Ch 1
Viewers 55

🔥 အခန်း ၁



တရုတ်နှစ်သစ်ကူးအကြို(နွေဦးပွဲတော်)သည်ကား မိသားစုများ စုံစုံလင်လင် အတူစုစည်းကြသည့် ညဖြစ်ကာ ပြတင်းပေါက်အပြင်ရှိ ထွန်းလင်းနေသော အလင်းရောင်မှာလည်း နူးညံ့နွေးထွေးလျက်ရှိချေ၏။


ထောင်ရှောင်တုန်းတစ်ယောက် အိမ်ရောက်သည်နှင့် တံခါးကို တွန်းဖွင့်လိုက်လေရာ စိတ်အစဉ်အား နွေးထွေးသွားစေသည့် လေထုက သူ့ထံအလုံးအရင်းနှင့် တိုးဝင်၍လာ၏။ ရုပ်မြင်သံကြားစက်မှာ အသက်ဝင်နေပြီး ကလေးနှစ်ဦးက ဆိုဖာထက်၌ သစ်သီးစားနေကြသည်။  သူပြန်လာသည်နှင့် နှစ်ယောက်လုံးက တံခါးဘက်လှည့်လာလျက် တစ်ဦးက အပြုံးလေးဖြင့် သူ့အား ကောဟူ၍ နှုတ်ဆက်လာသည်။


သူတို့အား ကလေးဟုသာ ခေါ်နေသော်ငြား ယင်းက ထောင်ရှောင်တုန်း၏အမြင်သက်သက်သာ။ တကယ်တမ်း၌ နှစ်ယောက်လုံးက ၁၆ နှစ်ပြည့်ပြီးဖြစ်ကာ ၁၇ သို့‌ အဆင့်ပြောင်းလုနီးနီး အထက်တန်းကျောင်းသားများဖြစ်ကြသည်။ မြီးကောင်ပေါက်အရွယ်များဖြစ်ကြကာ သေးသေးလေးများ ဟုတ်မနေတော့ပေ။


"အပြင်မှာအေးလား"

အသားဖြူသည့်ကောင်လေးက သိုးမွေးညဝတ်ကိုဝတ်ဆင်ထားပြီး ခြေအိတ်ထူထူကြီးများကို စွပ်ထားလျက် သူ့ထံလျှောက်လာ၏။ ထောင်ရှောင်တုန်း သူ့ကို လက်တစ်ဖက်ကမ်းပေးကာ ဆွဲယူစေလိုက်သည်။


ကောင်လေးက သူ့လက်ဖဝါးမှသည် လက်ဖမိုးအထိ ထိတွေ့ခံစားပြီးမှ မှတ်ချက်ပေးလာသည်။

"ဝါး တကယ်ကြီးအေးတာပဲ"


ထောင်ရှောင်တုန်း လက်ကိုပြန်ဆွဲထုတ်လိုက်သည်။ သူ တစ်ဖက်လူ၏ လက်မောင်းများအကြား မှီထားရင်း အိမ်တွင်းစီးဖိနပ်ပါးအား လဲစီးကာ ဘာမှမဖြစ်သည့်အတိုင်း ပြန်ပြောလိုက်၏။

"ခံသာပါသေးတယ်"


ကောင်လေးက  ထောင်ရှောင်တုန်း၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ထားကာ နွေးလာအောင် ပွတ်သပ်ပေးနေသည်။ သူက ဆိုဖာထက်တွင် ထိုင်နေဆဲဖြစ်သော‌ နောက်ကောင်လေးတစ်ဦးထံ လှည့်ကာဆိုလိုက်သည်။

"ဖက်ထုပ်စားကြရအောင်"


အနက်ရောင်ဆံပင်ဖြင့် ကောင်လေးက အသံပြုကာဖြင့် မီးဖိုချောင်ထံသို့ ဦးတည်လိုက်၏။ ဤသည်မှာ ထောင်ရှောင်တုန်း၏အိမ်ပင်။ သူ့မိသားစုဖြစ်၏။ သူတို့သုံးယောက်လုံးမှာ မိသားစုဝင်များသာ။


သူ့ဘေးရှိကောင်လေးမှာ သူ၏ညီလေး ထောင်ဟွိုက်နန်ဖြစ်သည်။ သူက အလွန်တိတ်ဆိတ်စွာနေတတ်ပြီး အသားအလွန်ဖြူကာ ပိန်ပါးပြီး သူ့အမြင်တို့က အမြဲတစေ ကြည်လင်အေးချမ်းကာ နူးညံ့နေတတ်သည်။ သူကား လှပနေသော်ငြား အမြင်ကွယ်နေသည့်ကောင်လေးဖြစ်ချေ၏။


တစ်ဖက်တွင် ဖက်ထုပ်များကို ပြင်ဆင်နေသည့်ကောင်လေးကိုမူ ၈ နှစ်အရွယ်ခန့်က ထောင်ရှောင်တုန်း အပြင်မှ ခေါ်လာခြင်းဖြစ်သည်။ 


အနှီကောင်လေးက ထောင်ဟွိုက်နန်၏ နို့ဘူးနွေးနွေးလေးကို လုယူသွားခဲ့သူပင်။  ခါးအောက်ပိုင်းတွင် အဝတ်အစားတစ်မျှင်လေးပင်မရှိသော ထိုကလေး၏ ခန္ဓာကိုယ်မှာ အသည်းခိုက်အောင် အေးလှသော ဆောင်းရက်ရှည်ညများကြားတွင် ဗလာကျင်းနေခဲ့၏။ တစ်ကိုယ်လုံးရှိ အသားအရေတို့မှာလည်း ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ညိုမည်းစွဲနေခဲ့သည်။ သူက နို့ဘူးအား အားဖြင့်ဆုပ်ကိုင်ထားခဲ့ရာ နို့အားလုံးမှာ ထောင်ဟွိုက်နန်ပေါ်သို့မှောက်ကျကုန်တော့၏။


ယင်းမှာ ထောင်ရှောင်တုန်းနှင့် ထောင်ဟွိုက်နန်တို့၏ မိဘများ ကွယ်လွန်ဆုံးပါးသွားခဲ့သည့် ဆောင်းရာသီတစ်ခုပင်။ ကျန်ရစ်သူများက  အရိုးပြာများကို ဆင်းရဲနွမ်းပါးသော်လည်း နေချင်စဖွယ်ရှိသည့် သူတို့၏ ဇာတိရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။ ထိုရွာလေးတွင် ထောင်ရှောင်တုန်းက သူ၏ငယ်ဘဝကို ကုန်ဆုံးခဲ့သည့်တိုင် ထောင်ဟွိုက်နန်အတွက်မူ ထိုရွာလေးသို့  ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းသာ။


ထောင်ဟွိုက်နန်လေးခမျာ သူ့နို့ဘူးအလုခံလိုက်ရပြီး နို့များ သူ့အပေါ်ဖိတ်စင်ကုန်ရာ ထိတ်လန့်သွားခဲ့၏။ သူ့အနေဖြင့် တစ်ဖက်လူကို မမြင်နိုင်သော်ငြား သူ့ကိုတိုက်ခိုက်လာသည့်လက်က ရေခဲပမာအေးစက်ပြီး ကြမ်းရှနေသည်ကိုမူ ခံစားနိုင်၏။ ထို့နောက်တွင် သက်လတ်ပိုင်းအရွယ် ရွာသားတစ်ဦးက တစ်ဖက်ကလေးအား ထွက်သွားရန်ပြောလာ၏။ အသံတွင်အားနာဟန်တစ်စပင်ရှိမနေ။ တစ်စုံတစ်ယောက်က အောက်ပိုင်းဗလာဖြစ်နေသည့်ကလေးအတွက် ဘောင်းဘီတစ်ထည်အား ရှာယူလာခဲ့သည်။ သို့မဟုတ်လျှင် အေးခဲလွန်းလှသည့် ရာသီဥတုအတွင်း သူ့မိသားစု၏ရတနာလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်မိ၍ပင်။


ထောင်ဟွိုက်နန်မှာမူ သူ့ပတ်ဝန်းကျင်မှ ဆူညံပွက်လောရိုက်နေသော အသံဗလံများကို နားစွင့်နေခဲ့သည်။ ဘေးနားရှိကောင်လေးထံမှ အအေးဒဏ်ကြောင့် သွားချင်းရိုက်လျက် တုန်နေသံကို ကြားလိုက်ရလျှင် သူက ဖိနပ်ကိုချွတ်၍ ထိုဘက်သို့ ကန်ပေးလိုက်သည်။ ထိုကောင်လေးမှာ သူ့ထက်ပင် အရပ်ပုသေး၏။ ထောင်ဟွိုက်နန်၏ မျက်လုံးများမှာ နေရာအတိအကျ မကြည့်နိုင်ဘဲ ရှေ့တည့်တည့်သို့သာ ငေးကြည့်နေ၏။ သူက မေးစေ့ကို အနည်းငယ်ပင့်လိုက်ပြီး အေးနေသည့်နှာသံဝဲဝဲဖြင့် ပြောလိုက်သည်။

 "စီးထားလိုက်" 


ထို့နောက် ထောင်ဟွိုက်နန်ကို ထောင်ရှောင်တုန်းက အိမ်ထဲသို့ ပွေ့ချီသွားရင်း နောက်ထပ်ဖိနပ်တစ်စုံ လဲပေးခဲ့လိုက်သည်။


×××××


“ဘာဖက်ထုပ်တွေ ချက်ထားတာလဲ...”

ထောင်ဟွိုက်နန်က ထမင်းစားပွဲတွင် ကိုယ်ကိုမတ်လိုက်သည်။ ထောင်ရှောင်တုန်းက တခြားတစ်နေရာတွင် ဖုန်းပြောနေဆဲဖြစ်၏။ ချီချန်တစ်ယောက် မုန့်ပန်းကန်များ သယ်လာပေးချိန်တွင် ထောင်ဟွိုက်နန်မှ မေးလိုက်ခြင်းပင်။


ချီချန်က ပန်းကန်ကို ချလိုက်ပြီး ပြောလိုက်သည်။

“ဆိတ်သား”


ထောင်ဟွိုက်နန်က စမ်းကြည့်ရန် လက်လှမ်းလိုက်သော်လည်း ချီချန်က သူ့လက်ကို ပုတ်ထုတ်လိုက်သည်။

“ငါ လက်ဆေးပြီးပြီလေ” 


ထောင်ဟွိုက်နန်က သူ့လက်ဖမိုးကိုပွတ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ချီချန်က နောက်ထပ် မုန့်များသွားပြင်ရန် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားရင်း လှမ်းပြောလိုက်သည်။


“မင်း လက်ထိပ်တွေ အပူလောင်ကုန်လိမ့်မယ်”

လတ်လတ်ဆတ်ဆတ် ပြုတ်ထားသော မုန့်များမှ အငွေ့တထောင်းထောင်း ထနေသည်။ ထောင်ဟွိုက်နန်မှာ မုန့်များကို ဆက်လက်၍မစမ်းကြည့်တော့ပေ။ သို့တိုင် ဘေးနားရှိ ပန်းကန်ထဲမှ နံရိုးတိုအတော်များများကိုမူ သူ နှိုက်ကြည့်ပြီးနေပြီဖြစ်၏။


ထောင်ရှောင်တုန်းက ဖုန်းပြောပြီးနောက် လက်ဆေးရန်ထွက်သွားပြီး ပြန်အလာတွင် ထောင်ဟွိုက်နန်တစ်ယောက် မုန့်များကို ခိုးမြည်းရန် ပြင်နေသည်နှင့် ကွက်တိတိုးတော့သည်။ သူက ရယ်မောရင်း မီးဖိုချောင်ဘက်သို့ လှမ်းခေါ်လိုက်သည်။

“ခုကော”


ချီချန်က ထိုအမည်ပြောင်ကို ပြန်၍တုံ့ပြန်လာ၏။


(ခုကောဆိုတာ တရုတ်လို cool guy အရမ်းမိုက်တဲ့အစ်ကိုကြီးဆိုတဲ့ အဓိပ္ပါယ်နဲ့ခေါ်တာပါတဲ့)


“ရှူး” 

ထောင်ဟွိုက်နန်က သူ့အစ်ကိုအား တိုင်မပြောရန် အသနားခံလာသည်။ ထောင်ရှောင်တုန်းက ပြုံးစစဖြင့် မီးဖိုချောင်ဘက်သို့ လှမ်းပြောလိုက်သည်။

“ခဏနေရင် ရှာလကာရည်ပါ တစ်ခါတည်း ယူလာခဲ့ဖို့ မမေ့နဲ့ဦး”


“ယူလာပြီးပြီလေ” 

ချီချန်က ပြန်ဖြေလိုက်သည်။


“ဪ တွေ့ပြီ တွေ့ပြီ” 

ထောင်ရှောင်တုန်း ထိုင်ချလိုက်သည်။

သူတို့၏ နှစ်သစ်ကူးအကြိုညတိုင်းမှာ ဤပုံစံအတိုင်းတစ်ပုံစံတည်းပင်။ လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်၊ အတူဗြောက်အိုးဖောက်ပြီး ဖက်ထုပ်အတူစားကြရုံမျှသာ။ မကြာမီကနှစ်များအတွင်း မြို့လယ်ခေါင်တွင် ဗြောက်အိုးနှင့် မီးရှူးမီးပန်းများ ဖောက်ခြင်းကို ပိတ်ပင်ထားသဖြင့် ထိုကောင်လေးနှစ်ယောက်အတွက် ပျော်စရာတစ်ခု လျော့သွားရသည်။


မနှစ်က ဗြောက်အိုးမဖောက်ရသဖြင့် ထောင်ဟွိုက်နန်မှာ မုန့်စားပြီးနောက် ဆိုဖာပေါ်တွင် လိမ်လိမ်မာမာ ထိုင်နေခဲ့သည်။ ချီချန်က သူ့ကို အောက်ထပ်ခေါ်သွားပြီး ခိုးဖောက်ရန် ကြံစည်သော်လည်း ထောင်ရှောင်တုန်းက တားမြစ်ခဲ့၏။ သူတို့နေထိုင်ရာ အိမ်ရာဝင်းအတွင်း၌ စီမံခန့်ခွဲရေးအဖွဲ့က အမြဲလိုလို ကင်းပတ်လှည့်နေသဖြင့် သူမည်သူ့ကိုမျှ ဒုက္ခမပေးချင်ပေ။

ထို့နောက်တွင် ချီချန်က ထောင်ဟွိုက်နန်ကို ဝရံတာသို့ဆွဲခေါ်သွားပြီး ပြတင်းပေါက်အားလုံးကို ဖွင့်ချလိုက်သည်။ မျက်နှာကိုလာတိုးသည့် အေးစက်စက် လေပြင်းကြောင့် အောက်ထပ်သို့ ရောက်နေသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ ထောင်ဟွိုက်နန်က အနွေးထည်အထူကြီး ဝတ်ထားသည့်အပြင် လည်စည်းနှင့် ဦးထုပ်ပါ ဆောင်းထားသည်။ ချီချန်က သူ့လက်ကို ဆွဲကိုင်ပြီး မီးခြစ်ကိုအတူတူနှိပ်စေကာ ဗြောက်အိုးဖောက်နေသည့် ပုံစံမျိုးဟန်ဆောင်ကာ လုပ်ဆောင်ပေးလိုက်သည်။


ချောက်ခနဲ မြည်သံနှင့်အတူ မီးခြစ် မီးပွင့်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ့ဘေးနားမှ  အသံကြီးတစ်သံက ဟိန်းခနဲ ထွက်ပေါ်လာခဲ့၏။


ထိုစဉ် ဧည့်ခန်းထဲ၌ရှိနေသော ထောင်ရှောင်တုန်းသည်လည်း ထိုအသံကို ကြားလိုက်ရသဖြင့် ကလေးနှစ်ယောက် တစ်ခုခု ဖောက်လိုက်ပြီဟုတွေးကာ ထိတ်လန့်သွားသည်။ နောက်ဆုံး သူ ဝရံတာသို့ ထွက်ကြည့်သောအခါ ချီချန်က ခေါင်းမော့ကြည့်ပြီး သူ့နှုတ်ခမ်းရှေ့တွင် လက်ညှိုးတစ်ချောင်း ကာပြလိုက်သည်။


မည်သည့်အချိန်ကတည်းက လုပ်ထားမှန်းမသိသော်လည်း ချီချန်က အသံချဲ့စက်များကို ဝရံတာသို့ ရွှေ့လာပြီး သူ၏ဖုန်းနှင့် ချိတ်ဆက်ထားခဲ့သည်။ ထောင်ဟွိုက်နန်က မီးခြစ်ကို ခြစ်လိုက်သည့်အချိန်တိုင်း သူက အသံဖိုင်ကို ဖွင့်ပေးလိုက်ခြင်းသာ။ ထောင်ဟွိုက်နန်မှာမူ ချီချန် လုပ်နေသမျှကို မသိသော်လည်း ပျော်နေရှာသည်။ မည်သို့ပင်ဖြစ်စေ သူက အသံကိုသာ ကြားနိုင်သည်ဖြစ်ရာ ထိုနှစ်ယောက်သား ဝရံတာတွင် တစ်နာရီကျော်ကြာအောင် စိတ်လှုပ်ရှားတက်ကြွစွာ ဆော့ကစားနေခဲ့ကြသည်။

ထောင်ရှောင်တုန်းကမူ ဝရံတာကို မှီရပ်ရင်း သူတို့ကို တစ်နာရီကျော်ကြာအောင် ငေးကြည့်နေခဲ့၏။


ယခုနှစ်တွင်မူ ထောင်ရှောင်တုန်းမှာ ဤမျှလေးဖြင့် ကျေနပ်နှစ်သိမ့်နေတတ်သော ထိုကလေးနှစ်ယောက်ကို ယခင်နှစ်ကအတိုင်း အတုအယောင်ပွဲတော်မျိုးနှင့် ထပ်ပြီး နှစ်သိမ့်မနေစေချင်တော့ပေ။


ဖက်ထုပ်များအားလုံးကို စားသောက်ပြီးသောအခါ ထောင်ရှောင်တုန်းက သူတို့နှစ်ဦးကို ပြောလိုက်သည်။

“ပန်းကန်တွေ ထားလိုက်တော့ မနက်ဖြန်မှ ဆေးကြတာပေါ့... သွား အင်္ကျီသွားလဲကြ...”


ထောင်ဟွိုက်နန်က မျက်လုံးလေးဟိုသည်ကြည့်ကာဖြင့် မေးလိုက်သည်။

“ဘယ်သွားကြမလို့လဲ...”


ထောင်ရှောင်တုန်းက သူ၏အပေါ်လွှာအင်္ကျီကို ဝတ်ပြီးနေပြီဖြစ်၏။ သူက အင်္ကျီကို ဆွဲစွပ်လိုက်ရင်း ပြောလိုက်သည်။

“စကားနည်းနည်းပဲပြော အလုပ်ကိုပိုလုပ်...”


ချီချန်က အဝတ်အစားကို အမြန်လဲလိုက်ပြီး ထောင်ဟွိုက်နန်ထံသွားကာ အနွေးထည်အထူကြီး ဝတ်ပေးလိုက်သည်။ ဦးထုပ်နှင့် လက်အိတ်များကိုလည်း ဆင်ပေးလိုက်သည်။ သူတို့နှစ်ယောက်မှာ အပေးအယူ အလွန်တည့်နေကြပြီဖြစ်ရာ ပြင်ဆင်ပြီးစီးရန် နှစ်မိနစ်ခန့်သာ ကြာလိုက်သည်။


ထောင်ရှောင်တုန်းက ထိုညတွင် ကားကိုကိုယ်တိုင်မောင်းကာ ညီဖြစ်သူနှစ်ယောက်နှင့်အတူ နောက်ဖုံးထဲသို့ အပြည့်ထည့်လာသော ဗြောက်အိုးများကို သယ်ဆောင်ပြီး မြို့ပတ်လမ်းမကြီးအတိုင်း ထွက်လာခဲ့သည်။ မြို့ပြင်ဘက်တွင် မီးရှူးမီးပန်းများ ဖောက်နေကြသူ အများအပြားရှိပြီး မြို့တွင်းပိုင်းမှ ထွက်လာသည်နှင့် ကောင်းကင်တစ်ခုလုံး လင်းထိန်နေတော့သည်။


ထောင်ရှောင်တုန်းသည်လည်း ငယ်စဉ်က ဤအရာများဖြင့် ကစားရသည်ကို အလွန်နှစ်သက်ခဲ့ဖူးသော်လည်း ယခုမူ သူ အရွယ်ရောက်လာခဲ့ပြီဖြစ်သည်။ ပူပန်သောကများက သူ့ရင်ထဲတွင် လေးလံစွာနေရာယူလာခဲ့ရာ ထိုကဲ့သို့သော ပျော်ရွှင်မှုမျိုးကို ခံစားရန် စိတ်ကူးမရှိတော့ပေ။ နောက်ပိုင်းနှစ်များအတွင်း သူ ယခင်က နှစ်သက်ခဲ့ဖူးသည့် အရာအတော်များများအပေါ် စိတ်ဝင်စားမှု လျော့နည်းလာခဲ့ပုံရသည်။


ထောင်ရှောင်တုန်းမှာ အသက်သုံးဆယ့်လေးနှစ် ရှိပြီဖြစ်၏။ သူက အနုပညာရှင်တစ်ဦးဖြစ်သော်လည်း သူ့ကိုယ်သူ ထိုသို့ မခေါ်ဆိုခဲ့ဖူးပေ။ တစ်ပါးသူများက သူ့ကို အနုပညာရှင်ဟု ချီးမွမ်းကြလျှင် ထောင်ရှောင်တုန်းက အမြဲလိုလို ခေါင်းခါယမ်းရင်း သူ့ကိုယ်သူ လှောင်ရယ်မိရင်း သူ့အနေဖြင့် စီးပွားရေးသမားတစ်ဦးသာသာမျှသာဖြစ်ကြောင်း ပြောလေ့ရှိသည်။


သူကား နိုင်ငံထဲတွင် တက်တူးလောကထဲသို့ အစောဆုံး ဝင်ရောက်လာသူများထဲမှ တစ်ဦးပင်။ ထိုစဉ်က သူက အသက်ငယ်သော်လည်း နိုင်ငံတကာတက်တူးပြိုင်ပွဲများတွင် တရုတ်နိုင်ငံကိုယ်စားပြု ဆုများဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးသော တက်တူးပညာရှင်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။ 


သူ့အနေဖြင့် ဤအသက်မွေးဝမ်းကျောင်းပညာတွင် ရေထဲမှငါးပမာ ကျွမ်းကျင်လာပြီး သူ၏လက်ရာတစ်ခုစီအတွက် ငွေသောင်းချီကာ အလွယ်တကူရရှိနိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။


ထောင်ရှောင်တုန်းတစ်ယောက်မှာ အမြဲလိုလို အလုပ်ရှုပ်နေတတ်သည်။ တစ်နှစ်ပတ်လုံး နားရက်မရှိသလောက်ပင်။ သို့ပေသိ နှစ်သစ်ကူးကာလတွင်မူ သူ့ကိုယ်သူ နားရက်ပေးထားခဲ့သည်။ သူက ထောင်ဟွိုက်နန်နှင့်အတူ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနိုင်ရန်အတွက် နှစ်စဉ် ဤအချိန်အတောအတွင်း အချိန်သီးသန့် ဖယ်ထားလေ့ရှိသည်။


မဂ္ဂဇင်းများအတွက် အင်တာဗျူးချိန်တိုင်း ထောင်ရှောင်တုန်းက မကြာခဏဆိုသလို ပြောလေ့ရှိသည်။


“ကျွန်တော့်ကို ပညာရှင်လို့မခေါ်ကြပါနဲ့... ကျွန်တော်က အနုပညာရှင်လည်း မဟုတ်ပါဘူး... လက်မှုပညာသည်တစ်ယောက်လို့တောင် သတ်မှတ်လို့မရပါဘူး... ကျွန်တော်က ပိုက်ဆံအများကြီးရဖို့ပဲ ကြိုးစားနေတာ... ကျွန်တော့်ရဲ့ တက်တူးတွေက ငွေနံ့တွေ စွဲနေတာ... ကျွန်တော်က ပိုက်ဆံရဖို့အတွက်ဆိုရင် ပရိယာယ်လည်းကြွယ်တယ် စကားလည်း အပြောကောင်းတယ်... ဒါကြောင့် ကျွန်တော့်ကို ရှိတာထက်ပိုပြီး အမွှမ်းမတင်ကြပါနဲ့... ကျွန်တော်က ဒီလောကအတွက် ဘာမှလုပ်ပေးခဲ့တာ မဟုတ်ဘူး... ကိုယ့်အတွက်ကိုယ်ပဲ လုပ်နေတာ”


လူအတော်များများက သူ့ကို အတ္တမာနကြီးသူအဖြစ် စွပ်စွဲကြသည်။ ထောင်ရှောင်တုန်းကလည်း ထိုအချက်ကို ဘယ်တုန်းကမှ မငြင်းခဲ့ပေ။ သို့သော် သူ့အတွက် မာန်မာန၏ အဓိပ္ပာယ်မှာ ဤလောကရှိ တကယ်မောက်မာဝံ့ကြွားလှသော တခြားတက်တူးပညာရှင်များနှင့် ယှဉ်လျှင် အတော်လေး နည်းပါးသည်။ သူက လက်တွေ့ဘဝထဲ၌သာ ရှင်သန်နေသူဖြစ်ရာ သူ၏မာန်မာနဟူသည် ဤရုပ်ဝတ္ထုလောကထဲတွင် ခြေကုပ်ယူလျက် အတည်တကျ ရပ်တည်နေခြင်းသာ။


“အခုက ဗြောက်အိုးလား ဒါမှမဟုတ် မီးရှူးမီးပန်းလား” 

ချီချန်၏ကူညီမှုဖြင့် မီးစာကိုညှိရင်း ထောင်ဟွိုက်နန်က မေးလိုက်သည်။


“မီးရှူးမီးပန်း” 

ချီချန်က ပြန်ဖြေလိုက်သည်။


“ဪ” 

ထောင်ဟွိုက်နန်က ဝမ်းသာသွား၏။

“ငါ မီးရှူးမီးပန်းတွေကို သဘောကျတယ်”


“ဒါက ပိုက်ဆံအလကားဖြုန်းတာပဲ မင်းမှမမြင်ရတာ”


“အဲဒါဆို မင်းက ငါ့မျက်လုံးတွေ ဖြစ်ပေးပေါ့” 

ထောင်ဟွိုက်နန်က ဘာမှအရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။


“ဒီတစ်ခုက ခရမ်းရောင်”


“ငါ မင်းကို မယုံပါဘူး မီးရှူးမီးပန်းက ဘယ်လိုလုပ် ခရမ်းရောင်ဖြစ်မှာလဲ အနီနဲ့ အစိမ်းတွေပဲ ရှိတာကို” 


ထောင်ဟွိုက်နန်မှာ သူ့ဘေးနားမှ ကောင်းကင်ပေါ်သို့ တစ်ခုပြီးတစ်ခု တဝီဝီတက်သွားသော မီးရှူးမီးပန်းသံများကို နားစွင့်နေမိသည်။

ချီချန်က မော့ကြည့်ရင်း ပြောလိုက်သည်။


“တကယ် ခရမ်းရောင်ကြီးပါ”

ထောင်ရှောင်တုန်းက သူတို့၏စကားများကို ကြားပြီး ခပ်တိုးတိုးရယ်လျက် ကားပေါ်မှ မီးရှူးမီးပန်းများကို ထပ်မံ သွားယူလိုက်သည်။ သူပြန်လာသည့်အချိန်အထိ သူတို့က အနီ အစိမ်းနှင့် ခရမ်းရောင် မီးရှူးမီးပန်းများအကြောင်း ငြင်းနေကြဆဲပင်။ ချီချန်က ပြောလိုက်သည်။

“အခု အပြာရောင်”


ထောင်ဟွိုက်နန်က ပြုံးနေဆဲဖြစ်ပြီး ပြောလိုက်သည်။

“ငါ မင်းကို မယုံဘူး”


သူက ချီချန်ကို မယုံကြောင်း ပြောလာရာ ချီချန်က ထပ်ပြီး ရှင်းမပြတော့ပေ။ ထို့ကြောင့် ထောင်ရှောင်တုန်းကသာ ကြားထဲမှ ဝင်ပြောပေးလိုက်ရ၏။

“တကယ် အပြာရောင်ပါ သူမင်းကို ညာနေတာ မဟုတ်ဘူး”


“ဟား ကောတို့က နှစ်ယောက်ပေါင်းပြီး ကျွန်တော့်ကို ဝိုင်းစနေတာပဲ” 

ထောင်ဟွိုက်နန်က ရယ်မောရင်း သူတို့နှင့်အတူ ကောင်းကင်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ မီးရှူးမီးပန်းများက ခေါင်းထက်တွင် တဖုန်းဖုန်း မြည်ဟည်းနေပြီး စူးရှလှသည့် အပြာရောင်အလင်းတန်းများက မျက်စိကျိန်းမတတ် လင်းလက်နေသည်။ ထောင်ရှောင်တုန်းက ထောင်ဟွိုက်နန်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ ကောင်လေးက ဦးထုပ်ဆောင်းထားသဖြင့် သူက ဦးထုပ်သားအိအိလေးကိုသာ ပွတ်သပ်ပေးလိုက်ခြင်းသာ။


“ငါ ဒီအနံ့ကို သဘောကျတယ်” 

ထောင်ဟွိုက်နန်က အနံ့ကိုရှူရှိုက်ရင်း ချီချန်ရှိရာဘက်သို့ လှမ်းပြောလိုက်သည်။


ချီချန်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ သူက ခေါင်းငုံ့ပြီး အသုံးပြုပြီးသား စက္ကူပြွန်ခွံထဲမှ စက္ကူစတစ်ခုကို ဆွဲဖြုတ်လိုက်သည်။ စက္ကူသားပေါ်တွင် ယမ်းငွေ့အမည်းရောင်များ ပေကျံနေဆဲပင်။ သူက ထိုစက္ကူစကို တစ်ဖက်လူ၏ နှာခေါင်းရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။


ထောင်ဟွိုက်နန်က နောက်ထပ်နှစ်ကြိမ်ခန့် အဝရှူရှိုက်လိုက်ပြီးနောက် ရယ်မောရင်း ပြောလိုက်သည်။

“လူတွေက ငါတို့ကို အရူးတွေလို့ ထင်ကြတော့မှာပဲ”


ကားနောက်ဖုံးအပြည့် ပါလာသော ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများကြောင့် ထောင်ဟွိုက်နန်မှာ အလွန်ပျော်ရွှင်စရာကောင်းသော အချိန်လေးကို ပိုင်ဆိုင်ခဲ့ရသည်။


အိမ်ပြန်ရောက်ချိန်၌ မိုးလင်းလုနီးနေပေပြီ။ ထောင်ရှောင်တုန်းက သူတို့နှစ်ဦးကို စာအိတ်နီအကြီးကြီးများ ပေးလိုက်ပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေဟူ၍ ဆုတောင်းပေးလိုက်၏။ ထို့နောက် ရေချိုးအနားယူရန်အလို့ငှာ သူ့အခန်းထဲ သူ ဝင်သွားလိုက်သည်။


ကောင်လေးနှစ်ယောက်လည်း ရေချိုးပြီး အိပ်ရာဝင်သွားကြသည်။


မုန့်စားပြီး မီးရှူးမီးပန်းဖောက်ခဲ့သည့် နာရီပိုင်းအတွင်း ထောင်ရှောင်တုန်း၏ ဖုန်းထဲ၌ မဖတ်ရသေးသောစာတိုတို့ရာချီ စုပုံနေခဲ့ချေပြီ။ သာမန်နှစ်သစ်ကူး နှုတ်ခွန်ဆက်စကားတို့အား ဖယ်လိုက်လျှင်ပင် အရေးတကြီး ပို့ထားသော မက်ဆေ့ချ်များမှာ အစောင်ပေါင်း ဆယ်ဂဏန်းမျှ ရှိနေသေးသည်။


သူက အချို့ကိုရွေးကာ စာပြန်ပေးလိုက်သော်လည်း ကျန်ရှိနေသည်များကိုမူ လျစ်လျူရှုထားလိုက်သည်။ သူ့အနေဖြင့် တကယ်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ဦးခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့်တစ်ပြိုင်နက် တန်းအိပ်ပျော်သွားတော့သည်။


တစ်ညလုံး ယမ်းငွေ့နံ့များကို ရှူရှိုက်ထားမိသောကြောင့်လား သို့မဟုတ် နှစ်သစ်ကူးပွဲတော် ဆင်နွှဲခဲ့ရသည့် အငွေ့အသက်များကြောင့်ပေလားမသိချေ။ ထိုညတွင် ထောင်ရှောင်တုန်း အိပ်မက်တစ်ခု မက်ခဲ့သည်။


သူ့ကိုယ်သူ ငယ်စဉ်ကလေးဘဝကအတိုင်း ရွာထဲမှ ကလေးတစ်သိုက်နှင့်အတူ လျှောက်ပြေးကစားကာ ဆော့နေသည်ဟု အိပ်မက်မက်နေခြင်းပင်။ ပွဲလမ်းသဘင်များ ပြီးဆုံးသွားသောအခါ သူက မပေါက်သေးသည့် ဗြောက်အိုးအသေးလေးများကို အိတ်ထဲအပြည့်ထည့်လာပြီး တစ်ပါးသူများ၏ အိမ်ပြတင်းပေါက်များထဲသို့လည်းကောင်း၊ ရေတွင်းထဲသို့လည်းကောင်း၊ ခဲနေသည့် နွားချေးပုံများထဲသို့လည်းကောင်း လျှောက်၍ ပစ်ပေါက်နေခဲ့၏။


ထို့နောက်တွင်မူ မီးပွားများက သူ့ဘောင်းဘီပေါ်သို့ လွင့်စင်လာပြီး အိတ်ထဲရှိ ဗြောက်အိုးများအားလုံး ပေါက်ကွဲထွက်လုနီးနီး ဖြစ်သွားခဲ့သည်။ သီသီလေးမျှ လွဲချော်သွားခဲ့ခြင်းပင်။


အိမ်ပြန်ရောက်သောအခါတွင်မူ သူ၏ဖခင်က မီးလောင်ပေါက်များ ဖြစ်နေသည့် ဂွမ်းဘောင်းဘီကိုချွတ်၍ သူ့အား ‌သေလုနီးပါးရိုက်နှက်ပါတော့သည်။ သူ၏တင်ပါးတစ်ခုလုံးမှာလည်း အနီ၊ အစိမ်း၊ ခရမ်းရောင် အကွက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ထောင်ရှောင်တုန်းခမျာ မျက်နှာတစ်ခုလုံး မျက်ရည်နှာရည်များဖြင့် ပေပွကာ အသတ်ခံရတော့မည့် ဝက်တစ်ကောင်ပမာ အသံကုန် အော်ဟစ်ငိုယိုနေခဲ့သည်။

သူ၏ဖခင်က သူ့အားရိုက်နှက်ရင်း ဆူပူကြိမ်းမောင်းနေခဲ့သည်။


သူက သူ့တွင်ရှိသည့်ခြေထောက်နှစ်ဖက်ကို မလိုချင်တော့ဘူးလားဟူ၍တစ်မျိုး အကယ်၍ အိတ်ထဲရှိ ဗြောက်အိုးများသာ ပေါက်ကွဲသွားပါက ဤခြေထောက်နှစ်ဖက်မှာ ရှိတော့မည်မဟုတ်ဟူ၍တစ်ဖုံ မေးမြန်းပြောဆိုနေ၏။


ထောင်ရှောင်တုန်းကမူ အရိုက်ခံရလေလေ ပို၍ ခေါင်းမာလာလေလေပင်။ သူက အသံကုန် အော်ဟစ်လိုက်သည်။

“ခြေထောက်ပြတ်သွားတော့ ဘာဖြစ်လဲ အဖေ ဂရုစိုက်ပေးစရာမလိုဘူး အဖေက ရိုက်ဖို့ပဲသိတာ အဖေက သားအဖေမဟုတ်ဘူး သားမှာ အဖေ့လိုအဖေမျိုး မရှိဘူး”


သူ၏စကားများကြောင့် ဖခင်ဖြစ်သူမှာ ဒေါသတကြီးဖြင့် ပြုံးလိုက်သည်။ ထိုအပြုံးကား  ပေါက်ကွဲထွက်လုနီးနီး ဒေါသကြောင့်လား၊ စိတ်ပျက်အားငယ်သွားခြင်းလားဟူသည်ကို မဝေခွဲနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူ၏လက်ဝါးကြီးမှာမူ ထပ်မံ၍ ကျမလာတော့ပေ။


ဘေးနားတွင်ရှိနေသည့် မိခင်ဖြစ်သူကလည်း ဖခင်ဖြစ်သူ ထပ်မံရိုက်နှက်မည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဝင်ရောက်ဖျောင်းဖျလာခဲ့သည်။


သူ၏ဖခင်က သူ၏တင်ပါးကို နောက်ဆုံးတစ်ချက် ကန်လိုက်ပြီး ပြောလိုက်သည်။

“အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်း  သောက်ကလေးဆိုးလေး”


ထောင်ရှောင်တုန်းက သူ၏ဘောင်းဘီကို ဆွဲတင်လိုက်ပြီး နွေးထွေးနေသည့် အိပ်ရာထဲသို့ တိုးဝင်လိုက်သည်။ နှာရည်များပေကျံနေသည့် စောင်ကိုမူ မိခင်ဖြစ်သူက ဆွဲဖယ်လိုက်ပြီး သူ့အား ထပ်မံ၍ ရိုက်နှက်လိုက်သေးသည်။


အချို့ကလေးများမှာ ဖျက်ဆီးသောင်းကျန်းရန်သက်သက် မွေးဖွားလာကြခြင်းဖြစ်၏။ အိမ်တစ်အိမ်လုံးကို ဖျက်ဆီးပစ်လိုက်လျှင်ပင် သူတို့မှာ ကောင်းကင်ကြီးကို အပေါက်ဖောက်ခွင့်မရသဖြင့် မကျေမနပ် ဖြစ်နေကြဦးမည်သာ။


ထောင်ရှောင်တုန်းသည်လည်း ဤကဲ့သို့သော ကြမ်းတမ်းသည့် အချစ်မျိုးကို အကြိမ်ကြိမ် ခံစားရသော်လည်း နောင်တရမည့်အစား ပို၍ပင် ခေါင်းမာလာခဲ့သည်။

( ကြမ်းတမ်းတဲ့အချစ်မျိုးဆိုတာက အပြောချိုချိုနဲ့ဆုံးမတာ မဟုတ်ဘဲ ဆူငေါက်ရိုက်နှက်ဆုံးမတာကို ပြောချင်တာပါ)


နှစ်သစ်ကူးအကြိုညမှာ ကုန်ဆုံးသွားခဲ့ပြီး နွေဦးပွဲတော်သို့ ရောက်ရှိလာခဲ့ရာ အဟောင်းများကို နှုတ်ဆက်၍ အသစ်များကို ကြိုဆိုခဲ့ကြပြီပင်။

သူကား အတိတ်မှ အိပ်မက်တစ်ခုနှင့်အတူ အိပ်ပျော်သွားခဲ့ပြီး နှစ်သစ်တစ်ခုတွင် ပြန်လည်နိုးထလာခဲ့လေသည်။


🔥🔥🔥