အပိုင်း ၁၀၇-၁၀၈
Viewers 20k

Part 107


တဝမ်၏စနက်ကြောင့် ဟန်ကျင်းပေါင်မှာနောက်ဆုတ်ရန်လမ်းမရှိတော့ချေ ။ လင်းလန်သက်ပြင်းချလိုက်မိသည် ။ တဝမ်ကို ငယ်ရွယ်သည်ဟူ၍ အထင်သေး၍မရပေ ။


မူလဇာတ်ကြောင်း ၌ တဝမ်အားဗီလိန်ဖြစ်စေရန်တွန်းပို့သည့် ကိစ္စများစွာရှိနေခဲ့ပြီး လင်းလန်အနေနှင့် တိတိကျကျမမှ​တ်တော့ပေ ။ သူမကတဝမ်နှင့် ဆက်ဆံရေးအဆင်ပြေသည်ဟု ပြော၍ရသောကြောင့် မေးမြန်းရန်စကားစလိုက်သည် ။


" သားလေး "


တဝမ်က သူ၏အမေထပ်မံစကားများတော့မည့် အရိပ်အယောင်မြင်သောကြောင့် လှည့်မကြည့်ဘဲထွက်ပြေးတော့သည် ။


လင်းလန် "....."


ပထမတွင်အဖွားကြီးဟန်က လင်းလန်သူမအားခံစားရစေရန် ဟန်ကျင်းပေါင်အားတိုင်ချက်ဖွင့်သည်ဟုထင်ခဲ့သော်လည်း အရာရှိလျိုက လင်းလန်မဟုတ်ဟုပြောခဲ့သည် ။ ထိုအစား ဟန်ချင်ဟွ၏ အတန်းဖော်က တရားမဝင်သောလုပ်ရပ်များအား သတင်းပို့ခဲ့သောကြောင့်ဟုပြောပြခဲ့သည် ။


အဖွားကြီးဟန်က စိုးရိမ်စွာနှင့် အာမခံဖြင့်ပိုက်ဆံပေးကာပြန်ထုတ်လာချင်ပါသော်လည်း သူမတွင်ပိုက်ဆံမရှိတော့ပေ ။


မိသားစုပိုက်ဆံတွေအကုန်လုံးကို လင်းလန်ယူသွားပြီလေ! 


ဟန်မိသားစုက ချမ်းသာနေရာမှ ရုတ်တရက်ကြီးမွဲပြာကျသွားခဲ့သည် ။ အဖွားကြီးဟန်က လင်းလန်အားဖိအားပေးကာ ဟန်ကျင်းပေါင်အားထုတ်စေချင်ခဲ့သည် ။ သို့သော်လည်း လင်းလန်က မညှာမတာပြောဆိုကာငြင်းလွှတ်ခဲ့သည် ။

 


အဖွားကြီးဟန် ကလင်းလန်ကို လက်ညိုးထိုးကာပြောဆိုရန်လုပ်တော့သည် ။


" ငါတို့ကမိသားစုတွေဘဲ နင်ဘာလို့လျစ်လျူရူနိုက်ရတာလဲ... နင်ဒီလောက်တောင်စာနာစိတ်မရှိဘူးလား! "


လင်းလန်က ပြန်လည်ချေပပြောဆိုခဲ့သည် ။


" ကိုယ်ဘာပြောနေလဲဆိုတာတောင်သိရဲ့လား ကျွန်မတရားစွဲချင်ပေမဲ့ ဦးလေးနဲ့အစ်ကိုကြီးတို့လင်မယားရဲ့မျက်နှာကြောင့် ကိစ္စတွေကိုအကျယ်မချဲ့ခဲ့တာ ။ ဒါပေမဲ့တိုင်တဲ့လူကတိုင်ထားတယ်လေ ကျွန်မနဲ့ဘာဆိုင်လဲ.... ကျွန်မသားကိုသတ်ဖို့ကြံတဲ့လူကိုကျွန်မ ကယ်ပေးစရာလား "


အိပ်မက်သာမက်နေလိုက်!


" အမလေး....ငါအသက်မရှင်ချင်တော့ဘူးနော် "


အဖွားကြီးဟန်က အော်ဟစ်ငိုယိုကာ သူမ၏အချစ်ဆုံးသားငယ်အတွက် တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည် ။


တုန်ဟျွိုင်ဟွက အဖွားကြီးဟန်အော်ဟစ်နေသည်အား မကြည့်နိုင်သောကြောင့် ပြောလိုက်သည် ။


" အဒေါ် အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်ချက်ကပြတ်သားတယ် အဒေါ်သာအဆက်အသွယ်တွေနဲ့ငွေပေးပြီးထုတ်မယ်ဆိုရင် အပြစ်ရှိတာကို သွယ်ဝိူက်ဝန်ခံလိုက်သလိုဖြစ်ပြီး ကျင်းပေါင်ကိုဖြည်းဖြည်းချင်းသေစေချင်လို့လား "


အဖွားကြီးဟန်က အရမ်းကြောက်လန့်သွားခဲ့သည် ။


" တကယ်....တကယ်လား "


 “ အဒေါ်ကျင်းပေါင်ရဲ့ တရားမဝင်စာအုပ်ကူးယူဖြန့်ဝေတဲ့ကိစ္စကသေးသေးမွှားမွှားမဟုတ်ဘူးနော်...သူ့ကိုစာမေးပွဲမဖြေရအောင်ပိတ်ပင်လိုက်ရင် တစ်သက်လုံးဘွဲ့ရမှာမဟုတ်တော့ဘူး... ​တကယ်လို့အပြစ်ရှိတယ်ဆိုပြီး စစ်ဆေးချက်ထွက်လာခဲ့ရင် အုပ်ချုပ်ရေးမူးအပြင် အတွင်းရေးမူးခေါင်းဆောင်တို့ပါ ဝင်ပါရမှာ....ရွာကိုလည်းသိက္ခာကျစေလိမ့်မယ် "


တခြားရွာများကြားထဲ၌ မျက်နှာမဖော်နိုင်လောက်အောင် အကြီးအကျယ်အပြစ်တင်ခံရလိမ့်မည်ဖြစ်သည် ။ အဖွားကြီးဟန် ငိုယိုရုံမှတစ်ပါး မတတ်နိုင်တော့ချေ ။

  

" တရားဥပဒေနဲ့ပက်သက်တဲ့ကိစ္စမို့လို့ ငြိမ်ငြိမ်လေးနေပြီး အပြစ်မရှိခဲ့ရင်အဆင်ပြေမှာပါ...... ကျွန်မတို့က တစ်သက်လုံး​ဖြောင့်​ဖြောင့်မတ်မတ်နေခဲ့ကြတာဘဲ အရမ်းအဆိုးကြီးမဖြစ်လောက်ပါဘူး "

 


တုဟျွိုင်ဟွက ဆင်ခြင်းစဥ်းစားတတ်သောကြောင့် ဟန်ကျင်းပေါင်၏အမူသည် လူမသိသူမသိပြီးဆုံးသွားနိုင်သကဲ့သို့ အကြီးအကျယ်ဖြစ်သွားနိုင်ကြောင်းကိုလည်းသိသည် ။ ထို့ကြောင့် ဟန်ချင်စုန့် ပြန်လာသည့်အချိန်အားစောင့်ကာ တိုင်ပင်ခြင်းကအကောင်းဆုံးဟုသူမထင်သည် ။

  


နောက်ဆုံး၌ အဖွားကြီးဟန်က သူမ၏သားသည် အနည်းငယ်မျှအပြစ်ခံရခြင်းနှင့်ပြီးဆုံးမည်မဟုတ်ကြောင်းသိလိုက်ပြီဖြစ်သည် ။ ဟန်ချင်စုန့် အိမ်ပြန်လာသည်အားစောင့်ကာ သူ၏ညီလေးကို အာဏာသုံး၍ထုတ်ခိုင်းရန်သာ အဖွားကြီးဟန်၏စိတ်ထဲ၌ရှိတော့သည် ။


သူမ၏တစ်သက်၌ ဒီတစ်ကြိမ်သာ ဟန်ချင်စုန့်အိမ်ပြန်လာအား မျှော်လင့်တကြီးရှိနေသည် ။ အဖွားကြီးဟန်က မကျေမနပ်ဖြစ်နေဆဲဖြစ်ကာ လင်းလန်အားချွေးမတော်ခဲ့သည်အား နောင်တရမဆုံးဖြစ်နေသည် ။


" ငါအဲ့ဒီမိန်းမကို ဘယ်တော့မှအိမ်ထဲပေးမဝင်ခဲ့သင့်တာ..... လုအိမ်ကသမီးကိုရွေးခဲ့တာမှပိုကောင်းဦးမယ် "


ပထမချွေးမဟန်က အဖွားကြီးဟန်၏ ပေါက်ကရစကားများ​ကြောင့် လင်းလန်ဒေါသထွက်မည်အားစိုးရိမ်နေခဲ့သည် ။ တတိယမိသားစုနှင့် ရန်ပွဲဖြစ်သည့်အချိန်တိုင်းတွင် ဟန်မိသားစုဘက်ကသာ အကြီးအကျယ်နစ်နာခဲ့သည်ချည်းဖြစ်သည် ။ ဟန်ကျင်းယုက အရှက်ကွဲမည်ကိုကြောက်သောကြောင့် ကျောင်းသို့ပင်ပြန်မသွားတော့ချေ ။


အဖိုးကြီးဟန်က ဟန်ကျင်းပေါင်နှင့်ဟန်ကျင်းယုတို့၏အမည်အား နောက်တစ်ကြိမ်ထပ်ပြောင်းရန်အကြံပြုလိုက်သည် ။ ရတနာများခြံရံကာနေစေလိုသောကြောင့် အတိတ်နိမိတ်ကောင်းသည့် အမည်များအားပေးခဲ့သော်လည်း လက်တွေ့၌ တစ်စက်ကလေးမျှအကျိုးမပေးပေ ။


ထို့ကြောင့် အမည်အသစ်ထပ်ရွေးရန်အလယ်တန်းကျောင်ဆရာဆီသို့ သွားရန်တွေးနေခဲ့သည် ။


ဟန်ကျင်းယု အား ဟန်ကျင်းရှန်ဟု အမည်ပြောင်းလိုက်ကာ ဟန်ကျင်းပေါင်အား ဟန်ချင်ဟွဟုပင်ဆက်လက်ခေါ်ဆိုခဲ့သည် ။ ဘယ်သူကမျှ အနာဂတ်၌ ဟန်ကျင်းပေါင်နှင့် ဟန်ကျင်းယုဟု ခေါ်ဆိုကြတော့မည်မဟုတ်ပေ ။


ဟန်မိသားစုက မည်သူမျှလာမနှောင့်ယှက်ကြသောကြောင့် လင်းလန်၏ဘဝသည်အလွန်သာယာနေခဲ့သည် ။ မနက်ခင်း၌အလုပ်သွားကာ နေ့လည်နားချိန်နှင့် ညနေခင်းများတွင် ရေဒီယိုနားထောင်ရင်း ကလေးများအားစာသင်လေ့ရှိသည် ။


ချက်ပြုတ်စားသောက်ရင်းဖြင့်ပင် သူမ၏နေ့ရက်များကို အေးအေးချမ်းချမ်းဖြတ်သန်းနေခဲ့သည်။


..... 


ယနေ့၌ စျေးနေ့ဖြစ်သောကြောင့် လင်းလန်က အလုပ်မှခွင့်ယူကာ ကလေးများအားအိမ်စောင့်ထားခဲ့ပြီး စက်ဘီးစီးကာသွားခဲ့သည် ။ လမ်းတစ်လျှောက်၌ အတင်းပြောသည့်အဒေါ်ကြီးတစ်သိုက်က လင်းလန်အကြောင်းကျယ်လောင်စွာပြောဆိုနေခဲ့ကြသည် ။


လင်းလန်က သူမတို့ဘေးမှ စက်ဘီးဖြတ်နင်းကာ ထိုတစ်သိုက်အားဖုန်စားရင်းလမ်းလျှောက်ရန်ချန်ထားခဲ့သည် ။


" စိတ်ကြီးဝင်နေတဲ့သူမမျက်နှာကိုကြည့်စမ်းပါဦး "


" သူမတကယ်ကိုနာမည်ကြီးနေတာနော် "


" ကွန်မြူနတီတစ်ခုလုံးမှာ အာဏာအရှိဆုံးချွေးမဘဲ "


ထိုအမျိုးသမီးများထဲ၌ ယောက္ခမနှင့်အဆင်မ​ပြေသောသူများ ရှိသော်လည်း သူတို့သည် လင်းလန်ကဲ့သို့တိုက်ရိုက်တိုက်ပွဲမဝင်ရဲကြပေ ။ သူမတို့ကိုယ်တိုင်၌သတ္တိနှင့်အင်အားမရှိသကဲ့သို့ သူမတို့ဘက်မှလည်း ခင်ပွန်းများကရပ်တည်ပေးမည်မဟုတ်ပေ ။


ထို့ကြောင့် ယောက္ခမဆိုးကြီးများအား မြန်မြန်အိုမင်းသွားရန်သာကြိတ်ဆုတောင်းနေကြရသည် ။


xxxxxx

Part 108


လင်းလန်က ပထမဆုံးစျေးလမ်းအားပတ်ကြည့်ကာ သူမလိုချင်သော်လည်းမဝယ်လိုက်ရသည့် ပစ္စည်းများအား တုံ့ဆိုင်းမနေဘဲဝယ်ယူတော့သည် ။ တစ်ယောက်ယောက်က ကြက်ဥနှင့်အစေ့အဆံများရောင်းချနေတာမြင်သည်နှင့် ချက်ချင်းပင်ဝယ်ယူလေသည် ။

 


စျေးပေါတယ်လေ! ဘာလို့မဝယ်ရမှာလဲ...


ပိုပြီးအရေးကြီးသောအချက်မှာ ဝယ်ယူရန်လက်မှတ်မလိုအပ်ချေ ။ ကျေးလက်နေသူများက ကြက်ဥများကို မြို့ပေါ်၌ လက်မှတ်များနှင့်လဲလှယ်လေ့ရှိသည် ။ ကြက်ဥတစ်ကတ်တီသည် ရိက္ခာခြောက်နှစ်ကတ်တီနှင့်လဲလှယ်၍ရနိုင်သည် ။ 


လဲလှယ်ပြီးသည့်အခါတွင် ရိက္ခါခြောက်များအပြင် လက်မှတ်များနှင်ပိုက်ဆံများပါ အဖတ်တင်ကျန်ကြကာအရူံးမရှိပေ ။ ကြက်ဥတစ်ကတ်တီသည် ရိက္ခာခြောက်နှင့်တန်းတူပင် အစေ့အဆံနှစ်ကတ်တီနှင့်လည်းညီမျှလေသည် ။ တစ်ခါတစ်ရံ တွင်ရိက္ခာနှင့်မလဲလှယ်လိုပါက ပိုက်ဆံပေး၍ဝယ်ယူနိုင်လေသည် ။


လူတိုင်းက စျေးနူန်းချိုသာသည်ဟုကြွားဝါပြောဆိုနေကြသော်လည်း ပဲနိအနည်းငယ်ဖြင့်ပင် ရိက္ခာတစ်ပေါင်ဝယ်ယူ၍ရနိုင်သည် ။ ငွေကြေးမရှိသူများအနေဖြင့် မိမိတို့တွင်ရှိသည့် ကုန်ပစ္စည်းများနှင့်လဲလှယ်ရန်သာတတ်နိုင်ပြီး ထိုသို့မလုပ်ပါက အငတ်ခံရန်သာရှိသည် ။


စျေးပေါတယ်လို့ ဆက်တွေးနေကြတုန်းလား...


ထိုစျေး၌ အစေ့အဆံများအပြင် အာလူးခြောက်များနှင့် ဆန်ဖြူ များအပြင်ကောက်ညှင်းဆန်များလည်းရောင်းချကြသည် ။ ဆန်ခေါက်ဆွဲ ၊ ဂျုံခေါက်ဆွဲများ အပါအဝင် ပြောင်းဖူးမူန့်များနှင့်အာလူးမူန့်များပါပါဝင်သည် ။


အားလူးမူန့်များနှင့်ပြောင်းဖူးမူန့်များသည် ခါးသက်ကာ အရသာလုံးဝမကောင်းပေ ။ ပဲပိစပ်များနှင့်အခြားသောပဲအမျိုးစားများမှာ ရောင်းချသော်လည်းအနည်းငယ်သာရှိသည် ။


လာရောက်ရောင်းချသူများမှာ ဝယ်ယူမည့်သူမရှိလျှင် တခြားကုန်ပစ္စည်းများနှင့်လဲလှယ်ရန်ကြိုးစားကြသည် ။ မဟုတ်လျှင်ဆေးခန်းပြသည့်အခါ သို့မဟုတ် အသုဘစရိတ်အဖြစ်အသုံးချရန်သာရှိတော့သည် ။


  

ထို့ကြောင့် လင်းလန်ကဝယ်ကိုဝယ်မည်ဖြစ်သည် ။ သူမတွင်ပိုက်ဆံအများကြီးရှိသောကြောင့် စျေးအနည်းငယ်များသည်အား စိတ်ထဲမထားပေ ။ သူမတွင်အာဟာရပြည့်အောင်ကျွေးမွေးရမည့် ကလေးငါးယောက်ပါရှိသေးသည် ။ 


ထို့ကြောင့် သူမဝယ်ယူလိုက်လျှင် သူမအတွက်အကျိုးရှိကာ တစ်ပါးသူအားလည်းကူညီပြီးဖြစ်သည် ။ ဒါကြောင့်တတ်နိုင်နေတာကိုဘာလို့မဝယ်ရမှာလဲ?


 

ဝယ်မယ်! ဝယ်မယ်!

 


သူမက ဂျုံသုံးဆယ်ကတ်တီနှင့် ပဲပစပ် တစ်ဆယ်ကတ်တီအားဝယ်ယူခဲ့ကာ ထုတ်ပိုး၍ စက်ဘီးထိုင်ခုံ၌ နေရာချလိုက်သည် ။ ထို့နောက်တွင် ခရိုင်သမဝါယမရုံးသို့တစ်ချက်ကြည့်ရူရန်သွားခဲ့သည် ။


လင်းမိန်ကလည်း ဝါဂွမ်းများယူလာပေးခဲ့သည် ။ သူမရုံးရှေ့သို့ရောက်သည့်အချိန်ကိုက်ပင် လင်းမိန်က ဝါဂွမ်းကတ်တီဝက်နှင့် ချည်ထည်ကြမ်းငါးကိုက်ကိုယူလာခဲ့သည် ။ ယခင်တစ်ခေါက်မှ ကိစ္စကြောင့် လင်းလန်က သမဝါယမရုံး၌ မသိသူမရှိပေ ။


အရောင်းစာရေးများက သူမအားအပြစ်ပြုမိမှာကိုပင်ကြောက်လန့်နေကြကာ သူမဝယ်ယူသည့်အစများအား အနည်းငယ်ပင်ပိုဖြတ်ပေးကြသည် ။ လင်းလန်က အနည်းငယ်ပိုလွန်းနေသောကြောင့် လက်မခံကာပုံမှန်အတိုင်းယူခဲ့သည် ။


အရင်တစ်ခေါက်က သူမနှင့်ရန်ဖြစ်ခဲ့သည့် အရောင်းစာရေးမသည် ယခုတွင်သူမအပေါ်၌ အပြောအဆိုအလွန်ပြေပြစ်နေခဲ့သည် ။ အရောင်းစာရေးမ၏ အမည်မှာ ချိုးတုံမိုင်ဖြစ်ကာ နောက်ထပ်အရောင်းစာရေးမှာ ဝမ်ဟွေ့ကျွမ်း ဖြစ်သည် ။

 


လင်းလန်မှာ ရေနံဆီဝယ်ယူရန်အတွက်လက်မှတ်မရှိသောကြောင့် ထိုအရောင်းစာရေးများထံမှစျေးကြီးပေးကာဝယ်ယူမည်ဟုပြောခဲ့သည် ။


မူဝါဒများအရ ရေနံဆီအဝါအဝင်လောင်စာဆီများအား ရောင်းချခြင်းကန့်သတ်ထားသောကြောင့် သာမန်လူများအနေဖြင့် ထိုအရာများမရှိသော်လည်းနေသားကျအောင်နေထိုင်ကြရသည် ။ အရောင်းစာရေးများက ထိုအရာကိုကောင်းကောင်းသိသောကြောင့် အပိုဝင်ငွေရစေရန်မှောင်ခိုရောင်းဝယ်လေ့ရှိသည် ။

 


ချိုးတုံမိုင်က လင်းလန်အားတိုးတိုးလေးကပ်ပြောလိုက်သည် ။


" လက်မှတ်မရှိဘူးဆိုရင် ဖယောင်းတိုင်တွေကောမလိုချင်ဘူးလား..."


ဖယောင်းတိုင်များကစျေးကြီးသော်လည်း မီးလောင်မည်ကို သိပ်စိတ်မပူရသောကြောင့် လင်းလန်ကအနည်းငယ်ဝယ်ယူရန်ဆုံးဖြတ်ခဲ့သည် ။ အပိုအနေနှင့် ဝမ်ဟွေ့ကျွမ်းက ရေနံဆီအနည်းငယ်ရောင်းချပေးခဲ့သော်လည်း စျေးကွက်ပေါက်စျေးထက်ဆယ်ဆင့်ပိုစျေးကြီးလေသည် ။


လင်းလန် ဝယ်​ယူ ရန်မတုံ့ဆိုင်းခဲ့ပေ ။ စျေးကြီးကြီးပေးဝယ်လိုက်ရတာသည် တစ်နှစ်လုံးမှတစ်ခါသာရမည့်လက်မှတ်အားစောင့်ဆိုင်းဝယ်ယူခြင်းထက်အများကြီးပိုကောင်းသည် ။


ဆယ်ဆင့်မပြောနှင့် ဆင့်နှစ်ဆယ်လောက်စျေးပိုကြီးမည်ဆိုလျှင်တောင် သူမဝယ်ဦးမည်ဖြစ်သည် ။ နေဝင်သွားသည်နှင့် အမှောင်ထဲ၌ကလေးများအားနေခိုင်း၍မဖြစ်ပေ ။ သူမက အဖွားကြီးဟန်အား ကောင်းကောင်းမွန်မွန်နေထိုင်နေရသည်ဟု သက်သေပြချင်သေးသည် ။


အလင်းရောင်က လူသားများ၏ဘဝအတွက် အရေးပါသည့်အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည် ။ သူမ၏ကလေးများကို အရင်အချိန်များကဲ့သို့ မထားနိင်တော့ချေ ။

 


သူမတွင် လက်မှတ်အမျိုးအစားတချို့မရှိသောကြောင့် တချို့သောရိက္ခာအမျိုးအစားများအား ဝယ်ယူ၍မရခဲ​ပေ ။ လင်းလန်ကလင်းမိန်အား ထပ်မံစောင့်ဆိုင်းနေရသည်ကိုစိတ်မရှည်တော့သောကြောင့် လိုက်ရှာရန်ဆုံးဖြတ်လိုက်သည် ။


မနီးမဝေးတွင် အမျိုးသမီးတစ်ဦးက သူမအားခိုးကြည့်နေသည်အား သတိထားမိလိုက်သည် ။


လင်းလန် "..."


သူမကအနောက်မှတိတ်တိတ်လေးခိုးသွားကာ ထိုအမျိုးသမီး၏ပခုံးအားပုတ်လိုက်သည် ။ လင်းမိန်ကလန့်ပြီးထွက်ပြေးမလိုပင်ဖြစ်သွားရသည် ။ လင်းလန်က သူမကိုအမြန်ဆွဲရင်းပြောလိုက်သည် ။


" ဘာလို့ထွက်ပြေးတာလဲ ကျွန်မပါ "

 


လင်းမိန် မျက်လုံးလှိမ့်မိတော့သည် ။


" ငါနင့်ကိုတစ်ခါလေးဘဲခြောက်မိတာတောင် နင်ကငါ့ကိုလက်စားချေဖို့မှတ်ထားတယ်ပေါ့ "


လင်းမိန်က လင်းလန်အား အစ်မကြီးလုရှိသည့်တောင်ကြားလေးထဲသို့ဆွဲခေါ်သွားခဲ့သည် ။ သူမတို့ရောက်သည့်အချိန်တွင် အစ်မကြီးလုက ဝါဂွမ်းအထုပ်ကြီးအားကောက်ရိုးများဖြင့်ဖုံးနေခဲ့သည် ။


" ငါဒါတွေရဖို့အရမ်းအားစိုက်ထုတ်ထားခဲ့ရတာ နောက်တစ်သုတ်ကရဖို့နည်းနည်းကြာလိမ့်မယ် "


လင်းလန်က အရည်အသွေးကောင်းသည့် ဝါဂွမ်းများအားနှင့်ချည်မျှင်လုံးများကိုကြည့်ကာ အရမ်းကျေနပ်နေခဲ့သည် ။


" ကျွန်မကအဆင်ပြေပါတယ် "


သူမက မှောင်ခိုစျေးကွက်မှပေါက်စျေးအတိုင်းပေးချေခဲ့သည် ။ ဝါဂွမ်းတစ်ပေါင်စာအတွက်တစ်ယွမ်ပေါက်စျေးရှိပြီး ဝါစေ့များကပို၍ပင်စျေးပေါပေသည် ။ ဝါစေ့များကိုသူမကိုင်တွယ်ရှာဖွေနိုင်မည်ဟုယုံကြည်သောကြောင့် အများကြီးမဝယ်ယူခဲ့ပေ ။


ကိုယ်တိုင်ဝါစိုက်မည်ဆိုလျှင်လည်း လိုက်နာရမည့်စည်းကမ်းများရှိကာ အကန့်အသတ်နှင့်သာစိုက်ပျိုးရမည်ဖြစ်သည် ။ ဝါဂွမ်းသုံးကတ်တီစာအတွက် လေးယွမ်ပေးချေခဲ့သည် ။


လင်းမိန်က လင်းလန်အားတစ်ယွမ်ပြန်ပေးခဲ့သည် ။


" သုံးယွမ်ဆိုရပါပြီ "


လင်းလန် လက်မခံခဲ့ပေ ။


" အနာဂတ်မှာ အစ်မတို့ကိုအားကိုးရဦးမှာလေ "


အစ်မကြီးလုက အံ့သြလွန်း၍စကားပင်မပြောနိုင်တော့ချေ ။


ဘုရားရေ! လင်းလန်ကတကယ် အရမ်းချမ်းသာတာဘဲ!


ငါတို့လို လူဆင်းရဲလေးတွေကတော့ တစ်ပဲနိဘဲဆိုရင်တောင်မှချွေတာသုံးနေရပေမဲ့ သူမကတော့ယွမ်အနည်းငယ်ကို မျက်တောင်မခတ်ဘဲသုံးပစ်လိုက်တယ်!


xxxxx