အပိုင်း ၄၁-၄၂
Viewers 21k

Part 41


လင်းလန်က ချောင်းဟန့်လိုက်‌မိသည်

‘‘အဲ့ဒါက၊ ရှင်ကအဖွားကြီးကို အဖြေမပြောလိုက်ဘူးလေ ။အဲ့အဓိပ္ပါယ်က ရှင်က ညှိနှိုင်းလို့ရသေးတယ်လို့ ဆိုတာဘဲပေါ့ ’’


ဟန်ချင်စုန့်၏ အကျင့်စရိုက်အရဆိုရင် တကယ်ဘဲ အလုပ်အကိုင်ပြောင်းလိုက်တာနှင့် သူက လျင်လျင်မြန်မြန်ပင် တိကျပြတ်သားစွာပြောလိုက်မှာဖြစ်သည်။သူ၏ ဒီလိုအပြုအမူမျိုးက စဉ်းစားနေတုန်းအချိန်မှာဘဲ ရှိနေသေးသည်ဆိုတာကို ဖော်ပြနေပေသည်။


ဟန်ချင်စုန့်က ပိုပြီးတောင် အံ့အားသင့်သွားလေ၏။ဒီလိုမျိုး ကိုယ်ချင်းစာစိတ်ထားတတ်ဖို့ သူမဘယ်တုန်းကများ လေ့လာထားခဲ့လို့လဲ။


‘‘မင်းက ထပ်ပြီးကြောက်မနေတော့ဘူးလား’’


လင်းလန် : ‘‘ကြောက်စရာဘာများရှိနေလို့လဲ’’

သူမက ထိုအိမ်တွင်နေရမှာကို ကြောက်တာဖြစ်သည်။သူမက မထိန်းနိုင်ဘဲ အဖွားကြီးကို ပါးဖြတ်ရိုက်လိုက်မိမှာကို ကြောက်တာဖြစ်သည်။


ဟန်ချင်စုန့်က ဘာမှမပြောလာသော်လည်း သူ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားပေသည်။

ဆိုလိုချင်တာက သူကဒီအရာကိုအတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်နေတာဖြစ်သည်။


ဒါပေါ့၊သူမက ကွာရှင်းခံရမှာကိုမကြောက်ပေ။ဘာလို့ကြောက်နေရမှာလဲ။ကွာရှင်းလိုက်လေ ကောင်းလေဘဲ။တကယ်လို့ သူမအတွက်သာသူမ အလုပ်တစ်ခုရှာနိုင်သွားရင် ပိုကောင်းသေးတယ်၊ဘာလို့လဲဆို သူမကတောင်ဖြစ်လာနိုင်တာက。。。


......


ဟန်ချင်စုန့်က သူမရှေ့တွင်ရပ်လိုက်တာကြောင့် အလင်းရောင်က နည်းနည်းမှိန်သွားသည့် အချိန်အထိ သူမကစိတ်ကူးယဉ်ကာ တွေးတောနေတုန်းပင်ဖြစ်သည်။


သူတို့ကြားရှိ အကွာအဝေးကအနည်းငယ် နီးကပ်နေကာ သူ့ကိုယ်ပေါ်က အားကောင်းသော ယောက်ျားဆန်မှုများက သူမ၏ အပူများကို မျက်နှာထိထိုးတက်လာစေကာ ရှက်ရွံ့သွားအောင် လုပ်နေပေသည်။သူမက သတိမမူမိစွာပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။

‘‘ရှင့်မှာ ပြောစရာရှိနေရင်လည်း ဒီအတိုင်းပြောလိုက်ပါ ၊စိတ်အနှောင့်အယှက်ဖြစ်မနေနဲ့ ’’


ဟန်ချင်စုန့် အသံက အတော်လေးကို နိမ့်နေပေသည်

‘‘မင်းက ကိုယ်စိတ်အနှောက်ယှက်ဖြစ်တာမျိုးကို မြင်ဖူးလို့လား ’’


အဲ့ဒါကို သူမ မမြင်ဖူးပေ။


သူမက စန်းဝမ်ကိုချီကာ စစ်တပ်ထဲတိတ်တဆိတ် ဝင်သွားပြီး ‌မကျေမနပ်တိုင်တန်းတာဘဲဖြစ်ဖြစ်၊ စစ်တပ်ဝင်းထဲတွင် အရှုပ်ထုပ်တွေသွားလုပ်ကာ သံသယစိတ်နှင့် မယားငယ်ဖမ်းသည်ဟုပြောကာ စစ်တပ်တစ်ခုလုံးရဲ့ လှောင်ရီစရာဖြစ်အောင် သူမ လုပ်ခဲ့မိရင်တောင်မှ သူကပုံမှန်အသံဖြင့်သာ ‌ရှင်းပြပေလိမ့်မည်။နောက်ဆုံးတွင် သူကဘယ်လိုမှ စိတ်အနှောင့်အယှက်မဖြစ်နေရုံသာမက သူမကို ရိုက်နှက်တာမျိုး၊ဆူငေါက်တာမျိုးတောင် မရှိခဲ့ပေ။သူက သူမကိုဘယ်တုန်းကမှ စွပ်စွဲအပြစ်မတင်ခဲ့ပေ။


ပြောရမည်ဆိုလျှင် သူက အေးစက်ပြီး အလေးအနက်ဖြစ်နေသည့်ပုံ ပေါ်ပေမယ့်လည်း တကယ်တမ်းတွင် သူက လူများအပေါ်အတော်လေး ညင်သာပေသည်။အပေါ်ယံတွင် ကြင်နာယောင်ဆောင်နေကာ သူတို့ဇနီးများကို နေ့တိုင်းလိုလို ပညာပြနေကြသော တချို့သောယောက်ျားများလို မဟုတ်ပေ။


‘‘ဟားဟား ’’ သူမက ခြောက်ကပ်ကပ်ရယ်လိုက်မိသည်။


ငါ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါက အရမ်းသေးနေတယ်၊ပြီးတော့ ငါအဲ့ဒါကို ပြန်ယူချင်တယ်၊ သူ့ကြောင့် အဖိနှိပ်ခံလိုက်လို့မဖြစ်ဘူး။


သူမက လည်ချောင်းရှင်းလိုက်လေသည်။

‘‘အဲ့ဒါက ရှင်အကောင်းဆုံးမလုပ်ခဲ့လို့ မဟုတ်ပါဘူး၊ တကယ်လို့ရှင်သာ ကောင်းကောင်းလုပ်ပြီး ကျွန်မကိုစိတ်လုံခြုံမှုပေးနိုင်ရင် ကျွန်မလည်းဆက်ပြီး.....’’


‘‘ကောင်းကောင်းလုပ်ပြီး မင်းကိုစိတ်လုံခြုံမှုပေးရမယ်ဆိုတာမျိုးက ဘာကိုဆိုလိုတာလဲ ’’


ဟန်ချင်စုန့်က သူမကို‌ နက်နဲသော အကြည့်များနှင့်ကြည့်လာလေသည်။


သူ့တွင် နက်မှောင်သော မျက်ခုံးများနှင့် မျက်လုံးနက်နက်များရှိကာ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်ပြီး မပြုံးမရယ်သည့်ပုံစံရှိပေသည်။သူက အခြားသူများကို ကြည့်‌လာသည့်အခါ မြင့်မြတ်ထူးကဲသည့် ဂုဏ်ရှိန်ဂုဏ်ဝါများက ထုတ်ဖော်ထားသလိုပင်ဖြစ်သည်။


လင်းလန်က သူ့ကိုတိုက်ရိုက်ကြီး မကြည့်ရဲပေ။


‘‘ကြည့်လေ၊ တပ်စုထဲမှာ လှတဲ့စစ်မေတွေအများကြီးရှိတယ်၊ ပြီးတော့ စစ်ဆေးရုံမှာလည်း သူနာပြုလှလှလေးနဲ့ ဆရာဝန်မချောချောလေးတွေလည်း အများရှိနေတာ။လူအများကြီးက ရှင့်ကိုစိတ်ဝင်စားနေကြတယ်လို့ ပြောနေကြတယ်။ပြီးတော့ ရှင်လည်း ကျွန်မနဲ့အတူတူဘဲ တစ်ဘဝလုံးကိုဖြတ်သန်းလိမ့်မယ်လို့ အာမမခံနိုင်ဘူးလေ’’


‘‘ငါပြောထားသလိုဘဲ မင်းက ငါ ဟန်ချင်စုန့်ရဲ့ ကလေးတွေကို မွေးပေးခဲ့တဲ့မိန်းမ‌တစ်ယောက်ဘဲ၊ ဘယ်လိုဘဲအမှားတွေလုပ်ပြီး ပြသနာရှာနေပါစေ ကျန်တဲ့ငါ့ဘဝတစ်လျှောက်လုံး စောင့်ရှောက်သွားပေးမှာ၊ မင်းအဲ့ဒါကိုမမှတ်မိဘူးလား ’’


လင်းလန် ခနလောက်တွေးကြည့်လိုက်သည်။ကြည့်ရတာ သူမကိုပြောခဲ့ဖူးပုံပေါ်သော်လည်း မူလကိုယ်က ဒါကိုရှင်းရှင်းလင်းလင်းမမှတ်မိခဲ့ပေ။တကယ်တမ်းတွင် ဒီတစ်ဘဝလုံးစောင့်ရှောက်ပေးမယ်ဆိုတာကို မူလကိုယ်က ဟန်ချင်စုန့်က ကွာရှင်းပြီးနောက်မှသာ အပြစ်ရှိစိတ်ကြောင့် စောင့်ရှောက်ပေးတာဖြစ်သည်ဟု အထင်မှားခဲ့ပေသည်။သဘာဝကျစွာဘဲ သူမက လက်မခံချင်ပေ။


မူလကိုယ်တွင် သူမကိုယ်ပိုင် တိကျသောကိုယ်ကျင့်စရိုက်ရှိပေသည်။သူမက ကောလဟလများနှင့် စည်းရုံးသိမ်းသွင်းခံရဖို့ လွယ်ကူကာ သူမက အမှန်တရားလိုယူဆလိုက်ပြီဆိုတာနှင့် အခြားဘာကမှ သူမကို ယုံကြည်လက်ခံလာအောင် လုပ်လို့မရပေ။ သူကဘာဘဲပြောနေပါစေ၊ သူမတွေးတာက သူကကြည့်ကောင်းပြီး အောင်မြင်လာမယ့်အနာဂတ်ရှိတာကြောင့် မရေမတွက်နိုင်လောက်အောင် မိန်းမလှများက စစ်တပ်ထဲမှာ သူ့ကို အရူးအမူးဖြစ်နေကြလိမ့်မယ် ဟူ၍ပင်ဖြစ်သည်။ဟန်ချင်စုန့်က တပ်ခေါင်းဆောင်၏

သမီးနှင့် ချစ်ကြိုက်နေကြကာ ထိုသူမက သူနှင့်ကွာရှင်းတာမဟုတ်ရင် အဲ့လိုမျိုးတစ်စုံတစ်ခုလုပ်ပေးဖို့အတွက် စည်းရုံးဖျားယောင်းနေသည်ဟုလည်း သတင်းကြားခဲ့ရပေသည်။


လင်းလန်က သူမနည်းနည်းလောက် ရုန်းကန်လို့ရသေးတယ်လို့ ခံစားလိုက်မိသည်


‘‘ဒီပြသနာကို ရှင်းရှင်းလင်းလင်းနားမလည်ခဲ့ဘူး၊အဲ့ဒါကျွန်မအပြစ်ပါ ။ဒါပေမယ့် ရှင်လည်း အိမ်မှာဘာဖြစ်နေတာလဲဆိုတာ မသိခဲ့ဘူးလေ အဲ့ဒါကြောင့် ရှင့်အမေနဲ့ စကားများတာနဲ့ပတ်သက်ပြီး ရှင်ကျွန်မအပေါ်ကိုဘဲ အကုန်လုံးအပြစ်တင်နေလို့မရဘူး၊ အိမ်မှာ ကျွန်မ ကလေးငါးယောက်နဲ့ရှိနေတာ ဒါကြောင့်မို့လို့ အခါအားလျော်စွာတော့ ကလေးတွေကို ချော့မော့ဖို့အတွက် တချို့တလေဝယ်ဖို့ သေချာပေါက်ကို ယွမ်အနည်းငယ်လောက်လိုတာပေါ့ ’’


‘‘ငါမင်းကို အပြစ်ပြောနေလို့လား ’’

ဟန်ချင်စုန့်က ပိုပိုပြီးတောင် ပဟေဠိဖြစ်လာလေသည်။


သူကဘယ်လိုတောင်  အပြစ်ကင်းစင်နေတာကို မြင်လိုက်ရတဲ့နောက်မှာ လင်းလန်က သူမကိုယ်သူမ ထပ်ပြီးမေးခွန်းထုတ်ကြည့်လိုက်သည်။တချိန်လုံးတွင် သူက တကယ်ဘဲ သူမကိုအပြစ်မတင်ခဲ့ပေ။ဒီတကြိမ်တွင် အဖွားကြီးနှင့် ဒုတိယယောင်းမကပါ သူ့ကို အချိန်အကြာကြီး စောဒကတက်နေခဲ့ကြသော်လည်း သူကဘယ်တုန်းကမှ သူတို့ရဲ့ လက်ထပ်မှုကြောင့်ဆိုပြီး မထောက်ခံသလို အပြစ်လည်းတင်မနေခဲ့ချေ။


xxxxxx

Part 42


အရင်တုန်းကဆို မူလကိုယ်က သူ့ကိုဘယ်တော့မှ စွပ်စွပ်စွဲစွဲမပြောခဲ့ပေ။


ဒါပေမယ့် သူက သူတို့လက်ထပ်ပြီးကတည်းက နှစ်နှစ်၊သုံးနှစ်နေရင်တောင် တစ်ခါလောက် ပြန်လာခဲ့လို့လား၊ အများဆုံးအားဖြင့် သူကငါးရက်လောက်သာပြန်လာနေပြီး အနည်းဆုံးတစ်ရက်ဖြစ်သည်။အဲ့လိုတိုတောင်း‌သော အချိန်ကာလလေးတွင်က သူကဘယ်လိုလုပ်ပြီး ပုံမှန်မဟုတ်တာများကို သတိထားမိနိုင်ပါ့မလဲ။


လင်းလန်ကလည်း အံ့ဩသွားမိပေသည်။ဒီလိုနည်းပါးတဲ့ ဆက်သွယ်မှုမျိုးနဲ့ တကယ်ဘဲ သူတို့က ငါးကြိမ်တောင်မလုပ်ခဲ့ဘဲနှင့်  ကလေးငါးယောက်ရလာခဲ့ပေသည်။


သူမက အရှုံးကိုဝန်မခံချင်ပေ။တကယ်လို့ သူမက ပထမအကြိမ်မှာရှုံးသွားတယ်ဆိုရင်တောင် အနာဂတ်မှာ သူ့ဆီကနေ ဖိနှိပ်ခံရတော့မှာ မဟုတ်ပေ။


‘‘ဘာဘဲဖြစ်ဖြစ်ပါ၊ ရှင်က သူတို့ကိုပဲ ထောက်ပံ့လာတာတွေအကုန်ပေးလိုက်တာတော့ မမှန်ဘူးလေ၊ ဘာလို့ကျွန်မကလေးတွေနဲ့ ကျွန်မက ပိုက်ဆံတစ်ဆင့်လေးတောင် ကျွန်မတို့အတွက် မရရတာလဲ။ကလေးတွေက ကျောင်းသွားဖို့မလိုဘူးလား၊ သူတို့ကရော အနာဂတ်မှာလက်ထပ်ဖို့အတွက် ပိုက်ဆံစုဖို့ မလိုဘူးတဲ့လား’’


‘‘မင်းလည်း ပိုက်ဆံလိုချင်တယ်ဆိုလို့ နောက်ပိုင်းမှာ မင်းနာမည်ကိုပါ ထပ်ပေါင်းထည့်လိုက်တယ်မဟုတ်ဘူးလား၊ တစ်ယောက်တစ်ဝက်ရကြရမှာလေ ’’


 တစ်ခါတုန်းက သူကတရုတ်-အိန္ဒိယ နယ်စပ်တွင် မစ်ရှင်တစ်ခုထမ်းဆောင်ဖို့ သွားရကာ သူ့အဖွဲ့သားများကို ကယ်ဖို့အတွက်နှင့် အပြင်းအထန်ဒဏ်ရာရနေခဲ့ပေသည်။သူက ပြန်သက်သာလာဖို့အတွက်စစ်တပ်လက်အောက်ခံ ဆေးရုံသို့ သွားလိုက်ရကာ လုကျင်းရှို့ဆီမှ ဖုန်းခေါ်တာကို ရခဲ့လေသည်။သူပြောတာကတော့ သူ့မိသားစုက ကြေးနန်းစာအများကြီးပို့ထားကာ သူ့မိန်းမက ပိုက်ဆံတောင်းဖို့အတွက်နှင့် အိမ်မှာရှုပ်ယှက်ခတ်နေအောင် လုပ်နေသည်ဟူ၍ဖြစ်သည်။အဲ့လိုမှမဟုတ်ရင် သူမက မြစ်ထဲသို့ခုန်ချကာ သတ်သေပစ်မည်ဟုဆိုပေသည်။ဒါကြောင့်မို့လို့ သူလဲ လုကျင်ရှို့အား ထောက်ပံ့ပို့ဆောင်ရေးကို နှစ်ခုပို့ပေးရန် ပြောခိုင်းလိုက်လေသည်။ဒါပေမယ့် နောက်ပိုင်းတွင် ထောက်ပံ့ပို့ဆောင်ရေးက အရမ်းကို ဗျာများရသည်ဟုဆိုလာ‌တာကြောင့် သူကအမည်နှစ်ခုရေးထားသည့် ငွေလွှဲဖြတ်ပိုင်းကို ပို့ပေးလိုက်‌လေ၏။ဒီလိုဆိုရင် သူတို့က တစ်ယောက်တစ်ဝက်ရကြပေလိမ့်မည်။


‘‘ရှင်က အဲ့လိုပြောခဲ့ပေမယ့် ရှင့်အမေက ကျွန်မကိုမပေးလာဘူးလေ ’’


ငွေလွှဲဖြတ်ပိုင်းရောက်လာသောအခါ သွားယူသည့်သူက အဖွားကြီးသာဖြစ်သည်။မူလကိုယ်ပိုင်ရှင်က ပိုက်ဆံယူချင်ပေမယ့်လည်း သူက အဖွားကြီးနှင့် ထိပ်တိုက်မတွေ့ရဲပေ။ဒါကြောင့် သူမက အရှုပ်ထုပ်များလုပ်ကာ အဖွားကြီးဘက်က အရင်ဆုံးသူ့ကိုပိုက်ဆံပေးလာအောင် လုပ်လေသည်။သို့သော်လည်း ငွေစုပ်စက်ကြီးလိုဖြစ်သည့် အဖွားကြီးက ဒီလောက်ကြင်နာနေဖို့ မဖြစ်နိုင်ပေ။


ဟန်ချင်စုန့်က သူမကိုကြည့်လိုက်သည်။သူကထုတ်‌ပြောမလာသော်လည်း လင်းလန်က သူ့အတွေးများကို အဓိပ္ပါယ်ကောက်လိုက်နိုင်ပေသည်။ ‘ဒီတစ်ကြိမ်ကျတော့ရော မင်းကဘယ်လိုလုပ်ပြီး ရသွားတာလဲ ’


ချီးဘဲ၊ သူမ အရင်တုန်းက ဟန်ချင်စုန့်ကို အီးကျူနိမ့်ပြီး အတော်လေးထုံအတယ်လို့ ပြောခဲ့ဖူးပေသည်။ဘာလို့ သူက ဒီမှာသူမ တစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြ‌တာကို စောင့်နေရတာလဲ။


အတိတ်မှာတုန်းကဆို မူလကိုယ်က အ‌ကျိုးအကြောင်းသင့်လျော်မှုမရှိခဲ့ပေ။တကယ်လို့ သူမရဲ့စကားလုံးတွေက အခုချိန်မှာမှလာပြီးအဓိပ္ပါယ်ရှိနေတာက ဘာကိုမှပြောင်းလဲပေးနိုင်မှာမဟုတ်ဘူးဆိုတာ သိခဲ့မှာမဟုတ်ပေ....


‘‘ရှင်က ကျွန်မကို ဘာဖြစ်လို့ အနိုင်ကျင့်နေရတာလဲ ’’

လင်းလန်က အပြစ်လွှဲချဖို့ ဆုံးဖြတ်လိုက်လေသည်။

‘‘အဲ့ဒါတွေက ရှင့်အမှားလေ၊ကျွန်မနာမည်ကိုထပ်ပေါင်းထည့်လိုက်ပြီဆိုမှတော့ နှစ်ယောက်လုံးရသင့်တာကိုရဖို့ ဘာလို့ ဒီအတိုင်းနှစ်ခုခွဲပြီးမပို့လိုက်ရတာလဲ။‌ခင်ပွန်းနဲ့ ဇနီးနှစ်ယောက်သားကြားမှာ တစ်ယောက်နဲ့တစ်ယောက် အကြောင်းပြချက်ပေးနေဖို့လိုလို့လား၊ တကယ်လို့ရှင်က ဒီငြင်းခုန်မှုမှာနိုင်သွားရင်တောင် ရှင်ကဂုဏ်ရောင်တွေနဲ့တောက်ပနေတာမျိုးကို ကျွန်မမမြင်ရပါဘူးနော်  ’’


သူမ၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့အတွက် နောက်သို့လှည့်ကာ ထွက်မသွားခင်နှာခေါင်းရှုံ့လိုက်လေသည်။သူနဲ့ထပ်ပြီး အကျိုးအကြောင်းသင့် ပြောမနေချင်တော့ဘူး။


ဟန်ချင်စုန့် ‘‘....’’


လင်းလန် ပြန်လာသောအခါ ပုစဉ်းရင်ကွဲဖမ်းရန်ထွက်လာကြသော ကလေးများကိုတွေ့လိုက်ရလေသည်။


စန်းဝမ်က တဝမ်နှင့် လျှောက်ပတ်ပြေးနေကာ လင်းလန်က သူတို့ကိုရပ်ဖို့ အော်ပြောဖို့တောင် အချိန်မရလိုက်ပေ။


‘‘အမေ၊ အကိုကြီးနဲ့ ကျွန်တော်က ကျူးဇီ‌အိမ်မှာ အိပ်ဖို့သွားမလို့ အဲ့ဒါကြောင့် အမေ ကျွန်တော်တို့ကို တွေးမနေနဲ့တော့နော် ’’


ငါက ဒီစိတ်ကြီးဝင်နေတဲ့ ကလေးတွေကို လွမ်းနေမိမယ်လို့တော့ မထင်ပါဘူးနော်။


လင်းလန်က အိမ်ကိုဒေါသတကြီးပြန်လာချိန် ရှောင်ဝမ်က သူ့လက်မောင်းထဲတွင် စုတ်ပြဲနေသော သပတ်တစ်ခုနှင့် အိပ်ပျော်နေပြီဆိုတာကို တွေ့လိုက်ရပေသည်။


မိုင်စွေ့ကို ကြည့်ရသည်က ရန်လိုနေပုံပေါ်ပေသည်။

‘‘အမေ မောင်မောင်ကို ဒီလိုဖြစ်သွားအောင် ဘယ်သူလုပ်လိုက်တာလဲ၊ သူကအခုလေးတင် ဝမ်းနည်းတကြီးအော်ငိုနေပြီး သူ့မောင်မောင်ကို ဘယ်သူသတ်သွားတာလဲ မေးနေတာ၊ သူကအဲ့ဒါကဘယ်သူလုပ်တာလဲဆိုတာ မသိရသေးခင်အထိ မအိပ်ဘူးတဲ့ ’’


လင်းလန် : နင်တို့လေးတွေကတော့ ငါ့ကိုအနားယူချိန်လေး ပေးကြပါအုံးလား။


မောင်မောင်က ရှောင်ဝမ်၏ စုတ်ပြဲနေသော သဘက်လေးဖြစ်သည်။ဟောင်းနွမ်းလွန်းလို့ သဘက်ပေါ်က အကွက်အစင်းများကိုပင် မမြင်နိုင်တော့ချေ။အဲ့ဒီအစား သပတ်ပေါ်တွင် အပေါက်များကသာ တစ်‌ပေါက်ပြီးတစ်ပေါက် ဖြစ်လာပေသည်။


အဲ့ဒါက ရှောင်ဝမ်၏ မောင်မောင်ပင်ဖြစ်သည်။တကယ်လို့သူ့အမေက နေ့လည်သို့မဟုတ် ညဘက်တွင် သူ့ကိုချော့မသိပ်နိုင်ဘူးဆိုရင် သူ့ဆီမှာ မောင်မောင်တော့ ရှိနေမှဖြစ်ပေမည်။


ဒီလိုအစွဲအလမ်းကြီးတတ်တဲ့ ကလေးကတော့လေ။


လင်းလန်က ဒါကိုစိတ်ထဲ သိပ်မထားနေပေ။ ဘယ်လိုဘဲဖြစ်ဖြစ် အသက်ကြီးလာတာနှင့်အမျှ

အဆင်ပြေသွားမှာဖြစ်သည်။


ဒါပေမယ့် ဘယ်သူကများထင်ထားမှာလဲ၊ ဟန်ချင်စုန့်က ဒီအကြောင်းကို မသိနေခဲ့ဘူးဆိုတာ။ဒီညတွင် သူကညစာစားပြီးနောက် လက်ဆေးလိုက်ကာ အိမ်ထဲဝင်သွားပြီး မောင်မောင်ကိုတွေ့လိုက်လေသည်။သူက အဝတ်စုတ်တစ်ခုလို့သာ မှတ်ယူလိုက်ကာ ‌လျှော်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် လှမ်းထားလိုက်လေ၏။


မူလအားဖြင့် သူ့ကို အတော်အသင့်ဝီရိယရှိသည်ဟု မှတ်ယူနိုင်ပေမယ့် လင်းလန်ကတော့ သူ့ကိုဟားတိုက်ပြီးသာ ရယ်လိုက်ချင်ပေသည်။သူက ကလေးငါးယောက်ရှိနေတာတောင်မှ သူတို့၏စိတ်နေသဘောထားကို နားမလည်သေးပေ။


သေချာတွေးတောဆင်ခြင်ပြီး ပြောရမယ်ဆိုရင် သူကစစ်တပ်ထဲတွင် နှစ်အများကြီးနေခဲ့ရတာ သေခြင်းတရားကိုလည်း အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပေသည်။အဲ့ဒါကြောင့် သူမတွေးကြည့်လိုက်သောအခါ နားလည်ပေးလို့ရနိုင်ပေသည်။ယခင်တုန်းက ခေတ်သစ်လူမှုအသိုင်းအဝိုင်း၏ နိုင်ငံသားကောင်းတစ်ယောက်အနေဖြင့် သူမက စစ်သားများအပေါ် လေးစားမှုကြီးကြီးမားမား ရှိပေသည်။


သို့သော်လည်း သူ့အနေဖြင့် နာကျင်မှုများနှင့် ဝမ်းနည်းမှုများကိုသာ သိခဲ့ရတာကြောင့် သူ့က ခံစားမှုဆိုင်ရာ ဉာဏ်ပညာတချို့ကို တကယ်ပင်ထပ်‌လိုနေသေးပေသည်။


ဟန်ချင်စုန့် ပြန်လာသောအခါ သူက ပင်မအခန်းဆီသို့သွားကာ အဖွားကြီးကိုစကားပြောခဲ့လေသည်။အဖွားအိုက သူ၏ အလုပ်အကိုင်ပြောင်းရန် စိတ်ပိုင်းဖြတ်ထားမှုကြောင့် ဝမ်းနည်းနေပေမယ့်လည်း သူက အဖွားအိုကိုချော့မော့ရန် ငြင်းဆန်ခဲ့ပေသည်။အဲ့ဒါကြောင့် သူမက အရမ်းကိုဒေါသထွက်သွားတာကြောင့် ခေါင်းကိုက်လာကာ အိပ်ရာစောစောဝင်သွားလေ၏။


ဟန်ချင်စုန့် အိမ်ကိုပြန်ရောက်လာသောအခါ ကလေး‌အကုန်လုံးက အိပ်ပျော်နေကြတာကို တွေ့လိုက်ရသည်။မီးဖိုကုတင်၏ခေါင်းရင်းနှင့် ခြေရင်းကလွတ်နေကာ သူက ခနလောက်တွန့်ဆုတ်သွားမိပေသည်။


ဒါက သူမက သူ့ကိုကုတင်ရဲ့ ခေါင်းရင်းမှာ အိပ်စေချင်တယ်လို့ ဆိုလိုတာလား ။


သူကုတင်ပေါ်ကို တက်လိုက်တော့မယ့်အချိန်မှာဘဲ လင်းလန်က ရုတ်တရက်ထလာကာ ရှောင်ဝမ်ကိုပွေ့လိုက်ပြီး သူမဘေးတွင်ထားလိုက်လေသည်။


လင်းလန်က သူ့ကိုလျစ်လျူရှူပြီး နှာခေါင်းရှူံ့လိုက်ကာ ပြန်လှဲလိုက်လေ၏။


ဟန်ချင်စုန့် ‘‘.....’’


xxxxx