အပိုင်း ၈၅-၈၆
Viewers 22k

Part 85


ရှောင်ဝမ် ကပြန်လည်ပြုံးပြလိုက်ကာ သကြားလုံးများကို သူ၏အိတ်ထဲသို့ထည့်လိုက်သည် ။ လင်းမိန်သည် ရှောင်ဝမ် အားကြည့်ကာထူးဆန်းသွားခဲ့သည် ။မူလ လင်းလန်သည်ရှောင်ဝမ်အား အရူးလေးတစ်ယောက်ဟု အမြဲပြောနေလေ့ရှိကာ အပြင်သို့လဲခေါ်မထုတ်ခဲ့ဖူးချေ ။


ဒါပေမဲ့ ကလေးကအရမ်းယဥ်ကျေးပြီး ကောင်းကောင်းမွန်မွန်ပုံလေးပါဘဲ!


လင်းလန် သည်လင်းမိန်၏ ခြင်းတောင်းထဲသို့ကြည့်ကာမေးလိုက်သည် ။


" တတိယအစ်မမွေးနေ့လက်ဆောင်အတွက်ဘာယူလာခဲ့လဲ "


လင်းမိန်သည် လင်းလန် ၏ခြင်းထဲတွင်အသီးများကိုသာတွေ့ရသောကြောင့် အံ့သြသွားကာမေးလိုက်သည် ။


" နင်အမေ့ရဲ့မွေးနေ့အတွက်ဘာမှယူမလာဘူးလား "


" အိမ်မှာအိုးအသစ်တွေရှိပေမဲ့ ငါမသယ်လာနိုင်ဘူးလေ ဒါပေမဲ့ ငါလက်ဗလာနဲ့လာတာမဟုတ်ပါဘူး..ကြည့်ပါလားဒီခြင်းတောင်းကအသစ်ကြီးရှိသေးတယ်လေ "


လင်းမိန်သည် လန့်ပြီးမအော်မိသွားစေရန် သူမ၏ပါးစပ်အား လက်ဖြင့်အမြန်အုပ်လိုက်ရသည် ။ ထို့နောက်တွင်သူမက လင်းလန်အားပြောလိုက်သည် ။


" အဖေကခြင်းဘယ်လိုရက်ရမလဲသိတယ်လေ နင်အိမ်ကိုဒါပေးလို့ ဘယ်နေရမှာဘဲအသုံးဝင်မှာလဲ "


" အေးလေး ငါသိတယ်လေ.. ဘာလို့ပေးလို့မရရမှာလဲ "


လင်းမိန်ကနှာမူတ်ကာပြောလိုက်သည် ။


" နင်အမြဲတမ်းကြွားဝါချင်နေခဲ့တာမဟုတ်ဘူးလား"


ညီအစ်မအားလုံးအတွင်အသုံးပြုရန်ခြင်းများရှိကြပြီး အမေလင်းသည်လည်း ခြင်းရက်တက်သောကြောင့် မလိုအပ်ပေ ။


လင်းလန်သည် လင်းမိန်၏ ခြင်းကိုဆွဲကာကြည့်ရန်ကြိုးစားသောကြောင့်လင်းမိန်ကပြန်ဆွဲယူကာပြောလိုက်သည် ။


" ငါဘာမှမယူလာဘူး "


သူမ၏တတိယအစ်မက ဘာမှယူမလာမဖြစ်နိုင်ကာ သူမကိုမပြချင်၍သာဖြစ်သည် ။


" နင်ယူလာတာတွေကို ငါတို့တစ်ယောက်တစ်ဝက်ခွဲကြရင်ရောဘယ်လိုလဲ... "


လင်းမိန် မျက်ဖြူလန်မတတ်ဖြစ်ကာနောက်ဆုံးတွင် ခြင်းကိုအုပ်ထားသည့် အဝတ်စအားဖယ်ပြလိုက်သည် ။ ခြင်းထဲတွင် ပေါင်မုန့်တချို့နှင့်ခရမ်းသီးများအပြင် ပဲများလည်းပါဝင်သည် ။


" တတိယအစ်မတကယ် အများကြီးယူလာခဲ့တာဘဲ ကျွန်မတို့ပေါင်မုန့်တစ်လုံးလောက်အရင် စားကြမလားဟင် " 


အိမ်တွင်သိုလှောင်ထားသည့် ရိက္ခာအနည်းငယ်ရှိသော်လည်း သူမတို့မိသားစုသည် လူဦး​ရေများသောကြောင့် ကလေးများဝဝလင်လင်စားရရေးသာအဓိက ဖြစ်ပြီး မည်သည့်အရာကိုမျှ အလွယ်တကူ မပေးလိုက်နိုင်ပေ ။


လင်းမိန် သူမရဲ့လက်ကိုရိုက်ထုတ်လိုက်ပြီး ပေါင်မုန့်တွေကိုယူထုတ်ကာ လင်းလန်အားနှစ်လုံးပေးလိုက်ပြီး ကျန်သည်များကို ခြင်းထဲသို့ပြန်ထည့်သိမ်းထားလိုက်သည် ။


ဝါး.......တကယ်ကြီးကျွေးတယ်လား..


" နင့်ဝါဂွမ်းတွေလိုချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ပြီး​ငြိမ်ငြိမ်နေလိုက် ငါအခုစုနေတယ် ရက်အနည်းအတွင်းမှာ ပို့ပေးလိုက်မယ် "


ယခုအချိန်တွင်တော့ လင်းလန်၏ခြင်းထဲတွင် အသီးများနှင့်ပြည့်နေကာ ဘာမှပါမလာခြင်းထက်စာရင်တော့ အများကြီးပိုကောင်းသေးသည် ။


" ကျွန်မတို့အတူတူဝင်ကြမလား "


လင်းလန်နှင့်လင်းမိန်တို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းက သူမတို့အားအထူးအဆန်းလိုဝိုင်းကြည့်နေခဲ့ကြသည် ။ ရှောင်ဝမ် အားတစ်ခါမှမမြင်ဖူးသောကြောင့် ကြည့်ခြင်းက မထူးဆန်းသော်လည်း လင်းမိန် နှင့်လင်းလန်တို့ကိုပါ အမြင်ဖူးသလိုအကြည့်များနှင့်ဖြစ်သည် ။


အမြဲတမ်းသတ်နေတတ်ကြတဲ့ အမွှာနှစ်ယောက်က လက်ချင်းတွဲပြီးဝင်လာကြတယ်!


နွေရာသီမှာနှင်းကျတော့မှာဘဲ!


" တတိယဒေါ်လေးနဲ့စတုတ္ထဒေါ်လေးတို့လာပြီ!"


ကလေးတစ်သိုက်က သူမတို့နှစ်ယောက်ထံအော်ဟစ်ပြေးလာကြ ကာမူလ လင်းလန်အချစ်ဆုံးတူလေးဖြစ်သည့် ရှောင်ရှင်းလဲအပါအဝင်ပင်ဖြစ်သည် ။


ထိုကလေး ကရှောင်ဝမ်ကိုမတော်တဆတိုက်မိသွားခဲ့သည် ။


" မင်းကဘယ်သူလဲ မြန်မြန်ထလေ "


ရှောင်ဝမ်ကလန့်သွားပြီး မျက်နှာလေးမှာဖြူဖျော့သွားကာ လင်းလန်လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည် ။ လင်းလန်က ရှောင်ဝမ်ကိုသကြားလုံးတစ်လုံးကျွေးလိုက်ပြီးနောက် ညင်သာစွာပြောလိုက်သည် ။


" မကြောက်နဲ့နော် ရှောင်ဝမ်လေးအဲ့တာက သားရဲ့အစ်ကိုဝမ်းကွဲ "


" သကြားလုံး...သကြားလုံး...သားသကြားလုံးစားချင်တယ် "


ရှောင်ရှင်းကအော်ဟစ်ပြီး ရှောင်ဝမ်၏ပါးစပ်ထဲမှာ သကြားလုံးကိုကော်ထုတ်ဖို့ကြိုးစားနေခဲ့သည် ။


ဖတ်!


လင်းလန်က ရှောင်ရှင်းရဲ့လက်ကိုရိုက်ထုတ်ကာ မေးလိုက်သည် ။


" မင်းဘာလုပ်နေတာလဲ "


သူ့အပေါ်အမြဲအလိုလိုက်ခဲ့သည့် လင်းလန်က ရိုက်လိုက်သည့်အခါ ရှောင်ရှင်းသည် မြေပေါ်တွင်လှိမ့်ကာအော် ဟစ်ငိုယိုပြီးသောင်းကျန်းတော့သည် ။ အဖွားကြီးလင်းက အခန်းထဲမှအမြန်ပင်ပြေးထွက်လာခဲ့သည် ။


" ဘာဖြစ်ကြတာလဲ! "


အစ်မကြီးလင်းနှင့်ဒုတိယအစ်မလင်းတို့အပြင် ရှောင်ရှင်း၏အမေဖြစ်သည့် ထန်ဟဲဟွ ပါထွက်လာခဲ့သည် ။ ထန်ဟဲဟွသည် မြေပြင်ပေါ်တွင်လူလှိမ့်နေသည့် သူမ၏သားအားဖက်ထားလိုက်ပြီး လင်းလန်အားအော်ဟစ်ပြောတော့သည် ။


" နင်မိဘအိမ်ပြန်လာတာနဲ့ ပထမဆုံးလုပ်တာက ကလေးကိုရိုက်တာလား... အိမ်ခွဲထွက်ပြီးပြဿနာရှာခဲ့တာတောင်မကြာသေးဘူးအခုလဲ ဘာပြဿနာတွေသယ်လာဦးမလို့လဲ "


လင်းမိန်ကမနေနိုင်တော့ဘဲ ခနဲ့သည့်လေသံဖြင့်ပြောလိုက်သည် ။


" နင့်သားရဲ့ဦးနှောက်မရှိမနာလိုတတ်တာက သေချာပေါက်ကို နင့်ဆီကနေအမွေဆက်ခံထားတာဘဲဖြစ်ရမယ် ကိုယ့်ကလေးကိုသေသေချာချာအရင်ဆုံးမလိုက်ဦး "


အဖွားကြီးလင်းက ပြဿနာကိုလုံးဝစိတ်မဝင်စားဘဲ သူမ၏သမီးနှစ်ယောက်၏ခြင်းထဲတွင် ဘာပါလာမလဲဘဲသိချင်နေသောကြောင့် ရှောင်ဝမ်ကိုကြည့်ကာပြောလိုက်သည် ။


" ရေဆာနေပြီလားကလေး..အိမ်ထဲအရင်ဝင်ကြဦးလေ "


အမွှာနှစ်ယောက်သည် အမြဲတမ်းယှဥ်ပြိုင်နေတတ်ကြသောကြောင့် ဘယ်သူဘာယူလာလာသူမအတွက်အမြတ်ချည်းပင်ဖြစ်သည် ။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ မတူညီသလိုခံစားနေရသည် ။


တတိယသမီးက ဘာလို့ခရမ်းသီးတွေယူလာတာလဲ...


အိမ်မှာတောင်အများကြီး ရှိတာကို!


စတုတ္ထသမီးရဲ့ခြင်းထဲမှာဘာမှမတွေ့ဘူး!


သူမက မိဘအိမ်ကိုဘာမှမပါဘဲပြန်လာခဲ့တာလား...


သူမက ထမင်းအလကားလာစားတာလား!


လင်းလန်က သူမအမေ၏မျက်နှာအားအမြဲအကဲခတ်နေပြီး ပြောင်းလဲသွားသည်အားတွေ့သည်နှင့် အမြန်ပင်ခြင်းအားလက်ထဲထိုးထည့်ပေးလိုက်သည် ။


" အမေလဲသိတာဘဲ သမီးတို့ကမိသားစုခွဲထွက်ထားတော့ ခွဲဝေပေးတဲ့ရိက္ခာတွေနဲ့တင်မလောက်လို့ အရမ်းအဆင်မပြေဖြစ်နေတာ ။ ပိုက်ဆံတချို့ရတယ်ဆိုပေမဲ့လည်း အိမ်အတွက်လိုအပ်တာတွေဝယ်လိုက်လို့ကုန်သွားပြီ ။ ဒါပေမဲ့ ကြည့်ပါဦး! သမီးအမေ့အတွက်ခြင်းအသစ်တစ်လုံးဝယ်လာပေးတယ် "


xxxxxx

Part 86


လန်းလန် ခြင်းတောင်းအားကမ်းပေးလိုက်သော်လည်း အဖွားကြီးလင်းက ယူပြီးပစ်ချလိုက်သောကြောင့် ခြင်းထဲမှအသီးများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲကုန်လေသည်။


" တတိယညီမနဲ့ စတုတ္ထညီမ အမေ့ကို စိတ်ဆိုးအောင်မလုပ်နဲ့တော့ "


ပထမအစ်မလင်းနှင့် ဒုတိယအစ်မလင်းတို့သည် ချက်ခြင်းပြေးလာကြ ကာအဖွားကြီးလင်းအား အိမ်ထဲသို့တွဲ၍ခေါ်သွားကြသည် ကိုကြည့်ကာ လင်းလန်မတရားခံနေရသည့်လေသံလေးနှင့်ပြောလိုက်သည် ။


" အမေသမီးရောက်ကတည်းက ရေတစ်​ငုံ တောင်မသောက်ရသေးဘူးလေ အဝေးကြီးကနေအမေ့မွေးနေ့အတွက် လမ်းလျှောက်လာခဲ့ရတာကို အမေကလက်ဆောင်မပါလာလို့ဆိုပြီး နှင်ထုတ်တယ်ပေါ့ တကယ်တော့သမီးလက်ဗလာနဲ့ရောက်လာခဲ့တာမဟုတ်ဘူး ခြင်းယူလာပေးခဲ့တာဘဲ "


လင်းမိန် သေလောက်အောင်ရီချင်နေခဲ့ကာ လင်းလန်အမှန်တကယ် ရူးသွားသည်ဟူ၍ပင်ထင်လာခဲ့သည် ။ လင်းမိန်က သူမ၏ခြင်းတောင်းကို လင်းလန်ဆီသို့ ကမ်းပေးရင်းပြောလိုက်သည် ။


" နင်အိမ်ခွဲတော့ နင့်ယောက္ခမဘက်က စားစရာလေးတောင်မှခွဲမပေးဘူးလား... နင့်အိမ်မှာ ဘာမှယူလာစရာမရှိတော့လို့လား တကယ်တော့ပေါင်မုန့်တချို့ဆိုရင်လဲ ကောင်းတာဘဲလေ... လူတွေအများကြီးရှိနေတာ နင်တစ်ခုခုသာယူမလာရင်ဘာမှစားရမှာမဟုတ်ဘူး "


လင်းမိန်က လင်းလန်ကို ဂုဏ်ယူစွာကြည့်လိုက်ကာ သူမ၏ပေါင်မုန့်များနှင့်ပက်သက်၍ တစ်စုံတစ်ရာဝေဖန်ပြောဆိုမည်ဆိုလျှင် ဝါဂွမ်းတွေမရောင်းပေးနိုင်ဟူသော အကြည့်နှင့်ဖြစ်သည် ။


" တတိယအစ်မနဲ့တော့ ဘယ်ယှဥ်နိုင်ပါ့မလဲ အစ်မကအရင်ကတည်းက ကိုယ့်ဘာသာနေထိုင်ပြီး မိသားစုကလည်း အဆင်ပြေပြေရှိတယ်လေ ။ ကျွန်မကတော့အခုမှအိမ်ခွဲကာစဖြစ်ပြီးတော့ ယွမ်တစ်ရာ ရခဲ့တယ်ဆိုပေမဲ့လဲ........"


ဘာကြီး...


အဖွားကြီးလင်းက ချက်ချင်းပင် လင်းလန်အား သတ်မလိုဖြတ်မလိုလှည့်ကြည့်တော့သည် ။


ယွမ်တစ်ရာတောင်!


အဖွားကြီးလင်း၏တစ်သက်တာတွင် ထိုမျှများပြားသည့်ငွေပမာဏအား မသုံးစွဲဖူးဘဲ လက်ရှိအချိန်တွင်တောင်မှ သူမလက်ထဲတွင် ယွမ်နှစ်ဆယ်သာပိုင်ဆိုင်သည် ။


လင်းလန် သက်ပြင်းချကာဆက်ပြောလိုက်သည် ။


" ယွမ်တစ်ရာလို့ပြောပေမဲ့ လည်း သမီးရဲ့အဖြစ်ကလေထဲမှာအိမ်ဆောက်နေရသလိုဘဲအမေ သူတို့ကပေးမယ်ပြောပေမဲ့ တကယ်တမ်းသမီးဆယ်ယွမ်ဘဲရခဲ့တာ ။ အိမ်အတွက်လိုအပ်တာတွေဝယ်ရင်း ဘာမှကိုမကျန်တော့ဘူး ဒါကြောင့် အမေ့မှာအပိုငွေလေးရှိရင်....."


" နင်ဘာပြောချင်နေတာလဲ! ငါဆီကပိုက်ဆံလိုချင်နေတာလား ငါ့မှာမရှိဘူး "


အဖွားလင်းသည် တစ်ချက်တောင်မစဥ်းစားဘဲငြင်းဆိုခဲ့သည် ။ လင်းမိန်အနေနှင့် လင်းလန်အမှန်တကယ် ယွမ်တစ်ရာ ရရှိခဲ့သည့်အပြင် အကုန်လုံးသုံးပစ်လိုက်သည်မှာလည်း သူမမျက်မြင်ပင်ဖြစ်သောကြောင့် အမှန်တရားအားသိလေသည် ။ သို့သော်လည်း ထိုအကြောင်းမှာ လင်းမိသားစုထံသို့ပျံ့နှံ့ပုံမရသေးပေ ။


" အမေပိုက်ဆံမပေးချင်ဘူးဆိုလဲ အဆင်ပြေပါတယ် သမီးကိုဝါဂွမ်းနည်းနည်းလောက်ပေးလို့ရမလား... သမီးမှာဝယ်ဖို့ပိုက်ဆံမရှိတော့လို့..ဆောင်းတွင်းအတွက် တဝမ်ရဲ့အဝတ်တွေကအရမ်းသေးနေပြီ စန်းဝမ်နဲ့ အားဝမ်ရောဘဲ ပြီးတော့..... "


" နင်...နင်...အသုံးမကျတဲ့သမီး ! ငါနင့်လိုသုံးစားမရတာကိုဘာလို့မွေးခဲ့မိတာပါလိမ့်! သူတို့မပေးရင် နင်အိမ်ရှေ့မှာ ဆွဲကြိုးချမယ်ဆိုပြီးအော်ဟစ်သောင်းကျန်းပစ်လိုက်လေ သူတို့မပေးရဲဘဲနေပါ့မလား "


အခုတော့ မူလ လင်းလန်၏ ထစ်ခနဲရှိနည်းလမ်းပေါင်းစုံဖြင့်သတ်သေရန်ကြံစည်ကာ အော်ဟစ်သောင်းကျန်းတတ်သည့်အကျင့်၏ မြစ်ဖျားခံရာသည် ဘယ်ကဖြစ်ကြောင်း လင်းလန် သိသွားရပြီဖြစ်သည် ။


လူကြီးများ၏ခက်ထန်သည့်လေသံကြောင့် ရှောင်ဝမ်က လန့်ပြီးထငိုတော့သည် ။ အကြီးဆုံးအစ်မလင်းနှင့် ပထမချွေးမဝမ်တို့သည် ရှောင်ဝမ်ကိုချော့ရန်ပြေးလာကြပြီး ပေါင်မုန့်လေးကျွေးလိုက်ကြ သည် ။


" အမေနောက်ကျနေပြီလေ ညစာအရင်စားကြရအောင်နော် "


" ငါဘယ်လိုလုပ် မုန်လာဥဆယ်လုံးထဲနဲ့ညစာချက်လို့ရမှာလဲ... "


ပုံမှန်အားဖြင့် ကျန်ညီမတွေနှင့်သားများသည် အဖွားကြီးလင်း လုပ်သည့်ဘယ်အရာမဆိုနာခံကြလိမ့်မည်ဖြစ်သော်လည်း လင်းလန်နှင့်လင်းမိန်တို့ကြောင့်နှင့်တော့ ချွေးမများရှေ့၌မျက်နှာပျက်မခံနိုင်ပေ ။


အကြီးဆုံးအစ်မလင်းက အပြုံးလေးနှင့်ဝင်ပြောလိုက်သည် ။


" အမေဘာတွေပြောနေတာလဲ... လက်ထပ်ပြီးသားသမီးတွေက ဖိတ်ပြီးသားရေလိုမျိုးလို့ အမေပြောခဲ့တယ်လေ သူမတို့ကမိဘအိမ်မှာ ညစာလာစားဖို့ ထိုက်တန်လို့လား..."


ဒုတိယအစ်မလင်းသည်လည်း စကားလမ်းကြောင်းအတိုင်း ပြောလိုက်သည် ။


" ဟုတ်တယ် ပထမအစ်မပြောသလိုဆိုရင် ငါတို့လဲဒီမှာထမင်းစားဖို့မလိုဘူး တတိယညီမလေးနဲ့စတုတ္ထညီမလေး လာသွားကြမယ် "


ပထမချွေးမဝမ် သည်လည်းပြုံးလိုက်ကာအမြန်ပြောလိုက်သည် ။


" ကဲ..ကဲ..တစ်ယောက်နဲ့တစ်ယောက်စနောက်မနေကြနဲ့တော့ နောက်ကျနေပြီ အရင်စားကြရအောင် "


ထန်ဟဲဟွ သည်မကျေမနပ်ဖြစ်နေဆဲ ဖြစ်ကာမြေပြင်ပေါ်တွင်ကျနေသည့် လင်းလန်လက်ဆောင်ပေးသည့် ခြင်းတောင်းအားခြေထောက်ဖြင့်ကန်လိုက်သည် ။ အဖွားကြီးလင်းက တွေ့ဖြစ်အောင်တွေ့လိုက်သေးကာ ထန်ဟဲဟွအား အော်တော့သည် ။ 


" ခြင်းတောင်းအကောင်းကြီးကို ဘာကိစ္စကန်နေတာလဲ ကျိုးပဲ့သွားရင်ဘယ်လိုလုပ်မလဲ သွား...

အိမ်ထဲမှာချိတ်ထားလိုက် "


အမျိုးသားများသည် အလုပ်မှအိမ်ပြန်မရောက်ကြသေးသောကြောင့် ထန်ဟဲဟွ အနေနှင့် သူမ၏မကျေနပ်ချက်များကို ယောက်ျားအားပြန်မပြောနိုင်ဘဲ ကျိတ်မှိတ်နေနေရသည် ။ လင်းလန် တံခါးဝတွင်ရပ်နေဆဲဖြစ်ကြောင်းတွေ့သည့်အခါ အဖွားကြီးလင်း ပို၍ပင်ဒေါသထွက်လာတော့သည် ။


" နင်ဘာလို့ကျောက်ရုပ်လိုရပ်နေသေးတာလဲ! ငါနင့်အမေအရင်း နင့်ယောက္ခမ မဟုတ်ဘူး ထမင်းတစ်နပ်တော့ကျွေးနိုင်သေးတယ် "


လင်းလန်က အဖွားကြီးလင်း၏ အပြုအမူနှင့်ပြောဆိုပုံကိုကြည့်ကာ အရမ်းအဆိုးကြီးမဟုတ်ဟု ထင်လိုက်သည် ။ လင်းမိသားစုမှသမီးအကြီးနှစ်ယောက်သည် အရင်အိမ်ထောင်ကျသွားသောကြောင့် သူမနှင့်လင်းမိန်သာအိမ်မှာအချိန်အကြာကြီးရှိခဲ့ကြသည် ။


xxxxxx