အပိုင်း ၃၁-၃၂
Viewers 22k

Part 31


" မင်းက မင်းမိန်းမနဲ့ ​ကလေးတွေကိုငါက အနိုင်ကျင့်နေတယ်ထင်နေတာလား "


ပထမချွေးမဟန်က တဖြည်းဖြည်းတင်းမာလာသည့်လေထုအား ပြေလျော့စေရန်ဝင်ပြောလိုက်သည် ။


" အမေ တတိယလေးက အပြောအဆိုမတတ်လို့ပါ ။ သူကမကွာရှင်းချင်ရုံပါဘဲ အမေ့ကိုမလေးစားတာမဟုတ်ပါဘူး "


အဖွားကြီးဟန်က ထခုန်မိမတတ်ပင် ။


" ဘာလို့မဟုတ်ရမှာလဲ "


ဒုတိယချွေးမကလဲ အဖွားကြီးဟန် ပေါက်ကရတွေထပ်ပြောမှာစိုးပြီး ဟန်ချင်စုန့် အားအမြန်ပင်တောင်းပန်ခိုင်းတော့သည် ။ ဟန်ချင်စုန့်ကပြောလိုက်သည် ။


" ကျွန်တော်လဲ အသက်ကြီးလာပေမဲ့ စောင့်ရှောက်ချင်တဲ့သူတွေကိုမစောင့်ရှောက်ပေးနိုင်လို့ရှက်တယ် "


ဟန်ချင်စုန့် ၏စကားကသူ့မိဘတွေကိုရည်ရွယ်ပါသော်လည်း သူ၏ဇနီးနှင့်ကလေးများအတွက်ပါ စိတ်မကောင်းဖြစ်နေသည် မှာပေါ်လွင်လှသည် ။


" မင်းအဖေနဲ့ငါက သေချာစဥ်းစားပြီးသွားပြီ အဲ့ဒီမိန်းမကိုသာမြန်မြန်ပြန်ပို့လိုက် "


ဟန်ချင်စုန့် ကလုံးအလျော့ပေးရန်စိတ်ကူးမရှိချေ ။


" အဲ့တာဆိုလဲ အမေ့ရဲ့ကျန်းမာရေးအတွက်စဥ်းစားပြီး အိမ်ခွဲနေကြတာပေါ့ "


အိမ်ခွဲလိုက်ခြင်းအားဖြင့် သူတို့တွေမျက်နှာချင်းဆိုင်တွေ့စရာလဲ မလိုတော့ဘဲ အတူတူစားသောက်စရာလဲမလိုတော့သောကြောင့် ဆုံတွေ့မူတွေ့ကနေဖြစ်ပေါ်လာမည့် သဘောထားမတိုက်ဆိုင်မူများကို ရှောင်လွဲနိုင်မည်ဖြစ်သည် ။


တစ်ပတ်ရိုက်ခံလိုက်ရသူမှာ အဖွားကြီးဟန်သာဖြစ်သွားရသည် ။ သူမကကွာရှင်းဖို့အကြောင်းပြောနေတာလေ သူကဘာလို့အိမ်ထောင်စုခွဲထွက်မဲ့အကြောင်းထပြောနေတာလဲ...


ဟန်ချင်စုန့်က ငယ်ငယ်လေးကတည်းက ဥာဏ်မကောင်းဘဲ အသက်ကြီးလာတဲ့အခါပိုတောင်ဆိုးလာတာလား...


" အဖိုးကြီး သူပြောနေတာကိုကြည့်ပါဦး "


အဖိုးကြီးဟန်ကပြောလိုက်သည် ။ 


" တတိယလေးပြောတာကောင်းတဲ့အကြံဘဲ မိသားစုခွဲထွက်မယ်ဆိုပေမဲ့ အလုပ်ကတော့အကုန်စုလုပ်ကြမှာဘဲ ဒီနည်းနဲ့ အငြင်းပွားမူတွေအများကြီးကိုရှောင်ရှားနိုင်လိမ့်မယ် "


ဟန်ချင်စုန့် အိမ်တွင်မရှိသည့်အချိန်များ၌ လင်းလန်နှင့် ကလေးများ၏ စားသောက်မူကိုမထောက်ပံ့ပေးနိုင်ပေ ။ လင်းလန်က ကလေးများအတွက် အလုပ်လုပ်သော်လည်း ဝလင်အောင်ကျွေးမွေးရန်မတတ်နိုင်ပေ ။ 


ဒုတိယအစ်ကိုဟန် နှင့်သူဇနီးက တစ်ခုခုကိုသဘောပေါက်သွားပုံရကာ အဖွားကြီးဟန်အားမေးလိုက်သည် ။


" တတိယလေးရဲ့ အိမ်ပြန်ပို့တဲ့ငွေတွေကို ဘယ်သူထိန်းသိမ်းထားတာလဲ "


အဖွားကြီးဟန်က ပိုင်နိုင်စွာပြောလိုက်သည် ။


" သေချာပေါက်ငါ့ဆီမှာပေါ့ "


အဖွားကြီးဟန်ကဖြေလိုက်သော်လည်း မကောင်းသည့်အငွေ့အသက်တစ်ချို့ကို ရနေသောကြောင့် ဆက်ပြောလိုက်သည် ။


" အိမ်ခွဲဲကြမယ်ဆိုရင် ငါတို့အိမ်မှာအခန်းမရှိတော့ဘူး နင်တို့ကလမ်းပေါ်မှာနေကြမလို့လား "


အဖွားကြီးဟန်က လင်းလန်နှင့်ကလေးတွေကို တကယ်ကြီး လမ်းပေါ်မှာမအိပ်ခိုင်းခဲ့ဖူးသလိုပြောဆိုနေခဲ့သည် ။ အဓိကကတော့ အိမ်ထောင်စုခွဲဝေသည်နှင့် ဟန်ချင်စုန့် ၏ငွေများအား သူမမရတော့မှာ စိုးရိမ်နေသောကြောင့်ဖြစ်ကာ အိမ်ထဲရောက်နေသည့်ငွေထုပ်ကိုထွက်သွားခွင့်မပြုနိုင်ပေ ။


အဖွားကြီးဟန်က အရင်တုန်းကလည်း လင်းလန်နှင့်ကလေးများ စစ်တန်းယားတွင် သွား၍နေမည်အားလည်း ခွင့်မပြုခဲ့ပေ ။ အဘယ့်ကြောင့်ဆိုသော် လင်းလန်နှင့်ကလေးများက ဟန်ချင်စုန့် နှင့်အတူရှိနေမည်ဖြစ်၍ ကောင်းကောင်းစားသောက်နေထိုင်ရမည်ဖြစ်ကာ အိမ်သို့ငွေပြန်ပို့ရန်အကြောင်းပြချက်မရှိနိုင်တော့၍ဖြစ်သည် ။


အဖွားကြီးဟန်၏ အတွေးများကတော့ ဟန်ချင်စုန့်သည် မိသားစုပြဿနာများအားလုံးကို ဒိုင်ခံဖြေရှင်းပေးရမည်ဖြစ်ကာ မိသားစုကိုလည်းအမြဲထောက်ပံ့ရမည်ဟုဖြစ်သည် ။


ဒါကသားတစ်ယောက်အနေနဲ့ မိဘအပေါ်ပေးဆပ်ရမဲ့နည်းလမ်းဘဲ!


ဟန်ချင်စုန့်က အဖွားကြီးဟန်၏စကားများကိုပြန်လည်ပြောဆိုလိုက်သည် ။


" ကျွန်တော်  မနက်ဖြန်အုပ်ချုပ်ရေးမူးဆီသွားပြီး ဆွေးနွေးကြည့်လိုက်မယ် "


" အဲ့ဒီမှာဘာမှရှိမှာမဟုတ်ဘူး " 


အဖွားကြီးဟန်က သေလောက်အောင်ကိုငြင်းဆန်နေခဲ့သည် ။ အချိန်တိုလေးအတွင်းမှာ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်တွေ မိသားစုတစ်ခုတွင် စုပြီးနေထိုင်ကြတာက အကျင့်ဖြစ်နေကြပြီး အခန်းတစ်ခန်းတည်းတွင်ပြွတ်သိပ်နေကြသည် ။ 


ဟန်ချင်စုန့်က လယ်အလုပ်တွေလုပ်လေ့မရှိသော်လည်း ကျေးလက်ဒေသစရိုက်များနှင့် လုံးဝကင်းကွာနေခဲ့သည်မဟုတ်၍ ဘယ်လိုဖြေရှင်းရမလဲ သူသိသည် ။


" အမေ အခန်းလေးနှစ်ခန်းအရင်ဆောက်တာက ပစ္စည်းတွေအများကြီးမလိုပါဘူး "


အဖွားကြီးဟန်က သည်းမခံနိုင်တော့ပေ ။ 


" ဘယ်လိုအရေးမပါတာတွေပြောနေတာလဲ အခန်းသစ်ဆောက်မဲ့အစား နင်တို့တစ်မိသားစုလုံး ထင်းတဲမှာသာသွားနေလိုက်ကြတော့ "


အစ်ကိုကြီးဟန်က စိတ်ပူသွားခဲ့သည်။


" အမေကလဲ စိတ်ထိန်းပါဦး "


လက်ထပ်ပြီး ကိုယ်ပိုင်အခန်းမရသေးသည့် ဒုတိယအစ်ကိုဟန် ကအခွင့်အရေးကောင်းကို ဆုပ်ကိုင်ရန်မမေ့ပေ ။ 


" ထင်းတဲကိုပြန်ပြင်မယ်ဆိုရင်ပိုအဆင်ပြေတာပေါ့ နေရာလဲကျယ်ပြီး နံရံတောင်ကန့်လို့ရသေးတယ် "


" ကျွန်တော် အုပ်ချုပ်ရေးမှူးနဲ့ အရင်ဆွေးနွေးကြည့်လိုက်ပါဦးမယ် "


ဟန်ချင်စုန့် ကသူပြန်တော့မည်ဖြစ်ကြောင်းပြောသည့်အချိန်အထိ အဖွားကြီးဟန်ကငြင်းခုန်နေချင်ဆဲဖြစ်သည်အား အဖိုးကြီးဟန်တွေ့ကာပြောလိုက်သည် ။


" သူ့ကိုအေးအေးဆေးဆေးသွားခိုင်းလိုက်စမ်းပါ ။ ကလေးလေးလဲမဟုတ်တော့ဘူး သူ့မှာကိုယ်ပိုင်မိသားစုရှိပြီး ကလေးတွေတောင်ရှိနေပြီ မင်းဝင်ပါဖို့မလိုဘူး ပြီးတော့ ပြန်ရောက်ကတည်းကလည်း အုပ်ချုပ်ရေးမူးဆီသွားမတွေ့ရသေးဘူး သွားပါစေ "


အဖွားကြီးဟန်က ပစ္စည်းကောင်းတွေအပြည့်နှင့် သူမမရလိုက်သည့်ကျောပိုးအိတ်အားတွေးကာ နှမြောနေဆဲဖြစ်သည် ။ ဟန်ချင်စုန့် အခန်းပြန်ရောက်သည့်အချိန်မှာတော့ လင်းလန်ကအပ်ချုပ်ရင်းကလေးတွေကို ပုံပြင်ပြောပြနေခဲ့သည် ။ 


ဟန်ချင်စုန့်က သူ၏မှတ်ဥာဏ်ထဲတွင်ယခုပုံစံသည် ရန်သူကလိုလားစွာလက်နက်ချနေသည်နှင့် တူသည်ဟုခံစားလိုက်ရသည် ။


" ကိုယ်အုပ်ချုပ်ရေးမူးအိမ်သွားမလို့ "


လင်းလန် ကအပ်ချုပ်နေရင်းဖြင့်ပင်ပြန်ဖြေလိုက်သည် ။


" အို့...ဒါဆိုရင်သူတို့အတွက်တစ်ခုခု ယူသွားပေးလိုက်ဦး "


ဟန်ချင်စုန့်က ခရီးအဝေးကြီးကနေပြန်လာခဲ့ပြီး သူတို့နှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူသည်လည်းလက်ဗလာနှင့် မသွားချင်ပေ ။ ဟန်ချင်စုန့်က သူ့လွယ်အိတ်ထဲမှနို့နှစ်ပုလင်းနှင့် သကြားလုံးအနည်းကိုထုတ်ယူလိုက်သည် ။ 


လင်းလန်က ကုတင်ခေါင်းရင်မှ အဝတ်စတစ်ခုကိုယူကာ နို့ပုလင်းများအားပတ်ပေးလိုက်ကာ လူသတိမထားမိအောင်လုပ်ပေးလိုက်သည် ။ ယခုခေတ်တွင်နို့သည် ရှားပါး၍ ဟန်ချင်စုန့်ပြန်ယူလာသည်ဆိုလျှင်တောင်မှ တခြားသူများအတွက်မေးခွန်းထုတ်စရာဖြစ်စေ၍မဖြစ်ပေ ။


ဟန်ချင်စုန့် ကအဝတ်ထုပ်ကိုသေချာသိမ်းလိုက်ပြီး လင်းလန်အားပြောလိုက်သည် ။


" ကိုယ်မြန်မြန်ပြန်လာမှာဆိုပေမဲ့ လွယ်အိတ်ကတော့ရူပ်ပွပြီးကျန်ခဲ့တယ် "


ဒါဘာသဘောလဲ သူကငါ့ကို လွယ်အိတ်ကိုရှင်းပေးစေချင်တာလား...


အထဲကပစ္စည်းတွေကိုငါယူထားမှာ မစိုးရိမ်ဘူးလား!


ဟန်ချင်စုန့်က လွယ်အိတ်ကိုလင်းလန် ဆီထိုးပို့ပေးလိုက်ပြီး အပေါ်ဝတ်အကျီကိုယူကာပြောလိုက်သည် ။ 


" သကြားလုံးတွေက နည်းနည်းလေးဘဲဆိုရင်တောင်မှ သွားပိုးစားစေလိမ့်မယ် "


" မားမား "


ဟန်ချင်စုန့် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကလေးတွေကစိတ်လူပ်ရှားစွာအော်ဟစ်လိုက်ကြသည် ။


သူတို့ကိုအဖေက သကြားလုံးတွေစားစေချင်နေတာမလား...


" တဝမ်နဲ့ စန်းဝမ်အိမ်ပြန်လာမဲ့အချိန်ကိုစောင့်ဦး "


ထိုဆိုးသွမ်းသည့်ဝက်ဝံလေးနှစ်ကောင်က လူကြီးတွေရဲ့စကားဝိုင်းကို ထိုင်နားထောင်နေကြမှာသေချာသလောက်ပင် ။ လင်းလန်က လူကြီးတွေ၏စကားများသည် ကလေးများအပေါ်အလွန်သက်ရောက်နေမှာစိုးရိမ်နေခဲ့သည် ။


ဟန်ချင်စုန့်ထွက်သွားသည့် ခြေသံကိုနားထောင်ပြီး လင်းလန်က ချိတုံချတုံဖြစ်နေသေးသော်လည်းနောက်ဆုံးမှာတော့ လွယ်အိတ်ထဲကပစ္စည်းများကိုကြည့်ရန် နိူက်လိုက်သည့်အခါ လွယ်အိတ်ကကြီးလွန်း၍ သူမလက်တစ်ဆုံးနိူက်လိုက်ရသည် ။ 


xxxxxxx

Part 32


ကလေးနှစ်ယောက်စလုံးက လင်းလန်အား မျှော်လင့်နေသည့်မျက်ဝန်းကြီးများဖြင့်ပြိုင်တူကြည့်နေကြသည့်အခါ သူမရဲ့ အရင်ဘဝကအကျင့်လိုမျိုး သကြားလုံးလက်တစ်ဆုပ်စာယူလိုက်ကာ ကလေးများအား ဝေပေးရန် လုပ်လိုက်သော်လည်း သူမအပိုင်မဟုတ်ကြောင်း သတိရမိသွားသည် ။


ဟန်ချင်စုန့် ကသကြားလုံးတွေကို ဘယ်နေရာမှာ အသုံးပြုရန်လိုအပ်သေးလဲ သူမမသိသည့်အတွက် အလျှင်စလိုပြုမူလိုက်၍မဖြစ်ပေ ။


သူမက သကြားလုံးအနည်းငယ်ကိုသာ ကလေးများအတွက်ချန်ထားလိုက်ပြီး ကျန်တာတွေကိုပြန်ထည့်ထားလိုက်သည် ။ မိုင်စွေ့က သကြားလုံးစားချင်၍ လင်းလန်အား ကပ်ချွဲနေတော့သည် ။ နောက်ဆုံး၌ ထိန်မထားနိုင်တော့ဘဲ ကလေးနှစ်ယောက်အား သကြားလုံးအချို့ကို ခွဲဝေပေးလိုက်သည် ။


" ကောင်းပြီ မင်းတို့ရဲ့အဖေကသကြားလုံးတွေကို ဘယ်နေရာမှာအသုံးလိုလဲ မားမားတို့မသိသေးဘူး ။ ဒါကြောင့်မို့လို့ နဲနဲဘဲယူထားကြဦး မနက်ကျမှစားရမယ်နော် မဟုတ်ရင် သွားထဲမှာ ပိုးကောင်တွေလျောက်သွားနေလိမ့်မယ် "


ရှောင်ဝမ်က လင်းလန်ရဲ့ အကျီအိတ်ထဲသို့ သကြားလုံးကိုထိုးထည့်ကာပြောလိုက်သည် ။


" မားမား သားအတွက်သိမ်းထားပေး "


အားဝမ်နှင့် မိုင်စွေ့တို့ကတော့ သကြားလုံးရသည်နှင့် အရမ်းကိုစားပစ်ချင်နေကြသည် ။ အရင်နေ့ရက်များ၏ အတွေ့အကြုံများအရ ဗိုက်ထဲသို့မြန်မြန်ဆန်ဆန်ရောက်မှသာ အဆင်ပြေမည်ဖြစ်ကြောင်းသိနေသည် ။ သကြားလုံးတွေက အရမ်းအရသာရှိသည်ဖြစ်၍ လုယူမခံချင်ကြပေ ။


အားဝမ်က ပြောလိုက်သည် ။


" မားမား သားတံခါးမြန်မြန်ပိတ်လိုက်မယ် "


" မင်းအဖေအပြင်က ပြန်မလာသေးဘူးလေ "


" တံခါးပိတ်ထားလိုက်ပါ မားမားရယ်အဲ့တာမှအဖွားဝင်လာလို့မရမှာ "


သူတို့အဖေ အိမ်မှာ မရှိတုန်း အဖွားကြီးဟန်က ကျောပိုးအိတ်အားလုယူရန်လာခဲ့လျှင် သူတို့ဘာမှတတ်နိုင်မည်မဟုတ်ချေ ။


သေချာစွာပင် မကြာခင်မှာဘဲ အဖွားကြီးဟန်က လင်းလန်ဆီရောက်လာခဲ့ကာ တံခါးပိတ်ထားကြောင်းတွေ့၍ ထုရိုက်ကာအော်ဟစ်နေပြီး ကျောပိုးအိတ်အား သူမရဲ့အခန်းသို့ယူလာရန်ပြောဆိုတော့သည် ။ 


အားဝမ် ကအားကျမခံသူ့အမေအား ဇာတ်လမ်းကောင်းကောင်းတစ်ပုဒ်ဆင်ရန် အချက်ပြလိုက်သည် ။ လင်းလန်ကာ သူ့သားအားပြုံးပြလိုက်ကာ ထအော်တော့သည် ။


" အား.....သေလောက်အောင်နာတာဘဲ ငါ့လက်ကအရိုးတွေကြေ ကုန်ပြီထင်တယ် အား....."


" မားမား မနက်ဖြန် ကျရင်အဖေ့ကို ဆေးရုံလိုက်ပြခိုင်းရအောင်လေနော် "


မိုင်စွေ့ကလည်း သကြားလုံးကိုငုံထားရင်ဖြင့်သူမအမေအတွက် ငိုသံကြီးဖြင့်နှစ်သိမ့်နေခဲ့သည် ။ အဖွားကြီးဟန်က တံခါးလည်းဖွင့်မပေး လွယ်အိတ်အား ယူလာမည့်အရိပ်အယောင်လည်းမမြင်သောကြောင့် ဟန်ချင်စုန့် ကိုသာဒေါသတကြီးသွားရှာတော့သည် ။


အချိန်အတန်ရှာသော်လည်း ဟန်ချင်စုန့်အား မတွေ့ဘဲ အိမ်မှာကျန်နေသည့် အဖွားကြီးဟန်နှင့်သားနှစ်ယောက်အားဒေါသပုံချရန်ပြန်လာခဲ့သည် ။


အဖွားကြီးဟန်က ရပိုင်ခွင့်တစ်ခုကိုမျှ လက်လွှတ်မခံချင်ကာ အဖိုးကြီးနှင့်သားများအား သူမပြောသမျှနားထောင်စေရန် ဆက်တိုက်ဦးနှောက်ဆေးနေခဲ့သော်လည်း အဖိုးကြီးဟန်က အိပ်ငိုက်နေသောကြောင့် ပိုပေါက်ကွဲပီးဆော်ပလော်တီးတော့သည် ။


ထိုအချိန်မှာဘဲ ဟန်ချင်စုန့် ၏နူးညံ့နေသည့်ပြောဆိုပုံနှင့် စန်းဝမ်၏ အထွန့်တက်နေသည့်လေသံတို့က အဖွားကြီးဟန်၏ အာရုံကိုဖမ်းစားသွားခဲ့သည် ။


" တတိယလေးပြန်လာပြီ မြန်မြန်သူ့ကိုဒီကိုလာခိုင်းလိုက် "


အဖ်ုးကြီးဟန် ကအိပ်ချင်မူးတူးနှင့်ပြောလိုက်သည် ။ 


" သူလဲပင်​ပန်းနေလောက်မှာပေါ့နားပါစေ ။ မနက်မှဆက်ပြောချည် "


" မဖြစ်ဘူး ဒီညရှင်းရှင်းလင်းလင်းပြောမှဖြစ်မယ် "


အစ်ကိုကြီးဟန် က ဟန်ချင်စုန့်အား အခန်းထဲသို့လာရန်ခေါ်လိုက်သည် ။ တဝမ်က ပုံမှန်အားဖြင့် အဖွားကြီးဟန် တို့နှင့်အိပ်လေ့ရှိသော်လည်း လူကြီးများ၏ ဆွေးနွေးပွဲရှိသောကြောင့် လင်းလန်နှင့်သာအိပ်ရန် ပြန်လာခဲ့ရသော်လည်း လင်းလန်နှင့် မျက်နှာချင်းမဆိုင်ချင်ပေ ။


" ငါဦးလေးတို့နဲ့ သွားအိပ်လိုက်မယ် "


စန်းဝမ်က ဟန်ချင်စုန့်ကို ကြောက်လန့်စွာကြည့်လိုက်ပြီး အော်ပြောလိုက်သည် ။


" အစ်ကိုကြီး သားကိုလည်းစောင့်ပါဦး "


ကလေးနှစ်ယောက်က အမှောင်ထဲသို့လျင်မြန်စွာပြေးဝင် သွားကြပါသော်လည်း တဝမ်က စန်းဝမ်အား ငတုံးဟုဆူပူနေသံများကိုအတိုင်းသားကြားနေရပြီး ဟန်ချင်စုန့် ပြုံးမိသည် ။ ကလေးများနှင့် သက်ဝင်နေသည့်ခံစားချက်က သူနှင့်မရင်းနှီးခဲ့သော်လည်းပျောက်ပျက်မသွားစေချင်ပေ ။


ဒီလိုမျိုး သူတစ်ခါမှမခံစားခဲ့ဖူးပေ ။ ဒါကအိမ်ဆိုတဲ့ခံစားချက်တစ်ခုဖြစ်လိမ့်မည် ။


" တတိယလေး မင်းကိုအမေခေါ်နေတယ် ..."


အစ်ကိုကြီးဟန်ကညအိပ်ချင်လွန်း၍သမ်းဝေ နေပြီဖြစ်ကာ တစ်နေ့တည်းဖြစ်ပျက်နေသည့်ကိစ္စကများလွန်းသည် ။ ဟန်ချင်စုန့်က သဘောတူသည့် အသံပြုပြီးနောက် အပေါ်ဝတ်အကျီကို ပြတင်းပေါက်ဘောင်ပေါ်တင်ကာ လိုက်သွားခဲ့သည် ။


 ဟန်ချင်စုန့်အား မြင်သည်နှင့် အဖွားကြီးဟန်က ခေါင်းမာစွာပြောဆိုနေဆဲဖြစ်သည် ။


" တတိယလေး မင်းမိသားစု ခွဲထွက်လို့မဖြစ်ဘူး မင်းတို့ခွဲနေလို့ရပေမဲ့ အိမ်ထောင်စု ခွဲတာတော့လုပ်လို့မဖြစ်ဘူး ငါတို့တွေကမိသားစုတစ်ခုတည်းဖြစ်ပြီး ရိက္ခာတွေကိုခွဲဝေပေးမယ် ။ မင်းရဲ့အလုပ်ရမှတ်တွေနဲ့ပိုက်ဆံကိုလည်း ပင်မအိမ်ကိုဘဲအပ်ချည် ။ မင်းမိန်းမက ဘယ်လောက်တောင်လွယ်လွယ်နဲ့ရူးသွားနိုင်လဲတွေ့ပြီမလား သူမကိုပိုက်ဆံတွေကိုင်တွယ်ခိုင်းလို့မဖြစ်ဘူး "


ဟန်ချင်စုန့်က သက်ပြင်းချပြီး မိသားစုဝင်များအားအမှန်အတိုင်းပြောပြလိုက်သည် ။


" အနာဂတ်မှာ ထောက်ပံ့ငွေရတော့မှာမဟုတ်ဘူး "


" ဘာပြောတယ်! "


ယောကျ်ားသားတွေတင်မကဘဲ ချွေးမများကပါ အရမ်းအံ့သြ သွားကြသည် ။ အေးဆေးတည်ငြိမ်သည့် ပထမချွေးမက အမြန်ထိန်းနိုင်လိုက်သော်လည်း ဒုတိယချွေးမက ထအော်လေသည် ။


" ဘာလို့ထောက်ပံ့ငွေက မရရတော့မှာလဲ "


အရာရှိတစ်ယောက်ရတဲ့အခွင့်အလမ်းတွေက အရမ်းကိုများပြားပြီး မိသားတစ်စုတစ်ခုလုံးက ဟန်ချင်စုန့်၏ထောက်ပံ့ငွေဖြင့်သာ သုံးစွဲနေထိုင်လာကြခြင်းဖြစ်သည် ။


အစ်ကိုကြီးဟန်ကတော့ ဟန်ချင်စုန့် အမှားတစ်ခုခုလုပ်မိ၍ အထုတ်ခံလိုက်ရသည်ဟုထင်နေသည် ။ အဖွားကြီးဟန်ကတော့ ဒေါသကြောင့် မွှေးညှင်းများပင်ထောင်လာကာအံကြိတ်ပြီးပြောလိုက်သည် ။


" ဘာဖြစ်နေတာလဲငါ့ကို မြန်မြန်ရှင်းပြစမ်း " 


" တိုက်ပွဲမှာ ရခဲ့တဲ့ဒဏ်ရာတွေကြောင့် ကျွန်တော်က စစ်တပ်အတွက်မသင့်တော် တော့လို့ ကျွန်တော်တခြားတစ်ခုခုလုပ်မှဖြစ်မယ် "


တခြားအလုပ်ပြောင်းမယ် ဟုတ်လား!


အဖွားကြီးဟန်က ထခုန်လိုက်သောကြောင့် ကုတင်ပေါ်ကပြုတ်ကျမလို့ဖြစ်သွားကာ ဟန်ချင်စုန့်ကအမြန်လှမ်းဖမ်းလိုက်ရသည် ။ အဖွားကြီးဟန်က ဟန်ချင်စုန့်၏လက်ကိုဆွဲကာမေးလိုက်သည် ။


" အလုပ်ပြောင်းပြီး ဘာလုပ်မှာလဲ...မင်းတခြားရာထူးကိုလက်ခံလိုက်တာလား... အဲ့ဒါကပိုက်ဆံဘယ်လောက်ရမှာတဲ့လဲ "


မေးခွန်းတွေတရစပ်ထွက်လာပြီး ဟန်ချင်စုန့်လည်း ဘယ်ကစဖြေရမလဲမသိချေ ။ အစ်ကိုကြီးဟန်ကတော့ ဟန်ချင်စုန့်၏ ဒဏ်ရာရခဲ့သည်ဆိုတဲ့အကြောင်းကိုသာတွေးမိနေသည် ။


" ကျွန်တော်လဲမသိဘူးအမေ အမိန့်ချတာကိုစောင့်ရမှာဘဲ "


အဖွားကြီးဟန်က ပါးစပ်ဖွင်လိုက်သော်လည်း ဘာဆက်ပြောရမလဲမသိတော့သလို ဘယ်လို့ပြုမူရမလဲမတွေးတတ်တော့ချေ ။ ဒီကိစ္စက လင်းလန် ယွမ်ရာကျော်သုံးလိုက်တာထက်ပိုပြီး ထိတ်လန့်ဖို့ကောင်းသည်လေ ။


သူမဘယ်တော့ကမှ ဒီလိုဖြစ်လာခဲ့မယ်မတွေးထားဘူး!


" တတိယလေး တပ်ထဲကနေမင်းကိုယ်တိုင်ထွက်လာတာလား အထုတ်ခံလိုက်ရတာလား "


အဖွားကြီးဟန်က အမှန်တရားကိုရှင်းရှင်းလင်းလင်းမသိ ရသရွေ့ ခြေဆန့်ကာအိပ်နိုင်မည်မဟုတ်ပေ ။ ဟန်ချင်စုန့်ကတော့ ဘာကိုမှဆက်မပြောချင်တော့ပေ ။ ရာထူးဆိုင်ရာကိစ္စတွေက ရူပ်ထွေးပြီးနားလည်ရခက်ကာ သူ့မိသားစုပုံစံမျိုးနှင့်ဆိုလျှင် ပြဿနာပေါင်းစုံ ရှာခြင်းနှင့်သာ အဆုံးသတ်သွားလိမ့်မည် ။


" အမေနောက်ကျနေပြီမို့လို့မနက်မှဆက်ပြောကြတာပေါ့ "


စကားဝိုင်းသည် အရည်မရအဖတ်မရ မေးခွန်းများသာထွက်လာမည်ဖြစ်ကြောင်းဟန်ချင်စုန့် သိနေကာ တစ်အိမ်လုံးလည်းပင်ပန်းနေပြီဖြစ်ကြောင်းတွေ့နိုင်၍ စကားလမ်းကြောင်းလွှဲလိုက်သည် ။ 


ဟန်ချင်စုန့် က အစ်ကိုကြီးဟန် နှင့် ဒုတိယအစ်ကိုဟန် တို့အားအခန်းသို့ပြန်မည်ဖြစ်ကြောင်းပြောကာထွက်လာခဲ့သည် ။ ဟန်ချင်စုန့် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဒုတိယအစ်ကို၏ ဇနီးက ချက်ချင်းပင် အတွန့်တက်တော့သည် ။


" ကျွန်မတို့လက်ထပ်ပြီးကတည်းက ကိုယ်ပိုင်အခန်းမရသေးဘူး တကယ်လို့တတိယလေးတို့ အိမ်ခွဲနေမယ်ဆိုရင် သူတို့အခန်းကို ကျွန်မတို့ယူရမယ် "


xxxxxxxx