Part 89
စန်းဝမ်သည် ကျန်သည့်ပေါင်မုန့်တစ်ပိုင်းအားကိုင်ကာ အပြင်ပြေးထွက်သွားပြီး မကြာမှီမှာဘဲ မိုင်စွေ့နှင့်အားဝမ် တို့အိမ်ပြန်ရောက်လာကြသည် ။ ကလေးနှစ်ယောက်၏လက်ထဲတွင် မြက်ခြောက်များနှင့် ထင်းခြောက်များကိုယူလာကြသည် ။
ပေါင်မုန့်ကြော်အားမြင်သည့်အခါ အရမ်းဝမ်းသာသွားကြကာ စားရန်ပင်မစောင့်နိုင်တော့ချေ ။ လင်းလန်က တဝမ်၏အကြောင်းအား ကလေးများကိုမေးလိုက်သည် ။ သူမအနေဖြင့် တဝမ်နှင့် တဖြည်းဖြည်းနီးစပ်လာပြီဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်တော့ထိုသို့ဖြစ်ပုံမရပေ ။
" အစ်ကိုကြီးက ရန်ဖြစ်တာကလွဲရင်ဘာလုပ်နိုင်သေးလို့လဲ... မားမား အဖွားက အငယ်ဆုံးဦးလေးနဲ့အဒေါ်ဆီပစ္စည်းတွေပို့ခိုင်းာတာမြင်ခဲ့တယ် ပိုက်ဆံတွေလည်းပါမယ်ထင်တယ် "
အဖွားကြီးဟန် အနေနှင့် သူမ၏မြေးများကြား ယှဥ်ပြိုင်အောင် သွေးထိုးရသည်အား နှစ်သက်ပြီး တဝမ်ကိုလည်း ထိုကဲ့သို့ပြောဆိုထားမည်အား သံသယရှိစရာပင်မလိုပေ ။
သူ့ရဲ့ဦးလေးအငယ်ဆုံးကိုအထင်ကြီးပြီး မြို့ကိုနေ့တိုင်းသွားချင်နေတယ်ပေါ့!
အဲ့ဒီကလေးအိမ်ပြန်လာတဲ့အခါ ကျသေချာပေါက်ကောင်းကောင်းသင်ခန်းစာပေးရမယ်!
လင်းလန်နှင့်မိုင်စွေ့တို့သည် ဝါဂွမ်းများအား စတင်သန့်ရှင်းရေးလုပ်ခဲ့ကြပြီး ဖွထားကာ နောက်တစ်နေ့မနက်တွင်မှရေနွေးဖြင့်စိမ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည် ။
စန်းဝမ်က အပြင်မှအပြေးပြန်လာကာ လျို့ဝှက်စွာပြောလိုက်သည် ။
" မားမား အဖေကအဘိုးဆီသွားတွေ့တယ်လို့ကြားတယ် "
လင်းလန်က အမြန်ပင်ဘာတွေဖြစ်နေလဲမေးကာ စန်းဝမ်သည် သူမ၏နားနားတွင်ကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။
" အဖွားက ဒီနေ့နေ့လည်မှာ အဖေ့ဆီကပိုက်ဆံထပ်တောင်းဖို့ခေါ်တာတဲ့ အဖေကအမေ့ကို အကုန်ပေးထားတာလို့ပြောလိုက်တော့ မသိတတ်တဲ့သားဆိုပြီး အော်ဟစ်ဆဲဆိုနေတာတဲ့ အခုအဖေက အုပ်ချုပ်ရေးမှူးဆီမှာ ပိုက်ဆံသွားချေးတယ်... "
ပိုက်ဆံသွားချေးတယ် ! ဟုတ်လား!
မူလဇာတ်ကြောင်းအရဆိုလျှင် ဟန်ချင်စုန့်သည် စစ်တပ်မှထောက်ပံ့ငွေအဖြစ် ယွမ်တစ်ထောင်ရရှိမည်ဖြစ်ကာ အဖွားကြီးဟန်က အကုန်အပိုင်သိမ်းရန်ကြံစည်ခဲ့သောကြောင့် ခုနှစ်ရက် ခုနှစ်ညတိုက်ပွဲဆင်နွဲခဲ့ရပြီး နောက်ဆုံးတွင်တော့ မူလလင်းလန်သည် ယွမ်နှစ်ရာရရှိခဲ့ကာ အဖွားကြီးဟန်က ယွမ်သုံးရာယူခဲ့ပြီး ကျန်သည့်ပိုက်ဆံများသည် အဖွားကြီးဟန်၏အငယ်ဆုံးသားနှင့်သမီးထံသို့ကျောင်းစရိတ်အဖြစ်ရောက်ရှိသွားခဲ့သည် ။
ပိုက်ဆံချေးသည့်အကြံအားသဘောမကျသော်လည်း ထိုကဲ့သို့ကိစ္စမျိုးနှင့်ပက်သက်၍ စိတ်မဖိစီးချင်သောကြောင့် ဟန်ချင်စုန့် ပြန်လာသည့်အချိန်မှသာ အကြောင်းစုံမေးရန်ဆုံးဖြတ်လိုက်သည် ။
စားသောက်ပြီးသည့်နောက်တွင် ကလေးများအားဆေးကြောခိုင်းကာ အိပ်ရာဝင်ခိုင်းလိုက်သော်လည်း တဝမ်နှင့်ဟန်ချင်စုန့်တို့မှာတော့ ပြန်မရောက်ကြသေးပေ ။
အချိန်အနည်းငယ်ကြာပြီးသည့်နောက်တွင်မှ တံခါးဖွင့်သံအားကြားလိုက်ရပြီး ဟန်ချင်စုန့်ပြန်လာသည်အားသိလိုက်ရသည် ။
အုပ်ချုပ်ရေးမှူး၏အိမ်၌ ညဘက်တွင်ယောက်ျားများစုဝေးကာ စကားစမြည်ပြောဆိုတတ်ကြသောကြောင့် ဟန်ချင်စုန့်ဒီ့ထက်ပိုပြီး ညနက်လိမ့်မည်ဟုသူမထင်ခဲ့ခြင်းဖြစ်သည် ။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေကာအခန်းတွင်းရှိ ရေနံဆီမီးအိမ်မှ ဝါကျင်ကျင်အလင်းဖျော့ဖျော့သာ လင်းလန်၏ ကိုယ်ပေါ်တွင်ဖြာကျနေပြီး သူမအားပို၍ပင်နူးညံ့သည့်ပုံပေါ်နေစေသည် ။
" ပြဿနာတစ်ခုခုရှိလို့လား "
" အဆင်ပြေပါတယ် မင်းမိသားစုအိမ်ပြန်တာရောဘယ်လိုလဲ "
ဟန်ချင်စုန့် သူမအိမ်ပြန်သွားသည့်အကြောင်းအား ဂရုတစိုက်ရှိလိမ့်မည်ဟုလင်းလန်မမျှော်လင့်ခဲ့မိပေ ။
" အဆင်ပြေပါတယ်အမေနဲ့အစ်မတွေက ဝါဂွမ်းတွေအများကြီးစုပေးလိုက်တယ် ကျွန်မတို့ဆောင်းတွင်းအတွက်ပူစရာမလိုတော့ဘူး "
" ကိုယ်တို့မှာရှိတဲ့အချိန်ကျ ပြန်ပေးကျတာပေါ့ "
လင်းလန်က ပြုံးရင်းပြောလိုက်သည် ။
" တတိယအစ်မကလည်း ပေါင်မုန့်တွေပေးလိုက်သေးတယ် ကျွန်မကြက်ဥနဲ့ပြန်ကြော်ထားတယ် ရှင့်အတွက်သွားယူပေးမယ် "
" ကိုယ်စားခဲ့ပြီးပြီ "
ဟန်ချင်စုန့်ကသူမကိုထခွင့်မပေးချေ ။
" အိပ်တော့လေ "
လင်းလန် မေးလိုက်သည် ။
" ရှင်ပိုက်ဆံလိုနေတာလား...တစ်ခုခုလိုအပ်နေရင်ကျွန်မကိုဘာလို့မပြောရတာလဲ "
ဟန်ချင်စုန့် သည်သူမယခုလိုပြောလာမည်ဟုမထင်သောကြောင့် အံ့သြ သွားခဲ့ရသည် ။ အတိတ်ကာလများနှင့်မတူညီဘဲ သူမသည်ပို၍နားလည်ပေးလာကာ နွေးထွေးလာသည် ။
" ကိုယ်နည်းလမ်းရှာလိုက်ပါ့မယ် အရင်အိပ်ကြရအောင် "
" ကျွန်မကိုဘာလို့ ဘာမှမပြောပြရတာလဲ! "
လင်းလန်၏အသံသည် အနည်းငယ်ပြင်းထန်သွားခဲ့သည် ။ လက်ရှိတွင် သူမ၏အသိပညာများအားပိုက်ဆံရှာရန်အသုံးမချနိုင်သေးဘဲ ကလေးများနှင့်သူမသည် ဟန်ချင်စုန့်တစ်ယောက်ထဲပေါ်တွင်သာမှီခိုနေကြရသည် ။ ဘယ်လောက်ဘဲ အဓိပ္ပါယ်မရှိသည့်အကြံပင်ဖြစ်ပါစေ ဟန်ချင်စုန့် ကိုသာမှီခိုနေကြရသည်မှာတော့အမှန်တရားပင်ဖြစ်သည် ။
သူရဲ့ သဘောထားကဘယ်လိုကြီးလဲ သူမကိုအသုံးဝင်တယ်လို့တောင်မထင်ဘူးလား !
သူမစိတ်ဆိုးနေသည်အား မြင်သည့်အခါ ဟန်ချင်စုန့် အနည်းငယ်တွေဝေသွားခဲ့သည် ။
ယောကျာ်းတစ်ယောက်က ဖြစ်လာသမျှပြဿနာတွေအကုန် ရင်ဆိုင်ဖြေရှင်းရပြီး မိန်းမနဲ့ကလေးတွေကို သက်တောင့်သက်သာနဲ့ပျော်ရွှင်ရအောင်ထားပေးရမှာမဟုတ်ဘူးလား...
သူဘာမှားသွားလို့လဲ...
" ဘာဘဲဖြစ်ဖြစ်လေ ရှင်က ကျွန်မရဲ့ယောက်ျား ကွန်မတို့ကမိသားစုတွေဘဲ ဘာကိစ္စဘဲဖြစ်ဖြစ် တိုင်ပင်ကြရမယ် ကျွန်မမကူညီနိုင်ဘူးဆိုရင်တောင်မှ အကြံဥာဏ်ပေးနိုင်သေးတာဘဲ "
လင်းလန် ပိုပြီးထူးဆန်းလာသည်ဟု ဟန်ချင်စုန့် ထင်လာမိသည် ။ သူမ၏အတွေးများအား ခန့်မှန်းမိနိုင်ရန်အလို့ငှာ ဟန်ချင်စုန့်သည် လင်းလန်အား စိုက်ကြည့်လိုက်သည် ။
" ကိုယ့်ကို တပ်ထဲမှာကူညီခဲ့ဖူးတဲ့ ကွန်မန်ဒါတစ်ယောက် ဒဏ်ရာရတယ်သတင်းကြားလို့ ကိုယ်ပြန်သွားကြည့်ပြီး ကူညီချင်လို့ပိုက်ဆံလိုတာပါ "
တကယ်တမ်းတွင် ကူညီကြည့်ရူရန်သွားခြင်းထက် ကူညီကယ်ဆယ်ရန်သွားမည် ဟုဆိုခြင်းကပိုမိုသင့်တော်မည်ဖြစ်ကာ အန္တရာယ်အရမ်းများသည်ဖြစ်၍ လင်းလန်အားစိတ်မပူစေချင်ပေ ။
အခြေအနေအား လင်းလန် သဘောပေါက်နားလည်သည် ။ တည်ထောင်ဆဲကာလဖြစ်၍နေရာတိုင်းတွင် မတူညီမူများရှိနေဆဲဖြစ်ကာ မညီမျှသည့်အခြေအနေတွင်ရှိနေဆဲအချိန်ကာလဖြစ်သည် ။
" ကျွန်မမှာ ယွမ်နှစ်ရာ့ရှစ်ဆယ်ရှိတယ် ရှင်အရင်ယူသွားလိုက်.. "
အဖွားကြီးဟန်ဆီမှ ယူခဲ့သည့်ယွမ်နှစ်ရာ့ခြောက်ဆယ်သည် ဆေးရုံစရိတ်နှင့်ရှောင်ဝမ်၏ မျက်မှန်အတွက်ယွမ်တစ်ဆယ်သာကုန်ကျခဲ့သော်လည်း ကျန်ငွေများကိုသူမ သိမ်းထားခဲ့ကာ အိမ်ခွဲခြင်း မှရသည့် ယွမ်တစ်ရာမှစျေးဝယ်ပြီး ကျန်ရှိသည်အားပေါင်းလိုက်လျှင် ယွမ်နှစ်ရာ့ရှစ်ဆယ်ကျန်ရှိလေသည် ။
သူမတကယ် မိဘအိမ်ကိုပြန်မပို့ခဲ့ဘူးဘဲ! ဟန်ချင်စုန့် အားရပါးရရီမောကာပြောလိုက်သည် ။
" ဒါဆိုကိုယ့်ကို ယွမ်နှစ်ရာလောက်ပေးလိုက်ပါ အနာဂတ်မှာကိုယ်သေချာပေါက်ပြန်ပေးပါ့မယ် "
လင်းလန် အမှန်ပင် ဟန်ချင်စုန့် အားထရိုက်ချင်လာခဲ့သည် ။
" ဘာလို့လဲ... အနာဂတ်မှာရှင် လစာရရင်ပိုများတဲ့ပိုက်ဆံတွေ ကျွန်မကိုမအပ်ဘူးတော့ဘူးလား "
အဖွားကြီးကိုဘဲ ပိုက်ဆံတွေသွားအပ်ဦးမလို့လား...
" ကိုယ်မင်းကိုဘဲ အကုန်အပ်မှာပါ ဒါ့အပြင် အရင်ကမင်းခံစားခဲ့ရသမျှအတွက် ကိုယ်ပိုပြီးမင်းအပေါ်ကောင်းပေးမှာပါ "
" ရှင့်ဂတိအတိုင်းတည်နိုင်မယ် ဆိုရင်အရမ်းကောင်းတာပေါ့ "
ဟန်ချင်စုန့် ၏ကတိအား လင်းလန်သံသယမရှိယုံကြည်သည် ။
xxxxxxx
Part 90
လင်းလန်က ရှောင်ဝမ်၏ ခြေအိတ်ထဲတွင်ဖွက်ထားသည့် ပိုက်ဆံများအား ထုတ်လာခဲ့သော်ကြောင့် အနံ့အသက် သိပ်ကောင်းမနေချေ ။
ထို့ကြောင့် အဖွားကြီးဟန် နှင့်ဒုတိယချွေးမဟန်တို့ လင်းလန်အိမ်မှာမရှိသည့် အချိန်များအတွင်းအကြိမ်ပေါင်းများစွာလာရောက်ရှာဖွေခဲ့ကြသော်လည်း ရှာမတွေ့သွားရခြင်းဖြစ်သည် ။
လင်းလန် ကပိုက်ဆံများအား ဟန်ချင်စုန့် ထံပေးကာတွေးမိသည် ။ ထိုကွန်မန်ဒါသည် သူ့အတွက်အလွန်အရေးကြီးသောကြောင့်သာ ဟန်ချင်စုန့်ပူပန်နေရခြင်းဖြစ်နိုင်လေသည် ။
ပိုက်ဆံများအားရေတွက်လိုက်ပြီးသည့်နောက်တွင် ပိုသည့်ပိုက်ဆံများအား လင်းလန်ထံသို့ပြန်ပေးလိုက်ပြီး ပြောလိုက်သည် ။
" အိမ်မှာလိုအပ်တာတွေဝယ်ဖို့ မင်းသိမ်းထားလိုက်ပါ "
လင်းလန်ပြန်မလိုချင်ခဲ့ပေ ။ ယခုအချိန်မှစ၍ ဟန်ချင်စုန့်၏ ပိုက်ဆံများအားသူမသာ ကိုင်တွယ်စီမံရမည်ဖြစ်ကာ ယွမ်အနည်းငယ်သာဆုံးရူံးခံပြီး လူကောင်းဝင်လုပ်လိုက်တော့မည် ။
" ဒါဆိုရင် ကိုယ်မနက်ဖြန်သွားပြီး ရက်အနည်းငယ်အတွင်းပြန်လာခဲ့မယ် "
လင်းလန်က သူ့အားပြုံးကာပြောပြလိုက်သည် ။
" အနာဂတ်မှာ ဘာကိစ္စဘဲဖြစ်ဖြစ် ကျွန်မကိုပြောပြရမယ်နော် ကျွန်မကစိတ်မဖတ်တတ်တော့ ရှင်ဘာတွေတွေးနေလဲဆိုတာ ရှင်ပြောပြမှသိနိုင်မှာပေါ့ "
ဟန်ချင်စုန့် အားပါးတရရီမောကာပြောလိုက်သည် ။
" မင်းကိုယ့်ကိုနားညီးတယ်လို့သာမထင်ရင် အခုကစပြီး ဘာဘဲဖြစ်ဖြစ်ကိုယ် အကုန်ပြောပြပါ့မယ် "
လင်းလန် သူမအရင်ကပြောခဲ့မိသည်များအားအမှတ်ရသွားပြီး ဟန်ချင်စုန့်အား မျက်စောင်းထိုးကာပြောလိုက်သည် ။
" ကျွန်မကိုလာရွဲ့မနေစမ်းပါနဲ့ "
အမှန်အတိုင်းဆိုလျှင် မူလလင်းလန်သည် ဟန်ချင်စုန့်နှင့်စကားများများပြောဆိုရသည်အားမနှစ်သက်သောကြောင့် ဟန်ချင်စုန့် ပြောသည်မှာလည်းမလွန်ပေ ။ ဟန်ချင်စုန့် ရူပ်ထွေးသွားသည်မှာပုံမှန်ပင်ဖြစ်သည် ။
နောက်တစ်နေ့မနက်စောစောတွင်တော့ ဟန်ချင်စုန့်သည် ဟန်အိမ်သို့သွားကာ အဖွားကြီးဟန်နှင့်အစ်ကိုကြီးဟန်တို့အား တပ်ထဲသို့ပြန်သွားမည့်အကြောင်းပြောပြခဲ့သည် ။
လူတိုင်းက ဟန်ချင်စုန့်သည် တပ်ထဲတွင်နူတ်ထွက်စာ သွားယူမည်ဟုထင်သောကြောင့် မြန်မြန်ပြန်လာရန်သာ ပြောကြပြီး အဖွားကြီးဟန်က သီးသန့်ခေါ်ပြီး ဦးနှောက်ဆေးရန်လဲမမေ့ချေ ။ ထောက်ပံ့ကြေးအဖြစ်ပိုက်ဆံထပ်ရလာခဲ့လျှင် သူမကိုသာလာပေးရန်ဖြစ်ကာ မပေးလျှင် မသိတတ်သည့်သားဟုပင်ပြောခဲ့သေးသည် ။
ဟန်ချင်စုန့် သည်အဖွားကြီးဟန်၏စကားများအား ငြိမ်သက်စွာနားထောင်နေခဲ့သည်။ သူ၏အမူအရာမဲ့သည့် မျက်နှာပေးက အဖွားကြီးဟန် အားအလွန်ဒေါသထွက်စေခဲ့သည် ။
လင်းလန်နှင့်ကလေးများကို ကြည့်ရူစောင့်ရှောက်ပေးရန် အစ်ကိုကြီးဟန်အား မှာခဲ့ရန်လည်း ဟန်ချင်စုန့် မမေ့ပေ ။
" တတိယလေးသိပ်စိတ်မပူနဲ့ ငါတို့ရှိနေတာဘဲ လင်းလန်ကလေးတွေကို လိုက်မကြည့်နိုင်ရင်တောင် အဆင်ပြေမှာပါ ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး "
ဟန်ချင်စုန့်သည် အားလုံးအားနူတ်ဆက်ခဲ့ပြီးသည့်နောက်တွင် မီးရထားဘူတာသို့လမ်းလျှောက်သွားခဲ့သည် ။ သူ့တွင် စစ်တပ်ထောက်ခံစာရှိသည့်အတွက် မီးရထားလက်မှတ်အား အလွယ်တကူဝယ်ယူ၍ရနိုင်သော်လည်း ရထားထွက်ချိန်သည်နေ့လည်မှဖြစ်၍ ရွေးချယ်စရာမရှိဘဲစောင့်ဆိုင်းနေရတော့သည် ။
ထိုအချိန်တွင် တဝမ်မြို့သို့သွားခဲ့သည်ဟု လင်းလန်ပြောခဲ့သည်အား အမှတ်ရမိသွားသောကြောင့် ဘူတာတွင်ခရီးဆောင်အိတ်ကိုအပ်ထားခဲ့ကာ မြို့ထဲသို့ထွက်လာခဲ့သည် ။
အဖွားကြီးဟန်က ကျန်းရှင်းနှင့်ကျန်းယုတို့ထံ ပစ္စည်းများနှင့်ပိုက်ဆံများကို တဝမ်အား အမြဲလိုလိုပို့ပေးခိုင်းလေ့ရှိသည် ။
ပထမဆုံးအကြိမ် မြို့သို့ရောက်လာသည့်အချိန်တွင် တဝမ်သည် အငယ်ဆုံးဦးလေးနားတွင်သာကပ်နေခဲ့ပြီး အိမ်မပြန်ချင်ဘူးဟုပင်အသည်းအသန် ငြင်းဆိုနေခဲ့သေးသည် ။ မိုင်စွေ့နှင့်အားဝမ်တို့သည် တဝမ်အကြောင်းအား ပြောပြခဲ့ကြသော်လည်း သူကိုယ်တိုင်မြင်ချင်သေးသည် ။
သူ၏ အငယ်ဆုံးညီနှင့်ညီမတို့၏စရိုက်အား ဟန်ချင်စုန့် အနည်းငယ်မျှတော့ မှန်းဆမိပြီးဖြစ်သည် ။
ဟန်ကျင်းပေါင်သည် အကြောင်းပြချက်မျိုးစုံဖြင့်အတန်းပြေးလေ့ရှိကာ အဖွားကြီးဟန် ပို့ပေးသည့်ဟန်ချင်စုန်၏ စစ်ဂျာကင်အားဝတ်၍ တစ်မြို့လုံးအနှံ့ စက်ဘီးလိုက်စီးနေတတ်ပြီး ကလေးတစ်သိုက်၏ရှေ့တွင် ကြွားဝါနေတတ်သည် ။
ဟန်ကျင်းယုသည်လည်း ထူးမခြားနားပင်ဖြစ်သည် ။ အငယ်တန်းဂျူနီယာတန်းမှစ၍ ကျောင်းပြန်စတက်သည့်အချိန်အထိ အသုံးမဝင်အရေးမပါသည့် ကိစ္စများနှင့်သာအချိန်ကုန်နေတတ်သည် ။ အတန်းများပြန်စသည့်အချိန်၌ သူမအထက်တန်းသို့တိုက်ရိုက်တက်သွားသည်။လူအများစုမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေခဲ့ရဘဲ အထက်တန်းသာပြီးဆုံးသွားကြသော်လည်း သူမကဲ့သို့ မည်သည့်အသိပညာမှမရှိကြပေ ။
နိုင်ငံရေးအခြေအနေများကြောင့် အလယ်တန်းနှင့်အထက်တန်းစာမေးပွဲ ခြောက်နှစ်တာသင်ရိုးအား သုံးနှစ်စာချုံ့လိုက်ရသည့်အတွက် အမည်ခံသာရှိပြီး စာမတတ်ကြသည့်အဖွဲ့ဖြစ်သည် ။
စာသင်ကျောင်းများမှာ မြို့ပြကြီးများတွင်သာဖွင့်လှစ်ကြပြီး တောင်ပေါ်ဒေသများနှင့်ကျေးလက်မှကျောင်းတက်ရခြင်းမှာ သူတို့၏ရွာများအတွင်းအလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကာ မြို့ပြ၌အလုပ်သာရခဲ့မည်ဆိုလျှင်ပို၍ပင် ကြွားဝါလို့ရကြမည်ဖြစ်သည် ။
သို့သော်လည်း မြို့ပြ၏လုပ်သားလိုအပ်ချက်မှာ နည်းပြီးအလုပ်လိုချင်သည့် သူများမှာများလွန်းသောကြောင့် အလုပ်တစ်ခုရနိုင်အတွက် သင့်တော်သည့်အဆက်အသွယ်ထောက်ခံမူနှင့် ပိုက်ဆံမှာမရှိမဖြစ်ပင်ဖြစ်သည် ။
ထိုအငယ်ဆုံးမောင်နှမနှစ်ယောက်သည် ကျောင်းတက်နေသည်ဟုလေကျယ်ပြီး စက်ရုံတစ်ခုခု၌အလုပ်လုပ်လို့ကြပါသော်လည်း တစ်ခါမှမရခဲ့ကြပေ ။ ထို့ကြောင့် ပိုက်ဆံဆက်သုံး၍ကျောင်းတွင်နေနိုင်ရန်သာတတ်နိုင်ကြပြီး စက်ရုံတစ်ခုခုသို့မဟုတ် တစ်နေရာရာ၌ အလုပ်ရရန်သာစောင့်ဆိုင်းနေကြသည် ။
ပုန်ကန်တတ်သည့်ဆယ်ကျော်သက်အရွယ်တွင် ဟန်ကျင်းယု သည်မြို့ပြတွင်နေထိုင်သည့် စက်ရုံလုပ်သားတစ်ဦးဦးသို့မဟုတ် ဝန်ထမ်းတစ်ဦးဦးနှင့်လက်ထပ်ချင်ကာ ဟန်ကျင်းပေါင်သည်လည်း စက်ရုံတွင်အလုပ်မလုပ်ရလျှင် ဆက်ပြီးရည်မှန်းချက်မရှိသည့်အတွက် စစ်ထဲသို့ဝင်ရန်သာတွေးနေခဲ့သည် ။
သို့ရာတွင် မျှော်လင့်သည့်အတိုင်းဖြစ်မလာတတ်ကာ နှစ်ယောက်စလုံး အရမ်းစိတ်ပျက်နေခဲ့ကြပြီး ရွာသို့လည်းပြန်မနေချင်ကြသောကြောင့် အရှက်မဲ့စွာ ဆက်လက်တွယ်ကပ်နေခဲ့ကြသည် ။
ဟန်ချင်စုန့် သည် ကျင်းပေါင်အားရှာမတွေ့ပဲ ကျင်းယုကိုသာတွေ့ခဲ့သည် ။
ဟန်ကျင်းယုက သူမ၏တတိယအစ်ကိုလာတွေ့သည်ဟု သတင်းကြားသည်နှင့် ပျော်ရွှင်စွာပင်အပြေးလာခဲ့သည် ။
ခေတ်စားနေသည့် ဂါဝန်အားဝတ်ဆင်ထားကာ ဆံပင်ကိုလည်း အလိပ်ခွေလေးများသပ်သပ်ရပ်ရပ်ပြုလုပ်ထားကာ မျက်နှာချေမူန့်အနည်းငယ်နဗင့် နူတ်ခမ်းနီဆိုးထားပြီး သားရေဖိနပ်တို့ဖြင့် မြို့ပြတွင်နေထိုင်သည့် အထက်တန်းစားမမလေးတို့ နှင့်မခြားပြင်ဆင်ထားခဲ့သည် ။
ကျင်းယု၏ ကောင်းမွန်စွာ ဝတ်စားထားပုံအားမြင်ကာ လင်းလန်နှင့်မိုင်စွေ့တို့၏ ချွေတာနေထိုင်ရသည်အားတွေးမိသွားပြီး ဟန်ချင်စုန့် မိန်းမနှင့်သမီးအတွက် ခံပြင်းမိသွားသည် ။
"
xxxxxx