အခန်း ၂၄: မေ့လျော့နေသော အချစ်
နောက်ဆုံးတွင် မီကျား ထိုသန္ဓေပြောင်းထားသော ငါးဆားနယ်မွန်းစတားအား ချစ်စကားများ မပြောနိုင်သေးဘဲ ရိုးရိုးသားသားဖြင့် အနီးအနားသို့ သွားကာ ဖုတ်ကောင်အချို့ကို ခုတ်ထစ်ပြီး ၎င်းကို အစာကျွေးခဲ့သည်။
၎င်း၏ ရင်ဘတ်ပေါ်ရှိ နှစ်သက်မှုသည် ၁၀၀/၁၀၀ ဖြစ်လာသောအခါ ရင်းနှီးသော အီလက်ထရောနစ်အသံသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
[ရှင်သန်သူ မီကျားအား အညစ်အကြေးကောက်သူ - သန္ဓေပြောင်းမျိုးစိတ်ကို ဖမ်းယူနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။]
[ရှင်သန်သူ မီကျား ဂိမ်းအရောင်းအဝယ်စင်တာအား အောင်မြင်စွာ ဖွင့်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။]
ဂိမ်းအရောင်းအဝယ်စင်တာ?
ဤစကားကို ကြားသောအခါ မီကျား စိတ်ဝင်စားသွားပြီး သူ၏ မျက်နှာပေါ်ရှိ အနီရောင်ကြက်ခြေခတ်အား ထိလိုက်ကာ ၎င်းကို ကြည့်ရန် ဘောင်ကွက်ကို ဖွင့်လိုက်သည် ။
မူလက ရိုးရှင်းသော ပရိုဖိုင်းကတ်၏ ညာဘက်အပေါ်ထောင့်တွင် လက်ဆောင်ပုံးလေးတစ်ခု ပေါ်လာခဲ့သည်။ လက်ဆောင်ပုံးလေး အိုင်ကွန်ကို နှိပ်လိုက်သောအခါ ကုန်စည်မျိုးစုံအား ပြသထားသည့် ဂိမ်းအရောင်းအဝယ်စင်တာ စာရင်းတစ်ခု ပေါ်လာခဲ့သည်။
ပစ္စည်းတစ်ခုစီအောက်တွင် ၎င်း၏ ကိုယ်ပိုင်ဈေးနှုန်း ကတ်ပြားပါရှိပြီး ဈေးနှုန်းယူနစ်မှာ ရမှတ်များ ဖြစ်သည်။
မီကျားသည် ဂိမ်းစတင်ဝင်ရောက်ချိန်တွင် စနစ်မှ ပြောခဲ့သည့်အရာကို မှတ်မိနေသေးသည်။ ရှင်သန်မှုရမှတ်များကို ဂိမ်းရှင်းလင်းပြီးနောက် ချပေးမည် ဖြစ်သည်။ ဤရမှတ်များနှင့် ရှင်သန်မှုရမှတ်များသည် မတူညီသော ငွေကြေးနှစ်မျိုး ဖြစ်သင့်သည်။
သူသည် ရမှတ်များ၏ လဲလှယ်မှုနည်းလမ်းနှင့် အချိုးအစားကို စစ်ဆေးရန် [ကျွန်ုပ်၏အကောင့်] ကို နှိပ်လိုက်သည်။
ရမှတ်များကို ခရစ်စတယ်များနှင့် လဲလှယ်သည်။ အစိမ်းရောင် ခရစ်စတယ် တစ်ခုသည် ရမှတ် ၁ မှတ်၊ အပြာရောင် ခရစ်စတယ် တစ်ခုသည် ရမှတ် ၁၀မှတ်၊ ခရမ်းရောင် ခရစ်စတယ် တစ်ခုသည် ရမှတ် ၁၀၀ နှင့် လိမ္မော်ရောင် ခရစ်စတယ် တစ်ခုသည် ရမှတ် ၁၀၀၀ ဖြစ်သည်။
မီကျား အခြားအရောင်သုံးမျိုး ခရစ်စတယ်များအား မြင်ဖူးသော်လည်း လိမ္မော်ရောင်ကို တစ်ခါမှ မမြင်ဖူးပါ။ ဖုတ်ကောင်ဘုရင်၏ ဆုချသည့် ပစ္စည်းသည် လိမ္မော်ရောင် ခရစ်စတယ် ဖြစ်လျှင် အံ့သြစရာ မရှိပေ။
သူ အမြန်ကြည့်လိုက်ရာ ဤအရောင်းအဝယ်စင်တာတွင် ရှင်သန်ရေးရိက္ခာများ မပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကုန်ပစ္စည်းများသည် စွမ်းရည် အထူးအကျိုးသက်ရောက်မှု Skinများ၊ မွန်းစတားSkinများ၊ တိုက်ရိုက်ကြည့်ရှုသည့်အခန်း Skinများ၊ ကတ်ဘောင် Skinများ၊ ကင်မရာSkinများ စသည်ဖြင့် ဂိမ်းSkinများသာ ဖြစ်သည်။ ယင်းတို့ကား အမျိုးအစား အတော်လေး များပြားသည်။
အရောင်းအဝယ်စင်တာ၏ ထိပ်ပိုင်းတွင် စာလုံးသေးသေးလေးတစ်ကြောင်းလည်း ရှိသေးသည်။
[မျှတပြီး လွတ်လပ်သော ဂိမ်းတစ်ခုအနေဖြင့် အဆုံးမဲ့ ကမ္ဘာပျက်ခြင်း ဂိမ်းအရောင်းအဝယ်စင်တာရှိ Skinများနှင့် စွမ်းရည် အကျိုးသက်ရောက်မှုများတွင် အပိုထပ်ဆောင်း အရည်အချင်းများ မပါဝင်ပါ။]...
….အပိုထပ်ဆောင်း အရည်အချင်းများ မပါဝင်ပါလျှင်… ဤSkinများသည် အသက်ရှင်ကျန်ရစ်သူများအတွက် မည်သို့အသုံးဝင်မည်နည်း? ပို၍ အလှအပကို ချစ်မြတ်နိုးစွာ သေဆုံးရမည်လော?
ယေဘုယျအားဖြင့် ပြောရလျှင် ဤကဲ့သို့ ရှင်သန်ရေးဂိမ်းတစ်ခုရှိ အရောင်းအဝယ်စင်တာတွင် ရှင်သန်ရေးရိက္ခာအချို့ သို့မဟုတ် အနည်းဆုံးတွင် အသက်ရှင်ကျန်ရစ်သူအား အန္တရာယ်မှ ရုန်းထွက်နိုင်စေမည့် အသုံးဝင်သည့် အရာတစ်ခုခု ပါဝင်သင့်သည် မဟုတ်ပါလော?
သို့သော် ဤအရောင်းအဝယ်စင်တာသည် အသုံးမဝင်ပုံရသော်လည်း မီကျားအတွက်မူ အတော်လေး ဆွဲဆောင်မှုရှိခဲ့သည်။ သူ့ကို ဘယ်သူ အပြစ်တင်နိုင်မလဲ? သူ မည်သည့်ဂိမ်းကို ကစားသည်ဖြစ်စေ အရင်ဦးစွာ Skinများ တစ်ပုံတပင် ဝယ်မထားလျှင် စိတ်မသက်မသာ ဖြစ်နေတတ်သည်။
ဂိမ်းမှာ ညံ့နေရင်တောင် ခမ်းနားတဲ့ Noobတော့ ဖြစ်ရမယ်။
ထို့ကြောင့် သူသည် သူ၏လက်ထဲမှ ကျန်ရှိနေသော ခရစ်စတယ် အားလုံးကို အရောင်းအဝယ်စင်တာ ရမှတ်များအဖြစ် လဲလှယ်လိုက်ပြီး အရောင်းအဝယ်စင်တာရှိ Skinများကို စိတ်ပါဝင်စားစွာ ကြည့်လိုက်သည်။
အီဒင်သည် မျက်နှာပြင်ပေါ်ရှိ လူငယ်မူ ဂိမ်းအဆုံးတွင် ရှင်သန်မှုရမှတ်များ လဲလှယ်နိုင်သော ခရစ်စတယ် အားလုံးကို အသုံးမဝင်သော အရောင်းအဝယ်စင်တာရမှတ်များအဖြစ် လဲလှယ်လိုက်သည်ကို မြင်သောအခါ သူ ခုနမှ ပါးစပ်အပြည့် သောက်လိုက်သော ကော်ဖီအား တာမီနယ် ပေါ်သို့ မှုတ်ထုတ်လိုက်သည်။
သူသည် ပါးစပ်ကို သုတ်လိုက်ပြီး ပေါ့အပ်များ ပို့ရန် စတင်ခဲ့သည်။
"မင်းက ရူးနေတာလား? ဒီလို မိုက်မဲတဲ့ အရောင်းအဝယ်စင်တာကို ခုထိ ယုံနေတုန်းပဲလား?..."
"ဒီရမှတ်တွေက လုံးဝ အသုံးမဝင်ဘူး... ရှင်သန်မှုရမှတ်တွေ ရှင်းလင်းဖို့နဲ့ စွမ်းရည် အဆင့်မြှင့်ဖို့ ခရစ်စတယ်ကို ချွေတာတာက ပိုမကောင်းဘူးလား..."
မီကျား၏ တိုက်ရိုက်ကြည့်ရှုသည့်အခန်းတွင် ပေါ့အပ်များ တင်နေသူများ များများစားစား မရှိသောကြောင့် သူသည် ပေါ့အပ်များကို မပိတ်ခဲ့ပေ။ သူ၏ မျက်လုံးများရှေ့တွင် အဖြူရောင် စာလုံးနှစ်ကြောင်း မျောပါသွားသည်ကို မြင်သောအခါ သူ အနည်းငယ် အံ့အားသင့်နေဆဲ ဖြစ်သည်။
သူသည် ပေါ့အပ်များကို လျစ်လျူရှုပြီး အရောင်းအဝယ်စင်တာကို ဆက်လက်ကြည့်ရှုခဲ့သည်။
ဝယ်သူ မရှိသောကြောင့် ထင်သည်၊ ၎င်းရှိ ထုတ်ကုန်အများစုသည် လျှော့စျေးများ ပေးထားသော်လည်း သူ့တွင် ထိုအရာများ ဝယ်ရန် ပိုက်ဆံ အများအပြား မရှိသေးပေ။
ထင်ရှားစွာ ပြသထားသော ပစ္စည်းများသည် အများအားဖြင့် စေ့စေ့စပ်စပ် ဒီဇိုင်းထုတ်ထားသော တိုက်ရိုက်ကြည့်ရှုသည့်အခန်း အလှဆင်ပစ္စည်းများ ဖြစ်သည်။ အခြား Skinများနှင့် နှိုင်းယှဉ်ပါလျှင် ဤအလှဆင်ပစ္စည်းများသည် တိုက်ရိုက်ကြည့်ရှုသည့်အခန်းပုံစံကို သင့်လျော်စွာ မြှင့်တင်နိုင်ပြီး ကြည့်ရှုသူများကို ပိုမို ဆွဲဆောင်နိုင်သဖြင့် ဤအမှိုက်ပုံအတွင်းတွင် နှိုင်းယှဉ်ချက်အရ ပိုမို အသုံးဝင်သည်။
သို့သော် ဤတိုက်ရိုက်ကြည့်ရှုသည့်အခန်း Skinများ၏ ဈေးနှုန်းများသည် အတော်လေး ဈေးကြီးပေသည်။ မီကျားသည် သူ၏ စုတ်ပြတ်နေသည့် ဆယ်မှတ်သော ရမှတ်ကို ကြည့်လိုက်ပြီးနောက် Skinအောက်ရှိ သုညများစွာကို ကြည့်ကာ အတွေးများအတွင်း နစ်မြုပ်သွားခဲ့သည်။
သူသည် အောက်ဆုံးအထိ ဆက်လက် ဆွဲချသွားခဲ့ပြီးနောက် အလွယ်တကူ လွဲချော်သွားနိုင်ခြေရှိသော ထောင့်တစ်နေရာတွင် ဝှက်ထားသည့် ပုရွက်ဆိတ် အရွယ်အစား စာလုံးအချို့ကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ အချိန်အကန့်အသတ်ရှိ အခမဲ့ဇုန်၊
ဒီဂိမ်းက အခမဲ့-ကစားရန် ဖော်မြူလာကို တကယ် နားလည်တာပဲ။
သူ အချိန်အကန့်အသတ်ရှိ အခမဲ့ ကဏ္ဍကို နှိပ်လိုက်သောအခါ Skin ဒီဇိုင်းများသည် ချက်ချင်းပင် အဆင့်မြင့် ဇိမ်ခံပစ္စည်းများနှင့် လက်ရာမြောက်အထူးကောင်းမွန်သော ပုံစံမှ အစောပိုင်းကာလများတွင် ခေတ်ရေစီးကြောင်းစတိုင်မဟုတ်သော ပုံစံများ ခေတ်စားခဲ့စဉ်က ကျူကျူစပေစ့် နောက်ခံပုံများကဲ့သို့ အရောင်တလက်လက်တောက်ပနေသည့် အညံ့စား ပုံစံသို့ ပြောင်းသွားခဲ့သည်။
မီကျားသည် သေလောက်အောင် တောက်ပနေသော နီယွန်ပန်းရောင် နောက်ခံ Skinများထဲမှ တစ်ခုကို ရွေးချယ်လိုက်သည်။ နောက်ခံတွင် ရှာမာတဲ ဆံပင်ပုံစံကဲ့သို့ ပြင်းပြင်းထန်ထန် ဓာတ်ပုံပြင်ဆင်ထားသော၊ ဂြိုလ်သားတစ်ဦးနှင့်တူသော လူတစ်ယောက်အား ဖော်ပြထားပြီး သူ၏ဘေးတွင် "မေ့လျော့နေသော အချစ်" ဟူသော စာသားများ ပါရှိသည်။ တစ်ခုလုံးသည် မျက်စိများ ကျိန်းစပ်သွားလောက်အောင် တောက်ပသည့် အညံ့စား ရုပ်ထွက်အကျိုးသက်ရောက်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုSkin၏ အောက်ခြေတွင် ယင်းကဲ့သို့ စာသားတစ်ကြောင်း ပါရှိသည်။
[မူရင်းဈေးနှုန်း : ရမှတ် ၃၀၀ (အချိန်အကန့်အသတ်ရှိ အခမဲ့! အရောင်းရဆုံး! )
ဤစာကြောင်းအောက်တွင် မှန်ဘီလူးကို အသုံးပြု၍ ကြည့်ရလုနီးပါး ဖြစ်သော ပိုသေးငယ်သည့် စာကြောင်းတစ်ကြောင်း ရှိသည်။
[သုံးရက်အတွက် အချိန်အကန့်အသတ်ဖြင့် အခမဲ့ဖြစ်သည်။ သတ်မှတ်ရက်မတိုင်မီ ပယ်ဖျက်ရန် ဆက်တင်စာမျက်နှာသို့ မသွားပါက မူရင်းဈေးနှုန်းကို ရမှတ်များဖြင့် အလိုအလျောက် သက်တမ်းတိုးပြီး ဖြတ်တောက်မည်။]
"မင်းလေးပဲ~" မီကျားသည် ဝယ်ယူရန် နှိပ်လိုက်ပြီး ၎င်းကို တိုက်ရိုက်ကြည့်ရှုသည့်အခန်း၏ နောက်ခံအဖြစ် တိုက်ရိုက် သတ်မှတ်လိုက်သည်။
အီဒင် သူ၏ရှေ့မှ ရိုးရှင်းသန့်ရှင်းသော တိုက်ရိုက်ကြည့်ရှုသည့်အခန်းသည် မျက်စိစူးလောက်အောင် တောက်ပသည့် နီယွန်ပန်းရောင်ကဲ့သို် အမြင်မကောင်းသည့်အရာအဖြစ်သို့ ချက်ချင်း ပြောင်းသွားသည်ကို ကြည့်လျက် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူ အချိန်ကြာကြာ စိုက်ကြည့်နေပါလျှင် သူ၏ မျက်လုံးများ တကယ်ပင် ကွယ်သွားမည်ဟု ခံစားရသည်။
တိုက်ရိုက်ကြည့်ရှုသည့်အခန်းရှိ လက်ရှိ ကြည့်ရှုသူဦးရေ အနည်းငယ်မှာ ချက်ချင်း ပိုမို လျော့ကျသွားခဲ့ပြီး ညာဘက်အောက်ထောင့်ရှိ မကြိုက်သူများ အရေအတွက်သည် ဖြောင့်တန်းစွာပင် မြင့်တက်သွားခဲ့သည်။
တစ်ချို့ဆိုလျှင် မကြိုက်ကြောင်း ဖော်ပြရန်အတွက် ဝင်လာပြီး မှတ်ချက်တစ်ခု ချန်ထားခဲ့ကာ ထွက်သွားခဲ့သည်။
၁၁၈လိုင်း: သွားပြီ၊ ငါ ပျော်ပျော်ရွှင်ရွှင် စာမျက်နှာတွေ လှန်နေတုန်း ဒီ အမြင်မကောင်းတဲ့ တိုက်ရိုက်ကြည့်ရှုတဲ့အခန်းက ရုတ်တရက် ပေါ်လာပြီး ငါ့ကို လန့်သွားစေတာ....
မူလက ကြည့်ရှုသူများအား ဆွဲဆောင်ရန် ရည်ရွယ်ထားသော Skinသည် ကြည့်ရှုသူများကို ပိုမိုထိတ်လန့်စေပြီး ထွက်သွားစေခဲ့သည်။ ဤလှုပ်ရှားမှု၊ ဟုတ်ပေသည် ၊ ဤလှုပ်ရှားမှုသည် ပြောင်းပြန်လုပ်ဆောင်မှု ဖြစ်သည်။
တိုက်ရိုက်ကြည့်ရှုခြင်းကို အလှဆင်ပြီးနောက် မီကျား အခြားပစ္စည်းများကို ကြည့်လိုက်သည်။ သူ့ကို အလွန်စိတ်ဝင်စားစေသောအရာများမှာ မွန်းစတားSkinဖြစ်ပြီး ၎င်းတို့သည် အခြားSkinများနှင့် နှိုင်းယှဉ်ပါက များစွာ ဈေးသက်သာသည်။ ဖြစ်နိုင်သည်မှာ ဝယ်သူ လုံးဝမရှိသောကြောင့် ဖြစ်သည်။
မွန်းစတားSkin ရောင်းချသည့် ဧရိယာအောက်တွင် စာကြောင်းတစ်ကြောင်း ရေးထားသည်။
[ကြောက်စရာကောင်းသော မွန်းစတားများကို ကြောက်ပါသလား? ဒါဆို မွန်းစတားSkinများကို လာဝယ်ပါ.... ဈေးသက်သာပြီး လူတိုင်း တတ်နိုင်ပါတယ်။ ကြောက်စရာအကောင်းဆုံး မွန်းစတားကိုတောင် ဝတ်စုံနဲ့ ချစ်စရာကောင်းအောင် လုပ်နိုင်ပါတယ်....]
[PS: ဟုတ်ပါတယ်၊ ချစ်စရာကောင်းသွားရင်တောင် သတ်ရမယ့်အချိန်ရောက်ရင် သတ်မှာပဲနော်။]
ဤမိတ်ဆက်ကို မြင်သောအခါ မီကျား သူ၏ဘေးတွင် အိပ်နေသော ငါးဆားနယ် အညစ်အကြေးကောက်သူကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှလုံးသား အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
သူသည် ဤအညစ်အကြေးကောက်သူကို မြေအောက်ကားပါကင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားပါက အခြားအသက်ရှင်ကျန်ရစ်သူများသည် သေချာပေါက် ထိတ်လန့်ကြမည်။ ၎င်းကို အလှဆင်ပေးခြင်းသည် ကောင်းသော အကြံတစ်ခု ဖြစ်ပုံရသည်။ ထို့ကြောင့် သူ၏ ရမှတ်များအားလုံးကို သေလောက်အောင် တောက်ပသော နီယွန်ပန်းရောင် ဘိုး တစ်ခုနှင့် သေလောက်အောင် တောက်ပသော နီယွန်ပန်းရောင် ဘဲလေးစကတ် တစ်ထည်ကို ဝယ်ယူရာတွင် သုံးစွဲခဲ့သည်။
ဝယ်ယူပြီးနောက် သူသည် ပစ္စည်းအိုင်ကွန်ကို အညစ်အကြေးကောက်သူပေါ်သို့ ဆွဲယူကာ သူ၏ လက်ချောင်းကို လွှတ်လိုက်သည်။ ထိုအခါ ဘိုးနှင့် ဘဲလေးစကတ်သည် အညစ်အကြေးကောက်သူပေါ်တွင် ပေါ်လာပြီး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ကို ပိုမို ချစ်စရာကောင်းအောင် ပြုလုပ်ပေးလိုက်သည်။
မီကျား သူ၏ ထူးခြားပြီး အဆင့်မြင့်သော အလှအပဆိုင်ရာ အာရုံခံစားမှုအား အလွန်ကျေနပ်သွားခဲ့သည်။ လက်ခုပ်တီးပြီးနောက် သူသည် အရောင်းအဝယ်စင်တာကို ပိတ်လိုက်သည်။
သူသည် အညစ်အကြေးကောက်သူ၏ နဖူးပေါ်မှ ခုန်ဆင်းလိုက်ပြီး ၎င်းကို မြေအောက်ကားဂိုဒေါင်သို့ ပြန်ပို့ရန် ညွှန်ကြားတော့မည့်အချိန်တွင် အနီးအနားမှ ပြင်းထန်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ မူလက နောက်ထပ် အညစ်အကြေးကောက်သူအချို့ ထပ်မံဝင်ရောက်လာသည်ဟု သူ ထင်ခဲ့သော်လည်း ပေါက်ကွဲသံများ လာရာအရပ်ကို ကြည့်လိုက်သောအခါ သူ တစ်ခါမှ မမြင်ဖူးသော အသက်ရှင်ကျန်ရစ်သူနှစ်ဦး ဖြစ်နေသည်ကို သဘောပေါက်ခဲ့သည်။
သူတို့ထဲမှ တစ်ဦးသည် ခေါင်မိုးဖွင့် အော့ဖ်ရုတ် ယာဉ်ကို မတည်မငြိမ် မောင်းနှင်နေသည်။ ရှေ့တွင် လမ်းပိတ်နေသော အပျက်အစီးများနှင့် အလောင်းများကို တစ်စုံတစ်ခုက ရှင်းပစ်နေသည့်အလား အတင်းအကြပ် တွန်းထုတ်ပစ်နေပြီး သွားလာရုံမျှသာ သွားလာနိုင်သည့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးနေသည်။
ဆံပင်ကောက်ကောက်နှင့် နောက်အမျိုးသမီးတစ်ဦးသည် ကားရှေ့ဖုံးပေါ်တွင် ခြေတစ်ဖက်ကို တင်ထားသည်။ သူမသည် ရိုင်းစိုင်းစွာနှင့် မောက်မာစွာ ရယ်မောလျက် ဖုတ်ကောင်အုပ်စုအတွင်းသို့ အရာဝတ္ထုများကို ရူးသွပ်စွာ ပစ်ပေါက်နေသည်...
မီကျား မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဂရုတစိုက် ကြည့်လိုက်သည်။
...ဖန်သားစကျင်ကျောက်လုံးများကို ပစ်ပေါက်နေ၏ ။
သို့သော် ထိုဖန်သားစကျင်ကျောက်လုံးများသည် မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် လက်ပစ်ဗုံးများထက် မလျော့သော ပြင်းထန်သည့် ပေါက်ကွဲမှုများအား ဖြစ်ပေါ်စေခဲ့ပြီး ပုံမှန်အချိန်တွင်ပင် ဟောင်းနွမ်းနေသော ပတ်ဝန်းကျင်ကို ပိုမို ဆိုးရွားစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များသည် အနီးသို့ မရောက်မီ စကျင်ကျောက်လုံးများဖြင့် ကောင်းကင်သို့ ပစ်လွှင့်ခံခဲ့ရပြီး ပြတ်တောက်နေသော ခြေလက်များနှင့် လက်များသည် အပျက်အစီးများနှင့်အတူ မိုးကဲ့သို့ ပြန့်ကျဲသွားခဲ့သည်။ မြင်ကွင်းသည် အတော်လေး ထိတ်လန့်စရာ ကောင်းသည်။
အမျိုးသမီးသည် ကြောက်ရွံ့မှုကို မပြရုံသာမက အလွန် စိတ်လှုပ်ရှားနေပြီး "ဝိုးဟူး- တက်တော့...." ဟု ကျယ်လောင်စွာ အော်ဟစ်နေသည်။
ထိုနှစ်ဦးသည် အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။ မီကျား ဤမြင်ကွင်းကို မြင်သောအခါ ကောက်ချက်ချလိုက်သည်။
...သေစမ်း.... ဒီက ရှင်သန်သူအားလုံးက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ စွမ်းရည်တွေ ရှိနေရတာလဲ? "