အပိုင်း ၁၀၅-၁၀၆
Viewers 21k

Part 105


ထိုအိမ်မှလူများ၏ ဦးတည်ချက်မှာ အဘယ်ကြောင့် အမြဲတမ်း သူမဖြစ်နေရသလဲ လင်းလန်နားမလည် နိုင်တော့ချေ ။ သူမအိမ်သို့အမြန်ပြန်ပြေးသွားသည့်အချိန်တွင် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ရှောင်ဝမ်၏ ဘဲပေါက်ကဲ့သို့အသံလေးနှင့် စန်းဝမ်၏ပျော်ပျော်ရွင်ရွင် ရီမောသံကိုလည်းမကြားရပေ ။ ဟင်းရွက်ခူးပြီး ချက်ပြုတ်နေရမည်ဖြစ်သော အားဝမ်နှင့်မိုင်စွေ့ကိုလည်းမတွေ့ရသောကြောင့် လင်းလန်ကလေးများအား အော်ခေါ်လိုက်သည် ။


" မားမားပြန်လာပြီ "


အားဝမ်က တံခါးနောက်၌ပုန်းနေရာမှ အမြန်ထွက်လာပြီး လင်းလန်ကိ​ြ တိုးတိုးနေရန်အချက်ပြသည် ။ သူ၏ ထူးဆန်းသောအပြုအမူကြောင့် လင်းလန် မေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


အားဝမ်က လင်းလန်ကို မျက်စိမှိတ်ပြလိုက်ကာ အိမ်ခန်းနားသို့ဆွဲခေါ်လာခဲ့သည် ။ အခန်းနားရောက်သည့်အချိန်တွင် သူစိမ်းအမျိုးသားတစ်ဦး၏ မေးမြန်းနေသံအားကြားလိုက်ရသည် ။


 " ကောင်လေး..ဟန်စန်းဝမ်...ဘယ်လိုနေလဲ...သက်သာရဲ့လား... ခေါင်းမူးနေသေးလား..."


လင်းလန် အခန်းထဲရောက်သည့်အချိန်တွင် ရဲသားတစ်ဦးက မှတ်စုစာအုပ်တစ်အုပ်ကိုကိုင်ပြီး စန်းဝမ်အားမေးမြန်းလေသည် ။


လင်းလန်က အနွေးကုတင်ပေါ်၌ လဲလျောင်းနေသည့် စန်းဝမ်အားကြည့်လိုက်သည် ။ မနက်ကခုန်ပေါက်ပြေးလွှားနေသည့် ပုံစံနှင့်ယှဥ်လျှင် ယခုအနေအထားမှာ ချက်ချင်းပင်သေတော့မည့်ရုပ်ဖြစ်နေသောကြောင့် စိုးရိမ်ကာပြေးသွားလိုက်သည် ။


" စန်းဝမ်...မားမားကိုမခြောက်ပါနဲ့ "


" ရဲဘော်ပြန်ရောက်ပြီလား ကျေးဇူးပြုပြီး ထွက်ဆိုချက်အတွက်ကူညီပေး ပါ "


ထိုရဲသားက ညင်သာစွာပြောလိုက်သည် ။ 


" အရာရှိလျိုမဟုတ်လားရှင် အရာရှိကဘာလို့ဒီကိုရောက်နေရတာလဲ "


သူမအိမ်နေရင်းယောင်ပြီး သွားတိုင်မိတာတော့မဟုတ်ဘူးမလား...


မဟုတ်လောက်ပါဘူးနော်...


  ရဲအရာရှိလျိုကပြောလိုက်သည် ။


" ဟန်ချင်ဟွ(ဟန်ကျင်းပေါင်) ကရွာမှာလူသတ်ရန်ကြံစည်မူဖြစ်တယ်လို့ သတင်းပို့လို့ ကျွန်တော်သေသေချာချာလာစုံစမ်းတာပါ "


တစ်ယောက်ယောက်က တကယ်ကြီးတိုင်ချက်ဖွင့်လိုက်တာလား...


" အရာရှိလျို ဘယ်သူကတိုင်ချက်ဖွင့်တာလဲကျွန်မသိလို့ရမလား... "


သူမအမှန်တကယ်တိုင်ချက်ဖွင့်ခဲ့လိုသော်လည်း ပိုက်ဆံအများကြီး ရခဲ့သောကြောင့်မေ့လုနီးနီးပင်ဖြစ်သည် ။


" တဝမ်က ရဲစခန်းမှာတိုင်ချက်လာဖွင့်ခဲ့တာ ရဲဘော်လွှတ်လိုက်တာမဟုတ်ဘူးလား "


ရဲအရာရှိလျိုလည်း ရူပ်ထွေးနေခဲ့သည် ။ 


လင်းလန်က သက်ပြင်းချလိုက်သည် ။ တဝမ်ကတကယ်တိုင်ချက်ဖွင့်ခဲ့တာလား... ယခင်ကအပြစ်တင်နေခဲ့ခြင်းအား အနည်းငယ်နောင်တရသွားမိသည် ။ သူတစ်ယောက်တည်း ဆုံးဖြတ်နိုင်လာပြီဖြစ်သောကြောင့် အနည်းငယ်ရင့်ကျက်နားလည်လာပြီဟု လင်းလန်ထင်သည် ။


အရာရှိလျိုက လင်းလန်အားမေးခွန်းများမေးကာ မှတ်စုတွင်ရေးမှတ်နေခဲ့သည် ။


" အရာရှိလျို ဟန်ကျင်းပေါင်က ဒီကိစ္စအတွက်အဖမ်းခံရနိုင်လား "


 ဟန်ကျင်းပေါင်က စန်းဝမ်အားဒဏ်ရာရအောင်လုပ်ခဲ့သော်လည်း မိသားစုတွင်းအချင်းပွားမူသာဖြစ်သည်ဟူ၍ ရဲများကအရေးတယူမရှိနိုင်ဟုသူမထင်ခဲ့သည် ။


ထို့ကြောင့် အသုံးမဝင်သည့်အတူတူရဲတိုင်မည့်အစား ဟန်ရုံဖန်ဆီသို့သွားကာ ဟန်ကျင်းပေါင်နှင့်ဟန်ကျင်းယုအား ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည် ။ တိုင်ချက်ဖွင့်ခြင်းက အလုပ်ဖြစ်မည်ဟုသူမ မထင်ခဲ့ချေ ။


အရာရှိလျိုက လင်းလန်၏ အတွေးများအား နားလည်နိုင်လေသည် ။ ကျေးလက်ရန်ပွဲများ၏ ရလဒ်အများစုသည် မိသားစုအတွင်းအချင်းများမူဟု၍သာသတ်မှတ်ကြလေ့ရှိပြီး မည်သူကမှလည်း အလုပ်ရူပ်ခံတိုင်တော မနေတတ်ကြသောကြောင့် ရဲတိုင်ခြင်းကအသုံးမဝင်ဟုထင်နေကြခြင်းဖြစ်သည် ။


ယခုကိစ္စ၌ မည်သည့်ဘက်မှပင်ကြည့်ကြည့် လင်းလန်တို့မိသားစုသည် နစ်နာသူဖြစ်သောကြောင့် အရာရှိလျိုက စိတ်ရှည်လက်ရှည်ပြောပြပေးခဲ့သည် ။


" တဝမ်က ကဟန်ချင်ဟွ ရဲ့​ဖောက်ပြန်​တဲ့အပြုအမူတွေအားလုံးကိုစောင့်ကြည့်နေခဲ့တာ "


ပုံမှန်အပြုအမူများအတွက်ပြဿနာမရှိနိုင်သော်လည်း ခိုးကြောင်ခိုးဝှက်ဖောက်ပြန်သည့်ကိစ္စမှာတော့ ကျေးလက်နေလူကြီးများ၏အမြင်တွင် အလွန်စက်ဆုတ်ဖွယ်ကောင်း​နေခဲ့သည် ။


ခေါင်းဆောင်ကြီးများအားဆဲရေးခြင်းနှင့် အမှန်တရားဖုံးကွယ်ထားခြင်းတို့မှာ အလွန်ဆိုးရွားပါသော်လည်း ဟန်ချင်ဟွအား ထိုမျှလောက်နှင့်ခြိမ်းခြောက်နိုင်မည်မဟုတ်ချေ ။


သို့သော်လည်း တဝမ်က ဟန်ချင်ဟွနောက်တကောက်ကောက်လိုက်နေခဲ့သည်ဖြစ်၍ သူသိသည့်အကြောင်းအရာများက ဟန်ချင်ဟွအား အချို့သောကိစ္စများဆောင်ရွက်ပေးရန်တောင်းဆိုနိုင်မည့် အာဏာရှိသည် ။ 


တဝမ် မားမားရဲ့သားလေး ဒီတစ်ခါမင်းကိုလက်မအကြီးကြီးပေးတယ်!


လင်းလန်ကရုတ်တရက်ကြီး လက်မထောင်လိုက်သောကြောင့် အရာရှိလျိုက သူမအားထူးဆန်းစွာကြည့်နေသည် ။


" အရာရှိလျို ဟန်ကျင်းပေါင်က ဘယ်လိုအပြစ်ပေးခံရမှာလဲ... သူစွဲချက်တင်ခံရမှာမလား ..."


" သေသေချာချာစုံစမ်းပြီး သူရဲ့အတန်းဖော်တွေနဲ့ဆရာတွေဆီကနေ အတည်ပြုချက်ယူရဦးမယ် ။ အတည်ပြုချက်ရလာရင် သူ့ကိုယာယီထိန်းသိမ်းပြီး အလုပ်ကြမ်းခိုင်းစေဖို့အတွက်ပြစ်ဒဏ်ချမှတ်နိင်တယ် "

 


အလုပ်ကြမ်းခိုင်းစေသည့်နေရာ၌ သီးနှံခင်းများတွင်အလုပ်လုပ်ရကာ စည်းကမ်းများလည်းတင်းကျပ်ပြီး အစားအသောက်များသည်လည်း အကန့်အသတ်နှင့်သာဖြစ်သည် ။ 


စစ်တပ်၏တချို့စည်းမျဥ်းများအတိုင်းလေ့ကျင့်

ခြင်းခံရကာ အပြင်လောကနှင့်လည်းအဆက်အသွယ်မလုပ်ရပေ ။ ဆွေမျိုးသားချင်းများလာကြည့်ခွင့်မရှိကာ ပြစ်ဒဏ်စေ့လျှင် သို့မဟုတ် အပြုအမူကောင်းလျှင်စောစောစီးစီးထွက်လာနိုင်လိမ့်မည် ။ 


ထိုရွေပေါ်မြတင်နှစ်​ယောက် ဘယ်လိုဖြတ်သန်းကြမလဲသူမသိချင်သေးသည် ။ဟန်ချင်ဟွ၏ တတိယအစ်ကိုက အရာရှိတစ်​ယောက်ဖြစ်သောကြောင့် ထိုနှစ်ယောက်အတွက်နေရာချန်ထားပေးရန်မှာ မခက်ခဲပေ ။


ဟန်တဝမ်၏ တိုင်တန်းချက်မှာ ကြီးကြယ်သောကြောင့်လျှစ်လျူရူပစ်ရန်မဖြစ်နိုင်ပေ ။ အရာရှိလျိုက အရာအားလုံးကိုမှတ်တမ်းတင်ထားကာ ဟန်ချင်စုန့်ပြန်လာလျှင် သိသင့်သည့်ကိစ္စများ အကုန်ပြမည်ဖြစ်သည် ။


ဟန်ကျင်းပေါင်အား ယာယီထိန်းသိမ်းကာ ဟန်ချင်စုန့်၏ သဘောထားအားမေးမြန်းကြမည်အား လင်းလန်မသိပေ ။ အရာရှိလျိုသည်လည်း ဆုံးဖြတ်ချက်အား ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ ။


အရာရှိလျိုက မှတ်တမ်းအားပြောပြရန် ဟန်အိမ်သို့သွားလိုက်သည် ။ 


လင်းလန်ကအရာရှိလျိုနှင့်လိုက်လာခဲ့ကာ အိမ်ထဲသို့ဝင်လိုက်သည်နှင့် ခြံဝန်းတစ်ခုလုံး ရူပ်ပွနေသည်အားတွေ့လိုက်ရသည် ။


သူမဝင်လာသည်အားမြင်သောအခါ အဖွားကြီးဟန်ကဒေါသတကြီးပြေးလာကာ ရိုက်နှက်ရန်လုပ်ခဲ့သည် ။


" နင်ဂြိုလ်ဆိုးမ...နင်ကတကယ်ဂြိုလ်ဆိုးမဘဲ နင်ငါ့သားလေးကိုအသေသတ်နေတာ "


လင်းလန်က ထေ့ငေါ့ကာပြောလိုက်သည် ။


" ဒီမှာအဖွားကြီးမဟုတ်တာတွေလာစွပ်စွဲမနေနဲ့ ရှင့်သားကို လက်ဖျားနဲ့တောင်မထိဘူး "


အဖိုးကြီးဟန်က အလွန်စိတ်ဆင်းရဲနေသည့်မျက်နှာထားဖြင့် ထွက်လာကာပြောခဲ့သည် ။


" တတိယမိသားစု ပိုက်ဆံတွေယူပြီးတဲ့အပြင် ငွေချေးစာချုပ်ပါရေးပေးထားခဲ့တာတောင် သူ့ကိုအလွတ်မပေးနိုင်သေးဘူးလား "


ဟန်ကျင်းယုကလည်း လင်းလန်အားရူးသွပ်ကာ အကျိုးကြောင်းမဆီမလျှော်သည့်မိန်းမဟု ပြောဆိုနေခဲ့ကာ သူမသင်ခဲ့ရမျှဥပမာအားလုံးနှင့် ယှဥ်ပြောတော့သည် ။


xxxxxxx

Part 106


ပထမချွေးမဟန်ကပြောလိုက်သည်။


" တတိယလေးရဲ့ဇနီးက တစ်နေကုန်အလုပ်ထဲမှာရှိနေတာ သူမဘယ်လိုလုပ်ခရိုင်ရဲစခန်းမှာ သွားတိုင်ချက်ဖွင့်နိုင်မှာလဲ "


အရာရှိလျိုက တိုင်ချက်ဖွင့်သူသည်လင်းလန်မဟုတ်ဟုပြောခဲ့သော်လည်း တဝမ်ဖြစ်ကြောင်းကိုတော့မပြောပြခဲ့ပေ ။


" ဘယ်သူတိုင်တာလဲ... "


ဟန်ကျင်းပေါင်၏ အပြုအမူက သရဲဝင်ပူးထားခဲ့သလိုဖြစ်နေကာ မျက်လုံးများပင်ပြူးထားရ၍ကျွတ်ထွက်တော့မည့်ပုံဖြစ်နေသည် ။ ယခင်အချိန်များ၌ ဟန်ကျင်းပေါင်သည် သခင်လေးတစ်ယောက်ကဲ့သို့ လှပသည့်ဘဝလေးပိုင်ဆိုင်ခဲ့သည် ။


စိတ်ချမ်းသာမူထင်ဟပ်နေသောကြောင့် သူ၏အသွင်ပြင်က သန့်ရှင်းသပ်ရပ်နေခဲ့သည် ။ ယခုမူ မနာလိုမူများနှင့်ဒေါသကြောင့် ရုပ်ဆိုးသောပုံစံအမှန်မှာထွက်ပေါ်လာခဲ့ပြီဖြစ်သည် ။


ဟန်ကျင်းပေါင်က သူများကိစ္စတွင်ဝင်ရူပ်တတ်သည့် ဟန်ချင်းယွမ်တိုင်သည်ဟုထင်မှတ်နေသည် ။ ရဲအရာရှိလျိုနှင့်အတူပါလာသည့်နောက်ထပ်ရဲသားတစ်ယောက်က ဟန်ကျင်းပေါင်အား လက်ထိပ်ခတ်လိုက်သည် ။


ဟန်ကျင်းပေါင်က ချက်ချင်းပင်ရုန်းတော့သည် ။ သူ၏ခြေချောင်းများက မသက်သာသေးကာ လက်များလည်း လက်ထိပ်ကြောင့်နာကျင်နေရသည် ။ အရာရှိလျိုက အတင်းရုန်ကန်နေသော ဟန်ကျင်းပေါင်အား လေသံမာမာနှင့် ပြောလိုက်သည် ။


" ဘာဘဲဖြစ်ဖြစ် ထွက်ပြေးနိုင်မှာမှမဟုတ်တာ လက်ထိပ်ဖြုတ်ပေးလိုက်စမ်းပါကွာ သူ့ကိုထိန်းနေရတာ အာရုံနောက်တယ် "


မြို့အထိ လက်ထိပ်ခတ်၍ခေါ်သွားခံရမည်ဆိုလျှင် ဟန်ကျင်းယု သည် ခုနှစ်ရက်ခုနှစ်ညတိုင် အိပ်မက်ဆိုးများမက်နေနိုင်သည် ။ သူ့၌ဂုဏ်သိက္ခာလည်း တစ်ပြားမှမကျန်တော့ပေ ။ အရာရှိလျိုနှင့်တွဲဖက်က ဟန်ကျင်းပေါင်အား ခေါ်ထုတ်လာသည့်နောက်တွင် အဖိုးကြီးဟန်နှင့်အဖွားကြီးဟန်တို့ပါလိုက်လာခဲ့ကြသည် ။


အဖွားကြီးဟန်က သုမ၏အဖိုးတန်သားလေး အဖမ်းခံရသည်အားကြည့်ကာ သူမ၏အသည်းနှလုံးကို အစိမ်းလိုက်ဆွဲထုတ်သွားသလိုခံစားနေရသည် ။


" အရာရှိလျို ...ငါ့...ငါ့ရဲ့သားကိုရိုက်လို့မရဘူးနော် "


သူမ၏ တတိယသားက စစ်တပ်မှအရာရှိတစ်ဦးဖြစ်ပြီး ပိုက်ဆံအများကြီး နှင့်ပြန်လာထုတ်နိုင်သည်ဟူ၍ပင်ခြိမ်းခြောက်လိုက်သေးသည် ။ အရာရှိလျို၏ တွဲဖက်မှာအဖွားကြီးဟန်အား အလွန်အထင်သေးသွားကာပြောလိုက်သည် ။


" အဒေါ် ကျွန်တော်တို့ကို ငွေနဲ့လာဘ်ထိုးလို့မရသလို ရာထူးနဲ့လည်းခြိမ်းခြောက်လို့မရပါဘူး သူဘာဘဲဖြစ်ဖြစ် သူလုပ်ရပ်နဲ့ထိုက်တန်တဲ့အပြစ်ကို ခံစားရမှာပါ "


" အမေ "


ဟန်ကျင်းပေါင်က ဆက်မသောင်းကျန်းရဲတော့ကာ ငိုယိုနေဖို့သာတတ်နိင်သည် ။ အဖွားကြီးဟန်က သူမ၏အဖိုးတန်သားလေး ခံစားနေရသည်အားမကြည့်ရက်ပေ ။


လင်းလန် ကဘေးမှနေ၍သာ အေးစက်စက်ရပ်ကြည့်နေခဲ့သည် ။ ကိုယ်စိုက်သည့်အပင်၏အသီး ကိုယ်စားရမည်ဟူသောစကားပုံအတိုင်းပင် အဖွားကြီးဟန်က မိမိကိုယ်တိုင်ရေလောင်းခဲ့သည့်အဆိပ်ပင်လေး၏အကျိုးအားခံစားနေရခြင်းဖြစ်သည် ။


ဟမ့်! သနားစရာအကြောင်းကိုမရှိတာ!


 ထိုအချိန်၌ ဟန်ကျင်းပေါင်က လင်းလန်အား သတ်ဖြတ်ချင်နေသည့် အကြည့်များဖြင့်ကြည့်လာသောကြောင့် သူမက ထေ့ငေါ့ပြောလိုက်သည် ။


" ငါ့ကိုအဲ့လိုပုံစံမျိုးနဲ့ လာမကြည့်စမ်းပါနဲ့! တစ်နေကုန်အလုပ်လုပ်နေရတာ နင့်ကိုအားအားယားယားသွားတိုင်ဖို့အချိန်မရှိဘူး ငါ့ကိုမုန်းနေမဲ့အစား နင့်ရဲ့ပုပ်စပ်နေတဲ့စိတ်ဓာတ်ကိုသာပြန်မုန်းစမ်းပါ "


 တချို့သောသူများက ခွေးနဲ့နိူင်းရင်တောင်ခွေးသိက္ခာကျဦးမည် ။ မိမိတို့လုပ်သမျှအကုန်အမှန်ထင်နေကြကာ အနည်းငယ်မျှနစ်နာရသည်နှင့် တစ်လောကသုံးဝိုင်းအနိုင်ကျင်နေသကဲ့သို့ သရုပ်ဆောင်ကြတော့သည် ။


တဝမ်ညနေခင်း အိမ်ပြန်ရောက်သည့်အခါတွင် ဘာစကားမျှမပြောခဲ့သော်လည်း စားပွဲပေါ်တွင်ပန်ကိတ်များတွေ့လိုက်ရသောကြောင့် စတင်စားသောက်တော့သည် ။ အရမ်းဆာလောင်နေပြီး ရက်အနည်းငယ်ဘာမှမစားခဲ့ရသလို ပုံမျိုးနှင့်စားနေခဲ့သည် ။


လင်းလန် ကနင်သွားမည်စိုးသောကြောင့် ရေအမြန်ခပ်တိုက်ကာ ကျောကိုခပ်ဖွဖွပုပ်ပေးနေသည် ။


" ဖြည်းဖြည်းစား မနင်စေနဲ့ "


သူမက တဝမ်အားမေးခွန်းတချို့မေးချင်သောကြောင့် ကလေးများအားထင်းသွားကောက်ခိုင်းလိုက်သည် ။ ပန်ကိတ်များအားရအောင်စားသောက်ပြီးသည့်အခါတွင် တဝမ်ကပြောလိုက်သည် ။


" သားမြက်သွားနုတ်တော့မယ် "


" နေဦး "


လင်းလန်က အမြန်ပင်တားလိုက်ရသည် ။


ထပ်ပြီးမြက်နုတ်ဦးမလို့လား...


အရင်ရက်က မြက်နုတ်မယ်ပြောပြီး မျက်တောင်တစ်ခတ်စာအတွင်းမှာ မြို့ကိုပြေးသွားခဲ့ကာ တိုင်ချက်သွားဖွင့်ခဲ့တာမဟုတ်လား...


ထိုတိုင်ချက်အတွက်ချီးကျူးလိုသော်လည်း မိခင်တစ်​ယောက်အနေနှင့် သေသေချာချာ ဆုံးမရတော့မည်ဖြစ်သည် ။ တဝမ်က တံခါးဝတွင်ရပ်နေကာ သူ၏မျက်နှာကစိတ်မရှည်သည့်ပုံစံဖြင့်မေးလိုက်သည် ။


" ဘာဖြစ်လို့လဲ "


" မားမားကို ရှင်းပြစရာတစ်ခုခုမရှိဘူးလား "


တဝမ်ကခေါင်းခါပြလိုက်သည် ။ လင်းလန် ဒေါသထွက်သွားကာ ရိုက်ရန်တုတ်ပြေးကောက်တော့သည် ။


ဒီကောင်လေးက စကားကောင်းကောင်းမွန်မွန်ပြောလို့မရဘူး...


တဝမ်က ငယ်စဥ်ကတည်းကအရိုက်ခံလာရသည်ဖြစ်သောကြောင့် အရိုက်ခံရမည်အားကြောက်သည့်ပုံမပေါ်ပေ ။ လင်းလန်အား အမူအရာဖြင့် စကားပြောနေပုံပေါ်သည် ။


' မားမားကသေအောင်မှမရိုက်သတ်နိုင်တာ ဘာလို့ကြောက်ရမှာလဲ ' ဟူသည့်မျက်နှာပေးနှင့်ဖြစ်သည် ။


သို့သော်လည်း တဝမ်ကကလေးအရွယ်သာရှိသေးသောကြောင့် အကြမ်းနည်းနှင့်ရိုက်နှက်ဆုံးမခြင်းသည် စိတ်ဒဏ်ရာသာရစေလိမ့်မည် ။ နူးနူးညံ့ညံ့ဆုံးမမည်ဆိုလျှင်တောင် နားထောင်ချင်မှနားထောင်မည်ဖြစ်ကာ မည်သို့ကိုင်တွယ်ရမလဲ လင်းလန်မသိတော့ပေ ။


ကလေးကိုရိုက်နှက်ဆုံးမခြင်းက ဒေါသထွက်နေသည့်တစ်ချိန်သာ စိတ်​ပြေနိုင်မည်ဖြစ်ကာ လင်းလန်မနှစ်သက်ဆဲဖြစ်သည် ။ လင်းလန်က စိတ်လျော့ကာမေးလိုက်သည် ။


" ခရိုင်ရဲစခန်းမှာ သားသွားတိုင်ခဲ့တာလား...မားမားကို ပြောပြစမ်းပါဦး  "


တဝမ်က မျက်နှာလွှဲထားကာ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည် ။ 


" မပြောချင်ဘူး "


ငါမရိုက်ဘူးနေတာနော်...နင်ကတယ်ကိုတုတ်တောင်းနေတာလား...


ဂါးးးးး


" မင်းမားမားကို စိတ်ချမ်းသာအောင်ကောင်းကောင်း ပြန်ပြောလို့မရဘူးလား "

 

တဝမ် "....."


သူက လင်းလန်အား အံ့အားသင့်စွာကြည့်နေကာ ဘာမှတော့ပြန်မပြောခဲ့ချေ ။ လင်းလန်က ရှက်ရွံ့စွာပြုံးလိုက်ပြီးနောက် ချောင်းဟန့်ကာပြောလိုက်သည် ။


" ဒါဆိုလဲ ဒီကိစ္စကိုလူကြီးတွေရဲ့နည်းလမ်းအတိုင်းဖြေရှင်းကြတာပေါ့ " 


လင်းလန်ကို အကြောင်းစုံမပြောပြသရွေ့ အိမ်ထဲကထွက်ရမည်မဟုတ်မှန်းတဝမ်သိလေသည် ။ ထို့ကြောင့် တိုတိုတုတ်တုတ်စာကြောင်းနှစ်ကြောင်းဖြင့်သာ ရှင်းပြလိုက်သည် ။

  

" သားစာအုပ်တစ်အုပ်ကိုလှန်ကြည့်မိတုန်းက ဟန်ချင်ဟွရဲ့ ရည်းစားစာတွေကိုတွေ့ခဲ့တယ် အဲ့ဒါတွေနဲ့ခြိမ်းခြောက်လိုက်တာ "


တကယ်တွင် ထို့ထက်ပိုသည့် အကြောင်းအရာများစွာရှိပါသော်လည်း အမျိုးသမီးတစ်ယောက်၏ရှေ့၌ ဘယ်သောအခါမျှပြောမည်မဟုတ်ပေ ။ လင်းလန်က နားလည်သွားကာ ဟန်ချင်စုန့် ပြန်လာမှသာ ဆက်ဆွေးနွေးရန်ဆုံးဖြတ်လိုက်သည် ။


ဟန်ကျင်းပေါင်နှင့် သူ၏သူငယ်ချင်းတချို့က စာအုပ်များအား တရားမဝင်ကူးယူသည့်အကြောင်းကို လင်းလန်သိရှိထားပြီးဖြစ်သည် ။ ထို့အပြင် ဟန်ကျင်းပေါင်သည် ငွေကိုရေလိုဖြုန်းကာ မိန်းမလှလေးများနှင့်အထည်လဲတွဲကာပျော်ပါးနေတတ်သည် ။


အတန်းဖော်မိန်းကလေးတချို့အားလည်း ပိုက်ဆံရရန်အတွက် အပျော်တွဲလေ့ရှိကာ မကျေမနပ်ဖြစ်နေသူအများအပြားပင်ရှိသည် ။ အတန်းဖော်ကောင်လေးတချို့မှာလည်း ဟန်ကျင်းပေါင်အား မျက်မုန်းကျိုးနေကြသည် ။


သို့သော်လည်း ဟန်ကျင်းပေါင်၏ အစ်ကိုကအရာရှိတစ်ဦးဖြစ်သည်ဟု ကြွားဝါထားသောကြောင့် မည်သူမျှရန်စရန်စိတ်ကူးမရှိကြချေ ။ ယခုအချိန်တွင်မူ ရဲများစုံစမ်းလာသောကြောင့် မကျေနပ်ချက်များကို ဖွင့်ထုတ်ပြောဆိုလာကြတော့သည် ။

 


xxxxxxx