အပိုင်း ၁၁၅-၁၁၆
Viewers 21k

Part 115


လင်းလန်တို့အိမ်သည် ကျဥ်းသည့်အတွက် ဆန်နှင့် ကောက်ပဲသီးနှံများထားသိုစရာ နေရာလွတ်မရှိချေ။ ကြောင်အိမ်ထဲ၌သာ စုထည့်ထားရသည်။ ထို့အပြင် သူမသည် ဆန်စေ့များ၏စိုထိုင်းစနှင့် တုံ့ပြန်ပုံကို သေချာစောင့်ကြည့်၍ မပုပ်သွားစေရန် ဂရုစိုက်စစ်ဆေးရသည်။ 


မိုးရွာနေသည့်အတွက် အလုပ်သွားလုပ်ရန်မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် လူတိုင်းအိမ်မှာနေ၍ ဆန်စပါးခြွေလှေ့ကြသည်။ 


ဤအရပ်ဒေသ၍ ဆန်ကို လက်ဖြင့်ခြွေလှေ့ကြသည်။ တူရွင်း၏ဓားသွားအဖျားပိုင်းကိုကန်ပေါ်မျက်နှာမူပြီး ကောက်ဖျာကို မတင်လိုက်သည်။ 


ထိုနည်းအတိုင်း စပါးကို လက်ဖြင့် ဖိချေပြီး ဒလိမ့်နှင့်ပြန်ကြိတ်ကြသည်။ 


စပါးခြွေပြီးနောက် ဆန်ကိုချက်ကာ စားလို့ရပြီဖြစ်သော်လည်း လူအများစုမှာ ဆန်၏မူလပုံစံအတိုင်းစားရန် ဝန်လေးကြသည်။ ပုံမှန်ဆိုလျှင် ၎င်းတို့ကို အမှုန့်ဖြစ်သည်အထိထုကြိတ်ပြီး ဆန်ပြုတ်သို့မဟုတ် ပြောင်းဖူးပေါင်မုန့် ပြုလုပ်ရန် သိမ်းဆည်းထားကြလေ့ရှိသည်။ ထမင်းကဲ့သို့ အဖိုးတန်ကုန်စည်ကို မည်သူကမှ သူတို့ဘာသာသူတို့ ချက်မစားရဲကြပေ။ ထို့ကြောင့် ပဲခေါက်ဆွဲ, ကန်စွန်းဥခေါက်ဆွဲတို့နှင့် မကြာခဏရောစပ်စားသုံးလေ့ရှိပေသည်။ 


လင်းလန်သည် ကလေးများကို အားပေးလိုက်သည်။ 


" ခြွေလို့ပြီးပြီ... နောက်ကျ မားမား မင်းတို့ကို ခေါက်ဆွဲဖြူ ချက်ကျွေးမယ်... "


ကလေးများသည် အားအင်ပြည့်နှက်နေကြသေးသဖြင့် ရေဒီယိုနားထောင်ရန် အခန်းထဲဝင်သွားကြသည်။ 


အားဝမ်သည် အသံကို ရှင်းရှင်းလင်းလင်းမကြားရသဖြင့် လျှပ်စစ်မီးဖြုန်းတီးသည်ဟု တွေးမိကာ ရေဒီယိုပိတ်လိုက်သည်။ 


ရှောင်ဝမ်က ခွေးလေးကို အိမ်ထဲခေါ်လာသည်။ 


" ဝမ်ဝမ်, မင်းဒီမှာလှဲချင်တယ်ဆိုရင် သေးပေါက်ချင်တဲ့အခါ အောက်ဆင်းဖို့ သတိရနော်... "


မိုင်စွေ့ : " နင်ဘာလို့ ခွေးနာမည်ကို ‌ဝမ်ဝမ်လို့မှည့်တာလဲ... သူ့ကို ငါတို့ရဲ့ မောင်လေးတို့, ဘာတို့ ဖြစ်ခိုင်းစေချင်လို့လား..."


ရှောင်ဝမ် တင်းသွားသည်။ 


" ဝမ်ဝမ်က အမလေး, အထီးမဟုတ်ဘူး... "


တဝမ်က စပါးများကို ခြွေလှေ့နေရင်း သူ့မျက်ခုံးများ တိတ်တဆိတ် ပင့်တင်သွားသော်လည်း မည်သည့်စကားမှ မဆိုခဲ့ချေ။ 


လင်းလန်တစ်ယောက် တဝမ်က အိမ်မှာနေ၍ သူမအားအိမ်အလုပ်များကူလုပ်ပေးနေသည့်အတွက် အလွန်ကျေနပ်နေသည်။ ထိုကလေး၏လက်ရာမှာ သူမထက် ပိုမိုကျွမ်းကျင်သွက်လက်သည်။ 


တဝမ်သည် လွန်စွာတိတ်ဆိတ်ကာ ပြောဆိုရခက်သောစရိုက်ရှိသော်လည်း သူသည် ကလေးအရွယ်သာရှိသေးသည်။ ထို့အပြင် သူသည် သူ့အဖေကဲ့သို့ တုံ့ပြန်ချက်မရှိသောအေးစက်စက်မျက်နှာအမူအရာကို အမြဲတပ်ဆင်ထားသည်။ ၎င်းသည် သူ့ပတ်ဝန်းကျင်ရှိလူများကို ခြိမ်းခြောက်ဟန့်တားနေသည့် မျက်နှာအမူအရာနှင့် တစ်ပုံစံတည်းပေ။


သူ ဇာတ်ညွှန်းကို မှားဖတ်မိလာတာလား_ အထက်စီးဆန်တဲ့စီအီးအိုမဟုတ်ဘဲ ကျေးလက်ဒေသက ကောင်လေးတစ်ယောက်ဖြစ်ရမှာလေ...


ဆောင်းဦးကာလသည် နေ့တာတိုသည်။ သို့သော်  မိုးရွာသွန်းမှုနှင့် ထူထဲသောတိမ်ထုက ရာသီဥတုကို မှိုင်းပျပျဖြစ်စေသည်။ 


လင်းလန်သည် မိုင်စွေ့ကို မီးအိမ်ထွန်းရန် စေခိုင်းလိုက်သည်။ 


အားဝမ် : " အခုချိန်က နည်းနည်းစောသေးတယ်... ခဏနေမှ မီးထွန်းရအောင်..."


မိုင်စွေ့က သူ့ကိုရယ်သည်။ 

"နင်တစ်ယောက်ပဲ ခြွေတာတတ်သူကြီးပေါ့..."


အားဝမ်သည် အကြီးဆုံးမရီးနှင့် အတော်လေး ဆင်တူသည်_ ဟင်းချက်သည့်အခါတွင် ဆီအများကြီးမသုံး‌ရဲသလို ပိုလျှံနေမည့်စားကြွင်းစားကျန်များကိုလည်း စိတ်ပူတတ်သည်။ အဘယ်ကြောင့်ဆို သူတို့၏သက်တောင့်သက်သာဘဝလေး ပျောက်ဆုံးသွားမည် စိုးရိမ်၍သာ။ အမှန်မှာ အားဝမ်က အကြီးဆုံးမရီးထက်ပင် စိုးရိမ်အားကြီးနေတတ်သည်။ 


" ငါတို့ရဲ့ဘဝကို ပိုပြီးဂရုတစိုက်မနေသင့်ဘူးလား... မဟုတ်ရင် နောင်တစ်ချိန် နောင်တရနေလိမ့်မယ်... အဲ့အချိန်ကျမှ ခြွေတာချင်ရင် နောက်ကျသွားပြီ... "


မူလဇာတ်ကြောင်းအတိုင်းဆိုရင် အားဝမ်က ပိုက်ဆံကိုစိတ်ကြိုက်သုံးပြီး ဘဝကိုဇိမ်ကျကျနေတတ်တဲ့ လူလည်တစ်ယောက်ဖြစ်ရမှာလေ... သူဒီလောက်ကပ်စေးကုပ်တတ်အောင် ငါဘယ်လိုပျိုးထောင်မိခဲ့တာလဲ...


ဒါမှမဟုတ် ငါပဲ အတွေးလွန်နေတာလား...


" ဘာမှမဖြစ်ဘူး, အားဝမ်... လူတစ်ယောက်ပဲရှိလို့မီးထွန်းမယ်ဆိုရင်တော့ ဖြုန်းတီးရာရောက်တာပေါ့... ဒါပေမဲ့ မားမားတို့မိသားစုက လူများတယ်လေ... အဲ့တာကြောင့်မီးထွန်းတာက ဘာပြဿနာမှမရှိဘူး..."


အားဝမ်သည် လင်းလန်၏စကားများကြောင့် သူ့အိတ်ထောင်ထဲမှ မီးခြစ်ကို မိုင်စွေ့ထံ အင်တင်တင်ပေးလိုက်သည်။ အားဝမ်သည် သူဖမ်းမိသည့်ငါး, ပုရစ် စသည်တို့ကို ‌ကြော်သည်ဖြစ်စေ, ကင်သည်ဖြစ်စေ စားတတ်လေ့ရှိသဖြင့် အိမ်တွင်ထားသော မီးခြစ်ဆံကို သူအပြင်ထွက်တိုင်း ယူသွားလေ့ရှိသည်။ 


ညစာစားချိန်လည်း နီးကပ်လာချေပြီ။ သူတို့သည် အဖွားကြီးဟန်ကျွေးသော မစို့မပို့အစားအသောက်များကိုလည်း စားစရာမလိုတော့ချေ။ လင်းလန်သည် သူမ၏ကလေးများကို သူတို့စိတ်ကျေနပ်သည်အထိ စိတ်ကြိုက်စားသောက်စေသည်သာမက ကလေးများ၏ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရရှိသော အစားအသောက်များပါ စားစေသည်။ 


ကျန်းချိုက်ဟန် သူမတို့ကို ပေးထားသော ရွှေဖရုံသီးအကြီးကြီးတစ်ခုရှိသည်။ အစိမ်းရင့်ရောင်တောက်တောက်နှင့် ပတ်လုံးရှည်ပြီးထုထည်ထူသော ရွှေဖရုံသီးကြီးမှာ အလေးချိန်၁၀ပေါင်အပြည့်ရှိသည်။ 


လင်းလန်သည် ထိုရွှေဖရုံသီးကို ခပ်ပါးပါးလှီးနေရင်း အားဝမ်ကို ရေနွေးတည်ခိုင်းလိုက်သည်။ ထို့နောက် ပါးပါးလှီးထားသော ရွှေဖရုံချောင်းများကို ဂျုံထဲထည့်၍ ရေအနည်းငယ်ထည့်ကာ ရောမွှေလိုက်သည်။ ပြီးနောက် ဒယ်အိုးကို အပူပေးကာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီလက်တစ်ဆုပ်စာထည့်၍ ဆီသတ်သည်။ အနံအနည်းငယ်ကြိုင်လာတော့မှ ဂျုံနယ်ထားသော ရွှေဖရုံချောင်းများထည့်လိုက်ပြီး ရေအနည်းငယ်ထည့်ကာကြော်လိုက်သည်။ ရေဆူပြီးသည့်နောက် ရွှေဖရုံချောင်းများကို အိုးထဲသို့စစ်ထည့်လိုက်ပြီး ပန်ကိတ်ကို မီးခံပြားပေါ်တင်ကာ အပူပေးလိုက်သည်။ 


ခြံထွက်ဟင်းသီးဟင်းရွက်များနှင့် ဖမ်းထားသော ပုစွန်ဆိတ်တို့ဖြင့် စားပွဲဝိုင်းမှာ အရောင်စုံလှသည်။ ထိုဟင်းလျာတို့ဖြင့် ကလေးများမှာ မြိန်ရေယှက်ရေစားသောက်ကြပေသည်။ 


ညစာစားပြီးသောအခါ အလုပ်အနည်းငယ်လုပ်ပြီးနောက် ရေဒီယိုကြေညာသူမှ ၉နာရီထိုးပြီဟူသော သတိပေးသံထွက်လာသည်။ ထို့ကြောင့် လင်းလန်လည်း ကလေးများကို ဆေးကြောသန့်စင်ခိုင်းကာ အိပ်ရာဝင်စေတော့သည်။ 


အပြင်ဘက်၌ မိုးရွာနေဆဲဖြစ်သဖြင့် သာမန်ထက်ပိုမိုမှောင်မိုက်နေကာ တစ်ယောက်၏လက်ချောင်းတစ်ယောက်ပင် မမြင်ရချေ။ ပုံမှန်ဆိုလျှင် ထိုအချိန်၌ ရွာထဲရှိကလေးများသည် မအိပ်ကြသေးဘဲ ရွာရိုးကိုးပေါက်လျှောက်သွားနေကြသောကြောင့် မိဘများ၏ဆူပူကြိမ်းမောင်းသံများ ကြားရဆဲဖြစ်သော်လည်း ယခုအချိန်မှာ စွန့်စားသွားလာဖို့ပင် မှောင်မိုက်လွန်းသဖြင့် သူတို့တွေလည်းစောစောအိပ်ရာဝင်ကြတော့သည်။ ထို့အပြင် အစားအသောက်ခွဲဝေပေးမှုနှင့် ရွာကင်းလှည့်ရေးကိုတော့ ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိသည်။ 


စောင့်ကြည့်ရန် ဆန်စပါးများမရှိသည့်အတွက် ကင်းလှည့်တပ်ဖွဲ့ဝင်များကို အနီးပတ်ဝန်းကျင်လယ်ကွင်းများရှိ စပါး, မြေပဲနှင့် ကန်စွန်းဥများကို စောင့်ကြည့်ရန် စေလွှတ်ခဲ့ရသည်။ ထို့ကြောင့် ရွာတွင် ကင်းလှည့်အစောင့်များ မရှိဟု ယူဆ၍ရပေသည်။


...


အမှောင်ထုကြားထဲမှ မသဲမကွဲပုံရိပ်အနည်းငယ် ရွာထဲသို့ခိုးဝင်လာကြသည်။ 


" လျှို ချွန်းဟယ်, မင်းလေ့လာပြီးတာ သေချာပါတယ်နော်... "


" စိတ်မပူပါနဲ့, အစ်ကိုကြီးကျောက်... သူတို့မိသားစုကတံတားနားမှာ နေတာလို့ ကျွန်တော်အမြဲပြောပါတယ်... အဲ့နေရာက တကယ်တိတ်ဆိတ်ပါတယ်ဆို... "


xxxxxx

Part 116


တပ်မဟာနှင့် တခြားထုတ်လုပ်ရေးအဖွဲ့များသည် ရွာ၏တောင်ဘက်ပိုင်း၌ တစ်စုတစ်စည်းတည်ရှိကြသည်။ ဧရိယာအကျယ်အဝန်းမှာ မသေးငယ်သော်လည်း ဟိုနား, ဒီနား ကျိုးတို့ကျဲတဲရှိသောကုန်လှောင်ရုံများမှလွဲ၍ လူများမရှိချေ။ ထိုပတ်ဝန်းကျင်သည် ညအိပ်ချိန်ရောက်သောအခါ ပို၍တိတ်ဆိတ်သွားသည်။ 


သို့သော် လျှိုချွန်းဟယ်သည် လင်းလန်က ငွေများကို ဗဟိုဘဏ်၌အပ်ထားမည်အား ပိုစိုးရိမ်နေသည်။ ဒီမိန်းမက ဘုံအဖွဲ့ဆီအပ်ထားတာသေချာတယ်; မဟုတ်ရင် တစ်အိမ်လုံးကို အကြိမ်ပေါင်းများစွာရှာပြီးတာတောင် ဘာလို့ ဘာမှမတွေ့ရတာလဲ...


မိုးရွာသောကြောင့် ရွာထဲရှိခွေးများလည်း ချောင်ထဲတွင် ပုန်း၍ ပျင်းပျင်းရိရိခွေအိပ်နေကြသည်။ ထို့အပြင် လျှိုချွန်းဟယ်သည် ရွာသားတစ်ဦးဖြစ်သဖြင့် သူ့ခြေလှမ်းများက ရွှံ့ဗွက်လမ်းနှင့် အကျွမ်းတဝင်ရှိရာ ခွေးများကလည်း အလုပ်ရှုပ်ခံမဟောင်ကြတော့ချေ။ 


ထို့ကြောင့်လည်း လူများသည် တစ်ခုခုခိုးယူမည့်အခါတိုင်း အတွင်းလူနှင့် ပူးပေါင်းကြခြင်းဖြစ်သည်။ ရွာနှင့်မစိမ်းသောလူဖြစ်သည့်အတွက် ခွေးများကလည်း ထူးဆန်းသည်ဟု မထင်တော့။ ထို့ကြောင့် ၎င်းတို့လည်း လက်လွတ်စပယ် အားအကုန်ခံမဟောင်တော့ခြင်းဖြစ်သည်။ 


ညနက်သန်းခေါင်၌ သူစိမ်းတစ်ယောက်ယောက် ရွာထဲသို့ ဝင်လာခဲ့သည်ရှိသော် ခွေများသည် ထဟောင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆို သူစိမ်းတစ်ဦး၏ခြေသံသည် သူတို့နှင့် အကျွမ်းတဝင်မရှိသည့်အတွက်ကြောင့်ဖြစ်သည်။ 


သူတို့သည် ရွာထဲသို့ အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပြီးနောက် မကြာမီ တပ်မဟာဌာနသို့ ရောက်လာခဲ့ကြသည်။ 


" အစ်ကိုကြီးကျောက်, အဲ့နေရာပဲ... " လျှိုချွန်းဟယ်သည် ညအမှောင်အောက်မှ ထင်ရှားစွာမမြင်ရသော်လည်း လင်းလန်တို့အိမ်ကို လက်ညှိုးထိုးပြလိုက်သည်။ 


ကျောက်ကျန့်ရှယ်သည် သူ့နှလုံးသားထဲမှ အပူလိုင်းတစ်ခုခုန်တက်လာသလို ခံစားလိုက်ရသည် _ ၁၅၀၀ယွမ်...


" အစ်ကိုကြီးတို့, မြန်မြန်..."


ခြံဝင်းငယ်ရှေ့သို့ ရောက်ကြသောအခါ သူတို့ထဲမှ ခပ်ပိန်ပိန်လူငယ်တစ်ယောက်က ရုတ်တရက်ပြောလာသည်။ 


" အစ်ကိုကြီးကျောက်, သူတို့မိသားစုက လူများတယ်နော်, တစ်ယောက်ယောက်နိုးလာရင် ဘယ်လိုလုပ်မလဲ..."


သူတို့တွေသည် ပိုက်ဆံခိုးရန်သာ လာခဲ့သော်လည်း တစ်ယောက်ယောက်မြင်ခဲ့ပါက ခိုးမှုမဟုတ်ဘဲ လုယက်မှုဖြစ်သွားလိမ့်မည်။ 


ခိုးယူခြင်းနှင့် လုယက်ခြင်းမှာ လုံးဝကွာခြားသော ဖြစ်ရပ်နှစ်ခုဖြစ်သည်။ 


ကျောက်ကျန့်ရှယ်သည် သူ့လေသံကိုနိမ့်၍ ဆူလိုက်သည်။ 


" လျှိုချွန်းဟယ်က နေ့ခင်းလူမရှိတဲ့ချိန် ဒီကိုခဏခဏရောက်ပြီးပြီ... ဒါပေမဲ့ ငါကတော့ အခုလုပ်သင့်တယ်လို့ထင်တယ်..."


ကျေးလက်ဒေသတွင် ကလေးများစွာရှိကြပြီး သူတို့တွေသည် နေ့ခင်းဘက်တွင် ပြေးလွှားဆော့ကစားကြသည်။ ကောက်ပဲသီးနှံရိတ်သိမ်းချိန်၌ပင် ကလေးများသည် ဟိုမှဒီဒီပြေးလွှားကာ အဆော့မပြတ်ကြချေ။ ထို့ကြောင့် နေ့ခင်း၌ လှုပ်ရှားရန်ခက်ခဲသည်။ 


ထို့အပြင် နေ့အချိန်၌ သူစိမ်းများကလည်း ရွာထဲသို့ ဝင်ထွက်သွားလာမပြတ်ရှိကြသည်။ အကြံကြီးသော်လည်း ထိုမျှ လူအုပ်ကြားထဲတွင် သူတို့အတွက် လှုပ်ရှားရန် အခွင့်အရေးမရှိချေ။ 


အဓိကအချက်မှာ ညဘက်တတိယအချိန်မှ စတုတ္ထအချိန်အထိ ရွာထဲတွင် လုံ့လဝီရိယရှိရှိ ကင်းလှည့်ကြခြင်းဖြစ်သည်။ ဒုတိယအချိန်တွင် အမျိုးသမီးများအိပ်ရာထကြပြီဖြစ်သဖြင့် ထိုအချိန်မှစ၍ မည်သည့်လှုပ်ရှားမှုမျိုးမှ လုပ်ရန်အခွင့်မသာတော့ချေ။ 


လွန်ခဲ့သည့်ရက်အနည်းငယ်က စပါးရိတ်သိမ်းပြီးဖြစ်သော်လည်း မိုးများရွာသွန်းမှုကြောင့် တစ်ချို့ညများတွင် ကင်းလှည့်ထွက်မည့်သူမရှိပေ။ မဟုတ်လျှင် ထိုသူခိုးများအဖွဲ့သည် သူတို့တောင့်တနေခဲ့သော ငွေဆုကြီးကို ရယူဖို့ ထိုမျှထိစိတ်ရှည်ရှည်စောင့်ဆိုင်းနေမည်မဟုတ်။ 


ထို့အပြင် သူသည် လျှိုချွန်းဟယ် ပိုက်ဆံအကုန်လုံးယူသွားမည်အား စိုးရိမ်နေမိသည်။ 


ကျောက်ကျန့်ရှယ်သည် တခြားသူများနှင့်လည်း အဖွဲ့တစ်ခုဖွဲ့ထားသည်။ သူတို့တွေသည် မြို့ထဲရှိ စက်ရုံများသို့ မကြာခဏဝင်ထွက်သွားလာ၍ ပစ္စည်းများခိုးယူတတ်ကြပြီး တစ်ချို့ပစ္စည်းများခိုးယူနိုင်ရန်အတွက်မူ တပ်မဟာတစ်ခုခုဆီသို့ မကြာမကြာစွန့်စားသွားတတ်လေ့ရှိကြသည်။ 


သို့သော် ၁၅၀၀ယွမ်သည် ကြီးမားသောပမာဏပင် _ ထိုပမာဏသည် လောက၏ဥပဒေစည်းမျဥ်းကို ချိုးဖောက်နိုင်လောက်သည်အထိ သူ့ကို နတ်ဆိုးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်ခဲ့သည်။ 


" အပုနဲ့ လျှိုချင်းဟယ်က ဒီမှာစောင့်ကြည့်နေ... ငါနဲ့ ဂျပိန် အထဲဝင်သွားလိုက်မယ်..." ကျောက်ကျန့်ရှယ်က ထိုသို့ပြောပြီး တံခါးကိုအစမ်းဖွင့်ကြည့်လိုက်ရာ အတွင်းမှသော့ခတ်ထားမှန်း သိလိုက်သည်။ 


ဂျပိန်ဟုခေါ်သော လူမှာအရပ်ရှည်ပြီး ခန္ဓာကိုယ် ပိန်သွယ်သည်။ ထို့ကြောင့် သူသည် နံရံ၏ထုထည် ခိုင်ခံ့မှုရှိ,မရှိ စမ်းသပ်ရင်း သူတို့ကျော်တက်၍ အဆင်ပြေ,မပြေ စဥ်းစားနေပေသည်။


ထိုဝန်းတံတိုင်းအမျိုးအစားသည် ‌အုတ်,အဂႅရေဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ ရွှံ့ခဲနှင့်ကျောက်တုံးတို့ဖြင့် ပြုလုပ်ထားသည်။ လူကြီးလူကောင်းတစ်ယောက်ဆိုလျှင် နံရံကျော်၍ဆက်သွားမည်မဟုတ်ဘဲ ထိုနေရာမှာတင်ရပ်လိုက်မည်ဖြစ်သော်လည်း သူခိုးများကိုတော့ သွားတား၍ရမည်မဟုတ်ချေ။ 


သို့သော် သူတို့ တစ်ခုမေ့သွားခဲ့သည်။ ထိုရွှံ့နံရံသည် အုတ်ကြွပ်ပြားဖြင့်ကာထားခြင်းမရှိသည့်အပြင် လွန်ခဲ့သည့်နှစ်ရက်က မိုးရွာထားခဲ့သေးသည်။ ဆောင်းဦးမိုးရေများ ရွှံ့နံရံထဲပျော်ဝင်သွားမည့်သဘာဝဖြစ်စဥ်ကိုတော့ မည်သည့်နည်းနှင့်မှ တားလို့ရမည်မဟုတ်။ 


ပုံမှန်ဆိုလျှင် နေထွက်ပြီး အလိုလိုခြောက်သွားကာ နဂိုပုံစံအတိုင်းပြန်ဖြစ်တတ်သော်လည်း ၎င်းကိုသွားမထိမှသာ မပျက်မရွင်းရှိနေမည်ဖြစ်သည်။ 


ခပ်ပိန်ပိန်လူသည် ထိုအခြင်းအရာကို သတိမမူမိဘဲ နံရံပေါ်သို့ သူ့လက်တင်ပြီး အနည်းငယ်တွန်းကြည့်လိုက်ရာ "ဘုတ်"ခနဲအသံနှင့်အတူ ရွှံနံရံကြီးပြိုကျသွားပြီး လူပါ ရွှံ့နှင့်ကျောက်တုံးကြားလှဲကျသွားသည်။ 


ကျောက်ကျန့်ရှယ်နှင့် တခြားလူများ ထိတ်လန့်သွားကြပြီး တိုးတိုးတိတ်တိတ်မြည်တွန်တောက်တီးတော့သည်။ 


" မင်းဘာတွေလျှောက်လုပ်နေတာလဲ..."


ခပ်ပိန်ပိန်လူ : " နံရံပြိုသွားပြီ..."


လျှိုချွန်းဟယ်က သတိပေးသည်။ 


" မင်းအသံကို လျှော့ပြော..." 

လင်းလန်တို့အိမ်သည် တခြားအိမ်များနှင့်ဝေးနေသည်က ကံကောင်းသွားခဲ့သည်။ မဟုတ်ပါက လင်းလန်တို့မိသားစုသတိမထားမိလျှင်တောင် တခြားအိမ်နီးချင်းများမှာ တစ်ခုခုမူမမှန်မှန်း သတိထားမိနိုင်လောက်လိမ့်မည်။ 


ခပ်ပိန်ပိန်လူသည် ပျော်ပျော်ရွှင်ရွှင်ထရပ်လိုက်သည်။ 


" မင်းတို့ တက်စရာမလိုတော့ဘူး... ဒီအတိုင်းဝင်လို့ရပြီ..."


နံရံသည် အမြင့်ကြီးမဟုတ်သော်လည်း ယခု၌ တစ်ဝက်ကပြိုကျသွားပြီဖြစ်သည့်အတွက် ကျန်တစ်ဝက်ကို ခြေထောက်မြှောက်ကျော်ရုံဖြင့် အိမ်ထဲသို့ဝင်နိုင်ပြီဖြစ်သည်။ 


ခပ်ပိန်ပိန်လူသည် အောင်ပွဲခံအကကလိုက်ရင်း သူတို့ကို မြန်မြန်ဝင်ရန် အချက်ပြလိုက်သေးသည်။ 


ကျောက်ကျန့်ရှယ်က တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ 

" ချီးပဲ... အကုန်ရွှံ့တွေပေကုန်ပြီ..."


ခပ်ပုပုလူက သတိထပ်ပေးသည်။ 

" သူတို့နိုးလာရင် ဘာလုပ်ကြမလဲ..."


ကျောက်ကျန့်ရှယ် ဒေါသထွက်လာသည်။ 


" ဒီနေရာမှာ မင်းတစ်ယောက်တည်း အစိုးရိမ်လွန်နေတာ... အခုညသန်းခေါင်ရောက်နေတာ, သူတို့မအိပ်လို့ ဘာလုပ်နေကြအုံးမှာလဲ..."


ယခုကဲ့သို့ အေးစိမ့်၍လေထန်ပြီးမိုးရွာသောနေ့များတွင် မိသားစုတိုင်း ကုလားသေကုလားမောအိပ်ပျော်နေကြမည်မှာ မလွဲဧကန်ပင်။ 


xxxxxx