အပိုင်း ၅၁-၅၂
Viewers 24k

Part 51


သူမက ဆန်ခြင်းတောင်းကိုယူလိုက်ကာ အားဝမ်နှင့်မိုင်စွေ့တို့အတွက် ပန်ကိတ်များယူပေးလိုက်သည်။ထို့နောက် သူမက ကျယ်လောင်စွာပြောလိုက်လေသည်။


‘‘ဒါဆိုရင်လည်း ကျွန်မပြောသင့်တာကိုတော့ ပြောရမှာဘဲ。。。ကျွန်မတို့ဘာသာချက်ပြုတ်စားနိုင်ဖို့အတွက် ရိက္ခာခွဲတမ်းချပေးပါ ။တကယ်လို့ အဲ့ဒါကမလုံလောက်ရင်တောင် ကျွန်မရှင့်ကိုအပြစ်တင်မှာမဟုတ်ဘူး。。ဒါပေမယ့် ရှင်မပေးလာလို့ကတော့ ရှင်က ကျွန်မတို့တတိယမိသားစုကို နောက်ကွယ်မှာ ဝက်စာတွေကျွေးဖို့ရည်ရွယ်ချက်ရှိရှိလုပ်နေတာကို အမိဖမ်းပြမယ်。。。’’


သူမက ခနရပ်လိုက်ကာ သူမ၏ယောင်းမနှစ်ယောက်လုံးကို တစ်ချက်ကြည့်လိုက်သည်။ခြံဝန်းထဲသို့ဝင်လာသော ဟန်ချင်စုန့်၏ခြေသံကို ကြားလိုက်ရသောအခါ သူမက ခပ်ကျယ်ကျယ်ပြောလိုက်လေသည်။


‘‘ကျွန်မ အိုးကိုပေါက်ခွဲလိုက်ပြီး စားပွဲကိုဖျက်ဆီးလိုက်မယ်。。。ဘယ်သူ့ကိုမှ စားခွင့်မ‌ပေးတော့ဘူး’’


ယောင်းမနှစ်ယောက်လုံးက ထိတ်လန့်သွားသလို သူတို့၏ကလေးများကလည်း တတိယအဒေါ်အား ကြောက်ရွံ့စွာကြည့်လာကြလေသည်။


မိန်းမဆိုးကတော့ မိန်းမဆိုးဖြစ်နေတုန်းပါဘဲ။တကယ်တော့ သူမက ပို၍တောင် ကြမ်းတမ်းလာပေသည်။


သူမ၏ ခြိမ်းခြောက်သောအကြည့်က ကျားမတစ်ကောင်ထက်ပင် အင်အားကြီးနေသလိုဖြစ်နေပေသည်။


ဤသို့ပြောပြီးနောက်တွင် ဟန်ချင်စုန့်ရောက်လာခဲ့လေသည်။


အားဝမ်က ချက်ချင်းပင် အော်ပြောလာလေ၏။

‘‘ပါပါး ကြည့်အုံး。。。သူတို့က ခိုးပြီးစားဖို့ ပန်ကိတ်တွေလုပ်ထားကြတယ်။ဒါပေမယ့် ကျွန်တော်တို့လည်း လာရော。。。ကျွန်တော်တို့စားဖို့အတွက်ကျ ပေါင်မုန့်ကြမ်းကိုဘဲလုပ်ပေးတယ်’’


ဟန်ချင်စုန့်က ခန‌ရပ်သွားပြီးနောက် ခြံဝန်းထဲရှိ မိန်းမများနှင့် ကလေးများကို အေးစက်စွာတစ်ချက်ကြည့်လိုက်သည်။နောက်ဆုံးတွင် သူ့အကြည့်က အကြီးဆုံးမရီးအပေါ်တွင် ရပ်သွားလေသည်။


အကြီးဆုံးချွေးမက အလွန်ပင်ရှက်သွားတာကြောင့် သူမပုန်းရန် တွင်းတစ်ခုရှာလိုက်တာကလွဲလို့ ဘာမှမလုပ်ချင်တော့ပေ။သူမက နေရခက်စွာပြုံးပြလာလေ၏။


‘‘လောင်စန်း。。မဟုတ်၊ အဲ့လိုမဟုတ်ပါဘူး။ဒီနေ့ ငါတို့နေ့လည်စာကို ကောင်းကောင်းစားရမယ်လို့ အမေကပြောခဲ့တယ်。。。ငါတို့ကဒီအတိုင်း အချိန်အများကြီးလိုနေမှာဆိုးလို့ အစောကြီးကတည်းက စလုပ်နေကြတာပါ။ဒီကလေးတွေက နည်းနည်းလောဘကြီးတော့ သူတို့ကမစောင့်တော့ဘဲ အရင်ဆုံးစားနေကြတာပါ。。。မင်းလည်းမြင်တာဘဲ ၊ အဖေတောင်မစားရသေးဘူးလေ’’


ဟန်ချင်စုန့်၏ ခံစားချက်များက ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းစွာ အမျှင်တန်းနေသော်လည်း သူက ဘာမှမပြောလာပေ။သူ၏ မျက်လုံးနက်နက်များက အေးစက်နေကာ သူ့နှုတ်ခမ်းများကလည်း မျဉ်းဖြောင့်တစ်ခုကဲ့သို့ တည်ရှိနေပေသည်။


ရှောင်ဝမ်က အလျင်အမြန်ပင် သူ့မာမားလက်ကိုသွားကိုင်လိုက်ကာ လင်းလန်ကလည်း ပန်ကိတ်တစ်ခုကို ယူပေးလိုက်လေသည်။သူမက ခြင်းတောင်းထဲရှိ ပန်ကိတ်များအား ကလေးများကိုဝေပေးလိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ပန်ကိတ်ကို စားစေလိုက်သည်။


ဤအချိန်တွင် စန်းဝမ်က အပြင်မှပြေးဝင်လာပြီး စပ်စုလာလေသည်။


‘‘မင်းတို့ထွက်သွားတုန်းက ဘာလို့ငါ့ကိုမခေါ်ခဲ့ကြတာလဲ။ငါ့အကိုကြီးရော အိမ်ပြန်လာပြီလား ၊အိုင်းယား မင်းတို့က အခုစားနေကြပြီလား。。。ပြီးတော့ အဲ့ဒါတွေကလည်း ပန်ကိတ်တွေတောင်。。’’


လင်းလန်က ချက်ချင်းပင် သူ့အား ပန်ကိတ်နှစ်ခုပေးလိုက်ကာ ဤကလေးအား ပျော်ရွှင်စွာပင် ခုန်ပေါက်သွားစေလေသည်။


စန်းဝမ်က ပြုံးလာကာ သူ၏သွားစွယ်လေးများကို ဖော်ပြလာလေ၏။


‘‘မာမား ဒီနေ့ကျမှ အဖွားက ဘာလို့ဒီလောက်တောင် ကြင်နာနေရတာလဲ。。。ပုံမှန်ဆို အဖွားက ကျွန်တော်တို့မိသားစုအတွက် စားစရာပေးဖို့ကို အင်တင်တင်ဖြစ်နေတာမဟုတ်ဘူးလား’’


အပြစ်ကင်းစွာ သိချင်စိတ်တို့ဖြင့် ပြည့်နေသော စန်းဝမ်၏စကားများကို ကြားလိုက်ရသောအခါ ဟန်ချင်စုန့်က အပ်တစ်ချောင်းအား သူ့ရင်ဘတ်ထဲကို စိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ထိုအရာက သူခံစားရတာ နှစ်သက်သော အရာမျိုးမဟုတ်ပေ။


သူ့အမေနှင့် သူ၏မိန်းမတို့က တစ်ယောက်နှင့်တစ်ယောက်  အဆက်မပြတ်ပင် အစွန်းနှစ်ဖက်မှာ ရှိနေကြကာ မကြာခဏပင် ပိုက်ဆံအတွက် စကားများနေကြဖြစ်သည်ဟု သူသိထားသော်လည်း သူ့အမေက သူ့မိန်းမနှင့် ကလေးများအား အဆိုးဝါးဆုံးသော စားစရာများကိုသာ ပေး‌နေလိမ့်မည်လို့ ဘယ်သောအခါမှ မ‌ထင်ထားမိခဲ့ပေ။


ဝက်စာဟုပြောသော လင်းလန်၏စကားလုံးက သူ့နှလုံးသားအား  ပြင်းထန်စွာပင် နာကျင်သွားစေပေသည်။


အတိတ်အချိန်တွေတုန်းက လင်းလန်က သူနှင့် စကားများကာ အိမ်ပြန်လာဖို့ဘဲ ခုခံပြောနေခဲ့ပေသည်။ဒီလိုမှမဟုတ်ရင် သူမအား သူ့လစာ၏တချို့တစ်ဝက်ကို ခွဲဝေပေးရမည်ဟု ဆိုခဲ့ပေသည်။


သို့သော်လည်း ဘယ်သောအခါမှ ဤကဲ့သို့ကြောက်လန့်စရာ ပြုမူဆက်ဆံမှု‌အကြောင်းကို ထည့်မပြောခဲ့ပေ။ သူအိမ်ပြန်ရောက်လာသော အချိန်များတွင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်တတ်သော ဝေးကွာသောဆွေမျိုးများ၊ ဆူညံတတ်သော အိမ်နီးချင်းများ၏ အုံဖွဲ့ခြင်းကို ခံရတတ်ပေသည်။သူ၏ ပျော့ပျောင်းသော စိတ်သဘောထားကြောင့် တွေ့ဖူးသည့်အကြိမ်ရေနည်းသောသူများကိုတောင် သူက အတော်လေးကို အာရုံစိုက်ပေးလေ့ရှိ၏။ဤနေ့ရက်‌များတွင် နောက်ဆုံး၌ ညဘက်တွင်သူမနှင့်စကားပြောရန် အခွင့်အရေးကို ရရှိခဲ့သော်လည်း အကယ်၍သူမက သူ့ကိုမကျေမနပ် ဖြစ်နေတာမျိုးမဟုတ်ရင်တောင် သူ့ကိုရှောင်ရှားနေတတ်ပေသည်။


သူလည်း ဘယ်လိုလုပ်ရမလဲဆိုတာကို မသိတော့ပေ။


ရုတ်တရက်ပင် သူက အပြစ်ရှိစိတ်ကို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပေသည်။သူ့အလုပ်အကိုင်ကို ပြောင်းလိုက်တာက မှန်ကန်သောအရာမျိုး ဖြစ်နေနိုင်ပေသည်။သူက တိုင်းပြည်အတွက် ရဲရင့်စွာ အမှုထမ်းဆောင်ခဲ့၏။ထိုအချိန်များတုန်းက သူသည် စစ်သားတစ်ယောက်၏တာဝန်ကို ထမ်းဆောင်နေရသည့်အတွက် ဘာကိုမှ သိပ်တွေးမနေခဲ့ပေ။


သို့သော် အခု သူအိမ်‌ပြန်ရောက်လာပြီး သူ့ဇနီးနှင့် ကလေးများက မှားယွင်းစွာ ဆက်ဆံခံနေရသည်ကို မြင်လိုက်ရသောအခါ သူက စစ်သားတစ်ယောက်၏ တာဝန်ဝတ္တရားကို လက်လွှတ်လိုက်သ၍ မိသားစု၏ အိမ်ထောင်ဦးစီးအဖြစ်ကို ရရှိသွားနိုင်သည်ဟု ခံစားလိုက်မိသည်။


သူက သူတို့အား ကာကွယ်စောင့်ရှောက်ကာ ပို၍ကောင်းမွန်သော ဘဝမျိုးကိုရစေချင်ပေသည်။


သူက အဓိကအခန်းဆီသို့ လျှောက်သွားပြီး အရှေ့ဘက်အခန်းကို မျက်နှာချင်းဆိုင်လိုက်ကာ မေးလိုက်လေသည်။


‘‘အမေ ဒါက ဘာကိုဆိုလိုချင်တာလဲ ’’


အဖွားကြီးဟန်သည် အရင်ဆုံး အပြစ်ရှိသလိုခံစားလိုက်ရပေသည်။သို့သော် သူမက တတွတ်တွတ်ပြောလာ၏။


‘‘နင့်မိန်းမရဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာကို နားမထောင်နဲ့...ဘယ်အချိန်တုန်းကများ ငါတို့က နင့်ကိုခံစားရအောင်လုပ်ခဲ့လို့လဲ။နင့် မရီးကိုမေးကြည့်လိုက်...သူမကရော ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အဲ့ဒီပေါင်မုန့်ကြမ်းကို မစားခဲ့လို့လား။ပြီးတော့ ဘယ်ကလေးကများ စားဖို့ ငြင်းနေခဲ့လို့လဲ...နင်က အဲ့ဒီမိန်းမပျက်ရဲ့စကားတွေကို သိပ်အာရုံစိုက်မနေသင့်ဘူး၊ ဘာလို့လဲဆို  သူသိတာဆိုလို့ နေ့တိုင်းနေ့တိုင်း ဘယ်လိုအဓိပ္ပါယ်မရှိတာတွေကို ပြောရမလဲဆိုတာလဲရှိတယ်’’


သူမက ထိုသို့ပြောနေရင်းဖြင့် သတ္တိရှိလာကာ ဆူငေါက်လိုက်လေသည်။


‘‘အခု ဘာပြသနာဖြစ်နေတာလဲ မင်းက ကိုယ့်အမေရင်းကိုတောင် သံသယဝင်လာပြီး မေးခွန်းထုတ်ရဲနေပြီလား။ငါ့ကို နင်ကိုင်တွယ်ဖြေရှင်းရမယ့် မစ်ရှင်တစ်ခုလို့များ ထင်နေတာလား...ကောင်းပြီလေ၊ ဒါဆိုရင်လည်း ငါ့ကို လာပြီးဖမ်းသွားလိုက် ။နင့်ကို မွေးပြီး ပြုစုပျိုးထောင်ခဲ့တာ ငါကရူးနေခဲ့လို့ဘဲဖြစ်မှာ’’


xxxxx

Part 52


သူမဆီမှ ဆီလျော်မှုမရှိစွာ စိတ်အနှောင့်ယှက်ပေးတာကို ခံလိုက်ရသောအခါ ဟန်ချင်စုန့်၏ မျက်လုံးများက အနည်းငယ်ပို၍အေးစက်လာလေ၏။


သူက သားတစ်ယောက်ဖြစ်နေသောကြောင့် အဖွားကြီးအား သူက မည်သည့်အရာကိုမှ တိုက်ရိုက်မပြုလုပ်နိုင်ပေ။လင်းလန်က သူ၏အကူအညီမဲ့နေမှုကို မြင်လိုက်ရသောကြောင့် သူမကရွံရှာစွာ ချောင်းဟန့်လိုက်မိသည်။သို့သော်  ထိန်းမရအောင်ကျနေသာ မျက်ရည်ကိုသုတ်လိုက်ခြင်းအားဖြင့် သူမ၏မကျေမနပ်ဖြစ်နေခဲ့မှုများအား စတင်ပြီးသရုပ်ဖော်ပြနေလိုက်သည်။


မိုင်စွေ့က ရုတ်တရက်ပင်မျက်ရည်များ ကျဆင်းလာလေသည်။


‘‘သမီးမာမားကိုဘဲ ဘာလို့နေ့တိုင်းနေ့တိုင်း ဆူငေါက်နေရတာလဲ။ဒီမိန်းမပျက် ဒီမိန်းမပျက်နဲ့...မာမားပြော‌‌တဲ့ ဘယ်နေရာကများ အမှားပါနေလို့လဲ။အဖွားက သမီးတို့ကို စားစရာမပေးဘူးဆိုတာက  အမှန်ဘဲလေ။ သမီးတို့မှာ ရှိသမျှ ကောင်းတဲ့အရာတိုင်းကိုလည်း ခရိုင်မြို့ကြီးမှာရှိနေတဲ့ အငယ်ဆုံးဦးလေးနဲ့ အဒေါ်ကိုပို့နေကျဘဲ။အဲ့ဒီမှာ သူတို့က နေ့တိုင်းနေ့တိုင်း ခေါက်ဆွဲဖြူကိုစားနိုင်ကြတယ်။ ဦးလေးက စားသောက်ဆိုင်ကို စက်ဘီးနဲ့ သွားနေကျ၊ ‌အဒေါ်ကလည်း ကြွားလုံးထုတ်ဖို့အတွက် နေ့တိုင်းနီးပါး နာရီကို‌ဝတ်နေကျဘဲ။သူမက သမီးကိုသူ့ အဝတ်တွေကို လျှော်ခိုင်းနေကျဘဲ...သူ့အဝတ်တွေတင်မကဘူး၊  သူ့သူငယ်ချင်း ကျောင်းအုပ်သမီးကိုလည်း စိတ်ကျေနပ်အောင်လုပ်ဖို့ဆိုပြီး သူ့သူငယ်ချင်းအဝတ်တွေပါ လျှော်ခိုင်းသေးတယ်။ဒါပေမယ့် ဘာလို့သမီးကဘဲ သူ့အဝတ်တွေကို လျှော်ပေးနေရတာလဲ... ’’


သူမက အလွန်ပင် မကျေမနပ်ဖြစ်နေကာ အားဝမ်ကလည်း စတင်ကာ မကျေမနပ်တိုင်တန်းလာလေ၏။


‘‘မိုင်စွေ့ ပြောတာမှန်တယ်...အဖွားက သားတို့ကို စားစရာသိပ်ပေးချင်တာ မဟုတ်ဘူး။နှစ်သစ်ကူးတုန်းကဆို ဦးလေးနဲ့အဒေါ်က သူတို့ဖက်ထုပ်တွေကို ကုန်အောင်မစားနိုင်ကြပေမယ့် သူတို့ကမနက်စာအတွက် နွေးပြီးစားဖို့ရသေးကြတယ်၊ သားတို့မိသားစုကျ တစ်ယောက်ကိုမှ ဖက်ထုပ်လေး၊ငါးခုလောက်ဘဲစားရတယ်။သားတို့မှာလည်း ကိုယ့်ခွဲတမ်းနဲ့ကိုယ် ရှိသင့်တာပေါ့၊ဘာလို့ ခွဲတမ်းအတိုင်း မရရတာလဲ’’


‘‘မာမားက ရှောင်ဝမ်ကို ဆရာဝန်နဲ့ပြချင်တယ်လို့ ပြောခဲ့ပေမယ့် အဖွားက ဘာပိုက်ဆံမှမပေးလားဘူးလေ...အဖွားကသာ မာမားကို ပိုက်ဆံအဖွားလက်ထဲမရောက်ခင် တိတ်တိတ်လေးယူလိုက်ရတဲ့အထိ ဖြစ်သွားအောင် တွန်းအားပေးခဲ့တာမဟုတ်ဘူးလား။ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက ရှောင်ဝမ်ကဖျားခဲ့တော့ မာမားက ဒီအတိုင်း ဆေးထိုးဖို့အတွက် တစ်ဒေါ်လာလောက်ဘဲလိုချင်ခဲ့တာ။ဒါပေမယ့်အဖွားက မာမားကို ကလေးတွေအများကြီးရှိနေတာ ဆုံးရှုံးသွားလည်း ဘာဖြစ်မှာလဲဆိုပြီး ပြောလာတယ်လေ...ဒါ့အပြင်  မာမားက ရှောင်ဝမ်ကို အဖိုးတန်သားအဖြစ်ရော မှတ်ယူထားလို့လား ဆိုပြီးတောင် မေးလာခဲ့သေးတယ်။အဖွားက မာမားကို ပိုက်ဆံနှစ်ပြားဘဲပေးလာခဲ့တယ်‌။ တဖက်မှာ အဖွားက ပိုက်ဆံမရှိဘူးလို့ ပြောနေပေမယ့် အခြားတစ်ဖက်မှာတော့ ကျွန်တော့်အဒေါ်အတွက်ကို ဆယ်ဒေါ်လာတန် သားရေဖိနပ်အသစ်တရံဝယ်ပေးလိုက်ပြီး ဦးလေးကိုကျ ငါးဒေါ်လာတန် အလုပ်ခွင့် ဝယ်ပေးလိုက်တယ်လေ’’


အားဝမ်က  လိမ္မာပါးနပ်ကာ ဂရုတစိုက်စူးစမ်း‌တတ်ပေသည်။


ရှောင်ဝမ်က ဤအရာကိုကြည့်နေကာ သူ၏အကိုပါးစပ်မှ ထွက်လာသောအကြောင်းအရာများကို ကြားလိုက်ရသောအခါ သူ့နှုတ်ခမ်းများက ငိုတော့မလိုပင် မဲ့ကျလာလေသည်။


စန်းဝမ်က ပန်ကိတ်တို တတိတိကိုက်နေရင်းဖြင့် ကြောင်အသွားလေ၏။သူ့ခေါင်းကို ကုတ်လိုက်ကာ သံသယဖြင့်မေးလိုက်လေသည်။


‘‘ဒီ‌လိုမွေးပျံ့နေတဲ့ နှစ်ထပ်ပန်ကိတ်လေး。。。အာ ၊ မင်းတို့ ဘာလို့ငိုနေကြတာလဲ။ပြီးတော့ ရှောင်ဝမ်ကနေမကောင်းဘူးတဲ့လား ၊ဘယ်တုန်းကဖြစ်သွားတာလဲ’’


လင်းလန် : ရေထဲမှာကစားတာအပြင် ဒီလူဆိုးလေးက သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတာလဲဆိုတာကို မသိဘူးဘဲ 。。ဟမ်။


မိုင်စွေ့က သူမ၏မကျေမချမ်းဖြစ်မှုများကို စန်းဝမ်ဘက်သို့ လှည့်လာလေသည်။


‘‘နင်က စားတာနဲ့ ရေကစားတာအပြင် အခြားဘာများသိနေလို့လဲ။အခြားကိစ္စတွေကို နင်က ‌ဂရု‌ရောစိုက်နေလို့လား’’


စန်းဝမ်က ဆူငေါက်ခံလိုက်ရသောအခါ ရုတ်တရက်ကြီး သူကဘာလို့ဆူခံနေရတယ်ဆိုတာကို မသိတော့ပေ။သို့သော်လည်း သူ၏ညီမနှင့် အတူတူငိုချချင်တာမျိုး ဖြစ်လာလေ၏။


ထို့ကြောင့် သူက တွေဝေမနေတော့ဘဲ ငိုချလိုက်လေသည်။


အမြဲတမ်းအဆော့သန်ကာ ပျော်ပျော်ရွှင်ရွှင် နေတတ်သော ကလေး၏အသံတွင် ပျော်ရွှင်မှုများရှိ‌မနေတော့ဘဲ အော်ကြီးဟစ်ကျယ် ငိုနေတာမျိုးက အခန်းထဲရှိ အခြားသူများကို ထိတ်လန့်သွားစေ၏။သူငိုလိုက်သောအခါ ဝမ်းနည်းမှုက အရမ်းအားကောင်းကာ ရင်ထဲသို့ အလွယ်တကူ ကူးစက်လာနိုင်သောကြောင့် အဓိကအခန်းနှင့် ဒုတိယအခန်းထဲမှ ကလေးနှစ်ယောက်ကလည်း သူတို့၏ဝမ်းကွဲနှင့်အတူ အော်ငိုလာကြလေသည်။


ဒုတိယအခန်းထဲတွင်ရှိနေသော ရှောင်ဖုက အဖွားသည်  သူ့အဒေါ်နှင့် ဦးလေးတို့အတွက် အမြဲတမ်းပင် ကောင်းသောစားစရာများ ချန်ထားပေးတာကြောင့် သူ့တွင်လည်း ခံစားခဲ့မှုများရှိပေသည်။


အခန်းကြီးထဲ၌ ရှိနေသော ကုမီကလည်း အရင်တုန်းက သူမအဒေါ်အတွက် အိမ်ဖော်တစ်ယောက်လို လုပ်ပေးခဲ့ရ‌ဖူးပေသည်။သူမအဒေါ်အိမ်တွင် ရှိနေသောအခါ ခြေထောက်ဆေးဖို့အတွက် ပြင်ဆင်ပေးရသူမှာ သူမ ဖြစ်သည်။အခုချိန်တွင် သူမက အလုပ်ပွိုင့်များကို စုဆောင်းနိုင်နေပြီမလို့သာ လက်တလောတွင် အဖွားက ဒီတာဝန်များကို မိုင်စွေ့ဆီကို လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။


နေ့‌တိုင်းနေ့တိုင်းတွင် အဖွားကြီးက အငယ်ဆုံးအဒေါ်နှင့် ဦးလေးတို့ကိုဘဲ အလိုလိုက်အကြိုက်ဆောင်နေသည်မှာ သိသာလှပေသည်။သူတို့တွင် ပျော်ပျော်ရွှင်ရွှင်စားရန် ဝက်သားရှိ‌လာသောအခါတိုင်း၌ အဖွားကြီးက အမြဲတမ်းလိုလိုပင် သူမ၏အချစ်ဆုံး‌နှစ်ယောက်အတွက် အရသာရှိသော ဝက်သားစတူးလုပ်ပေးပေလိမ့်မည်။ထိုအစား ကျန်မိသားစုဝင်များက ဝက်သားပါသည်ဆိုရုံလောက်သာ ရှိသော စွပ်ပြုတ်ကိုသာ သောက်ကြ‌ရပေသည်။


ထိုသို့သောအရာမျိုးကို မျက်နှာသာပေးခြင်း မဟုတ်ဟု သူမကငြင်းခုံခဲ့ဖူးပေသည်။သူမက အငယ်ဆုံးအဒေါ်နှင့် ဦးလေးတို့သည် ကျောင်းသွားရလို့ ပင်ပန်းကာ ‌အားကုန်နွမ်းနယ်နေတာကြောင့် သူတို့အတွက် ပြင်ဆင်ပေးခြင်းဖြစ်သည်ဟု ငြင်းဆန်ပြောလာခဲ့ပေသည်။ထို့အပြင် တူနှင့် တူမဖြစ်သူများက သူတို့‌အပေါ်ပို၍ချစ်ခင်ပေးရန်တောင် ပြောလာခဲ့၏။


ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ။


အဖွားကြီးဟန်က ပွက်လောရိုက်နေတာကို ကြားလိုက်သောအခါ တစ်စုံတစ်ခုကတော့ မှားနေပြီလို့ သူမဆုံးဖြတ်လိုက်မိသည်။

--‘ဘာလို့ လူတိုင်းက သူတို့ဒေါသကို သူမအပေါ်ကိုဘဲ လာပုံချနေကြတာလဲ’--


သူမ ကုတင်ပေါ်ကနေ ဒေါသတကြီးခုန်ချလာကာ ဆူငေါက်လိုက်၏။


‘‘နင်တို့。。မျက်လုံးဖြူဝံပုလွေတွေ ငါနင်တို့ကို ကိုယ့်အမေ၊ကိုယ့်အဖွားကို ဒီလိုမျိုးဝေဖန်ရှူံ့ချဖို့ အတွက် အလဟဿ ပြုစုပျိုးထောင်ပေးခဲ့မိတာလား။နင်တို့လို စော်ကားတတ်တဲ့ ကလေးတွေရှိနိုင်အုန်းပါ့မလား’’


သူမက အဓိကအခန်းထဲရှိ ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်ကာ ငိုယိုလာလေသည်။


xxxxxxx