Ch 3
Viewers 49

🔥 အခန်း ၃



ထိုနည်းတူပင် ထုံနင်ကိုယ်တိုင်ကလည်း သူ့မိသားစုထံ သိပ်မပြန်တတ်သဖြင့် ထန်ဆောယန်မှာလည်း ထုံနင်၏ မိသားစုထံသို့ သွားရောက်လည်ပတ်လေ့ မရှိပေ။


ထုံနင်က သူ၏မိသားစုထံ ထန်ဆောယန် လာရောက်လည်ပတ်စရာမလိုကြောင်းလည်း ပြောထားဖူးသည်။


သူ၏မိဘများမှာ မီးဖိုချောင်အတွင်း ညစာပြင်ဆင်နေကြဆဲပင်။ ထန်ဆောယန်က သူ၏ဖုန်းကိုထုတ်ကာ ထုံနင်ထံသို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

“မနက်ဖြန် ငါ့မိဘတွေဆီမှာ ညစာလာစားမလား...”


ဤတစ်ကြိမ်တွင်မူ ထန်ဆောယန် ထမင်းစားနေစဉ်မှာပင် ထုံနင်ထံမှ ပြန်စာရောက်လာခဲ့သည်။

“ညဂျူတီရှိတယ်...”


ထန်ဆောယန် : “အခု မင်း ဘယ်မှာလဲ... လာကြိုရမလား...”


ထုံနင် : “မလာနဲ့...  အချိန်ပိုဆင်းနေရလို့... သူတို့ကို ကိုယ်စား နှုတ်ဆက်ပေးလိုက်ပါဦး..."


ရံဖန်ရံခါတွင် သူ့မိဘများက သူ့ကို တိတ်တဆိတ် ခိုးကြည့်နေကြပြီး သူ့ပန်းကန်ထဲသို့ ဟင်းများ ထပ်ကာထပ်ကာ ထည့်ပေးနေကြသည်။ ထန်ဆောယန်က အစပိုင်းတွင် သတိမထားမိဟန်ဆောင်နေသော်လည်း သူတို့၏ အကြည့်များက အကြိမ်ရေစိပ်လွန်းလှသည်။ ထန်ဆောယန်က ရယ်မောလိုက်ပြီး မေးလိုက်သည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ကြပါ... ဘာပြောချင်လို့လဲ... ကျွန်တော့်ကိုပဲ စိုက်ပဲစိုက်ကြည့်မနေကြပါတော့...”


“မဟုတ်ပါဘူး... ဘာမှမဟုတ်ဘူး...”

သူ့မိခင်က သူ၏ပန်းကန်ထဲသို့ ဟင်းများ ထပ်ထည့်ပေးရင်း ဆိုသည်။

“စား စား ... များများစား အဝစားနော်...”


ထန်ဆောယန် ပြုံးလိုက်မိသည်။

“အဖေတို့အမေတို့ ကြည့်နေတဲ့အကြည့်တွေက ဘာမှမဟုတ်ဘူးဆိုတာနဲ့ မတူဘူး... မေးစရာရှိရင်လည်း မေးလိုက်ကြပါ ပါမောက္ခတို့ရာ...”


ထမင်းစားပြီးနောက် ထန်ဆောယန်က ဖခင်ဖြစ်သူနှင့်အတူ တိုင်းရင်းဆေးရည်ကို သောက်လိုက်သည်။ လူကြီးဖြစ်ရာ သူ့မျက်နှာသိပ်မကောင်းသည်ကို သတိပြုမိသွားသဖြင့် ထန်ဆောယန်က ဆိုလိုက်သည်။

“စိတ်မပူပါနဲ့... အလုပ်ကိစ္စတွေကြောင့် နည်းနည်းပင်ပန်းနေလို့ပါ...”


“ဒီနှစ် အခြေအနေ ဘယ်လိုလဲ... လူနာတွေ အများကြီး ရှိနေတုန်းပဲလား...”


ထန်ဆောယန်က နှာတံလေးကို ဖျစ်ညှစ်လိုက်သည်။

“အင်း... နှစ်သစ်ကူးအကြိုညကနေ ပထမနေ့အထိ အဲ့ရက်ပိုင်းလေးအတွင်းမှာတင် အရေးပေါ်ကုသမှုလိုအပ်တဲ့ မျက်စိဒဏ်ရာရလူနာ နှစ်ရာကျော် လက်ခံခဲ့ရတယ်...”


“ဘုရားရေ...”

သူ့ဖခင်က သက်ပြင်းချလိုက်၏။

“ဗြောက်အိုးဖောက်တာတွေကို ပိတ်ပင်ထားတယ်မလား...”


“ပိတ်ပင်ထားလို့သာ ဒီလောက်ပဲရှိတာပါ... မဟုတ်ရင် ဒီထက်များဦးမှာ...”


“ငါ့သဘောဆိုရင်တော့ မြို့ထဲတင်မကဘူး... မြို့ပြင်တွေမှာပါ လုံးဝပိတ်ပစ်သင့်တာ... ပတ်ဝန်းကျင်ညစ်ညမ်းမှုဘက်ကတင် မဟုတ်ဘဲ မျက်စိကို ကာကွယ်ဖို့အတွက်လည်း အရေးကြီးတယ်လေ... ဗြောက်အိုးဖောက်ရင်း မျက်စိဒဏ်ရာရပြီး မျက်စိကွယ်သွားရတာ တကယ် နှမြောဖို့ကောင်းတယ်...”


သစ်သီးပန်းကန်ကိုင်ပြီး လျှောက်လာသော သူ့မိခင်မှာ ထိုစကားများကို နားထောင်ရင်း စိတ်မသက်မသာ ဖြစ်သွားရသည်

“ဗြောက်အိုးတင် မကပါဘူး... ဆီပူလောင်တာတို့ ပြာဝင်တာတို့ကြောင့် မျက်စိထိခိုက်တဲ့သူတွေလည်း ရှိမှာပဲမလား...”


ဖခင်ဖြစ်သူက ထန်ဆောယန်၏လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည်ထပ်ဖြည့်ပေးရင်း ခေါင်းခါယမ်းကာ ဆိုသည်။

“ကလေးတွေကတော့ နှစ်သစ်ကူးမှာ မီးရှူးမီးပန်းလေးတွေနဲ့ ပျော်ရမှာကို မျှော်လင့်ကြတာပဲလေ... အကုန်လုံးကို လုံးဝပိတ်ပစ်လိုက်ရင် သူတို့လည်း သောင်းကျန်းကြမှာပဲ...”


“ပျော်ရွှင်ရတာကို ဘယ်သူက မကြိုက်ဘဲ နေမလဲ... ဒါပေမဲ့ အဲဒီလိုမျိုးတွေနဲ့ ဆော့မှရမှာလား...”

သူ့မိခင်ကမူ အလျှော့မပေးဘဲ လူနာများအတွက် စိတ်မကောင်းဖြစ်နေဆဲပင်။


သူတို့သားအမိ သားအဖ သုံးယောက် လက်ဖက်ရည်သောက်ရင်း ခဏကြာအောင် စကားစမြည် ပြောဖြစ်ကြသည်။ သူ့မိဘများက အစပိုင်းတွင် သူ့ကို ညဉ့်နက်ပြီဖြစ်၍ မပြန်စေချင်ကြသော်လည်း ထန်ဆောယန်က နောက်တစ်နေ့တွင် ဆေးရုံသွားရဦးမည်ဖြစ်ရာ ဤနေရာမှသွားလျှင် သွားလာရ သိပ်မလွယ်ကူလှပေ။


“မနက်ဖြန် အလုပ်ဆင်းလာရင် စားဖို့အတွက် အမေ အစားအသောက်တွေ ထည့်ပေးလိုက်ရမလား... မင်းဘာမင်း မချက်ချင်ရင်တောင် နွှေးစားလို့ရအောင်လေ...”


သူမက မေးမနေတော့ဘဲ အစားအသောက်များကို ဘူးများထဲသို့ အဆင်သင့် ထည့်ထားပြီးသားဖြစ်ကာ ပြောရင်းဆိုရင်းနှင့်ပင် အိတ်တစ်ခုထဲသို့ ထည့်ပေးနေတော့သည်။


“ရပါတယ်... အလုပ်က ဘယ်အချိန်မှ ပြီးမယ်ဆိုတာ သေချာမသိသေးလို့ပါ... ဆေးရုံမှာပဲ စားလိုက်ပါ့မယ်...”

ထန်ဆောယန်က ဆိုလိုက်သည်။


“အဲဒါဆိုရင်တော့ နည်းနည်းပဲ ထည့်ပေးလိုက်တော့မယ်... ဆေးရုံမှာ နေ့လယ်စာနွှေးစားလို့ရတာပေါ့...”


သူမက ပြောပြောဆိုဆိုပင် အိတ်ထဲမှ ဘူးအချို့ကို ပြန်ထုတ်လိုက်သည်။

ထန်ဆောယန်က ဆက်ပြီး ငြင်းမနေတော့ဘဲ ပြုံးပြလိုက်ကာ “ကောင်းပါပြီ...” ဟုသာ ပြောလိုက်တော့သည်။


ထန်ဆောယန်မှာ ယခင်က သူ့မိဘများ၏ တင်းကြပ်မှုကိုသာ ခံစားခဲ့ရဖူးသော်လည်း တဖြည်းဖြည်းနှင့် သူတို့မှာ ကလေးလေးများပမာဖြစ်လာကာ ချစ်စရာကောင်းလာသည်ကို သတိပြုမိလာသည်။ ယင်းမှာ မိဘနှင့် သားသမီးကြားရှိ ငြင်းပယ်မရသည့်တာဝန်လဲလှယ်မှု၊ တစ်ဦးထံမှတစ်ဦးသို့ လက်ဆင့်ကမ်းလိုက်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်သည်။


သူ့မိခင်က အိတ်ကိုဆွဲကာ တံခါးဝရှိ ဗီရိုပေါ်တွင် တင်ထားပေးပြီးနောက် အိတ်ထဲသို့ သစ်သီးများစွာကိုလည်း ထပ်ထည့်ပေးလိုက်သည်။


ယင်းတို့က သူမ၏ တပည့်များက ပေးထားခြင်းဖြစ်ကြောင်း ဆေးရုံမှ လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှစားနိုင်ကြောင်း သူမက ပြောပြနေသည်။


“ကျွန်တော် ပေးတာဆိုရင် သူတို့က ဘယ်စားရဲပါ့မလဲ...”

ထန်ဆောယန်က ပြောလိုက်သည်။


"မင်းက အရမ်းကို အရှိန်အဝါကြီးနေလို့ မဟုတ်ဘူးလား..."

သူ့မိခင်၏ မျက်ဝန်းတို့တွင် စနောက်ရိပ်တို့ စွန်းထင်းလျက် ပြောလာသည်။


"မင်းတို့ဌာနမှာ ပြုံးပြုံးရွှင်ရွှင်လေး နေစမ်းပါဦး... အမြဲတမ်းကြီး ဒီလောက်အထိ ခက်ထန်မနေပါနဲ့..."


"ကျွန်တော် တကယ်ကြီးကို ခက်ထန်မနေပါဘူးနော်.. အေးအေးဆေးဆေးပဲနေတာပါ... ဒါပေမဲ့ အလုပ်သင်တွေက ကျွန်တော့်ကိုမြင်ရင် အမြဲတမ်း ရှောင်ပြေးနေကြတာပဲ..."

ထန်ဆောယန်က အားကိုးရာမဲ့စွာ ဆိုသည်။


"အဲဒါ ငါ့ဆီက အမွေရထားတာလေ... ငါတို့က ကြည့်လိုက်ရင် သိပ်ပြီး ရင်းနှီးရလွယ်တဲ့ ပုံစံမျိုး မဟုတ်ဘူး..."

သူ့ဖခင်က ဝင်ပြောလာသည်။

"ငါ့တပည့်တွေဆိုရင်လည်း ငါ့ကိုမြင်တာနဲ့ ကြောက်လွန်းလို့ တုန်နေကြတာပဲ..."


"အဲဒါက ဂုဏ်ယူစရာကိစ္စမို့လို့လား..."

သူ့မိခင်က ရယ်မောလိုက်သည်။

"မြန်မြန်ပြန်ပြီး အနားယူတော့..."


ထန်ဆောယန် ခေါင်းညိတ်ပြလိုက်သည်။ တကယ်လည်း ပြန်ရမည့်အချိန် ရောက်နေပြီ ဖြစ်သည်။

တံခါးဝတွင် ထန်ဆောယန် ဖိနပ်စီးနေသည်ကို သူ့မိခင်က ကြည့်နေရင်း ကုတ်အင်္ကျီကို လှမ်းယူပေးထားသည်။ သူ ဖိနပ်စီးပြီးသွားသောအခါမှ အင်္ကျီကို ပြန်ကမ်းပေးလိုက်သည်။


"မင်းနဲ့ ရှောင်ထုံနဲ့..."

သူမက စကားကို ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်။ ထန်ဆောယန်က သူမ ဆက်ပြောလာမည်ကို စောင့်ဆိုင်းရင်း ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက် ထပ်ပြီး လမ်းခွဲလိုက်ကြပြန်ပြီလား..."


ထိုစကားကို ကြားသောအခါ ထန်ဆောယန်က ပြုံးလိုက်သည်။

"ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဒါတွေပြောနေတာလဲ... ကျွန်တော်တို့ လမ်းမခွဲပါဘူး..."


"မင်း ဒီကို လာလည်တိုင်း တစ်ခုခု လွဲနေသလိုပဲ... ဆက်ဆံရေးမှာ ပြဿနာရှိနေသလိုမျိုးလေ... တကယ်လို့ အတူတူမရှိကြတော့ဘူးဆိုရင်လည်း အမေတို့ကို ပြောပြဖို့မကြောက်ပါနဲ့... အဲဒါအတွက် စိတ်ဖိစီးမခံနဲ့ဦး..."


သူမက ထန်ဆောယန်၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရင်း စမ်းတဝါးဝါးနှင့် ဆက်ပြောလာသည်။

"မင်းအဖေနဲ့ငါ ဒီလိုစုံတွဲမျိုးတွေ အများကြီး တွေ့ဖူးပါတယ်... ပြတ်လိုက်ဆက်လိုက်ဖြစ်နေတာက သူတို့အတွက် သဘာဝပဲလေ... ဒါပေမဲ့ မင်းတစ်ယောက်တည်း ပြန်ဖြစ်သွားရင်တော့ အသိပေးဦးနော်... ဟုတ်ပြီလား... အိမ်ကို သန့်ရှင်းရေးလုပ်ပေးဖို့ အမေ မကြာခဏ လာခဲ့လို့ ရတာပေါ့..."


"တကယ် အဲလိုမဟုတ်ပါဘူး..."

သူ့မိခင်၏ အားနာတုံ့ဆိုင်းစွာ ပြောဆိုနေပုံကို ငုံ့ကြည့်ရင်း ထန်ဆောယန် စိတ်ပျော့သွားရသည်။ သူက သူမကို ပွေ့ဖက်လိုက်ရင်း ပြုံး၍ ဆိုသည်။

"စိတ်မပူပါနဲ့... ကျွန်တော် အဆင်ပြေပါတယ်... နောက်တစ်ခါကျရင် သူ့ကို ခေါ်လာခဲ့မယ်လေ... အရမ်းကြီး လျှောက်မတွေးပါနဲ့ဦး..."


"အင်းပါ... မင်း အဆင်ပြေနေသရွေ့ အမေဝမ်းသာပါတယ်..."

သူ့မိခင်က သူမကို ဖက်ထားသည့် သူ၏လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

"တကယ်လို့ သူက မလာချင်ဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ပါနဲ့... အဲဒါအတွက်နဲ့ အငြင်းပွားမနေသင့်ဘူးလေ..."


"ဟုတ်ကဲ့ပါ..."

ထန်ဆောယန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အလှမ်းဝေးဝေးတွင် ရပ်နေသော ဖခင်ဖြစ်သူထံသို့ မေးလေးဆတ်ပြကာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော် သွားတော့မယ်နော်..."


"အင်း... သွားတော့... လမ်းမှာလည်း ဂရုစိုက်သွားဦး..."

ဖခင်ဖြစ်သူက သူရပ်နေသည့် နေရာမှပင် လှမ်းပြော၍လာသည်။


×××××


ထန်ဆောယန်မှာ သူ့မိဘများကို စိတ်မပူစေချင်ပေ။ သူက လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ထိုထက်ပို၍ အဆင်ပြေပြေ နေထိုင်နိုင်သင့်သည် တွေးမိသည်။ သို့သော် သူနှင့်ထုံနင်တို့ အတူရှိနေဆဲဖြစ်သည်မှာ မှန်သော်လည်း လက်ရှိ သူတို့၏ဆက်ဆံရေးမှာမူ ကောင်းမွန်မနေပေ။ 


ထိုညတွင် ထုံနင်ပြန်မလာခဲ့ပေ။ ထန်ဆောယန်မှ သူနှင့်စကားပြောလိုသော်လည်း တစ်ဖက်လူကမူ အလိုမရှိသည်မှာ သိသာလှသည်။


ထုံနင်မှာ ထူးချွန်ထက်မြက်သည့် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ထန်ဆောယန်အတွက် နိုင်ငံသို့ ပြန်လာခဲ့ခြင်းပင်။ သူတို့နှစ်ဦး တွဲလာခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။


ထန်ဆောယန် ထုံနင်ကို စတင်ပိုးပန်းခဲ့ချိန်က သူတို့နှစ်ဦးလုံး ဆေးပညာရပ်များကို မဆုံးနိုင်အောင် သင်ယူနေရဆဲဖြစ်သည့် လူငယ်ဘဝ၌ဖြစ်သည်။ ထုံနင်က သူ့ထက် အတန်းတစ်နှစ်ငယ်သည့် ဂျူနီယာတစ်ဦးပင်။ သူက ရုပ်ရည်ချောမောကာ အသားဖြူပြီး ထူးချွန်ထက်မြက်သည့်အပြင် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး မာနကြီးသူလည်းဖြစ်သည်။ သို့သော် သူ၏ ထူးချွန်မှုများအားလုံးမှာ သူတို့တက္ကသိုလ်၏ ဂန္ထဝင်တစ်ဦးဟုတင်စားရမည့် ထန်ဆောယန်နှင့်ယှဉ်လျှင် မှေးမှိန်သွားရသည်။ 


ပါမောက္ခရွှီ၏ တိုက်ရိုက်သင်ကြားမှုကို ခံယူရသည့် အချစ်တော်တပည့်ဖြစ်သည့်အလျောက် ထန်ဆောယန်ကား ခွဲစိတ်မှုတိုင်းကို အနီးကပ် လေ့လာခွင့်ရခဲ့သလို ပါမောက္ခ၏ ပညာရပ်ဆိုင်ရာ စီမံကိန်းတိုင်းတွင်လည်း နေရာတစ်နေရာ အမြဲရရှိခဲ့သည်။


ထန်ဆောယန်၏ ချဉ်းကပ်မှုများရှေ့တွင် ထုံနင်၏မာနများမှာ နောက်သို့ ရောက်ရှိသွားခဲ့သည်။ သူက ထန်ဆောယန်ကို အချိန်အကြာကြီး မစောင့်စေခဲ့ဘဲ နှစ်လမပြည့်မီမှာပင် သဘောတူခဲ့သည်။ ထိုစဉ်က လူမှုပတ်ဝန်းကျင်မှာ ယခုခေတ်ကဲ့သို့ လိင်စိတ်တိမ်းညွတ်မှုကွဲပြားခြင်းအပေါ် နားလည်လက်ခံနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် မည်သို့ပင်ကြည့်စေကာမူ ထူးချွန်ထက်မြက်သည့် အမျိုးသားနှစ်ဦး ဤမျှအထိ အချင်းချင်းနက်နက်ရှိုင်းရှိုင်း ချစ်ခင်စုံမက်သွားကြခြင်းမှာ ကံကြမ္မာ၏ ကောင်းချီးတစ်ခုဖြစ်ခဲ့ပါ၏။


အိမ်တံခါးအနီးတွင် သူတို့နှစ်ဦး၏ ဓာတ်ပုံတစ်ပုံကို ဘောင်သွင်း၍ ချိတ်ဆွဲထားသည်။ ဓာတ်ပုံထဲတွင် ထုံနင်က ထန်ဆောယန်၏ ကျောထက်၌ ခုန်တက်တွယ်မှီထားပြီး သူ၏အပြုံးများက တောက်ပကာ ရင်အေးစေသည်။ ထိုစဉ်က ထန်ဆောယန်မှာ အသက်နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း ယခုမူ သုံးဆယ့်ခြောက်နှစ်ရှိနေပြီ ဖြစ်သည်။ ဤကာလတစ်လျှောက်လုံးတွင် သူတို့နှစ်ဦးမှာ စိတ်ကောက်လိုက် ပြန်ချော့လိုက်နှင့် အကြိမ်ကြိမ် လမ်းခွဲခဲ့ကြဖူးသည်။


"ပထမတစ်ခါ လမ်းခွဲတုန်းကတော့ နာကျင်ရတာပေါ့... ဒုတိယတစ်ခါလည်း နာကျင်ရတာပါပဲ... ဒါပေမဲ့ နည်းနည်းတော့ လျော့သွားတာပေါ့... အဲဒီလိုပဲ ထပ်ခါတလဲလဲ ဖြစ်လာတဲ့အခါမှာတော့ နောက်ဆုံး နာကျင်မှုတွေအပေါ် ထုံကျင်သွားတော့တာပဲ..."

ထုံနင်က တစ်ခါက ထိုသို့ပြောဖူးသည်။


သူကား လောကအကြောင်းကို နားလည်တတ်ကျွမ်းပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိရှိဖြင့် သက်သောင့်သက်သာ နေထိုင်သူပမာ။ 


ပြီးခဲ့သည့်နှစ်က သူ အနည်းငယ်မျှ မူးသွားဖူးသည်။ အပြင်သွားစဉ်က ဝတ်ထားသည့် ရှပ်အင်္ကျီအဖြူကိုပင် မလဲရသေးဘဲ ထန်ဆောယန်၏လည်ပင်းကို သိုင်းဖက်ကာ ပခုံးကြားထဲ မျက်နှာအပ်လျက် သူ ငိုကြွေးခဲ့သည်။


လူကြီးဖြစ်လာပြီးနောက်တွင်မူ ငိုကြွေးခြင်းမှာ သင့်တော်မှုမရှိတော့သည့်အလားပင်။ လူကြီးများက ငိုလေ့ငိုထ သိပ်မရှိကြပေ။ ထုံနင်မှာ ထန်ဆောယန်၏ရှေ့တွင်ပင် အမြဲတ‌စေ တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ခဲ့သူပင်။


ထို့ကြောင့် ထန်ဆောယန်အနေဖြင့် ထုံနင် ငိုကြွေးသည်ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့ပေသိ ထိုနေ့ကမူ ထုံနင်‌တစ်ယောက် အကြီးအကျယ် စိတ်ဓာတ်ကျကာ ငိုကြွေးနေခဲ့သည်။ သူဝတ်ထားသော ရှပ်အင်္ကျီအဖြူမှာလည်း ကြည့်မကောင်းလောက်အောင်ပင် တွန့်ကြေနေခဲ့သည်။


သူက ထန်ဆောယန်၏လည်ပင်းကို သိုင်းဖက်ထားရင်း ပြောလာသည်။

"ခင်ဗျားနဲ့ ထပ်ပြီး အတူမရှိချင်တော့ဘူး... ဒါပေမဲ့လည်း လက်မလွှတ်နိုင်ပြန်ဘူး... ထန်ဆောယန် ဒီနှစ်တွေက ကျွန်တော်တို့နှစ်ယောက်လုံးအတွက် နှိပ်စက်နေသလိုပဲ... ခင်ဗျားနဲ့အတူ ရှိနေရတာက ကျွန်တော့်ဘဝမှာ အမုန်းဆုံးနဲ့ အခက်ခဲဆုံး ပြဿနာတစ်ခုလို့..."


ထုံနင်က သူတို့၏ဆက်ဆံရေးကို အဘယ်ကြောင့် နှိပ်စက်ညှဉ်းပန်းနေသကဲ့သို့ ခံစားနေရသည်အား ထန်ဆောယန် နားမလည်နိုင်ခဲ့ပေ။ သို့သော်လည်း လူတစ်ယောက် မူးနေချိန်တွင် ပြောသည့်စကားများထဲ၌ အမှန်တရားကို ရှာဖွေ၍မရနိုင်သည်မှာ အမှန်ပင်။


ထို့ကြောင့် သူ ယခင်ကဲ့သို့ပင် ထုံနင်ကို ချော့မြှူသည့်အနေဖြင့် နားရွက်နားလေးကို ခပ်ဖွဖွနမ်းလိုက်သည်။


ထုံနင်ကား တစ်ခါတစ်ရံတွင် အပြစ်တင်ဝေဖန်တတ်ပြီး အဆိပ်ပြင်းလှသည့်စကားများကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ သို့သော် သူက အမြဲတမ်း ထိုသို့ဖြစ်နေတတ်သည်တော့ မဟုတ်ပေ။


သူ့တွင် လိမ္မာယဉ်ကျေးသည့် အချိန်များလည်း ရှိတတ်သေးသည်။ သူတို့နှစ်ဦး လမ်းခွဲပြီးနောက် ထန်ဆောယန်နှင့် ပြန်လည်အဆင်ပြေရန် လာရောက်ချိန်တိုင်းတွင် သူက အမြဲလိုလို လိမ္မာနေတတ်သည်။ သူက နူးညံ့သိမ်မွေ့ကာ စကားနားထောင်ပြီး သူ့အမှားကိုလည်းဝန်ခံလျက် ပြောင်းလဲပါ့မည်ဟူ၍လည်း ကတိပေးတတ်သည်။


သူက အားတက်သရော တောင်းပန်တတ်သလို နွေးထွေးစွာလည်း ပွေ့ဖက်တတ်သည်။ သူ၏ လက်သည်းများကိုဝှက်ထားပြီး မာန်တက်နေသည့် မာနမေးဖျားကိုနှိမ့်ချရင်း မျက်ဝန်းလေးများ မှေးစင်းသွားသည်အထိ ပြုံးလျက် ပြောလာတတ်သည်။

"ဒေါက်တာထန်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဦး..."


ထန်ဆောယန်၏ အမြင်မှာမူ သူတို့နှစ်ဦးမှာ တကယ်လမ်းခွဲခဲ့ကြခြင်း မဟုတ်ဘဲ ထုံနင် တစ်ယောက်တည်းက စိတ်ကောက်နေခြင်းသာ။ ရက်အနည်းငယ်ခန့် လျစ်လျူရှုထားပြီးနောက်တွင် ပုံမှန်အားဖြင့် သူ့ကိုယ်သူ ပြန်လည်အဆင်ပြေသွားတတ်စမြဲပင်။


သို့သော် ယခုတစ်ကြိမ်တွင်မူ ထုံနင်၏ စိတ်ကောက်မှုက ပို၍ကြာရှည်နေခဲ့သည်။ ဆောင်းရာသီမှ နွေဦးသို့ ကူးပြောင်းလာခဲ့ပြီဖြစ်သော်လည်း ထုံနင်က ပြန်မလာသေးပေ။ ထန်ဆောယန် ဂျူတီကျနေသည့် တစ်ရက်ရက်တွင် ဖြစ်နိုင်သည်။ ထုံနင်က သူမသိအောင် ပြန်လာပြီး အသုံးအဆောင် ပစ္စည်းအတော်များများကို ထုပ်ပိုးယူဆောင်သွားခဲ့သည်။


ထိုအတောအတွင်း ထန်ဆောယန်က သူ့ထံသို့ အကြိမ်အနည်းငယ် သွားရောက်တွေ့ဆုံခဲ့သော်လည်း ထုံနင်ကမူ သူ ပင်ပန်းနေပြီဟုသာ ဆိုသည်။ သူ၏ ဘဝကို အပြောင်းအလဲတစ်ခု လုပ်ချင်နေသည်ဟူ၏။


***


ထောင်ရှောင်တုန်းမှာ နှစ်သစ်ကူးမတိုင်ခင်က ကြွေးကျန်ဖြစ်သည့် တက်တူးဒီဇိုင်းပုံကြမ်းများကို ဖြည်းဖြည်းချင်း အပြီးသတ်နေသည်။ သူ့ထံတွင် ရက်ချိန်းယူလိုသည့် ဖောက်သည်များမှာ အလွန်ပင် များပြားလှသည်။ သူတို့က ထောင်ရှောင်တုန်း ကိုယ်တိုင်ရေးဆွဲသည့် ဒီဇိုင်းဖြင့် တက်တူးထိုးနှံနိုင်ရန်အတွက် ငွေကိုရေလိုသုံးကာ စောင့်ဆိုင်းစာရင်းတွင် နှစ်နှင့်ချီ၍ စောင့်ဆိုင်းနေကြသူများပင်။


သူနှင့်ပတ်သက်၍ နယ်ပယ်ထဲတွင် ကောင်းသတင်းသိပ်မရှိသော်လည်း သူ၏ပြင်းထန်သည့်ပြိုင်ဆိုင်မှုကိုမူ မတားဆီးနိုင်ခဲ့ပေ။ အသိုင်းအဝိုင်းထဲမှ အချို့သော တက်တူးပညာရှင်များက သူ၏ ဆိုးရွားသော အပြုအမူများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လူသိရှင်ကြား ပြစ်တင်ရှုတ်ချတတ်ကြသည်။


သူ၏ ဈေးနှုန်းသတ်မှတ်ချက်များမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းဟုပင် စွပ်စွဲကြသော်လည်း သူဖွင့်လှစ်သည့် ဂဏန်းခြောက်လုံးတန်သင်တန်းများကိုမူ တက်ရောက်ရန် ပြင်ဆင်နေကြဆဲပင်။ နောက်ဆုံးတွင် သူတို့ မည်မျှပင် မုန်းတီးပါစေ သူ၏ကျွမ်းကျင်မှုကိုမူ မည်သူမျှ ငြင်းပယ်၍ မရခဲ့ပေ။


ယင်းအချက်ကပင် သူ့ထံတွင် အလွန်ရွံရှာဖွယ်ကောင်းသည့်အချက် ဖြစ်နေခြင်းသာ။ သူ့ကို မုန်းတီးသူများမှာ သူ၏လုပ်ရပ်ကြောင့် ရူးမတတ်ပင်။ ထိုသူ၏ ခြေအစခေါင်းအဆုံး ငွေနံ့များသာ လှိုင်လှိုင်ထနေသည်ဟု သူတို့ ခံစားရ၏။ 


တစ်ဖက်မှာမူ သူ၏လက်ရာများမှာ ပြည်တွင်းစံနှုန်းထက် ပိုသာသည့် ဆရာကျသောလက်ရာများဖြစ်သည်ကိုတော့ ဝန်ခံကြရမည်သာ။


"ဟေး... ငါ့တက်တူးကို ဆေးပြန်ဖြည့်ပေးပါဦး... ဒီနားက အရောင်နည်းနည်း မှိန်သွားသလိုပဲ..."

ရှားယွမ်က ထောင်ရှောင်တုန်းကို အပြင်ထွက် ထမင်းစားရန်ခေါ်ရင်း တစ်ခါတည်း တက်တူးဆေးပြန်ဖြည့်ခိုင်းရန်အလို့ငှာ ခရီးဝေးမှ ရောက်လာခဲ့ခြင်းပင်။


"ငါ့မှာအချိန်မရှိဘူး... အလုပ်ရှုပ်နေတယ်..."

ယင်းက ထောင်ရှောင်တုန်းလုပ်နေသည်မှာ တစ်ပတ်နီးပါးပင် ရှိနေပြီဖြစ်သော လက်ရာတစ်ခုဖြစ်၏။ လည်ပင်းမှသည် ခြေကျင်းဝတ်အထိ တစ်ကိုယ်လုံးစာ ဂျပန်စတိုင် တက်တူးဒီဇိုင်းပင်။ 


🔥🔥🔥