အပိုင်း ၂၉-၃၀
Viewers 21k

.Part 29


ကလေးများ၏အသံကတိုးညှင်းသော်လည်း တုန်ရီနေကြောင်း ဟန်ချင်စုန့် ခံစားမိနေသည် ။ ထို့ကြောင့်သူကမေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


မိုင်စွေ့က စီးကျနေသည့် သူမ၏မျက်ရည်များကိုသုတ်ကာ ဆို့နင့်နေသည့်လေသံနှင့်ပြောလိုက်သည် ။


" အဖေ မားမားကိုကြည့်ပါဦး! မားမားရဲ့ကျောနဲ့လက်မောင်းမှာ ကွဲပြီးညိုမဲနေတာ ဘဲ "


မိုင်စွေ့ပြောပြီး သည်နှင့်တစ်ပြိုက်နက် ဟန်ချင်စုန့် ကအနွေးကုတင်ဆီသို့လျှောက်သွားကာ ကလေးနှစ်ယောက်အား​ပြောလိုက်သည် ။


" မီးထွန်းလိုက် "


အားဝမ်က သူ့နူတ်ခမ်းကို တင်းတင်းကိုက်ကာပြောလိုက်သည် ။


" သားတို့ဆီမှာ မီးအိမ်မရှိဘူး ။ အဘွားက သားတို့ကို မိုးမချုပ်ခင်အစားစားပြီး အိပ်ရမယ် မနက်မိုးလင်းတာနဲ့ထကြရမှာမို့လို့ မီးထွန်းစရာမလိုဘူးပြောပြီး သားတို့မီးအိမ်ကို ဦးလေးနဲ့အဒေါ်ဆီပေးလိုက်တယ် "


ဟန်ချင်စုန့် ရုတ်တရက်ထကာလှည့်ထွက်သွားသည် ။ မိုင်စွေ့က ဟန်ချင်စုန့်၏ စိတ်အခြေအနေမကောင်းသည်အားသတိထားမိတာကြောင့် ပြောလိုက်သည် ။


" အဖေဒေါသထွက်သွားပြီ "


အားဝမ်က ချက်ချင်းပင် လင်းလန်ကိုနိူးကာ ပြောလိုက်သည် ။


" မားမား အဖေကတကယ့်ကို သားတို့ကိုစိတ်ထဲမှာမရှိဘူး ။ အဘွားနဲ့ ဦးလေးတွေအကုန်လုံးရဲ့အခန်းတွေမှာ မီးအိမ်တွေရှိတယ် သားတို့မှာဘာမှကိုမရှိဘူး "


လင်းလန် ကဒီကလေးတွင် ရင်ထဲသိမ်းထားသည့်မကျေနပ်ချက်များစွာရှိနေသည်ကိုသတိပြုမိလိုက်ကာ သူ၏အပြုအမူလေးများက သူမ .မတရားခံနေရသည်အား နာကျဥ်းပေးခဲ့သည် ။


အားဝမ်ပြောသည်အား ဟန်ချင်စုန့် ကြားကြားမကြားကြား သူမဂရုမစိုက်ပေ ။


အမှန်တရားတွေဘဲလေ နာလဲမတတ်နိုင်ပေါင်!


အားဝမ်အတွက်ကတော့ ငယ်ရွယ်နေဆဲဖြစ်သောကြောင့် သူ၏နှလုံးသားက မူရင်းဇာတ်ကြောင်းထဲလိုမအေးစက်သေးဘဲ နွေးထွေးသည့်ကလေးလေးတစ်ယောက်ဖြစ်အောင် ဖြည်းဖြည်းချင်းပျိုးထောင်ပေးရမည်ဟု သူမတွေးမိသည် ။


ခဏအကြာတွင်တော့ တိတ်ဆိတ်နေသည့် အခန်းကျဥ်းလေး၏ ရှေ့တွင်ခြေသံတို့ပေါ်ထွက်လာပြီး ဟန်ချင်စုန့်၏လက်ထဲတွင် မီးအိမ်တစ်လုံးနှင့်လောင်စာဆီ တို့ယူကာပြန်ရောက်လာသည် ။


အားဝမ်နှင့် မိုင်စွေ့တို့၏ မျက်လုံးများသည် ဟန်ချင်စုန့် ၏လက်ထဲမှမီးအိမ်ကိုတွေ့သည်နှင့် တစ်ပြိုက်နက်တောက်ပသွားကြသည် ။


သူတို့ရဲ့အဖေက တကယ်တော့ သူတို့ကိုစိတ်ဆိုးပြီးထွက်သွားတာ မဟုတ်ဘဲ မီးအိမ်ကိုယူလာပေးခဲ့တာဘဲ!  ကလေးများကပျော်လွန်း၍မျက်ရည်ပင်ဝဲတဲတဲဖြစ်နေကြသည် ။


သူတို့အဖေကို မကျေနပ်ချက်တွေဖွင့်ပြတာက အလုပ်ဖြစ်ပုံဘဲ !


ဟန်ချင်စုန့်က ရေနံဆီမီးအိမ်ကို အခန်၏လေကွယ်သည့်နေရာတွင်ချိတ်ထားလိုက်ပြီး သူ၏ကျောပိုးအိတ် ထဲမှဆေးဘူးတစ်ဘူးကိုထုတ်ကာ လင်းလန် အားလိမ်းပေးရန် အနွေးကုတင်ပေါ်သို့တက်ကာ သူမ၏အကျီအားဆွဲချရန်ပြင်လိုက်သည် ။


" ရှင်ဘာလုပ်တာလဲ "


လင်းလန် ကဆေးလိမ်းပေးမည်ကို ရှောင်တိမ်းနေသောကြောင့် ဟန်ချင်စုန့် ကပြောလိုက်သည် ။


" အရောင်ကျသွားအောင်လို့ ဆေးလိမ်းပေးမလို့ "


လင်းလန် က ဟန်ချင်စုန့် ပြောသည်ကို အတည်ပြုရန် ဆေးပုလင်းကို ယူကြည့်ပြီးမှပြောလိုက်သည် ။


" ကျွန်မဘာသာ လုပ်ပါ့မယ် "


အားဝမ် က လင်းလန်ကိုကူညီရန် တက်ကြွစွာဘဲပြောကာ လက်မောင်းမှစ၍ကျောရိုးတစ်လျောက်လုံး လက်သေးသေးလေးများဖြင့်ဆေးလိမ်းနေခဲ့ကာ ထိုဒဏ်ရာတွေအကုန်လုံးကအဘွားကြီးဟန်ကြောင့်ရခဲ့တာဖြစ်သည် ။


" မားမား အဖွားကသားတို့အပေါ် တစ်ခါလေးတောင်မှမကောင်းပေးဘူးနော် ။ ရှောင်ဝမ့်ကို ဆေးရုံပြပေးဖို့ပိုက်ဆံတောင်းတာတောင်မှ တစ်ယွမ်တောင်မပေးခဲ့ဘဲ မားမား ကိုသေအောင်ရိုက်ချင်နေသေးတယ် "


အားဝမ် သည်ရင်ထဲက ကိုသူ့အမေအတွက်စိတ်မကောင်းဖြစ်နေကာ ငိုပြန်သည် ။ လင်းလန်က သူ့မျက်ရည်များကိုသုတ်ပေးလိုက်ကာ


" မားမား အဆင်ပြေပါတယ် သိပ်မနာပါဘူး "


သေစမ်း!တကယ်တော့ သောက်ရမ်းနာတယ်ဟ လက်မြှောက်ဖို့မပြောနဲ့ လူပ်ဖို့တောင်အနိုင်နိုင်!


မိုင်စွေ့သည်လည်း သူမအရိုက်ခံရသည့် အချိန်များကိုတွေးကာ မျက်ရည်ကျလာခဲ့သည် ။ အငယ်ဆုံးအဒေါ်၏ ပန်းဆီဘူးကို ကွဲအောင်လုပ်မိတုန်းက ဆိုလျှင် အဖွားနှင့်အဒေါ်ကသူမကို သေလောက်အောင်ဝိုင်းရိုက်နှက်ခဲ့ကြသည် ။


သူတို့က ဆုံးမတာလို့ပြောပေမဲ့လည်း သေမတတ်နာကျင်ခဲ့ရကာ လင်းလန်၏ အခြေအနေအားမြင်သည့်အခါတွင် သူမထက်ဆိုးရွားကြောင်းတွေ့ပြီး ဘယ်လောက်တောင်နာကျင်နေမလဲ မှန်းဆ၍ရနိုင်သည် ။


မိုင်စွေ့က ဟန်ချင်စုန့် ကအမြဲတမ်း အိမ်မှာရှိမနေဘဲ သူမတို့အနိုင်ကျင့်ခံရသည့် အခါတိုင်းကာကွယ်မပေးခဲ့သည်အားတွေးကာ ပို၍ပင်ငိုတော့သည် ။ ဟန်ချင်စုန့် ပို့ပေးသည့် ပိုက်ဆံများကိုလည်း သူမတို့တစ်ပြားမှမသုံးရဘဲ အဖွားကြီးဟန်က လက်ဝါးကြီးအုပ်ထားကာ တခြားသူများကိုပေးလေ့ရှိသည် ။


လင်းလန်က မိုင်စွေ့ ပြောသည့်စကားများကို တိတ်တဆိတ်သာထောက်ခံနေပြီး ဘာမျှဝင်မပြောခဲ့ချေ ။ မိုင်စွေ့ မတရားခံခဲ့ရသည်များအားတွေးကာ သူမကိုစိတ်တိုင်းကျ ငိုပြီး ပေါက်ကွဲခွင့်ပေးလိုက်သည် ။


ငိုချလိုက်တာက သူမလေးအတွက် ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်တစ်ခုဘဲ ဘာဘဲဖြစ်ဖြစ် သူမတို့ကလဲ အဖွားကြီးဟန်ကိုမှ ပြန်မရိုက်နိုင်ဘဲလေ ။ 


လင်းလန် အတွေးထဲနစ်မြောနေဆဲတွင် ဟန်ချင်စုန့်က သူမလက်တစ်ဖက်ကို ထိန်းကိုင်ထားပြီးဖြစ်ကာ သူ၏သန်မာသည့်ယောက်ျားသဘာဝကို ဖော်ပြနေခဲ့ပြီး ထိကိုင်ခံထားရသည့် သူမ၏လက်တစ်လျှောက်ပူလာခဲ့သလိုခံစားရသည် ။


သူမက ရုန်းကန်ဖို့ကြိုးစားပေမဲ့အချည်းအနှီးသာ ဖြစ်နေကာ အားမစိုက်ထုတ်ရဘဲနှင့် ဟန်ချင်စုန့်ကပြန်ထိန်းထားနိုင်သည် ။


" ငြိမ်ငြိမ်လေးနေ "


ဟန်ချင်စုန့် ကဆေးဘူးကိုဖွင့်ပြီး ဆေးရည်အနည်းငယ်ကို လက်ဖဝါးထဲတွင်ပွတ်လိုက်ပြီး လင်းလန်၏လက်မောင်းအား ဆေးဖြင့်နှိပ်နယ်ပေးနေသည် ။


" အ.... "


နှိပ်နယ်ပေးနေပါသော်လည်း ဒဏ်ရာသည် အသားကြေနေခြင်းဖြစ်သော ကြောင့် လင်းလန်အား နာကျင်၍တောင့်သွားစေကာ ညည်းညးမိစေသည် ။


" နာတယ်.......နာတယ်.......ဖြည်းဖြည်း "


တကယ်ကိုနာကျင်ရသည်!


သန်သန်မာမာ ယောက်ျားသားတစ်ယောက်၏အားသည်ပေါ့သေးသေးတော့မဟုတ်ပေ ။ စစ်တပ်ထဲတွင်ရှိစဥ်က ဟန်ချင်စုန့် သူ၏ရဲဘော်ရဲဘက်များကိုဆေးလိမ်းပေးချိန်၌ ဘာမှစဥ်းစားစရာမလိုဘဲ အကြမ်းပတမ်းသာလုပ်လေ့ရှိသည်မှာ အကျင့်ပါနေခဲ့သည် ။


လင်းလန် ကနာကျင်မူကြောင့်မျက်ရည်ဝဲနေကာ အသံသေးသေးလေးနှင့်ပြောလိုက်သည် ။


" ကျွန်မ ....ကျွန်မဘာသာဘဲလုပ်ပါတော့မယ် "


xxxxxx

Part 30


" နင်တို့ဒီည ထမင်းရောစားကြဦးမှာလား ဟဲ့ "


အခန်းပြင်တွင်ရပ်စောင့်နေသည့် အဖွားကြီးဟန်က သည်းမခံနိုင်တော့ဘဲ အသံကုန်အော်တော့သည် ။ ဟန်ချင်စုန့် ကအဘွားကြီးဟန် အား အင်းဟုသာအသံပြန်ပြုလိုက်ပြီးနောက် ဆေးပုလင်းကို ကုတင်ဘောင်ပေါ်တင်ကာ ကလေးနှစ်ယောက်အားပြောလိုက်သည် ။


" မင်းတို့နှစ်ယောက်က မင်းတို့အမေနဲ့အကိုအတွက် ညစာသွားယူချည် "


အားဝမ် ကမျက်ရည်များနှင့် ခြောက်ခြောက်ကပ်ကပ်ရီလိုက်ပြီး ဟန်ချင်စုန့် အားကြည့်ကာပြောလိုက်သည် ။


" အဖေက အဖွားရဲ့မိသားစုစည်းမျဥ်းကို မသိဘူးလား... အဖွားကပြောတယ် မစားချင်ရင်အငတ်နေတဲ့ သားတို့ကဘယ်လိုလုပ်သွားယူရဲမှာလဲ တစ်ခါမှလဲမယူခဲ့ဖူးဘူး "


အပြင်တွင်ရှိနေသည့် အဖွားကြီးဟန်က ရိုက်ရန်တုတ်ပင်ကောက်နေပြီဖြစ်ကာ ဟန်ချင်စုန့် ကအားဝမ်အားပြောလိုက်သည် ။


" မရိုင်းရဘူး "


အားဝမ်က ဟန်ချင်စုန့် အဖွားကြီးဟန်အားမလေးမစားပြောသည်ကိုမကြိုက်သောကြောင့် တားသည်ဟုထင်ပြီး လျှကိုက်လိုက်ကာဘာမှဆက်မပြောတော့ချေ ။


မိုင်စွေ့နှင့်အတူ ပထမချွေးမဟန်ဆီသို့သွားပြီး ပန်ကိတ်တချို့နှင့် ဟင်းအနည်းငယ်တောင်းယူကာပြန်လာခဲ့သည် ။ လင်းလန်နှင့် ရှောင်ဝမ်တို့အေးဆေးစားသောက်နိုင်စေရန် ဟန်ချင်စုန့်က ကလေးနှစ်ယောက်နှင့် အခြားအခန်းသို့သွားခဲ့သည် ။


ညစာစားပြီးနောက် အဖွားကြီးဟန်က ကလေးတွေကိုပြန်လွှတ်လိုက်ပြီး ခြိမ်းခြောက်သည့်လေသံဖြင့် လူတိုင်းကြားအောင်အော်လိုက်သည် ။


" အိပ်ချိန်ရောက်နေတာကို မအိပ်ဘဲအပြင်ထွက်နေတဲ့သူကိုတွေ့ခဲ့ရင် ခြေထောက်ရိုက်ချိုးပစ်မယ် "


အားဝမ် ကကြောက်လန့်ပြီးမိုင်စွေ့ ကိုဆွဲကာလင်းလန်ဆီသို့ပြေးတော့သည် ။ အဖွားကြီးဟန် ၏ကလေးများကိုပျိုးထောင်သည့် နည်းလမ်းက အကြောက်တရားပင်ဖြစ်ကာ ပြောသမျှနားမထောင်လျှင်သေအောင်ရိုက်ပြီး အရိုက်မခံချင်လျှင်စကားနားထောင်ရမည်ဖြစ်သည် ။


ဒီနည်းလမ်းက ဟန်ချင်စုန့်အား မွေးကတည်းကပျိုးထောင်လာသည့်နည်းလမ်းဖြစ်သည် ။ စစ်မူမထမ်းမနေရစနစ်စတင်သည့်အချိန်တွင်လည်း အဖွားကြီးဟန်သည် သားများအကြားအရေးမပါဆုံးနှင့်သူမပြောသမှနာခံသည့် ဟန်ချင်စုန့်ကိုသာစေလွှတ်ခဲ့သည် ။


သားအကြီးဆုံးက မိဘကိုစောင့်ရှောက်ရမည်ဖြစ်ကာ ဒုတိယသားက အပြောချိုချိုလေးနှင့်အဘဖွားကြီးအားကျေနပ်စေပြီး အငယ်ဆုံးသားကလည်းအရမ်းငယ်သေးသောကြောင့် အေးစက်ပြီးနာခံမူရှိသည့် ဟန်ချင်စုန့်သည် ဘယ်သောအခါမှ အရေးပေးမခံခဲ့ရချေ ။


အသက် ၁၇နှစ်နှင့် စစ်ထဲသို့ဝင်ရောက်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ သေမင်းနှင့်စစ်ခင်းခဲ့ရကြောင်းကိုလည်း အ​ဖွား ကြီးဟန်မသိပေ ။ သန်မာပုံရသည့်ခန္ဓာကိုယ်တွင် အမာရွတ်ပေါင်းများစွာမရေမတွက်နိုင်အောင်ရှိပြီး မိသားစုကသူ့အတွက်စိတ်မပူရစေရန် တစ်ခွန်းမှမဟခဲ့ကြောင်းကိုလည်း မသိခဲ့ပေ ။


အဖွားကြီးဟန် ဂရုစိုက်သည်က ဟန်ချင်စုန့် ထံမှရသည့်လစာနှင့် ကျန်မိသားစုဝင်များမည်ကဲ့သို့ စားသောက်နေကြမည်ဟူ၍ပင်ဖြစ်ကာ လင်းလန်နှင့်ကလေးများသည်လည်း သေချာပေါက်ပင်မပါဝင်ခဲ့ပေ ။


အဖွားကြီးဟန်က ဟန်ချင်စုန့် ကိုသူမကပြုစုပျိုးထောင်ပေးခဲ့သည်ဖြစ်၍ အောင်မြင်ပြီးအရွယ်ရောက်လာသည့်အချိန်တွင် ပြန်လည်ကျေးဇူးသိတတ်ရမည်ဖြစ်ကာ သူမ၏လက်ကျန်ဘဝအားသက်တောင့်သက်သာဖြင့်ဖြတ်သန်းမည်ဖြစ်သည် ။


ကလေးတွေက မိဘရဲ့တစ်သက်တာ ကျေးဇူးကျွေးအားပြန်ပေးဆပ်ရမည် ဖြစ်ကာ အသက်ရှင်နေသ၍မိဘစကားတစ်ခွန်းသာဖြစ်ရမည်ဟုသူမယုံကြည်နေသည် ။


သူမက ကွာရှင်းဖို့ပြောနေရင် သေချာပေါက်ကိုနာခံရမယ်! 


" တတိယလေး မင်းကအမြဲတမ်းအဝေးရောက်နေတော့ အိမ်မှာဘာတွေဖြစ်နေလဲသိမှာမဟုတ်ဘူး တစ်မိသားစုလုံးကသူမကြောင့် အမြဲတမ်းစိတ်ဆင်းရဲနေကြတာ။ သူမသိတာဆိုလို့ဘယ်လိုပြဿနာရှာပြီးသောင်းကျန်းရမလဲဘဲ ။ သူမကလေးတွေကလဲ တစ်စက်မှကောင်းတာမဟုတ်ဘူး ။ ဒါတောင်မှ ငါတို့ကိုအပြစ်ပြောချင်သေးတယ် ။ ခွေးတောင်မှကျွေးတဲ့လက်ကိုပြန်မကိုက်ဘူး "


" အဖိုးကြီး ကျွန်မကတော့သေချာပေါက်ကို အဲ့ဒီမိန်းမကိုကွာရှင်းခိုင်းမှာ "


ဟန်ချင်စုန့်က အရာရှိတစ်ယောက်ဖြစ်သောကြောင့် လိမ္မာသိတတ်တဲ့ နောက်ချွေးမတစ်ယောက်ရှာဖို့ဆိုတာ အရမ်းကိုလွယ်တယ်!


တကယ်လို့ ဟန်ချင်စုန့် ကတပ်မူးတစ်ယောက်ယောက်ရဲ့ သမီးကိုလပ်ထပ်ခဲ့မယ်ဆိုရင်ပိုတောင်ကောင်းသေးတယ် ။ သူမက ဟန်ချင်စုန့် အားတပ်ထဲတွင်အထောက်အပံ့တောင်ပေးနိုင်သေးသည် ။


တွေးလေတွေးလေ အဖွားကြီးဟန် မကျေမနပ်ဖြစ်နေလေဖြစ်ကာ မိဘအိမ်သို့ပိုက်ဆံပြန်ပို့ရန်သာသိသည့် ချွေးမမျိုးတွင် အသုံးကျသည့်နေရာတစ်ကွက်မျှပင်မရှိပေ ။


ဒုတိယအစ်ကိုဟန် နှင့်သူ၏ဇနီးက လက်ခုပ်ပင်ထတီးကာ အဖွားကြီးဟန်အားထောက်ခံကြသည် ။


" အမေပြောတာမှန်တယ် တတိယလေးမင်းသေချာစဥ်းစားသင့်တယ် "


ပထမအစ်ကိုကြီးဟန် နှင့်သူ့ဇနီးကတော့ အဘဖွားကြီးဟန် ၏အကြံကိုသဘောမတူပေ ။


" အမေ တတိယလေးရဲ့ဇနီးက တကယ်တော့အရမ်းကြီးမဆိုးပါဘူး သူတို့နှစ်ယောက်မှာ ကွာရှင်းသင့်တဲ့ အကြောင်းပြချက်လဲတိတိကျကျရယ်လို့မှမရှိဘဲ ။ ပြီးတော့ တတိယယောင်းမလေးက တတိယလေးအတွက် သားသမီးတွေမွေးပေးထားကိုအသာထား ရုတ်တရက်ကြီးကွာရှင်းပြီး ဇနီးထပ်ယူလိုက်မယ်ဆိုရင် လူတွေဘယ်လိုမြင်ကြမလဲ "


" ဘာတွေစိတ်ပူနေတာလဲ ကလေးတွေအကုန်လုံးက ငါနဲ့ဘဲနေရမယ် ငါတို့ရှိနေသရွေ့ သူတို့ကိုစောင့်ရှောက်မှာပေါ့ "


အဖွားကြီးဟန် သည် သူမလိုရာကိုသာဆွဲပြောနေပြီး ဆွေးနွေးမူ၏အဓိကအချက်အား သူမနားမလည်ပေ ။ သူမက အဖိုးကြီးဟန်အား စကားဝင်ပြောရန် ခေါင်းကိုတစ်ချက်မျှပိတ်ရိုက်လိုက်သေးသည် ။


သူမဘက်က ဘယ်လိုဘဲ အခြေအတင်ဖြစ်ကာဆုံးဖြတ် ပြောဆိုသည်ဖြစ်စေ နောက်ဆုံးတွင် အိမ်ထောင်ဦးစီးဖြစ်သည့် အဖိုးကြီးဟန်၏ စကားကာသာအတည်ဖြစ်သည် ။ အဖိုးကြီးဟန် က ဆေးလိပ်ပြာခွက်ထဲသို့ပြာတချို့တောက်ချလိုက်ကာစဥ်းစားနေသည် ။


အမှန်ပင် လင်းလန်အားကွာရှင်းခိုင်းရန် အကြောင်းပြချက်တိတိကျကျမရှိ သည့်အပြင် လင်းလန်အနေနှင့် တတိယလေး၏ကလေးများအားလည်းမွေးပေးထားသေးကာ အလုပ်၌လည်းမခိုမကပ်တတ်သည့်သူဖြစ်သည် ။


အဖိုးကြီးဟန်အနေနှင့် ကလေးများအားမိခင်နှင့်ခွဲ၍မကြီးပြင်းစေချင်သောကြောင့် အကောင်းဆုံးနည်းလမ်းက မိသားစုခွဲထွက်ခွင့်ပေးလိုက်တာက ဖြေရှင်းနည်းဟုယုံကြည်နေသည် ။


ဒီလိုလုပ်ခြင်းအားဖြင့် ငွေကြေးအရပက်သက်စရာမလိုတော့ဘဲ အဖွားကြီးဟန်နှင့် လင်းလန်တို့အဆင်ပြေသွားကြမည်ဟုထင်နေသည် ။


" အဖိုးကြီး ရှင်ပြောမထွက်ဘူးဆိုတာ ကျွန်မသိတယ် ။ ဒါကြောင့်မနက်ဖြန်ကျ အုပ်ချုပ်ရေးမူးရုံးကိုသွားပြီး သူတို့နှစ်ယောက်ကိုကွာရှင်းပေးပြီး အဲ့ဒီမိန်းမကို သူမရဲ့မိဘအိမ်ကိုပြန်ပို့လိုက်တော့ "


အဖွားကြီးဟန်က လက်ကိုဝှေ့ယမ်းပြီး ပြောပြီးတွင် ဒုတိယချွေးမကလည်း မီးထဲသို့လောင်စာအနည်းငယ် လာထည့်နေသည် ။


" သူမက အမေ့ကိုတောင်ရိုက်ရဲတာ တခြားအတွေး မရှိဘူးလို့ဘယ်သူပြောနိုင်မှာလဲ "


ဒုတိယချွေးမက အရမ်းခံစားနေရသည့်ပုံဖြင့် မရှိတဲ့မျက်ရည်ကိုညှစ်ထုတ်နေခဲ့သည် ။ အဖိုးကြီးဟန်က ဘာမှဝင်မပြောနိုင်တော့ဘဲ သက်ပြင်းသာချကာ ဟန်ချင်စုန့်အား ကြည့်လိုက်သည် ။


အဖွားကြီးဟန် က ဟန်ချင်စုန့် အားအမြန်ဆုံးဖြတ်ရန်ဖိအားပေးလာခဲ့သည် ။ အခန်းထဲရှိလေထုကာ ကြောက်ဖို့ကောင်းစွာတိတ်ဆိတ်နေခဲ့ပြီး ဘယ်သူမှအသက်ပြင်းပြင်းမရူရဲကချေ ။ အပြင်ဘက်မှ ပိုးကောင်အော်သံများနှင့် ခြင်များ၏တဝီဝီအသံကိုသာကြားနေကသည် ။


လူတိုင်းက ဟန်ချင်စုန့် ၏အဖြေအား စိတ်လူပ်ရှားစွာစောင့်နေကြဆဲအချိန်မှာဘဲ ဟန်ချင်စုန့်က တစ်ခွန်းတည်းပြတ်သားစွာပြောလာခဲ့သည် ။


" မလုပ်ဘူး "


ဘာလဲ...


အဖွားကြီးဟန်က ဟန်ချင်စုန့် ၏ဆုံးဖြတ်ချက်အားနားမလည်နိုင်ပေ...


ဟန်ချင်စုန့် ၏အဖြေက တိုတိုတုတ်တုတ်နှင့် လိုရင်းသာဖြစ်သော်လည်း သူမကြားချင်သည့်အဖြေမျိုးတော့မဟုတ်ပေ ။


အဖွားကြီးဟန် ၏မျက်နှာအမူအရာက ရုတ်တရက်မတရားခံနေရသည့် ပုံစံသို့ ချက်ချင်းကူးပြောင်းသွားသည် ။


" တတိယလေး မင်းကအရာရှိတစ်ယောက်ဖြစ်ပြီးအတောင်စုံနေပြီဆိုတော့ ဒီအဘွားကြီးပြောစကားတွေကိုနားမဝင်တော့ဘူးပေါ့ ဟုတ်လား... "


အစ်ကိုကြီးဟန်က အဖွားကြီးဟန် စိတ်သက်သာရာရစေရန် ဟန်ချင်စုန့်အား အဖြေပြောင်းပြောဖို့ ဆွဲဆောင်နေသည် ။ သို့သော်လည်း ဟန်ချင်စုန့်၏ဆုံးဖြတ်ချက်မှာ ပြတ်သားကာမယိမ်းယိုင်ပေ ။


အဖွားကြီးဟန်က မကျေမနပ်ဖြစ်နေဆဲပင် ငယ်စဥ်အချိန်အခါက သူမပြောသမျှမငြင်းဆိုခဲ့သည့် ဟန်ချင်စုန့်က အရွယ်ရောက်သည့်အခါ သူမကိုဆန့်ကျင်လာသည်ဟုထင်ပြီး ကျွေးမွေးရကျိုးမနပ်ခဲ့ဟုတွေးနေခဲ့သည် ။


xxxxx