Chapter 20
Viewers 1k

အခန်း ၂၀: သတ်ရန် အချိန်တန်လေပြီ

 

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၇ - မီကျား] တိုက်ရိုက်ထုတ်လွှင့်မှု

 

 

၈၂လိုင်း: ဟားဟားဟား၊ မိုက်ရူးရဲတွေ၊ ပုန်းနေရင် အဆင်ပြေမယ် ထင်ခဲ့ကြတာလား? အညစ်အကြေးကောက်သူက အသက်ရှင်ကျန်ရစ်သူတွေကို တိုက်ရိုက် ခြေရာခံနိုင်မှန်း မမျှော်လင့်ခဲ့ဘူးမလား.... 

 

 

၈၃လိုင်း: ရှိုးစပါပြီ...ခန့်မှန်းကြည့်ရအောင်၊ ဒီအသက်ရှင်ကျန်ရစ်သူက ဘယ်ဆူးချွန်မှာ အကင်ခံရမလဲ.... 

 

 

၈၄လိုင်း: ငါ ခန့်မှန်းတာကတော့ အညစ်အကြေးကောက်သူက နင်းခြေပစ်လိုက်လို့ သေလိမ့်မယ်...

 

 

 

အသက်ရှင်ကျန်ရစ်သူတစ်ဦး အန္တရာယ်ကြုံတိုင်း တိုက်ရိုက်ကြည့်ရှုမှုအခန်းဝယ် ကြည့်ရှုသူများ လှိုင်းလုံးတစ်ခုသဖွယ် ဝင်ရောက်လာတတ်သည်။ [အသက်ရှင်ကျန်ရစ်သူ နံပါတ် ၇ - မီကျား] ၏  တိုက်ရိုက်ကြည့်ရှုမှုအခန်းသည်လည်း ထိုနည်းအတိုင်းပင်။

 

 

 

အီဒင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအောက်တွင် တိုးလာနေသော ကဲ့ရဲ့လှောင်ပြောင်သည့် မှတ်ချက်များအား ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် မသက်မသာ ခံစားရသည်။ သို့သော် သူ မကြာမီပင် ပစ်ပယ်လိုက်သည်။ ဘာများ အရေးကြီးလို့လဲ?

 

 

 

အဆင့်မြင့်ကမ္ဘာများမှ ကြည့်ရှုသူများ၏ မျက်လုံးအတွင်းဝယ် ဤ တိုက်ရိုက်ကြည့်ရှုမှုအခန်းရှိ အဆင့်နိမ့်သတ္တဝါများအား "လူ" အဖြစ် လုံးဝ မသတ်မှတ်နိုင်ပေ။ အကောင်းဆုံးဆိုရလျှင် ၎င်းတို့သည် "စက္ကူလူသား" များသာ ဖြစ်သည်။ ၎င်းတို့သည် ဤ "စက္ကူလူသား" များအတွက် အားပေးကြမည်၊ လက်ဆောင်များ ပေးကြမည်။ သို့သော် ဤ "စက္ကူလူသား" များကိုလည်း တံတွေးထွေးကြမည်၊ မွန်းစတားများဖြင့် ပစ်ပေါက်ကြမည်ဖြစ်ပြီး ထိုဝေးလံသော ဖန်သားပြင်ငယ်ပေါ်မှ သူတို့၏ ကြောက်ရွံ့တုန်လှုပ်နေသော၊ ရွံစရာကောင်းသော စွမ်းဆောင်ရည်များအား ကြည့်ကာ ပျော်ရွှင်နေကြမည်ဖြစ်သည်။

 

 

 

"စက္ကူလူသား" များ၏ ရုန်းကန်မှုများနှင့် ကြောက်ရွံ့မှုများသည် ၎င်းတို့၏ ရှည်လျားပျင်းရိဖွယ်ကောင်းသော နှစ်များတွင် ပျော်ရွှင်မှုအချို့အား ယူဆောင်လာပေးခြင်းမှလွဲ၍ အခြားအဓိပ္ပာယ် မရှိပေ။

 

 

 

ချင်းကျီယီနှင့် အခြားသူများသည် အညစ်အကြေးကောက်သူ၏ မျက်လုံးကို မြင်သောအခါ အလွန်ထိတ်လန့်သွားခဲ့ကြသည်။ နတ်ဆိုးနှင်ပစ္စတိုဖြင့်ပင် ဤမျှကြီးမားသော မွန်းစတားအပေါ်တွင် အရေးမပါသော အပေါက်အချို့ကိုသာ ဖောက်နိုင်ပြီး၊ သေစေလောက်သည့် ဒဏ်ရာအား ဖြစ်စေရန် မဖြစ်နိုင်ပေ။

 

 

 

ပြီးနောက် ၎င်းသည် နှေးကွေးပုံရသော်လည်း ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် ခြေလှမ်းတစ်လှမ်းတည်းနှင့် မီတာတစ်ရာနီးပါးအား ဖုံးလွှမ်းနိုင်သည်။ သူတို့ အစွမ်းကုန် ပြေးလျှင်ပင် ၎င်း၏ ကြီးမားသော ရိုက်နှက်မှုများ၏ ထိခိုက်နိုင်သော အကွာအဝေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

 

 

 

ထို့အပြင်၊ သူသည် မနေ့ညက မှတ်ချက်များထဲမှ ကြည့်ရှုသူတစ်ဦး၏ သတိပေးချက်ကို မြင်ခဲ့ရသေးသည်... ဤအညစ်အကြေးကောက်သူဟုခေါ်သည့် သတ္တဝါသည် အသက်ရှင်ကျန်ရစ်သူများအား နေ့ရောညပါ အဆက်မပြတ် လိုက်လံရှာဖွေနေလိမ့်မည် ။ ဆိုလိုသည်မှာ အသက်ရှင်ကျန်ရစ်သူများသည် ယခုအချိန်မှစ၍ တစ်စက္ကန့်ချင်းစီတိုင်းသည် သေခြင်းတရား၏ ခြိမ်းခြောက်မှုအား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

 

 

"ကမ္ဘာ့ဘော့စ်ကို မင်း ဘယ်မှာ သွားဝှက်ထားတာလဲ?...." သူ မီကျားကို အော်ပြောလိုက်သည်။ "ငါတို့ အမြန်မသတ်ရင် အကုန်လုံး သေတော့မှာ.... မင်း သေချင်ရင်လည်း ငါ့ကို ဆွဲမချပါနဲ့....."

 

 

 

"စကားများမနေနဲ့တော့။" မီကျားသည် လည်ပင်းကို မော့ကာ ထိုအပေါက်ထံသို့ လျှောက်သွားလိုက်သည်။ "အလုပ်လုပ်ဖို့ ပြင်ဆင်လိုက်...."

 

 

 

ချင်းကျီယီ ဆဲဆိုလိုက်သည်။ "အလုပ်လုပ်ရမှာတဲ့လား၊ ငါ့လာမပြောနဲ့...မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?...."

 

 

 

မီကျား သူ၏ ကျောပိုးအိတ်ထဲမှ စီမံခန့်ခွဲရေးရုံးမှ ရှာဖွေတွေ့ရှိခဲ့သော ဝေါ်ကီတော်ကီအား ဆွဲထုတ်ပြီး သူ့ကို ပစ်ပေးလိုက်သည်။ "ငါပြောတဲ့အတိုင်းပဲ လုပ်။ ဘေးကနေ ကာဗာပေးထား။ ပစ်ဖို့ ငါပြောရင် မင်း ပစ်လိုက်။"

 

 

 

"ဘာလို့ ငါက မင်းစကား နားထောင်ရမှာလဲ? မနက်အစောကြီးပဲ ရှိသေးတာ၊ ငါ အခု ငါ့ရဲ့ကျွမ်းကျင်မှုကို သုံးလိုက်လို့ နောက်မှ တခြားအန္တရာယ်တွေနဲ့ ကြုံလာရင် ဘယ်လိုလုပ်မလဲ?...." ချင်းကျီယီ ဝေါ်ကီတော်ကီအား မသိစိတ်ဖြင့် ယူလိုက်ပြီးမှ သူ မည်သည်တို့လုပ်မိသွားသည်ကို သဘောပေါက်ကာ ပြန်ပစ်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် မီကျားသည် ပျက်စီးနေသော အပေါက်ထံသို့ လျှောက်လှမ်းသွားနှင့်ချေပြီ။

 

 

 

စိတ်ထဲမှ ဆဲဆိုလိုက်ရင်း ချင်းကျီယီသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူ့နောက်သို့ လိုက်သွားခဲ့သည်။

 

 

 

မီကျား စူပါမားကတ်မှ ခိုးယူထားသော ပီကေအချို့အား ဝါးလိုက်ပြီး လက်ချောင်းများကို ရိုက်ကာ အသံပြုလိုက်သည်။

 

 

 

"လင်လင်ချီ၊ ငါဖုတ်ကောင်နဲ့ တိုက်ခိုက်နေတုန်း နောက်ခံဂီတ ဖွင့်ပေးနိုင်တယ်လို့ မင်း မပြောခဲ့ဘူးလား? မင်း လုပ်ရမယ့် အချိန်ရောက်ပြီ၊ ပေါက်ကွဲအားကောင်းတာမျိုး သေချာဖွင့်ပေး။ ပေါက်ကွဲအားမကောင်းရင် စိတ်လှုပ်ရှားမှု ရှိမှာမဟုတ်ဘူး။"

 

 

 

[ရပြီ....]

 

 

စက္ကန့်အနည်းငယ်ကြာပြီးနောက်။

 

 

 

[ဆိတ်ချောလေး၊ ဆိတ်လှလေး၊ ဆိတ်ပျင်းလေး၊ ဆိတ်ပြုတ်လေး၊ ငါ့ကို ဆိတ်တစ်ကောင်ဆိုပြီး အထင်မသေးနဲ့၊ ငါ့ကြောင့် မြက်ခင်းတွေက ပိုမွှေးလာတယ်...]

 

 

 

မီကျား ရှေ့သို့ တိုးဝင်ရန် ပြင်ဆင်နေစဥ်ဝယ် အနီးကပ်တွင် ချော်လဲကာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ "မင်းက ဒါကို ပေါက်ကွဲအားကောင်းတဲ့ သီချင်းလို့ ခေါ်တာလား?...."

 

 

 

[ဟေး၊ မင်းကို ဒီသီချင်းရဲ့ မှန်ကန်တဲ့ တေးသွားကို ကြားစေချင်ရုံ သက်သက်ပါကွာ - သီချင်းပြောင်းလိုက်တော့မယ်-]

 

 

 

မီကျား နံပါတ် [007] တပ်ဆင်ထားသော ကင်မရာအား လက်ခလယ်ထောင်ပြလိုက်သည်။ "မင်း စောင့်နေလိုက်...."

 

 

 

မူလကမ္ဘာမှ လူများသည် ဤလူငယ်လေး ရုတ်တရက် အဘယ်ကြောင့် ကိုယ့်ဘာသာ စကားပြောနေသည်အား နားမလည်ခဲ့ကြပေ။ ချင်းကျီယီကမူ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုစနစ်နှင့် ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်ဟု တွက်ဆလိုက်သည်။

 

 

 

သို့သော် သူ သိသလောက်ဆိုရလျှင် တိုက်ရိုက်ထုတ်လွှင့်မှုစနစ်များသည် အသက်ရှင်ကျန်ရစ်သူများအား စည်းမျဉ်းများကို ရှင်းပြပေးပြီး ရိုက်ကူးရန်အတွက်သာ လိုက်ပါရခြင်းဖြစ်၏ ။ သူတို့နှင့် တက်ကြွစွာ ဆက်သွယ်ပြောဆိုခွင့် မရှိကြ ။ ယင်းက ချင်းကျီယီအား ဤမီကျားဆိုသော အသက်ရှင်ကျန်ရစ်သူကား သာမန်မဟုတ်ကြောင်းကို ပို၍ ယုံကြည်စေခဲ့သည်။

 

 

 

မြေအောက်ကားပါကင်တံခါးကို ရိုက်ချိုးပြီးနောက် အညစ်အကြေးကောက်သူသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး သွေးများပေကျံနေသော ဆူးချွန်တူရွင်းအား တစ်ဖန် မြှောက်လိုက်သည်။

 

 

 

၎င်းသည် သေးငယ်သော ပုရွက်ဆိတ်အုပ်စု စုဝေးနေသည့် အသိုက်ကို ကြေမွအောင် ရိုက်ချတော့မည့်အချိန်တွင် ပုရွက်ဆိတ်များထဲမှ တစ်ကောင်သည် ရုတ်တရက် အပေါက်အတွင်းမှ ပြေးထွက်လာခဲ့သည်။

 

 

 

၎င်းသည် ကြီးမားသော ပါးစပ်ဖြင့် ချက်ချင်း ပြုံးလိုက်ပြီး ရက်စက်သော အပြုံးအား ဖော်ပြလိုက်သည်။ ကောင်းပြီ၊ ၎င်း၏ တူရွင်းသည် အဆင်တန်ဆာအသစ်တစ်ခု လိုအပ်နေသည်။

 

 

 

အညစ်အကြေးကောက်သူ၏ နှေးကွေးသော လှုပ်ရှားမှုများသည် အမြန်နှုန်းဖုတ်ကောင်နှင့် နှိုင်းယှဉ်ပါလျှင်မူ နှေးကွေးခြင်းဖြစ်သည်။ ပုံမှန် အဆင့်နိမ့် ဖုတ်ကောင်များနှင့် နှိုင်းယှဉ်လျှင် သိပ်မကွာခြားလှပေ။ သို့သော် ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုကပင် လူတစ်ယောက် အရှိန်အပြည့် ပြေးလွှားသည့် မြေပြင်ပမာဏအား ဖုံးအုပ်နိုင်သည်။

 

 

 

၎င်းသည် ပုပ်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်း၏ အရွယ်အစားအားသာချက်အား အသုံးပြုကာ ဘေးတိုက်ပြေးလွှားနေသည့် ပုရွက်ဆိတ်ကို ဖိထားရန် ကြိုးစားလိုက်သည်။

 

 

 

အံ့သြစရာကောင်းသည်မှာ ပုရွက်ဆိတ်သည် ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားပြီး ဖမ်းဆီးခံရရန် တမင်စောင့်နေသည့်အလား ဖြစ်နေသည်။

 

 

 

မွန်းစတားများတွင် ဉာဏ်ရည်မရှိ၊ ဖျက်ဆီးမှုသာ ရှိသည်။ အညစ်အကြေးကောက်သူသည် အလေးအနက် မစဉ်းစားတော့ဘဲ ပုရွက်ဆိတ်အား ဆက်လက် ရိုက်ချလိုက်သည်။

 

 

 

မီကျား သူ့ အပေါ်မှ ကြီးမားသော လက်၏ အနေအထားကို မော့ကြည့်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ၎င်း ကျရောက်လာသည့်အချိန်တွင် သူသည် လက်ချောင်းများကြားရှိ ကွက်လပ်ထဲသို့ လျင်မြန်စွာ ရှောင်တိမ်းဝင်ရောက်လိုက်သည်။

 

 

"ဒုန်း..."

 

 

 

ကျယ်လောင်သောအသံဖြင့် လေပြင်းတစ်ချက် သူ့အား ဖြတ်တိုက်သွားရာ မျက်လုံးဖွင့်ထားရန် မဖြစ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ကြီးမားသော လက်ဖဝါးသည် သူနှင့် ဆယ်စင်တီမီတာကျော်အကွာတွင် ကျရောက်သွားသည်။ အနည်းငယ်မျှ လွဲချော်သွားလျှင်ပင် သူသည် သွေးအလိမ်းလိမ်း ပေကျံနေသော အကွက်တစ်ခု ဖြစ်သွားနိုင်သည်။ သို့သော် သူ မတုန်လှုပ်၊ မဆုတ်ခွာခဲ့ပေ။ ထိုအစား၊ သူသည် ထိုအရှိန်အား အသုံးပြုကာ မွန်းစတား၏ လက်ချောင်းများပေါ်သို့ ခုန်တက်ပြီး ၎င်း၏ဦးခေါင်းထံသို့ စတင်တက်ရောက်ခဲ့သည်။

 

 

 

တက်နေစဉ်တွင် သူသည် သူ၏ကျောပိုးအိတ်နောက်မှ ဓါးသွား ပိုရှည်သော သစ်သီးလှီးဓါးအား ထုတ်ယူပြီး မွန်းစတား၏ အရေပြားကို ထိုးဖောက်လိုက်သည်။ သို့သော် မွန်းစတား၏ အရေပြားသည် မျှော်လင့်ထားသည်ထက် မာကျောနေသည်။ သစ်သီးလှီးဓါးနှင့် ထိတွေ့သောအခါ သတ္တုချင်း ရိုက်ခတ်သံပင် ထွက်ပေါ်လာသောကြောင့် ထိုးသွင်း၍မရပေ။

 

 

 

သို့သော် မွန်းစတား၏ အပြင်ဘက်အရေပြားသည် မာကျောသော်လည်း အက်ကြောင်းများရှိနေပြီး အတွင်းရှိ အနည်းငယ်း ဖြူရော်နေသော ပုပ်နေသည့်အသားများအား ဖော်ထုတ်ပြသနေသည်။ မီကျား မတွန့်ဆုတ်ဘဲ သစ်သီးလှီးဓါးအား အက်ကြောင်းများရှိ ပုပ်နေသည့်အသားများထံ ချက်ချင်းလှည့်ကာ ထိုးသွင်းလိုက်ပြီး တက်နေစဉ်အတွင်း သူ့ကိုယ်သူ မပြုတ်ကျစေရန် ယာယီတောင်တက်ချိတ်အဖြစ် အသုံးပြုခဲ့သည်။

 

 

 

အညစ်အကြေးကောက်သူသည် သေးငယ်သော ပုရွက်ဆိတ် သူ့ကိုယ်ပေါ် တက်သွားသည်ကို သိလိုက်သောအခါ ဒေါသတကြီး ဖြစ်သွားသည်။ ၎င်း၏ အခြားလက်တစ်ဖက်က ကြီးမားသော တူရွင်းကို ကိုင်ထားသေးသဖြင့် ပုရွက်ဆိတ်အား တိုက်ရိုက် ဖမ်းဆုပ်၍ မရပေ။ ၎င်းလုပ်နိုင်သည်မှာ လက်ကို ပြင်းထန်စွာ လှုပ်ခါလိုက်ပြီး ထိုပိုးမွှားအား လွှင့်ပစ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။

 

 

 

 

သို့သော် ပုရွက်ဆိတ်သည် မတုန်မလှုပ် ကပ်တွယ်နေပြီး အပေါ်သို့ တည်ငြိမ်စွာ ဆက်လက် တက်နေခဲ့သည်။

 

 

"အား....-"

 

 

 

အညစ်အကြေးကောက်သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ဧရာမတူရွင်းအား အခြားလက်ဖြင့် ပစ်ချလိုက်ပြီး မီကျားကို တိုက်ရိုက် ဖမ်းဆုပ်ရန် လက်လှမ်းလိုက်သည်။

 

 

 

မီကျားသည် ဝေါ်ကီတော်ကီထဲသို့ "ပစ်...." ဟု အော်လိုက်သည်။

 

 

 

ဤစကားကို ကြားသည်နှင့် ချင်းကျီယီ သူ၏စွမ်းရည်အား ချက်ချင်း အသက်သွင်းလိုက်ပြီး နတ်ဆိုးနှင်ပစ္စတိုကို မြှောက်ကာ အညစ်အကြေးကောက်သူ၏ ဦးခေါင်းကို စတင်ပစ်ခတ်လိုက်သည်။

 

 

 

သို့သော် အညစ်အကြေးကောက်သူ၏ ဦးခေါင်းရှိ အက်ကြောင်းများသည် နည်းပါးပြီး တစ်ခုနှင့်တစ်ခု အလှမ်းဝေးကွာနေသောကြောင့် ပစ်မှတ်ထားရန် ခက်ခဲလှသည်။ ကျည်ဆန်များသည် ၎င်း၏ ထူထဲသောအသားပေါ်တွင် မှိန်ဖျော့သော အဖြူရောင်အမှတ်အသားများသာ ကျန်ခဲ့ပြီး ထိခိုက်မှု အနည်းငယ်သာ ဖြစ်စေခဲ့သည်။

 

 

 

"သူ့ကိုယ်ပေါ်က အက်ကြောင်းတွေကို ပစ်..." ဟု မီကျားက လှမ်းအော်လိုက်သည်။

 

 

 

ချင်းကျီယီ လျင်မြန်စွာ ချိန်ညှိလိုက်ပြီး မွန်းစတား၏ ခန္ဓာကိုယ်မှ စုတ်ပြဲ၍ ပေါ်နေသော အစိတ်အပိုင်းများကိုသာ ပစ်မှတ်ထားကာ စတင်ပစ်ခတ်လိုက်သည်။

 

 

 

သို့သော် သူ အံ့သြသွားရသည်မှာ နတ်ဆိုးနှင်ပစ္စတို၏ ထုံကျဉ်စေသည့် အာနိသင်သည် ပုံမှန်အားဖြင့် ပစ်မှတ်အား သုံးစက္ကန့်ကြာ ရပ်တန့်စေနိုင်သော်လည်း အညစ်အကြေးကောက်သူပေါ်တွင် တစ်စက္ကန့်ပင် မကြာခဲ့ပေ။

 

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၃၇၈ - ချင်းကျီယီ] တိုက်ရိုက်ထုတ်လွှင့်မှု

 

 

 

၁၉၂၇လိုင်း : အိုး မဟုတ်​​သေးပါဘူး… အဆင့်မြင့်မွန်းစတားတွေအပေါ်မှာ အထူးလက်နက်တွေရဲ့ အာနိသင် လျော့ကျသွားမှန်း သူ ခုထိ မသိသေးဘူး။ 

 

 

၁၉၂၈လိုင်း : အာ.... သခင်လေးချင်း ဒီနေရာမှာ သေရတော့မယ်လို့ မပြောပါနဲ့.... ငါ သူ့ဘက်ကနေ ရွှေဒင်္ဂါးတွေ အများကြီး လောင်းထားတာ....

 

 

 ၁၉၂၉လိုင်း : ဘာ? ဒီအချိန်အထိ  ကြိုးစားလာပြီးမှ သူက ရှုံးနိမ့်သူ ဖြစ်သွားရတာလား…

 

 

 

 ၁၉၃၀လိုင်း : သူ ဘယ်လိုသေမလဲဆိုတာ ခန့်မှန်းကြည့်ရအောင်လား? ငါ မစောင့်နိုင်တော့ဘူး...

 

 

 ၁၉၃၁လိုင်း : မဟုတ်ဘူး…. ငါ သူ့ရဲ့ ရုပ်ရှင်ကားလေးတွေကို ဆက်ကြည့်ချင်သေးတယ်....

 

 

 

သို့သော် တစ်စက္ကန့်အောက်မျှသာ ရှိသော ဤရပ်တန့်စေသည့် အာနိသင်သည် မီကျားအတွက် အတော်လေး ထိရောက်ခဲ့သည်။ မွန်းစတား၏ ရပ်တန့်သွားသော လှုပ်ရှားမှုများကြားဝယ် သူသည် မွန်းစတား၏ ပခုံးပေါ်သို့ လျင်မြန်စွာ တက်ရောက်ခဲ့ပြီးနောက် စွမ်းရည်ဘားကို ဖွင့်ကာ [အမြန်နှုန်းဖုတ်ကောင်] ကတ်ကို နှိပ်လိုက်သည်။

 

 

 

သူ၏ ခန္ဓာကိုယ် ပြောင်းလဲမှုများနှင့်အတူ ခန္ဓာကိုယ်သည် ပိုမိုပေါ့ပါးလာပြီး ခုန်နိုင်စွမ်းသည်လည်း ယခင်ကထက် များစွာ ပိုမိုအားကောင်းလာသည်အား ချက်ချင်း ခံစားလိုက်ရသည်။ သူသည် အချိန်ကို ချက်ချင်း အရယူလိုက်ပြီး အညစ်အကြေးကောက်သူ၏ မျက်နှာထံသို့ ခုန်တက်သွားခဲ့သည်။

 

 

 

အညစ်အကြေးကောက်သူသည် သူ၏ သွေးသံရဲရဲ ပါးစပ်ကိုဖွင့်ကာ အော်ဟစ်လိုက်သော်လည်း ၎င်း၏မျက်နှာတစ်လျှောက် ပြေးလွှားနေသည့် ပုရွက်ဆိတ်အား ဖမ်းမိနိုင်ခြင်း မရှိပေ။

 

 

 

"အခု၊ မျက်လုံးကို ချိန်ပြီး ပစ်...."

 

 

 

မီကျားသည် မွန်းစတား၏ ဦးခေါင်းထိပ်သို့ ရောက်ရှိသွားပြီး ချင်းကျီယီအား အမိန့်ပေးအော်ဟစ်လိုက်ကာ ဦးခေါင်းထိပ်ရှိ အကြေးခွံများအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

 

 

 

ချင်းကျီယီ ချက်ချင်းပင် အညစ်အကြေးကောက်သူ၏ မျက်လုံးများကို ချိန်ရွယ်ပြီး စတင်ပစ်ခတ်လိုက်သော်လည်း အညစ်အကြေးကောက်သူ၏ မျက်နှာသည် အဆက်မပြတ် လှည့်ပတ်နေသောကြောင့် သူသည် ခေတ္တကြာအောင် ကောင်းစွာ ချိန်ရွယ်နိုင်ခြင်း မရှိခဲ့ပေ။ ဆယ်ချက်ကျော် ပစ်ခတ်ပြီးနောက် နောက်ဆုံးတွင် သူသည် အညစ်အကြေးကောက်သူ၏ ဘယ်ဘက် ငါးမျက်လုံးကို ထိမှန်သွားခဲ့သည်။

 

 

 

ထိုကျည်ဆန်များထဲမှ အချို့သည် မီကျားအား ထိလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းစွာဖြင့် သူသည် အမြန်နှုန်းဖုတ်ကောင်အဖြစ် ပြောင်းလဲထားသောကြောင့် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။

 

 

 

"ဟွန်း၊ ညံ့လိုက်တဲ့ ပစ်ချက်...."  သူသည် မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

 

 

 

ချင်းကျီယီ ဝေါ်ကီတော်ကီမှ လာသော အသံကို ကြားလိုက်ရပြီး ဒေါသတကြီးဖြင့် "မင်းသာ အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် ကိုယ်တိုင်လာပစ်လိုက်လေ.... ငါက မင်းကို ကူညီဖို့ ဆန္ဒရှိနေတာကတောင် ကောင်းနေပြီ...."

 

 

 

ကျည်ဆန်များသည် အညစ်အကြေးကောက်သူ၏ ကြီးမားသော မျက်လုံးတွင် သေးငယ်ပြီး မြင်ရလုနီးပါး မရှိသော အပေါက်လေးတစ်ခုသာ ဖောက်နိုင်ခဲ့သည်။ သို့သော် ယင်းက မီကျားအတွက် လုံလောက်ခဲ့သည်။ သူ ချက်ချင်း လက်လွှတ်လိုက်ပြီး မွန်းစတား၏ ဦးခေါင်းမှ အညစ်အကြေးကောက်သူ၏ ဖောင်းကြွနေသော ငါးမျက်လုံးထံ လျှောဆင်းသွားခဲ့သည်။

 

 

 

အညစ်အကြေးကောက်သူ၏ မျက်လုံးသည် ပတ်ပတ်လည်ရှိ အရေပြားနှင့် နှိုင်းယှဉ်ပါလျှင် ပို၍ ပျော့ပျောင်းသည်။ မီကျားသည် ကျည်ဆန်ဖောက်ထားသော အပေါက်အတွင်းသို့ သစ်သီးလှီးဓါးကို ထိုးသွင်းပြီး မွှေနှောက်လိုက်ကာ ငါးမျက်လုံးပေါ်ရှိ အနက်ရောင်အမြှေးပါးအလွှာအား ချောမွေ့စွာ ဆုတ်ဖြဲပစ်လိုက်ပြီး ဓားသည် ၎င်း၏ မျက်လုံးအား ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။

 

 

 

မွန်းစတားသည် ၎င်း၏ မျက်လုံး ဖျက်ဆီးခံရခြင်း၏ နာကျင်မှုကို သိသိသာသာ ခံစားလိုက်ရသည်။ ၎င်းသည် ဝမ်းနည်းဖွယ် အော်ဟစ်လိုက်ပြီး ၎င်း၏ မျက်လုံးအတွင်းသို့ လက်များဖြင့် တူးဆွကာ ထိုးသွင်းထားသည့်အရာအား ဆွဲထုတ်ပြီး လုံးဝ ကြေမွသွားစေချင်နေသည်။

 

 

 

မီကျား သူ့စွမ်းရည်၏ ကျန်ရှိနေသော အချိန်ကို စစ်ဆေးရင်း အတွင်းမှ ပုပ်နေသည့်အသားများအား ဖြတ်တောက်ရန် သစ်သီးလှီးဓါးကို အသုံးပြုခဲ့သည်။

 

 

 

စွမ်းရည်ဘားပေါ်ရှိ အချိန်သည် [၂:၁၂] ကို ပြသနေသည်။

 

 

 

သူ့ပတ်ဝန်းကျင်ရှိ ပုပ်နေသည့်အသားများက မူးဝေစေသော အနံ့ဆိုးများကို ထုတ်လွှတ်နေပြီး ထိုထဲတွင် လူးလွန့်နေသော ကပ်ပါးကောင်များလည်း အတော်လေး ရှိနေသည်။

 

 

 

သူသည် မွန်းစတား၏ ဦးခေါင်းအလယ်ဗဟိုသို့ နောက်ထပ် တစ်မိနစ်နီးပါး ရှာဖွေပြီးနောက် နောက်ဆုံးတွင် သေးငယ်သော အတုံးလေးအဖြစ် ကြာရှည်စွာ ကျုံ့သွားသည့် ငါးဦးနှောက်နှင့် အလင်းရောင်များ တောက်ပနေသည့် ခရမ်းရောင် ခရစ်စတယ် တစ်ခုကို တွေ့ရှိခဲ့သည်။

 

 

 

ပါးလွှာသော အာရုံကြောမျှင်များသည် ခရမ်းရောင် ခရစ်စတယ်အား ဝန်းရံထားပြီး ၎င်းကို အညစ်အကြေးကောက်သူ၏ သေးငယ်သော ဦးနှောက်နှင့် ချိတ်ဆက်ထားသည်။ ထိုနေရာမှ သွေးကြောများသည် ဦးနှောက်ရိုးတံတစ်လျှောက် အကိုင်းအခက်များ ဖြာထွက်ကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ၎င်း၏ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားသည်။

 

 

 

မီကျား ခရစ်စတယ်အား လျင်မြန်သော လှုပ်ရှားမှုဖြင့် ဆွဲယူလိုက်သည်။ ခရစ်စတယ်သည် ဦးနှောက်မှ ဆုတ်ဖြဲထွက်သွားပြီး အာရုံကြောများ ပြတ်တောက်သွားသည့်အချိန်တွင် အညစ်အကြေးကောက်သူ၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက် ၎င်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြိုကျသွားသောအခါ လေထဲတွင် မျောလွင့်နေသည့် ခံစားချက် လှိုင်းလုံးတစ်ခု ဝင်လာခဲ့သည်။

 

 

 

သူ့ပတ်ဝန်းကျင်ရှိ ထူထဲသော အသားလွှာများကြောင့် ပြုတ်ကျမှုကို ထိန်းပေးထားသဖြင့် မီကျားသည် ပြင်းထန်စွာ မထိခိုက်ခဲ့ဘဲ ဖိအားကြောင့် အနည်းငယ်သာ လှုပ်ရှားမရ ဖြစ်သွားခဲ့သည်။

 

 

 

သို့သော် သူသည် သူ၏စွမ်းရည်ကို ပိတ်ပြီး မွန်းစတား၏ ဦးခေါင်းမှ ထွက်ရန် ပြင်ဆင်နေစဉ်တွင် ချင်းကျီယီ၏ ဝေါ်ကီတော်ကီမှ ရုတ်တရက် အော်ဟစ်သံကို ကြားလိုက်ရသည်။ "နောက်တစ်ကောင် ရှိသေးတယ်...."

 

 

 

မီကျား၏ ရင်ခုန်သံ တစ်ချက် လွတ်သွားခဲ့သည်။ ဒုတိယ အညစ်အကြေးကောက်သူ ဘယ်မှာလဲဟု မေးခွန်းထုတ်ရန်ပင် အချိန်မရလိုက်မီ သူ၏ ခေါင်းပေါ်ရှိ ပုပ်နေသည့်အသားများသည် ရုတ်တရက် ကွဲထွက်သွားပြီး၊ ဆူးချွန်ပါသော ဧရာမ သံလက်နက်တစ်ခုက ရိုက်ချလိုက်ရာ သူ၏ မျက်နှာကို တည့်တည့်ချိန်ရွယ်နေသည်။