Part 18
တစ်နာရီခန့်ကြာပြီးနောက်, စားပွဲပေါ်၌ ထန်ထန် ချက်ထားတဲ့ ဟင်းပွဲတွေက နေရာအပြည့်ယူသွားတော့တယ်။ ဟင်းပွဲအားလုံးက အရောင်အသွေးစုံလင်ကာ မွေးပျံ့နေပြီး အရသာရှိမယ့်ပုံ ပေါ်နေတာကြောင့် လူတိုင်းကို စားချင်စိတ်ဖြစ်ပေါ်လာစေတယ်။
“ဝိုး”
လူတိုင်းက အစားအစာတွေကို တအံ့တဩနဲ့ ငေးကြည့်နေကြပြီး ထန်ထန် ကို လေးစားတဲ့အကြည့်နဲ့ ကြည့်နေကြတော့တယ်။
အထူးသဖြင့် ကျီယွဲ့က အားကျတဲ့လေသံနဲ့
ပြောလာလေသည်။
" ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ ဟင်းပွဲတွေအားလုံးကို တစ်ယောက်တည်းနဲ့ချက်နိင်တယ်, နတ်ဘုရားလိုပါပဲ”
မီးဖိုချောင်ကိုဖျက်စီးတဲ့နေရာမှာ ဆရာတပါးဖြစ်တဲ့ သူမ အတွက်တော့ ထန်ထန် က သူမရဲ့ အိုင်ဒေါလ်ဖြစ်သွားတော့တယ်။
မြှောက်ပင့်မှုကြောင့် ထန်ထန် မျက်နှာရဲသွားပြီး ရှက်ရွံ့စွာနဲ့ လက်ကိုယမ်းလိုက်ရင်း
“ မဟုတ်တာ, မဟုတ်တာ, အဲ့ဒါက ပုံမှန်မိသားစုဟင်းပွဲတွေပါပဲ, လူတိုင်း မြန်မြန်လာပြီး စားကြပါဦ"
လူတိုင်းက အားမနာတော့ပဲ တူများကိုကောက်ကိုင်ကာ စတင်စားကြတော့တယ်။ အစားအစာတွေက အရမ်းကိုအရသာရှိတဲ့အတွက် အဆုံးမှာတော့ အလွန်အကျွံစားမိကြပြီး ကြို့ထိုးကုန်ကြတယ်။ ချက်ထားတဲ့ ဟင်းပွဲတွေအကုန်လုံ ပြောင်ရှင်းသွားသလို ထမင်းအိုးကလဲ ဘာမှမကျန်တော့ဘူး။
ကုကျန်းအန်း က ထန်ထန် ကိုလက်မထောင်ပြရင်း
“ ခယ်မလေး, မင်းရဲ့ ဟင်းချက်ကောင်းတာကို စောဒကမတက်နိုင်တော့ဘူး, အဲ့ဒါက အရမ်းကောင်းတာပဲ, လောင်ဆန်း က ကံကောင်းတာပဲ”
ကျီယွဲ့ ကလဲ ကူပြောလိုက်တယ်
“ အခုဆိုရင် ကျွန်မတို့ စားစရာအတွက် ဂုန်းဆင်းဖို့ဘယ်သွားသင့်လဲဆိုတာ သိသွားကြပြီလေ”
" မင်းတို့သွားရင် ငါ့ကိုခေါ်ဖို့လဲ သတိရကြဦး ”
ကျိုးကျီလဲဝင်ပြောလိုက်တယ်
ထန်ထန် ပျော်ရွှင်လာပြီး မြှောက်ပင့်မှုတွေကြောင့် နည်းငယ်ရှက်လာတယ်။ အဲ့ဒါကြောင့် သူမက အသုံးပြုပြီးတဲ့ ပန်းကန်တွေကိုသယ်ရင်း မီးဖိုချောင်ဖက်ကို ၀င်သွားတော့တယ်။
ထန်ထန် ကချက်ပြုတ်ပေးထားတာဖြစ်တဲ့အတွက် ပန်းကန်တွေဆေးကြောဖို့အတွက်ကိုတော့ ကျီယွဲ့ က လွှတ်မထားနိုင်လေဘူး။ ဒါကြောင့် မီးဖိုချောင်ထဲသို့ သူမလိုက်သွားတော့တယ်။ သို့သော်လဲ သူမက မီးဖိုချောင်ကိစ္စတွေနဲ့ ပတ်သတ်လာရင် အတော်လေးလျှပ်ပြာနိုင်တာကြောင့် ဘာမှအကူအညီမဖြစ်ခဲ့လေဘူး။ ခဏကြာပြီးနောက်, ထန်ထန် က အရာအားလုံးကို သိမ်းဆည်းသွားပြီး မီးဖိုချောင်ဟာလဲ အသစ်အတိုင်းပဲ ပြန်ဖြစ်သွားတော့တယ်။
သူမရဲ့ ထန်ထန်အပေါ် အမြင်လုံးဝပြောင်းလဲသွားခဲ့ပြီး အရင်တုန်းက သူမသိထားခဲ့တာတွေက နားလည်မှုလွဲတာဖြစ်နိုင်ပြီး တကယ်တော့ ထန်ထန် က ကောင်းတဲ့သူတစ်ယောက်လို့ သူမခံစားလိုက်မိတယ်။
သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါမှာတော့ ထန်ထန် က မီးဖိုချောင်ထဲမှ ထွက်မသွားသေးပဲ ရေခဲသေတ္တာထဲမှ စားစရာတစ်ချို့ကိုထုတ်ပြီး သူတို့အတွက် စတင်ပြင်ဆင်နေတယ်။
“ ထန်ထန် ဘာတွေလုပ်ဖို့ ကြံနေတာလဲ...”
ကျီယွဲ့ က စပ်စုစွာနဲ့ မေးလိုက်တယ်။
“ လူတိုင်း ဒီနေ့ည အရမ်းစားလိုက်တာကို ကျွန်မသတိထားမိတယ်, အဲ့ဒါက ညရောက်ရင် ဗိုက်ထဲ မသက်မသာဖြစ်နိုင်တယ်လေ။ ဒါကြောင့် အိပ်တဲ့အခါ သက်တောင့်သက်သာရှိပြီး အစာလဲကြေအောင်လို့ အစာကြေလွယ်မယ့် လဘက်ရည်လုပ်နေတာ...”
ထန်ထန့် အဖြေကြောင့် သူမ အံ့ဩသွားပြီး
“ဘုရားရေ, ရှင်က အဲ့ဒါတွေအတွက်ပါတွေးပေးနေတာလား...ရှင်က အရမ်းကောင်းတာပဲ ကျိယန် ကို အိမ်မှာလဲ ဒီလိုမျိုးပဲ ပျက်စီးစေတာလား...’’
‘’အာ....”
“ အဲ့လိုလဲမဟုတ်ပါဘူး, ဒါက ကျွန်မလုပ်သင့်တာပဲလေ, ပြီးတော့ သူက စစ်တပ်မှာပင်ပင်ပန်းပန်း အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ကျွန်မက သူနဲ့ ပေါင်ပေါင်ကို ဂရုစိုက်ရမှာပေါ့”
ကျီယွဲ့ အေးခဲသွားပြီး ရုတ်တရက်သူမကိုယ်သူမ ပြန်တွေးမိသွားတယ်။ သူမအနေနဲ့ ကုကျန်းအန်းအပေါ်ကို အရမ်းများဆိုးနေမိလား တခြားတစ်ဘက်မှာတော့ သူကအလုပ်ကပြန်လာရင် မကြာခဏ သူမကိုနှိပ်ပေး ခြေထောက်တွေရေဆေးပေးတာပါ လုပ်ပေးတတ်တယ်။ သူမက ဇနီးဆိုးတစ်ယောက်များ ဖြစ်နေပြီလား...
သို့သော်လဲ သူမက ထန်ထန် လိုမျိုးတော့ မလုပ်နိုင်ပေ။
ကျိယန်က ရတနာလိုအဖိုးတန်တဲ့ ဇနီးနဲ့ အိမ်ထောင်ကျသွားတယ်လို့ ဘာကြောင့်များ သူမခံစားလိုက်မိတာလဲ?
ထန်ထန် လုပ်ပေးတဲ့ အစာကြေလွယ်တဲ့ ရေနွေးကြမ်းက တကယ်ကိုပဲထိရောက်မှုရှိတယ်။ လူတိုင်းသောက်ပြီးတဲ့နောက် သူတို့ဗိုက်ထဲ နေလို့မကောင်းတာတွေက ချက်ချင်းပဲပျောက်ကွယ်ကုန်တယ်။ ပြီးတော့ အရသာကလဲ အံ့အားသင့်စရာကောင်းအောင် ကောင်းတယ်။
အသေးလေးက ခွက်ကြီးနဲ့ နှစ်ခွက်သောက်ပြီးတာတောင် ထပ်သောက်ဖို့လိုချင်နေသေးတာကို ထန်ထန် သတိထားမိသွားပြီး ခွက်ကိုယူလိုက်ကာ
“ ထပ်မသောက်နဲ့တော့လေ, ထပ်သောက်ရင် ညကျ သားရဲ့အိပ်ယာတွေစိုကုန်လိမ့်မယ်”
ရှောင်ကျိူးက နှုတ်ခမ်းဆူလိုက်ပြီး မကျေမနပ်ချက်ချင်းပဲငြင်းပယ်လိုက်တယ်
“ မာမီ, သားက သုံးနှစ်သားမဟုတ်တော့ပါဘူး, သားအိပ်ယာမစိုတော့ပါဘူးနော်...”
အသေးလေးရဲ့ အမြီးကိုတက်နင်းလိုက်မိမှန်း သူမ သိလိုက်မိတဲ့အတွက် ချက်ချင်းပဲ စကားကိုပြောင်းလိုက်တယ်
“ ဟုတ်ပါပြီ ဟုတ်ပါပြီ သားအိပ်ယာမစိုဘူးဆိုတာ မာမီသိပါပြီ, မာမီက ညကျရင် သားအိမ်သာကို ခဏခဏသွားနေရမှာစိုးလို့ပါ”
ထန်ထန် ရဲ့စကားကိုကြားပြီးနောက် အသေးလေးရဲ့ စိတ်အခြေအနေက ပြန်ပြောင်းသွားတယ်။ သို့သော်လဲ ထန်ထန်ကိုသတိပေးဖို့တော့ မမေ့ပေ
“ ဒါဆို နောက်တစ်ခါကျရင် အိပ်ယာစိုမယ့်အကြောင်းကို သံသယမထားနဲ့တော့နော်, သားက ယောကျာ်းတစ်ယောက်ဖြစ်နေပြီ, အဲလိုမျိုး မာမီ မပြောသင့်တော့ဘူး”
ထန်ထန် လက်ကိုမြှောက်ပြီး ကတိပေးလိုက်တယ်
“ အနာဂါတ်မှာ အဲ့လိုမျိုးထပ်မပြောတော့ဘူးလို့ မာမီ အာမခံတယ်”
သူတို့ရဲ့ အပြန်အလှန်ပြောဆိုမှုက လူတိုင်းကိုရယ်မောစေခဲ့တယ်။ ဒီစကားတွေက အရမ်းကိုပဲ တန်ဖိုးရှိတယ်လေ။
ရုတ်တရက် ကျိယန် ဖုန်းက အသံမြည်လာတယ်။ အန်တီလီဆီက ဖုန်းမှန်းသူတွေ့လိုက်တဲ့အတွက် ပြန်ဖြေလိုက်တယ်
“ ဟဲလို အန္တီလီ....”
ထန်ထန်တို့ သားမိ က အန်တီလီ ဆီမှဖုန်းဆက်မှန်း ကြားလိုက်ရတဲ့အတွက် ကျိယန်ကို ပြိုင်တူလှမ်းကြည့်လိုက်ကြတယ်။
အန်တီလီ ဘာပြောလဲဆိုတာသူတို့မသိပေမယ့်လဲ ဖုန်းချပြီးတဲ့နောက် ကျိယန် အမူအယာမကောင်းတာကို တွေ့လိုက်ကြတယ်။
အသေးလေး က စိတ်ပူစွာနဲ့ ကျိယန် အကျီလက်ကိုဆွဲရင်း မေးလိုက်တယ်
“ ဒယ်ဒီ, အဖွားလီ ဘာပြောတာလဲ... ဘယ်တော့ပြန်လာမှာလဲ... “
အဖွားလီက သူ့ကိုငယ်စဉ်ကတည်းက ထိန်းကျောင်းပေးခဲ့တာဖြစ်တဲ့အတွက် သူတို့မှာ ကောင်းတဲ့ဆက်ဆံရေးရှိတယ်။ သူတို့တွေမတွေ့တာ ရက်အတော်ကြာပြီဖြစ်တဲ့အတွက် ရှောင်ကျိုး သူမကို လွမ်းနေပြီဖြစ်တယ်။
အသေးလေးက အရမ်းငယ်သေးပေမယ့်လဲ ကျိယန် က ဘာမှဖုံးကွယ်ခြင်းမရှိပဲ အမှန်အတိုင်းပြောပြလိုက်တယ်
“ အဖွားလီရဲ့ မြေးလေးက နေသိပ်မကောင်းသေးဘူး, ဒါကြောင့် သူ့မြေးတွေကို ဂရုစိုက်ဖို့ အိမ်မှာနေရဦးမယ်တဲ့, အဲ့ဒါကြောင့် သားကို သူဂရုမစိုက်နိုင်သေးဘူး”
“ ဟင်..."
သူ သူ့ဒက်ဒီပြောတာတွေကို ချက်ချင်းလက်မခံနိုင်သေးပဲ ပါးစပ်လေးဟလျက်သားဖြစ်နေတယ်။
ကျိယန်က သက်ပြင်းချလိုက်ရင်း ရှောင်ကျိုး ခေါင်းကိုပွတ်လိုက်ကာ
“ အဖွားလီရဲ့ အကြောင်းပြချက်ကို သားနားလည်ပေးရမယ်, သူကလဲ သားကိုသတိရနေတယ် ဒါပေမယ့် သူမရဲ့ မိသားစုမှာ ကိစ္စတစ်ခုဖြစ်နေတဲ့အတွက် ထားခဲ့လို့မရဘူးလေ”
ရှောင်ကျိုး က နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မပျော်ရွှင်တဲ့ပုံစံကိုပြသရင်း သူ့လက်အချင်းချင်းနဲ့ဆော့နေတော့တယ်။
ကျိယန် အသေးလေးရဲ့နဖူးကို စိတ်ပူစွာနဲ့ကိုင်လိုက်မိတယ် အန်တီလီ ကပြန်မလာသေးမှတော့ သူတပ်ထဲကို စိတ်ချလက်ချနဲ့ မပြန်နိုင်ဘူးဖြစ်နေတယ်။ သူ ကလေး ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး ပြီးတော့ တခြားကလေးထိန်းတစ်ယောက်ကိုရှာဖို့ကလဲ အချိန်လိုသေးတယ်။ သူ့လိုအပ်ချက်ကိုပြည့်မီတဲ့ ကလေးထိန်းကိုရှာဖို့ဆိုတာ မလွယ်ကူနိုင်ဘူး။ သူ့အနေနဲ့ တစ်စိမ်းတစ်ယောက်ရဲ့လက်ထဲမှာ အသေးလေးကို လက်လွတ်စပယ်မထားသင့်ဘူးလို့ ယူဆထားတယ်။
ကျိုးကျီကလဲ ကျိယန် စိတ်ပူနေတာကိုနားလည်ပြီး မေးလိုက်တယ်
“ ဒါဆို နောက်ကျရင် ဘယ်လိုလုပ်မလဲ သင့်တော်တဲ့ တစ်ယောက်ယောက်လောက် ငါရှာပေးဖို့လိုသေးလား...’’
ကုကျန်းအန်း ကလဲပဲ ၀င်ပြောလိုက်တယ်
“ ငါလဲကူရှာပေးမယ်လေ, အိမ်ပြန်ရောက်တဲ့အခါ ငါ့အိမ်က အန်တီကိုမေးပေးမယ်”
ကျိယန် ဆုံးဖြတ်ချက်မချရသေးခင်မှာပဲ ကျီးယွဲ့က၀င်ပြောလိုက်တယ်
“ ကျွန်မတော့ ကလေးထိန်းထပ်ရှာဖို့ မလိုတော့ဘူးထင်တာပဲ သားအမိနှစ်ယောက်လုံးကို ရှင်နဲ့အတူတူခေါ်သွားလိုက်ပေါ့, ထန်ထန် က အဲ့ဒီမှာ ရှောင်ကျိုး ကိုစောင့်ရှောက်လို့ရတာပဲ, ကျိယန် က တပ်ထဲမှာရာထူးမြင့်ပြီးတော့ ထန်ထန် က လဲ အလုပ်မရှိတဲ့အတွက် ပြသနာရှိမှာမဟုတ်ဘူးလေ။ သူတို့သာ အတူတူသွားမယ်ဆိုရင် တစ်မိသားစုလုံး နေတိုင်းအတူတူနေရတော့မှာပေါ့, အဲ့ဒါမကောင်းဘူးလား...”
ကျီယွဲ့ ပြောလိုက်သည်နှင့် လူတိုင်းက တိတ်ဆိတ်သွားပြီး ထန်ထန် ကိုဝိုင်းကြည့်လိုက်ကြတယ်
ထန်ထန်လဲ လူတိုင်းရဲ့အကြည့်ကြောင့် အံ့ဩသွားရတယ်။ သို့သော် ကျီယွဲ့ရဲ့စကားကို သူမ စိတ်ဝင်စားမိတယ်။ ဆိုလိုတာက ပေါင်ပေါင်က သူနဲ့အတူတူ နေတိုင်းတွေ့နိုင်တော့မှာပေါ့။ အဲ့ဒါဖြစ်နိုင်လို့လား သူမက တွေးထားတာက သူမတို့တတွေ ကျိယန် ရဲ့အားလပ်ရပ်ကို အိမ်ကနေပဲ စောင့်နေရမယ်ထင်ခဲ့တာ။ သူနဲ့အတူတူနေရမယ်လို့ သူမဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ အဲ့လိုသာဆိုရင် ပေါင်ပေါင်လေးက သူ့ဒယ်ဒီကိုနေ့တိုင်းတွေ့ရပြီး သူတို့မိသားစုကလဲ တကွဲတပြားဖြစ်နေတော့မှာမဟုတ်ဘူးပေါ့။
သူမစိတ်ထဲမှာ အတော်လေးလှုပ်ရှားနေတာကြောင့် သူမရဲ့အကြည့်တွေကို ကျိယန် ဆီကနေ မရွေ့နိုင်ဘူးဖြစ်နေတယ်။
ကျိယန် က သူမရဲ့အကြည့်ကိုတွေ့ပြီးနောက်
“ ဒီကိစ္စကို နောက်မှပဲပြောကြတာပေါ့”
သူသဘောမတူပုံကိုကြည့်ပြီးနောက်, သူမ စိတ်ဓါတ်ကျသလိုဖြစ်သွားတယ်။ ဟုတ်တာပေါ့, သူမကို သူက သဘောမှမကျပဲ။ သူမနဲ့အတူတူ မနေချင်တာဖြစ်မှာပေါ့။ အဲ့ဒါက ပေါင်ပေါင်လေးအတွက်တော့ ကံမကောင်းတာပဲ။
- - - - - - - - - - - - - -
ညဘက်ရောက်တဲ့အခါမှာတော့...ရှောင်ကျိုး တစ်ယောက် ကျိယန် နဲ့ ထန်ထန် ကြားထဲမှာ အိပ်ဖို့ပြင်နေပါတော့တယ်။
သူ ခဏလေးလောက် ငြိမ်နေပြီးနောက် သူ့ခြေထောက်ကို ကျိယန်ခြေထောက်ပေါ်သို့တင်လိုက်ပါတော့တယ်။ ထို့နောက် ကျိယန် ကိုယ်ပေါ်သို့ တွားသွားတက်သွားကာ ရင်ဘတ်ပေါ်မှာလှဲနေရင်း သူမေးလိုက်တယ်
“ ဒယ်ဒီ, အဖွားလီက သားကိုစောင့်ရှောက်ဖို့ ပြန်မလာတော့ဘူးလား’’
“ အမ်း...”
အသေးလေးက သက်ပြင်းချလိုက်ပြီး လက်ကို သူ့မေးစေ့အောက်မှာ ထောက်လိုက်ကာ
“ ဒါဆို အနာဂါတ်မှာ ရှင်သန်နိုင်ဖို့အတွက် မာမီနဲ့သားပဲ တစ်ယောက်ကိုတစ်ယောက် အားကိုးရတော့မှာပေါ့နော်, သားတို့က အရမ်းသနားဖို့ကောင်းတာပဲ”
ထန်ထန် ပြောစရာစကားပျောက်ရှသွားတယ်။
“…ဘယ်သူက သားကို ‘အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးရတော့မယ် ‘ လို့သင်ပေးထားတာလဲ...’’
ကျိယန် မေးလိုက်တယ်။
“ တီဗီမှာ အဲ့ဒါကိုပြတယ်လေ, အာ. ကလေးလေးရဲ့အဖေက သူ့ကိုမလိုချင်တော့ဘူးလေ ပြီးတော့ သူ့မာမီကိုရောပေါ့, နောက်တော့ ကလေးလေးနဲ့သူ့မာမီက သူတို့ဘာသာနှစ်ယောက်အတူတူနေကြတယ်လေ, အဲ့ဒါကို အနာဂါတ်မှာ အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးကြတယ်လို့ခေါ်တယ်...”
ရှောင်ကျိုးလေးက ချစ်စဖွယ်ကောင်းစွာပြန်ဖြေလိုက်တယ်...
ကျိယန် သူ့နှဖူးကိုသူပြန်ရိုက်လိုက်မိတော့တယ်။ ရှောင်ကျိုး တစ်ယောက်ကို တီဗီကြည့်ခွင့်ပေးတာ ကောင်းလား မကောင်းလား သူမသိတော့ဘူး။
“ ဒါပေမယ့် ဒယ်ဒီက သားကိုမစွန့်ပစ်ဘူးလေ, ဒယ်ဒီက အိမ်ကိုပြန်လာတုန်းပဲလေ, အဲ့ဒါကြောင့် သားနဲ့သားမာမီက တစ်ယောက်ကိုတစ်ယောက် အသက်ရှင်ဖို့ မှီခိုစရာမလိုပါဘူး”
ရှောင်ကျိူး က သူ့နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ရင်း
“ ဒါပေမယ့် အိမ်မှာ သားနဲ့ မာမီပဲရှိတော့မှာလေ, လူတိုင်းက သူတို့ရဲ့ မာမီနဲ့ဒယ်ဒီနဲ့ အတူတူနေကြတာပဲလေ”
ကျိယန့်နှလုံးသားနစ်မြုပ်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရတယ်။
သူ့ဒယ်ဒီစကားပြန်မပြောနိုင်တာကိုကြည့်ပြီးနောက် သူ့ဒယ်ဒီရဲ့ ရင်ဘတ်ကိုပုတ်လိုက်တယ်
“ ဒယ်ဒီ, သားကို မာမီစောင့်ရှောက်ပေးဖို့က အရမ်းခက်တယ်, သူမက အိတ်ကိုမသယ်နိုင်ဘူး ပြီးတော့ မီးချောင်းတွေပျက်ရင်လဲ မပြင်တတ်ဘူးလေ”
ထန်ထန် သူပြောတာကိုနားထောင်ရင်း ရှက်သွားတယ်...ကျိယန်က သူမကိုအသုံးမဝင်ဘူးလို့ မထင်စေချင်ဘူး ။ သူမက ရိုးရှင်းတဲ့အလုပ်လေးတွေတောင် မလုပ်နိုင်ဘူးလို့ ထင်သွားမှာစိုးတယ် ဒါကြောင့် ချက်ချင်းပဲ ရှင်းပြလိုက်တယ်
“ အဲ့လိုမဟုတ်ပါဘူး, ကျွန်မခြေထောက်က သိပ်မကောင်းသေးလို့ပါ, ခြေထောက်သက်သာတာနဲ့ ကျွန်မ အိတ်လဲသယ်နိုင်မှာပါ မီးသီးလဲ လဲနိုင်မှာပါ , တကယ်ပါ”
ကျိယန် ရှုပ်ထွေးတဲ့အကြည့်နဲ့ ထန်ထန်ကိုကြည့်ပြီး မေးလိုက်တယ်
“အိမ်က မီးတွေက မကောင်းတော့ဘူးလား...”
“ မဟုတ်ဘူး, မဟုတ်ဘူး, ဘယ်မီးမှ လဲဖို့မလိုသေးပါဘူး”
ရှောင်ကျိုးလေးက လက်မခံပဲဝင်ငြင်းလိုက်တယ်
“ မဟုတ်ပဲနဲ့... မာမီ့ရေချိုးခန်းထဲက မီးကအလုပ်မလုပ်တော့ဘူးလေ, မာမီက အမှောင်ထဲမှာပဲချိုးရတာ”
သူမနှုတ်ခမ်းကိုကိုက်လိုက်မိတယ်။ သူမသားရဲ့ ရောင်းစားခြင်းကို ခံလိုက်ရတဲ့အတွက် အတော်လေးရှက်သွားတယ်။
ကျိယန် က အသေးလေးရဲ့ကျောကို ပုတ်လိုက်ရင်းတိုးတိုးပြောလိုက်တယ်
“ ဒယ်ဒီသိပြီ, ပြန်ရောက်တဲ့အခါ ဒယ်ဒီပြင်ပေးလိုက်မယ်”
ကျိရှောင်ကျိုး ကျေနပ်သွားတော့တယ်။
သူက သူ့ဒယ်ဒီအတွက်လုံလောက်သွားပြီလို့ ဆုံးဖြတ်လိုက်ပြီးနောက် သူ့မာမီအလှည့်ရောက်ပြီဖြစ်တဲ့အတွက် ကျိယန် ကိုယ်ပေါ်မှဆင်းကာ ထန်ထန့် ဆီသို့လှိမ့်သွားတော့တယ် ။ သူမာမီက ပိန်ပိန်လေးဖြစ်ပြီး သူကိုထိန်းနိုင်ဖို့ အားမရှိတာ သိတဲ့အတွက် သူ့မာမီအပေါ်သို့မတက်ပေ။ သူက သူ့မာမီအနားသို့ကပ်လိုက်ရင်း
“ မာမီ, မကြောက်နဲ့တော့နော်, သားကောင်းကောင်းကြီးလာမှာ ပြီးတော့ အနာဂတ်မှာ မာမီအတွက် သားက အိတ်တွေသယ်ပေးပြီး မီးသီးတွေလဲ လဲပေးမယ်နော်”
ပေါင်ပေ့လေးရဲ့ စကားချိုချိုလေးတွေကြောင့် သူမ မျက်ရည်ကျမတတ် ပျော်ရွှင်သွားရပြီး သူ့ကိုဖက်ကာ နမ်းလိုက်တယ်
“ မာမီ့အသဲတုံးလေး, မာမီ့ရတနာလေး, မာမီ့အချစ်လေး, မာမီ သားကိုချစ်လိုက်တာ”
အသေးလေးကလဲ ပြန်နမ်းလိုက်ပြီး
“ သားလဲ မာမီကိုချစ်တယ်”
သားအမိနှစ်ယောက်လုံးက သူတို့အနားမှာ ဘယ်သူမှမရှိသလိုနှင့် သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ဖော်ပြနေတဲ့အမူအယာတွေက ကျိယန်ကို အပိုလူတစ်ယောက်လို ခံစားလိုက်ရစေတယ်။
ကံကောင်းစွာနဲ့ပဲ သူတို့ရဲ့ဖော်ပြတဲ့အချစ်တွေက ကြာကြာမခံလိုက်ပါဘူး။ ကလေးက တနေကုန် အရူးအမူးဆော့ထားတာဖြစ်တဲ့အတွက် ငြင်သာစွာပုတ်သိပ်မှုအောက်မှာ သူကအိပ်ပျော်သွားပြီး ဟောက်သံပင်ထွက်နေပါတော့တယ်။
ထန်ထန် အသေးလေးရဲ့နဖူးကိုနမ်းလိုက်ပြီး ကျိယန်ကိုကြည့်လိုက်တယ်။ သူမနှလုံးသားထဲက ရှက်ရွံ့မှုတွေကို ဖုံးကွယ်ရင်း
“ ယောကျာ်း, ကျွန်မလဲ အိပ်တော့မယ်၊ ကောင်းသောညပါ”
ကျိယန်ကတိတ်ဆိတ်နေပြီး အတန်ကြာမှအသိအမှတ်ပြုလိုက်တယ်။
သူမ အမှောင်ထဲမှာ တိတ်တဆိတ်ရယ်လိုက်ပြီး အသေးလေးရဲ့ နို့နံ့သင်းသင်းလေးတွေနဲ့အတူ အိပ်ပျော်သွားတော့တယ်။
ကျိယန်အိပ်မပျော်သေးပေ။ သူလက်မောင်းကိုခေါင်းအုံးလုပ်ရင်း ရှောင်ကျိုး ရဲ့စကားတွေကို စဉ်းစားနေလိုက်တယ်။
အန်တီလီ ပြန်မလာနိုင်မှတော့ သားအမိနှစ်ယောက်တည်း သူတို့ဘာသာနေဖို့က မလွယ်ကူဘူးလို့ သူအသေအချာသိနေတယ်။ ထန်ထန် က အသေးလေးကို ကောင်းကောင်းဆက်ဆံသွားရင်တောင် သူမလိုအားနည်းတဲ့သူနဲ့ အသေးလေးကို ထားခဲ့ဖို့ဆိုတာ အတော်လေးခက်တယ်။ ကလေးတစ်ယောက်ကို ကြည့်ရတာမလွယ်ဘူး။ သူမဘာသာ အရာအားလုံးကို လုပ်ရမယ့်အပြင် သူလုပ်ဖို့လိုတာတွေကိုပါ သူမလုပ်ရမှာဖြစ်တယ် ပြီးတော့ အဲ့ဒါက သူမအတွက်လွယ်ကူမှာ မဟုတ်ဘူး။
သူတို့သာ သူနဲ့အတူလိုက်ခဲ့မယ်ဆိုရင် သူ့ကလေးကို နေ့တိုင်းမြင်တွေ့ရမှာဖြစ်ပြီး အိမ်အလုပ်တွေကိုလဲ ကူလုပ်ပေးနိုင်မှာဖြစ်တယ်။ ဒါဆို သူမလဲ အရာအားလုံးကို တာ၀န်ယူစရာမလိုတော့ဘူး။
အဓိကပြသနာကတော့ သူမ ပြောင်းချင်လားဆိုတာ သူ မသိဘူးဖြစ်နေတယ်။ အရင်တုန်းက ထန်ထန်သာဆိုရင် သူမ လိုက်ချင်မှာ မဟုတ်သလို သူလဲ အဲ့လိုတွေးမိမှာ မဟုတ်ဘူး။
ဒါပေမယ့် အခု ထန်ထန် ကတော့ သူလဲ သူမရဲ့အဖြေကိုမသေချာဘူး။