အပိုင်း ၈၃-၈၄
Viewers 22k

Part 83


ဆိုင်ရှင်က အဖွားကြီးဟန်၏စကားအား လုံးဝပင်လက်မခံပေ ။ ပစ္စည်းများသည်လင်းလန် ဝယ်ယူခဲ့သည်ဖြစ်၍ လင်းလန်နှင့်သာသက်ဆိုင်ပြီး သူ့အနေနှင့်ဆုံးဖြတ်ခွင့်မရှိဘဲ လင်းလန်ဆုံးဖြတ်သည်သာအဓိကဖြစ်သည် ။


သို့သော်လည်း အဖွားကြီးဟန်က လက်မလျော့သေးဘဲ ဟန်ချင်စုန့်ထံသို့ ပြေးသွားတော့သည် ။ ဟန်ချင်စုန့်က ထိုအိုးခွက်တစ်ပုံတစ်ပင်ကြီးအားကြည့်ကာ ကွာခြားမူကိုမမြင်ရဘဲ မည်သည်အတွက် သုံးမည်မသိသော်လည်း လင်းလန် ဝယ်ယူခဲ့သည့်အတွက်သေချာပေါက် အသုံးဝင်မည့်နေရာရှိလိမ့်မည် ။


တကယ်လို့သာ သူမနှင့်သွားငြင်းခုံလိုက်မည်ဆိုလျှင် အသေအချာပင် အနွေးကုတင်ဟောင်းကြီး ၌တစ်သက်လုံးအထီးကျန်စွာအိပ်စက် သွားရပေလိမ့်မည် ။ ထို့ကြောင့် ဟန်ချင်စုန့်သည် အဖွားကြီးဟန်အား လင်းလန်ကိုသာဆုံးဖြတ်ခိုင်းမည်ဟုပြောလိုက်သည် ။


ဒါပေမဲ့ အဖွားကြီးဟန်က လက်ခံနိုင်မည်တဲ့လား...


အဖွားကြီးဟန်က ဒေါသထွက်လွန်း၍ အသက်ရူကြပ်လာသည့် သူမ၏ရင်ဘတ်ကိုဖိကာ ဟန်ချင်စုန့်အားပြောလိုက်သည် ။


" အိမ်မှာရှိတဲ့ ကရားတွေရောဇလုံတွေရောက အရမ်းဟောင်းနေပြီ မင်းတို့အသစ်အများကြီးဝယ်ထားတာလဲ တစ်ခုစီပေးလိုက်လို့လဲ ဘာမှဖြစ်မသွားဘူး "


သူမလက်မခံနိုင်ပေ!


တတိယမိသားစုက အိမ်ခွဲထားတာမှမကြာသေးဘူး သူမကိုဒီလိုဆက်ဆံရဲတယ်ပေါ့လေ သူမအသက်ကြီးလာတဲ့အခါကျရင် ဘယ်လိုမျိုး သူတို့ကိုမှီခိုရမလဲ...


အဖွားကြီးဟန် ကဟန်ချင်စုန့် ကိုဆက်တိုက်ဆူပူနေကာ ဟန်ချင်စုန့် ကဂရုမစိုက်ဘဲလျှစ်လျူရူထားသော်လည်း စန်းဝမ်ကမနေနိုင်တော့ဘဲ အဘွားကြီးဟန်အားပြောလိုက်သည် ။


" အဖွားမှာရှိတဲ့ ပိုက်ဆံတွေနဲ့ဘာလို့မဝယ်တာလဲ...သားမားမားတစ်ခုခုဝယ်တိုင်း အဖွားကအမြဲတမ်းလာလုနေတော့တာလေ ပေးလိုက်ရတဲ့ယွမ်တစ်ရာပြည့်အောင် ဒီလိုနည်းနဲ့ပြန်ယူချင်နေတာမလား...


အဖွားကြီးဟန် သည်သူမအား စန်းဝမ် မလေးမစားပြောသည်အားသည်းမခံနိုင်ဘဲ တုတ်ဆွဲကာနောက်ကလိုက်ရိုက်လေတော့သည် ။ စန်းဝမ်သည်ငါးဖမ်းနေကျမြစ်ထဲသို့ပြေးသွားပြီး ခုန်ချကာခဏအတွင်းမှာဘဲ အဘွားကြီးဟန် လိုက်ဖမ်း၍မဖြစ်နိုင်တော့ပေ ။


ထိုအချိန်မှာဘဲ ရှောင်ဝမ်ကအကျယ်ကြီးအော်ငိုကာ ပြောလိုက်သည် ။


" သားအစ်ကိုကို အဖွားကမြစ်ထဲပစ်ချလိုက်ပြီ "


အဘွားကြီးဟန် ကြားသည့်အခါပို၍ပင် ဒေါသထွက်လာတော့သည် ။ သူမ၏ အသည်းနှလုံးကျောက်ကပ် အကုန်လုံးနာကျင်နေသလိုပင်ဖြစ်ကာ မုန်တိုင်းတိုက်တော့မည် မျက်နှာပေးဖြင့်ပြန်လှည့်သွားတော့သည် ။


အငယ်ဆုံးလေးအော်လိုက်သည်အား ကြားပြီးသည့်နောက်တွင် လင်းလန်ပို၍ပင် သူမ၏ကလေးများ၏ဥာဏ်နီဥာဏ်နက်များပုံအား မရီဘဲမနေနိုင်တော့ချေ ။ အိမ်ခွဲပြီး သည့်နောက်တွင် ကလေးများနှင့်ပတ်သက်၍သာမက အရာအားလုံးဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ကြတော့ဘဲ ဆွေမျိုးဟူသည့်အမည်ခံသာရှိတော့သောကြောင့် အရင်လိုအထက်စီးဆန်ဆန်အပြုအမူများအား ငြိမ်ခံကြတော့မည်မဟုတ်ချေ ။


လင်းလန်က ကရားတွေကိုရေတွက်နေပြီး နောက်တွင်ကရားတစ်ခုကိုလက်ညိုး ထိုးကာ ဟန်ချင်စုန့်ကိုပြောလိုက်သည် ။


" တကယ်လို့ အမေလိုချင်တယ်ဆိုရင် ဒီတစ်ခုကိုပေးလို့ရတယ် "


လင်းလန်က အနည်းငယ်အက်ကွဲကြောင်းထင်နေသည့် ကရားတစ်ခုအားပြလိုက်သည့်အခါ ဟန်ချင်စုန့်ကပြောလိုက်သည် ။


" မလိုပါဘူး "


ဟန်ချင်စုန့် ၏စိတ်အခြေအနေကို လင်းလန်မခန့်မှန်းနိုင်သော်လည်း အဖွားကြီးဟန် တောင်းဆိုသည်အား မပေးခဲ့သောကြောင့်အနည်းငယ် အံ့သြသွားရသည် ။ လင်းလန်၏ကရားများပိုဝယ်ခဲ့ရသည့်အကြောင်းအရင်းမှာ အဖွားကြီးဟန်တောင်းဆိုလာခဲ့လျှင် တချို့တစ်ဝက်ခွဲဝေပေးမည်ဖြစ်ကာ ဟန်ချင်စုန့်အား အမျိုးသမီးနှစ်ယောက်ကြားတွင်နေရခက်မနေစေချင်ပေ ။


ယခုတွင်တော့ ဟန်ချင်စုန့်က မလိုအပ်ဟုပြောလာသောကြောင့် ဆက်ပြီးစိတ်ထဲထားစရာအကြောင်းမရှိတော့ကာ လင်းလန်သည်လည်း ချွေးမကောင်းတစ်ယောက်အဖြစ် သရုပ်မဆောင်လိုပေ ။


ညနေခင်းအချိန်တွင်တော့ လင်းလန်က အားဝမ်နှင့်မိုင်စွေ့တို့အား ဟင်ကူချက်ရန်ခိုင်းခဲ့ပြီး ဟန်ချင်စုန့်ကို တဝမ်နှင့်စန်းဝမ်တို့အား ခေါ်ခိုင်းခဲ့သည် ။


 အိုးအကြီးကြီးများကို အစားအသောက်သိုလှောင်ရန် အိမ်ထဲတွင်ထားကာ အလယ်အလတ်အရွယ်ရှိအိုများအား အိမ်ရှေ့တွင်ရေထည့်ရန်ထားခဲ့ပြီး ကျန်အိုးများအား လိုအပ်လာလျှင်အသုံးပြုနိုင်ရန် အစီအရီနေရာချကာ ရေမဝင်နိုင်စေရန်အတွက်အဖုံးများဖြင့်အုပ်ထားသည် ။


အိမ်တစ်ခုလုံး လင်းလန်ဝယ်ယူလာသည့် ပစ္စည်းများဖြင့်ပြည့်နေခဲ့ပြီး လူသွားလမ်းလေးမျှသာချန်ထားခဲ့သည် ။ ဟန်ချင်စုန့်အိုးတစ်လုံးအား အိမ်ထဲရွေ့ခဲ့ရသည့်အချိန်တုန်းက အိုးကကြီးနေပြီး တံခါးပေါက်ကသေးနေသောကြောင့် ထည့်၍မရလုနီးနီးဖြစ်ခဲ့ရသည် ။ သို့သော်လည်း ဟန်ချင်စုန့်သည် တံခါးဘောင်တစ်ဖက်အားဖြုတ်ကာ အိမ်ထဲသို့မရမကထိုးထည့်ခဲ့သည် ။


ပြဿနာမှာ အပြင်သို့အိုးအားပြန်ထုတ်သည့်အချိန်တွင် တံခါးအားထပ်မံဖြုတ်ရဦးမည်ဖြစ်သည် ။ အိုးအကြီးအသေးအစုံ ၊ ကရားများ နှင့်ခြင်းတောင်းများအား နေရာချပြီးသည့်နောက်တွင် အခန်းတစ်ခုလုံးနီးပါးပြည့်လုနီးနီးပင်ဖြစ်ကာ ရွံ့စေးအနံ့များဖုံးလွှမ်းနေသည် ။


ဟန်ချင်စုန့်က အခန်းအားလှည့်ပတ်ကြည့်ကာပြောလိုက်သည် ။


" အချိန်ရရင် အိမ်ဘေးမှာ စတိုခန်းလေးတစ်ခုလောက်ဆောက်လိုက်မယ် "


အမှန်ပင်ကောင်းသည့် အကြံဖြစ်သောကြောင့် လင်းလန်က ချက်ချင်းပင်သဘောတူလိုက်သည် ။ ရက်အနည်းငယ်အတွင်း ရာသီဥတုပူနေသေးသည်အား အခွင့်ကောင်းယူကာ လင်းလန်သည် ဝါဂွမ်းနှင့်ချည်မျှင်များကို ရေနွေးဖြင့်စိမ်ကာ သန့်ရှင်းရန်ပြင်ဆင်ခဲ့သည် ။


ကံကောင်းစွာနဲ့ အားဝမ်နှင့်မိုင်စွေ့တို့ ကူညီခဲ့ကြသောကြောင့် လင်းလန်အနေနှင့်တခြားအရာများလုပ်ရန်အချိန် ရခဲ့သည် ။ အရာအားလုံးအဆင်ပြေနေသော်လည်း အဝတ်များလျှော်ဖွပ်သည့် အချိန်တွင်ပြဿနာတစ်ရပ်ပေါ်လာခဲ့သည် ။


ယခုခေတ်တွင် ဆပ်ပြာမူန့်များမပေါ်သေးဘဲ ဆပ်ပြာကြမ်းမှာလဲ လက်မှတ်များဖြင့်သာဝယ်ယူ၍ရနိုင်သည် ။ လင်းလန် ဆပ်ပြာဝယ်ရန်မေ့ခဲ့သောကြောင့် အိမ်တွင် ဟန်ချင်စုန့် ပြန်ယူလာသည့် ဆပ်ပြာတစ်တုံးသာရှိသည် ။


ကော်မတီအဖွဲ့ဝင်တွေက သူတို့၏အဝတ်များကို ဆပ်ပြာဖြင့်လျှော်ဖွပ်နိုင်ကြပြီး ရွာထဲအိမ်တချို့ကသာ အမှန်တကယ်ဆပ်ပြာဝယ်သုံးကြသည် ။ အယ်လ်ကာလီကို ဆပ်ပြာအဖြစ်သုံးသော်လည်း လူအများစုမှာ မတတ်နိုင်ကြပေ ။


ပုံမှန်အားဖြင့် မြက်များနှင့်သစ်သားပြာမူန့်တို့ကိုရောစပ်ကာ အဝတ်လျှော်သည့်သစ်သားပြားပေါ်တွင် ထုရိုက်ပြီးလျှော်ဖွတ်ကြသော်လည်း အဝတ်များကဟောင်းနွမ်းနေပြီဖြစ်၍ ပြဲသွားမည်ကို လင်းလန်စိုးရိမ်မိသည် ။


နှစ်အနည်းငယ်ကြာနေပြီဖြစ်၍ အဝတ်များလျှော်ဖွပ်သည့်အခါ အားအနည်းငယ်ပိုသုံးမိရုံနှင့်ပင် ပြဲသွားမလားစိုးရိမ်နေရကာ အဝတ်လျှော်သစ်သားပြားနှင့်သာ အကြမ်းပတမ်းပွတ်မိလျှင်သေချာပေါက်ပြဲမည်ဖြစ်သည် ။


လက်ရှိအချိန်တွင်တော့ ရှိနေသည့်ဆပ်ပြာကိုသာအသုံးပြု ရမည်ဖြစ်ကာ နောက်မှထပ်ဝယ်ရန် စီစဥ်ရမည်ဖြစ်သည် ။ အဝတ်များကိုနေ့တိုင်းလျှော်ဖွပ်ရန်မလိုအပ်သော်လည်း ယခုအဝတ်များမှာနှစ်ပေါက်နေပြီဖြစ်၍ သူမဆန္ဒမရှိလျှင်တောင်မှ လျှော်ရမည်ဖြစ်သည် ။


xxxxxx

Part 84


ယခုခေတ်ကာလ၏ ဆောင်းတွင်ဝတ်ဆင်ကြပုံမှာ ချည်သားရှပ်နှင့် ဝါဂွမ်းခံကာချုပ်ထားသည့် အနွေးထည်များဖြစ်သည် ။ ချည်သားရှပ်ပေါ်တွင် ဝါဂွမ်းအနွေးထည်ကိုဝတ်ဆင်ခြင်းသည် သက်တောင့်သက်သာရှိပြီး ရာသီဥတုနှင့်လည်းကိုက်ညီလေသည် ။ အနည်ငယ်ပူနွေးနေသည့်အချိန်တွင် အနွေးထည်ကိုချွတ်ကာ ရှပ်အကျီဖြင့်သာသက်တောင့်သက်သာနေနိုင်သည် ။ 


ထိုကဲ့သို့စဥ်းစားလိုက်သည့်အခါ လင်းလန်သည် သူမတွင် ဝါဂွမ်းများလုံလောက်လောက်မရှိကြောင်းတွေးမိသွားသည် ။ ယခုအချိန်တွင်တော့ အဝတ်လျှော်ရန်အတွက် အဝတ်များထဲမှဝါဂွမ်းများအား ထုတ်ယူလိုက်ရသည် ။သို့သော်လည်း သူမ၏ကလေးများအတွက် ဆောင်းတွင်းအဝတ်များလုံလောက်အောင် ချုပ်ပေးနေချင်ဆဲဖြစ်ကာ ဆောင်းတွင်းတွက် နွေးထွေးစွာဖြတ်သန်းစေချင်သည် ။ 


ကလေးတစ်သိုက်အား ဆောင်းတွင်းတွင်ရေချိုးမှန်စေရန်အတွက်လည်း သူမစဥ်းစားရဦးမည်ဖြစ်ကာ သုံးလေးလ လုံးရေမချိုးရ၍တော့မဖြစ်ပေ ။ လျှော်ဖွတ်ပြီး သည့်နောက်တွင် အဝတ်လှန်းကာ အကျီအသစ်များချုပ်ရန်စတင်ခဲ့သည် ။


အချိန်အနည်းငယ် အတွင်းမှာတင် လင်းလန်၏အမေမွေးနေ့သို့ရောက်လာပြီဖြစ်ကာ ရှောင်ဝမ် ကိုခေါ်ပြီးမိဘအိမ်သို့မပြန်ခင် ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ခဲ့သည် ။ ဟန်ချင်စုန့် သည်လင်လန်ဖောင်းကားနေသည့်ဘေးလွယ်အိတ်တစ်လုံးအား လွယ်ထားပြီး အသစ်ဝယ်လာသည့် ခြင်းတောင်းကို ယူလိုက်သည့်အားတွေ့လိုက်ရသည် ။ ခြင်းတောင်းတစ်လုံးသည် မွေးနေ့လိုက်ဆောင်အဖြစ်သင့်တော်သည်ဟု သူမထင်မိပေ ။


လင်းလန်၏ ဘေးလွယ်အိတ်ထဲတွင် ပန်ကိတ်များအပြင် သကြားလုံးများကလွဲ၍ဘာမှမပါတော့ပေ ။ ခြင်းတောင်းအလွတ်ထဲသို့ သခွားသီးအနည်းငယ်နှင့် တည်သီးတချို့ကိုထည့်လိုက်ကာ ပြင်ဆင်ပြီးပြီဖြစ်၍ ဟန်ချင်စုန့်အားပြောလိုက်သည် ။


" ကျွန်မနေ့လည်ကျော်လို့မှ ပြန်မရောက်သေးရင် မိုင့်စွေ့နဲ့အားဝမ်က ဟင်းပြန်နွှေးပေးလိမ့်မယ် စားလို့အဆင်ပြေလား "


" အဆင်ပြေပါတယ် "


ဟန်ချင်စုန့်အနေနှင့် မွေးနေ့လက်ဆောင်ပေးရန် လင်းလန်အား ပိုက်ဆံပေးမည်လုပ်သော်လည်း လင်းလန်ကလက်မခံခဲ့ပေ ။ ရွာနှစ်ရွာသည်အရမ်းမဝေးဘဲ ဆယ်မိုင်ခန့်သာကွာသောကြောင့် ပုံမှန်လမ်းလျှောက်နူန်းဖြင့်ဆိုလျှင် တစ်နာရီခွဲသာကြာမည်ဖြစ်သော်လည်း ကလေးတစ်ယောက်ပါနေသည့်အတွက် ပုံမှန်ထက်ပိုမိုကြာမြင့်နိုင်သည် ။


အစတွင်တော့ လင်းလန်သည် ရှောင်ဝမ်အား ပုံပြင်ပြောကာ လျှောက်နေခဲ့သော်လည်း ဆယ်မိနစ်အကြာတွင်တော့ ရှောင်ဝမ်၏ခြေလှမ်းများ လေးလံလာခဲ့သည် ။ လင်းလန်က အရိပ်ရသည့်သစ်ပင်တစ်ပက်၏အောက်တွင် ခြင်းတောင်းကိုချလိုက်ကာ သခွားတစ်လုံးအားနှစ်ပိုင်းပိုင်းလိုက်ပြီး ရှောင်ဝမ်စားရန်တစ်ပိုင်းပေးလိုက်သည် ။


" သခွားသီးစားဦး "


" မားမား အဖွားအတွက်ယူလာတာမဟုတ်ဘူးလား "


လင်းလန်က ရီလိုက်ကာ ပြန်ဖြေလိုက်သည် ။


" မဟုတ်ပါဘူး ဒါကမားမားတို့ လမ်းမှာစားဖို့ "


" ဒါဆို အစ်ကိုရှောင်ရှင်းအတွက်ကရော "


" မလိုပါဘူး ဒါကမားမားရဲ့ ရှောင်ဝမ်လေးအတွက်ဘဲ "


လင်းလန်က ရှောင်ဝမ်၏ခေါင်းလေးကိုပွတ်သပ်နေခဲ့သည် ။ ရှောင်ဝမ်က စိတ်မလုံခြုံသည်ဟုအမြဲခံစားနေရတတ်သောကြောင့် သူမအနေနှင့် ပိုပြီးနူးညံ့စွာဆက်ဆံပေးရလိမ့်မည် ။


ရှောင်ဝမ်အား သူမချစ်ကြောင်းကို အပြုအမူများဖြင့် လေးလေးနက်နက်ဖော်ပြရမည်ကိုလည်း သူမသိသည် ။ ရှောင်ဝမ်ကပြုံးလိုက်ကာ သခွားသီးကိုသာ ငြိမ်ငြိမ်လေးဆက်စားနေပြီး လင်းလန်သည်လည်း အနားယူရင်းစားနေခဲ့သည် ။


အချိန်အနည်းငယ်အနားယူပြီးသည့်နောက်တွင် လင်းလန်က ရှောင်ဝမ်ကို သူမ၏ကျောပေါ်တွင်ကုန်းပိုးကာဆက်လျှောက်လာခဲ့သည် ။ နည်းနည်းလျှောက်ပြီးသည့်အခါ ရှောင်ဝမ်က သူကိုယ်တိုင်လမ်းဆင်းလျှောက်ချင်သည်ဟု ပြောလာသည် ။


ရွာထိပ်သို့ရောက်သည့်အချိန်တွင်တော့ သခွားသီးတည်သီးနှင့်ပန်ကိတ် တချို့တို့ပါ သူမတို့သားအမိစားပြီးဖြစ်သည် ။


" ရှောင်ဝမ် နေ့လည်စာမစားဘဲနေနိုင်တယ်မလား "


ရှောင်ဝမ်က သူ့ဗိုက်ကလေးကိုပုတ်ပြကာ ဂုဏ်ယူနေသည့်လေသံဖြင့်ပြောလိုက်သည် ။


" ဒါပေါ့ သားတစ်နေ့လုံးတောင်မစားဘဲနေနိုင်သေးတယ် "


" လိမ္မာလိုက်တဲ့ ကလေးလေး "


သူမ၏မိဘအိမ်သို့ဆက်လျှောက်ခဲ့ကာ လမ်းတစ်လျှောက်တွင် ကျောက်တုံးနံရံများဖြင့်ဆောက်ထားသည့် အိမ်ခြေများအပြင် အဝါရောင်ရွံ့စေးဖြင့်ဆောက်ထားသည့် အိမ်တချို့အားလည်းတွေ့မြင်ရပြီး အိမ်ခြေနှစ်ရာခန့်သာရှိမည့် ရွာတစ်ရွာဖြစ်သည် ။


တောင်ခြေရွာလေးဖြစ်သည့်အပြင် မြစ်နှင့်လည်းနီးသောကြောင့် စိုက်ပျိုးရေးကောင်းမွန်ပြီး သီးနှံဖြစ်ထွန်းသည် ။ လင်းမိသားစုအိမ်သည် မြစ်နှင့်နီးသည့်တောင်ဘက်တွင်ရှိပြီး အနည်းငယ်ဆက်လျှောက်ရုံနှင့်ရောက်တော့မည် ဖြစ်သည် ။


လင်းလန်တွင် အစ်ကိုကြီးတစ်ယောက်ရှိပြီး အစ်မသုံးယောက်နှင့်မောင်ငယ်လေးတစ်ယောက်ရှိသည် ။ လင်းမိသားစုအိမ်တံခါးမကြီးသည် တောင်ဘက်သို့လှည့်ရမည့်အစား လမ်းမဖြစ်သည့်အရှေ့ဘက်သို့ သာမျက်နှာမူထားသည် ။


တံခါးမပိတ်ထားသောကြောင့် အိမ်ထဲမှအမျိုးသမီးတစ်ဦး၏ ကျယ်လောင်သည့်အသံကိုကြားလိုက်ရပြီး ရှောင်ဝမ်အားလက်ဆွဲပြီး အိမ်ထဲဝင် တော့မည့်အချိန်တွင် အမျိုးသမီးတစ်ယောက်ထွက်လာကာ သူမတို့အား လမ်းကြားလေးထဲသို့ဆွဲခေါ်သွားခဲ့သည် ။


" ဟေ့...." 


လင်းလန်ထအော်တော့မည့် အချိန်တွင်ပင် ထိုအမျိုးသမီးကပြောလာခဲ့သည် ။


" ငါပါ "


" တတိယအစ်မဘာလို့ ကျွန်မတို့ကိုဆွဲခေါ်လာတာလဲ "


" ငါနင့်ကိုစောင့်နေတာ "


လင်းမိန်က လင်းလန်ဆွဲထားသည့် ကလေးလေးအားကြည့်ကာမေးလိုက်သည် ။


" သူကရှောင်ဝမ်လား "


လင်းလန်က ရှောင်ဝမ်၏ခေါင်းလေးကို ပုတ်ပေးကာပြောလိုက်သည် ။


" တတိယအဒေါ်လို့ခေါ်လိုက် "


မူလ လင်းလန်ကရှောင်ဝမ်ကို မကြိုက်သောကြောင့် အပြင်ထွက်သည့်အချိန်တိုင်းခေါ် မလာသောကြောင့် လူတိုင်းက နာမည်သာသိပြီးမမြင်ဖူးကြချေ ။ ရှောင်ဝမ်က လင်းလန်သင်ပေးသည့်အတိုင်းပင် နူတ်ဆက်လိုက်သည် ။


လင်းမိန်က သူမကိုယ်ပေါ်တွင်တစ်ခုခုကိုရှာနေပြီးနောက်ပြောလိုက်သည် ။


" နင်ကလေးခေါ်လာမယ်မပြောတော့ငါ သကြားလုံးတောင်မယူလာခဲ့ရဘူး "


လင်းမိန်သည် အမှန်တွင် ဘာမှပေးချင်စိတ်မရှိသော်လည်း ကလေးရှေ့တွင် မျက်နှာပျက်မည် စိုးသောကြောင့် ဝတ်ကျေတန်းကျေပြောလိုက်ကြောင်းလင်းလန်သိသောကြောင့် ပြုံးကာပြောလိုက်သည် ။


" ကျွန်မတို့ကမိသားစုတွေဘဲ ဒီလိုမျိုးတွေပြင်ဆင်ဖို့မလိုပါဘူး "


လင်းလန်က သူမ၏အိတ်ထဲမှသကြားလုံးများကို ထုတ်ယူလိုက်ပြီး လင်းမိန်ကိုပေးကာပြောလိုက်သည် ။


" ဒါကအစ်မအတွက် "


လင်းမိန် "..........."


လင်းမိန်က သကြားလုံးတချို့ကို ရှောင်ဝမ်စားဖို့ပေးလိုက်သည် ။


" ဒါကိုစားလိုက်နော် "


" ဟုတ်ကဲ့ တတိယအဒေါ် "


xxxxxxx