Chapter 25
" အခုချက်ချင်း ပိုက်ဆံတွေ ပြန်ထုတ်ပေးစမ်း မဟုတ်ရင် "
အဘွားကြီးဟန် နောက်လှည့်ကြည့်သည့်အခါ သူမ၏ ဒုတိယသားကိုမတွေ့ရ၍ ပိုပြီးဒေါသထွက်ကာအော်တော့သည် ။
" အရေးရယ် အကြောင်းရယ်ဆိုရင် ဘယ်နားသွားသေနေလဲ မြန်မြန်တတိယလေးကို ပြန်ခေါ်ပြီး သူမိန်းမကိုဆုံးမခိုင်းလိုက်စမ်း.... ဒီမိန်းမက ငါတို့မိသားစုအတွက် ဂြိုလ်ဆိုးမဘဲ "
ဒုတိယအစ်ကိုဟန် ခြံဝန်းထဲသို့ဝင်လာသည်နှင့် ပထမချွေးမကို သူ့ကို ဟန်ချင်စုန့် ထံစာပို့ရန်ခိုင်းစေခဲ့ပြီး သူအနေနှင့်ဘာတွေဖြစ်နေလဲ ဆိုတာတောင်သဲသဲကွဲကွဲ မသိပေ ။
" ချွေးမကြီး ဘာလို့ကြိုးတစ်ချောင်းမယူလာတာလဲ "
အဖွားကြီးဟန် ကဒေါသထွက်လွန်း၍ပူထူနေကာ မီးထတောက်မတတ်ပင်ဖြစ်နေပြီး ပထမချွေးမက စစ်ပွဲအငွေ့အသက်တွေရနေသောကြောင့် လင်းလန် အားပြောလိုက်သည် ။
" တတိယလေးရဲ့ ဇနီး ပိုက်ဆံတွေကိုဘယ်မှာဖွက်ထားတာလဲ ။ အမေ့ကိုမြန်မြန်ပြန်ပေးလိုက် အဲ့တာတွေက မိသားစုပိုင်ငွေတွေနော် "
အဖွားကြီးက ဒေါသကြောင့်သွေးဆောင့်တက်နေပြီး လင်းလန် ကိုရိုက်ရန် တုတ်တစ်ချောင်းကို ထပ်ကိုင်ဆွဲကာ ဆဲဆိုအော်ဟစ်ရန်လည်း မမေ့ပေ ။
" နင်ကအရမ်းကို ဥာဏ်များတဲ့မိန်းမဘဲ! ငါကနင့်ကို တုံးအတယ်ထင်နေခဲ့ပေမဲ့ နင်ကငါ့သားနဲ့လက်ထပ်ထားတာကိုအကြောင်းပြပြီး ပိုက်ဆံတွေခိုးယူချင်နေတာ "
" ကျွန်မက ကိုယ့်ယောက်ျားရဲ့ ပိုက်ဆံကိုပြန်ခိုးစရာ လိုလို့လား "
လင်းလန် ကတော့ရှောင်ဝမ် ရဲ့ဒဏ်ရာကိုသာပိုပြီးစိတ်ပူနေသည် ။
" ပိုက်ဆံတွေပြန်ပေးစမ်း "
" ပိုက်ဆံတွေလား ဟမ့်! ယွမ်နှစ်ရာလောက်နဲ့ ဘာလုပ်လို့ရမှာလဲ ရှောင်ဝမ် ရဲ့မျက်လုံးကပိုပြီး တန်ဖိုးကြီးတယ် ယွမ် ခုနစ်ထောင် ရှစ်ထောင်ဆိုရင်တောင်မှ ကျွန်မရဲ့သားနဲ့ယှဥ်လို့မရဘူး "
အဘွားကြီးဟန် ရဲ့မျက်နှာကရွံ့တွနေပြီး နောက်ထပ်လှည့်ကွက်တစ်ခုအနေနှင့် လင်းလန် အားဦးညွတ်ရန်ကြိုးစားလိုက်သည် ။
သို့သော်လည်း လင်းလန် ဘယ်လိုနည်းနှင့်မှ ဦးညွတ်မူအား သူမမခံယူဘဲ ရှောင်တိမ်းလိုက်သောကြောင့် အဘွားကြီးဟန် သည်အရှိန်မထိန်းနိုင်ဘဲ နံရံနှင့်ခေါင်းဆောင့်မလို ဖြစ်သွားသည် ။
အဖွားကြီးဟန် ခေါင်းနဲ့ဆောင့်မိရင် သေချာပေါက်သွေးထွက်မည် ဖြစ်ကာ သနားစကောင်းအောင်တစ်ကိုယ်တော်ပြဇာတ်ကတော့မည် ကိုကြိုမြင်သောကြောင့် လင်းလန်က ခေါင်းမဆောင့်မိရန် ဆွဲလိုက်ကာ လမ်းကြောင်းပြောင်းပေးလိုက်သော်လည်း အဘွားကြီးက လက်မလျှော့ဘဲ ဂွင်ဆင်ရန်ကြိုးစားနေဆဲဖြစ်သည် ။
သို့သော်လည်း သန်မာသည့်လက်တစ်ဖက်က သူမအားဆွဲမထား၍ မကျေမနပ်ဖြစ်ကာ ကြည့်လိုက်သည် ။ ထိုသူက စစ်စိမ်းရောင်ယူနီဖောင်းနှင့် အေးစက်သောမျက်နှာထားရှိပြီး ခန့်ညားသည် ။ အဖွားကြီးဟန် ကချက်ချင်းပင်မျက်ရည်များ စတင်ညှစ်ထုတ်တော့သည် ။
" တတိယလေး မင်းခြေတစ်လှမ်းလောက်နောက်ကျတာနဲ့ မင်းအမေကိုတစ်သက်လုံး ထပ်မတွေ့ရဘဲနေတော့မလို့ ဆိုတာသိလား ။ မင်းရဲ့မိန်းမ အရိုင်းအစိုင်းက ငါ့ကိုသေအောင်သတ်တော့မလို့....မြန်မြန်သူမရဲ့ မိသားစုဆီကိုပြန်ပို့လိုက်စမ်းပါ ငါတို့မိသားစုက သူမကိုတင်ကျွေးမထားနိုင်တော့ဘူး "
ဒါက ဘယ်လိုခွေးစကားတွေတုန်း!
လင်းလန် ကြည့်လိုက်သည့်အချိန်တွင် မှောင်မိုက်နေသည့်မျက်ဝန်းတစ်စုံနှင့် ထိပ်တိုင်ရင်ဆိုင်လိုက်ရသည် ။ ထိုမျက်ဝန်းများက ကျားသစ်တစ်ကောင်၏ မျက်ဝန်းများကဲ့သို့ နားလည်ရခက်ကာအေးစက်နေသည် ။
သူမက အလေးအနက်ဖြစ်နေသည့် ဟန်ချင်စုန့် ကိုကြည့်ကာတွေးလိုက်မိသည် ။
ငါမူလကိုယ်လိုမျိုး အော်ဟစ်သောင်းကျန်းလိုက်ရမလား...
ဒါမှမဟုတ် အေးစက်စက်မျက်နှာထားနဲ့ဘဲ ငြိမ်ငြိမ်နေလိုက်ရမလား...
အနေဝေးတဲ့ ခင်ပွန်းကို ပြန်တွေ့ရတဲ့ ဇနီးရဲ့ ခံစားချက်ကဘယ်လိုမျိုးရှိပြီး သူမကဘယ်လိုပြုမူရမှာလဲ...
သူမတကယ်ကို မသိသလို ထိုနယ်ကယ်တွင်အတွေ့အကြုံလဲမရှိခဲ့ပေ ။
ရှက်စရာဘဲဟာ!
သူမက တစ်ကိုယ်တော်ဇာတ်ခင်းနေသည့် အဘွားကြီးဟန်နှင့် ဟန်ချင်စုန့် တို့အားအိမ်အပြင်တွင် ပစ်ထားခဲ့ကာ တစ်ကိုယ်လုံးကိုက်ခဲနေပါသော်လည်း ရှောင်ဝမ်ကို အိမ်ထဲသို့ချီသွားပြီး အနွေးကုတင်ပေါ်သို့ ချပေးလိုက်သည် ။
သူမက သွေးထွက်နေသည့်ရှောင်ဝမ် ၏ ဒဏ်ရာအားဆေးထည့်ရန် ဆေးဝါးတချို့ကိုလည်းရှာဖွေနေခဲ့သည် ။
အိမ်အပြင်တွင်တော့ လင်းလန်၏ အဖက်မလုပ်သည့် ပုံစံအား ဒေါသထွက်လွန်း၍ အဘွားကြီးဟန် သည်တစ်ကိုယ်လုံးတုန်ရီနေသည် ။
" ပိုက်ဆံတွေပြန်ပေးဦးဟဲ့ "
လင်းလန်က အခန်းထဲတွင် ရှောင်ဝမ်ကို ကြည့်ရူးပေးနေရင်း အေးစက်စွာအော်ပြောလိုက်သည် ။
" အမေ ယွမ်နှစ်ရာလောက်နဲ့ ရှောင်ဝမ် ကိုကုသပေးဖို့မလုံလောက်လို့ ကျွန်မက ယွမ်ရာဂဏန်းလောက်တောင်အကြွေးတင်နေသေးတာ "
အဘွားကြီးဟန် က ဟန်ချင်စုန့် ရဲ့ အကျီလက်ကိုဆွဲကာပြောလိုက်သည် ။
" ကြည့်....ကြည့်..တတိယလေး မင်းမြင်ပြီမလား ။ မင်းအိမ်မှာမရှိဘူးဆိုတာနဲ့ သူမကိုဘယ်သူမှမထိန်းချုပ်နိုင်သလိုမျိုး ပြုမူနေတာ ။ နေ့တိုင်းဒီလိုလုပ်နေပြီး ငါတို့အိမ်ကိုဆူညံနေစေတာ အခုလည်း ဒုတိယချွေးမကို သူရိုက်လိုက်တာခေါင်းကွဲသွားပြီ မင်းအမေကိုလည်း ရိုက်ဖို့ကြံနေတာ ကံကောင်းလို့ မင်းသာပြန်မရောက်လာရင် ငါသေနေလောက်ပြီ "
ဟန်ချင်စုန့် ကအဘွားကြီးဟန် ပြောတာကိုနားထောင်နေရင်း ခြံဝန်းထဲတွင်ရှိသည့် ကလေးများအား တစ်ချက်ဝှေ့ကြည့်လိုက်သည် ။ အစကစူးစမ်းစွာ ကြည့်နေကြသောကလေးများက ဟန်ချင်စုန့် ၏အကြည့်အား ဘယ်သူမှခံနိုင်ရည်မရှိဘဲ ရှောင်လွှဲသွားကြသည် ။
ကလေးအချို့က အကြီးတွေရဲ့နောက်သို့ပင်ပြေးပုန်းကြသည် ။
ဟန်ချင်စုန့် ကသူ၏အကြည့်တွေကို ပထမချွေးမဟန် ဆီပြောင်းလိုပ်ကာ အဖွားကြီးဟန်အား အိမ်ထဲသို့ထည့်ရန် အချက်ပြလိုက်ကာ သူသည်လည်းကူညီပေးခဲ့သည် ။
" အမေ့ရဲ့ ခါးကို ဂရုစိုက်ပါဦး အိမ်ထဲဝင်ရအောင်နော် "
သို့သော်လည်း အဖွားကြီးဟန်က ငြင်းဆန်နေပြီး ဟန်ချင်စုန့် ၏လက်အား အားဖြင့်ဆုပ်ကိုင်ထားဘဲ လွှတ်မပေးချေ ။
" တတိယလေး မြန်မြန်အဲ့မိန်းမကို မိဘအိမ်ပြန်ပို့လိုက်တော့ ငါတို့သူမကိုဆက်ပြီး မကျွေးမွေးနိုင်တော့ဘူး မင်းသာသူမကို မဆုံးမရင် ပိုရောင့်တတ်လိုက်လာလိမ့်မယ် ပြောလို့မရဘူးနောက်ကျ သူမကပိုဆိုးတာတွေ လုပ်ချင်လုပ်လာမှာ "
အဖွားကြီးဟန် ကသူမပြောတာတွေသည် ဟန်ချင်စုန့် အနေဖြင့် လင်းလန် ကိုစိတ်ပျက်သွားစေရန်မလုံလောက်သေးဟုထင်သောကြောင့် လွန်ခဲ့သည့်ရက်များအတွင်း ဖြစ်ပျက်ခဲ့သည်များကိုပါ ချဲ့ကားကာပြောတော့သည် ။
" ငါဆက်မပြောချင်တော့ဘူး မြန်မြန်သာမောင်းထုတ်လိုက်စမ်းပါ လွန်ခဲ့နှစ်ရက် သူမပိုးသတ်ဆေးတွေသောက်ကတည်းက သေသွားကမှာ "
" အမေ "
သူမ၏သားက သူမဘက်သို့ မပါသည်အားမြင်သောအခါ အဖွားကြီးဟန်က ဟန်ဆောင်ကာ အော်ဟစ်ငိုယိုတော့သည် ။
" တတိယလေး မင်းရဲ့မိသားစု တစ်ခုလုံးက အငတ်နေရတော့မယ် မင်းရဲ့ညီလေးနဲ့ ညီမလေးကကျောင်းတက်နေရတာ လွယ်တာမဟုတ်ဘူး ငါတို့ကထောက်ပံ့မပေးနိုင်တော့ရင် သူတို့အရမ်းကိုသနားစရာကောင်းတယ် "
ဒုတိယချွေးမဟန်က အဖွားကြီးဟန်ကို ပြောလိုက်သည် ။
" အမေစိတ်မပူပါနဲ့တော့ တတိယလေးလဲပြန်ရောက်လာပြီဘဲ အခန်းထဲမှာထိုင်ပြီးပြောပါလား "
ထိုအချိန်မှာပင် အဖိုးကြီးဟန် နှင့် အစ်ကိုကြီးဟန် တို့က အလုပ်မှပြန်လာကြပြီဖြစ်ကာ ဟန်ချင်စုန့် အားတွေ့သည်နှင့် အလွန်ဝမ်းသာပြီး စကားထိုင်ပြောချင်နေကြသည် ။ အဘိုးကြီးဟန် က ဟန်ချင်စုန့် အား အိမ်ထဲသို့အမြန်ဝင်ခိုင်းပြီး ပထမချွေးမဟန်အား ညစာအသင့်ပြင်ထားခိုင်းလိုက်သည် ။
ထိုအချိန်တွင် နေဝင်ခါနီးနေပြီဖြစ်သည် ။ သူတို့ကအများအားဖြင့် မိုးမချုပ်ခင် ညစာစားကြသည် ။ အဘယ့်ကြောင့်ဆိုသော် မီးထွန်းရန်ဆီမတတ်နိုင်သောကြောင့် ညစာစောစောစားကာ အိပ်ရာဝင်ကြသည် ။
ပထမချွေးမက လည်းပြင်ဆင်ရန် သူမ၏သမီးနှင့်အတူ မီးဖိုထဲသို့ဝင်သွားတော့သည် ။
xxxxx
Part 26
ပထမချွေးမက မီးမွှေးနေတုန်းမှာဘဲ အစ်ကိုကြီးဟန် ကရောက်လာကာပြောခဲ့သည် ။
" တတိယလေးပြန်ရောက်လာတာဆိုတော့ ဟင်းပွဲများများပိုပြင်လိုက် အသီးအရွက်နဲ့ ကြက်ဥကိုသုံးဖို့မနှမျောနဲ့ ဒီညတတိယလေးနဲ့ အရက်သောက်ပြီး စကားအကြာကြီးပြောရမယ် "
အဖိုးကြီးဟန်က လဲထပ်ပြောလိုက်သည် ။
" ပြီးတော့ ဦးလေးတို့ကိုလဲ စကားအတူပြောဖို့သွားခေါ်လိုက်ဦး "
အဖွားကြီးဟန်သည် စိတ်အေးလက်အေးဖြစ်နေသည့်သားဖနှစ်ယောက်အား လက်ခါကာဒေါသတကြီးပြောလိုက်သည် ။
"အဲ့ဒါတွေ အသာထားစမ်းပါဦး အိမ်ကသူခိုးကိုနှင်ထုတ်ဖို့ကိစ္စကို အရင်ဆွေးနွေးရမှာပေါ့ "
အဖိုးကြီးဟန် နှင့် အစ်ကိုကြီးဟန် တို့က အိမ်မှာဘာတွေဖြစ်ခဲ့လဲအခုထိမသိသေးပေ ။ ပထမချွေးမက ဟန်ချင်စုန့် ကိုတစ်ချက်ခိုးကြည့်လိုက်ပြီး လင်းလန်က လက်ထပ်စာချုပ်ကိုယူကာ ငွေသွားထုတ်သည့်အကြောင်းကို တိုးတိုးလေးပြေ ပြလိုက်သည် ။
အဖိုးကြီးဟန် ကအံ့သြလွန်း၍ ပါးစပ်ပင်မစိနိုင်တော့ပေ ။ တတိယချွေးမမှာ ဘယ်လိုသတ္တိမျိုးရှိနေတာလဲ...
သူမက လက်ထပ်စာချုပ်ကိုခိုးပြီး ငွေသွားထုတ်တယ်!
အဖိုးကြီးဟန် ၏အမြင်တွင်တော့ တတိယချွေးမကပြဿနာသာရှာတတ်သည့်သူဖြစ်သည် ။ ကိစ္စများကိုပြန်စဥ်းစားကြည့်လျှင် အကြီးဆုံးချွေးမက နှစ်ကူးအတွက် အန်ပေါင်းများကိုခွဲ ဝေပေးချိန်၌ အကြီးဆုံးချွေးမနှင့် ဒုတိယချွေးမတို့က ငါးယွမ်စီရရှိခဲ့ပြီး သူမကသုံးယွမ်သာရခဲ့သောကြောင့် သူမကိုသေလူဟုသတ်မှတ်ထားသလောဟု တစ်အိမ်လုံးကိုကျိန်ဆဲနေခဲ့ကာ ဟန်ချင်စုန့် သည်လည်းမလွတ်ခဲ့ပေ ။ သူမသည် ဟန်ချင်စုန့် ၏အာရုံစိုက်မူကိုရစေရန် အမျိုးမျိုးကြိုးစာနေခဲ့ပြီး နောက်ဆုံးတွင်သတ်သေရန်ပင်ဝန်မလေးခဲ့ချေ ။
အဖိုးကြီးဟန် အနေနှင့် သတ်သေ သည့်အဖြစ်၏နောက်ကွယ်က အကြောင်းအရင်းကိုမသိခဲ့သော်လည်း အဖွားကြီးဟန်က ယခုလိုပြောခဲ့သည် ။
" အဲ့ဒါက သူမမိဘအိမ်ကိုပြန်ဖို့ ပိုက်ဆံတောင်းတုန်းက ကျွန်မငြင်းလိုက်လို့ဖြစ်ရမယ် "
အဖိုးကြီးဟန် ကနားမလည်ခဲ့ပေ ။ သူမကတကယ်လို့အငြင်းခံလိုက်ရတယ်ဆိုရင်တောင်မှ ပိုက်ဆံလျှော့ပြီး တောင်းလို့ရသေးတဲ့အပြင်ကို ပိုက်ဆံမရတာလေးအတွက်နဲ့တော့ သတ်မသေ သင့်ပေ ။
ပြဿနာတွေသာဆက်တိုက်ရှာနေပြီး ယောက္ခမကို တစ်ရက်ကလေးမှ အေးအေးချမ်းချမ်းမနေရအောင်လုပ်တဲ့အပြင် အခုပိုက်ဆံပါခိုးတတ်နေတာလား...
အဖွားကြီးဟန်က တတိယချွေးမသည် သူမအားမသိတတ်ဘဲ ရိုင်းစိုင်းသူဟု အမြဲတမ်းအော်ဟစ်နေခဲ့ပါသော်လည်း အမှန်တွင် လင်းလန်သည် ဘယ်တုန်းကမှ ဒေါသထွက်သော်လည်း အဖွားကြီးဟန်အား တိုက်ရိုက်မဆန့်ကျင်ခဲ့ပေ ။
အဖိုးကြီးဟန်က မိန်းမများကြားက ပြဿနာကိုမိန်းမများကိုယ်တိုင်သာဖြေရှင်းစေချင်သည် ။
သို့သော်လည်း ယွမ်နှစ်ရာခြောက်ဆယ် သည်ပေါ့သေးသေးတော့မဟုတ်ပေ ။
အဖိုးကြီးဟန် ကဘာမှတော့ဝင်မပြောခဲ့ပေ ။ အစ်ကိုကြီးဟန် ကတော့လင်းလန် ပိုက်ဆံတွေကိုပြန်ပေးခဲ့သလားသိချင်နေသည် ။
" သူမကအကုန်လုံးကို သုံးလိုက်ပြီလို့ပြောတယ် "
အဖိုးကြီးဟန် လန့်ဖျပ်သွားရသည် ။
" အကုန်လုံးကို သုံးလိုက်တာလား..သူမဘာတွေဝယ်လိုက်တာလဲ... လက်တွေမရှိဘဲနဲ့ သူမဘယ်လိုလုပ် ဝယ်နိုင်မှာလဲ "
ဒါကပိုက်ဆံမနည်းမနောကြီးလေ!
အဖွားကြီးဟန် ကဒေါသထွက်စွာပြောလိုက်သည် ။
" အဲ့ကောင်မ ဘယ်သူ့ကိုပေးလိုက်လဲဆိုတာ ဘယ်သူသိမှာလဲ "
လင်းလန် ကသူမအိမ်ကိုငွေတွေပြန်ပို့လိုက်တာဘဲဖြစ်ရမယ်!
ဟန်ချင်စုန့် အိမ်ပြန်ရောက်ကတည်းက ပြဿနာကြားညပ်နေကာ ဘာကိုမှနားမလည်နိုင်ချေ ။ သူသိတာတစ်ခုကတေယ့ လင်းလန်က ငွေတွေကိုယူထားပြီး ပြန်ပေးရန်ငြင်းဆန်နေသည်ဟူ၍ပင်ဖြစ်သည် ။
တကယ်ဆိုရင် ဟန်ချင်စုန့် လည်းအနည်းငယ်ထူးဆန်းနေသည်ဟုထင်မိသည် ။ အရင်ကတည်းက လင်းလန် အဖွားကြီးဟန်သည် ပိုက်ဆံတွေအကုန် အပိုင်သိမ်းထားကြောင်းသူ့အား ညည်းညူ ပြောဆိုတတ်ကာ သူမတစ်ပြားလောက်တောင် မသုံးရကြောင်းလည်း ပြောပြတတ်သည် ။ သူက သူမရဲ့ ဝေစုကိုအတိအလင်း ခွဲခြားပေးထားပါသော်လည်း သူမမသုံးရဲခဲ့ပေ ။
အဖွားကြီးဟန်က ပိုက်ဆံများပြန်မရ၍ ဒေါသူပုန်ထနေဆဲ ဖြစ်သော်လည်း သူမ၏အကြည့်များက ဟန်ချင်စုန့်၏ ကျောပိုးအိတ်ဆီသို့ ရောက်သွားကာ ကလေးများအား အိမ်ထဲသို့ထည့်ခိုင်းလိုက်သည် ။ လွယ်အိတ်၏ အလေးချိန်သည် ကလေးများ အားလုံးစုမမှသာရနိုင်သည် ။
စန်းဝမ်က သူ့အဖေအိတ်ကို သူသာသယ်ချင်ကြောင်း ပြောချင်ပါသော်လည်း ကလေးများက သူ့အားတွန်းထုတ်လိုက်ကြ သောကြောင့် စန်းဝမ် စိတ်မကောင်းဖြစ်ကာအော်တော့သည် ။
" သူများတွေ အကုန်လုံးကသားအဖေရဲ့ပစ္စည်းတွေကို ကိုင်ကြပြီး သားကျမကိုင်ရဘူး သူတို့အဖေဘဲလုပ်နေတော့ သားမှာအဖေမရှိဘူး "
စန်းဝမ်က ငိုပြီးထွက်ပြေးသွားသည့်အချိန်တွင် အားဝမ်ကအိမ်ခန်းထဲတွင် ရှိနေကာ ဟန်ချင်စုန့်၏ အေးစက်စက်အကြည့်တွေကြောင့် ကြောက်လန့်နေဆဲဖြစ်သည် ။
မိုင်စွေ့ ကအခန်းဝတွင် ရပ်နေကာ ပင်မအိမ်ဘက်သို့ အချိန်အတော်ကြာစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းထဲတွင်တော့ အသက်အရွယ်နှင့်မမျှအောင်အေးစက်မူတို့ရှိနေသည် ။
လင်းလန် ကလက်ကိုင်ပဝါကိုရေအေးထဲတွင် စိမ်ပြီးညှစ်လိုက်ကာ ရှောင်ဝမ်၏ နဖူးပေါ်တွင် ကပ်ထားပေးလိုက်သည် ။ သူမသည်ကလေးများ၏ ဒေါသထွက်နေသည့် ပုံစံကြောင့် ပြုံးမိကာ မေးလိုက်သည် ။
" ဘာလို့လဲ? မင်းတို့တွေဒေါသထွက်နေကြတာ နူတ်ခမ်းကိုစူနေတာဘဲ "
အားဝမ်က လှဲနေရင်းမေးလိုက်သည် ။
" မားမားရော စိတ်မဆိုးဘုးလား ။ အဖေက ပြန်လာတာနဲ့ သားတို့ကို ဂရုတောင်မစိုက်ဘဲနဲ့ အဖွားနဲ့ ဟိုဘက်က လူလိမ်တွေပြောတာကိုဘဲ ယုံတယ် ။ အဖေပို့သမျှအကုန် အဘွားတို့ဘဲအပိုင်သိမ်းထားပြီး သားတို့ကိုမပေးတာသူမသိဘူးလား "
အဖွားကြီးဟန်က ကျောပိုးအိတ်ကိုဖွင့်ကြည့်လိုက်သည့်အခါ ပစ္စည်းကောင်းများစွာကိုတွေ့လိုက်ရသည် ။ ဖိနပ်တွေ ၊ အဝတ်အစားတွေ ၊ နို့နဲ့ သကြားလုံးအများအပြားပင်ပါရှိသည် ။
အဖွားကြီးဟန်က ပစ္စည်းတွေကိုထုတ်လိုက်ပြီး အစားအသောက်တွေအကုန်လုံးကို သူမအတွက်ယူထားမည်ဖြစ်ပြီး စစ်ယူနီဖောင်းကိုတော့ သူမ၏သားအငယ်ဆုံးအား ပို့ပေးမည်ဖြစ်ကာ အရေအသွေးကောင်းသည့် ပိတ်စကိုတော့ သူမ၏သမီးအငယ်ဆုံးဆီ ပို့ရန်ကြံရွယ်နေသည် ။
ဟန်ချင်စုန့် က အဖွားကြီးဟန် ကိုကြည့်ကာပြောလိုက်သည် ။
" အမေနားနေလိုက်ပါ ကျွန်တော်လုပ်လိုက်မယ် "
ဟန်ချင်စုန့် အတွေးထဲတွင်တော့ သူ၏အမေသည်အသက်ကြီးပြီဖြစ်၍ သူ့လွယ်အိတ်အားရှင်းပေးရန် မသင့်လျှော်ဟု ခံစားလိုက်ရသည် ။
အဖွားကြီးဟန်က ပစ္စည်းတွေကို သူမ ယူချင်ပါသော်လည်း ဟန်ချင်စုန့် ကသူမပင်ပန်းမည်ကိုသာစိုးရိမ်နေပြီး ပစ္စည်းတွေကို အိတ်ထဲသို့ပြန်ထိုးထည့်လိုက်သည် ။
နောက်ဆုံးမှာတော့ အဖွားကြီးဟန် အတွက်နို့ပုလင်းကိုပေးခဲ့ပြီး ကလေးများအတွက် သကြားလုံးများကို စားပွဲပေါ်တင်ပေးကာပြောလိုက်သည် ။
" ကျွန်တော် အိမ်မှာပစ္စည်းတွေနေရာပြန်ချလိုက်ဦးမယ် "
ဟန်ချင်စုန့် ကတခြားပစ္စည်းတွေအား အိမ်ပြန်ယူသွားမည်မြင်သောအခါ အဖွားကြီးဟန် သည်ချောင်းဆိုးပြီး နင်သေလုနီးနီးဖြစ်သွားသည်။
( TN/ သေသွားအေးရော)
ဟန်ချင်စုန့် ကအိမ်ပြင်သို့ရောက်သည်နှင့် ကလေးများအား အဖွားကြီးဟန်ထံတွင် သကြားလုံးသွားတောင်းကြရန်အော်ပြောလိုက်သည် ကိုကြားကာ အဖွားကြီး ထပ်သွေးတက်သွားရပြန်သည် ။
သူမသည် နို့ပုလင်းကိုအမြန်ဖွက်လိုက်ကာ ကလေးများကို သကြားလုံးနည်းနည်းစီခွဲပေးလိုက်ပြီး ကျန်တာကို သူမသိမ်းထားလိုက်သည် ။
" အဖိုးကြီး အဲ့ဒီမကောင်းတဲ့မိန်းမကို တတိယလေးနဲ့ မြန်မြန်ခွဲပစ်စမ်းပါ "
လင်းလန် အိမ်သို့ပြန်ပို့လိုက်ရသည့်အခါတွင်လည်း သူမသုံးသမျှပိုက်ဆံ တစ်ယွမ်မကျန်အောင်ပြန်တောင်းရမယ်!
အဖိုးကြီးဟန်က သက်ပြင်းချ ကာပြောလိုက်သည် ။
" တတိယလေးက လူကြီးတစ်ယောက်ဖြစ်နေပြီဘဲ သူရဲ့အိမ်ထောင်ရေးကို ငါတို့ဝင်စွက်ဖက်လို့မရဘူး "
အဖိုးကြီးဘယ်လောက်ပြောပြော အဖွားကြီးဟန်ရဲ့ နားထဲတစ်လုံးမျှပင်မဝင်ဝေ ။
xxxxx