်မြောက်နေ့

 

 

အရာအားလုံး အဆင်သင့်ဖြစ်ချိန်တွင် နောက်တစ်နေ့ နံနက် ၄ နာရီ ရှိနေပြီဖြစ်သည်။ လူတိုင်းသည် ပင်ပန်းနွမ်းနယ်နေသဖြင့် မျက်လုံးအား ဖွင့်ရုံမျှ ဖွင့်ထားရန်ပင် ကြိုးစားနေရသည်။

 

 

 

အသက်ရှင်ကျန်ရစ်သူများသည် မြေအောက်ကားပါကင်ဝယ် တိတ်ဆိတ်စွာ ထိုင်နေကြပြီး နောက်ထပ်ကြုံတွေ့ရမည့် ကံကြမ္မာအား စိုးရိမ်စွာ စောင့်မျှော်နေကြသည်။

 

 

 

လူတိုင်း စိတ်ဓာတ်ကျ၍ စိုးရိမ်ပူပန်နေပုံကို မြင်သောအခါ မီကျား ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး လေးလံသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "အရမ်းကြီး တည်တည်တံ့တံ့ မနေကြပါနဲ့...."

 

 

 

"အားလုံးအတွက် သီချင်းလေး နည်းနည်းဆိုပြရမလား...."

 

 

 

"ဆိတ်ချောလေး၊ ဆိတ်လှလေး၊ ဆိတ်ပျင်းလေး၊ ဆိတ်​ပြုတ်လေး၊ ငါ့ကို ဆိတ်တစ်ကောင်ဆိုပြီး အထင်မသေးနဲ့၊ ငါ့ကြောင့် မြက်ခင်းတွေက ပိုမွှေးလာတယ်"

 

 

 

သူ၏ သီဆိုမှုသည် လုံးဝ အသံမမှန် ၊ ဟိုရောက်ဒီရောက်ပင် ဖြစ်နေသည်။ အနီးနားဝယ် တိတ်ဆိတ်စွာ ထိုင်နေသော ဖုန်းလင်ဇီပင် ရယ်မောလိုက်မိသည်။ " အစ်ကိုကြီး မီကျား ၊ အစ်ကို့သီချင်းသံက ဆိုးလိုက်တာ....."

 

 

 

"ဟေ့၊ အဲ့လိုမပြောရဘူး" မီကျား သူ အသံမကောင်းသည်ကို လုံးဝမသိဘဲ ပြန်ပြောလိုက်သည်။ "ဒါက ကောင်းကင်ဘုံက အသံပဲကွ၊ ငါ ဘယ်သူ့အတွက်ဖြစ်ဖြစ် မဆိုဘူးနော်...."

 

 

 

 

ဤထူးဆန်းသော ကြား​ဖြတ်စကားကြောင့် အသက်ရှင်ကျန်ရစ်သူများ၏ တင်းမာနေသော စိတ်ခံစားချက်များကား တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ သူတို့ စတင်ပြုံးလာကြပြီး ရယ်မောသံများပါ ထွက်ပေါ်လာသည်။

 

 

 

"အားလုံး စိတ်မပူပါနဲ့။" ဟူဒီအနွေးထည် ဝတ်ထားသော လူငယ်လေးသည် သူတို့ရှေ့တွင် မတ်တပ်ရပ်နေပြီး သူ၏အမူအရာသည် ပေါ့ပါးကာ၊ သူ၏စကားများသည် ယုံကြည်စိတ်ချရသော ခံစားချက်ကို ထုတ်လွှင့်နေသည်။ "ကျွန်တော် ရှိနေတယ်။"

 

ဒုန်း-

 

နာရီလက်တံများ ၅:၀၃ ကို ညွှန်ပြချိန်တွင် လူအုပ်၏ ခေါင်းပေါ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားသော အသက်ရှင်ကျန်ရစ်သူများပင် နိုးလာကြပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တစ်စုတစ်ဝေးတည်း စုဝေးနေကြသည်။

 

 

 

ခေါင်မိုးပေါ်မှ ကျောက်စရစ်များနှင့် ဖုန်မှုန့်များ မိုးရွာသကဲ့သို့ ကျဆင်းလာကာ ကြမ်းပြင်အား အပျက်အစီးများနှင့် ထူထဲစွာဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ နံရံများသည် ပြိုကျမတတ် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။

 

 

 

မွန်းစတားရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

 

 

 

ဤညအတွက် အကောင်းဆုံးရလဒ်ကား ယင်းအညစ်အကြေးကောက်သူ မြေပြင်ပေါ်မှ အဆောက်အအုံများအား ရှင်းလင်းပြီးနောက် ထွက်သွားရန်ပင် ဖြစ်သည် ။

 

 

 

သို့သော် ထိုမျှော်လင့်ချက်သည် မကြာမီပင် ပျက်စီးသွားခဲ့သည်။ နောက်ထပ် မိုးခြိမ်းသံကဲ့သို့သော ပြိုကျသံတစ်ခုနှင့်အတူ ကားပါကင်တံခါးသည် အတွင်းဘက်သို့ လှဲဝင်လာကာ နက်ရှိုင်းစွာပင် ပိန်ချိုင့်သွားသည်။

 

 

 

ပိတ်ထားသော သံတံခါးသည် ဧရာမတူရွင်း၏ ရိုက်ခတ်မှုအောက်တွင် ပျက်စီးလွယ်သော စက္ကူတစ်ရွက်သဖွယ် ဖြစ်နေပြီး မကြာမီပင် အပေါက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအပေါက်အတွင်းမှ လက်ခြေအစအနများ ကြွေကျလာပြီး အသက်ရှင်ကျန်ရစ်သူများ၏ ရှေ့သို့ ရောက်လာရာ လူအုပ်ကြီးထံမှ ထိန်းချုပ်မရသော ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

 

 

 

ထို့နောက် အနက်ရောင်အရာဝတ္ထုတစ်ခုသည် အပေါက်အား ပိတ်ဆို့လိုက်သည်။ ၎င်းသည် မှောင်မိုက်လွန်းသောကြောင့် ရောင်ပြန်ဟပ်မှု မရှိပေ။ ၎င်းသည် တခြားကမ္ဘာမှ ထူးဆန်းသော အနက်ရောင်တွင်းနက်တစ်ခုနှင့်တူသည်။

 

 

 

ခေတ္တအကြာတွင် ၎င်းသည် နောက်သို့ ရွေ့သွားသောအခါ ပတ်ပတ်လည်တွင် ပုပ်နေသောအသားအရေအဝိုင်းနှင့် ထိုထဲတွင် တလူးလူးတလွန့်လွန့် ဖြစ်နေသော ပိုးလောက်များကို ဖော်ထုတ်လိုက်သည်။ ထိုအခါမှသာ ၎င်းသည် ဧရာမမွန်းစတား၏ ငါးနှင့်တူသော မျက်လုံးဖြစ်ကြောင်း လူအုပ်က သဘောပေါက်သွားကြသည်။

 

 

 

၎င်းသည် သူတို့အား ရှာတွေ့သွားခဲ့ချေပြီ။