Ch 10
Viewers 420

အပိုင်း ( ၁၀ )


ရှောက်မိသားစုရဲ့ ပတ်သက်ဆက်နွယ်မှုတွေက တော်တော်လေး ရှုပ်ထွေးသည်။ သခင်လေးရှောက်ရဲ့ အဘိုး ဥက္ကဌကြီး ရှောက်ယွင်ကျန်းမှာ မိန်းမ နှစ်ယောက် ရှိသည်။ 


သူ့ပထမ မိန်းမ ယင်မန်ချင်းက ဥက္ကဌကြီးရှောက်နှင့်အတူ ရှောက်ကော်ပိုရေးရှင်းကို အတူတကွ တည်ထောင်ခဲ့တာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူမဟာ သခင်လေးရှောက်ရဲ့ အဖေ ဖြစ်တဲ့ ရှောက်ကျန်းခယ့်ကို မွေးပြီး သိပ်မကြာလိုက်ဘဲ ကားအက်ဆီးဒင့်ဖြစ်ကာ သေဆုံးသွားခဲ့သည်။ 


ဥက္ကဌကြီးရှောက်ရဲ့ ဒုတိယဇနီး ဝူကျင်းယောင်က ထိုအချိန်မှာ သူ့အတွင်းရေးမှူးအဖြစ် အလုပ် လုပ်နေခဲ့ဆာပင်။ ယင်မန်ချင်း ကွယ်လွန်ပြီး နောက်တစ်နှစ် အကြာမှာပဲ သူမနှင့် ဥက္ကဌကြီးရှောက်တို့ လက်ထပ်ခဲ့သည်။ သူမက လျင်မြန်စွာပဲ ကိုယ်ဝန်ရကာ သား တစ်ယောက် မွေးခဲ့သည်။ ထိုသားက သခင်လေးရှောက်ရဲ့ ဒုတိယဦးလေး ရှောက်ကျန်းထင် ဖြစ်သည်။ 


သခင်လေးရှောက်ရဲ့ အဖေ ရှောက်ကျန်းခယ့်က ကလေးဘဝကတည်းက ကျန်းမာရေးချူချာသည်။ ကောလဟာလတွေအရတော့ သူဟာ ဥက္ကဌကြီးရှောက်နှင့် သားအဖဆက်ဆံရေး အဆင်မပြေဘူးဟာ ဆိုကြသည်။ 


ဥက္ကဌကြီးရှောက်က သူ့ကို အတင်း အိမ်ထောင်ပြုခိုင်းဖို့ ကြိုးစားသည့် ကိစ္စကြောင့် သားအဖ နှစ်ယောက် လုံးဝ ဝေးကွာအေးစက်သွားခဲ့သည်။ သူက ဥက္ကဌကြီးရှောက် စီစဉ်ထားသော မင်္ဂလာပွဲကို ငြင်းဆန်ကာ သူ့ကို ဂရုစိုက်ပေးနေသည့် သူနာပြုမလေး ( သခင်လေးရှောက်ရဲ့ အမေ ) ကိုပဲ ခေါင်းမာစွာ လက်ထပ်ခဲ့လေသည်။ 


ဥက္ကဌကြီးရှောက်က အလွန် ဒေါသထွက်သွားကာ သူတို့ရဲ့ သားအဖဆက်ဆံရေးကို သေခန်းရှင်ခန်း ဖြတ်ပစ်လိုက်ရမလားဟု ခြိမ်းခြောက်ခဲ့သည်။ 


ရှောက်ကျန်းခယ့်ကတော့ သူဟာ ရှောက်မိသားစုနှင့် ဘာမှ မပတ်သက်တော့ပါဘူးဟု လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ကြောညာခဲ့ပြီးနောက် ရှောက်မိသားစုကနေ လုံးဝ ခွဲထွက်လာလျက် သူ့သတိုးသမီးလေးကို ခေါ်ဆောင်ကာ ကျန်းနန်တွင် အခြေချ နေထိုင်ခဲ့လေသည်။ 


သခင်လေးရှောက်ရဲ့ အသက် ( ၁၇ ) နှစ် ပြည့်ချိန်မှာ သူ့အဖေက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကာ ထိုနှစ်မှာပဲ သူ ရှောက်မိသားစုဆီ ပြန်သွားခဲ့သည်။ သို့သော်လည်း ရှောက်မိသားစုနှင့် နှစ်နှစ်၊ သုံးနှစ်လောက်သာ နေလိုက်ရကာ ဥက္ကဌကြီးရှောက်က သူ့ကို နိုင်ငံခြားပို့လိုက်သည်။ 


နိုင်ငံခြားကနေ သူ ပြန်ရောက်လာချိန်မှာတော့ ရှောက်ကော်ပိုရေးရှင်းကို အပြည့်အဝ အုပ်ချုပ်မည့် စီအီးအို အသစ် တစ်ယောက်အဖြစ် ပြန်လာခဲ့တာ ဖြစ်သည်။ 


ရှောက်ကျန်းထင်နှင့် သူ့သား ရှောက်ကျင်းယွင်က ဒီအာဏာလုပွဲမှာ မရှုမလှ ရှုံးနိမ့်သွားကာ အခုတော့ အရံ စီးပွားရေးလုပ်ငန်း ဖြစ်သည့် ရှောက် ကျောက်မျက်ရတနာ လုပ်ငန်းကိုသာ အုပ်ချုပ်နေရ၏။ သူတို့ နယ်နှင်ခံလိုက်ရသည်ဟု ပြောလျှင် လွန်ရာကျမည် မထင်ပါ။ 


ရှောက်ကော်ပိုရေးရှင်းကို သခင်လေးရှောက် စတင် အုပ်ချုပ်သည့် လ အနည်းငယ်အတွင်းမှာပဲ အလုပ်ထုတ်သင့်တဲ့ လူကို အလုပ်ထုတ် ၊ ရာထူး ရွေ့ပြောင်းသင့်တဲ့ လူကို ရွေ့ပြောင်း ၊ လျှော့သင့်တဲ့ နေရာကို အကုန် လျှော့ စသည်ဖြင့် ထိထိရောက်ရောက် ကိုင်တွယ်နေခဲ့သည်။ ရှောက်ကော်ပိုရေးရှင်းရှိ လူတိုင်းသည် သူတို့ရဲ့ လက်ရှိ နေရာလေးတွေ မမြဲမှာကို စိုးရိမ်နေခဲ့ကြ၏။ 


ဒါရိုက်တာ ဘုတ်အဖွဲ့ကလည်း နှစ်ခြမ်းကွဲနေ၏။ အများစုကတော့ ရှောက်ကျန်းထင်ရဲ့ ဘက်တော်သားတွေ ဖြစ်ကာ ကုမ္ပဏီကို ‌ရှောက်ချန်းကျယ်က သူ့စိတ်ကြိုက် ပုံသွင်းနေတာဟာ ရှောက်ကော်ပိုရေးရှင်းကို ဖျက်ဆီးနေတာနှင့် အတူတူပဲဟု ပြောခဲ့ကြသည်။ တခြား တစ်ဖက်ကတော့ လတ်တလော နှစ်တွေအတွင်းမှာ လည်ပတ်မှုနှေးကွေးသော လုပ်ငန်းတွေနှင့် အလွန်အကျွံ တိုးချဲ့ထားသော လုပ်ငန်းခွဲတွေကြောင့် ရှောက်ကော်ပိုရေးရှင်းရဲ့ တိုးတက်မှုဟာ ရှေ့မဆက်နိုင်တာ ကြာပြီဟု ယုံကြည်နေခဲ့ကြသည်။ ဆွေမျိုးကောင်းစားရေးဝါဒကို အခြေခံပြီး ရာထူးကြီးတွေကို နေရာယူထားတဲ့ ၊ အသုံးမကျတဲ့ လူတွေက ပြဿနာရှာရုံက လွဲလို့ တခြား မလုပ်တတ်တာကိုတော့ ပြောမနေပါနဲ့တော့။ သခင်လေးရှောက်ရဲ့ လုပ်ရပ်တွေက ရှောက်ကော်ပိုရေးရှင်းကို ပြန်လည် ဦးမော့စေရန်အတွက် လေးလံဖိစီးနေသည့် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ရုံသာ ရှိသည်။ 


ပြင်ပ အတင်းအဖျင်းတွေက ဆိုးဝါးသော်လည်း ဘယ်လို ထင်မြင်ချက်တွေကမှ သခင်လေးရှောက်ကို သူ့မူဝါဒအတိုင်း အကောင်အထည်ဖော်ခြင်းအား မတားဆီးနိုင်ပေ။ အရင်တစ်ပတ်တုန်းက သခင်လေးရှောက်သည် သူ့အဘိုးရဲ့ နောက်မိန်းမ၏ မောင်ဖြစ်သူ ဝူကျင်းဖန်ကို အလုပ်ထုတ်ပစ်လိုက်သည်။ ဥက္ကဌကြီးရှောက်က အစည်းအဝေး လုပ်နေစဉ်မှာပင် သခင်လေးရှောက်ကို လူကြားထဲမှာ ဆူပူ‌ခဲ့ပေမဲ့ သခင်လေးရှောက်ကတော့ တစ်ခွန်းမှ ငြိမ်ခံမနေဘဲ ပြန်လည် ချေပခဲ့သည်။ ဥက္ကဌကြီးရှောက်ဟာ အလွန် ဆဒါသထွက်သွားကာ ဖန်ခွက်ကို ကြမ်းပြင်ပေါ် ပေါက်ခွဲခဲ့လေသည်။ သခင်လေးရှောက်ဟာ ဒီရာထူးမှာ ကြာကြာ ခံမှယ မဟုတ်ဘူးလို့ လူတိုင်းက စတင် ထင်ကြေးပေးခဲ့ကြသည်။ ရှောက်ကော်ပိုရေးရှင်းမှာ ရှိတဲ့ ဘယ်သူကမှ ဥက္ကဌကြီးရှောက်ရဲ့ စကားကို မလိုက်နာဘဲ မနေနိုင်ကြ။ 


သို့သော် ထိုကိစ္စ ပြီးသွားကတည်းက ဥက္ကဌကြီးရှောက်သည် သခင်လေးရှောက်ရဲ့ လုပ်ရပ်တွေနှင့် ပတ်သက်လို့ ဘယ်လို ထင်မြင်ချက်မျိုးကိုမှ မပြောတော့ပါ။ သခင်လေးရှောက် လုပ်နေတာတွေကို သူလည်း လက်ခံလိုက်ပြီ ဆိုတဲ့ သဘောပါပဲ။ 


သခင်လေးရှောက်ကို ဥက္ကဌကြီးရှောက် ကိုယ်တိုင် ပြန်ခေါ်လာခဲ့တယ် ဆိုတာကို လူတိုင်း ရုတ်တရက် နားလည်သွားခဲ့ကြသည်။ ဖြစ်နိုင်တာကတော့ အစည်းအဝေးမှာ ဖြစ်ခဲ့တဲ့ မြေးအဘိုး နှစ်ယောက်ရဲ့ အဖြစ်အပျက်က ဥက္ကဌကြီးရှောက်ဟာ သခင်လေးရှောက်ကို မထိန်းချုပ်နိုင်ပါဘူးလို့ လူတွေ မြင်အောင် ပြတဲ့ သရုပ်ဆောင်မှုသက်သက်သာ ဖြစ်သည်။ 


ထို့ကြောင့် သခင်လေးရှောက် အလုပ်ထုတ်ပစ်လိုက်တဲ့ လူတွေကို ဘယ်တော့မှ အလုပ်ပြန်ခန့်လို့ မရတော့ဘဲ သခင်လေးရှောက်ရဲ့ ဆုံးဖြတ်ချက်ကသာ အတည် ဖြစ်သည်။ 


ဒီနှစ်ပိုင်းတွေမှာ ဝူကျင်းဖန်ရဲ့ မိသားစုက သူ့အဘွားရဲ့ အရှိန်အဝါကို မှီခိုကာ ရှောက်ကော်ပိုရေးရှင်းကို လက်ဝါးကြီးအုပ်ကာ တခြား လူတွေကို အနိုင်ကျင့်၍ ပြဿနာပေါင်းစုံ ရှာနေခဲ့ကြသည်။ 


သို့သော်လည်း ရှောက်ကျန်းထင်နှင့် သူ့သားက ကာကွယ်ပေးနေတာမို့ ဥက္ကဌကြီးရှောက်ရဲ့ နားထဲကို ထိုသတင်းတွေ ရောက်သွားလျှင်တောင် သူ့ရဲ့ ဒုတိယဇနီးက နည်းနည်းပါးပါး ငိုပြလိုက်သည်နှင့် ပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးသား ဖြစ်သွား၏။


 ကော်ပိုရေးရှင်းအတွက် အမှန်တကယ် အလုပ် လုပ်ပေးနေသော အားကိုးအားထားရသည့် အဖွဲ့ဝင် တချို့သည် တကယ်လို့ ဝူမိသားစုကသာ ဒီပုံအတိုင်း ဆက်သွားနေရင် ရှောက်ကော်ပိုရေးရှင်းရဲ့ ကျရှုံးခန်းက မဝေးတော့ဘူးဟု ဆိုကာ အလုပ်ထွက်ဖို့ ရွေးချယ်ခဲ့ကြလေသည်။ 


ဥက္ကဌကြီးရှောက်က ဝူမိသားစုကို ကော်ပိုရေးရှင်းထဲကနေ ရှင်းထုတ်ပစ်ချင်သော်လည်း ဝူမိသားစုရှေ့မှာ လူဆိုး အဖြစ်မခံနိုင်သောကြောင့် သူ့မြေးကို လူမိုက်ငှားနေတာ ဖြစ်သည်။ 


ပြောရရင် သခင်လေးရှောက်နှင့် သူ့ရဲ့ ဒုတိယဦးလေး ၊ ဝူမိသားစုတို့က ဘယ်တော့မှ သင့်မြတ်ခဲ့တာ မဟုတ်။ ဟိုးအရင်တုန်းက သခင်လေးရှောက်ကို နိုင်ငံခြားပို့ခဲ့တာ သူ့ရဲ့ ဒုတိယဦးလေးနှင့် ဝူမိသားစု ဆိုတဲ့ ကောလဟာ‌လတွေလည်း ရှိသည်။ အခု ဝူမိသားစုကို သခင်လေးရှောက် ကိုင်တွယ်နေပုံက တရားနည်းလမ်းကျသည်ဟု ပြောလို့ ရသည်။ 


ဟန်ဆောင်နေတာလား ၊ တကယ်လား ဆိုတာကို ခုန်ယိချန်း မသိပေမဲ့ သခင်လေးရှောက်က ဥက္ကဌကြီးရှောက်ရဲ့ ပြောစကားကို နားမထောင်ဘဲ မြေးအဘိုး နှစ်ယောက် ဆက်ဆံရေး မပြေလည်ဘူး ဆိုတာကိုတော့ သိသည်။ ဥက္ကဌကြီးရှောက်က သူမဆီကနေ တစ်ဆင့်သာ သခင်လေးရှောက်ကို ဖုန်းဆက်လေ့ရှိသည်။ 


သခင်လေးရှောက်ကလည်း ဆယ်ခါ ဖုန်းဆက်လျှင် ကိုးခါက မကိုင်ပါ ၊ ကျန်တဲ့ တစ်ခေါက်ကတော့ သူ့စိတ်အခြေအနေအပေါ် အပြည့်အဝ မူတည်သည်။ သူ စိတ်ကြည်နေလျှင် ဖုန်းမကိုင်ဘဲ စိတ်မကြည်မလင် ဖြစ်နေမှသာ အော်ကြီးဟစ်ကျယ် ငြင်းခုံရန်ဖြစ်ဖို့အတွက် ဖုန်းကိုင်လေ့ရှိသည်။ 


ဒီမြေးအဘိုး နှစ်ယောက်ကြား ဘာဖြစ်ထားတာလဲ ဆိုတာကိုတော့ ခုန်ယိချန်း မသိပေ။ လူချမ်းသာမိသားစုတွေရဲ့ အပေါ်ယံကို အပြင်လူတွေက အားကျနေသလောက် တကယ်တမ်းကျ အတွင်းထဲမှာ မိသားစုချစ်ခြင်းမေတ္တာ ဆိုတာ မြူမှုန် တစ်မှုန်တောင် မရှိဘဲ သပွတ်အူလို အရှုပ်အထွေးတွေ ၊ ပြဿနာတွေနှင့် ပြည့်နှက်နေတာ ဖြစ်သည်။ 


ခုန်ယိချန်းသည် ဒီသခင်လေးရှောက်ကိုပင် လူသားဆန်သည်ဟာ မခံစားရပေ။ လေဆိပ်မှာ တစ်ခါ ရယ်မောဖူးတဲ့ ဟိုတစ်ခေါက်က လွဲလို့ ကျန်တဲ့ အချိန်တွေမှာ သူ့မျက်နှာက အေးစက်ရင် အေးစက် ၊ မအေးစက်ရင် တင်းမာ ၊ မတင်းမာရင် မှုန်ကုပ်မည်းမှောင်နေတတ်သည်။ ဒီလို ငူငူငိုင်ငိုင် အမူအရာနှင့် ငြိမ်နေတယ် ဆိုတာ တကယ့်ကို ရှားသည်။ 


“ သခင်လေးရှောက်။ ”


ခုန်ယိချန်း ခေါ်လိုက်တော့မှ ရှောက်ချန်းကျယ် သတိပြန်ဝင်လာကာ စားပွဲပေါ်မှာ တင်ထားသော ခြေထောက်တွေကို ပြန်ချပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ 


“ မင်းမှာ ကလေးရှိတယ် ဆိုတာကို ငါ မှတ်မိသေးတယ် အတွင်းရေးမှူးခုန်။ ” 


“ ဟုတ်ကဲ့။ ” 


“ မင်းကလေးက ယောက်ျားလေးလား ၊ မိန်းကလေးလား။ ” 


ဘော့စ်က ရုတ်တရက်ကြီး ဘာလို့ သူမရဲ့ ကလေးကို ဂရုစိုက်နေတာလဲ ဆိုတာ ခုန်ယိချန်း မသိသော်လည်း ဘော့စ်က ဒီလို စိတ်ကြည်လင်နေတတ်တာ ရှားသောကြောင့် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “ မိန်းကလေးပါ။ ” 


“ အသက်ကရော ဒီနှစ်ထဲမှာ ဘယ်လောက် ရှိပြီလဲ။ ” 


“ ငါးနှစ်ပါ။ ” 


“ အဲ့အရွယ် ကလေးမလေးတွေက မေးခွန်းတွေ အများကြီး မေးတတ်လား။ ” 


မေးခွန်းတွေ အများကြီး မေးတာ မဟုတ်ဘဲ အတောမသတ်နိုင်အောင် အဆက်မပြတ် မေးတာပင်။ ဘာလို့ ရေသောက်တာလဲ ၊ ဘာလို့ အိပ်တာလဲ ၊ ဘာလို့ ကျောင်းသွားရတာလဲ ။ သူမလေး မမေးတဲ့ တစ်ခုတည်းသော မေးခွန်းက ဘာလို့ ထမင်းစားတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ ဘာလို့လဲ ဆိုတော့ သူမရဲ့ သမီးလေးကိုယ်တိုင်ကိုက အစားကြီးသူ တစ်ယောက်မို့။ သူမလေးရဲ့ နာမည်ပြောင်က ဖက်တီးမလေး ဖြစ်သည်။ အနည်းဆုံးတော့ အစာ စားနေတဲ့ အချိန်မှာ နည်းနည်းလေး ပါးစပ်ပိတ်နေတတ်တာမို့ အစားကြီးတာကို ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူမရဲ့ အတောမသတ်နိုင်သော မေးခွန်းတွေကြောင့် ခုန်ယိချန်း ရူးသွားလိမ့်မည်။ 


ခုန်ယိချန်းက သူမရဲ့ သမီးလေးနှင့် ပတ်သက်လို့ ဘော့စ်ကို ညည်းည်းညူညူ ပြောလို့ မရသောကြောင့် ပို၍ ပညာသားပါသော နည်းလမ်းကို သုံးပြီး ပြောလိုက်၏။ “ သိပ်ကို စပ်စုကြတာ။ အရာရာတိုင်းကို ဟိုစပ်စပ် ဒီစပ်စပ် သိချင်နေကြတာပဲ။ ” 


စပ်စုပြီး အကြောက်အလန့်ကင်းရုံတင် မဟုတ်ဘဲ တစ်ခါမှ မတွေ့ဖူးတဲ့ လူစိမ်းတစ်ယောက်နှင့်လည်း အကြာကြီး ဖုန်းပြောနိုင်သေးသည်။ သူမလေးကို သူမရဲ့ မိဘတွေထဲက တစ်ယောက်ယောက်က ပြုစုပျိုးထောင်ပေးထားတာ ဖြစ်ရမည်။ ဒီလို အရွယ်လေးမှာကတည်းက စကားကို လည်လည်ဝယ်ဝယ် ပြော‌တတ်နေတာမို့ ကောင်းကောင်း ကြီးပြင်းလာတာ သေချာသည်။ တခြား ဘာမေးခွန်းကိုမှ မမေးခင် သူ့အကြောင်းတွေကို အရင် မေးသည်။ ဒါပေမဲ့ အဲ့ဒါကလည်း ကောင်းတော့ မကောင်းပါ။ တကယ်လို့ သူမနှင့် တွေ့တဲ့ လူက လူဆိုး ဖြစ်နေလျှင် သူမရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို ပြောပြလိုက်သလို ဖြစ်သွားလိမ့်မည်။ 


သူ ဒီနေ့ အတော်လေး အားယားနေသည်ဟု ရှောက်ချန်းကျယ် ခံစားရ၏။ ဘယ်ကမှန်း မသိတဲ့ ဖုန်းကောလ် တစ်ခုကို လက်ခံ စကားပြောခဲ့ရုံသာမက သူနှင့် မဆိုင်တဲ့ ကိစ္စတွေကိုပါ စိုးရိမ်နေလိုက်သေးရဲ့။ အတွေးတွေကို ပြန်ဆွဲခေါ်ပြီး ခုန်ယိချန်းကို မေးလိုက်သည်။ “ မင်း ဘာပြောမလို့ ငါ့ဆီ လာတာလဲ။ ”


ဘော့စ် ဘယ်သူ့ကို ပြောနေတာလဲ ဆိုတာ ခုန်ယိချန်း နားလည်ဖို့ စက္ကန့် အနည်းငယ်လောက် အချိန်ယူလိုက်ရသည်။ လန်ချွမ်း ဟိုတယ်ရဲ့ ဘော့စ် ဖြစ်သည့် ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးကို ပြောနေတာ ဖြစ်သည်။ 


ယိရှန်းက လန်ချွမ်း ဟိုတယ်ရဲ့ ပင်တိုင် ဖောက်သည် တစ်ယောက်ပင်။ သို့သော် ရှောက်ကော်ပိုရေးရှင်းက ထိုဟိုတယ်ရဲ့ ပင်တိုင် ဖောက်သည်ကို လုယူသွားခဲ့သည်။ အရမ်းကြီး ‌ဖြောင့်မတ်မှန်ကန်တဲ့ နည်းလမ်းနှင့်တော့ မဟုတ်။ ရှောက်ကော်ပိုရေးရှင်းရဲ့ ဘော့စ်အသစ် သခင်လေးရှောက်ဟာ ကုမ္ပဏီအတွင်းမှာတင် မဟုတ်ဘဲ ပြင်ပမှာပါ အကွက်ရွေ့ဖို့ ကြိုးစားနေသည်ဟု ခုန်ယိချန်း ခံစားရသည်။ 


သခင်လေးရှောက်ရဲ့ လုပ်ရပ်က နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ဘဲ နေလာခဲ့တဲ့ ချန်မိသားစုနှင့် ရှောက်မိသားစုနှင့် စည်းကို ကျော်လိုက်တာပါပဲ။ ချန်မိသားစုကို စစ်ကြေညာလိုက်ခြင်းလို့ ပြောလျှင်လည်း မမှားပါ။ ထို့ကြောင့် ဒုတိယ သခင်မလေးချန်က ယိရှန်းလေလံပွဲကို သွားနေသည်ဟု ယိရှန်းဘက်ကနေ သူမ ကြားလာချိန်မှာ သခင်လေးရှောက်ကို ချက်ချင်း လာသတင်းပို့တာ ဖြစ်သည်။ ဒုတိယ သခင်မလေးချန်က လေလံပွဲကို နှောင့်ယှက်ဖို့ လာခဲ့တာ ဆိုလျှင် သူတို့ ကြိုတင် ပြင်ဆင်ထားလို့ ရပါသည်။ 


သခင်လေးရှောက်ကို ထိုအကြောင်း ပြောပြလိုက်တော့ သခင်လေးရှောက်ရဲ့ အမူအရာက ဘာမှ သိပ်ထူးထူးခြားခြား ပြောင်းလဲမသွားဘဲ အေးစက်စွာ တုံ့ပြန်သည်။ “ ငါ နားလည်ပြီ။ ” ထို့နောက် ထပ်ပြောလိုက်သည်။ “ လေလံပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်ထားပါ။ ”


လေလံပွဲနေ့ရက်ကို ဘော့စ် မေ့သွားပြီ ဆိုတာ သူမ သိလိုက်သည်။ အရေးကြီးတဲ့ ကိစ္စလည်း မဟုတ်သလို သူ အခုတလော ချာလပတ်ရမ်းနေအောင် အလုပ်ရှုပ်နေတာမို့ လေလံပွဲနေ့ကို သူ မှတ်မိနေလိမ့်မည်ဟု အစကတည်းက သူမ မျှော်လင့်မထားပါ။ ဘော့စ်က အရမ်း မှတ်ဉာဏ်ကောင်းတာပဲလို့သာ သူမ ပြောနိုင်သည်။ 


သူမ ပြန်ပြောလိုက်၏။ “ မိန်းကလေးချန်က လေလံပွဲကို မသွားပါဘူး။ ” 


သခင်လေးရှောက်က ခေါင်းညိတ်ပြရုံသာ တုံ့ပြန်ပြီး ဘာမှ ထပ်မပြော။ ခုန်ယိချန်းက သူ့မှာ ညွှန်ကြားစရာ မရှိတာကို မြင်တော့ ရုံးခန်းထဲကနေ ပြန်ထွက်လာခဲ့လိုက်သည်။ 


နေ့ခင်းရောက်တော့ ရှောက်ချန်းကျယ်ကို ရှန်းစီဝမ်က ဖုန်းလှမ်းဆက်သည်။ သူ ဖုန်းကိုင်ဖို့ တုံ့ဆိုင်းနေမိပါသည်။ အခုလေးတင် သူ့အမေနဲ့ ဖုန်းပြောပြီးတာ … ။ သူ့အမေက ဖုန်းပြောလျှင် နာရီဝက်တိတိ မရပ်မနား တောက်လျှောက် ပြောနိုင်ကာ သူ့ကိုတောင် တစ်လှည့် ပြောခွင့် မပေးပေ။ သူမက သဘာဝကျစွာပင် စကားခေါင်းစဉ်တွေကို တစ်ခုပြီး တစ်ခုလည်း ပြောင်းလဲနိုင်သေးရဲ့။ ပရော်ဖက်ရှင် ပုံပြင်ပြောသူတွေပင် သူ့အမေကို ယှဉ်နိုင်မှာ မဟုတ်ဘူးဟု သူ့အဖေက တစ်ခါ ပြောဖူးသည်။ ဒါပေမဲ့ သားဖြစ်သူကတော့ အမေဖြစ်သူထံမှ စကားပြော စွမ်းရည်ကို အမွေရမထား။ မွေးစားသမီး ဖြစ်တဲ့ ရှန်းစီဝမ်ကတော့ သူမရဲ့ မွေးစားအမေထက် ပိုတော်သည်။ 


အခုလေးတင် ပုံပြင် တစ်ပုဒ်ကို နားထောင်ပြီးတာမို့ အေးအေးဆေးဆေး နေ့လယ်စာ စားချင်သည်။ ချက်ချင်းကြီး နောက်ထပ် ပုံပြင် တစ်ပုဒ်ကို နားမထောင်ချင်။ 


သို့သော်လည်း ဘာပဲဖြစ်ဖြစ် သူ ဖုန်းကိုင်လိုက်ရပါသည်။ 


ရှန်းစီဝမ်ရဲ့ အမေနှင့် သူ့အမေက တစ်ယောက်ကို တစ်ယောက် ညီအစ်မ အရင်းအချာတွေလို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သည်။ ရှန်းစီဝမ် အထက်တန်းတက်နေစဉ်မှာ သူမရဲ့ မိဘတွေက နေမကောင်းဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြသည်။ ထို့ကြောင့် သူ့အမေက ရှန်းစီဝမ်ကို အိမ်ခေါ်လာပြီး သမီးအရင်းလေး တစ်ယောက်လိုပင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ပြီးတော့ သူ အိမ်နှင့် ဝေးကွာနေခဲ့တဲ့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ရှန်းစီဝမ်ကပဲ သူ့အမေကို အဖော်ပြုပေးခဲ့တာပါ။ သူ့အမေရဲ့ နှလုံးသားထံမှာ ရှန်းစီဝမ်ကိုတောင် သူ့ထက် ပိုနေရာပေးရင် ပေးထားလောက်သည်။ 


“ နင် ငါ့ကို ဖုန်းခေါ်ထားသေးလား။ ” ဟု ရှန်းစီဝမ်က အရင်ဆုံး မေးသည်။ 


ဟိုကလေးမလေးကြောင့် အာရုံပြောင်းသွားသော ရှောက်ချန်းကျယ်သည် သူ ပြောချင်တဲ့ စကားကို မေ့လျော့သွားခဲ့သည်။ ရှောက်ကျင်းယွင် ညစာ စားဖို့ ဖိတ်ထားတာကို နင် သွားစရာ မလိုဘူးနော်ဟု သူ ထပ်ပြောလိုက်သည်။ 


ထိုစကားကို ပြောပြီးနောက် သူ ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ ရှန်းစီဝမ်က သူ့ကို တားလိုက်သည်။ “ ငါ့ကို ဖုန်းကူဖြေပေးတဲ့ ကလေးမလေးက နင့်ကို အများကြီး သဘောကျနေတဲ့ ပုံပဲ။ ငါ့ကို နင့်အကြောင်း မေးခွန်းပေါင်းစုံ ဆက်တိုက် မေးနေတာ ၊ ပြီးတော့ နင့်ဖုန်းနံပါတ်ကိုတောင် ငါ့ဆီကနေ တောင်းသွားသေးတယ်။ နင့်ကို ကလေးမလေး တစ်ယောက်က ရှားရှားပါးပါး ခင်ချင်နေတာကို မြင်တော့ ငါလည်း သူ့ကို နင့်ဖုန်းနံပါတ် ပေးလိုက်တယ်။ ”


ရှောက်ချန်းကျယ်သည် မျက်ခုံးတွေကို ပွတ်သပ်လိုက်၏။ အခု သူမက သူ့ဖုန်းနံပါတ်ကို ပေးပြီးပြီမို့ နောက်ကျသွားပါပြီ။ 


“ နောက်ဆို အဲ့လိုမျိုး ထပ်မလုပ်နဲ့။ ” 


သူ ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ ရှန်းစီဝမ်က ထပ်ပြောလာပြန်သည်။ “ သူက ရှန်းချူချီရဲ့ အတန်းဖော်လေ ၊ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း ဆိုရင်လည်း ဟုတ်တယ်။ သူ နင့်ကို ဖုန်းဆက်ရင် နင် ချိုချိုသာသာနဲ့ သေချာလေး ပြန်စကားပြောပေးရမယ်နော်။ ” 


“ ရှန်းချူချီက ဘယ်သူလဲ။ ” 


“ ငါ့သားလေ။ ငါ့သားအရင်း။ ဂုဏ်ပြုပါတယ် ဦးလေးရှောက် ၊ နင်တော့ ခြောက်နှစ်စာ မုန့်ဖိုးအိတ် အနီလေးတွေကို ပြင်ထားရတော့မယ်။ ” 


မဖြစ်နိုင်ဘူးလို့ ရှောက်ချန်းကျယ် ခံစားရသော်လည်း ရှန်းစီဝမ်ရဲ့ လေသံကို နားထောင်ရသလောက် နောက်နေတဲ့ ပုံတော့ မပေါ်ပါ။ “ … နင့်မှာ ဘယ်တုန်းက သား တစ်ယောက် ရသွားတာလဲ။ ” 


“ ဘယ်တုန်းကရရ အခု ငါ့မှာ သား တစ်ယောက် ရှိနေပြီလို့ပဲ မှတိလိုက်ပေါ့။ ” ရှန်းစီဝမ် ထိုအကြောင်းကို ခရေစေ့ကွင်းကျ ပြောမပြချင်ပါ။ 


ရှောက်ချန်းကျယ်က မျက်ခုံး တစ်ခုနှင့် တစ်ခု ထိစပ်လုနီးပါး မျက်မှောင်ကြုတ်လိုက်သည်။ “ ဒါဆို ဒီနှစ်တွေ တစ်လျှောက်လုံးမှာ နင့်သားက ဘယ်ရောက်နေတာလဲ။ ” 


“ ဘယ်ရောက်နေတာ ဖြစ်နိုင်မလဲ။ ငါနဲ့တော့ မဟုတ်ဘူးပေါ့။ အဲ့တုန်းက ငါကတော့ ကလေးမွေးဖို့  တာဝန်ယူမယ် ၊ သူကတော့ ကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူမယ် ဆိုပြီး သဘောတူခဲ့ကြတာ။ ” 


“ … ငါ့ကို လာနောက်နေတာလား။ ” 


ရှန်းစီဝမ်သည် အပြစ်မကင်းသလို ခံစားလိုက်ရ၏။ “ မွေးစားအမေကို ငါ ကိုယ်တိုင် ရှင်းပြလိုက်ပြပါ့မယ်။ ငါ မရှိဘဲနဲ့ သူမရှေ့မှာ ဒီအကြောင်းကို သွားမပြောနဲ့။ ” 


“ နင် ဒီအခြေအနေကို သူ့ကို အမြန်ဆုံး သွားရှင်းပြတာ ပိုကောင်းလိမ့်မယ်။ ” 


ရှန်းစီဝမ်က သူ့တုံ့ပြန်မှုကို အရမ်းကြီးတော့ ကျေနပ်မသွားပါ။ “ ငါ့မှာ ရုတ်တရက်ကြီး ဘယ်ကမှန်း မသိတဲ့ သား တစ်ယောက် ရလာတာကို နင်ကတော့ အရမ်းကြီး အံ့ဩသွားတဲ့ပုံ မပေါ်ပါလား။ ” 


“ နင့်စိတ်နဲ့ ဆိုရင် နင် ဘာလုပ်လုပ် ငါ အံ့ဩမှာ မဟုတ်ဘူး။ ”

***