Chapter 22
Viewers 1k

အခန်း ၂၂: နောက်မှတွေ့မယ်

 

 

 

မီကျား သူ၏မျက်နှာအား စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ့လက်ကို မျက်နှာရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ "ဘာလို့ မင်းက မိုက်မဲနေရတာလဲ?"

 

 

 

သူ၏ရှေ့မှ လူငယ်သည် လျစ်လျူရှုဟန်ဖြင့် ဆက်ကြည့်နေသည်။ သူ၏ အသားအရေသည် ဖြူဖျော့ပြီး သွေးမရှိသကဲ့သို့ ဖြစ်နေကာ ကိုယ်ခန္ဓာတစ်ခုလုံးအား အဖြူအမည်းဖြင့်သာ တည်ဆောက်ထားသည့်အလား ထင်ရသည်။ ဦးခေါင်းထိပ်တွင် အနီရောင်လိုဂိုတစ်ခုသာ ရှိပြီး ထိုပေါ်တွင် [အမှတ် ၃၀၇၃ စတင်သူဇုန် ကမ္ဘာ့ဘော့စ်]ဟူသော စာသားများ ပါရှိသည်။ မီကျား ချဉ်းကပ်လာသည်နှင့်အမျှ ထိုစာသားများသည် အနည်းငယ် ပိုမိုတောက်ပလာပြီး ၎င်းသည် ရှေ့မှ အသက်ရှင်ကျန်ရစ်သူအား ဤသည်မှာ ကမ္ဘာ့ဘော့စ်အား ရှင်းလင်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း အဆက်မပြတ် သတိပေးနေသည့်အလား ထင်ရသည်။

 

 

 

"မင်း မလုပ်သင့်ဘူး..." လုချန်သည် တစ်စုံတစ်ခု ပြောရန် ကြိုးစားနေသကဲ့သို့ တုံ့ဆိုင်းနေသော်လည်း စကားလုံးများကို နောက်ဆုံးတွင် မျိုချလိုက်သည်။

 

 

 

သူ ယခင်က သူနှင့် အိမ်နီးချင်းဖြစ်စဥ်ကကဲ့သို့ပင်၊ တစ်ခုခု ပြောချင်သော်ငြား မပြောထွက်လာဘဲ တစ်စုံတစ်ခုအား စိုးရိမ်ပူပန်နေသကဲ့သို့ ဖြစ်နေတတ်သည် ။

 

 

 

"ဘာကို မလုပ်သင့်တာလဲ?" မီကျား ပိုမိုနီးကပ်စွာ တိုးလာပြီး သူ၏ ပါးကို ဆွဲညှစ်လိုက်သည်။ သူ၏အရေပြားသည် ရေခဲကဲ့သို့ အေးစက်နေပြီး မာကျောနေကာ နွေးထွေးမှု လုံးဝကင်းမဲ့နေလျက် အချိန်ကြာမြင့်စွာ သေဆုံးခဲ့သူ၏ အလောင်းကဲ့သို့ ဖြစ်နေသည်။

 

 

 

သူ၏အကြည့်ကို အောက်သို့မျက်လွှာချလိုက်ရာ လုချန်၏ မျက်လုံးများတွင် မှိန်ဖျော့သော အရောင်အနည်းငယ် လှုပ်ယမ်းသွားသည်။ "...မင်း ငါ့အတွက် ဒီလိုမျိုးကြီး လုပ်နေစရာ မလိုပါဘူး။ မင်း ငါ့ကို ဘာမှ အကြွေးမတင်ထားဘူး။"

 

 

 

"မင်း ဘာတွေပြောနေတာလဲ ငါ နားမလည်ဘူး။ ငါတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတောင်‌ေသသေချာချာ မသိဘူး။ ငါ့မှာ ဘာမှတ်ဉာဏ်မှ မရှိနေဘူး။" မီကျား၏ မျက်လုံးထဲတွင် အနည်းငယ်သော စိတ်ရှုပ်ထွေးမှု ပါဝင်နေသည့် ပျော်ရွှင်သော အပြုံးကို ဆက်လက်ပန်ဆင်ထားသည်။ "ဒါက မင်းနဲ့ ဆိုင်ချင်လည်း ဆိုင်မယ်၊ မဆိုင်ချင်လည်း မဆိုင်ဘူး။ ဒါပေမဲ့ ငါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုတာတော့ သေချာတယ်။ ငါ တစ်ခုခုကို လုပ်တဲ့အခါ၊ အဲဒါက တခြားတစ်ယောက်အတွက် လုပ်တာမဟုတ်ဘဲ ငါ လုပ်ချင်လို့ လုပ်တာ ဖြစ်လိမ့်မယ်။"

 

 

 

လုချန် ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး သူ၏အမူအရာကို ဖတ်မရ၊ စိတ်အတွင်းတွင် အတွေးများ လည်ပတ်နေသည်။ မီကျား သက်ပြင်းချလိုက်ပြီး ရုတ်တရက် မေးလာသည် ။ "အခု ဘယ်အချိန်ရှိပြီလဲ မင်း သိလား?" 

 

 

 

"...?" သူ အဘယ်ကြောင့် ရုတ်တရက် ဤကဲ့သို့မေးလာသည်အား လုချန် နားမလည်နိုင်ဖြစ်ကာ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ ကောင်းကင်အား တစ်ချက်ကြည့်လိုက်သည်။ "ငါ မသိဘူး... ခြောက်နာရီလား၊ ခုနစ်နာရီလားပဲ?"

 

 

 

"မဟုတ်ဘူး" မီကျား ဆိုးသွမ်းသော အပြုံးဖြင့် ကိုယ်ကို ကိုင်းညွတ်လိုက်သည်။ "ဒါက ငါတို့ ပျော်ရွှင်မှုရဲ့ အစပဲ~"

 

 

 

"..." လုချန် နာကျင်မှုဖြင့် မျက်နှာကို ရှုံ့မဲ့လိုက်သည်။

 

 

 

သို့သော် ရင်းနှီးနေသော (နှစ်သက်မှု +1) သည် သူ၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။

 

 

 

"ငါ မင်းဆီက မြေကွက်တစ်ကွက် ဝယ်ချင်တယ်~" မီကျား ထိုသူ၏ နှလုံးအား လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

 

 

 

လုချန် တုန်ယင်သွားပြီး ထွက်ပြေးရန် ခေါင်းလှည့်လိုက်သော်လည်း မီကျားက သူ့အား ဆွဲကိုင်ထားလိုက်သည်။ "မင်းရဲ့ မယိမ်းယိုင်တဲ့ အချစ်ကို ဝယ်ချင်တာ။"

 

 

(နှစ်သက်မှု +1)

 

 

"မင်းကို ကိုလာများလား လို့ ငါ သံသယရှိမိတယ်။ ဘာကြောင့်လဲ သိလား?"

 

 

 

"မသိဘူး။ သိလည်း မသိချင်ဘူး။" လုချန်က ငြင်းဆန်လိုက်သည်။

 

 

 

"ဘာလို့လဲဆိုတော့ မင်းကို ငါ မြင်တိုင်း ငါ ပျော်ရွှင်မှုတွေနဲ့ ပြည့်နက်နေလို့ပဲ" မီကျား သူ၏ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ပြီး ချဲ့ကားထားသော ချစ်စရာကောင်းသည့် အမူအရာအား ပြုလုပ်လိုက်သည်။

 

 

 

လုချန် စိတ်ပျက်အားငယ်စွာဖြင့် သူ၏ မျက်နှာကို ဖုံးအုပ်လိုက်သည်။

 

(နှစ်သက်မှု +1)

 

တိတ်ဆိတ်မှု၏ ခေတ္တမျှအကြာတွင် မီကျား ရုတ်တရက် "နောက်ဆုံးတစ်ခုကတော့ အမှန်ပါ။" ဟု ပြောလိုက်သည်။

 

 

 

လုချန် သတိပြန်ဝင်လာသည်ကို မြင်ရခြင်းသည် သူ့အား အမှန်ပင် ပျော်ရွှင်စေခဲ့သည်။

 

 

 

သူ ပြုံးလိုက်ပြီး လုချန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ပြန်ကြမလား?"

 

 

 

လုချန် တုံ့ဆိုင်းသွားပြီးနောက် သူ၏ လက်ကို ဆွဲထုတ်ကာ နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

 

 

 

"ကောင်းပြီ။" မီကျားက အတင်းအကြပ် မလုပ်တော့ပေ။ သူ့ မျက်လုံးများကို ကျဉ်းလိုက်ပြီး ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်သည်။ လင်လင်ချီသည် အနက်ရောင်မီးခိုးများထဲတွင် လဲကျနေဆဲဖြစ်ကြောင်း မြင်သောအခါ သူ အသံကို နိမ့်လိုက်ပြီး ပြောလိုက်သည် :  "ခဏတော့ လမ်းခွဲရတော့မယ့်ပုံပဲ။"

 

 

 

"နောက်မှ တွေ့မယ်နော်~"

 

 

ထိုသို့ ပြောပြီးနောက် သူသည် ခုနက ဤစကားအား မပြောခဲ့သည့်အလား ကြာကြာ မနေတော့ပေ။ လုချန်အား လက်ပြနှုတ်ဆက်ပြီးနောက် သူ လှည့်ထွက်သွားခဲ့သည်။

 

 

 

သူ လှည့်သွားပြီးနောက် သူ၏မျက်နှာပေါ်မှ ကြည်ညိုဖွယ်ကောင်းသော၊ ကြင်နာတတ်သည့် အပြုံးသည် ရုတ်တရက် တင်းကျပ်သွားခဲ့သည်။

 

 

 

လုချန်အတွက် အန္တရာယ်သည် မွန်းစတားများ မဟုတ်ဘဲ အထူးစွမ်းရည်ရှိသော အသက်ရှင်ကျန်ရစ်သူများသာ ဖြစ်သည်။

 

 

 

သူ ဒဏ်ရာရထားကာ သူ၏ စွမ်းရည်များ အေးခဲနေချိန်ဖြစ်ပြီး ချင်းကျီယီ၏ စွမ်းရည်တွင် အချိန်ရှိနေသေးပေသည်။ သူ၏ လက်ရှိအခြေအနေဖြင့် လုချန်အား မကာကွယ်နိုင်ပေ။ အကောင်းဆုံးသည်ကား သူ့အား ခေတ္တလွှတ်ထားလိုက်ရန်သာ ဖြစ်သည်။ သူ့ အမူအရာကို ကြည့်ခြင်းအားဖြင့် လုချန်သည် သူ၏ ကိုယ်ပိုင်အသိစိတ်အား ပြန်လည်ရရှိခဲ့ပြီး ဖြစ်သောကြောင့် သူသည် မည်သူ့ကိုမျှ ထပ်မံ ထိခိုက်စေတော့မည် မဟုတ်ပေ။

 

 

 

အဆင်ပြေပါတယ်…. ယင်းက ယာယီ ခွဲခွာခြင်းသာ ဖြစ်သည်။ သူတို့ ပြန်ဆုံကြဦးပေမည်။ နောက်တစ်ကြိမ် ဆုံတွေ့ချိန်သည် သူတို့နှစ်ဦး ဤကမ္ဘာမှ အတူတကွ ထွက်ခွာမည့်အချိန် ဖြစ်ချင်လည်း ဖြစ်နိုင်သည်။

 

 

 

အနည်းဆုံးတွင်မူ ယခုအချိန်အထိ အရာအားလုံးသည် အဆင်ပြေနေပုံရသည်။

 

 

 

ထိုသို့ တွေးလိုက်သောအခါ သူ၏ စိတ်ခံစားချက်များ ပြန်လည် မြင့်တက်လာသည်။ သူ ပြန်ပြုံးလိုက်ပြီး သူ၏ ဒဏ်ရာများပင် နာကျင်မှု သက်သာသွားသကဲ့သို့ ဖြစ်လာသည်။ သီချင်းလေး ညည်းတွားရင်း မြေအောက်ကားပါကင်သို့ ခုန်ပေါက်ကာ ပြန်သွားခဲ့သည်။

 

 

 

အနက်ရောင်မီးခိုးများအတွင်းတွင် ပြေးလွှားနေသော မီနီကင်မရာ လင်လင်ချီသည် ရုတ်တရက် သူ၏ ဘေးသို့ ပျံသန်းလာခဲ့သည်။

 

 

 

[ကံဆိုးပြီဟေ့ ၊ ငါ အစီရင်ခံ, ခံလိုက်ရပုံပဲ။ ငါ အရင် ရှောင်လိုက်မယ်။ နောက်မှ တွေ့ကြမယ်....]

 

 

 

မီကျား စနစ်အား လှမ်းကြည့်လိုက်သည်။ "မင်းက ဘယ်လိုလုပ် အစီရင်ခံ,ခံလိုက်ရတာလဲ? နောက်တစ်ခါ မလာပါနဲ့တော့။"

 

[...]

 

လင်လင်ချီ ထပ်မံ တုံ့ပြန်ခြင်း မရှိတော့ပေ။ ပုံမှန်မဟုတ်သော အသံများ အနည်းငယ် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပုံရပြီး ရှေ့နောက်မညီဘဲ လှည့်ပတ်နေခြင်း မရှိတော့ပေ။ ၎င်းသည် ယခုအခါ မီကျား၏ ဘေးတွင် တည်ငြိမ်စွာ ပျံဝဲနေပြီး သူ၏ အသံသည်လည်း အရင်ကကဲ့သို့ ညီညာ၍ ခံစားချက်မရှိသော လေသံသို့ ပြန်ရောက်လာခဲ့သည်။

 

 

 

[စနစ် 007 ကို ပြုပြင်ပြီးပါပြီ။ မစ်ရှင်ကို ဆက်လက်လုပ်ဆောင်နေပါသည်။]

 

 

 

ပတ်ဝန်းကျင်အား ဖုံးလွှမ်းထားသော အနက်ရောင်မီးခိုးများမူ ဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့သည်။

 

 

 

နေမင်းသည် မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်နေပြီ ဖြစ်သည်။ နေရောင်ခြည်သည် မြေပြင်ပေါ်သို့ ဖြာကျလာပြီး ပါးလွှာသော ရွှေရောင်အလွှာဖြင့် ရောင်ပြန်ဟပ်နေသည်။

 

 

 

သို့သော် လူတိုင်း ကပ်ဆိုက်ကာလမှ နာလန်မထူနိုင်မီတွင် သူတို့၏ ခြေထောက်အောက်မှ မြေပြင်တုန်ခါမှုသည် အညစ်အကြေးကောက်သူ နှစ်ကောင် သေဆုံးသွားခြင်းနှင့်အတူ ရပ်တန့်မသွားဘဲ ပို၍ ပို၍ ပြင်းထန်လာသည်ကို သတိထားမိလိုက်သည်။

 

 

 

ထိုအချိန်၌ ချင်းကျီယီကား နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး ပျံ့လွင့်နေသော အနက်ရောင်မီးခိုးများကြားမှ အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်အား တွေ့မြင်လိုက်ရသည်။ ထိုလူငယ်၏ ဦးခေါင်းထိပ်တွင် အနီရောင်စာသားတစ်ခု ရှိပြီး ထိုပေါ်တွင် [အမှတ် ၃၀၇၃ စတင်သူဇုန် ကမ္ဘာ့ဘော့စ်] ဟူသော စာသားများ ပါရှိသည်။

 

 

 

သူသည် မီကျား လျှောက်သွားပြီး ဤကမ္ဘာ့ဘော့စ်အား တစ်ခုခု ပြောနေသည်ကို မြင်လိုက်ရပြီးနောက် လှည့်၍ ပြန်လာခဲ့သည်။ လူသားနှင့် အလွန်တူသော ထိုကမ္ဘာ့ဘော့စ်သည် ထိုနေရာတွင် ခေတ္တမျှ မှင်သက်စွာ ရပ်နေခဲ့ပြီးမှ ရုတ်တရက် တစ်စုံတစ်ခုအား သိလိုက်ရသည့်အလား ဖြစ်လာသည်။ သူ မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်အား ကြည့်လိုက်သည်။

 

 

 

ချင်းကျီယီ အနည်းငယ် နားမလည်နိုင်စွာဖြင့် အခြားတစ်ဖက်လူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ အပျက်အစီးများပေါ်တွင် ဤဘက်သို့ အလျင်စလို ပြေးလာနေသော ကြီးမားသည့် မွန်းစတားပုံသဏ္ဌာန်များကို တွေ့ရှိခဲ့သည်။

 

 

 

နောက်ထပ် အညစ်အကြေးကောက်သူ ငါးကောင်... ဘာလို့ ဒီမွန်းစတားတွေက ဒီကိုပဲ ဆက်တိုက် လာနေရတာလဲ?...."

 

 

 

ချင်းကျီယီ သူ၏စွမ်းရည် ကျန်ရှိနေသော အချိန်အား ကြည့်လိုက်သည်။ အချိန် အများအပြား မကျန်တော့ပေ။ သူတို့နှစ်ဦးစလုံးသည် သူတို့၏ စွမ်းရည်များ အားလုံးကို အသုံးပြုထားခဲ့ပြီး ဖြစ်ပြီး၊ ယခု နောက်ထပ် ငါးကောင် ရောက်လာပါလျှင် ပြေးရန်ပင် အချိန်ရတော့မည် မဟုတ်ပေ။

 

 

 

သူ၏ မျက်နှာအမူအရာကား မာကျောခက်ထန်သွားခဲ့သည်။ သူသည် သူ၏သေနတ်ကို အလျင်အမြန် ကျည်ထိုးလိုက်ပြီး ကမ္ဘာ့ဘော့စ်အား ချိန်လိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ သူ့ကို အခု ဖမ်းဆီးနိုင်ရင် သူတို့ လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်သေးတယ်.....

 

 

 

 

သို့သော် သူ ပစ်ခတ်ရန် အချိန်မရမီ မီကျားသည် သူ၏နောက်သို့ တိတ်ဆိတ်စွာ ရောက်လာခဲ့သည်။

 

 

 

အရိုးထဲထိ စိမ့်ဝင်သွားသော ချမ်းတုန်မှုသည် နောက်မှနေ၍ သူ့အား လွှမ်းခြုံသွားရာ သူ၏ ဆံပင်များ ထောင်သွားခဲ့သည်။ သူ မတုန်မလှုပ်ဘဲ မနေနိုင်ဖြစ်ရကာ သူ၏ လက်များသည် လုပ်ဆောင်ချက် အလယ်၌ပင် ရပ်တန့်သွားခဲ့သည်။

 

 

 

"မင်း ရမ်းသမ်းပြီး မလုပ်ဖို့ ငါ အကြံပေးချင်တယ်"  မီကျားက ဓားတစ်ချောင်းကို ချင်းကျီယီ၏ လည်ပင်း၌ ဖိထားလျက် ပြောလိုက်သည်။ ဓါးသွားမှာ အပြင်ဘက်အရေပြားလွှာအား ဖြတ်တောက်သွားရာ သွေးစက်အနည်းငယ် ထွက်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် ပြုံးနေဆဲဖြစ်သော်လည်း သူ၏ အသံသည် ပုံမှန်မဟုတ်ဘဲ အေးစက်နေသည်။ "ဖုတ်ကောင်ဘုရင်က သေနတ်ဒဏ်ရာနဲ့ သေလောက်မလား မသိပေမယ့် မင်း လည်ပင်း ဖြတ်ခံရရင်တော့ ကျိန်းသေ သေမယ်ဆိုတာ ငါ သိတယ်။"

 

 

 

[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၃၇၈ - ချင်းကျီယီ] တိုက်ရိုက်ထုတ်လွှင့်မှု

 

 

 

၁၉၈၄လိုင်း : သွားပြီ! ဒီအသက်ရှင်ကျန်ရစ်သူက ဘာဖြစ်နေတာလဲ? 

 

 

၁၉၈၅လိုင်း : အာ... ဒါက သူတို့ပြောတဲ့... ကိုယ့်ရန်သူကို ကာကွယ်ပြီး ကိုယ့်အသင်းဖော်ကို တိုက်ခိုက်တာလား?....

 

 

 ၁၉၈၆လိုင်း : ဒါနဲ့၊ ခုနက ဘာဖြစ်သွားတာလဲ? ရုတ်တရက်ပေါ်လာတဲ့ အနီရောင် အညစ်အကြေးကောက်သူက ဟူဒီအနွေးထည် ဝတ်ထားတဲ့သူရဲ့ စွမ်းရည်လား??

 

 

 ၁၉၈၇လိုင်း : ငါ အစောပိုင်းက သွားကြည့်တုန်းက သူ့ဘက်က တိုက်ရိုက်ကြည့်ရှုမှုကိရိယာတွေက ပြဿနာရှိနေပုံရတယ်။ တုန်ခါနေတာနဲ့ ဘာမှ မမြင်ရဘူး။ 

 

 

၁၉၈၈လိုင်း : မဖြစ်နိုင်တာ... ဒီလို အရေးကြီးတဲ့အချိန်မှာ ဘတ်ဂ် ဖြစ်ရသလား?

 

 

 ၁၉၈၉လိုင်း : ငါ အခုပဲ သွားကြည့်လာခဲ့ပြီ၊ ပြင်ပြီးသွားပြီနဲ့ တူတယ်။

 

 

 

လုချန်သည် မီကျားအား အချိန်အတန်ကြာ စိုက်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ ခုန်တက်ကာ ရှင်းဖုရပ်ကွက်၏ တစ်ဝက်ပြိုကျနေသော တံတိုင်းပေါ်သို့ ရောက်ရှိသွားသည်။ ထိုးဖောက်သွားသည့် အော်သံများစွာ ထွက်ပေါ်လာချိန်တွင် ကားပါကင်သို့ ဦးတည်နေသော အညစ်အကြေးကောက်သူများသည် ရုတ်တရက် ခဏရပ်သွားပြီးနောက် လမ်းကြောင်းပြောင်းကာ လုချန်၏ ဦးတည်ရာသို့ အားသွန်ခွန်စိုက် ပြေးသွားခဲ့သည်။

 

 

 

ပြန်လည်ပူးပေါင်းရန် အလျင်စလို မလိုအပ်သေးပေ။ ယခုအချိန်တွင် သူတို့နှစ်ဦးစလုံး လုပ်ဆောင်ရန် လိုအပ်သည့် အရာများ ရှိနေသည်။

 

 

 

မီကျားသည် လုချန် ရပ်ကွက်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှ နောက်ဆုံးတွင် သူ၏ဓားကို လျှော့ချလိုက်သည်။

 

 

 

"အန္တရယ်ကနေ မလွတ်မြောက်လုနီးပါး ဖြစ်ခဲ့ပေမယ့် အားလုံး ကောင်းကောင်း အဆုံးသတ်သွားပါပြီလေ -" သူသည် တိုက်ခိုက်ရေးဓားကို ခေါက်လိုက်ပြီး လက်ချောင်းများကြားတွင် လှည့်နေလိုက်သည်။ "တွေ့လား? မင်း ငါ့စကား နားထောင်သရွေ့ ဘယ်သူမှ မထိခိုက်ဘူး။ မကောင်းဘူးလား?"

 

 

 

ချင်းကျီယီ သူ၏လည်ပင်းမှ သွေးများကို သုတ်လိုက်ချိန်တွင် သူ၏နားထင်မှ သွေးကြောတစ်ခုမှာ တုန်ခါနေခဲ့သည်။ "ငါ မင်းကို သတ်မှာကို မင်း မကြောက်ဘူးလား?...."

 

 

 

"မင်း ငါ့ရဲ့ စွမ်းရည်တွေကို ခုနက မြင်ခဲ့တယ်မလား? မင်း ငါ့ကို သတ်နိုင်မယ်လို့ တကယ်ထင်တာလား?" မီကျား မျက်နှာတည်တည်ဖြင့် ဆက်လက် ကြွားဝါနေပြီး လုံးဝ စိတ်မလှုပ်ရှားခဲ့ပေ။ "မင်းရဲ့ လှည့်ကွက်တွေနဲ့လား? ဆတ်ဆတ်... မာဒါမာဒါဒါနေး ။"

 

 

 

"...မာဒါမာဒါ? အဲဒါ ဘာအဓိပ္ပာယ်လဲ?"

 

 

 

မီကျားက သူ့အား ခေါင်းခါပြပြီး လက်ညှိုးလှုပ်ပြလိုက်သည်။ "မင်းကတော့ တော်တော်ကြီး လိုနေသေးတာပဲ...."

 

 

 

ဒါ ဘယ်လို ရယ်စရာကောင်းတဲ့  Chūnibyō လဲ?!

 

 

 

အစောပိုင်းမှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် အညစ်အကြေးကောက်သူအား သတိရလျက် ချင်းကျီယီ သူ့ သွားများကို ကြိတ်လိုက်ပြီး နောက်ဆုံးတွင် သူ၏ ဒေါသကို ထိန်းချုပ်ကာ သေနတ်ကို ချလိုက်သည်။

 

 

 

ပတ်ဝန်းကျင်တွင် တခြား အညစ်အကြေးကောက်သူများ မရှိတော့သည်ကို မြင်သောအခါ မီကျား ကားပါကင်သို့ ပြန်သွားကာ စစ်ဆေးကြည့်ရှုခဲ့သည်။ တံခါးဝမှ ပြုတ်ကျလာသော အပျက်အစီးများကြောင့် လူအနည်းငယ်သာ ပွန်းပဲ့ခဲ့ပြီး ကျန်သူများမှာ အခြေခံအားဖြင့် မထိခိုက်ခဲ့ပေ။

 

 

 

ပတ်ပတ်လည် ကြည့်လိုက်သောအခါ သူသည်သာ အပြင်းထန်ဆုံး ဒဏ်ရာရခဲ့သူ ဖြစ်သည်။ သူ၏ လက်မောင်းမှ ဒဏ်ရာသည် အဆက်မပြတ် သွေးထွက်နေဆဲဖြစ်ပြီး သူ ခုနကမှ ဝတ်ထားသော အင်္ကျီအသစ် တစ်ဝက်မူ သွေးနီရောင် စွန်းထင်းနေသည်။ သွေးအလွန်အကျွံထွက်မှုကြောင့် သူ၏ ဦးခေါင်းသည် အနည်းငယ် မူးဝေနေသည်။

 

 

 

"မင်း အရင်က ဘာလုပ်ခဲ့တာလဲ? မင်းက အထူးတပ်ဖွဲ့ ဒါမှမဟုတ် ဒီလိုမျိုး အဖွဲ့အစည်းတစ်ခုခုကလို့ မပြောနဲ့နော်။” အန်းခယ့် ပိုမိုနီးကပ်စွာ ရောက်လာပြီး မီကျားကား ဖုန်းလင်ဇီထံမှ ပတ်တီးကိုယူကာ ကျွမ်းကျင်စွာ ဒဏ်ရာအား စတင် စည်းနှောင်နေသည်ကို မြင်သောအခါ "မင်း တကယ်ကို ကျွမ်းကျင်တာပဲ" ဟု မှတ်ချက်မပေးဘဲ မနေနိုင်ခဲ့ပေ။

 

 

 

မီကျား ထိုမေးခွန်းအား ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "မဟုတ်ဘူး။ အင်း... ပြောရမယ်ဆိုရင်တော့ ငါ့ကိုယ်ငါ အဆင့်မြင့် ဂိမ်းကစားသမားလို့ပဲ ခေါ်ရမလားပဲ။"

 

 

 

 

"ဂိမ်းကစားသမား?"

 

 

 

"ဟုတ်တယ်။ မင်းတို့ မကစားဖူးဘူးလား?" မီကျား သူ၏လက်ချောင်းများပေါ်တွင် ရေတွက်လိုက်သည်။ " World of Warcraft, Call of Duty, Honor of Kings, Civilization V, Plants vs. Zombies, Song of Saya, Sweet Pool, Togainu no Chi…..."

 

 

 

"ရပ်၊ ရပ်... ရပ်တော့....."  အန်းခယ့် ဟင်းပွဲအမည်များ ပြောပြနေသကဲ့သို့ သူ မသိသော ဂိမ်းအမျိုးမျိုး၏ အမည်များအား ဆက်တိုက်ပြောနေသည်ကို ကြားဖြတ်လိုက်သည်။ "မင်း ပြောနေတာက မင်းရဲ့ စွမ်းရည်တွေ အားလုံးကို ဂိမ်းတွေကနေ ရခဲ့တာလား?"

 

 

 

မီကျား ခပ်တည်တည်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ဂိမ်းတွေက မင်းကို အကြွင်းမဲ့ အာဏာရှိစေတယ် ။"

 

 

 

"အရူးစကားတွေ..." အီဒင် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ကြည့်နေစဉ်တွင် အပြစ်ကင်းစင်သည့်ပုံစံနှင့် လိမ်ညာနေသော လူငယ်အား မြင်သောအခါ မဆဲဘဲ မနေနိုင်ခဲ့ပေ။

 

 

 

သူသည် မီကျား၏ တိုက်ရိုက်ကြည့်ရှုသည့်အခန်းကို ယခင်အချိန်ကပင် အာရုံစိုက်နေခဲ့ပြီး ထိုအချိန်အတောအတွင်း၌ ထိုသူ ဂိမ်းကစားသည်အား မြင်ခဲ့ဖူးသည်။ ဘယ်လို အဆင့်မြင့် ဂိမ်းကစားသမားလဲ? ၎င်းက နှစ်ပေါင်းများစွာ ကစားနေသော်လည်း ကြေး အဆင့်တွင်သာ ရပ်နေပြီး မြေပုံတစ်လျှောက် ရန်သူအား အစာပေးနေသူ ၊  ရန်သူအား ပုံကြမ်းဆွဲပြီး ကျည်န်များနှင့် တိုက်ခိုက်ရာ၌ ပစ်မှတ်လွဲချော်မှုတွင် ကျွမ်းကျင်သည့် အရှင်သခင်၊ အချစ်ပျိုးထောင်ရေးဂိမ်းများတွင်ပင် အပြန်အလှန်ဖျက်ဆီးသည့် အဆုံးသတ်အား ဆိုးဆိုးရွားရွား ဖြစ်အောင် လုပ်နိုင်သော ဘုရားသခင်အဆင့် လူသစ်လူနုံ တစ်ယောက်ပင်.....