အပိုင်း ၉၃-၉၄
Viewers 21k

Part 93


လင်းလန် ပင်မအိမ်သို့ ရောက်သည့်အချိန်တွင် ခြံဝန်းထဲ၌ အဖွားကြီးဟန်၏ အလွန်ပျော်ရွှင်စွာရီမောနေပုံအရ အငယ်ဆုံးမောင်နှမနှစ်ယောက်ပြန်ရောက်နေသည်မှာ သေချာသည် ။ သူမကထိုကိစ္စကိုအများကြီးမတွေးမိခဲ့သော်လည်း ယခုမူ ထိုအငယ်နှစ်ယောက်အိမ်ပြန်လာမည်ဖြစ်သည်အတွက် အစားအသောက်ကောင်းကောင်းစားရရန် ကြိုတင်စီစဥ် ထားကြသည်မှာ သေအချာပင်ဖြစ်သည် ။


သူမက စိုက်ခင်းများရှိရာဆီသို့ပြန်သွားလိုက်ကာ ချိုင်ဟုန်ကိုပြောလိုက်သည် ။


" ကျွန်မတို့အိမ်ကအငယ်တွေပြန်လာလို့ ယောက်မစိတ်မရှိရင် ခရမ်းသီးနည်းနည်းလောက်ခူးလို့ရမလား "


ကျန်းချိုက်ဟုန်ကပြုံးကာပြန်ပြောလိုက်သည် ။


" ဘာလို့အဲ့လောက်ထိယဥ်ကျေးနေရတာလဲယောက်မရယ် ကျွန်မတို့လဲအကုန်မစားနိုင်တော့ အလကားဖြစ်သွားမှာဘဲ ခရမ်းသီးရော ပဲတွေပါခူးလို့ရပါတယ် "


လင်းလန်ကျေးဇူးတင်လိုက်ပြီး ခရမ်းသီးကြီးနှစ်လုံးနှင့် ပဲအိုးသေးတစ်အိုးစာခူးခဲ့သည် ။ ပဲဖြူမျိုးသည် ဆန်ကဲ့သို့ဖွေးကာ ချက်စားမည်ဆိုလျှင်လည်း အနံအရသာအလွန်ကောင်းမွန်ပြီးအရသာရှိသည် ။ ဘေးမှရပ်ကြည့်နေကြသူများသည် မနာလို၍သေပင်သေနိုင်သည် ။ 


အသီးအရွက်များခူးပြီးသည့်နောက်တွင် လင်းလန်က ကျန်းချိုက်ဟုန်နှင့်အတူ ကူညီကာစိုက်ခင်းရှင်းလင်းပေးနေသည်မှာ အားဝမ် အော်ဟစ်ပြီးပြေးမလာခင်အချိန်အထိဖြစ်သည် ။


" မားမားရေ...မားမား ဦးလေးကရူးသွားပြီလားမသိဘူး သားတို့အိမ်ကရှိသမျှပစ္စည်းတွေကိုအကုန်မွှေနှောက်ရှာနေတယ် "


လင်းလန်ကြားသည့်အခါ ကျန်းချိုက်ဟုန် ကိုပင်နူတ်မဆက်နိုင်တော့ဘဲ အိမ်သို့အမြန်ပြန်ပြေးခဲ့ရသည် ။ သူမ၏အိမ်ရှေ့တွင် လူအုပ်လိုက်ကြီးရှိနေကာ အကုန်လုံးကတိုးတိုးနှင့်တီးတိုးပြောဆိုနေကြပြီး ဟန်ကျင်းပေါင်၏ အသံသည်ခြံဝန်းထဲမှကျယ်လောင်စွာထွက်ပေါ်လာခဲ့သည် ။


" လင်းလန် ! ခွေးမ ငါမရှိဘူးဆိုတာနဲ့ ငါ့အမေအိုကြီးကို နင်တို့အနိုင်ကျင့်လို့ရမလား ထွက်လာ.စမ်း! ဘယ်အရှက်မရှိတဲ့မျက်နှာနဲ့ ငါတို့အိမ်ကပိုက်ဆံတွေကိုသုံးရဲရတာလဲ "


အော်ဟစ်နေရင်းနှင့်ပင် ပစ္စည်းများအားပေါက်ခွဲနေသည့် တခွမ်းခွမ်းမြည်သံများလည်းဆက်တိုက်ထွက်ပေါ်လာခဲ့သည် ။


" သားတို့ပစ္စည်းတွေကိုမထိနဲ့!  "


မိုင်စွေ့ ၊ စန်းဝမ်နှင့်ရှောင်ဝမ်တို့က တားဆီးနေကြပါသော်လည်း ဟန်ကျင်းပေါင်သည် ကလေးများကိုပါ တွန်းဖယ်ကန်ကျောက်ခဲ့သည် ။ဘေးလူများက မနေနိုင်တော့ဘဲ ဟန်ကျင်းပေါင်ရပ်တန့်ရန်အလို့ငှာဝင်ပြောကြတော့သည် ။


" ငါပြောမယ် ကျင်းပေါင် မင်းကမင်းအစ်ကိုမရှိတုန်း မင်းမရီးကိုလာအနိုင်ကျင့်နေတာဘဲ "


" ဟုတ်တယ် အုပ်ချုပ်ရေးမှူးက စနစ်တကျဆုံးဖြတ်ပေးပြီးတဲ့အပြင်မင်းမိဘတွေကလည်း သဘောတူခဲ့ကြတာဘဲလေ "


" အရေးမပါတာတွေ သူတို့ဆုံးဖြတ်ကြတုန်းက ကျွန်တော်အိမ်မှာမရှိခဲ့ဘူး ...ငါ...ဟန်ကျင်းပေါင် အိမ်မှာမရှိခဲ့တော့ မိသားစုခွဲထွက်တာက အကျုံးမဝင်ဘူး "


ပြောရင်းနှင့်ပင်ဘေးရှိအိုးတစ်လုံးအားထပ်ခွဲကာ အကွဲစများအားခြေထောက်နှင့်ကန်ထုတ်နေခဲ့သည် ။


" ထပ်မခွဲနဲ့တော့ "


စန်းဝမ်က ကျင်းပေါင်၏ခြေထောက်ကိုဆွဲထားကာကိုက်လိုက်သည် ။ ဟန်ကျင်းပေါင်းသည် စန်းဝမ်၏ဗိုက်အား အားပြင်းပြင်းဖြင့်ကန်လိုက်သောကြောင့် လွင့်ထွက်သွားပြီး ကျိုးပဲ့နေသည့် တုတ်စများနှင့်အိုးကွဲစများသည် စန်းဝမ်၏လက်နှင့်ကျောတွင်စိုက်ဝင်သွားကာ သွေးများဒလဟောထွက်လာခဲ့သည် ။


လူတချို့က အုပ်ချုပ်ရေးမှူးကိုပြေးခေါ်ကြ ကာတချို့ကရဲစခန်းဆီသတင်းပိုရန်ပြေးသွားကြပြီး တချို့ကတော့ ကျန်ကလေးများကို ထပ်မရိုက်နိုင်စေရန်ကာကွယ်ပေးထားကြသည် ။ လူအုပ်ကြီးသည် လင်းလန်ရောက်လာသည်အားမြင်သည်နှင့် လမ်းဖယ်ပေးကာ လင်းလန်ကိုအမြန်ခေါ်ကြသည် ။


လင်းလန် ပြေးကြည့်သည့်အခါတွင် စန်းဝမ်တစ်ကိုယ်လုံးသွေးများဖြင့်ဖုံးနေသည့်မြင်ကွင်းက သူမ၏နှလုံးသားအားဓားဖြင့်ထိုးနေသလိုနာကျင်ရသည် ။ သူမကဘေးရှိသစ်သားချောင်းတစ်ချောင်းဖြင့် ဟန်ကျင်းပေါင်အား ပစ်ပေါက်လိုက်သည် ။


" အရမ်းထောင်လွှားမနေနဲ့...".


သူက လင်းလန်ဆီသို့လက်ထဲတွင်ကိုင်ထားသည့်တုတ်နှင့်ရွယ်ကာရိုက်ရန်ပြင်လိုက်သော်လည်း လင်းလန်ကပိုမိုလျှင်မြန်စွာပင် ဟန်ကျင်းပေါင်၏ခြေထောက်အား တုတ်ဖြင့်ရိုက်ချလိုက်သောကြောင့် ကြမ်းပြင်ပေါ်တွင်ခြေထောက်ကိုကိုင်၍လှိမ့်ကာအော်ဟစ်နေရတော့သည် ။


လင်းလန်က အမြန်ပင်စန်းဝမ်ဆီသို့ပြန်ပြေးကာ ဒဏ်ရာများအားစစ်ဆေးကြည့်လိုက်သည် သွေးများစွာထွက်နေပြီး ဒဏ်ရာများသည်အရိုးထိသွားသလားကိုလည်း သူမမပြောတတ်ချေ ။ 


" စန်းဝမ်...စန်းဝမ်...မားမားဆေးရုံခေါ်သွားပေးမယ်နော် "


လင်းလန်က စန်းဝမ်ကိုချီကာဆေးရုံသို့ပြေးသွားသည်အထိ ဟန်ကျင်းပေါင်က အော်ဟစ်နေဆဲဖြစ်ကာ လင်းလန်ကိုကျိန်ဆဲနေခဲ့သည် ။ မကြာခင်မှာဘဲအဖိုးကြီးဟန်နှင့် အစ်ကိုကြီးဟန်တို့ကသတင်းကြား၍ ပြေးလာကြကာ သွေးအိုင်ကြီးနှင့် မြေပေါ်တွင်လှိမ့်ကာငိုယိုနေသည့် ဟန်ကျင်းပေါင်ကိုသာတွေ့ရတော့သည် ။


အစ်ကိုကြီးဟန်ကအလွန်စိတ်ဆိုးနေသောကြောင့် ဟန်ကျင်းပေါင်အားဆူတော့သည် ။


" မင်းကတကယ်ကိုပြဿနာကောင်ဘဲ "


ဟန်ကျင်းပေါင်ကငိုနေရင်းနှင့်ပင်ပြောလေသည် ။


" အစ်ကိုကြီးက ကျွန်တော့အစ်ကိုမဟုတ်ဘူးလား ကျွန်တော်ရဲ့ခြေထောက်ထောက်တော့ အဲ့မိန်းမလုပ်လို့ကျိုးပြီထင်တယ် "


အဖိုးကြီးဟန်က ဟန်ကျင်းပေါင်ပါး တစ်ချက်မျှပင်မကြည့်ဘဲ အစ်ကိုကြီးဟန်အားပြောလိုက်သည် ။


" မင်းအမေဆီမှာပိုက်ဆံသွားယူပြီးဆေးရုံကိုလိုက်လာခဲ့ "


အစ်ကိုကြီးဟန်က ကြမ်းပြင်ပေါ်မှသွေးကွက်အားလက်ညိုးထိုးကာမေးလိုက်သည် ။


" အဲ့ဒါဘယ်သူ့သွေးတွေလဲ "


ဟန်ကျင်းပေါင်က သူ့သွေးတွေထွက်ခဲ့ရသည့်အတိုင်း စတင်အော်ဟစ်နေသောကြောင့် အဖိုးကြီးဟန်က အော်ပြောလိုက်သည် ။


" ကျင်းပေါင်ကိုအိမ်ပြန်ပို့လိုက် "


လင်းလန် ကျေးလက်ဆရာဝန်အိမ်သို့ရောက်သည့်အချိန်တွင် ဆရာဝန်ကအမြန်ပိုးသတ်ပေးကာပြောလိုက်သည် ။


" ကွန်မြူနတီကဆေးရုံကိုသွားပြီး အစတွေကိုသွားဆွဲထုတ်သင့်တယ် "


အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာအတွက်းရေးမူးတို့ရောက်လာသည့်အချိန်တွင် ကွန်မြူနတီအားသွားရန် အမြန်စီစဥ်ကြတော့သည် ။ ထိုအချိနိတွင်ပင် ဒုတိယအစ်ကိုဟန် ကအော်ပြီးပြေးလာခဲ့သည် ။


" အုပ်ချုပ်ရေးမှူး....အမြန်..အမြန် ကျွန်တော်တို့အိမ်က ကျင်းပေါင်ကိုဆေးရုံပို့ဖို့ပြင်ရမယ်... သူခြေချောင်းတွေကျိုးကြေ ကုန်ပြီလားမသိဘူး "


ဟန်ရုံဖန် ကထိုအရူးမိသားစုအား အမှန်ပင်သည်းမခံနိုင်တော့ချေ ။


" သွားစမ်းပါ! မင်းလိုအရူးမျိုးက ဘာလို့သေမသွားရတာလဲ "


" ဘာလို့ကျွန်တော့်ကိုဆူနေရတာလဲ "


ဟန်ဖန်ရုံက အရမ်းစိတ်ပျက်နေသည့်လေသံနှင့်ပြောလိုက်သည် ။


" ကလေးတစ်ခုခုမဖြစ်ရင်ကောင်းတာပေါ့ တစ်စုံတစ်ခုသာမှားသွားခဲ့ရင် မင်းတို့တစ်မိသားစုလုံးပြဿနာတက်မှာ "


ထိုအချိန်အတွင်လှည်းရောက်လာခဲ့ပြီး စန်းဝမ်အားလှည်းပေါ်သို့တင်နေသည့်အချိန်မှာပင် အဖိုးကြီးဟန်နှင့်အစ်ကိုကြီးဟန်တို့က ဟန်ကျင်းပေါင် ကိုတွဲကာရောက်လာကြသည် ။


" အတူတူသွားကြရအောင် "


အဖွားကြီးဟန် ကပြောလိုက်ကာ အဖိုးကြီးဟန်တို့ကိုပါ အမြန်လာရန်အော်ခေါ်နေခဲ့သည် ။ လင်းလန်က မြင်းထိန်းကျာပွတ်ကိုယူကာ ထိုလူတစ်သိုက်ဆီသို့တုံ့ဆိုင်းမူမရှိဘဲ လွှဲယမ်းတော့သည် ။


" ထွက်သွားကြစမ်း! ထွက်သွားကြစမ်း!"


xxxxxx

Part 94


ကျာပွတ်က အဖိုးကြီးဟန်၏ခေါင်းပေါ်တွင် အချိန်အတန်ကြာ တဝှီဝှီဖြတ်သန်းနေပြီး ကြောက်ရွံ့မူကြောင့် ချွေးစေးများပင်ထွက်နေသည် ။ အဖွားကြီးဟန်က လင်းလန်ကိုလှည်းပေါ်မှပင်ဆွဲချချင်နေခဲ့သည်။


" နင်...အရူးမ "


သို့ရာတွင် တုန်ဟွိုင်ဟွက အဖွားကြီးဟန်အားတားထားခဲ့သည် ။


" ဒီမှာ အဒေါ်ပြဿနာထပ်မရှာချင်နဲ့တော့ "


အဖိုးကြီးဟန်က ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရတော့သည် ။


" တခြားလှည်းငှားလိုက်...ငါတို့တခြားလှည်းနဲ့သွားမယ် "


ဟန်ရုံဖန်က သူတို့ဒုက္ခရောက်ပြီး ကျန်ခဲ့မှာကို မကြည့်ရက်သောကြောင့် လှည်းတစ်စီးငှားပေးရန်အကူအညီတောင်းပေးခဲ့သည် ။


ဆေးရုံသို့ရောက်သည့်အချိန်တွင် မှောင်နေပြီဖြစ်ကာ ဆရာဝန်များသည်လည်း အလုပ်ဆင်းသွားကြသောကြောင့် တာဝန်ကျဆရာဝန်ကိုသာတွေ့ရသည် ။ အဖွားကြီးဟန်က ဆရာဝန်၏ကုတ်အကျီစကိုဆွဲထားကာငိုယိုပြီး ဟန်ကျင်းပေါင် ၏ခြေချောင်းများသည်ညိုမည်းနေပြီးဖြစ်သောကြောင့် ကျိုးသွားမည်ဆိုး၍ သူမ၏သားအားအရင်ကုပေးရန်တောင်းဆိုနေခဲ့သည် ။


" ကလေးကိုမြန်မြန် အထဲပို့ "


အဖွားကြီးဟန် ငိုယိုကာတောင်းပန်နေပါသော်လည်း ဆရာဝန်ကလက်မခံဘဲ ပို၍ပင်အမြင်မကြည်ဖြစ်သွားလေသည် ။ စန်းဝမ်၏အသားထဲတွင်စိုက်ဝင်နေသည့် အကွဲစများအား ညှပ်ဖြင့်ညှပ်ကာထုတ်ယူနေသည့်အချိန်တွင် သွေးထပ်ထွက်လာကာ လင်းလန်အား အလွန်ပင်ဝမ်းနည်းစေသည် ။


သူမက စန်းဝမ်ကိုဖက်ထားကာ စကားပြောပေးနေခဲ့သည် ။


" သားနေပြန်ကောင်းလာရင် မားမားက သကြားလုံးတွေအများကြီးဝယ်ပေးမယ် သားကြိုက်သလောက်စားနော် "


အချိန်ကိုက်ပင် ဆရာဝန်ကကြင်နာစွာသတိပေးစကားဆိုလာခဲ့သည် ။


" အချိုလျှော့စား ရမယ် ဒဏ်ရာကျက်တာအတွက်အထောက်အကူပြုတယ် "


" အရမ်းနာနေလား "


စန်းဝမ်ကခေါင်းခါကာပြောလိုက်သည် ။


" အရမ်းမနာပါဘူး ဆွဲထုတ်လိုက်ပြီးတော့မနာတော့ဘူး "


လင်းလန်ကပြောလိုက်သည် ။


" ဆရာကျေးဇူးပြုပြီး အမာရွတ်မကျန်အောင်ဂရုစိုက်ပေးပါနော် မဟုတ်ရင် အနာဂတ်မှာသူ့ကိုဘယ်ကောင်မလေးမှမကြိုက်ဘဲနေတော့မယ် "


ပေါက်ကရတွေ!


ဆရာဝန်က နောက်တစ်ခေါက်ထပ်မစခင်ခဏရပ်ကာပြောလိုက်သည် ။


" သေသေချာချာဂရုစိုက်မယ်ဆိုရင်တောင်မှ အမာရွတ်ကတော့ကျန်ခဲ့လိမ့်မယ် "


စန်းဝမ်က နာကျင်မှုကြောင့် မျက်မှောင်ကြုတ် ထားလေသည် ။ လင်းလန်က ဆက်တိုက်ပင်စန်းဝမ် စိတ်သက်သာရာရအောင်ပြောပေးနေခဲ့သည် ။


" နာမှာကိုမကြောက်နဲ့နော် ခဏလောက်နာပြီးရင် ကောင်းသွားမှာပါ "


အမှန်တကယ် ရုပ်ဆိုးသည့်အမာရွတ်ကြီးကျန်ခဲ့မည်အားသူမ မပြောပြချင်ပေ ။ သူမအနေနှင့် ဖြစ်ပြီးခဲ့သမျှကိုပြောင်းလဲ၍မရနိုင်ဘဲ အနာဂတ်တွင်သာ ကလေးများအတွက် ကောင်းမွန်သည့်အစီအစဥ်များချပေးနိုင်ရန်လိုသည် ။


စန်းဝမ်က အရမ်းနာလွန်း၍တင်းမထားနိုင်တော့ကာ ငိုတော့သည် ။


" မားမား နာလွန်းလို့သေတော့မလိုဘဲ "


အကုန်ပြီးစီးသည့်နောက်တွင် ဆရာဝန်ကဆေးထည့်ကာပတ်တီးစည်းပေးလိုက်ပြီး မှာလိုက်သည် ။


" မနက်ဖြန်ဒီလိုအချိန်မှာပတ်တီးလာလဲဖို့မမေ့နဲ့ "


လင်းလန်က မေးလိုက်သည် ။


" ရွာကဆရာကိုရော ပတ်တီးလဲခိုင်းလို့ဖြစ်လား "


" ရပါတယ် "


လင်းလန်က စန်းဝမ်၏အခြေအနေကို ဆရာဝန်အားမေးမြန်းခဲ့ပြီး ဒဏ်ရာအရမ်းမကြီးမားကာ ထိခိုက်မူသိပ်မရှိဘဲ ကျေးရွာမှဆရာဝန်နှင့်သာပတ်တီးလဲနိုင်သည်ဟုပြောသောကြောင့်စိတ်ချသွားခဲ့သည် ။


ဒါပေမဲ့ သူမ၏သား သွေးများစွာထွက်ခဲ့ရသည့်မြင်ကွင်းအားဘယ်တော့မှမေ့မည်မဟုတ်ပေ ။


အဖွားကြီးဟန်ကဆက်တိုက်ငိုယိုနေခဲ့သောကြောင့်ဆရာဝန်ကဝင်ခွင့်ပေးလိုက်သည် ။ ဟန်ဖန်ရုံ၏အငယ်ဆုံးသားက စန်းဝမ်ကိုချီလာခဲ့ကာ အပြင်သို့ရောက်သည့်အချိန်တွင် ဟန်ကျင်းပေါင်သည် ကြမ်းပြင်ပေါ်တွင်အော်ဟစ်မနေတော့ဘဲ ခုံတန်းနားမှ လင်းလန်အားစိုက်ကြည့်နေခဲ့သည် ။


လင်းလန်က ချက်ခြင်းပင်ပြေးသွားကာ ဟန်ကျင်းပေါင်အား ကုတ်ဖဲ့တော့သည် ။ အဖွားကြီးဟန်က အမြန်ဝင်ဆွဲလိုက်နိုင်သော်ငြား ဟန်ကျင်းပေါင်၏ပါးတွင် ကုတ်ရာကြီးသုံးကြောင်းကအထင်းသားကျန်ရှိနေခဲ့သည် ။


အဖိုးကြီးဟန်က အရမ်းကိုစိတ်ရူပ်နေပြီဖြစ်သော်လည်း လူအများရှေ့တွင်အိမ်တွင်းရေးပြဿနာကို မဖြေရှင်းချင်သောကြောင့် လင်းလန်ကိုသာပြောလိုက်သည် ။


" အိမ်မှာကလေးတွေစောင့်နေတယ် ပြန်ကြရအောင် "


အစ်ကိုကြီးဟန်က စန်းဝမ်ကိုကြည့်ကာမေးလိုက်သည် ။


" စန်းဝမ်အဆင်ပြေရဲ့လား "


ဟန်ချင်စုန့် ထွက်မသွားခင် လင်းလန်နှင့်ကလေးများအားစောင့်ရှောက်ပေးရန်သေသေချာချာမှာခဲ့သော်လည်း နေ့မကူးသေးခင်မှာတင် ကလေးတစ်ယောက်သွေးထွက်သံယိုဖြစ်ပြီးဖြစ်သည် ။


" စန်ဝမ်ကအဆင်ပြေပါတယ်.. ဒါပေမဲ့သူကတော့မပြေစေရဘူး "


ဟန်ကျင်းပေါင်ကတော့ သေချာပေါက်အဆင် မပြေစေရဘူး!


ဟန်ဖန်ရုံက တစ်လမ်းလုံး စန်းဝမ်၏ခေါင်းပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမှာကိုစိုးရိမ်နေခဲ့ကာ ယခုမူတော့ အသက်ဝဝရူကာစိတ်ချနိုင်ပြီဖြစ်သည် ။


လူအုပ်လိုက်ကြီးသည် ရွာသို့အတူတူပြန်လာခဲ့ကြပြီး ဟန်ဖန်ရုံ၏အငယ်ဆုံးသားက စန်းဝမ်အား အိမ်ထဲအထိလိုက်ပို့ပေးခဲ့သည် ။ လင်းလန်က အကုန်လုံးကိုကျေးဇူးတင်စကားပြောလိုက်သည် ။


အကြီးဆုံးချွေးမက ကလေးများနှင့်အတူလာစောင့်နေခဲ့ပြီး မိုင်စွေ့နှင့်အားဝမ်တို့က ညစာချက်ထားပြီးဖြစ်ကာ ရှောင်ဝမ်ကိုလည်း ထမင်းကျွေးပြီးဖြစ်သည် ။ လင်းလန်တို့ပြန်ရောက်သည်မှ အကြီးဆုံးချွေးမကစိတ်ချသွားကာမေးလိုက်သည် ။


" စန်းဝမ်အဆင်ပြေရဲ့လား "


လင်းလန်က စန်းဝမ်၏ခေါင်းလေးကိုပုတ်ပေးရင်းပြန်ဖြေလိုက်သည် ။


" ကြီးကြီးမားမားတော့မဖြစ်ပါဘူး ဒါပေမဲ့ သွေးတွေအများကြီးထွက်ထားတော့ အာဟာရရှိတာတွေချက်ကျွေးရမယ် ကြက်သားနဲ့ကြက်ဥရောဘဲ "


စန်းဝမ်ကို ကုတင်ပေါ်တွင်ချပေးပြီး ရှောင်ဝမ်အားဆက်အိပ်စေပြီးသည့်အချိန်တွင် မိုင်စွေ့နှင့်အားဝမ်တို့က တဝမ်ဘယ်မှာလဲမေးလာကြသည် ။


" အစ်ကိုကြီးမြို့ပေါ်သွားမယ်လို့ပြောပြီးကတည်းကသားထပ်မတွေ့တော့တာ "


တဝမ်သည် မကြာခဏမြို့သို့သွားနေကျဖြစ်၍ လင်းလန်စိတ်မပူခဲ့ပေ ။ သို့သော်လည်း ယခုလိုပြဿနာများဖြစ်သည့်အချိန်​တွင် အိမ်မှာရှိမနေခဲ့သည်ကိုတော့ အလွန်ပင်စိတ်ပျက်မိကာ ဟန်ချင်စုန့်ပြန်လာလျှင် သေချာပေါက်ပြောပြကာဆုံးမခိုင်းတော့မည်ဖြစ်သည် ။


လင်းလန်က ခြင်းတောင်းကိုယူရင်းပြောလိုက်သည် ။


" ယောက်မစောင့်ပေးနေခဲ့ရတာ ပင်ပန်းမှာဘဲ အခုအဆင်ပြေသွားပါပြီ "


" ပြဿနာမရှိပါဘူး " 


အကြီးဆုံးချွေးမကအဆင်ပြေသည်ဟုပြောသော်လည်း လင်းလန်ကလက်မခံခဲ့ပေ ။ အဖိုးကြီးဟန် ၊ အဖွားကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်ပါ ကျေးလက်ဆေးခန်သို့ရောက်နေကြသောကြောင့်အိမ်တွင် ကျင်းယုနှင့်က​လေး

တချို့သာကျန်ခဲ့သည် ။


လင်းယုက စိတ်ထိန်းချုပ်ထားခြင်းပင်မရှိဘဲ သူမ၏အဝတ်အားလျှော်ပေးနေကြသည့်ကလေးများအား လင်းလန်ကိုကျိန်ဆဲနေခဲ့သလိုပြောဆိုနေသည် ။


" နင်တို့ရဲ့တတိယအဒေါ်လို ငပျင်းလုပ်မနေကြနဲ့ ငါတို့မိသားစုကြောင့်သာမဟုတ်ရင် ဘယ်ချောင်မှာသေနေလိမ့်မလဲတောင်သိမှာမဟုတ်ဘူး...မြန်မြန်လုပ်ကြစမ်းပါ ငပျင်းလေးတွေရဲ့ "


ကျင်းယု၏ဆူဆဲနေသံအားကြားရသည့်အခါ လင်းလန်နှင့်အတူဝင်လာသည့် ပထမချွေးမ၏မျက်နှာထားပြောင်းလဲသွားခဲ့သည် ။ လင်းလန်က ဘာမျှပြောမနေဘဲ ကြက်ခြံသို့သွားကာ ကြက်မသုံးကောင်အားဖမ်းပြီး ခြေထောက်များကိုကြိုးဖြင့်တုပ်ကာ ခြင်းထဲသို့ပစ်ထည့်လိုက်သည် ။


xxxxxx