Part 43
သုံးရက်ကြာပြီးနောက် ပြင်ဆင်လို့ပြီးသွားပြီဖြစ်သော ကြောင့် မိသားစုတစ်ခုလုံးက ထုတ်ပိုးကာ အိမ်ပြောင်းဖို့လုပ်ကြလေ၏။
သူတို့၏အိမ်အသစ်တွင် သံအိုးများနှင့် အခြားအိမ်သုံးပစ္စည်းများမရှိသေးသောကြောင့် သူတို့အနေဖြင့် စားဖို့အတွက် အိမ်ဟောင်းကိုဘဲ ပြန်သွားနေရမှာဖြစ်သည်။
သူတို့နေ့လည်စာစားဖို့ ပြန်ရောက်လာသောအခါ ဒုတိယယောင်းမတို့မိသားစုက အိမ်၏အရှေ့ဘက်ပိုင်းဆီသို့ ပျော်ပျော်ရွှင်ရွှင်ပင် ပြောင်းရွှေ့သွားကြပြီဆိုတာကို သိလိုက်ရပေသည်။
‘‘အိုးးး နောက်ဆုံးတော့ ငါတို့ကအခန်းတစ်ခန်းထဲမှာ ကျပ်ကျပ်သိပ်သိပ်နေစရာမလိုတော့ဘူး’’
ဒုတိယယောင်းမက သူမငယ်ရွယ်ပြီးကြင်စဦးဖြစ်နေချိန်တုန်းကတောင် သူမအခုဖြစ်နေသလို ဘယ်တုန်းကမှ မပွင့်လင်းခဲ့ဖူးပေ။
သို့သော်လည်း လက်ထပ်လိုက်ပြီးနောက်ပိုင်းတွင် သူမကယဉ်ကျေးသိမ်မွေ့နေဖို့ကို လက်လျှော့လိုက်လေသည်။ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုလူတွေနားမှာ ယဉ်ကျေးပြနေလို့ဘာထူးမှာမို့လို့လဲ။သူမ၏ မချေမငံဖြစ်နေသောပုံစံအစား အခြားသူများအား သူမ၏ဆက်ဆံရေးတင်းမာမှုကို ခံစားစေလိုက်မယ်လို့ ဆုံးဖြတ်လိုက်လေသည်။ပြီးတော့ အမှန်အတိုင်းပင် သူမထိုသို့ပြုမူလိုက်သောအခါ အကြီးဆုံးအကိုနှင့်သူ့ဇနီးက မကောင်းသောခံစားချက်များကြောင့် မလိုအပ်ဘဲလှုံ့ဆော်မှုများမဖြစ်သွားအောင် မကြာခဏပင်သူမနှင့် အဝေးမှာရှောင်နေကြပေသည်။
ဒုတိယယောင်းမက အကြီးဆုံးစုံတွဲက လင်မယားများ၏ဆက်ဆံရေးလို အတူမရှိသေးတာကို သိလိုက်ရတဲ့နောက်တွင် သူမကဝင့်ကြွားစွာ ကျေနပ်ပီတိဖြစ်သွားခဲ့ပေသည်။သူမအပေါ်တွင် ဟန်ကြီးပန်ကြီးလုပ်ကာ စိတ်ကြီးဝင်နေခဲ့တာကို အသိတရားရစေဖို့အတွက် သူမကတမင်တကာပင် အကြီးဆုံးယောင်းမအား သူ့မခံနိုင်ရည်ဂိတ်ဆုံးထိရောက်အောင် တွန်းအားပေးခဲ့လေသည်။
မိန်းမများက စားပွဲပေါ်တွင် ထိုင်နေကြချိန်တွင် ဟန်ချင်စုန့်က သူ့အမေဆီကို စကားပြောဖို့အတွက် သွားလိုက်လေသည်။
‘‘အမေ ကျွန်တော်တို့မှာ ချက်ပြုတ်ဖို့အိုးခွက်တွေပြတ်လပ်နေတုန်းဘဲ။အဲ့ဒါကြောင့် ကျွန်တော်တို့တစ်ခုလောက်ဝယ်လိုက်ရင် ကောင်းမလားလို့တွေးနေတာ ’’
အဖွားကြီးက တစ်ပိုင်းသေနေသလိုပင် ပြန်ဖြေလာလေသည်
‘‘အမ်းးဒါဆိုရင်လည်း သွားဝယ်လိုက်လေ ’’
ဟန်ချင်စုန့်က အိုးခွက်များဝယ်ရန်အတွက် အဖွားအိုအား သူ့ကို ဒေါ်လာနှစ်ဆယ်လောက် ထောက်ပံ့ပေးစေချင်ပေသည်။
‘‘ဘာလဲ’’
အဖွားကြီးက ချက်ချင်းပင် သူ့သားကို ကျွဲထက်ပင်ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာလေသည်။
‘‘လောင်စန်း မင်းကသတိတရားရောရှိသေးရဲ့လား ဒီနှစ်တွေထဲမှာ မင်းတို့အားလုံးကို ပြုစုပျိုးထောင်ခဲ့ရတာ လွယ်တယ်လို့များထင်နေလားဟဲ့ ’’
ကြည့်ရတာ သူမလက်ထပ်ပြီးယောက္ခမကိုပြုစုပြီး ခက်ခဲခဲ့သောအချိန်များကို အစကနေ ပြန်ပြောလာတော့မယ့်ပုံပေါ်နေလာသောကြောင့် ဟန်မိသားစု၏အကြီးဆုံးယောင်းမက ခပ်မြန်မြန်ပင် ပြောလာလေသည်။
‘‘အမေ သူတို့ကအိမ်ပြောင်းပြီးရင် အိုးခွက်တွေမရှိဘဲနဲ့ ချက်ပြုတ်လို့မရဘူးလေ ’’
‘‘ဒါဆို သူတို့ကပြန်လာပြီးစားကြပေါ့ ဘာလုပ်ဖို့ချက်ပြုတ်နေမှာလဲ၊ ငါ့ဆီမှာပိုက်ဆံလာတောင်းနေရတယ်လို့။ ကောင်းပြီလေ၊ဘယ်မှာလဲ ပိုက်ဆံ။နင်ကအိမ်မှာမရှိလို့သာမသိတာ၊နင့်ညီငယ်၊ညီမငယ်လေးတွေက အခုမှ ကျောင်းတက်နေတုန်းဘဲရှိသေးတယ်။ပြီးတော့ အိမ်မှာစားပြီးကပ်ပါးရပ်ပါးလုပ်နေတဲ့ ကလေးကလည်းဆယ်ယောက်လောက်ရှိနေတာ၊ ဒါကြောင့်ငါတို့ကနေရာတိုင်းမှာ ပိုက်ဆံသုံးနေရတာ။ငါတို့မိသားစုက ဆုတ်ယုတ်လာနေတဲ့အချိန်မှာ နင်ကလာပြီးပိုက်ဆံတောင်းနေရလားဟဲ့။ အဲ့ဒီမိန်းမက ပိုက်ဆံအကုန်လုံးကိုယူသွားတာမဟုတ်ဘူးလား နင်ရဲ့အိမ်ကိုပြင်ဆင်ဖို့အတွက် သူ့မှာကျန်နေတဲ့ ပိုက်ဆံတွေကို ထုတ်ခိုင်းလိုက်လေ ’’
သူမက နှာခေါင်းရှုံ့လိုက်ကာ အိမ်ထဲသို့မဝင်ခင် စားပွဲကိုဘုန်းခနဲရိုက်ချသွားလေသည်။
အကြီးဆုံးယောင်းမက ဟန်ချင်စုန့်ကိုပြုံးပြလိုက်လေသည်
‘‘ယောက္ခမက ဒီအတိုင်းဒေါသထွက်နေတာပါ၊ ဒီမှာ...ငါ့ဆီမှာတော့ နှစ်ဒေါ်လာလောက်ရှိတယ်။မင်းတို့ဒါကို အရင်ဆုံးယူသွားလိုက်လေ ’’
ဟန်ချင်စုန့်က ခေါင်းခါလိုက်၏။
‘‘အကြီးဆုံးမရီးက ဒါကိုစုဆောင်းဖို့ အချိန်အကြာကြီးသုံးခဲ့ရမှာ ၊ကျွန်တော် အခြားနည်းလမ်းတစ်ခုရှာကြည့်လိုက်ပါ့မယ်’’
အကြီးဆုံးမရီး : ‘‘လောင်စန်း ...တဝမ်အမေက တကယ်ဘဲ ပိုက်ဆံအကုန်လုံးကိုသုံးပစ်လိုက်ပြီလား ’’
သူတို့က အဲ့ဒီငွေပမာဏကို ဘယ်နှစ်ကြိမ်ဘဲရေတွက်နေပါစေ၊ အဲ့ဒါအကုန်လုံးကို တစ်ခါထဲနှင့် ကုန်အောင်သုံးလိုက်ဖို့က မဖြစ်နိုင်ပေ။သို့သော်လည်း လင်းလန်က ဘယ်လိုပဲဖြစ်ဖြစ် ကျန်တာကိုသူမပဲ ယူထားမှာဖြစ်သည်။
အကြီးဆုံးယောင်းမက မူလပိုင်ရှင်၏ပုံစံနှင့် သူမ၏ငွေမက်မှုအပေါ် နားလည်ထားပေသည်။လောင်စန်း၏မိန်းမက ဘယ်လိုငွေကြေးထောက်ပံ့မှုကို ရလိုက်ပါစေ၊သူမက ဘယ်တော့မှ ပြန်ပေးလာမှာမဟုတ်ပေ။
ဒီပိုက်ဆံတွေ ဘယ်လိုကုန်သွားလဲဆိုတာ၊ ဖြစ်နိုင်ခြေအရှိဆုံးကတော့ လင်းလန်၏မိဘအိမ်လက်ထဲမှာ ကုန်သွားတာမျိုးပင်ဖြစ်ပေသည်။ဒါပေမယ့် သူမက ဒီရက်တွေအားလုံးမှာ မိဘအိမ်ကိုပြန်တာမျိုးမရှိခဲ့ပေ။ဒါကြောင့်မို့လို့ ပိုက်ဆံကသေချာပေါက်ကို သူမလက်ထဲမှာဘဲ ရှိနေမှာဖြစ်သည်။
ဒီအချိန်တွင် သူမက လင်းလန် အဝေးမှလျှောက်လာတာကိုမြင်လိုက်ရတာကြောင့် သူမတိတ်တဆိတ်နေဖို့မလုပ်ခင်မှာ ပြုံးပြလိုက်လေသည်။
လင်းလန်က အိမ်အသစ်အတွက် နေ့စဉ်သုံးပစ္စည်းတစ်ချို့နှင့် ပစ္စည်းကိရိယာများ ဝယ်ဖို့လိုနေတာကိုသိပေသည်။သို့သော်လည်း သူမ၏ပိုက်ဆံကိုထုတ်ယူလိုက်လို့မရပေ၊ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်လိုက်ပါက သူမလက်ထဲတွင် ငွေတချို့ကျန်နေသေးတယ်ဆိုတာကို တရားဝင်ကြေညာချက်ထုတ်လိုက်သလို ဖြစ်သွားမှာဖြစ်သည်။
သူမကပဲ အကုန်လုံးကိုသုံးပစ်လိုက်ပြီလို့ပြောခဲ့တာဖြစ်သည်။ဒါပေမယ့် သူမက ကျန်နေသော ငွေများကိုတော့ မသုံးရသေးပေ။
မည်သို့ပင်ဆိုကာမူ ဒီအိမ်ကိုစားဖို့ပြန်လာနေရတာကလဲ ကောင်းသောအရာပင်ဖြစ်သည်။နွေရာသီကြီးတွင် နေ့တိုင်းနေ့တိုင်းမီးမွှေးနေစရာမလိုအပ်တော့ပေ။ဒါကြောင့် သူမက ဘာမှသိပ်မလုပ်သေးခင် ဆောင်းရာသီရောက်လာသည်အထိ စောင့်ချင်ပေသည်။
သို့သော် ဟန်ချင်စုန့်က အတွင်းရေးမှူးခေါင်းဆောင်နှင့် ကပ်ပတိန်ဆီကိုသွားပြီး
တောင်းဆိုလိမ့်မယ်လို့ မည်သူကများထင်ထားခဲ့မှာလဲ။သေချာပေါက်ပင် ခနအကြာ၌ သူတို့နေရာဆီကို အိုးတစ်လုံးရောက်လာလေ၏။အဲ့ဒီအိုးက အဖာအထေးများရှိနေတာက သိသာနေပေမယ့်လည်း ယနေ့ခေတ်တွင် အိုးကောင်းကောင်းရှိသော အိမ်ဟူ၍ရှိမနေပေ။အိုးအများစုက နှစ်အများကြီး အသုံးပြုခဲ့တာကြောင့် ကွဲပေါက်သွားရင်လည်း အသစ်တစ်ခုဝယ်လိုက်တာထက်စာရင် ပြုပြင်ဖာထေးတာကိုသာ ပို၍လိုလားကြပေသည်။
သံအိုးခွက်များအပြင် လူအနည်းငယ်က သူတို့အတွက် ပန်းကန်ခွက်ယောက်များနှင့် အခြားအိမ်သုံးပစ္စည်းများကို စုပေးလာကြလေသည်။
ဟန်ချင်စုန့်က အကုန်လုံးကို ကျေးဇူးတင်လိုက်သည်။
လင်းလန်က သက်ပြင်းချလိုက်မိတော့သည်။ဒီလိုအဆင့်အတန်းဖော်ပြမှုကြောင့် စိုးထိတ်မိသွားပေသည်။
တကယ်လို့ ဒီလိုအရာတွေက သူမအပေါ်သာမူတည်နေမယ်ဆိုလျှင် ဘယ်သူကမှ ဘာပစ္စည်းကိုယူလာပေးကြမှာမဟုတ်ပေ။
သူတို့က အိုးတစ်လုံးရသွားတာကို အဖွားကြီးဟန်က ကြားလိုက်ရသောအခါ သူမကချက်ချင်းပင် အကြီးဆုံးချွေးမအား သူတို့အိမ်မှာရှိနေသောအိုးဖြင့် သွားလဲလိုက်ဖို့ပြောလာလေသည်။
ဟန်မိသားစုတွင်သုံးနေသောအိုးက အရမ်းအိုဟောင်းနေပြီဖြစ်တာကြောင့် အသစ်လိုဖြစ်နေသော တစ်ခုနှင့်ယှဉ်လိုက်ရင် အခြေအနေကအများကြီးဆိုးနေပေသည်။
အားဝမ်နှင့် မိုင်စွေ့တို့က မပျော်မရွှင်နှုတ်ခမ်းစူလိုက်ကြကာ တတွတ်တွတ်ပြောလာကြလေသည်။
‘‘အဖွားက ဘာလို့အဲ့လောက်တောင် ဘက်လိုက်ရတာလဲ ၊ သူက ကျွန်တော်တို့အိမ်က ကောင်းတဲ့ပစ္စည်းမှန်သမျှကို ယူသွားနေတာပဲ...’’
ဟန်ချင်စုန့်က ဒီဝေဖန်ပြောနေတာကို ကြားလိုက်ကာ အိုးကိုတစ်ချက်ကြည့်လိုက်ပေမယ့် သူကဘာမှမပြောလာပေ။သူ့ဘာသာသူပဲ ဆက်အလုပ်ရှုပ်နေလိုက်သည်။
xxxxx
Part 44
အားဝမ်နှင့် မိုင်စွေ့တို့က လင်းလန်ဆီမှာ မကျေမနပ်ချက်တွေကို ပြောပြဖို့လာကြလေသည်။
‘‘မာမား အဖွားကိုကြည့်လိုက်ပါအုန်း - သူကအရမ်းကိုဘက်လိုက်တာဘဲ၊ အနာဂတ်မှာ မားအတွက် ကောင်းတဲ့ပစ္စည်းလေးတွေ ကျန်ပါအုံးမလား ’’
ကလေးများက စတင်ကန့်ကွက်လာကာ ညည်းညူတိုင်တမ်းလာကြလေသည်။
လင်းလန်က ကလေးများ၏စကားလုံးများကို သူမရင်ထဲတွင် အရမ်းကိုချီးမွမ်းနေမိကာ စိတ်အားထက်သန်စွာ သဘောတူညီမှုကြောင့် ခေါင်းညိတ်လိုက်မိမလိုတောင် ဖြစ်သွားလေ၏။
ကံကောင်းစွာနှင့် သူမကိုယ်သူမ ထိန်းလိုက်နိုင်ပေသည်။
သူမက သူမ၏အတွေးများကိုရှင်းလင်းအောင် ပိုပြီးကြိုးကြိုးစားစားလုပ်သင့်ပြီဟု ခံစားလိုက်မိသည်။ထိုမှသာ အားဝမ်ကဖောက်ထားသော မြောင်းထဲသို့ သူမပြုတ်မကျနိုင်မှာဖြစ်သည်။နောက်ဆုံးတွင် ကလေးများ၏အတွေးအခေါ်များက လူကြီးများ၏အရှိန်အဝါများဖြင့်လွှမ်းမိုးခံထားရတာဖြစ်သည်။ သူကြီးပြင်းလာသော ပတ်ဝန်းကျင်က အဆိပ်အတောက်ဖြစ်နေခဲ့သည်ဆိုတာကို သူမ မငြင်းဆန်နိုင်ပေ။အားဝမ်က စကားလုံးထက်ထက်ပြောတတ်သော ကောင်လေးအဖြစ် ကြီးပြင်းလာခဲ့ပေသည်။သူက အရမ်းကိုတွက်ချက်တတ်ကာ အကြောင်းရင်းတစ်ခုအတွက်ဆို အခြားသူကို ကြိုးကိုင်ချယ်လှယ်နိုင်ဖို့က သူ့အတွက်လွယ်ကူပေသည်။
သူမရင်ထဲတွင် လုံးဝကို သဘောတူညီမှုရှိနေခဲ့ပေသည်။သို့သော်လည်း အပြင်ပိုင်းတွင်တော့ သူမကပြောလိုက်လေ၏ ။
‘‘အားဝမ် ၊ သားအဖွားမှာက ပြစ်ချက်တစ်ချို့ရှိကောင်းရှိနိုင်ပေမယ့်လည်း သားအဖေက သူမရဲ့သားလေ။သူက သံအိုးလေးတစ်ခုအတွက်နဲ့ သူ့အမေအပေါ် သားသမီးဝတ္တရားမကျေပွန်သလိုဖြစ်သွားတာမျိုးကို လုပ်သင့်ပါ့မလား ’’
‘‘ကောင်းပြီလေ ဒါဆိုလည်း အခုကစပြီး ကျွန်တော်တို့မှာ ကောင်းတာတစ်ခုခုရှိလာတာနဲ့ သူမက တောင်းဖို့ရောက်လာလိမ့်မယ် ’’
အားဝမ်က မခံမရပ်နိုင်ဖြစ်နေလေ၏။
‘‘ပြီးတော့ သူမက ယူသွားပြီးတာနဲ့ အငယ်ဆုံးဦးလေးနဲ့ အဒေါ်တို့ကိုသွားပေးလိမ့်မယ် ’’
လင်းလန်ကလည်း ဒီလိုပင်တွေးမိပေသည်။သူမက တကယ်ဘဲအဖွားကြီးကို သင်ခန်းစာတစ်ခုလောက်ပေးချင်ပေမယ့်လည်း အဲ့ဒါမျိုးက သူမ၏ကလေးများကို ကျယ်ကျယ်လောင်လောင် ထုတ်ပြောသင့်တာမျိုးမဟုတ်ပေ။
နောက်ဆုံးတွင် သူမ မိခင်တစ်ယောက်ဖြစ်နေကာ အခြေအနေတချို့တွင် အဖွားလည်းဖြစ်လာမှာဖြစ်သည်။အဲ့ဒီနေရာတွင် သူမသမီးကိုသာပြောပြနိုင်သော တချို့အရာများရှိကာ သားကိုတော့မဟုတ်ပေ။ ဒါက ပြုမူဆက်ဆံမှုများရှိ ကွာခြားမှုများပင်ဖြစ်ပေသည်။
ဘယ်သူကများ တစ်ကိုယ်ကောင်းမဆန်လို့လဲ။
အဖွားကြီးဟန်က သူမကိုယ်ကျိုးအတွက်ဘဲ တစ်ကိုယ်ကောင်းဆန်ဆန် တွေးနေပေသည်။ဒါကြောင့် သူမကလည်း သူမကိုယ်ကျိုးအတွက် လုပ်ဆောင်ချက်တချို့ကို ထုတ်ပြဖို့ ရွေးချယ်လိုက်သည်။နောက်ဆုံးတွင် သူမကဘဲ မျက်နှာနှစ်ဖက်ရှိနေခဲ့တာမဟုတ်ပေ။
သူမက ဒီကိစ္စကို သူမကလေးများ၏ ဒေါသတကြီးချဉ်းကပ်မှုအတိုင်း ရင်ဆိုင်နေလို့မရပေ။သူတို့ဘဝများတွင် လူကြီးများက အတုယူနိုင်သော စံပြပုဂ္ဂိုလ်များဖြစ်လာမှာဖြစ်ပေသည်။တကယ်လို့သူမကသာ ဟန်ချင်စုန့်က သူ့အမေအပေါ်နာခံမှုရှိတာကမှားတယ်၊ အဖွားကြီးအပေါ်သားသမီးတာဝန်ကျေတာက မှားတယ်လို့ ကလေးတွေကိုပြောမိလိုက်ရင် သူတို့ကလည်း သူတို့အမေကိုလေးလေးစားစားဆက်ဆံစရာမလိုဘူးလို့ထင်သွားနိုင်တယ်မလား။
လင်းလန်က ဤအရာများကိုထိုကဲ့သိုသော နည်းလမ်းဖြင့် မဖြေရှင်းချင်ပေ။
သို့သော်လည်း မျက်ကန်းတစ္ဆေလိုသားသမီးဝတ္တရား ကျေပွန်နေတာကတော့ မှားတယ်ဆိုတာ သူမ၏ကလေးများကို သိစေချင်ပေသည်။
သူမကပြုံးကာ ပြောလာလေသည်။
‘‘ဒါပေါ့ ၊သေချာပေါက်အဲ့လိုချည်းဘဲတော့ မဟုတ်ဘူးပေါ့ ။ကလေးတွေက လူကြီးတွေအပေါ် သားသမီးဝတ္တရားကို ကျေပွန်ရရုံတင်မကဘူး၊ လူကြီးတွေကလည်း ကြင်နာပြီးတော့ ချစ်ခင်တတ်ရမယ်....တကယ်လို့ လူကြီးတွေမှာသာ ဂရုဏာတရားမရှိဘူးဆိုရင် လူငယ်တွေဘက်က သားသမီးဝတ္တရားကျေပွန်ဖို့ တာဝန်ရှိမနေဘူး။...ကြီးသူကိုရိုသေပြီးတော့ ငယ်သူကိုချစ်ခင်သနားရမယ်၊ သူတို့ကသာ အရူးလို ကြမ်းကြမ်းတမ်းတမ်း အလွန်အမင်း ပြုမူနေရင် ငါတို့ဘက်ကလည်း ယဉ်ကျေးနေဖို့ မလိုတော့ဘူး။စိတ်မပူပါနဲ့ မား မှာ ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိပါတယ် ’’
သူမတွင် ရထားသမျှအရာအားလုံးဖြင့် သူမ၏ကလေးများကို ထောက်ပံ့ပေးရမယ်။
ကလေးနှစ်ယောက်လုံးက သူမ၏ ခန့်မှန်းထားလို့မရလောက်အောင် အတွေ့အကြုံများနေသော အမူအရာကိုကြည့်လိုက်ကြကာ သူမက တကယ်ဘဲ အဆင့်အတန်းမြင့်တဲ့သူလို့ ခံစားလိုက်ရပေသည်။သူတို့က ချက်ချင်းပင် သူမကို အလွန်ပင် နှစ်လိုကြည်ညိုလာကြတော့၏။
လင်းလန်က ကလေးများကိုအရူးလုပ်လိုက်ပေမယ့်လည်း ဒီကိစ္စကိုဖြေရှင်းဖို့အတွက် နည်းလမ်းကို သူမရင်ထဲထည့်ကာ သေသေချာချာစဉ်းစားဖို့ လို၏။သူမက အဖွားကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် နေ့အတွက် ကြိုတင်ပြင်ဆင်ထားချင်ပေသည်။
အဆုံးမရှိတဲ့ နန်းတွင်းနောက်ခံဇာတ်လမ်းတွဲတွေကို မရေမတွက်နိုင်အောင်ကြည့်ခဲ့တာ အလဟသတ်ဖြစ်သွားစေလို့မရဘူး။
အဆုံးတွင် ကလေးနှစ်ယောက်က သူတို့၏ပြောဆိုနေမှုများကို နိဂုံးချုပ်လိုက်ရပေသည်။
‘‘ပါပါး ကလည်း သူ့အလုပ်အကိုင်ကို
ကောင်းကောင်းမွန်မွန် ပြောင်းပြီးသွားပြီ။သူ သားတို့ဆီကို ထောက်ပံ့ဖို့မပေးနိုင်ခဲ့တဲ့ ပိုက်ဆံတွေက သူတို့တွေဆီကိုလည်း ရောက်သွားမှာ မဟုတ်တော့ဘူး’’
‘‘အဲ့အတွက်စိတ်ပူမနေပါနဲ့၊ အနာဂတ်မှာ မား တို့ဘာသာ ပိုက်ဆံရှာဖို့ နည်းလမ်းရှာကြမယ်လေ’’
လင်းလန်က ကလေးများကို အားပေးလိုက်သည်။
‘‘မင်းတို့လေးတွေမှာ တောက်ပတဲ့ အနာဂတ်ရှိနေဖို့ အတွက်သော့ချက်က မှန်ကန်တဲ့လမ်းကိုလျှောက်ပြီး ကောက်ကျစ်စဉ်းလဲတဲ့ အရာတွေကို မတွေးဖို့ဘဲ ’’
ကလေးနှစ်ယောက်က ပြုံးကာပြောလိုက်လေသည်
‘‘မာမားက ဘယ်လိုကောက်ကျစ်တာမျိုးကိုပြောနေတာလဲ၊ သားတို့က အဲ့လိုမျိုးကိစ္စတွေကို မလုပ်တတ်ပါဘူး ’’
အခုတော့ မဟုတ်သေးပေမယ့် အနာဂတ်မှာတော့ဖြစ်လာနိုင်တယ်၊ ငါထင်တာတော့ အများကြီးကိုဖြစ်လာလိမ့်မယ်။
‘‘ဘယ်လိုဘဲဖြစ်ဖြစ်ပါ အခုဆို မိသားစုက အိမ်ခွဲနေပြီဆိုမှတော့ မားကဆုံးဖြတ်ချက်တချို့လုပ်လို့ရပြီ။ ဒါကြောင့်....နင်တို့နှစ်ယောက်က ကျောင်းသွားတက်ရမယ် ’’
ဒီလိုအချိန်ကာလမျိုးတွင် ကလေးများက သူတို့အသက်ကြီးလာမှသာ ကျောင်းသွားကြတာဖြစ်သည်။ကျေးလက်ဒေသတွင် နေထိုင်ကြသော ကလေးများသည် သူတို့အသက် ကိုးနှစ်၊ဆယ်နှစ်လောက် ရောက်မှသာ ကျောင်းတက်ကြပေသည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ကိုယ်ကာယစွမ်းရည်အများအပြား လိုအပ်သော အိမ်အလုပ်ကိစ္စများကို မလုပ်နိုင်သည့်အတွက် သူတို့ကျောင်းမသွားခင်နှင့် ကျောင်းပြန်ချိန်များတွင် မြက်ရိတ်ကောက်နှုတ်ခြင်းများကိုသာ ကူညီနိုင်ကြပေသည်။ရှစ်နှစ်အောက်ငယ်နေသော ကလေးများက စောင့်ကြည့်နေပေးဖို့လိုကာ သူတို့ကျောင်းတက်သောအခါ ငြိမ်ငြိမ်ထိုင်နေရတာကို မလုပ်နိုင်သောကြောင့် ပုံမှန်အားဖြင့် သူတို့ကအိမ်မှာဘဲနေကြ၏။
အားဝမ်က ချက်ချင်းပင်ပြောလာလေ၏။
‘‘သားကျောင်းသွားမှာမဟုတ်ဘူး၊ အကိုကြီးတောင်ကျောင်းမသွားဘူးလေ’’
မိုင်စွေ့ကလည်း ပြောလိုက်လေသည်။
‘‘မာမားပဲပြောတာ သမီးတို့က ကျောင်းသွားစရာမလိုဘူး၊အဲ့အတန်းတက်တဲ့သူတွေက စိတ်ပိုင်းဆိုင်ရာချို့တဲ့နေကြတာလို့ ပြောခဲ့တာမဟုတ်ဘူးလား။ဒါဆို ဘာလို့အခုမှ သမီးတို့ကို ကျောင်းတက်ခိုင်းနေတာလဲ၊ သမီးသွားမှာမဟုတ်ဘူး’’
အငယ်ဆုံးဦးလေးနှင့် အဒေါ်နှစ်ယောက်လုံးက ကျောင်းသွားတက်ကြပေသည်။သို့သော် မူလကိုယ်က သူတို့အတန်းတက်တာကို ဆူပူငေါက်ငန်းကာ သူတို့က စိတ်မနှံ့ဘူးလို့ဘဲပြောနေခဲ့ပေသည်။ သူမ၏ကလေးများက အရူးဟုအမည်တပ်မခံချင်သောကြောင့် သူတို့ကကျောင်းမတက်ချင်ကြပေ။
သူတို့မှာ အဝတ်အစားသစ်နှင့် သားရေဖိနပ်များအတွက် ပိုက်ဆံရှိနေသရွေ့ သူတို့ကမြို့ထဲတွင် အလုပ်တစ်ခုရှာနိုင်ပေသည်။ကျောင်းတက်ဖို့ အတွက်လိုမနေတာကြောင့် သူတို့က တကယ်ဘဲကျောင်းတက်ဖို့ အခွင့်အရေးရနေသူများကို မနာလိုဖြစ်နေတာမျိုးမရှိကြပေ။
လင်းလန် : ထင်တော့ထင်သားဘဲ ၊ အရင်တုန်းက နားလည်မှုလွဲခဲ့တာတွေကို ပြောင်းပြန်လှန်ဖို့ ကလေးတွေကို တဖြည်းဖြည်း ဦးနှောက်ဆေးဖို့လိုနေသေးတယ်
အဲ့ဒီညတွင် အိပ်ရာဝင်ကြသောအခါ
သူတို့၏ အိပ်ရာနေရာချခြင်းက ထပ်ပြီးကွဲလွဲနေကြပြန်သည်။
စည်းမျဉ်းများအရ မိဘများက အငယ်ဆုံးကလေးကိုတဖက်တွင်ထားပြီး အသက်ကြီး သောကလေးများကို အခြားတဖက်တွင်ထားပြီးအိပ်ရမှာဖြစ်သည်။
သို့သော် မိုင်စွေ့က အသက်ကိုးနှစ်ရှိနေပြီဖြစ်တာကြောင့် သူမက ကုတင်ပေါ်တွင် သီးခြားအိပ်သင့်နေပြီဟု လင်းလန်ခံစားလိုက်ရပေသည်။သူမ၏အကိုများနှင့် အတူတကွပူးကပ်မအိပ်နေသင့်တော့ပေ။
xxxx