Ch 9
Viewers 418

အပိုင်း ( ၉ )


ချန်ကျင်းလန်က သူမရဲ့ နှလုံးသားထဲမှ ခါးသက်မှုကို မျိုချပြီး ချန်လီချီကို ပြောလိုက်သည်။ “ ရှန်းချူချီရဲ့ အမေကလည်း ရှန်းချူချီကို လာရှာချင်မှာ သေချာပါတယ် ၊ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ လူတွေ အများကြီး ရှိတယ်လေ။ လူ တစ်ယောက်ကို ရှာရတာက လွယ်တာ မဟုတ်ဘူး။ ရှန်းချူချီရဲ့ အမေက ရှန်းချူချီကို ရှာမတွေ့သေးခင် ဒီနေ့အထိ အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်ခဲ့ရလောက်တယ်။ ” 


သူမအမေ ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ချန်လီချီ ခံစားလိုက်ရသည်။ ကမ္ဘာကြီးက အကြီးကြီးရယ်။ ချန်လီချီသည် ချန်ကျင်းလန်ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ကာ တီးတိုး ပြောလိုက်သည်။ “ သမီး မေမေ့ကို အရမ်း လွမ်းတယ်။ ” 


ချန်ကျင်းလန်က ကားမောင်းသူထိုင်ခုံကို တစ်ချက် ပုတ်ကာ ထန်ယိချန်းအား ကားကို တစ်ဖက်သို့ ချိုးကွေ့ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ “ မေမေ အခု သမီးဆီ လာနေပြီ။ မငိုနဲ့တော့နော်။ ” 


“ ဟုတ်။ ” ချန်လီချီက သူမရဲ့ မျက်ရည်စတွေကို အဖေရှစ်ရဲ့ အဝတ်အစားတွေနှင့် ပွတ်သုတ်ပစ်လိုက်ပြီး သူမအဘွားရဲ့ အသံကို အတုခိုးကာ ပြေးလိုက်သည်။ “ ‌ဖြည်းဖြည်း မောင်း‌ပါ မေမေရဲ့။ မေမေ့ကို သမီး စောင့်နေပါတယ်။ ” 


“ ဟုတ်ပါပြီကွယ်။ မေမေ ဖြည်းဖြည်း မောင်းပါ့မယ်။ ” 


ထန်ယိချန်းက နောက်ကြည့်မှန်ကနေ တစ်ဆင့် ကြည့်လိုက်သည်။ 


မိန်းကလေးချန်ရဲ့ လက်တလော စိတ်အခြေအနေက သိပ်မကြည်လင်ဘူးဟု သူ အလိုလို ခံစားနေရသည်။ သူ စူးစမ်းသလို မေးလိုက်၏။ “ ကျွန်တော်တို့ အခု ဘယ်သွားမှာလဲ မိန်းကလေးချန်။ ” 


အစတုန်းကတော့ သူတို့က ရှောက်မိသားစုရဲ့ ပွဲအခမ်းအနားကို နှောင့်ယှက်ဖို့ ယိရှန်း လေလံပွဲကို သွားမလို့ ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေကို ကြည့်ရသလောက် အဲ့ဒီကို သွားဖြစ်တော့မှာ မဟုတ်တာ အသေအချာပင်။ မိုးပြို‌နေလျှင်တောင် ချန်မိသားစုအတွက်တော့ သူတို့ရဲ့ “ မင်းသမီး‌လေး ” ထက် ပိုအရေးပါတာ မရှိပေ။ 


“ သဲ့ဝမ် အဆောက်အဦးကို သွားကြမယ်။ ” ချန်ကျင်းလန်က သူမရဲ့ ထိုင်ခုံကို မှီပြီး မျက်လုံးမှိတ်ထားလိုက်သည်။ တစ်စုံတစ်ခုနှင့် ပတ်သက်လိုဘ ပထမဆုံးအကြိမ်အဖြစ် ရှေ့မဆိုးသာ ၊ နောက်မဆုတ်သာ အခြေအနေမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်မိသည်။ 


သဲ့ဝမ် အဆောက်အဦးရှိ ကလေးထိန်း ကားထဲမှာတော့ ရှန်ချူချီက ရှန်းစီဝမ်ရဲ့ ရင်ခွင်ထဲမှာ မှိန်းနေသည်။ သူမ ဘာပဲပြောပြော ၊ သူကတော့ စကား တစ်ခွန်းမှ ပြန်မပြော။ သူက ရှန်းစီဝမ်ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားတာ အသံတိတ် ငိုကြွေးနေရှာသည်။ 


ရှန်းစီဝမ်က သူ စိတ်ကို ထိန်းချုပ်မျိုသိပ်ထားပြီး နေမကောင်းဖြစ်တဲ့အထိ ငိုနေမှာကို စိုးရိမ်သောကြောင့် ကားမှန်ချကာ လီဖေးဖုန့်ကိူ အကူအညီ လှမ်းတောင်းလိုက်သည်။ လီဖေးဖုန့်ကတော့ သူမကို ကူညီပေးဖို့ ရည်ရွယ်ချက် မရှိပေ။ ကားထဲ ဝင်လိုက်လျှင် သူပါ ငိုမိမည်ကို စိုးရိမ်သည်။ အဲ့ဒါက သိပ်ကို ရှက်စရာကောင်းသည်လေ။ သူမ အကူအညီတောင်းနေတာကို မမြင်ချင်ယောင်ဆောင်ပြီး အေးစက်စွာ မျက်နှာလွှဲလိုက်သည်။ 


“ ရှန်းချူချီ ငိုနေတုန်းပဲလားဟင် အန်တီ။ ” ချန်လီချီက သူမအမေနှင့် အခုမှ ဖုန်းပြောပြီးသွားတာ ဖြစ်သည်။ အဖေရှစ်ရဲ့ ရင်ခွင်ထဲမှာ အဖက်ခံထားရတာမို့ ရှန်းချူချီရဲ့ ခေါင်း အနောက်ဘက်ကိုသာ သူမ မြင်ရသည်။ 


ရှန်းစီဝမ်သည် ချန်လီချီကို မြင်ချိန်မှာ ကယ်တင်ရှင် တစ်ပါးကို တွေ့သွားသလို ခံစားလိုက်ရသည်။ “ ချီလေးကို ကူပြီး နှစ်သိမ့်ပေးနိုင်မလားဟင် တူမလေး။ ” 


ချန်လီချီက ကားပေါ်ကို ခုန်တက်သွားကာ ရှန်းစီဝမ်အား သူမကိုယ်သူမ အရင်ဆုံး မိတ်ဆက်လိုက်သည်။ “ သမီးရဲ့ နာမည်က ချန်လီချီပါ အန်တီ။ ရှန်းချူချီရဲ့ အတန်းဖော်ပါ ၊ သူ့ရဲ့ သူငယ်ချင်းကောင်း ဆိုလည်း မမှားပါဘူး။ အန်တီ သမီးကို လီချီလေးလို့ ခေါ်လို့ ရပါတယ်။ သမီးရဲ့ အိမ်ကလည်း သမီးကို အဲ့လိုပဲ ခေါ်တာပါ။ ”


စိတ်ထဲမှာ ပူပင်စိုးရိမ်မှုတွေ ပြည့်နေသော ရှန်းစီဝမ်သည် ချန်လီချီရဲ့ အတည်ပေါက် မိတ်ဆက်နေပုံကြောင့် ရယ်ချင်စိတ် မပေါက်မိပေ။ 


“ တွေ့ရတာ ဝမ်းသာပါတယ် လီချီလေး ၊ အန်တီက … ” ရှန်းစီဝမ်က သူမရင်ခွင်ထဲမှ ကလေးလေးကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ “ အန်တီက ရှန်းချူချီရဲ့ အမေပါ။ ” 


ချန်လီချီရဲ့ နီရဲနေသော မျက်လုံးတွေထဲမှာ ပြုံးရိပ်သန်းသွားသည်။ “ ရှန်းချူချီကို ငိုခိုင်းလိုက်ပါ အန်တီ ၊ သူ ပျော်နေတာပါ။ သူ အန်တီ့ကို အကြာကြီး ရှာခဲ့ရတာ ၊ တချို့ ညတွေမှာ စောင်အောက်မှာ ပုန်းပြီး တစ်ယောက်တည်း ငိုခဲ့ရတယ်။ အခု သူ အန်တီ့ကို ရှာတွေ့သွားပြီ ဆိုတော့ အရမ်း ပျော်လို့ အဲ့လို ငိုနေတာပါ။ ”


နောက်ဆုံးတော့ ရှန်းချူချီက ချန်လီချီကို ချေပဖို့ ခေါင်းထောင်လာသည်။ “ သား စောင်အောက်မှာ ပုန်းပြီး ခိုးမငိုပါဘူး။ သားက ယောက်ျားပါ ၊ သား ငိုတာ ရှားတယ်။ တစ်ခါတုန်းက သား မြေကြီးပေါ်မှာ ချော်လဲပြီး ဒူးပြဲသွားတာနောင် မငိုခဲ့ဘူး။ ” 


သူက ချန်လီချီကို ကြည့်နေပေမဲ့ သူ့စကားကတော့ ရှန်းစီဝမ်ကို ပြောနေတာ ဖြစ်သည်။ သူက အဲ့ဒီလို့ ပြောပြီးမှ ရှန်းစီဝမ်ကို ဖျတ်ခနဲ ခိုးကြည့်လိုက်သည်။ 


နောက်ဆုံးမှာ သူ စကားပြောလာတာကို မြင်တော့ ရှန်းစီဝမ်က အမြန် အလိုက်သင့် ပြောလိုက်သည်။ “ ချူချီလေးရဲ့ ဘယ်ဒူးခေါင်း နာသွားတာလဲဟင်။ နာနေလား ၊ မေမေ ကြည့်ပါရစေဦး။ ” 


ရှန်းချူချီက သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကို မပြချင် ပြချင်ဖြင့် ဆန့်ထုတ် ၊ ဘောင်းဘီကို လိပ်တင်ပြီး ဒူးခေါင်းပေါ်က အမာရွတ် သေးသေးလေးကို လက်ညိုးထိုး၍ ချန်လီချီအား ပြလိုက်၏။ “ အဲ့တုန်းက သွေးတွေ အများကြီး ထွက်ခဲ့တာ ၊ အရမ်းလည်း နာတယ်။ ဒါပေမဲ့ ငါ မငိုခဲ့ဘူး။ သတ္တိကောင်းတဲ့ ယောက်ျားလေးတွေက မငိုတတ်ဘူးလို့ အဖေက ပြောတယ်။ ” 


ရှန်းစီဝမ်က ရှန်းချူချီရဲ့ ဒူးခေါင်းလေးကို လေဖြင့် ဖွဖွလေး မှုတ်ပေးလိုက်သည်။ “ မေမေတို့ရဲ့ ချူချီလေးက သတ္တိကောင်းလိုက်တာ။ ” 


ရှန်းချူချီရဲ့ မျက်နှာက ပန်းသီးလုံးလေးလို နီရဲသွားသည်။ သူ့လက်မောင်းပေါ်က အနီရောင် အမာရွတ်လေးကို သူ လက်ညိုးထိုးပြပြီး ပြောလိုက်သည်။ “ ဒီအမာရွတ်ကလည်း သစ်ပင်ပေါ် တက်ပြီး ပြန်မဆင်းရဲတဲ့ ပိုင်လေးကို ကယ်ဖို့ သစ်ပင်ပေါ်တုန်းက ထိခိုက်သွားခဲ့တာ။ အဲ့တုန်းကလည်း သား မငိုခဲ့ဘူး။ ပိုင်လေး ဆိုတာ သား မွေးထားတဲ့ ကြောင်လေးလေ။ ” 


ရှန်းစီဝမ်က သူ့လက်မောင်းကို နောက်တစ်ခေါက် ဖွဖွလေး လေမှုတ်ပေးလိုက်ပြန်သည်။ “ မေမေတို့ရဲ့ ချူချီလေးက ချီးကျူးစရာကောင်းလိုက်တာ။ ” 


တကယ်တော့ အဲ့ဒီ အမာရွတ်က စွန်းဝူခုံးလို သစ်ပင်တက် လေ့ကျင့်ဖို့ လုပ်ရင်း ထိခိုက်သွားခဲ့တာပင်။ ချန်လီချီက သူ လိမ်နေတာကို အလိမ်ဖော်ဖို့ လုပ်နေစဉ်မှာပဲ သူမဘေး ထိုင်ခုံပေါ်မှာ တင်ထားတဲ့ ရှန်းစီဝမ်ရဲ့ ဖုန်းမျက်နှာပြင်လေး လင်းလာတာကို မြင်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်မှာ သူမ မှတ်မိတဲ့ စကားလုံး သုံးလုံး ပေါ်နေသည်။ 


ရှောက်ချန်းကျယ် … ။ 


ရှောက်ချန်းကျယ် ဆိုတဲ့ နာမည်ကို သူမရဲ့ နှလုံးသားထဲမှာ တိတ်တဆိတ် မှတ်သားထားသည်။ 


ရှန်းစီဝမ်ကတော့ နှလုံးသားထဲမှာရော ၊ မျက်လုံးထဲမှာပါ ရှန်းချူချီနှင့် ပြည့်နေသောကြောင့် အသံပိတ်ထားတဲ့ ဖုန်းကောလ်လေးကို သတိမထားမိပေ။ 


“ အန်တီ့ကို တစ်ယောက်ယောက် ဖုန်းဆက်နေတယ် အန်တီ။ ” သူမက ဖုန်းကို ညွှန်ပြရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက် ရှန်းစီဝမ်ကို ကြည့်လိုက်သည်။ “ ရှောက်ချန်းကျယ်တဲ့။ ” 


ရှန်းချူချီက ထိုနာမည်ကို ကြားတော့ ရှန်းစီဝမ်ရဲ့ ရင်ခွင်ထဲကနေ ငေါက်ခနဲ ထလာကာ လည်ဆန့်၍ ထိုင်ခုံပေါ်က ဖုန်းကို ကြည့်လိုက်၏။ 


နှစ်ယောက်သားရဲ့ ပုံစံကို မြင်ချိန်မှာ တစ်စုံတစ်ရာကို ရှန်းစီဝမ် အလိုလို နားလည်သွားသည်။ သူမ ချန်လီချီကို ပြောလိုက်၏။ * အန်တီ့ကို ကူညီ‌တဲ့အနေနဲ့ အဲ့ဖုန်းကို ကိုင်ပေးပါလား လီချီလေး။ အန်တီက ချူချီကို ပွေ့ထားတော့ ဖုန်းကိုင်လို့ မရလို့ပါ။ ”


“ သမီး တကယ် ဖုန်းကိုင်လို့ ရလို့လား။ ” ချန်လီချီက ရှန်းစီဝမ်အား သေချာအောင် ထပ်မေးလိုက်သည်။ သူများရဲ့ ဖုန်းကို လက်လွတ်စပယ် မကိုင်ရဘူးလို့ အမေက ပြောထားပေမဲ့ ဒီဖုန်းကောလ်ကိုတော့ သူမ အမှန်တကယ် လက်ခံ စကားပြောချင်သည်။ 


“ ဒါပေါ့ ၊ ကိုင်လို့ ရတာပေါ့ကွယ်။ သမီးက အန်တီ့ကို ကူညီပေးနေတာပဲကို။ ” 


ချန်လီချီက ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ယူကာ လက်ခံမည် ဟူသော နေရာလေးကို နှိပ်လိုက်၏။ ထို့နောက် ဖုန်းကို နားရွက်နား ကပ်လိုက်သည် ၊ သို့သော် ချက်ချင်း စကားပြောချင်စိတ်တော့ မရှိချေ။ 


တစ်ဖက်က ဖုန်းကောလ်ကို လက်ခံလိုက်သည်နှင့် ရှောက်ချန်းကျယ်ရဲ့ စကားသံ ထွက်လာသည်။ ဖုန်းကိုင်ထားတဲ့ လူကို ရှန်းစီဝမ်လို့ ထင်ပြီး သူက “ မင်း ရှောက်ကျင်းယွင် ချိန်းထားတာကို သွားစရာ မလိုဘူးနော်။ ပြီးတော့ နောက်ပိုင်းကျ သူ မင်းကို အပြင်မှာ တစ်ခုခု စားဖို့ ထပ်ပြောလာရင် ငြင်းလို့ ရတယ်။ သူ့ကို ထပ်မျက်နှာသာပေးဖို့ မလိုတော့ဘူး။ ” 


သူ့အသံက တော်တော်လေး နားထောင်ကောင်းပေမဲ့ အေးစက်သည်ဟု ချန်လီချီ ခံစားလိုက်ရသည်။ အိပ်ရာဝင်ပုံပြင်ကောင်းတွေကို သူ ပြောမပြနိုင်လောက်။ သူမ အနည်းငယ် စိတ်လှုပ်ရှားနေတာမို့ သူ့အသံကိုသာ သတိပြုမိလိုက်ကာ ဘာအကြောင်း ပြောမှန်း မသိလိုက်ပေ။ “ ဦးလေး ပြောတာကို သမီး သေချာ မကြားရလို့ နောက်တစ်ခေါက် ထပ်ပြောပေးလို့ ရမလားဟင်။ ” 


ရှောက်ချန်းကျယ် အံ့ဩသွားကာ သူ ခေါ်ထားသော နံပါတ်ကို ကြည့်လိုက်သည်။ တကယ်လည်း ရှန်းစီဝမ်ရဲ့ နံပါတ်ပါ။ “ မင်းက ဘယ်သူလဲ။ ” 


“ ဦးလေးက ရှောက်ချန်းကျယ်လား။ ”


ကလေးမလေးရဲ့ အသံက လောလောလတ်လတ် ငိုထားသလို နူးညံ့ကာ ချွဲချွဲလေး ဖြစ်နေသည်။ 


ရှောက်ချန်းကျယ်က ရှားရှားပါးပါး အနည်းငယ် နူးညံ့သော အသံဖြင့် သူမလေးကို ပြန်ပြောလိုက်သည်။ “ ဟုတ်ပါတယ် ၊ ဦးလေးက ရှောက်ချန်းကျယ်ပါ။ ” 


‌ချန်လီချီက သူမ ဘာ့ကြောင့် ဖုန်းကိုင်တာလဲ ဆိုတတာကို ရှင်းပြလိုက်သည်။ “ အန်တီက ဖုန်းကိုင်ဖို့ အဆင်မပြေလို့ သမီးက အန်တီ့ကို ကူညီတဲ့အနေနဲ့ ဖုန်းကိုင်ပေးတာပါ။ ” 


ရှောက်ချန်းကျယ်က ကလေးမလေးတွေနှင့် တစ်ခါမှ စကားမပြောဖူးသောကြောင့် သူ နားလည်သည် ဟူသော သဘောဖြင့် “ အင်း ” ဟူ၍သာ ပြန်ပြောလိုက်သည်။ 


ထို့နောက် ချန်လီချီက သူမ အသိချင်ဆုံး မေးခွန်းကို မေးလိုက်သည်။ “ ဦးလေးက ကမ္ဘာပေါ်မှာ နေတာလား ၊ ဒါမှမဟုတ် မားစ်ဂြိုလ်မှာ နေတာလားဟင်။ ” 


ရှောက်ချန်းကျယ် : ......


ရှောက်ချန်းကျယ်က အသက်ရှူကျပ်စရာ အစည်းအဝေး တစ်ခုကို အခုလေးတင်ပဲ တက်ပြီးသွားတာမို့ စိတ်အခြေအနေက အတော်လေး မကြည်မလင် ဖြစ်နေခဲ့သည်။ ဒီကြားထဲ အခုလို စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စနှင့် ထပ်ရင်ဆိုင်လိုက်ရသောအခါ သူ လုပ်သင့်တာက ချက်ချင်း ဖုန်းချပစ်လိုက်တာပါပဲ။ 


“ ဦးလေးက ကမ္ဘာမြေပေါ်က။ ” 


ချန်လီချီက စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ “ တော်သေးတယ်။ သမီးလည်း ကမ္ဘာမြေပေါ်ကပဲ။ ” 


သူတို့ နှစ်‌ယောက်လုံး ကမ္ဘာမြေပေါ်ကပဲမို့ တစ်ယောက်နှင့် တစ်ယောက် ဝေးကွာနေလျှင်တောင် လေယာဉ်ပေါ်မှာ လေယာဉ်စီးရင်း ဆုံတွေ့နိုင်ပါသေးသည်။ 


ရှောက်ချန်းကျယ်က ခုံပေါ်မှာ သူ့ခြေတံရှည်တွေကို ကန့်လန့်ဖြတ်တင်လျက် ထိုင်ခုံကို မှီထိုင်ကာ နားထင်ကို လက်ဖျားလေးတွေဖြင့် နှိပ်နယ်နေမိသည်။ ဒီကလေးမလေးရဲ့ အသံထဲက ကြည်နူးစရာ ရွှင်ပျမှုလေးက သူ့အား ဘယ်သူ ပြောနေမှန်း ဒီဖုန်းကောလ်ကို ဆက်ကိုင်ထားချင်စိတ် ပေါ်ပေါက်လာစေသည်။ 


ချန်လီချီရဲ့ ပါးစပ်ထဲမှာ မေးစရာ မေးခွန်းတွေ တသီတတန်းကြီး တန်းစီနေသည်။ သူမ သိချင်တဲ့ ကိစ္စတွေ များလှပါသည်။ 


“ သမီးရဲ့ အသက်က ဒီနှစ်ထဲမှာ ရှစ်နှစ်။ ဦးလေးကရော။ ” 


“ သုံးဆယ်။ ” 


အိုး ၊ သူမရဲ့ ဦးလေးနဲ့ ရွယ်တူပါပဲလား။ ဒါဆို မေမေ့ထက် ( ၂ ) နှစ် ပိုကြီးတာပေါ့။ 


ချန်လီချီက ဆက်လက် မေးခွန်းထုတ်နေခဲ့သည်။ “ ဦးလေးက အခု ဘယ်မှာလဲ။ ” 


အကျင််ပါနေသော ရှောက်ချန်းကျယ်က မေးခွန်းကို ပြန်ဖြေရမည့်အစား ပြန်မေးလိုက်၏။ “ သမီးကရော အခု ဘယ်မှာလဲ။ ” 


ချန်လီချီက “ သမီးက အခု ရိုက်ကူးရေးလုပ်နေတဲ့ ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာပါ။ ” 


သူမလေးက ကလေးသရုပ်ဆောင် တစ်ယောက် ဖြစ်ရမည်ဟု ရှောက်ချန်းကျယ် ခန့်မှန်းလိုက်သည်။ 


တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် ရှောက်ချန်းကျယ်က ချန်လီချီကို ပြောလိုက်သည်။ “ ဦးလေး အခု အလုပ်ပြန်လုပ်ရတော့မှာ ဆိုတော့ ဖုန်းချလိုက်တော့မယ်နော်။ ” 


သူ ဖုန်းချပစ်လိုက်မှာကို စိုးရိမ်၍ ချန်လီချီက သူ့ကို အမြန် တားဆီးလိုက်သည်။ “ ရှောက်ချန်းကျယ်။ ” 


ရှောက်ချန်းကျယ် အံ့ဩသွားသည်။ သူ့ကို နာမည် အပြည့်အစုံ ခေါ်တဲ့ လူ ဆိုတာ လက်ချိုးရေလို့ ရသည်။ သူ့ကို ဒီလို အများဆုံး ခေါ်တာ တစ်ယောက်ပဲ ရှိသည်။ သူ တစ်ယောက်တည်းပဲ။ 


တင်းမာနေတဲ့ အသံ ၊ စိတ်ကောက်နေတဲ့ အသံ ၊ ပြီးတော့ တစ်ခါတရံမှာတော့ အတင်း ဖျစ်ညှစ်ပြီး ချွဲချွဲနွဲ့နွဲ့ ပြောနေတဲ့ အသံလေး ဖြစ်သည်။ 


နူးညံ့သော အသံလေးက မှတ်ဉာဏ်ကမ္ဘာထဲ အလည်သွားနေတဲ့ သူ့ကို ပြန်လှုပ်နှိုးလိုက်သည်။ “ ဦးလေး အခု ဘယ်မှာလဲ ဆိုတဲ့ သမီးရဲ့ မေးခွန်းကို ပြန်မဖြေရသေးဘူး။ ” 


ရှောက်ချန်းကျယ်က စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်၏။ “ ရှောက်ကော်ပိုရေးရှင်း ဆိုတာကို သမီး သိလား။ ” 


“ ဟင့်အင်း။ မသိဘူးရယ်။ ” ထိုနာမည်ကို ချန်လီချီ အရင်တုန်းက တစ်ခါမှ မကြားဖူးပေ။ “ အဲ့ဒါ ဦးလေး အလုပ် လုပ်တဲ့ နေရာလား။ ” 


“ ဟုတ်တယ်။ ” 


“ ကောင်းပါပြီ။ ဦးလေးက ရှောက်ကော်ပိုရေးရှင်းမှာ အလုပ် လုပ်တယ် ဆိုတာ သမီး မှတ်ထားလိုက်ပြီ။ ဒါဆို … နောက်ပိုင်းကျ သမီး ဦးလေးကို နောက်တစ်ခေါက် ထပ်ဖုန်းဆက်လို့ ရမလား။ ” 


ရှောက်ချန်းကျယ်သည် သူ့ကို ကလေးမလေးတွေ သဘောကျလာအောင် ဆွဲဆောင်နိုင်လိမ်မည်ဟု သူ့ကိုယ်သူ မတွေးခဲ့ဖူးဘူး။ အရင်တုန်းက ကလေးမလေးတွေဟာ သူ့ကို မြင်သည်နှင့် ချက်ချင်း အဝေးမှာ ပုန်းကွယ်နေခဲ့ကြသည်။ ဒီကလေးမလေးကတော့ သူ့ကို တကယ်ကြီး ဖုန်းထပ်ဆက်ချင်နေတာပါလား။ သူ့မျက်နှာထက် သူ့အသံက ပိုချိုချိုသာသာရှိလို့များလား။ 


“ ညဘက်ဆိုရင်တော့ ဆက်လို့ ရပါတယ်။ ” သူက ဒီတိုင်း ဘာရယ်မဟုတ် ပြောလိုက်တာပင်။ ဘာပဲပြောပြော သူမမှာ သူ့ဖုန်းနံပါတ်လည်း မရှိပါ။ 


သူ့ဖုန်းနံပါတ်ကို ရထားလျှင်တောင် သူမ ဖုန်းဆက်တာကို ကိုင်မှာလား ၊ မကိုင်ဘူးလား ဆိုတာက သူ့စိတ်အခြေအနေပေါ်မှာ လုံးလုံးလျားလျား မူတည်နေသည်။ 


ကလေးမလေး တစ်ယောက်နှင့် ဖုန်းထဲကနေ အချိန်ကုန်ခံပြီး စကားစမြည် ပြောနေရလောက်အောင်ထိ သူ မအားနိုင်ပါ။ 


“ ဒါဆို မြန်မြန် အလုပ်ပြန်လုပ်တော့နော်။ သမီး ဦးလေးကို ဒီည ဖုန်းဆက်လိုက်မယ်။ ” 


မေမေ အလုပ်ကို ရောက်နေတဲ့ အချိန်ဆို အမြဲတမ်း အလုပ်များနေတတ်သည်။ ဒီဦးလေးကြီး အလုပ် လုပ်နေတာကိုလည်း သူမ နှောင့်ယှက်လို့ မဖြစ်ပါ။ 


“ အင်း။ ” 


“ တာ့တာပါ ရှောက်ချန်းကျယ်။ ” ချန်လီချီက သူ့ကို ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။ 


“ တာ့တာ။ ” ရှောက်ချန်းကျယ်က ဖုန်းချဖို့ ပြင်လိုက်ချိန်မှာ ချန်လီချီက ထပ်ပြောလာသည်။ “ သမီး ဖုန်းဆက်တာကို စောင့်ရမယ်နော် ဦးလေး ၊ စောစော မအိပ်နဲ့နော်။ သမီး ရှစ်နာရီကျ ဖုန်းဆက်လိုက်မယ်။ ” 


“ … ကောင်းပါပြီ။ ” 


“ သမီး အခု ဖုန်းချလိုက်ပြီနော်။ ”


“ … ကောင်းပြီ။ ”


ရှောက်ချန်းကျယ် ဖုန်းပြောနေရင်း အသေးစိတ်ကအစ ကျကျနန နှုတ်ဆက်သည့် နှုတ်ဆက်ပွဲ အခမ်းအနား တစ်ခုကို တက်ရောက်လိုက်ရသလို ခံစာလိုက်ရသည်။ 


ခုန်ယိချန်းသည် တံခါးခေါက်ပြီးနောက် “ ဝင်ခဲ့ပါ ” ဟူသော အသံကို ကြားလိုက်ရ၍ ရုံးခန်းထဲ ဝင်ခဲ့လိုက်တော့ ဖုန်းကို ငေးစိုက် ကြည့်နေသော သူမရဲ့ ဘော့စ်ကို မြင်လိုက်ရသည်။ ခုန်ယိချန်းသည် နည်းနည်းလေးတော့ ထူးဆန်းတယ်လို့ ခံစားလိုက်ရ၏။ အခုနောက်‌ပိုင်း သူမရဲ့ ဘော့စ်ဟာ မကြာခဏ ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သည်။ ဒီနေ့လည်း သူ့လက်ထဲမှာ ခရမ်းရောင် ပစ္စည်းလေး တစ်ခုကို ဆုပ်ကိုင်ထားရင်း ငေးကြည့်နေခဲ့သည်။ သူက ထိုပစ္စည်းလေးကို ဖျတ်ခနဲ အံဆွဲထဲ ပြန်ထည့်လိုက်၍ အဲ့ဒါ ဘာလဲ ဆိုတာကိုတောင် ခုန်ယိချန်း တစ်ယောက် သေချာ မကြည့်လိုက်ရ။ လျှပ်တစ်ပြက် မြင်လိုက်ရသလောက်တော့ ဆံညှပ်လေး တစ်ခု ဖြစ်လိမ့်မည် ထင်သည်။ သူမရဲ့ ဘော့စ်မှာ ချစ်သူရှိနေတာလားဟု သူမ သံသယဝင်သွားမိသည်။ 


ဒါပေမဲ့လည်း အဲ့ဒါက သူမရဲ့ သံသယသက်သက်ပါပဲ။ 


သူမရဲ့ ဘော့စ်ဘေးမှာ မိန်းကလေးရှန်းက လွဲလို့ ဘယ်သူ့ကိုမှ သူမ မမြင်ဖူးပါ။ ပြီးတော့ မိန်းကလေးရှန်း ဆိုတာလည်း သခင်လေးရှောက်အမေက အစစ အရာရာ ဂရုစိုက်ပေး ၊ ကူညီထောက်ပံ့ပေးထားတဲ့ သမီးအရင်းနှင့် မခြားတဲ့ မိသားစုဝင်ပါ။ သခင်လေးရှောက်ရဲ့ ညီမလို့တောင် ပြောလို့ ရသည်။ ဒီအကြောင်းကိုလည်း အရက်မူးနေတဲ့ မိန်းကလေးရှန်းကို အိမ်လိုက်ပို့ပေးရင်း မထင်မှတ်ဘဲ ကြားခဲ့ရတာ ဖြစ်သည်။ သခင်လေးရှောက်ရဲ့ အမေကို ဘယ်သူကမှ အာရုံမစိုက်ကြသောကြောင့် သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း  ဘယ်သူမှ မသိခဲ့ကြ။ 


သခင်လေးရှောက်ရဲ့ မိသားစုနောက်ခံ အကျဉ်းချုပ်ကို ကုမ္ပဏီမှာ အလုပ် လုပ်ရင်း ခုန်ယိချန်း သိလာခဲ့တာ ဖြစ်သည်။ သခင်လေးရှောက်ရဲ့ မိသားစုနောက်ခံက ရှောက်ကော်ပိုရေးရှင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါ။


 အလုပ်ကနေ ရတဲ့ ဖိအားတွေ အရမ်း များနေချိန်မှာ သူတို့က လူစုပြီး သူတို့ဘော့စ်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေအကြောင်းကို တိတ်တဆိတ် အတင်းပြောတတ်ကြသည်။ ဒါက သနားစရာ ရုံးဝန်းထမ်းလေးတွေ အပန်းဖြေတဲ့ နည်းလမ်းတွေထဲက တစ်ခု ဖြစ်သည်။

***