Ch 12
Viewers 419

အပိုင်း ( ၁၂ )


ချန်လီချီက ခဏလောက် နားထောင်နေပြီးမှ “ အာ … ” ၊ “ အိုး ၊ သမီး သိပြီ။ ” ၊ “ ဝိုး။ ” ၊ “ နောက် ဘာဆက်ဖြစ်လဲဟင်။ ” စသည်ဖြင့် အလိုက်သင့်လေး ပြန်ပြောပေးနေလိုက်သည်။ 


အဲ့ဒီလို လွန်ကဲသော အာမေဋိတ်စကားတွေကြောင့် ရှောက်ချန်းကျယ်က ပုံပြင်ကို အဆုံးသတ်လိုက်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဆက်၍သာ ပြောနေခဲ့ရသည်။ သူ ပုံပြင်ပြောပြနေရင်း ပန်းသစ်သီး တောင်ကို စွန်းဝူခုန်း ပြန်သွားတဲ့ နေရာကို ရောက်တော့ ချန်လီချီက မေးခွန်း တစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ “ မနက်ဖြန်ကျရင်ရော ဦးလေးကို သမီး ဖုန်းဆက်လို့ ရလား။ ” 


“ မနက်ဖြန်ကျ ဦးလေး အလုပ်ရှုပ်နေမှာ။ ” 


“ သဘက်ခါ ဆိုရင်ရော။ ” 


“ သဘက်ခါလည်း … အလုပ်ရှုပ်ဦးမှာ။ ” 


“ အဲ့ဒါဆို ဒီနေ့က စပြီး သုံးရက်မြောက်နေ့ ဆိုရင်ရော။ ”


မရဘူးလို့ပဲ သူ ထပ်ဖြေလိုက်လျှင် သူမလေးက နောက်နှစ်အထိ ဆက်တိုက် မေးနေတော့မည်ဟု ရှောက်ချန်းကျယ် ခံစားလိုက်ရသည်။ 


“ သိပ်တော့ မသေချာဘူး။ ” 


“ ဒါဆို ဒီနေ့က စပြီး သုံးရက်မြောက်နေ့မှာ ဦးလေးကို သမီး ဖုန်းဆက်လိုက်မယ်။ ဦးလေး အလုပ်ရှုပ်နေရင် မကိုင်နဲ့။ အားနေရင်တော့ ဖုန်းကိုင်ရမယ်နော်။ ” 


“ ဟုတ်ပါပြီ။ ” 


“ အင်း ၊ ဒါဆို ပုံပြင်ဆက်ပြောလေ။ ” ချန်လီချီသည် ဝက်ဝံရုပ်လေးကို ဗိုက်ကို ပုတ်လိုက်ရင်း မျက်ခွံတွေ လေးလံလာမိသည်။ 


သူ ပြောသွားတော့ ဆယ်မိနစ်ပဲဆို။ A လေးနှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေသည် ဆယ်မိနစ်ပေါင်းမြောက်များစွာကြာအောင် စောင့်နေခဲ့ရသည်။ A လေးသာ အစီရင်ခံစာထဲက အမှားတွေကို အခေါက်ခေါက် အခါခါ ပြင်ပြီးသွားပေမဲ့ သူ့ဘော့စ်ကတော့ ပေါ်မလာသေးပေ။ အဲ့တော့ ခုနတုန်းက ဖုန်းဆက်တာ မိန်းကလေး တစ်ယောက်ပဲ ဖြစ်ရမည်။ သူတို့ ဒီည အစည်းအဝေးလုပ်ရမယ့်ပုံ မပေါ်တော့။ A လေးသည် လူတိုင်းကို Log off လုပ်ပြီး ကိုက်လက်သန့်စင် ၊ အိပ်ရာဝင်ဖို့ လက်ဝှေ့ရမ်းပြလိုက်သည်။ 


ချန်ကျင်းလန်က တံခါးကို အရင်ဆုံး ခပ်ဖွဖွ ခေါက်လိုက်သည်။ အထဲက ဘယ်လို တုံ့ပြန်သံကိုမှ မကြားရတော့ အခန်းထဲ ဝင်လာခဲ့လိုက်၏။ အိပ်ရာပေါ်မှာ ကလေးမလေး တစ်ယောက် အိပ်ပျော်နေကာ သူမလေးရဲ့ ခေါင်းကတော့ ဝက်ဝံရုပ်ကြီးရဲ့ ရင်ခွင်ထဲ ရောက်နေခဲ့သည်။ သူမရဲ့ ဆံပင်တွေက ခေါင်းအုံးပေါ်မှာ မသပ်မရပ် ရှုပ်ပွနေသည်။ စောင်းတိစောင်းရွဲ့ စောင်ကတော့ သူမရဲ့ ဗိုက်ကိုသာ ဖုံးအုပ်နေကာ သူမလေးက တစ်ခါတရံ အိပ်နေရင်း မသဲမကွဲ စကားတွေ ပြောနေတတ်သည်။ 


ချန်ကျင်းလန်က သူမလေးကို စောင် သေချာ ပြန်ခြုံပေးလိုက်ပြီး ပန်းရောင်မို့နေသည့် ပါးလေးတွေပေါ်ကို အနမ်း တစ်ပွင့် ခြွေချလိုက်၏။ ထို့နောက် ခေါင်းအုံးဘေးမှာ မီးလင်းနေသည့် ဖုန်းမချရသေးသော ဖုန်းကို မြင်သွားသည်။ 


သူမ ဖုန်းကို လှမ်းယူလိုက်သည်။ “ ဟယ်လို ၊ အဲ့ဘက်က ရှန်းလေးလား။ ချန်လီချီက အိပ်ပျော်သွားပြီကွယ့်။ ” 


ဖုန်းချဖို့ ပြင်နေသည့် ရှောက်ချန်းကျယ်ရဲ့ လက်သည် တုံ့ခနဲ ရပ်သွားသည်။


ဖုန်း၏ အခြားတစ်ဖက်တွင် အသက်ရှူသံ တိုးတိုးမှအပ ဘယ်လို ပြန်ဖြေသံကိုမှ မကြားရ။ ကြည့်ရတာ လီချီလေးရဲ့ သူငယ်‌ချင်းလေးလည်း အိပ်ပျော်သွားပြီ ထင်တယ်။ ချန်ကျင်းလန်က ဖုန်းချဖို့ လုပ်နေစဉ်မှာပဲ ချန်ကျင်းချွမ်က အခန်းတံခါးကို နဖူးနှင့် လာတိုက်သည်။ “ ရှောင်လီချီ အိပ်ပျော်သွားပြီလား။ ” 


ချန်ကျင်းလန်သည် အလျင်အမြန်ပင် ‘ တိုးတိုး နေ ’ ဟူသော အမူအရာဖြင့် အသံတိုးလိုင်းလိုက်၏။ အိမ်ကျ စောစောစီးစီး ပြန်မလာဘဲနဲ့ အခုမှ ဒီမှာ လာပြဿနာရှာနေတာ ဘယ်လို အမူးသမားမျိုးလဲ။ 


ဖုန်းတစ်ဖက်ခြမ်းရှိ ရှောက်ချန်းကျယ်သည် ယောက်ျား တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရသောကြောင့် ချက်ချင်းပဲ ဖုန်းချပစ်လိုက်သည်။ ဝရံတာလက်ရန်းပေါ် လက်တင်ကာ သရော်တော်တော် လှောင်ရယ်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် အိမ်ထဲ ပြန်ဝင်ခဲ့လိုက်၏။ သူ့နောက်မှာတော့ သိပ်သည်းနက်ရှိုင်းသော ညအမှောင်ထုက ငြိမ်သက် ကျန်ရစ်ခဲ့သည်။ 


ရေခဲရေ ခွက်တစ်ဝက်ကို တကျိုက်ကျိုက် မော့သောက်ပြီးသောအခါ နောက်ဆုံးတော့ ချန်ကျင်းချွမ်သည် သူ့ခန္ဓာကိုယ်ပေါ်က အရက်နံ့ကို ဖယ်ရှားနိုင်သွားခဲ့သည်။ နက်ခ်တိုင်ကို သူ ဖြေလျော့လိုက်၏။ “ ငါ နင့်အတွက် လက်စားချေခဲ့ပြီ။ အဲ့ဒီ ရှောက်မျိုးရိုးတွေက နန်ချန်းမှာ ရှိတဲ့ မြေကွက်ကို လိုချင်နေတာ မဟုတ်ဘလား။ ငါ နင့်အတွက် အဲ့မြေကွက်ကို ရအောင် ယူခဲ့တယ်။ အခု အဲ့မြေကွက် မရှိတော့ဘူး ဆိုတော့ သူတို့ရဲ့ အဲ့ဒီ နည်းပညာမြင့် စက်မှုဇုန်လို့ ခေါ်တဲ့ ဟာကြီးကို သူတို့ ဘယ်လို တည်ဆောက်မှာလဲ။ ” 


ချန်ကျင်းလန်က ဘယ်လိုမှ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ “ ဘာလို့ နင် ဝင်ပါရတာလဲ။ ဒီတိုင်း ဖောက်သည် နှစ်ယောက်လောက်ကို ဖြတ်ခုတ်သွားရုံပါပဲ။ အဲ့လို ကိစ္စလေးကို ငါ့ဘာသာ ကိုင်တွယ်နိုင်ပါတယ်။ ” 


“ အဲ့ကိစ္စကို နင် ဘာမှ စိတ်ပူစရာ မလိုဘူး။ ရှောက်မျိုးရိုးနဲ့ ပတ်သက်နေတဲ့ ဘယ်ပြဿနာကိုမဆို နင် ဝင်မပါနဲ့။ ဒါက ပေါ့သေးသေး ကိစ္စ မဟုတ်ဘူး ၊ သူက ချန်မိသားစုမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူ တစ်ယောက်မှ မရှိတော့ဘူးလို့ ထင်လို့သာ နင့်ကို အနိုင်ကျင့်ရဲတာပေါ့။ အခု ကိစ္စတွေက လွယ်လွယ်လေးနဲ့ ပြီးသွားတော့မှာ မဟုတ်ဘူး။ ” သူက ကျန်ရှိနေသော ဖန်ခွက် တစ်ဝက်ကို တစ်ထိုင်တည်း မော့ချပစ်လိုက်သည်။ “ ဒီအကြောင်းတွေ မပြောဘဲ နေရအောင်ပါ။ အစတုန်းက လီချီလေးကို ပုံပြောပြပြီး ချော့သိပ်ချင်လို့ လာခဲ့တာ ၊ ဒါပေမဲ့ ကလေးမလေးက အစောကြီး အိပ်ပျော်သွားပြီ။ ” 


ချန်ကျင်းလန်က သူ့ကို လှောင်လိုက်သည်။ “ နင့်တစ်ကိုယ်လုံး အရက်နံ့တွေ မွှန်ထွန်နေတာတောင် နင်က သူ့ကို ပုံပြင်ပြောပြချင်နေသေးတာလား။ သူမက နင့်ကို အခန်းထဲတောင် ပေးဝင်မှာ မဟုတ်ဘူး။ ” 


ချန်ကျင်းချွမ်သည် သူ့ကို စိတ်ပျက်စွာ နှာခေါင်းရှုံ့ပြနေမည့် တူမလေးကို မြင်ယောင်ကာ ရယ်မိလေသည်။ 


ချန်ကျင်းလန်က သူ့ကြောင် ချန်လီချီလေး နိုးသွားမှာကို စိုးရိမ်၍ သူ့ကို ကန်ပြီး အခန်းတံခါးအပြင်ဘက်ကို ဆွဲခေါ်လာခဲ့လိုက်သည်။ ထို့နောက် သူမ တခြား တစ်ခုကို သတိရသွားပုံပေါ်သည်။ “ နင် ဒီနေ့ ရှစ်ရမ်နဲ့ ထပ်တွေ့ဖို့ စိတ်ကူး မရှိဘူးလား။ ” 


ချန်ကျင်းချွမ် မကျေမနပ် ဖြစ်သွား၏။ “ ငါ သူနဲ့ တွေ့ဖို့ စိတ်ကူးမရှိဘူးလား ဆိုတာ ဘာကို ပြောချင်တာလဲ ၊ သူကမှ ငါနဲ့ မတွေ့ချင်တဲ့ လူပါ။ သူက ငါ့ကောင်မလေးကို ဖြတ်ခုတ်ပြီး ငါ့ကို ဆွဲထိုးခဲ့တယ်။ ငါ သူ့အပေါ် ဘာမှ မလုပ်ခဲ့ဘူး။ သူ ဘာတွေကို စိတ်ဆိုးနေလဲ ဆိုတာတောင် ငါ မသိဘူး။ ” 


“ အဲ့မှာတင် တော်လိုက်တော့။ သူက နင့်ကောင်မလေးကို ခိုးချင်နေတယ် ဆိုတဲ့ စကားကြီးက ဘာအဓိပ္ပာယ်လဲ။ နင်က အဲ့အချိန်တုန်းက ကျန်းကျန်းကို နင့်ကောင်မလေးလို့တောင် သတ်မှတ်ခဲ့လို့လား။ သူမက နင့်ကို သဘောကျတယ် ဆိုတဲ့ အချက်ကို နင်က အခွင့်ကောင်းယူပြီး သူမကို အနိုင်ကျင့်ခဲ့တာထက် မပိုပါဘူး။ နင်သာ ငါ့ကို ‌လာမေးရင်တော့ ရှစ်ရမ် နင့်ကို ထိုးခဲ့တဲ့ လက်သီးက ပျော့လွန်းတယ်။ နင် သင်ခန်းစာရသွားအောင်လို့ အနည်းဆုံး သုံးသလောက် အိပ်ရာထဲ လဲသွားအောင် လုပ်ခဲ့သင့်တာ။ ” 


“ ဟေး ၊ နင်က ဘယ်သူ့အစ်မလဲ ချန်ကျင်းလန်။ နင် ကိုယ့်မောင်ကို ဘယ်လိုလုပ် အဲ့လိုမျိုး ပြောရက်ရတာလဲ။ ” ကျန်းကျန်းအကြောင်း ထည့်ပြောခြင်းက ချန်ကျင်းချွမ်ကို ဒေါပွသွားစေသည်။ သူ လက်ဝှေ့ရမ်းပြလိုက်၏။ “ ငါ ပြန်တော့မယ်။ ငါ့ကိုဆို အဖေကလည်း မချစ် ၊ အမေကလည်း ဂရုမစိုက် ၊ အစ်ကိုကလည်း အထင်သေး ၊ အစ်မကလည်း မျက်နှာလိုက် ၊ သူငယ်ချင်းကလည်း ငါ့ကို မသိချင်ယောင်ဆောင်နဲ့ တကယ့်ကို သနားစရာကောင်းတဲ့ လူပါလား ဆိုတာ သိသွားပြီ။ ငါ့ခွေးလေး ရှိတဲ့ ငါ့အိမ်ကိုပဲ ပြန်တော့မယ် ၊ အနည်းဆုံးတော့ သူကမှ ငါ့ကို နည်းနည်းပါးပါး ဂရုစိုက်သေးတယ်။ ” 


သူ တကယ် အရက်မူးနေတာကို မြင်တော့ ချင်ကျင်းလန်က တံခါးကို ဂျိုင်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်သည်။ အရက်မူးနေတဲ့ အရူး တစ်ယောက်ကြောင့် သူမ စိတ်အရှုပ်မခံနိုင်ပါ။ 


ချန်လီချီကတော့ နေ့ရက်တွေကို တစ်ရက်ပြီး တစ်ရက် လက်ချိုး ရေတွက်နေခဲ့သည်။ သဘက်ခါ … ။ လောလောဆယ်ကတော့ တင်္ဂနွေနေ့ညပဲ။ တင်္နလာနေ့ကို ဖြတ်ကျော်ပြီးလို့ အင်္ဂါနေ့ညကို ရောက်ရင်တော့ သူမ သူနှင့် နောက်တစ်ခေါက် ဖုန်းထပ်ပြောလို့ ရပြီ ဖြစ်သည်။ 


စနေနေ့ည ဖုန်းပြောနေတုန်းက သူမ နှုတ်ဆက်စကားတောင် မပြောလိုက်ရဘဲ အိပ်ပျော်သွားခဲ့သည်။ အင်္ဂါနေ့ညကျရင်တော့ သူ့ကို မင်္ဂလာညချမ်းပါလို့ နှုတ်ဆက်ပြီးတဲ့အထိ တောင့်ခံ့ပြီးမှ အိပ်ရာဝင်ရမည်။ 


သူက သူမအဖေ ဟုတ်လား ၊ မဟုတ်လား ဆိုတာကို အတည်ပြုနိုင်ရန် မေးလို့ ရသော တခြား မေးခွန်းတွေကို ချန်လီချီ စဉ်းစားနေမိသည်။ 


ရှန်းချူချီသည် ကျောပိုးအိတ်ကို လွယ်ထားလျက် စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် စာသင်ခန်းထဲ ခုန်ပေါက်ဝင်လာခဲ့သည်။ သူ ထိုင်တောင် မထိုင်ရသေးခင်မှာပဲ ပါးစပ်ကို မပိတ်နိုင်တော့ဘဲ “ ဒီနေ့ ငါ့အမေက ကျောင်းကို ကားနဲ့ လိုက်ပို့ပေးတယ် လီချီရေ။ ငါ့အမေက ကားမောင်းသိပ်ကျွမ်းတာပဲ ၊ ဟင်းချက်လက်ရာကလည်း အပျံစား .. ငါ့ဗိုက်ကို ဖရဲသီးလေးလို ပူထွက်သွားအောင် လုပ်နိုင်တဲ့ စားကောင်းသောက်ဖွယ် မျိုးစုံကို ချက်တတ်တယ်။ ” 


သူက ပြောရင်း သူ့ဗိုက်လေးကို ပုတ်ပြီး ချန်လီချီကို ပြလိုက်သေးသည်။ 


ချန်လီချီကတော့ ရှန်းချူချီထက်ပင် ပိုပျော်သွားခဲ့ပါသည်။ “ အမေ ရှိတာ တကယ် ပျော်စရာကောင်းတယ် မဟုတ်လား။ ”


ရှန်းချူချီက အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ “ အရမ်း အရမ်း အရမ်း ပျော်စရာကောင်းတယ်။ 


“ နင် ပြီးခဲ့တဲ့ နှစ်ရက်လုံး နင့်အမေနဲ့ နေ,နေတာလား။ ” 


“ အင်း။ ” 


“ နင့်အဖေကရော … ”


“ အဖေက အိမ်မှာလေ။ ငါက အမေ့အိမ်မှာ နေ,နေတာ ၊ အမေ့မှာ ကိုယ်ပိုင်အိမ် ရှိတယ်။ ငါ ဆုံးဖြတ်ပြီးသွားပြီ ၊ ‌ဒီနေ့က စပြီး ရှေ့လျှောက် တစ်သက်လုံး ငါ့အမေနဲ့ပဲ နေသွားတော့မယ်။ ငါ စဉ်းစားကြည့်ပြီးပြီ ၊ အမေက ဒီလောက် ဟင်းချက်ကောင်းတာတောင် ဘာလို့ ငါ့အတွက် ဟင်းလာချက်မပေးတာလဲ။ အဖေက အမှား တစ်ခုခု လုပ်မိလို့ အမေက အိမ်ပေါ်က ဆင်းသွားတာပဲ ဖြစ်ရမယ်။ အဘိုးက အဘွားကို စိတ်ဆိုးအောင် လုပ်ရင်လည်း အဘွားက အိမ်ပေါ်က ဆင်းသွားပြီး ရှော့ပင်းမောလ်မှာ တစ်နေကုန် ပစ္စည်းတွေ လျှောက်ဝယ်နေကျ။ အဖေက အမေ့အပေါ် တကယ့် အမှားကြီး တစ်ခု ကျုးလွန်ထားလို့ အမေက ဒီလောက် ကြာတဲ့အထိ အိမ်ပြန်မလာတာ ဖြစ်လိမ့်မယ်။ ” 


ချန်လီချီကတော့ အန်တီရှန်းဟာ အိမ်ပေါ်က ဆင်းသွားတာ မဟုတ်ဘဲ ဦးလေးလီနှင့် ကွာရှင်းသွားတာ ဖြစ်ရမည်ဟု တွေးလိုက်သည်။ လူကြီး နှစ်ယောက်ဟာ အတူတူ နေလို့ မပျော်တော့လျှင် တကွဲတပြားစီ လမ်းခွဲသွားကြတတ်သည်ဟု မေမေက ပြောဖူးသည်။ အဓိပ္ပာယ်ကတော့ ကွာရှင်းတာ တဲ့။ 


ချန်လီချီက လက်ပေါ် မေးထောက်လိုက်၏။ အမေနဲ့ အဖေကလည်း အတူတူ နေရတာ မပျော်တော့လို့ ကွာရှင်းလိုက်ကြတာများလား။ 


သူမ မျက်မှောင်ကြုတ်သွားမိသည်။ ဟုတ်သားပဲ ၊ ရှောက်ချန်းကျယ် ပုံပြင်တောင် ကောင်းကောင်း မပြောတတ်ဘူး။ သူ့ကို ကြည့်ရတာ မိန်းကလေး တစ်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ လူနဲ့ မတူဘူး။ ဦးလေးအား ရှောက်ချန်းကျယ်ကို လေ့ကျင့်သင်ကြားပေးအောင် သူမ နားချတိုက်တွန်းသင့်သည် ထင်သည်။ ဦးလေးက ကောင်မလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ နေရာမှာ တော်သည်။ 


ရှန်းချူချီက ချန်လီချီရဲ့ အင်္ကျီကို ဆွဲလိုက်သည်။ “ ရှောက်ချန်းကျယ်က ကုမ္ပဏီကြီး တစ်ခုကို အုပ်ချုပ်နေတဲ့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူ တစ်ယောက်ပဲလို့ ငါ့အမေက ပြောတယ် ရှောင်လီချီ။ သူက နင့်အဘိုး ၊ ဦးလေးတို့နဲ့ ရွယ်တူလောက်ပဲ ရှိလိမ့်မယ်။ ” 


အဖေ့စကားနှင့် အမေ့စကား ဆိုလျှင် ရှန်းချူချီက သူ့အမေ ပြောတဲ့ စကားတွေကို ပိုယုံကြည်သည်။ ချန်လီချီက အရည်အချင်းရှိလို့သာ သူ့အတွက် အမေရှာပေးနိုင်ခဲ့တာမို့ ချန်လီချီရဲ့ အဖေ ဆိုလျှင် ပိုလို့တောင် အရည်အချင်းရှိလိမ့်မည်။


ချန်လီချီက ခပ်မတ်မတ် ထိုင်လိုက်ပြီး သူမရဲ့ ပြဿနာကို ပြောပြလိုက်၏။ “ ဒါပေမဲ့ သူက ငါ့အဖေ ဟုတ်လား ၊ မဟုတ်လား ဆိုတာ သိပ်မသေချာဘူး။ ” 


ရှန်းချူချီက သူမစကားကို နားမလည်ပေ။ “ နင်ပဲ နင့်အဖေရဲ့ နာမည်က ရှောက်ချန်းကျယ် ဆိုပြီး ပြောခဲ့တာ မဟုတ်ဘူးလား။ သူက ရှောက်ချန်းကျယ်လေ။ ” 


“ ဒါပေမဲ့ ငါ အဲ့‌နေ့တုန်းက အိပ်ရာနိုးလာခါစ ဆိုတော့ သူ့နာမည်ကို နားကြားမှားသွားတာလား မသိဘူး။ ပြီးတော့ သူက ငါ့နာမည်ကိုတောင် မသိဘူးရယ်။ နင့်အမေ ဆိုရင် နင့်နာမည်ကို သိတယ်လေ။ သူသာ ငါ့အဖေ ဆိုရင် ငါ့နာမည်ကိုတော့ သိသင့်တယ် မဟုတ်လား။ ပြီးတော့ အန်တီရှန်း ပြောတာ သူ နေတဲ့ နေရာနဲ့ ငါ့အိမ်နဲ့က နီးနီးလေးရယ်တဲ့ ၊ အဲ့ဒါဆို သူ ဘာလို့ ငါ့ကို လာမကြည့်တာလဲ။ ” 


ရှန်းချူချီက ချန်လီချီရဲ့ မျက်နှာကို အသေးစိတ် သေချာ ကြည့်နေသည်။ 


ချန်လီချီက “ နင် ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ။ ” ဟု မေးလိုက်၏။ 


“ နင့်မှာ မှည့်တွေ ဘာတွေ ရှိလားလို့ ကြည့်နေတာ ၊ အဲ့ဒါဆို ရှောက်ကော်ပိုရေးရှင်းမှာ သူ့ကို သွားရှာပြီး သူ့မှာရော နင်နဲ့ တစ်ပုံစံတည်း တူတဲ့ မှည့်တွေ ရှိလား ဆိုတာ ကြည့်လို့ ရတယ်။ အဲ့ကျရင် သူက နင့်အဖေ ဟုတ် ၊ မဟုတ် ငါတို့ အတည်ပြုနိုင်လိမ့်မယ်။ ” 


“ ငါ့မှာ ရှိလားဟင်။ ” ဟု ချန်လီချီက ပြန်မေးလိုက်သည်။ 


ရှန်းချူချီက အကြာကြီး ရှာကြည့်နေခဲ့သော်လည်း မှည့် တစ်လုံးတလေကိုတောင်မှ ရှာမတွေ့ပေ။ “ ဟင့်အင်း။ နင့်မျက်နှာက အခွံနွှာထားတဲ့ ကြက်ဥပြုတ်ထက်တောင်မှ ပြောင်ရှင်းနေသေးတယ်။ ”


အနောက်က ခုံမှာ ထိုင်နေတဲ့ ယွင်ချီက ခန္ဓာကိုယ်ကို ငုံ့ကိုင်းလာပြီး တီးတိုး ပြောသည်။ “ သူက နင့်အဖေ ဟုတ် ၊ မဟုတ် ဆိုတာ အတည်ပြုဖို့ ဒီအင်န်အေ စစ်ဆေးလိုက်လို့ ရတာပဲ။ ” 


ချန်လီချီနှင့် ရှန်းချူချီက ပြိုင်တူ လှည့်ကြည့်လိုက်သည်။ “ ဒီအင်န်အေ စစ်ဆေးတယ် ဆိုတာ ဘာကြီးလဲ။ ” 


ယွင်ချီရဲ့ မျက်နှာလေးက အနည်းငယ် ဖြူရော်နေသည်။ “ ဆေးရုံမှာ ဆေးစစ်ဖို့အတွက် နင့်ဆံပင်နဲ့ အဲ့ဒီ ရှောက်ချန်းကျယ် ဆိုတဲ့ လူကြီးရဲ့ ဆံပင်ကို ယူသွားရမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒါဆို သူက နင့်အဖေ ဟုတ်လား ၊ မဟုတ်ဘူးလား ဆိုတာကို ဆရာဝန်က အဖြေရှာပေးလိမ့်မယ်။ ” 


“ ဝိုး ၊ မိုက်လိုက်တာ။ ဆရာဝန်တွေက တကယ့် အမိုက်စားပဲ။ ” ရှန်းချူချီက ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ 


ချန်လီချီက ယွင်ချီ တစ်ခုခု မူမမှန်တာကို သတိပြုမိသွားသည်။ “ ဘာဖြစ်လို့လဲ ယွင်ချီ။ ” 


ယွင်ချီရဲ့ မျက်လုံးတွေက နီရဲတက်လာသည်။ “ ငါ့အဖေက သူက ငါ့အဖေ မဟုတ်ဘူးတဲ့ ၊ ငါ့အဖေက တခြား တစ်ယောက်တဲ့။ သူက အဲ့လို ဒီအင်န်အေ စစ်ဆေးဖို့ ငါ့ဆံပင်နဲ့ သူ့ဆံပင်ကို ယူသွားတယ်။ ” 


ချန်လီချီက အလွန် ဒေါသထွက်သွားကာ ယွင်ချီရဲ့ လက်လေးကို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။ “ သူက နင့်အဖေ မဟုတ်ဘူးလို့ ပြောရင် ဒီနေ့က စပြီး သူ့ကို အဖေလို့ ဘယ်တော့မှ မခေါ်နဲ့တော့ ယွင်ချီ။ နင်နဲ့ နင့်အမေ ငါ့အိမ်မှာ လာနေလို့ ရတယ်။ ငါ့အမေရဲ့ ဟိုတယ်မှာ နင့်အမေ ဝင်အလုပ်,လုပ်လို့ ရတယ်။ ငါ ဒီနေ့ အိမ်ပြန်ရောက်တာနဲ့ ငါ့အမေကို ပြောလိုက်မယ်။ ” 


ယွင်ချီရဲ့ မျက်လုံးတွေက ပိုလို့တောင် ရဲတက်လာသည်။ 


“ ဟုတ်ပြီ ကလေးတို့။ တိုးတိုးနဲ့ စကားမပြောကြနဲ့ဝောာ့။ သေသေချာချာ ထိုင်ကြပါ ၊ ဆရာမတို့ အခုက စပြီး စာစသင်ကြတော့မယ်။ ” ဆရာမက ကလေးတွေ အကုန်လုံးကို တိတ်တိတ် နေဖို့ လက်ခုပ်တီးပြီး ပြောလိုက်သည်။ 


ရှန်းချူချီက ချက်ချင်း ပြန်လှည့်သွားသည်။ ချန်လီချီကလည်း အရှေ့ကို ပြန်လှည့်သွားပေမဲ့ သူမရဲ့ လက်ကတော့ ယွင်ချီရဲ့ လက်ကို ဆုပ်ကိုင်ထားဆဲပင်။ ယွင်ချီ့ကို တစ်ယောက်တည်း ဝမ်းနည်းခွင့်မပြုနိုင်ပါ။


ချန်ကျင်းလန်သည် ယနေ့ည လုပ်စရာ အလုပ် တစ်ခု ရှိသော်လည်း ချန်လီချီက သူမကို ဖုန်းလှမ်းဆက်ပြီး စောစော အိမ်ပြန်လာဖို့ ပြောခဲ့သည်။ သူမလေးက သူမမှာ အရေးကြီး ဆွေးနွေးစရာ ကိစ္စ တစ်ခု ရှိကြောင့်နှင့် ဖုန်းထဲကနေ ပြောလို့ အဆင်‌မပြေကြောင်း ပြောလာခဲ့သည်။ သူမလေးရဲ့ လေးနက်သော အသံကြောင့် ချန်ကျင်းလန်က သူမရဲ့ ညနေခင်း အစီအစဉ်တွေကို ဖျက်ပစ်လိုက်သည်။ 


မြေအောက် ကားပါကင်ကို ရောက်တော့ မမျှော်လင့်ထားသော လူ တစ်ယောက်နှင့် ဆုံလိုက်ရသည်။ “ နင် ဒီကို ဘာလာလုပ်တာလဲ ကျန်းကျန်း။ ” ချန်ကျင်းလန်ရဲ့ မျက်လုံးထဲမှာ အံ့ဩမှုတွေ ပြည့်နှက်သွားသည်။ 


အဖြူရောင် ဝတ်စုံကို ဝတ်ကာ ဆံပင် ခပ်တိုတို ညှပ်ထားသော အမျိုးသမီးက အနည်းငယ် ရှက်ရွံ့သွားသည်။ “ ငါ ဒီဟိုတယ်မှာ တည်းနေတာလေ ကျင်းလန်။ နိုင်ငံခြားကနေ ပြန်ရောက်တာ မကြာသေးတော့ နေရာကိုလည်း သေချာ မစီစဉ်ရသေးဘူး။ အဲ့ဒါကြောင့် လန်ချွမ်းမှာပဲ သုံး ၊ လေးရက်လောက် နေ,နေတာ။ ” 


“ နင် ဘယ်တုန်းက ပြန်ပြောင်းလာတာလဲ။ နင် ဘာလို့ ငါ့ကို လာရှာတာလဲ။ ” 


ကျန်းကျန်းက သူမရဲ့ ဆံပင်တွေကို သပ်တင်လိုက်သည်။ “ ကျင်းလန် … ”


ချန်ကျင်းလန်က သူမဆီ လျှောက်သွားပြီး ဆွဲဖက်လိုက်၏။ “ ဘာမှ မဖြစ်ဘူး။ ငါ နင့်ကို နားလည်တယ်။ တခြား အကြောင်းတွေ မပြောဘဲ နေရအောင်နော်။ နင် ပြန်လာတာ ငါ ဝမ်းသာတယ်။ ”


ငိုချင်စိတ်ဖြင့် ကျန်းကျန်းရဲ့ နှာခေါင်းထဲမှာ မွှန်တက်လာကာ ချန်ကျင်းလန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ “ ငါ ဒီဟိုတယ်မှာ တည်းနေတယ် ဆိုကတည်းက နင့်ကို တွေ့ချင်လို့ပဲ ကျင်းလန်။ ဒါပေမဲ့ ငါ မသိခဲ့တာက … ” 


“ ရပါတယ်။ ငါက အဲ့လောက် သဘောထားသေးသိမ်တယ်လို့ နင် ထင်နေတာလား ၊ ဒါမှမဟုတ် နင်ကပဲ အမြင်ကျဉ်းတာလား။ ပြီးခဲ့တဲ့ ကိစ္စတွေက ပြီးသွားပြီ။ ” ချန်ကျင်းလန်က သူမရဲ့ ပခုံးကို ပုတ်လိုက်သည်။ “ နင်လည်း လန်ချွမ်းမှာ ဆက်မနေသင့်တော့ဘူး။ ငါနဲ့ ပြန်လိုက်ခဲ့ပါ။ ငါ့သမီးက သူ့မှာ သူ့ဆီကို နှစ်တိုင်း လက်ဆောင်တွေ ၊ အဝတ်အစား လှလှလေးတွေ ပို့ပေးတဲ့ အန်တီကျန်း ဆိုတဲ့ အဒေါ် တစ်ယောက် ရှိတယ်လို့ပဲ သိတာ ၊ နင့်ကို တစ်ခါမှ မမြင်ဖူးဘူး။ ” 


ကျန်းကျန်းက သူမရဲ့ စိတ်ခံစားချက်ကို နည်းနည်းလေး ပြန်ထိန်းချုပ်လိုက်သည်။ “ ဒီနေ့တော့ မရဘူး ကျင်းလန်။ ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့ပါ။ ငါ အခု အလျင်လိုနေတာ ဆိုတော့ မနက်ဖြန် နေ့လယ်ဆို အဆင်ပြေလောက်မလား။ ငါ ဦးလေး၊ အန်တီနဲ့ ရှောင်လီချီကို လာတွေ့ပါ့မယ်။ ”


“ အဲ့ဒါဆို အဆင်ပြေတယ်။ အမေ အရမ်း ပျော်သွားမှာ သေချာတယ်။ သူမက နင့်ကို အရမ်း သဘောကျတာ သိတယ်မို့လား။ ” ချန်ကျင်းလန်က သူမရဲ့ မျက်လုံးထောင့်က မျက်ရည်စလေးတွေကို ပွတ်သုတ်ပစ်လိုက်သည်။ “ အခုက စပြီး ထပ်မငိုတော့ဘူး။ ငါတို့ ဒီည စကားတွေ အများကြီး အများကြီး ပြောကြမယ် ဟုတ်ပြီလား။ ”  


“ အင်း။ ” ချန်ကျင်းလန်က ဆက်မငိုမိအောင် ထိန်းချုပ်သည့်အနေဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။

***