အပိုင်း ( ၁၁ )
ရှန်းစီဝမ် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ နင်နဲ့ ဖုန်းပြောခဲ့တဲ့ ကလေးမလေးက ဘယ်သူ့သမီးလဲ ဆိုတာ နင် သိလား။ ”
“ မသိဘူး။ ”
ထိုကလေးမလေးက ဘယ်သူ့သမီးပဲ ဖြစ်ဖြစ် သူ ဂရုမစိုက်ပါ။ ရှန်းစီဝမ်ရဲ့ ကလေးအဖေက ဘယ်သူလဲ ဆိုတာကိုပဲ လောလောဆယ် သူ ဂရုစိုက်သည်။ ခြောက်နှစ်တဲ့။ ရှောက်ချန်းကျယ် တွက်ချက်ကြည့်မိသည်။ ရှန်းစီဝမ် တစ်ယောက် နှစ်ဝက်ကျော်ကျော် ခရီးသွားကာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း အလုပ်ရှုပ်နေခဲ့၍ အိမ်ပြန်လာလို့ မရဘဲ ဗီဒီယိုကောလ်သာ ပြောခဲ့ရတဲ့ နှစ် တစ်နှစ် ရှိဖူးသည်ဟု သူ့အမေ ပြောဖူးသည်။ နှစ်သစ်ကူးချိန်မှာတောင် ရှန်းစီဝမ်က အိမ်ပြန်မလာခဲ့။ သူမမှာ အမှန်တကယ်ပဲ သား တစ်ယောက် ရှိနေလျှင် အဲ့ဒီနှစ်မှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ရမည်။
ရှောက်ချန်းကျယ်က စားပွဲကို လက်နှင့် ထပ်ခါ ထပ်ခါ ခေါက်နေခဲ့သည်။ မိန်းကလေး တစ်ယောက်ကို လက်မထပ်သေးဘဲ ကိုယ်ဝန်ရအောင် လုပ်ခဲ့တဲ့ အမှိုက်ကောင်ကို ခြေထောက် တစ်ချောင်း ချိုးပစ်လိုက်ရင် ကောင်းမလား ၊ ဒါမှမဟုတ် နှစ်ချောင်းလုံး ချိုးပစ်လိုက်ရင် ကောင်းမလား။
သူ့အတွေးတွေကို ဘာမှ မသိသော ရှန်းစီဝမ်ကတော့ ဖုန်းတစ်ဖက်ခြမ်းကနေ တစ်လုံးချင်း ပြောလိုက်သည်။ “ အဲ့ကလေးမလေးက ချန်ကျင်းလန်ရဲ့ သမီးပဲ။ ”
......
ချန်လီချီက အိပ်ရာပေါ်မှာ လှဲနေချိန်တွင် သူမရဲ့ အမေကတော့ ဆံပင်ကို လေမှုတ် အခြောက်ခံနေခဲ့သည်။ သူမလေးရဲ့ မျက်လုံးလေးတွေက နံရံပေါ်က နာရီကို စက္ကန့်မလပ် လှမ်းကြည့်နေကာ မိနစ်လက်တံက ( ၁၀ ) ဂဏာန်းကို ရောက်သွားချိန်မှာဝောာ့ သူမအမေရဲ့ လက်ကို ပုတ်လိုက်၏။
ချန်ကျင်းလန်က ဆံပင် အခြောက်ခံသည့် Dryer ကို ခလုတ်ပိတ်ပြီး မေးလိုက်သည်။ “ ဘာဖြစ်လို့လဲ။ ”
“ ရေသွားချိုးတော့လေ မေမေ။ သမီး ကတိပေးထားတဲ့အတိုင်း ရှစ်နာရီထိုးရင် ရှန်းချူချီကို ဖုန်းဆက်မလို့။ ”
ချန်ကျင်းလန်က သမီးဖြစ်သူရဲ့ ဆံပင်တွေကို သေသေသပ်သပ် ဖြစ်သွားအောင် ပွတ်သပ်ပေးလိုက်ရင်း သူမလေးရဲ့ ဘယ်သူနှင့် မတူသည့် မျက်ဝန်းနက်နက်ကလေးတွေကို ကြည့်ကာ ဘာပြောလို့ ပြောရမှန်း မသိဘဲ တုံ့ဆိုင်းနေမိသည်။
“ သမီး အခု အဆင်ပြေသွားပါပြီ မေမေရဲ့။ ” ချန်လီချီက သူမရဲ့ မိခင်ဟာ သူမကို စိုးရိမ်နေတုန်းပဲဟု ထင်သွား၏။ “ မေမေ သမီးကို အပန်းဖြေဥယျာဉ်ကို ခေါ်သွားပြီး သမီး ကြိုက်တဲ့ အာလူးကြော်နဲ့ ဟမ်ဘာဂါ စားခိုင်းတယ် ၊ ကိုကာကိုလာကိုတောင် တစ်ငုံလောက် သောက်ခိုင်းလိုက်သေးတယ်။ သမီး အခု အရမ်း ပျော်နေတာပါ ၊ တကယ့်ကို ပျော်နေတာ။ ” ချန်လီချီက သူမ ဘယ်လောက် ပျော်နေလဲ ဆိုတာ ပြရန်အတွက် လက်လေးတွေကို ဆန့်တန်းလိုက်သည်။
အကောင်းဆုံးကတော့ ရှောက်ကော်ပိုရေးရှင်းက သူမတို့အိမ်နှင့် နီးနီးလေးပဲ ဆိုတာကို ချန်လီချီ သိသွားတာပဲ ဖြစ်သည်။ လေယာဉ်တောင် စီးစရာ မလိုဘဲ ကားလေး ဝှီးခနဲ စီးသွားရုံဖြင့် အဲ့ဒီကို ရောက်သွားလိမ့်မည်ဟု အန်တီရှန်းက ပြောသည်။ အဲ့ဒါက သူမ ဝှီးခနဲ ပြေးသွားပြီး သူ့ကို တွေ့လို့ ရတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား။
ချန်ကျင်းလန်က သူမစကားကြောင့် ရယ်မောလိုက်သည်။ “ သမီး အရမ်း ပျော်နေတယ် ဆိုရင်တောင်မှ အာလူးကြော်နဲ့ ဟမ်ဘာဂါကို တစ်လ တစ်ခါပဲ စားလို့ ရမယ်။ ဒီနေ့ ကိုကာကိုလာ သောက်တာကတော့ ထားလိုက်တော့။ နောက်တစ်ခါကျ သမီး နည်းနည်းလေး ဆိုမှ တကယ့်နည်းနည်းလေးပဲ သောက်ရမယ်။ ”
ချန်လီချီ နှုတ်ခမ်းစူလိုက်၏။ “ သမီး သိပါတယ် မေမေရယ်။ ” သူမလေးက ချန်ကျင်းလန်ရဲ့ လက်မောင်းကို စိတ်မရှည်စွာ လှုပ်ရမ်းလိုက်သည်။ “ မြန်မြန် ရေသွားချိုးပါတော့ မေမေရဲ့။ ရှန်းချူချီနဲ့ သမီး ဖုန်းပြောရမယ့် အချိန် ရောက်တော့မယ်။ ”
“ သမီးနဲ့ ရှန်းချူချီနဲ့ ဖုန်းပြောတာကို သမီးမေမေက နားထောင်လို့ မရဘူးလား။ ”
“ ဟင့်အင်း ၊ မရဘူး။ ရှန်းချူချီနဲ့ သမီးက သမီးတို့ နှစ်ယောက်တည်းပဲ သိတဲ့ လျှို့ဝှက်ချက်တွေအကြောင်း ပြောကြမှာ။ ” သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ “ သမီး မေမေ့ရဲ့ ဖုန်းကို သုံးပြီး ဖုန်းဆက်လို့ ရမလားဟင်။ သမီးရဲ့ ဖုန်းက အားသွင်းထားလို့။ ”
“ ရတာပေါ့ သမီးရဲ့။ ” ချန်ကျင်းလန်က သူမရဲ့ ဖုန်းကို ပေးလိုက်သည်။ “ သမီးအစား ဦးလေးလီကို မေမေ ဖုန်းဆက်ပေးရမလား။ ”
“ ရှန်းချူချီက အခု သူ့အမေနဲ့ ရှိနေတာရယ်။ သမီးက ဒေါ်လေးကိုပဲ ဖုန်းဆက်မှာ။ ” ချန်လီချီသည် သူမဘာသာ ဖုန်းဆက်နိုင်သည်။ နာရီကို သူမ တစ်ချက် ကြည့်လိုက်၏။ ဆယ့်တစ်မိနစ်ကို ကျော်၍ ဆယ့်နှစ်မိနစ်ကိုပင် ရောက်တော့မည်။ ချန်လီချီ စိုးရိမ်လာမိသည်။ “ အချိန်ပြည့်တော့မယ်နော် မေမေ။ ”
ချန်ကျင်းလန်က ချန်လီချီလေးရဲ့ နားရွက်အောက်ဖျားက အသားလုံးလေးကို ဖျစ်ညှစ်လိုက်ကာ သူမလေးရဲ့ သဘောအတိုင်းပင် အခန်းထဲက ထွက်သွားပေးလိုက်သည်။ “ ဟုတ်ပါပြီရှင်။ မေမေ ရေသွားချိုးပြီနော်။ သမီးနဲ့ သမီးသူငယ်ချင်းလေးရဲ့ လျှို့ဝှက်ချက်တွေကို နားမထောင်တော့ဘူး။ ”
ချန်လီခတီက အခန်းထဲကနေ သူမရဲ့ အမေ ထွက်သွားပြီး တံခါးပိတ်သွားတာကို မြင်တော့မှ ဖုန်းကို Password ဖွင့်လိုက်သည်။ သူမရဲ့ ခေါင်းအုံးအောက်က ဖုန်းနံပါတ် မှတ်ထားတဲ့ စာရွက် အပိုင်းအစလေးကို ယူကာ နံပါတ်တွေကို တစ်ခုချင်း နှိပ်လိုက်၏။ ထို့နောက် ရင်ဘတ်ကို ပုတ်ကာ အသက်ပြင်းပြင်း ရှူပြီးမှ ခေါ်ဆိုမည် ဟူသော ခလုတ်ကို နှိပ်လိုက်လေသည်။ မိနစ်လက်တံကလည်း ဆယ့်နှစ်ဂဏာန်းမှာ အတိအကျ ရှိ၏။
သို့သော် ဘယ်သူမှ ဖုန်းမကိုင်ဘဲ တတူတူ အသံကို အကြာကြီး ကြားနေရသည်။ ချန်ကျင်းလန်က ဒူးပေါ် လက်တင်ကာ မေးထောက်နေမိသည်။ သူ အလုပ်ရှုပ်နေတာလား ၊ ဒါမှမဟုတ် အိပ်ပျော်နေတာလား။ သူတို့ ရှစ်နာရီမှာ ဖုန်းပြောမယ်လို့ သဘောတူထားကြတာလေ။ သူပဲ သူမ ဖုန်းဆက်တာကို စောင့်နေမယ်လို့ ပြောထားတာလေ။
ရှောက်ချန်းကျယ်ရဲ့ ဖုန်းက ဆက်တိုက် မြည်နေသော်လည်း သူကတော့ အစည်းအဝေးကို ရှေ့ဆက်ဖို့သာ လက်ဟန်ခြေဟန်ပြလိုက်သည်။
ဖန်သားပြင်ကြီးပေါ်မှ လူတွေက ထူးဆန်းတယ်ဟု တွေးလိုက်ကြသည်။ အစည်းအဝေးလုပ်နေချိန်မှာ ဘော့စ်က သူ့ဖုန်းကို အသံပိတ်မထားတာ ဒါ ပထမဆုံးအကြိမ်ပင်။ ပိုလို့တောင် ထူးဆန်းတာကတော့ သူက အစည်းအဝေးကို ခဏ ရပ်ပြီး ဖုန်းမကိုင်ဘဲ စားပွဲပေါ်က ဖုန်းကို ဒီအတိုင်းသာ ဆက်လက် တုန်ခါနေစေလျက် ဖုန်းမျက်နှာပြင်ကို ငူငူငိုင်ငိုင် စိုက်ကြည့်နေခဲ့တာ ဖြစ်သည်။
တစ်ခုခုတော့ မူမမှန်ဘူးဟု A လေး ခံစားလိုက်ရသည်။ ဖုန်းဆက်နေတဲ့ လူက မိန်းကလေး ဆိုတာ သိသာသည်။ တကယ်လို့ ယောက်ျား တစ်ယောက် ဆက်တာ ၊ ဒါမှမဟုတ် အလုပ်ကိစ္စ ဖုန်း ဆိုပါက သူ့ဘော့စ်ဟာ အခုလို ဖြစ်နေမှာ မဟုတ်ပေ။ သူက ဖုန်းကိုင်ရမလား ၊ မကိုင်ရဘူးလား ဆိုတာ တွန့်ဆုတ်နေခဲ့သည်။ သူ့ဘော့စ်ကို အမြဲတမ်း ဆုံးဖြတ်ချက်ပြတ်သားပြီး စိတ်ဓာတ်ခိုင်မာသည်ဟု ထင်ထားသော A လေးသည် တုံ့ဆိုင်းခြင်း ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အရင်တုန်းက မသိခဲ့။ သိမယ် သိပြန်တော့လည်း သူ့ဘော့စ်ကို တုံ့ဆိုင်းအောင် လုပ်ခဲ့သူက ဘယ်သူလဲ ဆိုတာ သူ မသိရပေ။
ချန်လီချီသည် ငါးမိနစ် စောင့်နေပြီးမှ နောက်တစ်ခေါက် ဖုန်းထပ်ဆင်လိုက်၏။ ဒီတစ်ခေါက် ဘယ်သူမှ ဖုန်းမကိုင်ရင် သူမ ထပ်ဖုန်းမဆက်တော့ဘူး။ သူက သူမရဲ့ ဦးလေးလိုပဲ ကတိပေးထားပြီး ကတိမတည်ဘူး။ ဒီလုပ်ရပ်ကို ကတိဖျက်တာလို့ ခေါ်ကြောင်း သူမရဲ့ အမေက ပြောပြဖူးသည်။ အနာဂတ်မှာ သူ သူမအတွက် လက်ဆောင် ( ၁၀ ) ခု ယူလာပေးလျှင်တောင် သူ့ကို ခွင့်လွှတ်ပေးဖို့ရာ ခက်ခက်ခဲခဲ စဉ်းစားရလိမ့်မည်။
တဒီဒီ မြည်သံက နောက်တစ်ခေါက် ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခေါက်လည်း ဘော့စ်က အစည်းအဝေးကို မရပ်တန့်ခဲ့ပေ။ A လေးသည် ဖန်သားပြင်ကနေ တစ်ဆင့် သူ့ဘော့စ်ကို ဖုန်းခေါ်နေတာ ဘယ်သူလဲ ဆိုတာကို မျက်စိရှင်ရှင် ၊ နားရှင်ရှင်ဖြင့် အကဲခတ်ရင်း အစီရင်ခံစာကိုလည်း ဆက်လက် တင်ပြနေခဲ့သည်။
“ မှားနေတယ်။ ” ဟု ရှောက်ချန်းကျယ်က ပြောလိုက်သည်။
“ ဟမ်။ ” A လေး အူကြောင်ကြောင် ဖြစ်သွားသည်။ ဘာမှားတာလဲ။ ဖုန်းနံပါတ် မှားတာလား။
“ မင်း ပြောတဲ့ ကိန်းဂဏာန်းတွေက မှားနေတယ်။ ” ရှောက်ချန်းကျယ်က တခြား လူတွေကို ပြောလိုက်သည်။ “ ငါးမိနစ် နားလိုက်ကြ။ A လေးကို သူ့ဦးနှောက်ကို အိပ်ရာနှိုးခိုင်းလိုက်ဦး။ သူ ဒီနေ့ စိတ်နဲ့ ကိုယ်နဲ့ မကပ်ဘူး။ ”
A လေးက ခေါင်းငုံ့ပြီး သူ့ဖိုင်တွေကို စစ်ဆေးလိုက်သည်။ အိုး ၊ ဟုတ်သားပဲ … စိတ်နဲ့ ကိုယ်နဲ့ မကပ်တာက ဘော့စ် ဆိုပေမဲ့ သူလည်း အမှားလုပ်မိသွားတာပဲ။ ဒါပေမဲ့ သူက သူတို့ရဲ့ ဘော့စ် ဖြစ်နေတုန်းပဲ ဖြစ်သည်။ A လေးသည် သူ့ကို ချီးကျူးဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ သူတို့တွေ အသံပိတ်ခံလိုက်ရပြီ ဖြစ်ကြောင်း နားလည်သွားလေသည်။ ဘော့စ်ရော ၊ စားပွဲပေါ်မှာ တုန်ခါနေတဲ့ ဖုန်းရောကတော့ မရှိပါပြီ။
ရှောက်ချန်းကျယ်က ဖုန်းကောလ်ကနေ အသံမက်ဆေ့ခ်ျ အဖြစ် ပြောင်းလဲမသွားခင်မှာပဲ လသာဆောင်ဘက် ထွက်လာကာ ဖုန်းကိုင်လိုက်သည်။ ဖုန်းကို နားမှာ ကပ်လိုက်ပေမဲ့ သူ ဘာမှ မပြောမိ။
“ ဟယ်လို။ အဲ့ဘက်က ရှောက်ချန်းကျယ်လား။ ”
ကလေးသံလေးက မနက်တုန်းကလိုပင် နူးညံ့ချိုမြနေဆဲ။ နှာသံလေးအစား ရွှင်ရွှင်မြူးမြုး အသံလေးက နေရာယူသွားတာပဲ ရှိသည်။
ရှောက်ချန်းကျယ်က ‘ အင်း ’ ဟု မှတ်မိကြောင်း ပြန်ပြောလိုက်သည်။
“ ဦးလေး သမီးကို မှတ်မိလား။ မနက်တုန်းက အန်တီရှန်းရဲ့ ကားထဲမှာ ဦးလေးကို ဒီည ရှစ်နာရီကျ ဖုန်းဆက်မယ်လို့ ပြောခဲ့တယ်လေ။ အဲ့ဒါ သမီးပဲ။ ”
“ အင်း။ ”
“ ဦးလေး ခုနတုန်းက အလုပ်ရှုပ်နေတာလား။ သမီး ရှစ်နာရီတုန်းက ဖုန်းခေါ်တာကို မကိုင်ဘူး။ ”
“ အစည်းအဝေး လုပ်နေတာမို့လို့ပါ။ ”
ဒါဆို သူ အစည်းအဝေး လုပ်နေတာပေါ့။ ကတိဖျက်တာ မဟုတ်ဘူးပေါ့။ ချန်လီချီသည် ချက်ချင်းပင် သူ့ကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားသည်။
“ ဦးလေးရဲ့ အစည်းအဝေး ပြီးသွားပြီလားဟင်။ သမီး ဦးလေးကို နှောင့်ယှက်မိသလို ဖြစ်သွားလား။ ”
“ အခု ပြီးသွားပါပြီ။ ”
“ ကောင်းတယ်။ အဲ့ဒါဆို သမီးတို့ အကြာကြီး ဖုန်းပြောလို့ ရပြီမို့လား။ ”
မေမေက အကြာကြီး ရေချိုးတတ်တာမို့ မေမေ ရေချိုးပြီးသွားတဲ့ အချိန်ထိ သူမ ဖုန်းပြောလို့ ရပါသည်။
ရှောက်ချန်းကျယ်ြ ငြင်းဆန်လိုက်သည်။ “ မရဘူး။ ဆယ်မိနစ်ပဲ ပြောလို့ ရတယ်။ ဦးလေးမှာ ခဏနေ နောက်ထပ် အစည်းအဝေး တစ်ခု လုပ်စရာရှိသေးတယ်။ ”
အိုး ၊ သူက အမြဲတမ်း အစည်းအဝေးတက်နေရတဲ့ အဘိုးလိုပဲ အရမ်း အလုပ်ရှုပ်နေတာပါလား။
ဆယ်မိနစ် ဆိုလည်း ကိစ္စတော့ မရှိပါ။ ချန်လီချီက အိပ်ရာပေါ်မှာ ဝမ်းလျားမှောက်လှဲလိုက်သည်။ “ သမီးနာမည်ကို ဦးလေး သိလား။ ”
“ မသိဘူး။ ”
ချန်လီချီ စိတ်ရှုပ်ထွေးသွားသည်။ အန်တီရှန်းက ချန်လီချီရဲ့ နာမည်ကို သိနေသလိုမျိုး သူကရော ဘာလို့ သူမရဲ့ နာမည်ကို မသိရတာလဲ။ တကယ်လို့ သူသာ သူမရဲ့ အဖေ ဆိုရင် သူမနာမည်ကို သိသင့်တယ် မဟုတ်လား။
ထို့နောက် ချန်လီချီ ရုတ်တရက် သဘောပေါက်သွားကာ သူမရဲ့ နဖူးလေးကို ရိုက်လိုက်သည်။ ဟုတ်သားပဲ ၊ သူတို့မှ အခုထိ မတွေ့ရသေးတာ … သူမနာမည်ကို ဘယ်လိုလုပ် သိမှာလဲ။
“ သမီးနာမည်က ချန်လီချီပါ။ ဦးလေး သမီးကို လီချီလေးလို့ ခေါ်လို့ ရတယ်။ သမီးရဲ့ အမေနာမည်ကတော့ ချန်ကျင်းလန်တဲ့။ ” ချန်လီချီသည် စကားပြောပြီးနောက် အသက်ရှူအောင့်ထားမိသည်။ သူမရဲ့ မျက်တောင်ရှည်လေးတွေပင် မျက်တောင်မခတ် ငြိမ်သက်နေခဲ့သည်။
“ အင်း။ ”
ဘာလဲ ၊ အင်း တစ်လုံးတည်းပဲလား။ မငိုဘူးလား။ အန်တီရှန်းဟာ ရှန်းချူချီကို ပြန်တွေ့ချိန်မှာ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျခဲ့တာပင်။
ချန်လီချီသည် နောက်တစ်ခေါက် စိတ်ရှုပ်သွားမိပြန်သည်။ သူက တကယ်ရော သူမရဲ့ အဖေ ဟုတ်ရဲ့လား။ ဒါပေမဲ့ … ယောက်ျား ဆိုတာ ငိုလို့ မရဘူးဟု ဦးလေးကြီးက ပြောဖူးသည်။ သူကလည်း ဦးလေးနှင့် သက်တူရွယ်တူမို့ အရွက်ရောက်ပြီးသား ယောက်ျား တစ်ယောက် ဖြစ်လိမ့်မည်။ အဲ့ဒါကြောင့် သူ မငိုတာလား။
ချန်လီချီ ထပ်မေးလိုက်သည်။ “ ဦးလေး သမီးရဲ့ အမေကို သိလား။ ”
ရှောက်ချန်းကျယ်က ထိုမေးခွန်းကို ပြန်မဖြေချင်ပေ။ “ သမီး ဦးလေးကို ဘာလို့ ဖုန်းဆက်တာလဲ။ ”
ချန်လီချီက ပြန်မေးခွန်းထုတ်လိုက်သည်။ “ သမီး ဦးလေးကို ဖုန်းဆက်လို့ မရဘူးလား။ ”
ဒီနေ့ခေတ် ကလေးတွေ အကုန်လုံးရဲ့ စိတ်က ဒီလောက်ထိ သွက်တယ်လား။ သူမရဲ့ ကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတဲ့ပုံပါ။ ဘာလို့ လူကြီးလေး တစ်ယောက်လို ပြောနေရတာလဲ။ ရှောက်ချန်းကျယ်သည် ဖုန်းချပစ်ချင်သွားသည်။ “ သမီး ဦးလေးကို ဖုန်းဆက်တာကိုရော သမီးရဲ့ အမေ သိလား။ ”
“ ဟင့်အင်း။ ဒီကိစ္စက မေမေ့ကို ပြောပြလို့ မရတဲ့ ဦးလေးနဲ့ သမီးကြားက လျှို့ဝှက်ချက်ပဲ။ ”
“ ….. ဒါဆို ဦးလေးကို ဘာလို့ ဖုန်းဆက်လိုက်တာလဲ။ ”
သူက တကယ်ပဲ သူမရဲ့ အဖေလား ဆိုတာ သိချင်လို့ ၊ ပြီးတော့ သူက အဖေကောင်း တစ်ယောက် ဖြစ်နိုင်ပါ့မလား ဆိုတာ သိချင်လို့ … ။
ချန်လီချီက ခဏလောက် စဉ်းစားလိုက်သည်။ “ ဦးလေးရဲ့ အသံက အရမ်း ချိုသာတယ်လို့ သမီး ထင်လို့ပါ။ သမီးကို အိပ်ရာဝင်ပုံပြင် တစ်ပုဒ်လောက် ပြောပြလို့ ရမလားဟင်။ ”
ကလေးတွေရဲ့ စိတ်ကို ရှောက်ချန်းကျယ် နားမလည်ပေ။
“ သမီးရဲ့ အမေက ဘယ်မှာလဲ။ ”
“ မေမေက ရေချိုးနေတယ်။ ”
“ သမီးရဲ့ ….. ”
ရှောက်ချန်းကျယ်သည် သမီးရဲ့ အဖေကရော ဘယ်မှာလဲ ၊ သို့မသုတ် သမီးရဲ့ ဦးလေး ၊ အဘိုးအဘွား ၊ ကလေးထိန်း အန်တီကြီးကရော ဘယ်မှာလဲဟု မေးချင်နေတာ ဖြစ်သည်။ ဘယ်သူမဆို သူမကို အိပ်ရာဝင်ပုံပြင် ပြောပြလို့ ရတာပဲ။ မဖြစ်မနေ သူ ဖြစ်နေစရာမှ မလိုတာ။
“ ဦးလေးက ဘာပုံပြင်ကိုမှ မသိလို့ပါ။ ” ရှောက်ချန်းကျယ် ငြင်းဆန်လိုက်သည်။
သူ ပုံပြင် တစ်ပုဒ်လောက်ကိုတောင် မသိဘူး ဆိုတာ ဖြစ်နိုင်ပါရဲ့လား။ ချန်လီချီက “ စနိုးဝှိုက်ကို ဦးလေး သိလား။ ” ဟု မေးလိုက်သည်။
“ မသိဘူး။ ”
“ မင်းသမီးလေးနဲ့ ပဲစေ့ ပုံပြင်ကိုရော။ ”
“ မသိဘူး။ ”
“ မယ်လက်မလေး ပုံပြင်ရော။ ”
“ ကြားတောင် မကြားဖူးဘူး။ ”
ချန်လီချီက နည်းနည်းလောက် ထပ်စဉ်းစားလိုက်သည်။ “ ခွေးလေးနဲ့ ဝက်ဝံလေးရဲ့ ရန်ပွဲ ပုံပြင်ရော။ ”
“ အဲ့ဒါလည်း မကြားဖူးဘူး။ ”
“ အမေရှာပုံတော်ဖွင့်တဲ့ ဖားလောင်းလေး ပုံပြင်ရော။ ”
သူမရဲ့ ရွှင်ပျပျ အသံလေး တဖြည်းဖြည်း နွမ်းလျလာတာကို ရှောက်ချန်းကျယ် သတိထားမိသည်။ သူ မျက်ခုံးကို လက်ဖြင့် ကုတ်လိုက်၏။ ကူကယ်ရာမဲ့ ခံစားချက်ကို ထိန်းချုပ်မှုကင်းမဲ့စွာ ခံစားလိုက်ရသည်။ သူ့ပါးစပ်က ထုတ်မပြောပေမဲ့ သူ နောင်တရသွားမိပါပြီ။ “ အနောက်အရပ်သို့ ခရီးသွားခြင်း ဆိုတဲ့ ပုံပြင်ကိုပဲ ဦးလေး သိတယ်။ ”
အား။ ချန်လီချီရဲ့ မျက်လုံးလေးတွေ လက်ခနဲ တောက်သွားသည်။ ကြည့်ရတာ မျောက်ဘုရင် ပုံပြင်ကို ကောင်လေးတိုင်း သဘောကျတယ် ထင်တယ်။
“ သမီးလည်း မျောက်ဘုရင် ကြိုက်တယ်။ ” ချန်လီချီက အိပ်ရာထဲမှာ လူးလှိမ့်ကာ သူမရဲ့ ဝက်ဝံရုပ်လေးကို ပွေ့ဖက်ရင်း စောင်ကို ဆွဲခြုံလိုက်၏။ “ ရပြီ ၊ ဦးလေး စပြောလို့ ရပြီ။ ”
သူက သူ သိတယ်လို့ပဲ ပြေလိုက်တာ ဖြစ်ကာ ပုံပြောပြမည်ဟု ပြောလိုက်တာ မဟုတ်ရပါ။
“ ရှောက်ချန်းကျယ် … ။ ဦးလေး ဖုန်းကိုင်ထားသေးလားဟင်။ ” ခဏလောက် စောင့်ပြီးသည်အထိ ချန်လီချီ တစ်ယောက် ဘာကိုမှ မကြားရ။
စက္ကန့် အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ လှုပ်ရှားသွားသည်။ “ ကိုင်ထားသေးတယ်။ ”
“ သမီး အဆင်သင့် ဖြစ်ပြီ။ ဦးလေး ပုံပြင် စပြောလို့ ရပြီ။ ”
ရှောက်ချန်းကျယ်က ခပ်တိုးတိုး ချောင်းဟန့်ပြီး လည်ချောင်းရှင်းလိုက်သော်လည်း သူ့ပါးစပ်ကနေ ဘာစကားသံမှ ထွက်မလာနိုင်ခဲ့ပေ။
သူ အခု ဘာလုပ်နေတာလဲ ဆိုတာ သိပ်နားမလည်ဘဲ ဟိုးအဝေးက မီးအလင်းရောင်တွေကို ငေးကြည့်နေမိသည်။
သူ ဘာလို့ ဒီကလေးမလေး ပြောတဲ့အတိုင်း လိုက်လုပ်ပေးနေတာလဲ။ သူမက ပုံပြင်ပြောစေချင်နေတာနဲ့ပဲ သူက ပြောပြရမှာလား။ သူမလေးက သူနှင့် ဘာမှ ဆိုင်တာ မဟုတ် ၊ တူဝရီးတောင် မဟုတ်ပါ။ သူ့ဘဝမှာလည်း ဘယ်သူ့ကိုမှ အိပ်ရာဝင်ပုံပြင် ပြောမပြဖူး။
“ မျောက်ဘုရင်က နတ်ပြည်မှာ ဘာလို့ ပြဿနာရှာခဲ့တာလဲဟင်။ ” ချန်လီချီလေးက စတင် စအဖော်ပေးသည်။
စက္ကန့် အနည်းငယ် အကြာတွင် ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ ရွေ့လျားသွား၏။ “ ဘာလို့လဲ ဆိုတော့ မျောက်ဘုရင်က … ”
တစ်ဖက်က ခပ်တိမ်တိမ် ခပ်လေးလေး အသံကို နားထောင်ရသလောက်တော့ သူဟာလည်း သူမရဲ့ အဘိုးလိုပင် လုံးဝ ပုံမပြောတတ်ဘူးပဲဟု ချန်လီချီ တွေးလိုက်သည်။ အဘွားကတော့ အဘိုးရဲ့ စိတ်က ဘာခံစားချက်မှ မရှိဘဲ ကျောက်သားကျောက်စိုင်လို မာကျောနေသည်ဟု ပြောလေ့ရှိသည်။ အမြဲတမ်း အစည်းအဝေးတက်နေရတဲ့ လူတွေက အဲ့လိုပဲ အေးတိအေးစက် ဖြစ်ကြတယ်လား။ ဟုတ်ပါပြီလေ ၊ သူမက သူမရဲ့ အဘိုးကို ရေလိုက်ငါးလိုက် ဆက်ဆံရတာနဲ့ အသားကျနေပြီ ဆိုတော့ ဒီတစ်ယောက်ကိုလည်း ရေလိုက်ငါးလိုက် ဆက်ဆံပေးရမှာပေါ့။
***