အခန်း ၂၃: သန္ဓေပြောင်းမျိုးစိပ်
လုချန်၏ မွန်းစတားအချက်အလက်ကတ်အား နှစ်သက်မှုရမှတ် ၁၀၀ ဖြင့် ဖွင့်ပြီးနောက် မီကျား ၎င်းကို ချက်ချင်း စစ်ဆေးကြည့်ရှုခဲ့သည်။ အတွင်းမှ အချက်အလက်များသည် အလွန်တိုတောင်းလှ၏ ။
[မွန်းစတားအမည်: ဖုတ်ကောင်ဘုရင်]
[အဆင့်:၅]
[မှတ်ချက်: တိတ်ဆိတ်သော ဖုတ်ကောင်ဘုရင်။]
သူသည် မူလက ဖုတ်ကောင်ဘုရင်အဖြစ် ပြောင်းလဲကာ ၎င်း၏ စွမ်းရည်များကို အသုံးပြု၍ အညစ်အကြေးကောက်သူများနှင့် အခြားဖုတ်ကောင်များအား ထိန်းချုပ်ရန် ကြိုးစားလိုခဲ့သည်။ သို့သော် မွန်းစတားကတ်အား နှိပ်လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာခဲ့သည်။
[ခင်မင်ရင်းနှီးစွာ သတိပေးချက်: ဤမွန်းစတားသည် အဆင့်မြင့်မွန်းစတားဖြစ်ပြီး ကမ္ဘာတစ်ခုတွင် တစ်ကြိမ်သာ အသွင်ပြောင်းလဲခြင်းအား အသုံးပြုနိုင်ပါသည်။ အသုံးပြုလိုကြောင်း အတည်ပြုပါသလား။]
[အသုံးပြုမည်] [အသုံးမပြုပါ]
ဤသတိပေးချက်အား မြင်သောအခါ မီကျား စိတ်ပျက်စွာဖြင့် အသုံးမပြုပါကိုသာ နှိပ်လိုက်ရသည်။
ကောင်းပြီလေ ၊ ကိစ္စတွေက ဒီလောက် လွယ်လွယ်ကူကူနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ သူ သိထားပြီးသားပဲ…
၁၆ရက်မြောက်နေ့
လုချန်မှ ထိုအညစ်အကြေးကောက်သူများအား လှည့်စားခေါ်ဆောင်သွားပြီးနောက်၊ ထိုဧရိယာကို တစ်ကြိမ် ရှင်းလင်းပြီးသား ဖြစ်သောကြောင့် နောက်ထပ် အညစ်အကြေးကောက်သူအသစ်များမူ အနီးအနားတွင် ပေါ်လာပြီး ဖျက်ဆီးမှုများအား မဖြစ်ပေါ်စေတော့ပေ။
အဖွဲ့သည် ပျက်စီးသွားသော ကားဂိုဒေါင်တံခါးအား ပြန်လည်ပြုပြင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ အပျက်အစီးများ၏ အကာအကွယ်အောက်တွင် ၎င်းတို့သည် မြေအောက်ကားဂိုဒေါင်၌ ရက်ပေါင်းများစွာ နှိုင်းယှဥ်ချက်အရ ဘေးကင်းစွာ နေထိုင်နိုင်ခဲ့ကြသည်။
သို့သော် သူတို့သည် အလျင်စလို ပြောင်းရွှေ့ခဲ့ရသောကြောင့် သူတို့၏ ရိက္ခာများမှာ လုံလောက်မှု မရှိခဲ့ပေ။ တတိယနေ့ရောက်သည်နှင့် အသက်ရှင်ကျန်ရစ်သူများသည် ပြင်းထန်သော ရိက္ခာပြတ်လပ်မှုကို စတင်ရင်ဆိုင်လာခဲ့ကြရသည်။
ယခင်ကဆိုလျှင် သူတို့သည် အနီးနားမှ စူပါမားကတ်များ သို့မဟုတ် အဆင်ပြေစတိုးဆိုင်များတွင် ရိက္ခာရှာဖွေရန် အဖွဲ့ဖွဲ့နိုင်ခဲ့ကြသော်လည်း ယခုအခါ အနီးအနားရှိ အရာအားလုံးသည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အသုံးပြုနိုင်သည့် မည်သည့်အရာမဆို မှတ်မိနိုင်စရာမရှိအောင်ပင် ကြေမွသွားခဲ့ပြီ ဖြစ်သည်။ သူတို့ကား တတ်နိုင်သမျှ ချွေတာနေသော်လည်း အစားအစာနှင့် ရင်းမြစ်များ လုံးဝပြတ်တောက်သွားကာ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အတားအဆီးအဖြစ် အသုံးပြုရန် အဆောက်အအုံများ မရှိတော့သဖြင့် ဖုတ်ကောင်အုပ်စုများသည် ယခင်ကထက် ပိုမိုပေါ့ဆစွာ လှည့်လည်သွားလာနေကြသည်။ လူငယ်နှစ်ဦးသည် ရိက္ခာရှာဖွေရင်း ဒဏ်ရာရခဲ့ကြပြီး ပြန်မလာတော့ပေ။
စူပါမားကတ်မှ ကယ်ဆယ်ခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အခြေအနေသည်လည်း ဆိုးရွားလာခဲ့သည်။ သူမသည် မီးဖွားရန် နီးကပ်နေပုံရသော်လည်း အသက်ရှင်ကျန်ရစ်သူများတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသူ တစ်ဦးမျှ မရှိပေ။ သူတို့သည် ဘေးတွင် မတ်တပ်ရပ်နေလျက် မည်သည်မှ မကူညီနိုင်ဘဲ စိတ်ပူပန်နေရုံသာ ရှိခဲ့ကြသည်။
ယာယီအခြေစိုက်စခန်း၏ လေထုသည် ပို၍ ပို၍ လေးလံလာခဲ့သည်။ ညဘက်များတွင် အမှောင်ထဲမှ မှိန်ဖျော့သော ရှိုက်သံများအား မကြာခဏ ကြားရတတ်သည်။
မီကျားသည် အခြေအနေအား ပြောင်းလဲရန် စွမ်းအားမရှိခဲ့ပေ။ သူ လုပ်နိုင်သည်မှာ နေ့စဥ် အပြင်ထွက်ကာ ရိက္ခာများအား ရှာတွေ့နိုင်သမျှ ရှာဖွေရန်သာ ဖြစ်သည်။ ထို့ထက် ပို၍ သူ လုပ်ဆောင်နိုင်သည့်အရာ မရှိခဲ့ပေ။
ဤကာလအတွင်း တိုက်ရိုက်ကြည့်ရှုသည့်အခန်းမှ ကြည့်ရှုသူအချို့သည် သန်းခေါင်ယံတွင် အမြန်နှုန်းဖုတ်ကောင်နှစ်ကောင်အား တမင်တကာ ထုတ်လွှတ်ခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် လူအုပ်နှင့် ဝေးသောနေရာတွင် တစ်ဦးတည်း အိပ်လေ့ရှိပြီး အိပ်ရေးပါးသူဖြစ်သောကြောင့် အချိန်မီ တုံ့ပြန်နိုင်ခဲ့သည်။ ဖုတ်ကောင်နှစ်ကောင်သည် လျင်မြန်စွာ ခရစ်စတယ်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကျောပိုးအိတ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
ကြည့်ရှုသူများကား မွန်းစတားများကို ထုတ်လွှတ်ခြင်းသည် သူ့အပေါ် အလုပ်မဖြစ်ကြောင်း မြင်သောအခါ တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်းသွားပြီး ပျော်ရွှင်မှု ရှာရန် အခြားတိုက်ရိုက်ကြည့်ရှုရသည့်အခန်းများသို့ ပြောင်းသွားကြသည်။
နေ့လည်၌ ချင်းကျီယီ ရုတ်တရက် မီကျားထံသို့ လျှောက်လာပြီး ပြော၏ ။ "ငါ ဒီမှာ ဆက်နေဖို့ အစီအစဉ်မရှိတော့ဘူး"
ကြည့်ရှုသူများ၏ လှူဒါန်းမှုများကြောင့် ချင်းကျီယီနှင့် အခြားနှစ်ဦးသည် အတော်လေး သက်သောင့်သက်သာနှင့် နေထိုင်နေကြသည်။ သူတို့ ဤနေရာအားလာခဲ့ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကမ္ဘာ့ဘော့စ်အား လိုက်လံရှာဖွေရန်သာ ဖြစ်သည်။ ယခုမူ ဘော့စ် ပျောက်ကွယ်သွားပြီဖြစ်ရာ အထူးသဖြင့် မသက်ဆိုင်သော အသက်ရှင်ကျန်ရစ်သူများနှင့် သူတို့၏ ရင်းမြစ်များကို ဝေမျှရန်အတွက် ဤနေရာတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပေ။
သူသည် ထောင့်တွင် ကုပ်အောင်းနေသော သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးများအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသံကို နိမ့်လိုက်ကာ မီကျားကို မေးလိုက်သည်။ "မင်း ငါတို့နဲ့ အဖွဲ့ဖွဲ့မလား?"
သူသည် ဤဆံပင်နီနီရဲရဲနှင့် အသက်ရှင်ကျန်ရစ်သူအား ယခုတိုင် နားမလည်နိုင်သေးပေ။ မီကျားတွင် ဂိမ်းကို ကိုယ်တိုင် ရှင်းလင်းနိုင်လောက်သော ခွန်အား အလုံအလောက် ရှိနေသော်လည်း အဘယ်ကြောင့် ရှင်သန်မှုကို ပိုမိုခက်ခဲစေမည့် ဝန်ထုပ်ဝန်ပိုးများစွာအား ဆွဲခေါ်နေရသနည်း?
မီကျား ထိုမေးခွန်းကို ရယ်စရာကောင်းသည်ဟု ထင်လိုက်သည်။ "မင်းတို့ ဘော့စ်ကို လိုက်ရှာဖို့ ထွက်သွားကြမှာ မဟုတ်လား? ငါ မင်းတို့အဖွဲ့ထဲ ပါနေရင် မင်းတို့ကို လှုပ်ရှားခွင့် ပေးမယ်လို့ မင်း တကယ်ထင်တာလား?"
"မျှတတဲ့ အချက်ပဲ" ချင်းကျီယီ ခေါင်းညိတ်လိုက်ပြီး ထပ်မံ ဖိအားမပေးတော့ပေ။ "ဒါဆို နှုတ်ဆက်ဖို့ အချိန်တန်ပြီလို့ ထင်တယ်။ နောက်တစ်ကြိမ် ငါတို့ ပြန်ဆုံတွေ့တဲ့အခါ မင်း အသက်ရှင်နေဦးမယ်လို့ မျှော်လင့်ပါတယ်။"
"စိတ်မပူပါနဲ့။ ငါက မင်းထက်တော့ သေချာပေါက် ပိုအသက်ရှည်ဦးမှာ။"
"..." ချင်းကျီယီ သူ့အား မနှောင့်ယှက်တော့ဘဲ အခြားနှစ်ဦးနှင့်အတူ မြေအောက်ကားဂိုဒေါင်မှ ထွက်ခွာသွားခဲ့သည်။
နေ့လယ်စာစားကာ အနားယူပြီးနောက် မီကျားသည် ကျောပိုးအိတ်ဖြင့် ပတ်ဝန်းကျင်အား ပုံမှန်လုပ်နေကျအတိုင်း ထွက်ကြည့်ခဲ့သည်။
သူသည် ရှင်းဖုရပ်ကွက်မှ မဝေးလှသော ရုံးအဆောက်အအုံတစ်ခုထံသို့ ရင်းနှီးစွာ ရောက်ရှိလာခဲ့သည်။
မီကျား ရုံးအဆောက်အအုံ အပျက်အစီးများအတွင်းတွင် တစ်ဝက်တစ်ပျက် မြှုပ်နှံထားပြီး ဟောက်သံပေးနေသော အညစ်အကြေးကောက်သူကို စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "မင်း ငပျင်းကောင်….မင်းက ငါ့ထက် ဘယ်လိုလုပ် ပိုပြီး ပျင်းပျင်းရိရိနေနိုင်ရတာလဲ ။"
သူသည် ဤထူးခြားသော အညစ်အကြေးကောက်သူအား လွန်ခဲ့သည့် လေးရက်ခန့်မှ ရိက္ခာရှာဖွေလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ရှင်းဖုရပ်ကွက်မှ မဝေးလှသော်လည်း ပျက်စီးမှုများ ဖန်တီးကာ လှည့်လည်နေသော အခြား အညစ်အကြေးကောက်သူများနှင့် မတူဘဲ ၎င်းသည် အပျက်အစီးများကြားတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းကာ သေချင်ယောင်ဆောင်နေခဲ့သည်။ ၎င်းသည် လူအများစု ရှာမတွေ့နိုင်သော ဖုံးကွယ်ထားသည့် ထောင့်တစ်နေရာတွင် တမင်တကာ ပုန်းအောင်းနေခဲ့သည်။
အစပိုင်းတွင် မီကျားက ၎င်းသည် ဒဏ်ရာရနေခြင်း သို့မဟုတ် ပိတ်မိနေခြင်း ဖြစ်နိုင်သည်ဟု ထင်ခဲ့သော်လည်း ၎င်းကို အကြိမ်အနည်းငယ် ပတ်၍ ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီးနောက် ၎င်းသည် ရိုးရှင်းစွာ ပျင်းရိနေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
မှန်ပေသည် ၊ ယင်းအား အလုပ်ချိန်၌ ပျင်းရိနေခြင်းဟု အများအားဖြင့် သိကြပေသည်။
တစ်ခါတစ်ရံ ၎င်းသည် နိုးလာပြီး မျက်လုံးများ ဖွင့်ကာ မီကျားအား တုံ့ပြန်မှုတစ်စုံတစ်ရာမရှိဘဲ ကြည့်လိုက် ၊ သမ်းဝါးလိုက် ၊ လှိမ့်လိုက်ပြီးနောက် အိပ်ရာသို့ ပြန်ဝင်သွားသည်။ ၎င်းသည် စကားလုံး၏ အဓိပ္ပာယ်အတိုင်း ဆားနယ်ထားသောငါး (ငါးဆားနယ်) အား ပုံဖော်နေခြင်း ဖြစ်သည်။
ဟုတ်တယ်…ဒါက သူ့ရဲ့ စတိုင်နဲ့ အရမ်းတူတယ်…. ။ ၎င်းသည် မွေးမြူရန်ကောင်းသော မျိုးစေ့တစ်ခုပင်။
"ဟေး။ ငါ ခုထိ မယုံနိုင်သေးဘူး။" မီကျား မျက်ခွံများ တွဲကျနေသော ငါးဆားနယ် အညစ်အကြေးကောက်သူ၏ နဖူးပေါ်တွင် ထိုင်ချလိုက်သည်။ "ငါ့ထက် ပိုပျင်းတဲ့ မွန်းစတားတစ်ကောင် ဘယ်လိုလုပ် ရှိနိုင်တာလဲ? ဒီလိုဆို မဖြစ်ဘူး။ ငါ မင်းကို အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုနဲ့ မီးတောက်လောင်အောင် လုပ်ရမယ်...."
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းဝယ် သူသည် အမြန်နှုန်းဖုတ်ကောင်များအား လိုက်လံရှာဖွေခဲ့ပြီး တစ်ကောင်တည်းရှိသော အညစ်အကြေးကောက်သူတစ်ကောင်ကိုပင် နှိမ်နင်းနိုင်ခဲ့သည်။ အားလုံးပေါင်းလိုက်လျှင် သူသည် ခရစ်စတယ်အချို့အား စုဆောင်းထားနိုင်ခဲ့သည်။
မီကျား ကောင်းကင်မှ ကျလာသော၊ ကြီးမားသည့် ခြိမ်းခြောက်မှုမရှိသော၊ နှစ်သက်မှုရမှတ် တိုးစေမည့် ပစ်မှတ်အား လွှတ်ပေးမည် မဟုတ်သည်မှာ သေချာပေသည်။ ထို့ကြောင့် သူသည် ၎င်း၏ ပါးစပ်သို့ လျှောက်သွားကာ ကျောပိုးအိတ်ကို ဖွင့်ပြီး သူ စုဆောင်းထားသော ခရစ်စတယ် အားလုံးကို ပစ်ချပေးလိုက်သည်။
အစားအစာနှင့် ပတ်သက်လာလျှင် ဤပျင်းရိသော အညစ်အကြေးကောက်သူသည် မည်သည်မှ ရွေးချယ်ခြင်း မရှိပေ။ ၎င်း၏ ပါးစပ်သည် ချက်ချင်း ပွင့်လာပြီး ခရစ်စတယ်များအား မတွန့်ဆုတ်ဘဲ မျိုချလိုက်သည်။ သို့သော် ၎င်း၏ ကြိုးစားအားထုတ်မှုသည် ထိုမျှသာ ဖြစ်သည်။ ပါးစပ်ဖြင့် ပျင်းရိစွာ ဝါးလိုက်ပြီးနောက် ၎င်းသည် ၎င်း၏ ငါးဆားနယ်ပုံစံသို့ ပြန်လဲကျသွားခဲ့သည်။ မီကျားပင် ကြည့်ရန် အနည်းငယ် ခက်ခဲသည်ကို တွေ့ခဲ့ရသည်။
၎င်းကို အစာကျွေးပြီးနောက် သူသည် အညစ်အကြေးကောက်သူ၏ ရင်ဘတ်ပေါ်မှ အိုင်ကွန်အား ကြည့်လိုက်သည်။
[မွန်းစတားအမည်: အညစ်အကြေးကောက်သူ - သန္ဓေပြောင်းမျိုးစိတ် ]
[အဆင့်: ၃]
[မှတ်ချက်: ထူးဆန်းသော အညစ်အကြေးကောက်သူ ပေါ်လာခဲ့သည်။ အလွန်ပျင်း၏ ။ အလွန်အိပ်ချင်ပြီး အလုပ်မလုပ်ချင်ပါ ။ ဂိမ်းပြီးဆုံးပြီးနောက် ၎င်း၏ကြည်လင်သောအူတိုင်အား ရှင်သန်မှုရမှတ်များအဖြစ် တွက်ချက်နိုင်ပြီး ဖုတ်ကောင်ဘုရင်မှ စုပ်ယူနိုင်သည်။]
[အခြေအနေ: ဖမ်းယူနိုင်]
[နှစ်သက်မှု: ၉၇/၁၀၀ (ရန်လိုမှု ရုပ်သိမ်းပြီးဖြစ်သည်။ ၁၀၀ ရောက်ရှိပါက လိုက်ရှာမှု ပြီးမြောက်မည်ဖြစ်ပြီး ၎င်းသည် သင်၏ စကားကို နားထောင်ပေမည်။)]
ယခင်က အမြန်နှုန်းဖုတ်ကောင်မှ အပြာရောင် ခရစ်စတယ်အား လုချန်ကို ကျွေးခြင်းသည် နှစ်သက်မှုကို ၁ မှတ်သာ တိုးစေခဲ့သော်လည်း အလားတူ အပြာရောင် ခရစ်စတယ်ကို အညစ်အကြေးကောက်သူအား ကျွေးခြင်းသည် ၅ မှတ် တိုးစေခဲ့သည်။ မွန်းစတား အမျိုးအစားအလိုက် ခရစ်စတယ်များကို ကျွေးသောအခါ မတူညီသော နှစ်သက်မှု ပမာဏများ ရရှိပုံရသည်။
ပျောက်ဆုံးနေသော နှစ်သက်မှု သုံးမှတ်ကို ကြည့်၍ မီကျားသည် ပျင်းရိသော အညစ်အကြေးကောက်သူ၏ ပုပ်နေသော ၊ အနံ့ဆိုးထွက်နေသော အရေပြား၊ ဖောင်းကားနေသော ငါးမျက်လုံးနှင့် တောက်ပသော အနီရောင်နှုတ်ခမ်းများကို ချစ်ခင်စွာ စိုက်ကြည့်လိုက်ပြီး ပြင်းထန်သော အတွင်းပဋိပက္ခအတွင်းသို့ ကျရောက်သွားခဲ့သည်။
၎င်း၏ နှစ်သက်မှုအား အမြင့်ဆုံးရောက်စေရန် ချစ်စကား သုံးခွန်းမျှ ပြောရန် လိုအပ်ပေသည်၊ သို့သော်...
"မဟုတ်ဘူး... ငါ မလုပ်နိုင်ဘူး..." မီကျား သူ့ မျက်နှာအား ဖုံးအုပ်လိုက်သည်။ "ဒါက အရမ်း ရုပ်ဆိုးလွန်းတယ်၊ ငါ မလုပ်နိုင်ဘူး..."
[အသက်ရှင်ကျန်ရစ်သူ နံပါတ် ၇ - မီကျား] တိုက်ရိုက်ထုတ်လွှင့်မှု
၁၁၂လိုင်း : ...ဖုတ်ကောင်ဘုရင်ကို အစာကျွေးပြီးတော့ သူက အညစ်အကြေးကောက်သူကို စတင်ကျွေးမွေးနေတာလား?
၁၁၃လိုင်း : ခေါ်ယူခြင်းအမျိုးအစား အပြာရောင်တံဆိပ် စွမ်းရည်ရှိတဲ့ အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်တယ်။
၁၁၄လိုင်း : ဒါက ဖြစ်နိုင်တယ်။
၁၁၅လိုင်း : အင်းမ်... ငါဆိုလိုချင်တာက လူတွေမှာ ပွင့်လင်းတဲ့ ဘယ်လိုအတွေးအခေါ်မဆို ရှိလို့ရပါတယ်လေ... ဒါပေမဲ့ ဒါက နည်းနည်းလေးတော့ ပွင့်လင်းလွန်းနေပြီ မဟုတ်ဘူးလား?...
၁၁၆လိုင်း : အာ--