Ch 2
Viewers 56

🔥 အခန်း ၂



ထန်ဆောယန်တစ်ယောက် အနားမယူဘဲ အလုပ်လုပ်နေသည်မှာ နာရီပေါင်း လေးဆယ်ရှိပြီ ဖြစ်သည်။


နွေဦးပွဲတော်မှာ သာမန်လူများအတွက် မိသားစုစုံစုံလင်လင်ဖြင့် ပျော်ရွှင်စွာဆင်နွှဲရသည့် အခါသမယဖြစ်သော်လည်း မျက်စိအထူးကု ဆရာဝန်များအတွက်မူ တိုက်ပွဲကြီးတစ်ခုပင်။


နှစ်စဉ် ဤအချိန်သို့ရောက်တိုင်း ဗြောက်အိုးဆော့ကစားရာမှ ပြင်းထန်သော မျက်စိဒဏ်ရာ ရရှိလာသူအများအပြားက နေရာအနှံ့အပြားမှ ရောက်ရှိလာတတ်ကြသည်။ ထိုသူများ၏ အမြင်အာရုံထိခိုက်ပျက်စီးမှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ခွဲစိတ်ကုသမှုများပြုလုပ်ပေးရန် လိုအပ်သည်။


ထန်ဆောယန် ဆေးရုံတွင် စတင်အလုပ်ဝင်ခဲ့သည့်အချိန်မှစ၍ နွေဦးပွဲတော်ကို အိမ်တွင် တစ်ခါမျှ မကုန်ဆုံးခဲ့ဖူးပေ။


ခွဲစိတ်မှုအပြီးတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများကို သူနာပြုက စစ်ဆေးနေပြီး တာဝန်ကျသူနာပြုကလည်း ခွဲစိတ်ကုတင်ကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးနေသည်။ ထန်ဆောယန်က ချက်ချင်းထွက်မသွားသေးဘဲ ခွဲစိတ်ခန်းအတွင်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ခဏမျှ ထိုင်နေမိသည်။


ထိုစဉ် တာဝန်ကျဆရာဝန်တစ်ဦး ဝင်လာပြီး သူ့အား တိုးတိုးလေး ပြောလာသည်။

“ပါရဂူထန် အနားလေး ခဏယူလိုက်ပါဦးလား... ကျွန်တော် အရေးပေါ်ဌာနကို စစ်ဆေးပြီးပါပြီ... အခုလောလောဆယ် ခွဲစိတ်ဖို့လိုတဲ့သူ မရှိသေးပါဘူး...”


သူက ထိုသို့ပြောပြီးနောက် ခါးသီးစွာ ပြုံးလိုက်ရင်း ဆက်ပြောသည်။

“အရေးပေါ်လူနာတွေ နည်းသွားပြီဆိုပေမဲ့ ဒါက ခဏတဖြုတ်ပဲ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ...”


ထန်ဆောယန်က ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။

“အဲဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့...”


ထန်ဆောယန်၏ရုံးခန်းမှာ လူနာဆောင်ဘက်သို့ မျက်နှာမူထားသည်။ ဆေးရုံဟူသည် ပွဲလမ်းသဘင် အငွေ့အသက်များ လုံးဝမသက်ရောက်သလောက်ရှိသည့် နေရာမျိုးပင်။ အားလပ်ရက်တွင် အိမ်ပြန်နိုင်သူမှန်သမျှ အိမ်ပြန်သွားကြသော်လည်း လူနာဆောင်များတွင် ကျန်ရစ်ခဲ့သူများမှာမူ ပွဲတော်ဆင်နွှဲလိုသည့် စိတ်ကူးရှိကြမည်မဟုတ်ပေ။ သို့သော်လည်း အချို့သော မိသားစုများကမူ မီးအိမ်နီလေးများကို ပြင်ဆင်ထားကြရာ ပြတင်းပေါက်များမှတစ်ဆင့် အနီရောင်အလင်းတန်းလေးများ မှိန်ပျပျ လင်းလက်နေသည်ကို မြင်တွေ့ရသည်။


ဆေးရုံတစ်ခုတွင် အနီရောင်မှာ မင်္ဂလာရှိသောအရောင် တစ်ကြိမ်လေးပင်မဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုလင်းလက်နေသော အနီရောင်အစက်အပြောက်လေးများက လူတို့၏နှလုံးသားကို နွေးထွေးမှုတို့အား မဖြစ်စဖူး ပေးစွမ်းနေခဲ့သည်။


ထန်ဆောယန်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ မနက် လေးနာရီကျော်နေပြီပင်။

သူက ညနေခုနစ်နာရီတွင် ခွဲစိတ်ခန်းသို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုအချိန်မှသာ ပြန်ထွက်လာခြင်းဖြစ်၏။ ပြင်းထန်သောဖိအားများအောက်တွင် ဆယ်ကြိမ်ထက်ပိုများသော ခွဲစိတ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရခြင်းက လူ၏အာရုံကြောများကို ထုံထိုင်းသွားစေသည်။ 


အမှန်အတိုင်းပြောရလျှင် အချိန်မရွေး အရေးပေါ်လူနာ ထပ်ရောက်လာနိုင်သဖြင့် ယခုအချိန်အထိ စိတ်ကို အနားပေး၍ မရသေးပေ။


သူ၏ရုံးခန်းထဲတွင် ခေါက်ကုတင်လေးတစ်လုံး ရှိသည်။ ဤကာလအတွင်း သူဆေးရုံ၌ ဆက်တိုက်တာဝန်ကျမည်ကို သိထားသဖြင့် ဌာနမှ ဆရာဝန်ငယ်တစ်ဦးက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး အခြားသောတာဝန်ကျဆရာဝန်များကလည်း အဆင်သင့်ပြင်ဆင်ထားကြသည်မှာ ကြာပြီဖြစ်သည်။ သို့တိုင် ထန်ဆောယန်ကမူ ထိုကုတင်ကို အသုံးမပြုဖြစ်ချေ။ မိုးလင်းသည့်တိုင်အောင် သူ့အနေဖြင့် နိုးနိုးကြားကြားရှိနေရန် လိုအပ်သည်။


အံဆွဲထဲရှိ သူ၏ဖုန်းမှာ တုန်ခါလာသည်။ ထန်ဆောယန်က ဖုန်းကိုဖွင့်၍ စစ်ဆေးလိုက်ရာ အများစုမှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများသာဖြစ်ပြီး ထုံနင်ထံမှ စာတိုဟူ၍တစ်စောင်မျှပင် ပါမလာခဲ့ပေ။


သူက ထိပ်ဆုံးတွင် Pin လုပ်ထားသော chat box ကိုဖွင့်ကာ ထုံနင်ထံသို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

“နှစ်သစ်မှာ ပျော်ရွှင်ပါစေ ရှောင်နင်...”


ထုံနင်မှာ အိပ်ပျော်နေလောက်ပြီထင်၏။ ပြန်စာမပို့လာခဲ့ပေ။


သူတို့နှစ်ဦး၏ နောက်ဆုံးစကားပြောထားသည့် မက်ဆေ့ချ်မှာ လွန်ခဲ့သည့်လဝက်ခန့်ကဖြစ်ပြီး နှစ်ကုန်ပိုင်းနီးလာသည်နှင့်အမျှ သူတို့ကြားတွင် ဖုန်းခေါ်ဆိုမှုလည်း နည်းပါးလာခဲ့သည်။


ထန်ဆောယန်က မျက်နှာသစ်ပြီးနောက် စားပွဲပေါ်၌ ခေါင်းမှီ၍ အနားယူလိုက်သည်။ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေတွင် သူမျက်စိမှိတ်လိုက်ချိန်တိုင်း စိတ်ထဲ၌ CT scan ရိုက်ထားသော ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်လာနေဆဲသာ။


စန်းဆေးရုံ(အမှတ်၃ဆေးရုံ)၏ မျက်စိအထူးကုဌာနမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နာမည်ကျော်ကြားလှသည်။ အခြားသောပြည်နယ်များမှ လူနာများသည်လည်း ဤနေရာတွင် ကုသမှုခံယူရန် မျှော်လင့်ချက်ဖြင့် လာရောက်ကြလေ့ရှိသည်။ ပြင်းထန်သော မျက်စိဒဏ်ရာရရှိသူများကိုလည်း ဤဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးကြရုံမျှဖြင့် သူတို့၏မျက်စိများကို ကယ်တင်နိုင်လိမ့်မည်ဟုတွေးလျက် စိတ်အေးလက်အေး ရှိသွားကြတတ်သည်။


ထန်ဆောယန်က အမှတ် (၃) ဆေးရုံ မျက်စိအထူးကုဌာန၏ ဒုတိယဌာနမှူးဖြစ်ပြီး ခွဲစိတ်ခန်းအတွင်း အတော်ဆုံးသော ခွဲစိတ်ဆရာဝန်လည်းဖြစ်သည်။


သူက ဌာနမှူးပါမောက္ခရွှီရှစ်၏ အနီးကပ်တပည့်တစ်ဦးလည်း ဖြစ်သည်။ ပရော်ဖက်ဆာကြီးကိုယ်တိုင်က သူ့အား ပြည်ပမှ ပြန်လည်ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး ပညာရေးသုတေသနနယ်ပယ်မှ လက်တွေ့ကုသမှုနယ်ပယ်သို့ဖြစ်စေ ဓာတ်ခွဲခန်းမှ ခွဲစိတ်ခန်းသို့ဖြစ်စေ ကူးပြောင်းစေခဲ့ခြင်းပင်။ လူနာအများအပြားက သူတို့၏ကျန်းမာရေးအာမခံများကိုပင် စွန့်လွှတ်ကာ သူတို့ကိုယ်တိုင်အိတ်စိုက်လျက် စန်းဆေးရုံသို့ လာရောက်ကုသလိုကြခြင်းမှာ ပါမောက္ခရွှီနှင့် ထန်ဆောယန်တို့၏ ကျော်ကြားမှုကြောင့်ပင်။


ထန်ဆောယန်မှာ အလွန်ပင် လက်ငြိမ်သူဖြစ်ပြီး အရေးကြီးသည့်အဆုံးအဖြတ်များ ချမှတ်ရာတွင်လည်း ပြတ်သားတိကျသူဖြစ်သည်။ အခြားပြည်နယ်ဆေးရုံများက မျှော်လင့်ချက်မရှိတော့ဟု သတ်မှတ်ထားသော လူနာအချို့ပင်လျှင် သူ၏လက်ထဲတွင် ပြန်လည်ကောင်းမွန်လာတတ်ကြသည်။ ထိုလူနာများက သူ့အား ဘုရားသခင်ကဲ့သို့ပင် ကြည်ညိုလေးစားကြလေသည်။


တိုတောင်းလှသော အနားယူချိန်လေးမှာ နှစ်နာရီပင် မပြည့်လိုက်ချေ။ မနက်ခြောက်နာရီထိုးလုနီးနီးအချိန်မှာပင် တာဝန်ကျဆရာဝန်က တံခါးလာခေါက်၏။


“ပါရဂူထန်... အရေးပေါ်ဌာနက ဆရာ့ကို အကူအညီတောင်းနေပါတယ်... ဒုတိယအဆင့်မြို့တစ်မြို့ကနေ ဘယ်ဘက်မျက်စိ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ လူနာတစ်ယောက် ရောက်လာလို့ပါ... မျက်ကြည်လွှာ ပေါက်ထွက်သွားပြီးတော့ မြင်လွှာပါ ကွာကျသွားတယ်လို့ သိရပါတယ်...”


တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ထန်ဆောယန်မှာ ချက်ချင်းပင် နိုးကြားသွားရသည်။ ထိုစကားကို ကြားပြီးနောက် သူက ချက်ချင်းပင် ထရပ်လိုက်ပြီး ဆရာဝန်နောက်သို့ လိုက်ပါသွားလိုက်၏။


အမှတ် (၃) ဆေးရုံ၏ မျက်စိအထူးကုဌာနတွင် မည်သည့်ဆရာဝန်ကမှ သာမန်အဆင့် မဟုတ်ကြသော်လည်း လူနာမှာ ဆေးရုံရှိ အထွေထွေရောဂါကုဌာနမှ ဆရာဝန်တစ်ဦးနှင့် ဆွေမျိုးတော်စပ်နေသဖြင့် ထိုဆရာဝန်က ထန်ဆောယန်ကိုသာ ဤခွဲစိတ်မှုကို လုပ်ဆောင်ပေးရန် အတင်းအကျပ် တောင်းဆိုလာပါ၏။


လူနာမှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး နှစ်သစ်ကူးကာလတွင် အဘွားဖြစ်သူထံ အလည်လာခြင်းဖြစ်သည်။ သူမက သန်းခေါင်ယံအချိန်တွင် ဗြောက်အိုးများ ဖောက်ကာ ကစားနေစဉ် ဗြောက်အိုးမှာ အပေါ်သို့ ပွင့်ထွက်လာပြီး သူမ၏မျက်စိကို ထိမှန်သွားခဲ့ခြင်းပင်။ လွင့်စင်လာသော မီးပွားများကြောင့် သူမ၏ ဘယ်ဘက်မျက်စိနှင့် မျက်ခွံတစ်ဝိုက်တွင်လည်း မီးလောင်ဒဏ်ရာများ ရရှိသွား၏။ ဒေသခံဆေးရုံက ဤကဲ့သို့သော ခွဲစိတ်မှုကို မကိုင်တွယ်နိုင်သဖြင့် အရေးပေါ်ကုသမှုကိုသာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး လူနာတင်ယာဉ်ဖြင့် တစ်ညလုံး အမြန် ပို့ဆောင်ခဲ့ရခြင်းပင်။


မိန်းကလေး၏ဖခင်မှာ ဤဆေးရုံရှိအထွေထွေရောဂါကုသမှုဌာန ဆရာဝန်တစ်ဦးဖြစ်သဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် အပိုစကားများနှင့် လုပ်ငန်းစဉ်များကို အချိန်ကုန်ခံနေစရာ မလိုတော့ပေ။ သူ၏ ပရော်ဖက်ရှင်နယ်ဆန်မှုကြောင့် ခွဲစိတ်မှုတွင် ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များကို တည်ငြိမ်စွာနားထောင်နိုင်ခဲ့ပြီး ခွဲစိတ်မှုသဘောတူညီချက်ပုံစံတွင်လည်း အလျင်အမြန် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သူ၏ဇနီးဖြစ်သူမှာမူ အလွန်အမင်း ဝမ်းနည်းပူဆွေးနေသော်လည်း ဆရာဝန်များ၏အလုပ်ကို အနှောင့်အယှက်မဖြစ်စေရန် ငိုသံကို အတတ်နိုင်ဆုံး ထိန်းထားခဲ့၏။


မျက်ကြည်လွှာကို နေရာတကျ ပြန်လည်ဆက်ပေးနိုင်ခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင်ပင် ပြန်လည်ချုပ်ပေးနိုင်ခဲ့သည်။ ထန်ဆောယန်အနေဖြင့် ဤခွဲစိတ်မှုအတွက် ရရှိနိုင်သမျှသော အကောင်းဆုံး၊ အပြည့်စုံဆုံးရလဒ်ကို ဖန်တီးနိုင်ခဲ့ခြင်းသာ။


သို့သော်လည်း ခွဲစိတ်မှုအပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အခြေအနေများကိုမူ သူ မထိန်းချုပ်နိုင်တော့ပေ။ အမြင်အာရုံ မည်မျှအထိ ကျန်ရှိနေမည်ကိုသာမက သူမ၏သူငယ်အိမ်မှာ ကျုံ့သွားခြင်းရှိမရှိ၊ မျက်ကြည်လွှာ ထပ်ပြီး ကွာကျမကျစသည်ဖြင့် အကြောင်းအရာများစွာကို အချိန်ကသာ အဖြေပေးသွားပေလိမ့်မည်။


သူသေချာပေါက် သိနေသည့်အချက်မှာ အနှီမျက်စိအနေဖြင့် အကောင်းတိုင်း ပြန်ဖြစ်ရန် မဖြစ်နိုင်တော့ခြင်းပင်။ ယနေ့နောက်ပိုင်းတွင် ထိုမိန်းကလေးငယ်မှာ ကမ္ဘာလောကကြီးကို ကြည့်ရှုရန် မျက်စိတစ်ဖက်တည်းသာ ကျန်ရှိတော့မည့်အလားအလာ အလွန်များနေသည်။ သူမအနေဖြင့် မျက်စိတစ်ဖက်တည်းသာ ထိခိုက်ခဲ့ခြင်းကပင် ကံကောင်းသည်ဟုဆိုရမည်။ အကြောင်းမှာ ထိုညမှာပင် ထန်ဆောယန်တစ်ယောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် တစ်လသာလိုတော့သည့် မျက်လုံးအိမ်နှစ်ဖက်လုံး ပေါက်ထွက်သွားသော ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးကို ခွဲစိတ်ကုသပေးခဲ့ရသေးသောကြောင့်ပင်။

(ကောင်လေးက မျက်စိနှစ်ဖက်လုံးကွယ်သွားတဲ့သဘောထင်ပါတယ်)


နာကျင်မှုနှင့်ရောဂါတို့၏ ရှေ့မှောက်တွင် လူတိုင်းမှာ ထူးကဲအခွင့်အရေးရသည်ဟူ၍မရှိချေ။ ဆေးဘက်ဆိုင်ရာ အခြေအနေများတွင် မည်သူသာသည်၊ မသာသည်ကိုကြည့်၍ အခြေအနေဆိုးသည်ကောင်းသည် မရှိချေ။ အနှီအထက်တန်းကျောင်းသားမှာ နောက်ပိုင်းတွင် မျက်ကြည်လွှာ အစားထိုးကုသမှု ခံယူရန် လိုအပ်ဦးမည်ဖြစ်သော်လည်း မည်မျှအထိ ပြန်လည်မြင်တွေ့နိုင်မည်ကိုမူ မည်သူမျှ မခန့်မှန်းနိုင်ကြချေ။


(ဘာကောင်ကြီးပဲဖြစ်နေပါစေ ရောဂါနဲ့ပတ်သက်လာရင် ကုရမရဆိုတာမျိုးနဲ့ပတ်သက်ပြီး အထူးအခြေအနေမရှိဘူးလို့ပြောချင်တာပါ၊ ကုမရတော့ရောဂါဖြစ်နေရင်လည်း သူ့ဟာသူသမ္မတပဲဖြစ်ဖြစ် ကုမရဘူးလို့ပြောချင်တာ)


ဒီတော့ ငါက တကယ် ဘယ်လိုဘုရားသခင်မျိုးမလို့လဲ...


အတော်ဆုံးဆိုတဲ့ ဆရာဝန်တွေကလည်း သာမန်လူသားတွေပါပဲ...


နှစ်သစ်ကူး ဒုတိယမြောက်နေ့သို့ ရောက်ရှိမှသာ ထန်ဆောယန်တစ်ယောက် ဆေးရုံမှ ထွက်ခွာလာနိုင်ခဲ့သည်။ သူက လူနာဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် အထူးတလည်ဂရုစိုက်ပေးရန်လိုအပ်သော လူနာအချို့၏ အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးလိုက်သည်။ အလုပ်သင်ဆရာဝန်များက သူ၏နောက်မှလိုက်ပါရင်း လူနာများ၏ ခွဲစိတ်မှုအပြီး အခြေအနေများကို အသံတိုးတိုးဖြင့် ပြောဆိုနေကြ၏။ 


သူက လူနာတစ်ဦးချင်းစီအတွက် ဂရုစိုက်ရမည့် အချက်အလက်များကို ညွှန်ကြားပေးလိုက်သည်။ ထို့နောက်မှသာ ထန်ဆောယန်ခမျာ တာဝန်ပြီးဆုံး၍ ဂျူတီကုတ်ကို ချွတ်ချနိုင်ခဲ့၏။ ထိုအချိန်တွင် မွန်းတည့်ချိန်ပင် ရောက်နေပြီဖြစ်သည်။


သူ ဆေးရုံသို့ စတင်ဝင်ရောက်လာခဲ့စဉ်က နှစ်သစ်ပင် မကူးသေးပေ။ သို့သော်လည်း ဆေးရုံထဲတွင် ရက်အနည်းငယ်မျှ ပိတ်မိနေခဲ့ပြီးနောက် အပြင်သို့ ပြန်လည်ခြေချလိုက်ချိန်တွင်မူ နှစ်သစ်ကူးပွဲတော်၏ စည်ကားသိုက်မြိုက်မှု အငွေ့အသက်များမှာ မှေးမှိန်သွားခဲ့ပြီပင်။


သူက ရေချိုးအဝတ်အစားလဲရန် အိမ်သို့ဦးစွာပြန်လိုက်သည်။ သူ၏မိဘများကလည်း သူ မည်သည့်အချိန်တွင် ရောက်လာမည်ကိုမေးရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုထားကြသည်။ တရုတ်တိုင်းရင်းဆေးပညာ ပါမောက္ခနှစ်ဦးဖြစ်သော သူ၏မိဘများမှာ ထန်ဆောယန် ဤကဲ့သို့ ညလုံးပေါက် အလုပ်လုပ်နေရသည်ကို အလွန်ပင် စိုးရိမ်နေကြ၏။ ကံကောင်းသည်က ထန်ဆောယန်မှာ ပုံမှန်ညဂျူတီများ ယူစရာမလိုခြင်းသာ။ သူ၏ဖုန်းထဲတွင် ထုံနင်ထံမှ ပြန်စာ မတွေ့ရသေးသဖြင့် ရေချိုးပြီးနောက် ထန်ဆောယန်က သူ့ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။


ထုံနင်၏ဖုန်းကို ကျောင်းသားအရွယ် အသံပိုင်ရှင် အလုပ်သင်တစ်ဦးက ကိုယ်စားဖြေပေးလာသည်။

“ဟယ်လို... ဒေါက်တာထုံ အခုဖုန်းပြောလို့ မရသေးလို့ပါ...”


“သူ ခွဲစိတ်ခန်းထဲ ရောက်နေလို့လား...”

ထန်ဆောယန်က မေးလိုက်သည်။


အခုလိုမျိုးပေါ့... ထန်ဆောယန်က ထုံနင် ဘာကြောင့် စိတ်ဆိုးနေရတဲ့ အကြောင်းအရင်းကိုတောင် မေ့သွားပေမဲ့ ထုံနင်ကတော့ ရှောင်ဖယ်နေတုန်းပါပဲ...


သူ့ဖုန်းကိုလည်း မကိုင်သလို မက်ဆေ့ချ်များကိုလည်း ပြန်စာမပို့ချေ။


ထန်ဆောယန်မှာ လေးရက်ဆက်တိုက် တာဝန်ကျခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူက ခေတ္တမျှ တစ်ရေးအိပ်လိုက်ပြီးနောက်တွင်မှ မိဘများရှိရာသို့ ထွက်လာခဲ့သည်။


သူ၏မိဘနှစ်ပါးလုံးမှာ တရုတ်တိုင်းရင်းဆေးပါမောက္ခများ ဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ အနားယူသွားပြီဖြစ်သော်လည်း မိခင်ဖြစ်သူကမူ တက္ကသိုလ်မှ ပြန်လည်ဖိတ်ခေါ်သဖြင့် ဆရာမအလုပ်ကို ပြန်လည်လုပ်ကိုင်နေ၏။ တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးပညာတို့ကြားတွင် ချဉ်းကပ်ပုံနှင့် မူဝါဒချင်း မတူညီသည့် အတားအဆီးတစ်ခု ရှိနေတတ်သည်။ 


နယ်ပယ်နှစ်ခုလုံးက တစ်အိမ်တည်းတွင် ရှိနေပါက ငြင်းခုံမှုများရှိနိုင်သော်လည်း သူတို့မိသားစုမှာမူ အလွန်ပင် သဟဇာတဖြစ်ကြပြီး သဘောထားကွဲလွဲမှုမျိုး တစ်ခါလေးပင် မရှိခဲ့ဖူးပေ။


သူ့မိဘများက သူ အနောက်တိုင်းဆေးပညာ သင်ယူမည့် ဆုံးဖြတ်ချက်ကို ထောက်ခံပေးခဲ့ကြပြီး သူ၏အောင်မြင်မှုများအတွက်လည်း ဂုဏ်ယူနေကြသည်။ သူတို့အမြင်တွင် တစ်ခုတည်းသော အားနည်းချက်မှာ ထန်ဆောယန်၏ နေထိုင်မှုပုံစံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကို မရပ်တန့်နိုင်ခြင်းပင်။ အချို့သောအရာများက ပြောင်းလဲ၍မရနိုင်သည်အား သူတို့ နောက်ဆုံးတွင် နားလည်လက်ခံလိုက်ကြသော်လည်း သူနှင့် ထုံနင်တို့၏ ဆက်ဆံရေးမှာမူ သိပ်မတည်ငြိမ်ချေ။


“ရှောင်ထုံက ဒီနေ့ ဂျူတီကျနေတာလား...”

သူ့မိခင်က မသိမသာလေး မေးလာသည်။


“အင်း... ဟုတ်တယ်...”

ထန်ဆောယန်က ခေါင်းညိတ်ပြလိုက်ရင်း ဖခင်ဖြစ်သူ ကိုင်ထားသည့် ပန်းကန်ထဲမှ ဖက်ထုပ်တစ်ခုကို ယူလိုက်သည်။


“သူက ညဂျူတီဝင်ရမှာလား... မနက်ဖြန်ကျရင် သူ့ကိုဖုန်းဆက်ပြီး ငါတို့နဲ့အတူ ထမင်းစားဖို့ ခေါ်လိုက်ပါလား...”

သူ့မိခင်က ဖက်ထုပ်များကို ပြုတ်နေရင်း အကြံပြုလာသည်။


ထန်ဆောယန်က မီးဖိုချောင်ထဲမှ ထွက်လာပြီး ထမင်းစားပွဲတွင် ထိုင်လျက်ဆိုလိုက်၏။

“ထားလိုက်ပါတော့... သူ အခုတလော အလုပ်များနေတယ်...”


သူ့ဖခင်နှင့်မိခင်က သူ့အား တစ်ပြိုင်နက်တည်း လှမ်းကြည့်လာကြပြီးနောက် ဘာမှမပြောတော့ဘဲ အစားအသောက် ပြင်ဆင်ခြင်းဘက်သို့သာ တိတ်တဆိတ် ပြန်လှည့်သွားကြသည်။


ထုံနင်နှင့် တွဲလာခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ထုံနင်က သူ့မိသားစုထံသို့ လက်ချိုးရေတွက်ရုံမျှသာ လာရောက်လည်ပတ်ခဲ့ဖူးသည်။ အစပိုင်းတွင် ထန်ဆောယန်၏ မိဘများမှာ ထိုအခြေအနေကို လက်မခံနိုင်ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ ထုံနင်နှင့် သူတို့ကြား၌ ရင်းနှီးသည့်ဆက်ဆံရေးမျိုး မရှိသလောက်ဖြစ်နေသည်ကို လက်ခံလာခဲ့ကြသည်။ ထို့ကြောင့် ထုံနင်က သူတို့အိမ်သို့ မလာချင်သည်မှာလည်း သဘာဝကျပေ၏။ 


🔥🔥🔥