အပိုင်း ( ၈ )
နောက်ဆုံးတော့ ချန်လီချီနှင့် ရှန်းချူချီရဲ့ ရိုက်ကွင်းကို သွားလည်မည့် ဆန္ဒလေး ပြည့်ဝသွားခဲ့သည်။ သူတို့ နှစ်ယောက်လုံး အလွန် စိတ်လှုပ်ရှားနေကြလေသည်။
လီဖေးဖုန့်က အရူးလေးလို တစ်ယောက်တည်း ရယ်မောနေသော သူ့သားကို မြင်တော့ ပြောလိုက်သည်။ “ တီဗီရိုက်ကွင်း တစ်ခုပါပဲ သားရယ်။ ဘာလို့ အရမ်း ပျော်နေတာလဲ။ ”
ရှန်းချူချီက ဖျတ်ခနဲ ခေါင်းညိတ်လိုက်သည်။ သူ အရမ်း ပျော်နေတာပါ။ သူ့အမေကို ရှာတွေ့ဖို့ ခြေ တစ်လှမ်း နီးသွားပြီလေ။
ချန်လီချီက ဝင်ပြောလိုက်သည်။ “ ရှန်းချူချီက သရုပ်ဆောင် အရမ်း တော်တယ် ဦးလေးလီရဲ့။ သူက အနာဂတ်မှာ ရုပ်ရှင်သရုပ်ဆောင် ဖြစ်နိုင်တယ်။ ”
လီဖေးဖုန့်ရဲ့ အကြည့်က ရပ်တန့်သွား၏။
ရှန်းချူချီက လီဖေးဖုန်းကို ကြည့်လိုက်သည်။ “ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင် လုပ်လို့ ရမလား ဖေဖေ။ ”
လီဖေးဖုန့်က အပြုံးတု တစ်ခုကို အားယူ ပြုံးပြလိုက်သည်။ “ ရတာပေါ့ ၊ သား သဘောကျတယ် ဆိုရင် လုပ်လို့ ရပါတယ်။ ”
ကားပေါ်ကနေ ချန်လီချီ ဆင်းပြီးသည်နှင့် ပတ်ဝန်းကျင်ကို လျှောက်မကြည့်ဘဲ မနေနိုင်ပေ။ ရိုက်ကွင်းထဲမှာ လူတွေ အများကြီး ရှိကာ ရုပ်ချောသာ အမျိုးသား ၊ အမျိုးသမီးတွေလည်း အများကြီးပင်။ သို့သော်လည်း မနက်တုန်းက ဖျော်ရည်တွေ အများကြီး သောက်လာခဲ့၍ သူမ အရင်ဆုံး သန့်စင်ခန်း သုံးချင်ပါသည်။ ရှစ်ရမ်က ဝုလင်ကို ချန်လီချီနှင့်အတူ လိုက်သွားဖို့ ပြောလိုက်သည်။
သန့်စင်ခန်း သုံးပြီးနောက် အစ်မဝုက စင်္ကြံမှာ လမ်းလျှောက်ရင်း တစ်ယောက်ယောက်ကို ဖုန်းဆက်နေသည်။ ချန်လီချီက လက်ဆေးရန်အတွက် ကလေးများ သုံးသည့် လက်ဆေးကန်ကို သူမဘာသာ သွားလိုက်သည်။
လက်ဆေးကန်ကို ရောက်တော့ သူမဘေးမှာ လက်ဆေးနေတဲ့ အမျိုးသမီး တစ်ယောက် ရှိနေသည်။ ချန်လီချီက သူမရဲ့ ရုပ်ရည်သွင်ပြင်ကို မှန်ထဲကနေ မြင်ရသည်။ ထိုအမျိုးသမီးဟာ ဖုန်းထဲမှာ သူမ မြင်ဖူးတဲ့ ဓာတ်ပုံတွေထဲကထက်နောင် အပြင်မှာ ပိုလှသည်။
ရှမ်းစီဝမ်က ဖုန်းကို ပခုံးနှင့် နားရွက်ကြားတွင် ညှပ်ကာ အသံတိုးတိုးဖြသ့် တစ်ဖက်လူကို ဖုန်းပြောနေရင်း တစ်ချိန်တည်းမှာပဲ လက်ဆေးနေခဲ့သည်။ “ ရှင့်ဘော့စ်ရဲ့ ဒုတိယ ဦးလေးရဲ့ သားက ကျွန်မကို ဒီည ထပ်ပြီး ညစာစားဖို့ ဖိတ်ချင်နေတယ် အတွင်းရေးမှူးခုန်။ အစည်းအဝေး ပြီးသွားရင် ရှောက်ချန်းကျယ်ကို ကျွန်မ သွားသင့်လား ၊ မသွားသင့်ဘူးလား ဆိုတာ တစ်ချက် မေးကြည့်ပေးပါ။ ”
ချန်လီချီက ရေဘုံဘိုင်ခေါင်းကို ပိတ်ကာ ရှန်းစီဝမ်ကို လှည့်ကြည့်လိုက်သည်။
အစ်မရှန်း ပြောသွားတဲ့ ရှောက်ချန်းကျယ် ဆိုတာ သူမရဲ့ အဖေလား … ။
........
ချန်လီချီက ဝုလင်ကို ဖုန်းထဲကနေ လှမ်းပြောလိုက်သည်။ “ ရှန်းချူချီကို ဘာလက်ဆောင် ပေးရမလဲ ဆိုတာ သမီး ဆုံးဖြတ်ပြီးသွားပြီ အစ်မဝု။ ”
ဝုလင်က သူမရဲ့ လက်တွေကို သန့်ရှင်းသွားအောင် ကူသုတ်ပေးနေရင်း မေးလိုက်သည်။ “ သမီးက ဘာလက်ဆောင် ပေးချင်လို့လဲ။ ”
“ သမီး သူ့အတွက် စပိုက်ဒါမန်း ကိတ်မုန့် လုပ်ပေးချင်တယ်။ ရှန်းချူချီက စပိုက်ဒါမန်းကို အကြိုက်ဆုံးပဲ။ ”
လက်ကို အစိုဓာတ် ဖြည့်ပေးသည့် ခရင်မ် လိမ်းနေသော ရှန်းစီဝမ်က ချန်လီချီရဲ့ စကားတွေကို အမှတ်တမဲ့ ကြားသွားသည်။ သူမ လှည့်ကြည့်လိုက်တော့ တိုက်ဆိုင်စွာပင် ချန်လီချီနှင့် အကြည့်ချင်း သွားဆုံပါသည်။ ကလေးမလေးရဲ့ မျက်လုံးထဲမှာ မဟုတ်တာ တစ်ခုခု လုပ်နေတဲ့ ရှောက်ချန်းကျယ်လိုပဲ မရိုးသားမှု တချို့ ပျော်ဝင်ကာ ပြံးရောင်သမ်းနေ၏။ သွေးသား ဆိုတာ တကယ့်ကို စကားပြောတာပဲ။
သို့သော်လည်း ရှန်းစီဝမ်သည် သူမပဲ အမြင်မှားတာလားဟု သံသယရှိမိသည်။ ပြောရရင် သူမကလည်း ကိုယ့်အပြစ်နှင့်ကိုယ် မလုံမလဲ ဖြစ်နေသူလေ။
သူမရဲ့ ဖုန်းက တုန်ခါလာသောကြောင့် လက်ကို အစိုဓာတ် ဖြည့်ပေးသည့် ခရင်မ်ဘူးကို အိတ်ထဲ ပစ်ထည့်ပြီး ဖုန်းမျက်နှာပြင်ကို မကြည့်ဘဲ ထိုဖုန်းကောလ်ကို လက်ခံလိုက်၏။ တစ်ဖက်က အသံကို ကြားတော့ သူမ အံ့ဩသွားသည်။
လီဖေးဖုန့်က မေးသည်။ “ မင်း သဲ့ဝမ် အဆောက်အဦးမှာ ရောက်နေတာလား။ ”
ရှန်းစီဝမ်က ချန်လီချီကို ခေါင်းညိတ် ပြုံးပြခဲ့ပြီးမှ အိတ်ကို လွယ်ကာ ဖုန်းကို နားမှာ ကပ်ထားလျက် အပြင်ထွက်လာခဲ့လိုက်သည်။ “ ဟုတ်တယ် ၊ ကျွန်မ ဒီနေ့ ဧည့်သည်သရုပ်ဆောင် ဇာတ်ကောင်အတွက် ဇာတ်ကွက် တစ်ကွက် ရိုက်ပေးဖို့ ခဏ ရောက်နေတာ။ ဘာဖြစ်လို့လဲ။ ”
“ ငါလည်း ဒီကို ရောက်နေတာ။ ရှန်းချူချီလည်း ပါတယ်။ ”
ရှန်းချူချီရဲ့ အသက်ရှူသံက တင်းကျပ်သွားသည်။
စကား ကောင်းကောင်း ပြောတာ ရှားသော လီဖေးဖုန့်က ရှင်းပြနေသည်။
“ ရှန်းချူချီက သူ အရွယ်ရောက်ရင် ရုပ်ရှင်သရုပ်ဆောင် ဖြစ်ချင်တယ်လို့ ပြောပြီး သူ့ကို တီဗီရိုက်ကွင်း တစ်ခုဆီ ခေါ်သွားပေးဖို့ ဆက်တိုက် ဂျီကျနေတာ။ ငါ့သူငယ်ချင်း တစ်ယောက် ဒီဇာတ်လမ်းတွဲရဲ့ ဂရိုဂျူဆာ ဆိုတော့ သူ ငါ့ကို ခေါ်လာပေးတာ။ မင်းလည်း ဒီမှာ ရှိတယ် ဆိုတာကို ငါ ရောက်လာပြီးမှ သိတာ။ မင်း စိတ်ထဲမှာ အဆင်မပြေရင် ငါ သူ့ကို အခု ပြန်ခေါ်သွားပေးလို့ ရတယ်။ ”
“ ဟင့်အင်း။ ” ရှန်းစီဝမ် အမြန် ပြောလိုက်သည်။
“ သူ့ကို ပြန်ခေါ်မသွားစေချင်ဘူး ဆိုတော့ မင်း သူနဲ့ တွေ့ချင်လို့လား။ ” လီဖေးဖုန့်က တစ်ဆင့်ချင်း ရှေ့တိုးလာသည်။
ရှန်းစီဝမ်ရဲ့ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေသည်။ “ ကျွန်မ သူနဲ့ တွေ့လို့ ရမလား။ ”
လီဖေးဖုန့်ရဲ့ အသံက အေးစက်သွားသည်။ “ မင်းကို သူနဲ့ မတွေ့ဖို့ ငါ ဘယ်တုန်းက တားဖူးလို့လဲ။ သူနဲ့ တွေ့ပြီးရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုပဲ မင်း သေချာ စဉ်းစားဖို့ လိုတာ။ မင်းမှာ သူ့အမေ ဆိုတဲ့ သရုပ်မှန် တစ်ခုပဲ ရှိတာ။ တခြားသူအနေနဲ့ မင်း သူ့ကို တွေ့ချင်တယ် ဆိုရင်တော့ မတွေ့တာ ပိုကောင်းတယ်။ မင်း ငါ့သားကို မလိုချင်သလိုပဲ ဆက်သွားပါ ၊ မင်းရဲ့ အောင်မြင်တဲ့ လမ်းကြောင်းကိုပဲ ဆက်လျှောက်။ ငါ သူ့အတွက် မိထွေး တစ်ယောက် ရှာပေးလိုက်မယ်။ ငါတို့တွေ တစ်ယောက်ကို တစ်ယောက် ဆက်နှောင့်ယှက်မနေတော့ဘူး။ ”
“ ငါတို့ ဒီမှာ နေ့ခင်းအထိ ရှိမယ်။ မင်း စိတ်ဆုံးဖြတ်ပြီးသွားရင်တော့ ငါ့ကို ဖုန်းဆက်လိုက်ပေါ့။ ”
လီဖေးဖုန့်က အေးစက်သော စကားတွေကို ပြောကာ ချက်ချင်းပဲ သူ့ဘက်က အရင် ဖုန်းချလိုက်သည်။ အဲ့ဒါက သတိပေးစကား ဆိုလည်း မမှားပါ။ သူမဘက်က သူတို့ကို ငဲ့မကြည့်လျှင် သူလည်း ဒီနေ့ပဲ ကြင်ဖက်ရှာသည့် ဝက်ဘ်ဆိုဒ်မှာ မှတ်ပုံတင်ပြီး သုံးရက်အတွင်း အိမ်ထောင်ပြုပစ်လိုက်လို့ ရသည်။ လီဖေးဖုန့်သည် ထိုသို့ တွေးပြီး ၊ ပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိတ်ရိုက်လိုက်မိသည်။ ဘာ .. အိမ်ထောင်ပြုပစ်မယ် ဟုတ်လား။ သူ နည်းနည်းလေး လွန်သွားတယ် ထင်တယ်။
သန့်စင်ခန်းကနေ ပြန်ရောက်လာသော ချန်လီချီက ရှန်းချူချီကို ထောင့် တစ်နေရာဆီ ဆွဲခေါ်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။
ဝုလင်က တခြား သူတွေနှင့် စကားပြောနေရင်း ကလေး နှစ်ယောက်ကိုလည်း ဒီတိုင်း ပစ်မထားဘဲ မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ သူတို့ရဲ့ မျက်နှာတွေက ကိစ္စကြီး တစ်ခု ဖြစ်လာခဲ့သလို တူညီစွာ လေးနက်နေကြတာမို့ ဝုလင်သည် သူမနှင့် စကားပြောလက်စ လူကို တောင်းပန်ပြီး ဘာဖြစ်လာတာလဲဟု မေးဖို့ ကလေး နှစ်ယောက်တီ လျှောက်သွားလိုက်သည်။
ချန်လီချီက အဖေရှစ်ကို ခန္ဓာကိုယ်အား ငုံ့ကိုင်းရန် လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။
“ ရှန်းချူချီရဲ့ အမေကို သမီးတို့ ရှာတွေ့ပြီ အဖေရှစ်။ သူမကို သန့်စင်ခန်းထဲမှာ အခုလေးပဲ သမီး တွေ့ခဲ့တာ။ ”
ရှစ်ရမ်က သူတို့ကို စိတ်ပျက်မသွားစေချင်ပေမဲ့ အခု စိတ်ပျက်ရတာက နောက်ပိုင်းကျမှ အကြီးအကျယ် စိတ်ပျက်ရတာထက်တော့ ပိုကောင်းပါသေးသည်။ “ မျက်လုံးထောင့်က မှည့်လေး တစ်လုံးတည်းကို ကြည့်ပြီး ရှန်းချူချီရဲ့ အမေ ဟုတ် ၊ မဟုတ် ပိုင်းဖြတ်လို့ မရဘူးကွယ့်။ ”
“ မဟုတ်ဘူး အဖေရှစ်ရဲ့။ သမီး ရှန်းချူချီအကြောင်း ပြောတုန်းက သူက သမီးကို လှည့်ကြည့်တယ်။ သမီးတို့ ကုန်တိုက်မှာ တွေ့ခဲ့တဲ့ အစ်မကလည်း သူပဲ။ အဲ့တုန်းကလည်း သမီးကို သူ ပြုံးပြသွားသေးတယ်။ ” ချန်လီချီက အကျိုးအကြောင်း ခိုင်လုံစွာ ပြောလိုက်သည်။
ရှစ်ရမ်သည် သူမလေးကို ဒီလောက်တောင် အသေးစိတ် စူးစမ်းထားလိမ့်မည်ဟု ထင်မထားပေ။ ကလေး တစ်ယောက်ရဲ့ တွေးခေါ်ပုံကိုလည်း သူ မချေပနိုင်ပေ။ “ အဲ့တော့ သမီးရဲ့ နောက်အစီအစဉ်က ဘာလဲ။ ”
ချန်လီချီက ခဏလောက် စဉ်းစားလိုက်သည်။ “ နင်က နေမကောင်းချင်ယောင်ဆောင်လိုက် ရှန်းချူချီ။ ငါ နေမကောင်းဖြစ်တဲ့အခါတိုင်း ငါ့အမေက နေလို့ မရလောက်အောင် စိတ်ပူတာ။ တကယ်လို့ သူမက နင့်အမေ ဆိုရင် သူမလည်း သေချာပေါက် စိတ်ပူလိမ့်မယ်။ ”
အဲ့ဒါက အကြံကောင်းပဲလို့ ရှန်းချူချီ ခံစားရသည်။
ရှစ်ရမ်ကတော့ အဲ့ဒါကို အကြံကောင်းလို့ မထင်ဘဲ ခဏအကြာတွင် ဖြစ်လာနိုင်တဲ့ အခြေအနေကို လီဖေးဖုန့်အား အချိန်မီ သွားသတိပေးလိုက်သည်။
လီဖေးဖုန့်က ရယ်ရုံသာ ရယ်ပါသည်။ “ လီချီလေးက အရမ်း ဉာဏ်ကောင်းတယ်။ ငါ ရှန်းချူချီကို ပိုကြိုးစားအောင် လုပ်ရမယ်။ သူက အနာဂတ်မှာ ငါ့ရဲ့ လီမိသားစုနဲ့ လက်ကို လက်ထပ်ရမယ်။ မင်းလည်း ပိုကြိုးစားပြီး လီချီလေးရဲ့ နာမည်မှာ မင်းရဲ့ မျိုးရိုးနာမည် ပါအောင်နဲ့ မင်းကို အဖေရှစ်လို့ ခေါ်အောင် လုပ်။ အဲ့ဒါဆို ငါတို့ ခမည်းမခက်တွေ ဖြစ်နိုင်လိမ့်မယ်။ ”
ဟာသလုပ်နိုင်သေးသော လီဖေးဖုန့်ကို ကြည့်ကာ ရှစ်ရမ် နားလည်သွားသည်။ လီဖေးဖုန့်ကို သူ့သားအား မိခင်ဖြစ်သူကို ရှာဖို့ ဒီနေ့ ဒီကို တမင် ခေါ်လာခဲ့တာ ဖြစ်လေသည်။
ရှစ်ရမ် သိသလောက်တော့ လီဖေးဖုန့်သည် မာစတာ ဘွဲ့ တစ်ဘွဲ့ကို ရချိန်မှာ သူ့မိဘတွေ အတွက် ဘွဲ့ တစ်ဘွဲ့ ယူလာရုံသာမက လေးလသားအရွယ် ကလေးလေး ရှန်းချူချီကိုပါ တစ်ခါတည်း ခေါ်လာခဲ့တာပင်။
လီဖေးဖုန့်ကလည်း ထိုကလေးကို ဖုံးကွယ်ထားဖို့ မကြိုးစားသဖြင့် အဲ့ဒီတုန်းက အကုန်လုံး ပွက်လောရိုက်သွားခဲ့သည်။ သူက ရှန်းချူချီကို သူ သွားသမျှ နေရာတိုင်းကို ခေါ်သွားကာ ကလေးအမေက ဘယ်သူလဲ ဆိုတာကို ဘယ်သူမှ အဖြေမရှာနိုင်ကြပေ။ လီဖေးဖုန့် ချိန်းတွေ့ဖူးတဲ့ မိန်းကလေးတွေ အကုန်လုံးတီ သွားပြီး မေးမြန်းကြည့်တာတောင်မှပေါ့။ ရှန်း မျိုးရိုးနာမည် ရှိတဲ့ မိန်းကလေး တစ်ယောက်မှ မရှိ။ တချို့ကတော့ ကလေးက သူ့ကလေး မဖြစ်နိုင်ဘူးဟု ပြောကြသည်။ သူ့ကလေးသာ ဆိုရင် သူ့မှာ ဘာလို့ လီ မျိုးရိုးနာမည် မရှိရတာလဲ။ သို့သော် သူတို့ မှားသွားခဲ့သည်။ ရှန်းချူချီက တဖြည်းဖြည်း ကြီးပြင်းလာလေ ၊ လီဖေးဖုန့်နှင့် ပိုတူလာလေပါပဲ။ ဘယ်သူမဆို သူတို့ နှစ်ယောက်ကို ကြည့်ရုံဖြင့် သားအဖမှန်း ပြောနိုင်သောကြောင့် လီဖေးဖုန့်ရဲ့ မိဘတွေကလည်း ရှန်းချူချီကို သူတို့မြေးအဖြစ် အသိအမှတ်မပြုလို့ မရတော့ချေ။
ရှန်းချူချီရဲ့ အမေ ဘယ်သူလဲ ဆိုတာကတော့ သူတို့ ပတ်ဝန်းကျင်မှာ အဖြေရှာလို့ မရသော ပဟေဋိ တစ်ပုဒ်အဖြစ်သာ ကျန်ရစ်ခဲ့သည်။ ရှန်းစီဝမ်က ရှောက်ချန်းကျယ်နှင့် တော်တော်လေး ရင်းနှီးတယ် ဆိုတာကို ရှစ်ရမ် သိသော်လည်း သူမကို ရှန်းချူချီရဲ့ ပဟေဋိဆန်သော အမေ ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့။
ရှန်းစီဝမ်ရဲ့ ဧည့်သည်သရုပ်ဆောင် ဇာတ်ကောင်က မေ့တတ်သော အမျိုးသမီး တစ်ယောက် ဖြစ်သည်။ သူမက အခေါက်ခေါက် အခါခါ သရုပ်ဆောင်စရာ မလိုဘဲ တစ်ထိုင်တည်းနှင့် အလွန် ပီပြင်စွာ သရုပ်ဆောင်ပြသွားနိုင်သည်။
ရှန်းချူချီက ရှန်းစီဝမ် လျှောက်တာကို မြင်ချိန်မှာ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းထိတ်လန့်သွားသည်။
ချန်လီချီက စိုးရိမ်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။
“ မြန်မြန် လုပ်လေ ရှန်းချူချီ။ နင့်ဗိုက်ကို လက်နဲ့ မြန်မြန် ဖိလိုက်။ ”
ရှန်းချူချီက သတိလက်လွတ် ဖြစ်နေသောကြောင့် ချန်လီချီကပဲ သူ့ခါးကို ဆောင့်ခနဲ တံတောင်ဖြင့် တွတ်လိုက်သည်။ ရှန်းချူချီရဲ့ နှုတ်ခမ်းက ချက်ချင်း ဆိုသလို ရှုံ့မဲ့သွားကာ မျက်နှာပေါ်ကို မျက်ရည်လုံးကြီးတွေ အဆက်မပြတ် စီးကျလာလျက် အသံမထွက်ဘဲ တိတ်တိတ်လေး ငိုပါတော့သည်။
ချန်လီချီက သူမ တံတောင်နှင့် တွတ်လိုက်လို့ ရှန်ချူချီ နာသွားသည်ဟု ထင်သွားကာ စိုးရိမ်တကြီး မေးလိုက်သည်။ “ ငါ နင့်ကို နာအောင် လုပ်လိုက်မိတာလားဟင်။ တောင်းပန်ပါတယ် ၊ ငါ တမင် လုပ်လိုက်တာ မဟုတ်ပါဘူး။ အရမ်း နာသွားလားဟင်။ ”
ရှန်းချူချီကို မြင်ကတည်းက တုန်လှုပ်သွားသော ရှန်းစီဝမ်သည် သူ ငိုနေတာကို မြင်တော့ ပိုလို့တောင် တုန်လှုပ်သွားလေသည်။ သူမက ရှန်းချူချီရှေ့သို့ ပြေးသွားပြီး သူ့လက်တွေကို ဆုပ်ကိုင်လျက် အသံတုန်ရီစွာ မေးလိုက်သည်။ “ ဘာဖြစ်လို့လဲဟင် ချီလေး။ ဘယ်နေရာ နေမကောင်းဖြစ်လို့လဲ။ ”
သူမက ‘ ချီလေး ’ လို့ ခေါ်လိုက်ချိန်မှာ ရှန်းချူချီက ပိုလို့တောင် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ တရှုံ့ရှုံ့ ရှိုက်ရင်း အသက်ရှူမဝ ဖြစ်လာသည်။
ရှန်းချူချီ အခုလို ဝမ်းနည်းစွာ ငိုနေတာကို ချန်လီချီ အရင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့။ မျက်လုံးထဲမှာ မြူခိုးတွေ ရစ်သိုင်းလာသကဲ့သို့ သူမမျက်လုံးတွေ နီရဲကာ ငိုချတော့မလို မျက်တောင်ဖျားမှာ မျက်ရည်စတွေ တွဲလဲခိုလာခဲ့သည်။ သူမ ရှန်းစီဝမ်ကို ရှိူက်သံဖြင့် မေးလိုက်သည်။ “ အန်တီက ရှန်းချူချီရဲ့ အမေလားဟင်။ သူက သူ့အမေကို တကယ် ရှာတွေ့ချင်နေတာ။ သူ့အမေကို ရှာတွေ့မယ် ဆိုတဲ့ စိတ်ကူးနဲ့ နေ့တိုင်း လိုက်ရှာနေတာလည်း တော်တော် ကြာပြီ။ ”
ရှန်းစီဝမ်သည် ချန်လီချီရဲ့ စကားတွေကို လုံးဝ ခံနိုင်ရည်မရှိပေ။ ရှန်းချူချီကို ချက်ချင်းပဲ ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ မျက်ရည်တွေ တသွင်သွင် စီးကျလာသည်။ “ ချီလေးရယ် ၊ မေမေ ရောက်ပါပြီ။ မေမေ တောင်းပန်ပါတယ်ကွယ်။ သားကို မေမေ တောင်းပန်ပါတယ်။ ”
ရှန်းချူချီသည် ရှန်းစီဝမ်ရဲ့ လည်ပင်းကို တင်းကျပ်စွာ ဖက်လျက် ကျယ်လောင်စွာ ငိုရင်း မျက်ရည်တွေရော ၊ နှာရည်တွေရော စီးကျနေသည်။ ချန်လီချီလည်း တိုးတိုးလေး ငိုနေမိသည်။ ရှန်းစီဝမ်က ချန်လီချီကိုလည်း ပွေ့ဖက်ကာ သုံးယောက်သား ရှိုက်ကြီးတငင် ငိုနေကြသည့် မြင်ကွင်းသည် ရုတ်ရုတ်သဲသဲ အခြေအနေ ဆိုတာထက်ကို ပိုပါသည်။
ကံကောင်းစွာဖြင့် လီဖေးဖုန့်က ချောင်းမြောင်းကြည့်ရှုနေသော မျက်လုံးတွေရဲ့ အန္တရာယ်ကို ကာကွယ်ရန်အတွက် ဒီနေရာကို ပိတ်ဆို့ထားဖို့ သူ့လူတွေကို ခိုင်းထားသည်။
လီဖေးဖုန့်ရဲ့ ရဲတက်လာသော မျက်လုံးတွေကို မြင်တော့ ရှစ်ရမ် တစ်ယောက် အတော်လေး စိတ်ပျက်သွားသည်။ “ မင်း ငါ့ရှေ့မှာ ငိုရဲ ငိုကြည့်နော်။ ငါ မင်းကို ဖက်ပေးမှာလည်း မဟုတ်ဘူး ၊ နှစ်လည်း နှစ်သိမ့်မပေးဘူး။ ”
လီဖေးဖုန့်က မှုန်တေတေ မျက်နှာဖြင့် သူ့ကို ထွက်သွားဖို့ ပြောလိုက်သည်။
ရှစ်ရမ်က သူ့ပခုံးကို လာပုတ်သည်။ “ ဒီလို ပြန်ပေါင်းထုပ်တဲ့ ဇာတ်ဝင်ခန်းကို ချောချောမွေ့မွေ့ ဖြစ်အောင်လို့ လီချီလေးကပဲ စီစဉ်ခဲ့တာ ၊ သူ မရှိရင် မင်းတို့ သားအဖ နှစ်ယောက်ရဲ့ ပြဇာတ်က ဒီနေ့ ရှောရှောရှူရှူ ဖြစ်သွားမှာ မဟုတ်ဘူး။ ”
“ မင်း ပြောသလိုပဲ သူက ငါတို့ လီမိသားစုရဲ့ အနာဂတ် ချွေးမလောင်းလေးပါကွာ။ ငါ့အမေက ပြောပြီးသွားပြီ ၊ အနာဂတ်မှာ သူ့ရှယ်ယာတွေ အကုန်လုံးကို လီချီလေးကိုပဲ ပေးမှာတဲ့။ ”
ရှစ်ရမ်က သူ့ကို လှောင်ပြောင်လိုက်သည်။ * သူမက လီမိသားစုရဲ့ ရှယ်ယာ နည်းနည်းလေးကို ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား။ ” လီဖေးဖုန့်က ခြေထောက် မြှောက်ပြီး သူ့ကို လှမ်းကန်လိုက်၏။ အဲ့ကောင် ဒီလောက် တုတ်ထိုးအိုးပေါက် ပြောစရာ လိုလို့လား။
ရှစ်ရမ်ရဲ့ နောက်ပြောင်မှုကြောင့် လီဖေးဖုန့်ရဲ့ မျက်လုံးထဲက စိုစွတ်မှုတွေ ပျောက်ကွယ်သွားသည်။ အနည်းဆုံးတော့ အရွယ်ရောက်ပြီးသား ယောက်ျား တစ်ယောက်က လူရှေ့မှာ ငိုမှာ မဟုတ်ချေ။
ချန်ကျင်းလန် လှမ်းဖုန်းဆက်ချိန်အထိ ချန်လီချီက အငိုမတိတ်သေးပေ။
ချန်ကျင်းလန်က စိုးရိမ်တကြီး မေးလိုက်သည်။ “ သမီး ဘာလို့ ငိုနေတာလဲ။ ”
ချန်လီချီက တအိအိ ရှိုက်ငိုရင်း ချန်ကျင်းလန်အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။ “ ရှန်းချူချီရဲ့ အမေကို သမီးတို့ ရှာတွေ့သွားပြီ မေမေ။ သူက တကယ့်ကို ဝမ်းနည်းပြီး ငိုနေတာ ၊ သူ့အမေကလည်း ငိုတယ်။ အဲ့ဒါနဲ့ သမီးလည်း ဝမ်းနည်းသွားလို့ပါ။ ”
“ သမီးက တော်လိုက်တာ ၊ မငိုပါနဲ့ကွယ်။ သူ့အမေကို ရှန်းချူချီ ရှာတွေ့သွားတာ ဝမ်းသာစရာ ကိစ္စပဲလေ။ ”
ချန်လီချီက သူမရဲ့ နှာခေါင်းလေးကို ရှုံ့လိုက်သည်။ “ ချန်ချူချီရဲ့ အမေက ကိုယ့်ကိုယ်ကိုယ် သူ့အမေမှန်း သိပေမဲ့ ဘာလို့ သူ့ကို လာမရှာတာလဲဟင် မေမေ။ သူမလည်း တကယ့်ကို ဝမ်းနည်းပြီး ငိုနေတာ ဆိုတော့ သူမလည်း ရှန်းချူချီကို လွမ်းနေတာ သေချာတယ်။ လွမ်းနေရင်လည်း ဘာလို့ သူ့ကို လာမရှာတာလဲ။ သူမလည်း ဒီကမ္ဘာပေါ်မှာပဲ နေတာလေ။ ”
တကယ်တော့ ချန်လီချီက သမီးရဲ့ အဖေရော သူ့ကိုယ်သူ သမီးအမေမှန်း သိလားလို့ မေးချင်နေတာပင်။ သူ သိတယ် ဆိုရင် သမီးကို ဘာလို့ လာမရှာတာလဲ။ သူက ဒီကမ္ဘာပေါ်က မဟုတ်လို့လား။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းကို သိသော ရှန်းချူချီရဲ့ အဖေတောင် သူ့ကို မသိဘူးတဲ့။ သူက မားစ်ဂြိုလ်မှာ နေတာများလား။ အဲ့ဂြိုလ်က ကမ္ဘာနဲ့ အဝေးကြီးပဲ မဟုတ်လား။ သူက သမီးကို လွမ်းဖို့ အရမ်း ဝေးနေတာလား။ သူလည်း သမီးကို တွေ့ရင် ဝမ်းနည်းသွားပြီး ငိုမှာလား။ စူပါမန်းက ငိုတတ်လား။
သူမလေးရဲ့ မေးခွန်းတွေကြောင့် ချန်ကျင်းလန်ရဲ့ နှလုံးသားဟာ လှုပ်ခါသွားသည်။ သူမလေးက ရှန်းချူချီ ကိုယ်စား မေးနေတာ ဖြစ်သော်လည်း သူမအတွက်သူမ မေးနေတဲ့ ပုံလည်း ပေါက်သည်။
***