Part 109
လင်းလန်၌ သူမ၏ကိုယ်ပိုင်အကြံရှိသည် ။ သူမအနေနှင့် ကြာရှည်စွာလက်တွဲအလုပ်လုပ်လိုလျှင် အကျိုးအမြတ်အားတုံ့ဆိုင်းမနေဘဲ ခွဲဝေပေးရမည်အား သဘောပေါက်သည် ။
သူမတွင်လည်း ပိုက်ဆံရှားပါးမနေသောကြောင့် ရက်ရောလိုက်လျှင် ပစ္စည်းကောင်းများရချိန်၌ သူမကိုသာသတိရကြလိမ့်မည် ။ တချို့အရာများသည် ပိုက်ဆံရှိရုံနှင့်ဝယ်ယူ၍ မရသောကြောင့် အဆက်အသွယ်ကောင်းရှိခြင်းက တစ်ပန်းသာလေသည် ။
လင်းမိန်က ငါးဆယ်ဆင့်သာအပိုယူခဲ့ပြီး လင်းလန်အားပြန်ပေးခဲ့သည် ။
" ဒီလောက်ဘဲယူမယ် "
လင်းမိန်နှင့် အဖွားကြီးလင်းတို့ကသူမအပေါ်ကောင်းကြသောကြောင့် ပြန်ပေးဆပ်ရန်လောစရာမလိုအပ်ချေ ။ အနာဂတ်တွင်ဖြည်းဖြည်းချင်းပြန်ပေးဆပ်ရန် တွေးထားပြီးဖြစ်သည် ။
သူမက လင်းမိန်အား ညစာလိုက်စားရန်ဖိတ်ခေါ်လိုက်သည် ။ သို့သော်လည်း လင်းမိန်၌အချိန်မရှိခဲ့သောကြောင့် လင်းလန်အား သိုးမွှေးထိုးသည့်ပစ္စည်းကိရိယာများနှင့် စတီးအပ်နှစ်ချောင်းလက်ဆောင်ပေးခဲ့သည် ။
" ငါ့မှာလုပ်စရာတွေရှိသေးတယ် အားတဲ့အချိန်ကျမှကလေးတွေဆီလာလည်ရင်းစကားကောင်းကောင်းပြောကြတာပေါ့ "
ထို့နောက်တွင် လင်းမိန်က အစ်မကြီးလုနှင့် ပြန်သွားခဲ့သည် ။
ပစ္စည်းများအား စက်ဘီးပေါ်တွင်နေရာချပြီးနောက် အသားစျေးသို့ဆက်သွားခဲ့သည် ။ သူမတွင်အသားလက်မှတ်မရှိသောကြောင့် ဝက်အဆီ ၊ အရိုးနှင့် အရွတ် များကိုသာဝယ်၍ရနိုင်သည် ။ ကံကောင်း၍ ပိုက်ဆံဖြင့်ရောင်းချမည်သူရှိပါကာ အသားကတ်တီအနည်းငယ်ရရှိနိုင်လိမ့်မည် ။
ကံကောင်းစွာနှင့် အသားအနည်းငယ်အပြင် ဝက်မြှီး၊ အသည်းနှင့် ဝက်ခြေထောက်အားဝယ်ယူရခဲ့သည် ။ သူမအိမ်သို့ပြန်လာသည့်အချိန်တွင် ကလေးများကလည်း အိမ်အလုပ်များလုပ်ပေးထားသည် ။
တဝမ်က ရေနှစ်ခေါက်ထမ်းထားပေးသည် လေးလံပုံရပါသော်လည်း လက်မလျော့ဘဲနိုင်အောင်ထမ်းနေခဲ့သည် ။ အားဝမ်ကဟင်းချက်နေခဲ့ပြီး မိုင်စွေ့က စန်းဝမ်အားမြစ်ထဲမဆင်းရန်ဖြောင်းဖြနေသည် ။
မိုင်စွေ့က ရှောင်ဝမ်ကို ဘဲကျောင်းပြီးပြန်လာလျှင် ဟင်းရွက်များခူးခဲ့ရန်ပါမှာနေသေးသည် ။ ကြက်မများအား ကြက်ခြံထဲ၌သာအစာကျွေးသဖြင့် ပြန်ဖမ်းရန်မလိုပေ ။
လင်းလန်က သူမ၏ကလေးများအိမ်ကိုစီမံခန့်ခွဲနေကြပုံအား အလွန်ပင်ကျေနပ်နေခဲ့သည် ။
သူမအားမြင်သည်နှင့် အမြန်ပြေးလာကြကာ အထုပ်များကူသယ်ပေးကြသည် ။ လင်းလန်က ကလေးများနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။
" သွား...ရေနွေးသွားကျိုချည် မားမားတို့ ဝက်သားစားကြမယ် "
ကလေးများက အရမ်းစိတ်လူပ်ရှားနေကြသောကြောင့် တက်တက်ကြွကြွပင်ကူညီနေကြသည်။ ပထမဆုံးတွင် ဝက်လက်နှင့်ဝက်အမြှီးအား ရေနွေးဆူဆူထဲတွင်ပြုတ်ပြီးနောက် တွင် ချင်းနှင့်ကဿ်သွန်ဖြူတို့ဖြင်နောက်တစ်ကြိမ်ထပ်ပြုတ်ကြသည် ။
အပိုအနေနှင့် ပဲပိစပ်များကိုပါရောထည့်လိုက်သေးသည် ။ ဝက်သားနှင့်ပဲရောနှောထားသော စွပ်ပြုတ်ပုံစံမျိုးဖြစ်ကာ မီးအေးအေးဖြင့်ချက်ပြုတ်ရမည်ဖြစ်သောကြောင့် ညစာအဖြစ်သာစားနိုင်လိမ့်မည် ။
နေ့လည်ခင်း၌ အားဝမ်ချက်ပြုတ်ထားသည်နှင့်စားသောက်ပြီးသည့်နောက်တွင် အလုပ်သွားရန်ပြင်ဆင်လိုက်သည် ။
" သားတို့အိမ်ပြန်ရောက်လို့ဗိုက်ဆာရင် တစ်ယောက်ကိုပန်းကန်လုံးကြီးတစ်ပန်းကန်စီစားထားနှင့်ကြချည် "
….................
ခရိုင်ရဲစခန်းမှ အချုပ်ခန်းတစ်ခုထဲတွင်တော့ ဟန်ချင်ဟွက လူတစ်ယောက်နှင့်စကားပြောနေခဲ့သည် ။
" အစ်ကို ကျွန်တော်ကိုကယ်မှဖြစ်မှာနော် "
ကျောက်ကျန်းကောက အရှက်ရသည့်ပုံစံဖြင့်ပြောလိုက်သည် ။
" ကျင်းပေါင်... အစ်ကိုကြီးက မင်းကိုမကယ်ချင်တာမဟုတ်ပါဘူး...အဲ့ဒီလိုတရားမဝင်စာအုပ်တွေကို မဖတ်ဖို့မင်းကိုငါပြောသားဘဲ....ကြည့်စမ်းပါဦး...မင်းဘယ်နှစ်ခါများနားထောင်ခဲ့လို့လဲ ".
အခုမှဒါတွေလာပြောလို့ရော ဘာထူးမှာလဲ အစ်ကိုလည်းအမြဲတမ်းခိုးဖတ်နေကြပဲကို...
ဟန်ချင်ဟွက အတွေးထဲ၌ပြောဆိုလုပ်နေပါသော်လည်း ထုတ်မပြောရဲ့ချေ ။ သို့သော်လည်း အသွေးအသားထဲကပင် လင်းလန်နှင့်တဝမ်အားမုန်းတီးနေခဲ့သည် ။
ကျောက်ကျန်းကောက တဝမ်တိုင်ချက်ဖွင့်ခဲ့ကြောင်းသိပြီးဖြစ်သည် ။ တဝမ်က ကလေးသာဖြစ်သောကြောင့် ထိုကဲ့သို့အကြံမျိုးစဥ်းစားမိမည်မဟုတ်ချေ ။
ထို့ကြောင့် နောက်ကွယ်ကကြိုးကိုင်သူမှာ လင်းလန်ဖြစ်ကြောင်းတစ်ထစ်ချယုံကြည်နေခဲ့သည် ။
တဝမ် လို ငတုံးလေးက ဘယ်လိုလုပ်ပြီးဒီလိုတွေးတတ်မှာလဲ....
ကျောက်ကျန်းကော က ပြောလိုက်သည် ။
" ငါ့ဦးလေးက ဂရုစိုက်မှာမဟုတ်ဘူး သူကစက်ရုံကိုကိုင်တွယ်နိုင်ပြီးသား "
" ဒါဆိုအစ်ကိုရဲ့ ဦးလေးက အရာရှိတွေတော်တော်များများနဲ့ သိမှာပေါ့နော်...... ကျွန်တော့်ကို ကူညီပါဦး "
ဟန်ချင်ဟွက အမှန်တကယ်ပင်သည်းမခံနိုင်တော့ချေ။ အခန်းကျဥ်းထဲ၌ ပိတ်လှောင်ခံထားရသည့်အပြင် လူများ၏အော်ဟစ်ငိုကြွေးနေသည့်အသံများအား ကြားနေရခြင်းက သူ့အားစိတ်မသက်မသာဖြစ်စေသည် ။
သူအပြင်ထွက်၍ရသည်နှင့် လင်းလန်အားလုံးဝအလွတ်ပေးမည်မဟုတ်ချေ ။
ကျောက်ကျန်းကော က သက်ပြင်းချကာပြောလိုက်သည် ။
" ငါကူညီပေးချင်ပါတယ် ဒါပေမဲ့ အရာရှိတွေကိုထမင်းဖိတ်ကျွေးဖို့ဘယ်လောက်ကုန်မလဲမသိသေးဘူးလေ ဒီကိစ္စသာမဖြစ်ခဲ့ရင် ငါယွမ်ငါးရာလောက် အနည်းဆုံးရမှာ "
" ယွမ်ငါးရာတောင် "
ဟန်ချင်ဟွက မျက်ခုံးပင့်ကာပြောလိုက်သည် ။
" ကျွန်တော် ဘယ်နေရာကနေရနိုင်မလဲသိတယ်...ယွမ်ငါးရာမပြောနဲ့ ယွမ်တစ်ထောင်ဆိုရင်တောင်အကြောင်းအဟုတ်ဘူး "
ကျောက်ကျန်းကော အလွန်စိတ်ဝင်စားသွားခဲ့သည် ။
" ဘယ်နေရာလဲ...မြန်မြန်ပြော..."
ဟန်ချင်ဟွက ပတ်ဝန်ကျင်၌လူရှိမရှိကြည့်နေသောကြောင့် ကျောက်ကျန်းကောက ပြုံးပြီးပြောလိုက်သည် ။
" စိတ်မပူပါနဲ့ ဒီနားမှာငါတို့ကလွဲပြီး ဘယ်သူမှမရှိပါဘူး "
သူကယာယီထိန်းသိမ်းခံထားရတာဖြစ်ပြီး အကျဥ်းသားမဟုတ်သေးသော်လည်း မလွှတ်မြောက်နိုင်မည်အားသိလေသည် ။ ဟန်ချင်ဟွ ကခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျောက်ကျန်းကောအား တိုးတိုးလေးကပ်ပြောလိုက်သည် ။
" အဲ့ဒီပိုက်ဆံတွေက အစ်ကို ယူရဲလားမယူရဲဘူးလား အပေါ်မှာဘဲမူတည်တယ် "
" ကျင်းပေါင် မင်းအစ်ကို့ကို ဒုက္ခရောက်အောင်တော့မလုပ်ဘူးမလား "
ကျောက်ကျန်းကောက ဟန်ကျင်းပေါင်အား မယုံကြည်ခဲ့ပေ ။ ဟန်ချင်ဟွ အံကြိတ်ကာပြောလိုက်သည် ။
" ဒီဘက်ပိုတိုးဦး ကျွန်တော်မြန်မြန်ပြောပြမယ် "
ကျောက်ကျန်းကောက အနည်းငယ်အူကြောင်ကြောင်နိုင်သည်ဟု တွေးမိသော်လည်းပူးပေါင်းပေးဆဲပင်ဖြစ်သည် ။ ဟန်ကျင်းပေါင်၏ ပုံမှန်မဟုတ်သည့်အပြုအမူများက သူ့အတွက်ထူးဆန်းမနေချေ ။
ဟန်ကျင်းပေါင် ပြောပြီးသည့်နောက်တွင် ကျောက်ကျန်းကော အရမ်းအံ့သြ သွားခဲ့သည် ။
" ကျင်းပေါင် မင်းကတကယ်အစ်ကို့ကို အဲ့ဒီလိုလုပ်စေချင်တာလား... "
ဟန်ချင်ဟွက ခါးသက်သက်ခံစားနေရပြီးပြောလိုက်သည် ။
" အစကတည်းက ကျွန်တော့်ပိုက်ဆံတွေဘဲဟာကို အဲ့မိန်းမသုံးပစ်မှာထက် အစ်ကိုယူသွားတာကမှပိုကောင်းသေးတယ် "
ကျောက်ကျန်းကောက ခဏမျှစဥ်းစားကာပြောလိုက်သည် ။
" ငါတို့သေသေချာချာစီစဥ်ရမယ် တစ်ယောက်ယောက်သိလို့မဖြစ်ဘူး "
အကယ်၍ ပေါ်တင်ယူမရခဲ့လျှင် သေသေချာချာစီစဥ်ကာခိုးယူရမည်ဖြစ်သည် ။ အတွင်းလူတစ်ယောက်အား စီစဥ်၍ခြေလှမ်းတိုင်းသတိထားဆောင်ရွက်ရမည်ဖြစ်သည် ။
ယွမ်ထောင့်ငါးရာ ဆိုတာနည်းနည်းနောနောပမာဏမဟုတ်ချေ ။ ကျောက်ကျန်းကော ကပြောစရာမလိုလောက်အောင် အလွန် အလွန်....အလွန် တက်ကြွနေတော့သည် ။
xxxxxx
Part 110
မျက်စိတစ်မှိတ်အတွင်းမှာပင် သီးနှံရိတ်သိမ်းချိန်သို့ရောက်ရှိလာခဲ့သည် ။ ပဲအမျိုးမျိုးနှင့် ရာသီပေါ်သီးနှံအချို့အား ခူးဆွတ်ချိန်တန်ပြီ ဖြစ်၍မည်သူမျှအလုပ်ပျက်ကွက်ခွင့်မရှိတော့ပေ ။
ကလေးများက လည်းလယ်ကွင်းထဲတွင်ဝိုင်းဝန်ကူညီပေးကြသည် ။
စန်းဝမ်၏နဖူး၌ အမာရွတ်ကြီးဖြစ်နေသော်လည်း သူဂရုမစိုက်ပေ ။ အားလုံးအလုပ်ရူပ်နေကြသောကြောင့် လင်းလန်တွင်လည်း စျေးသွားရန်အချိန်မရှိတော့ချေ ။
အလုပ်တွင်သူမ တတ်နိုင်သမျှအကောင်းဆုံး
ကြိုးစားခဲ့သည် ။ ဆောင်းဝင်ပြီဖြစ်၍ အေးလာပြီဖြစ်သောကြောင့် အအေးမိရန်လွယ်ကူသဖြင့်နွေးနွေးထွေးထွေးနေထိုင်ရန်အရေးကြီးသည် ။ ထို့အတူ မကြာခင်အချိန်အတွင်းမှာပင် ပြဿနာတစ်ရပ် ဖြစ်ပွားရန်အစပျိုးနေပြီဖြစ်သည် ။
သူမ ပင်ပန်းလွန်း၍ အမြင်မှားသည်ဟုတွေးနေမိသော်လည်း ညဘက်များ၌လူပ်ရှားမူတစ်ခုရှိနေခဲ့ကာ ထူးဆန်းနေသည် ။ သူမသွားရောက် စစ်ဆေးသည့်အခါ ဘာမျှမတွေ့ရသောကြောင့် ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ လျှစ်လျူရူထားလိုက်သည် ။
သူမ၏ခန္ဒာကိုယ်က အလုပ်ကြမ်းများလုပ်ရန် နုနယ်လွန်းသော်လည်း အံကြိတ်တောင့်ခံထားကာမညည်းညူခဲ့ပေ ။ ဆောင်းရာသီရိက္ခာခွဲဝေပြီးသည့်အခါ စာသင်နှစ်အသစ်စသည်နှင့် ကလေးများအားကျောင်းထားရန် တွေးထားသည် ။
တဝမ်က ငြင်းဆန်မည်ဆိုလျှင် ဆုံးမရန် ဟန်ချင်စုန့်လက်ထဲအပ်ထားလိုက်ကာ ကျန်သောကလေးများကို သူမဂရုတစိုက် ထိန်းကျောင်း၍ရသည် ။ နေ့လည်ခင်း၌ ယခင်ကဲ့သို့အနားမယူကြတော့ကာ အမျိုးသမီးများနှင့်ကလေးများက လယ်ကွင်းထဲသို့အစားအသောက်များလိုက်ပို့ကြသည် ။
မိုင်စွေ့၏ အကူအညီဖြင့်အားဝမ်သည် ကောင်းကောင်းမွန်မွန်ချက်ပြုတ်တတ်ပြီဖြစ်သောကြောင့် လင်းလန်စိတ်ပူရန်မလိုအပ်တော့ချေ ။ လယ်ကွင်းထဲတွင် အလုပ်လုပ်သည့် တဝမ်၏ရမှတ်များမှာ အမျိုးသမီးတစ်ယောက်၏တစ်နေ့ရမှတ်နှင့်ညီမျှသည် ။
ဆောင်းဦးရိတ်သိမ်းချိန်အတွင်း တစ်နေ့လျှင် ရှစ်မှတ်ရရှိကာ အမျိုးသားကြီးတစ်ဦး၏အများဆုံးအမှတ်ပင်လျှင် ဆယ်မှတ်သာရှိသည် ။
နေ့လည်စာစားချိန်တွင် စန်းဝမ်က ပြောင်းဖူးပန်ကိတ်တချို့ယူလာပေးခဲ့သော်လည်း အရသာမကောင်း၍ လင်းလန်မစားခဲ့ပေ ။ ထို့ကြောင့်အလုပ်ပြန်စလုပ်ပြီး မကြာမှီမှာပင် မူးဝေလာခဲ့ကာ မတ်မတ်ပင်မရပ်နိုင်တော့ချေ ။
သူမ၏လက်များသည်လည်းတုန်ယင်နေကာ အလုပ်ဆက်လုပ်နိုင်တော့မည့်ပုံမပေါ်တော့ပေ ။ တုန်ဟျွိုင်ဟွက လင်းလန်အဆင်မပြေသည့်အားတွေ့၍ မေးခဲ့သည် ။
" ချင်စုန့်ရဲ့ဇနီးလေး နေမကောင်းဘူးလား..."
လင်းလန်က သူများအလုပ်ကြိုးစားနေချိန်တွင် အချောင်မခိုချင်သောကြောင့်ပြုံးကာပြောလိုက်သည် ။
" ရပါတယ် အစ်မရယ် ခေါင်းလေးမူးရုံတင်ပါ "
တုန်ဟျွိုင်ဟွက လင်းလန်အား ပြန်နားစေချင်ခဲ့သည် ။ လင်းလန်က အလုပ်ရမှတ်များအားလက်မလွှတ်နိုင်ပေ ။ အကယ်၍ အိမ်ပြန်သွားမည်ဆိုလျှင် နေ့တစ်ဝက်စာအလုပ်မှတ်များအား လက်လွှတ်လိုက်ရမည်ဖြစ်သောကြောင့် အချိန်စေ့သည်အထိတောင့်ခံထားချင်နေသည် ။
ထိုအချိန်တွင် တဝမ်က သူမနားသို့လာကာ ကတ်ကြေးကိုဆွဲယူရင်းပြောလိုက်သည် ။
" သား မားမားအတွက်လုပ်ပေးထားမယ် အိမ်ပြန်ပြီးနားလိုက် "
အနီးအနားရှိသူများက နားမလည်နိုင်ခဲ့ချေ ။ သူမက ဟန်အိမ်မှ သာသာယာယာပိုက်ဆံထိုင်သိမ်းလို့ရနေတာတောင် ဘာလို့နေပူထဲအလုပ်လာလုပ်နေရတာလဲ...
တဝမ်က သူမအားစိတ်ပူပေးသောကြောင့် လင်းလန်အရမ်းပျော်သွားခဲ့သည် ။
" မားမားရဲ့ အသည်းတုံ လေး နောက်ဆုံးတော့ မင်းမားမားအပေါ် သိတတ်လာပြီပေါ့........."
လင်းလန် စကားမဆုံးသေးခင်မှာပင် တဝမ်ကလယ်ကွင်းတစ်ဖက်သို့ ထွက်ပြေးသွားတော့သည် ။ လူကြားထဲ၌ သူမ၏အသည်းယားစရာ တီတီတာတာ နာမည်ပေါင်းစုံအခေါ်မခံနိုင်ချေ ။
လင်းလန်က စိတ်ကျေနပ်စွာပြုံးလိုက်ပြီး ကလေးများလာပို့သည့် ရေအားမော့သောက်လိုက်သည် ။ ရေတွင်းထဲမှရေသည် အေးမြနေကာ သူမ၏ပါးစပ်ထဲသို့ ချိမြိန်သည့်သကြားလုံးတစ်လုံးဝင်လာသည်အားခံစားမိသည် ။
လင်းလန်က ကုန်စည်လက်မှတ်တချို့ဖြင့် သကြားညိုနှင့် သကြားလုံးအချို့ကိုဝယ်ယူခဲ့ကာ ကလေးများအား တစ်နေ့နှစ်လုံးစီကျွေးလေ့ရှိသည် ။ သွားရေစာအနေနှင့်စားသောက်နိုင်သော်လည်း ရှောင်ဝမ် ကငယ်သေး၍သွားပိုးစားမည်စိုးသောကြောင့် တစ်လုံးသာစားရသည် ။
သူမအိမ်ပြန်ရောက်သည့်အချိန်တွင် ကလေးများမရှိကြပေ ။ ရိတ်သိမ်းချိန်အတွင်း ရွာထဲမှကလေးများက လယ်ကွင်းထဲ၌လုပ်အားပေးကာ အမှတ်များစုဆောင်း၍ မိသားစုအတွက် အထောက်အကူပေးကြသည် ။
ထို့ကြောင့် ကလေးများအလုပ်ထဲရောက်နေကြသည်က မထူးဆန်းတော့ပေ ။ ပန်ကိတ်အနည်းငယ်စားပြီးနောက်တွင် လင်းလန် နေရထိုင်ရသက်သာလာပြီဖြစ်သည် ။ သူမကနားမနေချင်သေးသည့်အတွက် ဝါဂွမ်းများအား သန့်ရှင်းရန်တွေးမိသွားသည် ။
အရမ်းမအေးလာခင် အချိန်မှီချုပ်လုပ်ပြီးစီးရန် မျှော်လင့်သည် ။ ဝါဂွမ်းထုပ်အားယူသည့်အခါတွင်နေရာလွဲနေသည်အား သတိထားမိသွားသည် ။ အိမ်သေးသေးလေးထဲ၌ မည်သည့်နေရာတွင်မည်သည့်ပစ္စည်းထားကြောင်း တိတိကျကျအလွတ်မှတ်မိသည် ။
ဒီအထုပ်ကဘာလို့ နေရာရွေ့နေရတာလဲ...
တစ်ခုခုတော့မှားနေပြီ!
လင်းလန်က သတိကြီးသည့်သူမျိုးဖြစ်သည် ။ တစ်ခုခုထူးဆန်းနေပြီဟု သူမတွေးမိသည်နှင့် ချက်ချင်းစစ်ဆေးလိုက်ရမှကျေနပ်လိမ့်မည် ။ အမှန်တကယ်ပင် ပစ္စည်းအချို့မှာနေရာရွေ့နေခဲ့သည် ။
အိမ်ထဲရှိ ပစ္စည်းအများစုမှာနေရာရွေ့၍ ရှာဖွေခံထားရပုံပေါ်သည် ။ သူမထိတ်လန့်သွားက ပိုက်ဆံများအား ချက်ချင်းသွားစစ်ဆေးတော့သည် ။ ကံကောင်းစွာနှင့် သူမဖွက်ထားသည့်နေရာမှာအလွယ်တကူရှာမတွေ့နိုင်သောကြောင့် ပိုက်ဆံတစ်ပြားမှ လျော့မသွားခဲ့ပေ ။
အသေအချာတွေးတောပြီးသည့်နောက်တွင် ပိုက်ဆံများအား ရှောင်ဝမ်၏ခေါင်းအုံးထဲသို့ ထိုး
ထည့်ကာဖွက်လိုက်သည် ။ သူမခွေးတစ်ကောင်အမြန်မွေးသင့်ပြီဟုထင်သည် ။
အိမ်၌ခွေးတစ်ကောင်ရှိခဲ့မည်ဆိုလျှင် ယခုလိုဖြစ်လာစရာအကြောင်းမရှိပေ ။ သူမကတစ်အိမ်လုံးပတ်ကာ စစ်ကြည့်ရာတွင်ပျောက်ဆုံးသည့်ပစ္စည်းမရှိသေးချေ ။
သူမက အိမ်ပြင်သို့ထွက်ကာ လမ်းအပေါ်တွင်ဆော့ကစားနေကြသည့်ကလေးများအားမေးလိုက်သည် ။
" ရွာထဲကိုလူစိမ်းတွေဝင်လာတာတွေ့မိကြသေးလား..."
ထိုကလေးများသည် ငါးနှစ်ခြောက်နှစ်အရွယ်သာရှိသေးသောကြောင့် အလုပ်မလုပ်ရသေးကာ လမ်းမပေါ်၌ဆော့ကစားနေတတ်ကြသည် ။ အကယ်၍ မရင်းနှီးသည့်သူစိမ်းတစ်ယောက် ရွာထဲရောက်နေသည်ဆိုပါက အလွယ်တကူပင်သိနိုင်သည် ။
ကလေးများက ခေါင်းခါကာပြန်ဖြေလိုက်သည် ။
" မသိဘူးလေ ဒါပေမဲ့ ပန်ကန်းလုံးတွေနဲ့ဓားတွေလာရောင်းတဲ့ ဦးလေးကြီးနှစ်ယောက်တော့ရှိတယ် "
ထို့နောက် ကလေးများကပျော်ရွှင်စွာ ဆက်လက်ဆော့ကစားနေခဲ့ကြသည် ။ ကလေးများ၏ပြောစကားအရထိုလူနှစ်ယောက်သည် ရွာနှင့်လုံးဝစိမ်းသက်မနေချေ ။
တစ်စုံတစ်ယောက်၏အိမ်အား ခိုးဝင်ရန်အခက်အခဲမရှိလောက်ပေ ။ ထို့ကြောင့် တရားခံအပြင်ကြံရာပါလည်းရှိလောက်မည်ဖြစ်ကာ ရွာခံထဲမှဖြစ်ဖို့များသည် ။
xxxxxx