Ch 2
Viewers 417


အပိုင်း ( ၂ )


ယွမ်ကျုံးကျိုးသည် သူမ ဘယ်သူလဲ ဆိုတာကို မှတ်မိရန် မူးဝေနေသော သူ့စိတ်ကို စုစည်းနေရသည်။ သူ ထိုင်ခုံမှ ဝင်ထိုင်ပြီးနောက် သူ့အတန်းဖော်ဟောင်းနှင့် သူ့ဘေးမှာ ထိုင်နေတဲ့  ဘော့စ် အသစ် ရှောက်ချန်းကျယ်ကို တံတောင်ဖြင့် တွတ်လိုက်၏။ “ ရှောက်ကြီး ရှောက်ကြီး ၊ မင်းရဲ့ အနောက် ဘယ်ဘက် ထိုင်ခုံမှာ မိန်းမလှလေး တစ်ယောက် ထိုင်နေတယ်။ အဲ့ဒီ ခြေတံရှည်လေးတွေ ၊ အဲ့ဒီ ခါး သိမ်သိမ်လေးနဲ့ အဲ့မျက်နှာ လှလှလေးကို ကြည့် … ။ ” သူ စကားပြောလို့ မဆုံးသေးခင်မှာပဲ အေးစက်သော အကြည့်ကြောင့် ကျောထဲ စိမ့်သွားကာ လက်ကျန် စကားလုံးတွေကို ပြန်မျိုချလိုက်ရလေသည်။ 


နားမလည်နိုင် ဖြစ်သွားသော ယွမ်ကျုံးကျိုးက မ‌ကျေမနပ် အသံဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။ “ မင်း ဘာလို့ ငါ့ကို အဲ့လိုကြီး လာကြည့်နေတာလဲ။ မင်း မိန်းမတွေကို မကြိုက်တာနဲ့ပဲ အလှလေး တစ်ယောက်ကို တွေ့လို့ စိတ်လှုပ်ရှားနေတဲ့ ငါ့ကိုတော့ လာပိတ်ပင်လို့ မရဘူးလေ။ ငါ မင်းကို ပြောပါရစေဦး ၊ မင်းက အခု ငါ့ဘော့စ် ဖြစ်နေတာနဲ့ပဲ မင်းကို ကြောက်မယ် ထင်မနေနဲ့နော်။ ငါ မင်းကုမ္ပဏီမှာ ကောင်းကောင်း အလုပ် လုပ်ဖို့ အလုပ်ဝင်ခဲ့တာပါ ၊ ပေါက်ကရတွေ လျှောက်မလုပ်ပါဘူး။ ဒါပေမဲ့ အခုက ငါ့ကိုယ်ပိုင်အချိန်လေ။ ငါ မိန်းမလိုက်နေတာကို မင်း လာထိန်းချုပ်လို့တော့ မရဘူးကွ။ ” 


ရှောက်ချန်းကျယ်က စိတ်ပျက်လက်ပျက် ပုံစံဖြင့် နှာခေါင်း တစ်ချက် ရှုံ့ပြီး ထိုင်ခုံကို မှီကာ လက်ပိုက်လျက် မျက်လုံးမှိတ် ၊ အနားယူနေလိုက်၏။ သူ ဘာမှ ထပ်မပြောဝောာ့။ 


ယွမ်ကျုံးကျိုးကဝောာ့ သူ့ရဲ့ ကျိုးကြောင်းခိုင်လုံသော ချေပစကားက သူ့အတန်းဖော်ဟောင်း တစ်ဖြစ်လဲ လက်ရှိ ဘော့စ်ကို ဘာမှ ပြန်မပြောနိုင် ဖြစ်သွားလောက်အောင် အနိုင်နှင့် ပိုင်းလိုက်နိုင်သည်ဟု ထင်သွားသည်။ ဝမ်းလျောတာက လုံးဝကြီး ဆိုးဝါးနေတာတော့ မဟုတ်ဘူးပဲ ၊ ဝမ်းလျောနေလို့ သူ သတ္တိရှိလာတယ်။


အချိန် အတော်ကြာပြီးနောက် လေယာဉ်သည် ရှည်လျားသော လေယာဉ်လမ်းကြောင်းပေါ်သို့ ဖြည်းဖြညချင်း ဆင်းသက်လာခဲ့သည်။ အနားယူနေတဲ့ ရှောက်ချန်းကျယ်ထံမှ စကားသံက တိတ်ဆိတ်နေသော လေထုထဲမှာ အေးစက်စွာ ထွက်ပေါ်လာသည်။ 


“ အဲ့တစ်ယောက်က ကလေးအမေပဲ။ မင်း တတိယလူ ဖြစ်ချင်တယ် ဆိုရင်တော့ သူ့ကို လိုက်ပေါ့။ ” 


ယွမ်ကျုံးကျိုးသည် လေယာဉ်ပေါ်မှ ဆင်းပြီးချိန်ထိ ရှောက်ချန်းကျယ်အား ထိုအမျိုးသမီးကို ကလေးအမေမှန်း ဘယ်လို သိတာလဲ ဆိုတာရယ် ၊ သိရင်ရော ဘာလို့ သွားမနှုတ်ဆက်တာလဲ ဆိုတာရယ်ကို မမေးသေးပေ။ မိန်းမလှ‌လေးသည် အလွန်ဆုံးမှ ( ၂၅ ) နှစ်ကျော် အရွယ်သာ ရှိလိမ့်ဦးမည်။ အဲ့ဒါနဲ့တောင် သူမက ဘာလို့ အခုကတည်းက ကလေးအဖေ ဖြစ်နေရတာလဲ။ 


ရှောက်ချန်းကျယ်က တစ်လမ်းလုံး တတွတ်တွတ် ပြောနေသော ယွမ်ကျုံးကျိုးကြောင့် စိတ်ရှုပ်လာကာ လေဆိပ်မှာ သူတို့ကို လာကြိုသည့် လူထံသို့ သူ့အိတ်ကို ပစ်ပေးလိုက်၏။ သူ စိတ်မရှည်စွာ ပြောလိုက်သည်။ “ မင်း သိချင်ရင် သူ့ကို ကိုယ့်ဘာသာ သွားမေးကြည့်လေ။ ” 


ယွမ်ကျုံးကျိုးက သတ္တိမရှိသော်လည်း လေယာဉ်ပေါ်မှာ ၁၀ နာရီကျော် ကြာအောင် ကိုယ်တစ်ပိုင်း လေဖြတ်နေသူ တစ်ယောက်လို ကျိတ်မှတ် စီးလာခဲ့ရတာမို့ သူ့လက်ရှိ ပုံစံက သရဲရုပ် ပေါက်နေမှန်း မှန်ကြည့်စရာ မလိုဘဲ သိနေသည်။ 


“ ငါ့ပုံစံ ဘယ်လို နေလဲ။ ” သူက အင်္ကျီကော်လံကို ဆွဲဆန့်ကာ ဆံပင်ကို လက် နှစ်ဖက်ဖြင့် သေသပ်အောင် ပွတ်ရင်း ခုန်ယိချန်းကို မေးလိုက်၏။ 


ခုန်ယိချန်းက သူ့ကို စုန်ချည်ဆန်ချည် ကြည့်ကာ “ သရဲထက်တောင်မှ ရုပ်ဆိုးသေးတယ် ” ဟု ပြောလိုက်လေသည်။ 



ထိုအချိန်မှာ အဖွဲ့ တစ်ဖွဲ့ကလည်း သူတို့ဘေးကနေ ဖြတ်လျှောက်သွားသည်။ ထိုအဖွဲ့ကို ဦးဆောင်သွားတာကတော့ သူ တွေးနေတဲ့ အမျိုးသမီးပဲ ဖြစ်သည်။ ယွမ်ကျုံးကျိုးက သူ့ပါးစပ်ကို အကြိမ် အနည်းငယ် ဖွင့်လိုက်သော်လည်း ဘယ်စကားလုံးမှ ထွက်မလာပေ။ အဝေးက တောင်တန်း တစ်ခုကို ငေးကြည့်နေသကဲ့သို့ တဖြည်းဖြည်း ဝေးကွာသွားသော သူမကို ဒီတိုင်းလေး ရပ်ကြည် ကျန်ခဲ့ပြီးမှ နာမည်လေးတောင် ‌မမေးလိုက်ရသည့်အတွက် နောင်တရမိလေသည်။ သူမကို နောက်တစ်ခေါက် ထပ်တွေ့ဖို့ အခွင့်အရေးရှိပါ့မလား ဆိုတာကိုလည်း မသိပါ။ 


ခုန်ယိချန်းမှာဝောာ့ အချစ်နာကျနေသော ယွမ်ကျုံးကျိုးကို လှောင်ပြောင်ဖို့ အချိန်မရှိသေးပေ။ သူမဘော့စ်ရဲ့ မျက်လုံးထဲမှ အေးစက်မှုတွေကိုသာ မြင်နေရသည်။ ယွမ်ကျုံးကျိုးသည် ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့တာမို့ နိုင်ငံတွင်း အခြေအနေတွေကို နားမလည်ပါ။ သူမ ထင်တာ မမှားလျှင်ဝောာ့ အခုလေးပဲ ဖြတ်လျှောက်သွားတဲ့ မိန်းကလေးက ချန်မိသားစုရဲ့ ဒုတိယ သခင်မလေး ချန်ကျင်းလန် ဖြစ်လောက်မည်။ 


တကယ်တော့ ခုန်ယိချန်းက ဂုဏ်သရေရှိ မိသားစုကြီးတွေရဲ့ လူသိများသော မိသားစုဝင်တွေအကြောင်း သိပ်သဲသဲကွဲကွဲ မသိပေ။ သူမ ရှောက်ချန်းကျယ်ရဲ့ အတွင်းရေးမှူး ဖြစ်လာပြီးတော့မှသာ ရှောက်မိသားစု သမိုင်းကို အချိန် အနည်းငယ်အတွင်း အမြန် လေ့လာခဲ့ရတာ ဖြစ်လေသည်။ ရှောက်မိသားစု ပါဝင်နေသော မည်သည့် ပြဿနာမဆို ချန်မိသားစုပါ အမြဲတမ်း ယှဉ်တွဲပါဝင်နေလေ့ရှိသည်။ 


ရှောက်မိသားစုနှင့် ချန်မိသားစုတွေက မဟာရန်သူတော်ကြီးတွေ ဖြစ်သည်ဟု လူသိများကြသော်လည်း ဘယ်သူကမှ သူတို့ရဲ့ ရန်ငြိုးရန်စတွေအကြောင်း သေချာ မသိကြ။ ဒါပေမဲ့ ရှောက်မိသားစုဝင်တွေ လိုက်နာရမည့် စည်းမျဉ်း သုံးခုကိုတော့ အပြင်လူတွေ သိကြသည်။ အဲ့ဒါတွေကတော့ ‘ ရှောက်မိသားစုဟာ ချန်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရ၊ ထိမ်းမြားလက်ထပ်ခြင်း မပြုရ၊ ဘယ်လို အခမ်းအနားမှာမဆို ချန်မိသားစုဝင်တွေနှင့် မတွေ့ရ ’ ဆိုတာပဲ ဖြစ်သည်။


ဘော့စ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်ကြည့်ရုံဖြင့် ရှောက်မိသားစုနှင့် ချန်မိသားစုကြားမှ နက်ရှိုင်းသော ရန်ငြိုးရန်စတွေဟာ လူတွေ ပြောနေကြသလို အမှန်တကယ်ပဲဖြစ်ကြောင်း သိနိုင်သည်။ 


ချန်ကျင်းလန်သည် ကားထဲ ဝင်ပြီးနောက် လက်စွပ်ကို ချွတ်ကာ အိတ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ထိုအိတ်ကို သူမရဲ့ ဘေးခုံပေါ်သို့ ဖျတ်ခနဲ လွှင့်ပစ်လိုက်၏။ လေယာဉ်ကို အကြာကြီး စီးလာရလို့ သူ့ဘော့စ် ပင်ပန်းနေသည်ဟု ထင်သွားသော ထန်ယိချန်းက ဒရိုင်ဘာအား ကားကို မြန်မြန်မှန်မှန် မောင်းဖို့ ပြတင်းပေါက်မှ တစ်ဆင့် လှမ်းပြောလိုက်သည်။ 


ချန်ကျင်းလန်က တစ်ဝက်တစ်ပျက် မှိတ်ထားသော မျက်လုံးများဖြင့် ပြောလိုက်သည်။ “ နင်လည်း ဝင်လေ။ နင့်အိမ်ကို အရင် လိုက်ပို့ပေးမယ်။ ပြီးမှ ချန်ဥယျာဉ်ကို ငါ့ဘာသာ သွားလိုက်မယ်။ ”


ထန်ယိချန်းက သူတို့ သွားရမည့် နေရာဟာ တောင်နှင့်မြောက် ဆန့်ကျင်ဖက် ဖြစ်နေသောကြောင့် တကူးတက လိုက်ပို့နေရမည် ဖြစ်ကြောင်း ပြောဖို့ ပါးစပ်ပြင်လိုက်သည်။ အဲ့ဒါက အရမ်းလည်း အလုပ်ရှုပ်ပါလိမ့်မည်။ 


ချန်ကျင်းလန်က သူ့ကို မျက်လုံးဖွင့် ကြည့်လိုက်သည်။ “ အပိုတွေ လုပ်မနေနဲ့။ နင့်ရဲ့ လက်ဆွဲသေတ္တာ အကြီးကြီး နှစ်လုံးနဲ့ဆိုရင် တော်တော်နဲ့ တက္ကစီ ငှားလို့ ရမှာ မဟုတ်ဘူး။ ဒီနေ့ အိမ် စောစော ပြန်ပြီး နားလိုက်။ မနက်ဖြန်ကျ ဟိုတယ်မှာ လုပ်စရာတွေ အများကြီး ရှိတယ်။ ”


ထို့ကြောင့် ထန်ယိချန်းလည်း ဆက်လက် ငြင်းဆန်မနေတော့ပါ။ ပထမဆုံးအနေဖြင့် သူနှင့် ဒရိုင်ဘာက လက်ဂေ့ဂ်ျကို ကားထဲ ထည့်လိုက်ပြီးနောက် အရှေ့ဘက် ခရီးသည်ထိုင်ခုံမှာ သူ ဝင်ထိုင်လိုက်ပါသည်။ 


သူ့ဘော့စ်က ချန်မိသားစုရဲ့ မာနကြီးကာ အထက်စီးဆန်သော ဒုတိယ သခင်မလေးအဖြစ် နာမည်ကြီးသည်။ သူ သူမဆီမှာ ပထမဆုံး အလုပ်ဝင်တုန်းက အစိုးရိမ်ကြီးခဲ့ရပါသည်။ ပြောရရင် မင်းသမီး တစ်ပါးနောက် တကောက်ကောက် လိုက်ရတာက “ အရှင်သခင်နောက် တကောက်ကောက် လိုက်ရတာက ကျား တစ်ကောင်နောက်ကို လိုက်ရတာထက် ပိုဆိုးတယ်။ ” ဆိုတဲ့ စကားပုံထက်တောင် ပိုခက်ခဲသေးရဲ့။ မျိုးဆက် သုံးဆက်လုံးက သည်းသည်းလှုပ် ဂရုစိုက်ကြသော ရတနာလေး တစ်ပါးမို့ သူမကို “ မင်းသမီး ” လို့ ခေါ်တာ မလွန်ပါ။ 


သို့သော် သူမဆီမှာ အချိန် တစ်ခုကြာအောင် အလုပ် လုပ်ပြီးချိန်မှာတော့ ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးဟာ ကောလဟာလတွေလို မဟုတ်မှန်း ထန်ယိချန်း နားလည်သွားခဲ့သည်။ သူမရဲ့ မိသားစုနောက်ခံနှင့် ဂုဏ်အဆင့်အတန်းကြောင့် မာနကြီးပေမဲ့ အမြဲတမ်း မာနကြီး တစ်ခွဲသားနှင့် နေ,နေတာမျိုးတော့ မဟုတ်။ သူမက အပြင်က လူတွေ ပြောနေကြသလိုမျိုး လူတွေကို စိတ်ထင်တိုင်း မအော်ငေါက် မကြိမ်းမောင်းတတ်။ သူမ ကောင်းကောင်း မအိပ်ရသေးသော အချိန်မျိုးမှာသာ စိတ်ဆတ်တတ်ပေမဲ့ သူများတွေကို ပတ်ရမ်းခြင်း မရှိဘဲ အလျင်အမြန် ပြန်စိတ်တည်ငြိမ်သွားလေ့ရှိသည်။ 


ထို့ကြောင့် ထန်ယိချန်းသည် သူ့ဘော့စ်နှင့် ပတ်သက်သော ထိုအတင်းအဖျင်း ဇာတ်လမ်းတွေ ဘယ်က ဘယ်လို ပေါ်လာမှန်း မသိသော်လည်း သူ့ဘောစ်ကတော့ ထိုကောလဟာလတွေကို ဘယ်တော့မှ ဂရုမစိုက်သလို ရှင်းလည်း ရှင်းမပြဘဲ လူတွေ သူမအကြောင်း ဘယ်လိုပဲ ပြောနေကြပါစေ ၊ သူမကဝောာ့ ကိုယ့်ဘဝကိုယ် လွတ်လပ်မှန်ကန်စွာ ဖြတ်သန်းနေလေသည်။ 


ချန်ကျင်းလန်က သူမရဲ့ ထိုင်ခုံ အနေအထားကို ထိန်းညှိပြီး မျက်လုံးတွေကို မှိတ်ထားလိုက်စဉ်မှာပဲ သူမရှေ့မှ နက်ရှိုင်းသော အမှောင်ထုထဲမှာ ပုံရိပ် တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်ကြောင့် သူမရဲ့ မျက်လုံးထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားကာ မျက်ရည်စများ ဝဲတက်လာသည်။ နှစ်တွေ အများကြီး ကြာသွားတဲ့အထိ နာနာကျင်ကျင် ပြုံးနေမိဆဲ ဖြစ်သော သူမကိုယ်သူမ လှောင်ရယ်မိသည်။ 


စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေက အတွေးထဲ ဆက်တိုက် ဝင်ရောက်ကာ သူမကို အိပ်မပျော်နိုင်အောင် တားဆီးနေသည်။ အိပ်ရေးပျက်ထားသော ဦးနှောက် တစ်ခြမ်းက အိပ်ချင်စိတ် လုံးဝ ပြယ်သွားကာ ကျန်ဦးနှောက် တစ်ခြမ်းထဲမှာတော့ အတွေးတွေ ရှုပ်ထွေးနောက်ကျိနေသောကြောင့် နေရထိုင်ရတာ သက်သောင့်သက်သာမရှိတဲ့ ခံစားချက်က ပိုဆိုးလာသည်။ 


နွေဦးကနေ နွေရာသီသို့ အကူးအပြောင်းမို့ ရာသီဥတုက ပူလည်း မပူ ၊ အေးလည်း မအေးပါ။ အလုပ်ချိန် ဖြစ်၍ မြို့ထဲ သွားသော လမ်းမပေါ်မှာ ကားတွေ ပြွတ်သိပ်နေသည်။ ကားထဲမှာ လေကောင်းလေသန့် သိပ်မရသလို ခံစားရ၍ ချန်ကျင်းလန်သည် ပြတင်းပေါက်မှန်ကို တစ်ဝက် ချလိုက်၏။ လတ်ဆတ်သော လေက ကားထဲကို ဝင်မလာသေးခင်မှာပဲ ဘေးဘက်မှာ သူမလိုပဲ တစ်ဝက် ချထားသော တစ်ဖက်ကားရဲ့ ပြတင်းပေါက်ကနေ လူ တစ်ယောက်ကို အရင်ဆုံး မြင်လိုက်ရသည်။ 


ချန်ကျင်းလန် အံကြိတ်လိုက်၏။ သူမ ပြတင်းပေါက်မှန်ကို ပြန်တင်ထို့ လုပ်နေစဉ်မှာပဲ ထိုအမျိုးသားက သူမဘက်ကို လှည့်ကြည့်လာသည်။ သူမရဲ့ လက် တုံ့ခနဲ ရပ်တန့်သွားသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ပထမဆုံးအကြိမ် မျက်လုံးချင်း ဆုံချိန်မှာ သူမဘက်က ဟန်မပျက် နေချင်မိသည်။ ပြတင်းပေါက်မှန်ချသည့် ခလုတ်ပေါ်မှ သူမလက်ကို ပြန်ရုတ်ပြီး မသိမသာ အကြည့်လွှဲလျက် ဘယ်ကမှန်း မသိတဲ့ ကိုလူစိမ်းကို မမြင်သလို ဟန်ဆောင်နေလိုက်ပါသည်။ တိတိကျကျ ပြောရလျှင်ဝောာ့ သုတ်ခနဲ ဖြတ်တိုက်သွားသော လေက ကားအပြင်ဘက်ရှိ နွေဦးမြင်ကွင်းကို နှစ်သက်ခံစားနေသော သူမရဲ့ လွတ်လပ်ပေါ့ပါးသည့် စိတ်အစဉ်အား မဟန့်တားနိုင်ပေ။ ချန်ကျင်းလန်ရဲ့ တစ်ခုတည်းသော နောင်တကတော့ ခုနတုန်းက သူမရဲ့ လက်စွပ်ကို ချွတ်ခဲ့မိတာပဲ ဖြစ်သည်။ 


အပေါ်ယံမှာသာ သူမပုံစံက ပေါ့ပေါ့ပါးပါး ပုံစံပေါက်နေသော်လည်း တကယ်တမ်း စိတ်ထဲမှာတော့ တင်းကျပ်ပူလောင်နေသည်။ သူမ လှည့်မကြည့်လျှင်တောင် ထိုအမျိုးသားရဲ့ ရှောင်လွှဲလို့ မရသော အကြည့်ကို အာရုံမိနေကာ စိတ်အနှောင့်အယှက်ဖြစ်ရလေသည်။ သူ ဘာတွေ တွေးနေမှန်း သူမ မသိပေမဲ့ သေချာတာ တစ်ခုက သူ‌ တွေးနေတဲ့ အတွေးဟာ အဓိပ္ပာယ်ရှိမှာတော့ မဟုတ်။ ကံကောင်းစွာဖြင့် ကားတွေ ပြွတ်သိပ်နေသော လမ်းသည် နောက်ဆုံးတော့ တဖြည်းဖြည်း ရှင်းသွားကာ သူမရဲ့ ကားက အရင်ဆုံး ထွက်လာခဲ့ကာ ထန်ယိချန်းကို အိမ်လိုက်ပို့ရန် အတွက် တစ်ဖက်လမ်းထဲကို ချိုးကွေ့ ဝင်လာခဲ့သည်။ သူမရဲ့ ကားနှင့် ထိုအမျိုးသားရဲ့ ကားက ဆန့်ကျင်ဘက် တစ်လမ်းစီကို ချိုးကွေ့သွားခဲ့ပါသည်။ ဖြစ်နိုင်လျှင် သူ့ကို သူမရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံးမှ ဘယ်တော့မှ ထပ်မတွေ့ဖို့ မျှော်လင့်မိသည်။ 


ချန်လီချီသည် ခြံထဲကို မောင်းဝင်လာသော ကားကို မြင်ချိန်မှာ ဒါန်းပေါ်ကနေ ချက်ချင်းပဲ ခုန်ချပြီး ပြေးလာလိုက်၏။ ခါတိုင်း ကျောင်းပိတ်ရက်တွေထက် ဒီနေ့မနက် အိပ်ရာစောစောထပြီး အိမ်ပြန်လာမယ့် သူမအမေကို သူမ စောင့်မျှော်နေခဲ့တာပါ။ မနက်စာ စားပြီးနောက် နာရီဝက်တိတိ စန္ဒရားတီး လေ့ကျင့်ပြီးမှ အပြင်ထွက် ဒါန်းစီးနေတာ ဖြစ်သည်။ 


ချန်ကျင်းလန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပြေးလာသော ကလေးမလေး တစ်ယောက်က သူမရဲ့ ခြေထောက်တွေကို လာပွေ့ဖက်သည်။ သူမ ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ ထိုကလေးမလေးကို ပွေ့ချီပြီး သူမရဲ့ နှာခေါင်းချွန်ချွန်လေးကို ဖျစ်ညှစ်လိုက်၏။ “ သမီး ဒီနေ့ ဘယ်လိုလုပ် အစောကြီး နိုးနေတာလဲ။ ” 


ချန်လီချီက နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။ ပြုံးလိုက်တော့ သူမရဲ့ မျက်လုံးလေးတွေပါ မှေးပိတ်သွားပြီး ညည်းညည်းညူညူလေး ပြောလာ၏။ “ သမီး မေမေ့ကို စောစော မြင်ချင်လို့ အိပ်ရာ စောစော ထခဲ့တာ။ ” 


ချန်လီချီရဲ့ ရယ်မြူးရိပ်‌တွေ ပျော်ဝင်နေသည့် တောက်ပသော မျက်လုံးလေးတွေကို ကြည့်ပြီး ချန်ကျင်းလန် တစ်ယောက် မကြာသေးမီတုန်းက မြင်ခဲ့ရတဲ့ မြင်ကွင်းဆီ အတွေးရောက်သွားကာ ခဏလောက် စိတ်နှင့်ကိုယ်မကပ် ဖြစ်သွားသည်။ 


ချန်လီချီက သူမကို ချွဲရန် ကြိုးစားနေသော်လည်း ထင်ထားသလို တုံ့ပြန်မလာသောကြောင့် အမေဖြစ်သူကို အရင်ဆုံး နမ်းလိုက်၏။ “ သမီးကို စောစောစီးစီး မတွေ့ချင်လို့လားဟင် မေမေ။ ” 


သတိပြန်ဝင်လာ‌သော ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ မျက်နှာလေးပေါ်က အနမ်းမိုးတွေ ခြွေချလိုက်သည်။ “ မဟုတ်တာကွယ် ၊ မေမေက သမီးကို စောစော မတွေ့ချင်ဘဲ နေမတဲ့လား။ မေမေလည်း သမီးကို လွမ်းလို့ လွမ်းဖျားလွမ်းနာကျပြီး သေတော့မလားတောင် ထင်ရတယ်။ ” 


ချန်လီချီက တခစမခစ် ရယ်လိုက်သည်။ သူမလေးက အမေဖြစ်သူရဲ့ လည်ပင်ကို ဖက်ကာ ခန္ဓာကိုယ်ကို ဟိုဒီ ယိမ်းနွဲ့လိုက်၏။ “ မေမေ ၊ သမီး ရှောင်ချီကို အကူအညီ အကြီးကြီး တစ်ခု ပေးထားတယ် သိလား။ ” 


မနေ့တုန်းက ချန်လီချီ အိမ်ပြန်ရောက်,ရောက်ချင်း သူမရဲ့ အဘွား ဖေးကျူးဟွေ့ကို အပူကပ်ကာ ဘယ်ဘက်မျက်လုံးအောက်မှာ မှည့်နှင့် ရှန်း မျိုးရိုးနာမည် ရှိတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ယောက်များ ရှိသလားဟု သွားမေးခဲ့သည်။ 


တိုက်ဆိုင်စွာဖြင့် ဖေးကျူးဟွေ့ သိတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်မှာလည်း ထိုအချက်တွေ အကုန်လုံး ရှိနေသည်။ ထိုမင်းသမီးကတော့ သူမ အခုတလောမှ စကြည့်နေတဲ့ တီဗီ ဇာတ်လမ်းတွဲထဲမှ တက်သစ်စ ငွေကြယ်ပွင့် ခေါင်းဆောင်မင်းသမီးလေး ရှန်းစီဝမ်ပါပဲ။ သူမရဲ့ ဘယ်ဘက်မျက်လုံးအောက်မှာ ရှိသော မှည့်နီလေးက သူမရဲ့ နူးညံ့သိမ်မွေ့နေပြီးသား အသွင်အပြင်ကို ပိုမို ပျော့ပျောင်းသွားစေသည်။ သူမကို ဝတ္ထုဇာတ်ကောင် လင်သိုက်ယွီရဲ့ လူသားပုံတူလို့ ခေါ်ဆိုတာ မလွန်ပါ။ 


ချန်လီချီက ရှန်းစီဝမ်ရဲ့ ဓာတ်ပုံကို အတော်ကြာအောင် စိုက်ကြည့်အပြီး နောက်ဆုံးမှာမှ ရှန်းစီဝမ်ဟာ ရှောင်ချီရဲ့ အမေဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ သူတို့ နှစ်ယောက်ရဲ့ မျက်လုံးအောက်က မှည့်နီလေးတွေက သိပ်ကို တူလွန်းနေသည်လေ။ 


ချန်ကျင်းလန်က လေတိုက်သွား၍ မသပ်မရပ်ဖြစ်နေသော သူမသမီးလေးရဲ့ ဆံပင်တွေကို သေသပ်အောင် စည်းနှောင်ပေးရင်း အလိုက်အထိုက် ပြောနေခဲ့သည်။ “ သမီးက သူ့ကို ဘာကူညီပေးလိုက်လို့လဲ။ ”


ချန်လီချီရဲ့ မျက်လုံးဝိုင်းလေးတွေက ဂဏှာမငြိမ် ဖြစ်သွားကာ သူမအမေရဲ့ နားရွက်နား ကပ်ပြီး လေသံလေးဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ အဲ့ဒါ လျှို့ဝှက်ချက်။ မေမေ့ကို ပြောပြလို့ မရဘူး။ ”


အဲ့ဒါက သူမနှင့် ရှောင်ချီရဲ့ လျှို့ဝှက်ချက်ပါ။ လောလောဆယ်မှာ ရှောင်ချီရဲ့ အမေက ဘယ်သူလဲ ဆိုတာကိုပဲ သူမတို့ သိသေးသည် ၊ သူမကို တွေ့အောင် ရှာဖို့ ကျန်သေးသည်။ ရှောင်ချီ့အဖေက ရှောင်ချီ သူ့အမေကို သွားရှာတာကို မကြိုက်၍ ဘာမှ သိလို့ မဖြစ်။ 


ချန်လီချီရဲ့ ခေါင်းလေးထဲမှာ အစီအစဉ်လေးတွေ ပြည့်နှက်နေကာ အရွယ်ရောက်ပြီးသူ တစ်ယောက်ကို အာရုံပြောင်းအောင် လုပ်ဖို့ စကားလမ်းကြောင်းလွှဲလိုက်၏။ “ ဒါနဲ့ မေမေ သမီးအတွက် ဘာလက်ဆောင်တွေ ယူလာတာလဲဟင်။ ” 


လက်ဆောင် သေးသေးလေးတွေရော ၊ လက်ဆောင် အကြီးကြီးတွေရောက လက်ဆွဲသေတ္တာ တစ်ခုလုံး အပြည့် ရှိ၏။ ချန်လီချီသည် လက်ဆောင်တွေကို မြင်ဝောာ့ သူမရဲ့ ချစ်လှစွာသော အမေကို မေ့လျော့သွားကာ ရေးခနဲ အော်ပြီး လက်ဆောင်တွေကို အထုပ်ဖွင့်ရန်အတွက် သူမအမေရဲ့ ရင်ခွင်ထဲမှ စိတ်မရှည်စွာ ခုန်ဆင်းလိုက်ပါတော့သည်။ ချန်ကျင်းလန်က သူမရဲ့ လောဘကြီးသော ‌သမီးလေးကို ရယ်မောရင်း ဆူနေသည်။ 


ဒေါ်လေးချွီက ချန်ကျင်းလန်ရဲ့ အဝတ်တွေကို သိမ်းပေးရန် သူမနောက်မှ လိုက်လာကာ အပေါ်တက် ၊ ရေမိုးချိုးပြီးမှ အောက်ပြန်ဆင်းပြီး နေ့လယ်စာ စားထို့ ပြောနေသည်။ မီးအေးအေးနှင့် ချကမထားသော ကြက်စွပ်ပြုတ်က အိုးထဲမှာ အဆင့်သင့် ရှိကာ သူမ ဆင်း,စားရုံပါပဲ။ ဖေးကျူးဟွေ့က ဓလေ့ထုံးတမ်းဟောင်းတွေကို အလေးထားသည်။ မိသားစုထဲက ဘယ်သူမဆို အလုပ်ကိစ္စနှင့် သွားသည့် ခရီးကနေ အိမ်ပြန်ရောက်လာတဲ့အခါ ပထမဆုံး စားမည့် အစားအစာက ခေါက်ဆွဲ ဖြစ်ရမည်။ 


ချန်ကျင်းလန်က အန်တီချွီကို ဖက်ပြီးနောက် ဖေးကျူးဟွေ့ကို ပွေ့ဖက်လိုက်သည်။ ထို့နောက် နောက် လက်ဆွဲသေတ္တာ တစ်လုံးကို ညွှန်ပြရင်း ပြောလိုက်၏။ “ အဲ့ဒါက ဒေါ်လေးတို့ နှစ်ယောက်အတွက်နော်။ ဘယ်သူ့ကိုမှ ခွဲမပေးနဲ့။ ”


ဖေးကျူးဟွေ့က ဒေါ်လေးချွီကို ပြုံးပြလိုက်သည်။ “ သူမက ချန်လီချီလိုပဲ ငါတို့ကို အဘွားအိုကြီး နှစ်ယောက်လို ဆက်ဆံပြီး လာချော့နေတာ။ ” 


ချန်ကျင်းရွှမ်က အောက်ထပ် ဆင်းလာကာ လှေကားပေါ်မှာ ပျင်းရိပျင်းတွဲ မှီထိုင်နေသည်။ “ ကျွန်တော့်ကိုလည်း ချော့မယ့် တစ်ယောက်ယောက် ရှိရင် ကောင်းမှာ ၊ ဒါပေမဲ့ ဘယ်သူမှ မရှိတာ ဆိုးတယ်။ ” 


ချန်ကျင်းလန်က သူ့ကို ‌သရော်လိုက်သည်။ “ သခင်လေးချန် ၊ နင့်ကို ချော့မယ့် လူ တစ်ယောက် လိုချင်တယ် ဆိုရင် တစ်ခါလောက် အော်လိုက်တာနဲ့ မြို့ရဲ့ တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းကို ဆက်သွယ်လို့ရလောက်တဲ့ လူတွေက နင့်ကို ကျေကျေနပ်နပ်ကြီး လာချော့မှာပဲ။ သနားစရာ‌ကောင်းအောင် ထိုင်စောင့်မနေနဲ့ ၊ ဘယ်သူ လာချော့ချော့ ကြေး(ဂျီး)များမနေဘဲ အချော့ခံလိုက်။ ”

***