အပိုင်း ၁၁၇-၁၁၈
Viewers 23k

Part 117


သူနှင့်ခပ်ပိန်ပိန်လူနှစ်ဦးလုံးမှာ ခေါင်းမော့ရင်ကော့ပြီးဝင်သွားကြသည်။ ရွှံ့နံရံပြိုသွားသော်လည်း အိမ်တံခါးပေါက်များကို သေချာပိတ်ထားမည်ဖြစ်သည့်အတွက် တံခါးမှဖျက်ဝင်ရမည်ဖြစ်သည်။ 


ကံကောင်းသည်က သူတို့တံခါးများကို သော့မခတ်ထားဘဲ ချက်သာချထားသည့်အတွက် လျှိုချွန်းဟယ်သည် အပြင်မှ သံပြားပါးပါးဖြင့်တံခါးဖျက်ပြီး ဝင်လို့ရနိုင်သည်။ 


ကျောက်ကျန့်ရှယ်သည် တံခါးကို ဟိုကလိဒီကလိလုပ်ရန် သွားလိုက်စဥ် တစ်ခုခုနှင့်တိုက်မိသွားပြီး "ကျွီ"ဟူသောအသံထွက်လာရာ လူတိုင်းထိတ်လန့်သွားကြသည်။ သူလည်း ထိုပစ္စည်းကို မြန်မြန်ကောက်ကိုင်လိုက်ပြီး အမှောင်ထဲသို့ချက်ချင်းပျောက်ကွယ်သွားသည်။ 


ညတာသည် ရှည်လျားသည်။ ဟန်ချင်စုန့်သည် တပ်ထဲမှယူလာခဲ့သော မိုးကာအင်္ကျီနှင့် မိုးစီးဘွတ်ဖိနပ်ကိုစီး၍ အိမ်ပြန်လာခဲ့သည်။ ဓာတ်မီးလည်း အားမရှိတော့သဖြင့် သူ့ကျောပိုးအိတ်၏ ဘေးအိတ်ထဲတွင်သာ ထည့်ထားရသည်။ သူသည် အိမ်ပြန်လမ်းကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ထိုလမ်းကို အကြိမ်ပေါင်းများစွာ သွားဖူးပြီးဖြစ်သဖြင့် အကျွမ်းတဝင်ရှိရာ ထိုရာသီဥတုအောက်မှာပင် မရပ်မနားခရီးဆက်ခဲ့သည်။ 


ဖုန်တောလမ်းသည် ယခုအခါ ရွှံ့များဖြင့် ပွထနေသော်လည်း သူ့ခြေလှမ်းများကိုတော့ မရပ်တန့်နိုင်‌ခဲ့ပေ။ 


ဟန်ချင်စုန့်သည် အလွန်လျင်မြန်စွာလမ်းလျှောက်နေမိသည် ယခင်က ဤမျှလောက် အားတက်သရောအိမ်ပြန်ချင်စိတ်မရှိခဲ့ပေ။ 


သူ၏အလုပ်ဌာနကို ရွေးရန်အတွက် ဌာနချုပ်သို့သွားခဲ့စဥ်က တခြားအလုပ်ကို ရှာစရာမလိုဘဲ စိတ်ကြိုက်ဌာနတစ်ခုရွေးရန် သို့မဟုတ် အဖွဲ့ချုပ်ကို စီစဥ်ခိုင်းနိုင်ရန် ရွေးနိုင်ကြောင်းပြောခဲ့သည်။ အလုပ်အတွက် စုစုပေါင်းနေရာသုံးခုရှိပေသည် _ နှစ်ခုမှာ သူသည် တခြားမြို့၌ လယ်ယာအလုပ်သမားပြုပြင်ပြောင်းလဲရေးဌာန၏ ဒါရိုက်တာလုပ်နိုင်သော်လည်း သူ့မိသားစုကို ခေါ်သွားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ ပြည်သူ့လုံခြုံရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်နေရာကို တွေဝေခြင်းမရှိဘဲ လက်ခံလိုက်သည်။ 


သူ သူ့မိသားစုနှင့်အတူတူ နေချင်သည်။ 


ထိုသို့စဥ်းစားလိုက်သည်နှင့် နွေးထွေးသောအပူလိုင်းတစ်ခု သူ့နှလုံးသားကို ရုတ်တရက်လွှမ်းခြုံလာသည်။ ဆောင်းဦးလေနှင့် ည‌မိုးသည် အေးမြနေသော်လည်း သူ့နှလုံးသားသည်တော့ နွေးထွေးနေခဲ့သည်။


ဟန်ချင်စုန့်သည် ညတစ်ဝက် လမ်းလျှောက်ပြီးသည့်နောက် အမှောင်နှင့်ကျင့်သားရလာသည်။ ရွာအဝင်ဝသို့ရောက်သောအခါ အိမ်ရှိရာလမ်းကို မှန်မှန်ကန်ကန်ကွေ့လိုက်သည်။ မိုးရွာသွန်းမှုရပ်တန့်သွားသဖြင့် ခွေးများ၏ဟောင်သံလည်း ခဏကြာပြီးနောက် တိတ်ဆိတ်သွားတော့သည်။ သူ့အာရုံထဲကအတိုင်း လမ်းကြောင်းမှန်ကိုမှန်းဆပြီး အိမ်ဆီသို့ မရပ်မနားခရီးနှင်ခဲ့သည်။ 


လျှိုချွန်းဟယ်နှင့် ခပ်ပုပုလူတို့ကို အပြင်တွင်စောင့်ကြပ်ရန် တာဝန်ပေးထားသော်လည်း လျှိုချွန်းဟယ်သည် ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ဝင်ကြည့်ပြီးခိုးယူချင်သည်။ ဒီလို မိုးရွာပြီးမည်းမှောင်တဲ့နေ့မှာ ဘာတွေကိုစောင့်ကြပ်ရဦးမှာလဲ...


ထိုအချိန်၌ ခပ်ပုပုလူသည် သူ့ကိုဆွဲလိုက်ပြီး အလန့်တကြားပြောလာသည်။ 


" ခွေးတွေဟောင်နေတယ် ; တစ်ယောက်ယောက်လာနေပြီနေမှာ..."


လျှိုချွန်းဟယ်က တိုးတိုးတိတ်တိတ်ပြောသည်။ 


" ဘယ်သူကလာမှာမို့လဲ... ခွေးတွေ တစ်ခါနှစ်ခါ ဟောင်တာကတော့ ပုံမှန်ပဲ..."


 ဆက်တိုက်မဟောင်လျှင် အရာရာပုံမှန်ပဲဖြစ်သည်။ ထို့အပြင် မိုးအဆက်မပြတ်ရွာသွန်းထားသဖြင့် မြေကြီးမှာ ရွှံ့ဗွက်များတလူးလူးဖြစ်နေသည်။ မကောင်းတဲ့အကြံအစည်ရှိသူတွေကလွဲပြီး ဒီအချိန်ကြီး ဘယ်သူကများ ရူးရူးနှမ်းနှမ်းအပြင်ထွက်ကြမှာတဲ့လဲ...


ခပ်ပုပုလူသည် အသံကို ဆက်နားထောင်နေသည်။ 


" တစ်ယောက်ယောက်ရှိနေပါတယ်ဆို_ နားထောင်ကြည့်..."


တစ်ဖက်ကတိုက်တွန်းလွန်း၍ လျှိုချွန်းဟယ်လည်း မတတ်သာပဲ ထိုလူတစ်ယောက်လာသည်ဟူသောအသံကို ခပ်ပေါ့ပေါ့နားစွင့်လိုက်သည်။ အစ၌ အသံမှာ သိပ်မသိသာသော်လည်းနောက်ပိုင်း၌ ဗွက်ရေများပေါ်‌ဖြတ်လျှောက်လာသော ဘွတ်ဖိနပ်အသံကို ကြားလာရသည်။ 


တစ်ယောက်ယောက်လာနေပြီ...


ခပ်ပုပုလူက သူ့ကို ချောင်ထဲသို့ မြန်မြန်ဆွဲခေါ်သွားသည်။ တစ်ချိန်တည်းမှာပဲ " မြောင်" ဟုညာသံပေး၍ ဝင်းထဲက လူများကို အချက်ပြလိုက်သည်။ ၎င်းသည် သူတို့၏တည်ရှိမှုကို မသိသာစေဘဲ တစ်ယောက်ယောက်လာနေပြီဟု သုံးသော သူတို့၏အချက်ပြစကားဖြစ်သည်။ 


လျှိုချွန်းဟယ်သည် ခြေသံမှာ ညအချိန် ဖြတ်သွားဖြတ်လာလူတစ်ယောက် သို့မဟုတ် ကင်းစောင့်သမား၏ခြေသံဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။ သို့သော် သူတို့အခက်အခဲကြီး အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့မည်ကို တွေးမိလိုက်လျှင် ၎င်းကို အန္တရာယ်ဟု ဆုံးဖြတ်ရလောက်သည်အထိ စာဖွဲ့စရာမလိုဟု သူ သတ်မှတ်လိုက်သည်။ 


နှစ်ဦးသားသည် သူတို့ဘေးရှိ ကောက်ရိုးပုံနောက်တွင် ပုန်းနေပြီး ထိုလူ မြန်မြန်ဖြတ်သွားပါစေဟု ကြိတ်ဆုတောင်းနေကြသည်။ 


ဒါပေမဲ့ အဲ့လူက သူတို့ ပစ်မှတ်ထားတဲ့ အိမ်တည့်တည့်ကိုမှ လျှောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ...


လျှိုချွန်းဟယ်နှင့် ခပ်ပုပုလူနှစ်ဦးသား သူတို့သွေးများ ရုတ်တရက်ဆောင့်တက်လာလို ခံစားလိုက်ရသည်။ နှစ်ဦးသားမှာ အသက်ပင်မရှုရဲလောက်သည်အထိ ထိတ်လန့်တကြားဖြစ်နေကြသည်။ 


မကြာမီ ထိုလူသည် သူတို့ရှိရာသို့ တည့်တည့်လျှောက်လာခဲ့သည်။ မှောင်မဲနေသော်လည်း မသဲမကွဲအရိပ်ပုံစံအရ အရပ်ရှည်ရှည်လူတစ်ဦးဖြစ်ရမည်ဟု လျှိုချွန်းဟယ်ခန့်မှန်းလိုက်သည်။ 


ဖြစ်နိုင်တာက ငါတို့လိုပဲ အဲ့မိန်းမရဲ့ပိုက်ဆံကို ခိုးဖို့ကြံနေတဲ့ တစ်ယောက်များလား...

ငါတို့ရဲ့ပြိုင်ဘက်များလား...

သူသည် ဟန်ချင်စုန့်ယခုအချိန်ပြန်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိဘူးသဖြင့် ဗိုလ်မှူးဟောင်းတစ်ယောက်ဟူသော ဖြစ်နိုင်ချေသည် သူ့အတွေးထဲ မပေါ်လာခဲ့ချေ။ 


လျှိုချွန်းဟယ်သည် တံခါးကို ညင်ညင်သာသာတွန်းဖွင့်လိုက်သော ထိုလူ၏ လှုပ်ရှားသံကို သေချာနားထောင်နေသည်။ တံခါးသော့ခတ်ထားသည်ကို သိရှိပြီးနောက် ထိုလူသည် စက္ကန့်အနည်းငယ်ကြာ ငြိမ်ငြိမ်ရပ်နေခဲ့သည်။ ဒီလူ နံရံကျော်တက်ဖို့ စဥ်းစားနေတာလား ဒါမှမဟုတ် သော့ဖျက်ဖို့တွေးနေတာလား...


ထို့နောက် ဘေးနံရံဘက်သို့ ထိုလူ လျှောက်သွားသံကို သူတို့ကြားလိုက်ရသည်။ 


လျှိုချွန်းဟယ်၏ အသက်ရှူသံမှာ ရပ်တန့်သွားတော့မတတ်ပင် _ သူတို့ကိုတွေ့သွားတော့မယ်...


ထိုလူသည် နံရံကိုထိလိုက်ပြီးသည်နှင့် ချက်ချင်းခုန်တက်သွားပုံမှာ မည်သည့်အသံမှပင်မကြားရချေ။ ထိုလူ၏ လှုပ်ရှားမှုများမှာ ခပ်ပိန်ပိန်လူထက်စာလျှင် ပို၍ ပေါ့ပါးပြီး သဘာဝကျသည်။ 


ချီး- ဒါကတကယ့်ကို ပြိုင်ပွဲပဲ...


တစ်ဖက်လူသည် သေချာပေါက်အားနည်းသူမဟုတ်ချေ_ ထိုအစား လုံးဝအားအကြီးဆုံးသူ ဖြစ်နေနိုင်သည်။ 


လျှိုချွန်းဟယ်သည် ခပ်ပုပုလူနှင့် အခြေအနေကိုဆွေးနွေးရင်း ဝင်းထဲဝင်လိုက်သည်။ သူတို့အကြံမပျက်စီးစေရန်အတွက် ထိုအဖျက်သမားကို သူတို့လူအရေအတွက်နှင့် ဖြဲချောက်ရတော့မည်ဖြစ်သည်။ 


သူတို့သာစည်းလုံးပါက ဘယ်လိုအင်အားကြီးရန်သူဖြစ်ပါစေ အတူတကွကျော်လွှားနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေ အဆိုးဆုံးအခြေအနေရောက်ခဲ့သော် ဆုငွေကို ခွဲပေးလိုက်ရုံသာ။ 


ဟန်ချင်စုန့် အိမ်ပြန်ရောက်သောအခါ ပထမဦးစွာ အရှေ့တံခါးသော့ခတ်ထားမှန်း သိလိုက်သဖြင့် ထိုတံခါးကို အသုံးပြု၍ မသွားရန် ဆုံးဖြတ်လိုက်သည်။ လင်းလန် အိပ်ရေးအပျက်ခံပြီး သူ့အတွက် တကူးတကတံခါးလာဖွင့်ပေးရမည့် အဖြစ်ကို သူမလိုချင်သည့်အတွက်ကြောင့်ပေ။


xxxxx

Part 118


ထို့ကြောင့် ဟန်ချင်စုန့်လည်း ဘေးဘက်သို့လျှောက်သွားလိုက်ပြီး နံရံ၏ထုထည်ကိုတိုင်းတာရန် လျာလိုက်စဥ်တွင် တစ်ချို့တစ်ဝက် ပြိုကျနေသည်ကို သတိထားမိလိုက်သည်။ သူ၏မသိစိတ်ထဲမှ သူခိုးလက်ချက်ဖြစ်ရမည်ဟု အလိုအလျောက်သံသယဝင်လိုက်သည်။ 


သို့သော် မည်သည့်နေရာမှာမှ ဘာအသံမှမကြားရချေ။ ဧကန္တ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာနေခဲ့လို့ ရွှံ့နံရံက ဒဏ်မခံနိုင်တော့တာများလား... 


ထိုသို့နှင့် နံရံကိုကျော်ဖြတ်ပြီး ခြံဝင်းထဲသို့ တည့်တည့်ဝင်သွားသည်။ မည်သည့်သံသယဖြစ်စရာအသံမှလည်း မကြားရသလို အိမ်သည်လည်း သူခိုးဝင်ထားသည့်အရိပ်အယောင်မရှိမှန်း သိလိုက်သဖြင့် နောက်ဖေးတံခါးပေါက်ကို သွားခေါက်လိုက်သည်။ 


ထိုအချိန်၌ ကျောက်ကျန့်ရှယ်နှင့်ခပ်ပိန်ပိန်လူမှာ အမှောင်ထဲတွင်ပုန်းနေရပြီး အသက်ပင်ရဲရဲမရှူရဲကြချေ။ သူတို့အခုချိန်နောက်ဆုတ်လိုက်လျှင် နောက်ဖြစ်လာမည့် အခြေအနေဆိုးများကို ရင်ဆိုင်စရာမလိုတော့ပေ။ မည်သို့ပင်ဆိုစေ အတွေ့ခံရတော့မည့်ဆဲဆဲတွင် သူခိုးများ လက်ရှောင်ကြစမြဲသာ _ ဘယ်သူကများ ဒီအတိုင်းနေပြီး လူမိခံမှာတဲ့လဲ...


သို့သော် ကျောက်ကျန့်ရှယ်၏ ယုတ္တိတန်သောအတွေးတစ်ရပ်မှာ ယွမ်၁၅၀၀အောက်တွင် ဆုံးဆုံးနှစ်မြှုပ်ပျောက်ကွယ်သွားတော့သည်။ 


သူသည် သူတို့၏ "လုပ်ဖော်ကိုင်ဖက်အသစ်လေး" ကို ရုပ်ပိုင်းဆိုင်ရာအရ ကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်ချင်သဖြင့် နီးစပ်ရာ သစ်သားချောင်းတစ်ချောင်းကို မြန်မြန်ကောက်ကိုင်လိုက်သည်။ 


ဟန်ချင်စုန့်၏ အကြားအာရုံမှာ ထင်ထားသည်ထက် ပိုမိုအားကောင်းနေရာ အမှောင်ထဲမှ တစ်ခုခုကောက်ယူသည့်အသံသေးသေးလေး၏တည်နေရာကို ချက်ချင်းသိသွားခဲ့သည်။ သူ့ခြေထောက်ကိုမြှောက်လိုက်ပြီး အမှောင်ထဲသို့ ကန်လိုက်သည်_


ကန်ချက်မှာ အားပြင်းလွန်းသဖြင့် ကျောက်ကျန့်ရှယ် စိတ်ပြောင်းသွားပြီး ချက်ချင်းအော်ပြောလိုက်သည်။ 

" အစ်ကိုကြီး, ငါတို့က အတူတူတွေပါ..."


ဟန်ချင်စုန့်သည် နေရာမှ မရွေ့ဘဲ စုစုပေါင်းလူ လေးဦးဖြစ်နိုင်မှန်း ချက်ချင်းကောက်ချက်ချလိုက်သည်။ 


ထိုလေးဦးသားသည် ဟန်ချင်စုန့်က သူတို့အသံကြားသော်လည်း အလန့်တကြားအော်လည်းမအော်သလို သူခိုးပါဟုလည်း အော်ဟစ်အကူအညီတောင်းခြင်းမျိုးမရှိသည့်အတွက် သူသည် ပိုက်ဆံခိုးရန်လာခဲ့သည့် အကြံတူသူခိုးတစ်ဦးဖြစ်ရမည်ဟု ပိုသေချာနေတော့သည်။ 


ကျောက်ကျန့်ရှယ်က တိုးတိုးတိတ်တိတ်မေးသည်။ 


" ဒီညီအစ်ကိုက အထက်ရွာက လာခဲ့ကြတာ... မင်းကော.. ပိုက်ဆံခိုးဖို့လာတာလား... ဒါမှမဟုတ် မိန်းမခိုးဖို့လား..."


ထို့နောက် ခပ်လှောင်လှောင်ရယ်သံထွက်လာသည်။ 


ဟန်ချင်းဟွားသည် လင်းလန်က အလှလေးတစ်ဦးဖြစ်သည်ဟု ပြောပြဖူးသည်။ သူမယောက်ျားအိမ်မှာမရှိချိန်၌ ရွာထဲရှိလူပျိုများပင် သူမ၏အလှအောက်၌ လွယ်လွယ်ယစ်မူးသွားတတ်သည်ဟု သူ့အား သတိပေးခဲ့သေးသည်။ 


ဟန်ချင်စုန့်ရင်ထဲတွင် ဒေါသမီးများ ချက်ချင်းပွင့်ထွက်လာသည်_ ဟန်ချင်းဟွား၏ စိုးရိမ်မှုမှာ အမှန်ဖြစ်လာပြီ...


" မင်းကကော..."


ဟန်ချင်စုန့်၏လေးလံနိမ့်ကျသောအသံထဲ၌ ဆွဲငင်အားတစ်မျိုးကိန်းဝပ်နေကာ အထူးသဖြင့် ယခုလိုမိုးညများနှင့် လိုက်ဖက်ကာပနံရနေသည်။ 


ဟန်ချင်စုန့်သည် တစ်နှစ်ပတ်လုံး အိမ်နှင့်အဝေးရောက်နေသူဖြစ်ပြီး လျှိုချွန်းဟယ်နှင့် ထွေရာလေးပါးစကားပြောဖူးသူလည်းမဟုတ်ချေ။ ထို့ကြောင့် ဟန်ချင်စုန့်အကြောင်း လျှိုချွန်းဟယ်ကြားဖူးလျှင်တောင် သူ၏လေးလံနိမ့်ကျပြီးအက်ရှသောအသံကို ဘယ်သူဘယ်ဝါဖြစ်မှန်း ရိပ်ဖမ်းမိနိုင်မည်မဟုတ်ချေ။ 


" ဟေး, အစ်ကိုကြီးက ကျွမ်းကျင်သူဆိုတော့ ငါတို့အတူတူအလုပ်လုပ်လို့ရတယ်...

ငွေရလာရင် ငါတို့တွေ ဝေပုံဝေကျငါးပုံခွဲကြမယ်လေ..."


အမှန်ဆိုလျှင် ယခုကမ်းလှမ်းချက်မှာ အတုဖြစ်သည်။ ကျောက်ကျန့်ရှယ်သည် ယွမ်၁၅၀၀ကို ဘယ်သူ့ကိုမှ ခွဲဝေပေးချင်စိတ်မရှိပေ, သို့သော် သူ၏ကူဖော်လောင်ဖက်သုံးဦးကိုတော့ အနည်းငယ်စဥ်းစားပေးမည်ဖြစ်သည်။ မဟုတ်လျှင် နောက်ပိုင်း၌ ကိစ္စများရှုပ်ထွေးသွားနိုင်သည်။ 


ဟန်ချင်စုန့်အတွက် ယခုအချိန်၌ အိမ်သည် သူတို့အကြံအစည်မှ လက်မတင်လေးကင်းလွတ်သွားသည်မှာ သေချာသွားသဖြင့် စိတ်သက်သာရာရကာသက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်သည်လည်း ခုနတုန်းကလောက် တောင့်တင်းမနေတော့ပေ။ 


" မင်းတို့တွေက ဘယ်ကလဲ..."


" ငါတို့ဘယ်ကလဲဆိုတာ မင်းသိစရာမလိုပါဘူး... ငါတို့တွေက တစ်လှေတည်းစီးနေကြတယ်ဆိုတာပဲ သိထားရင်ရပြီ..."


ကျောက်ကျန့်ရှယ်သည် သူ့စကားအတွက် သူ့ကိုယ်သူဂုဏ်ယူနေသော်လည်း လျှိုချွန်းဟယ်ကို တိတ်တဆိတ်အချက်ပြ၍ ထိုလူမည်သူဖြစ်ကြောင်း စုံစမ်းခိုင်းသည်။ 


လျှိုချွန်းဟယ်လည်း မည်သူဖြစ်သည်ကို တပ်အပ်မပြောနိုင်သဖြင့် ထိုလူမှာ ရွာထဲကမဟုတ်နိုင်ဟု ထင်မှတ်လိုက်သည်။ 


ကျောက်ကျန့်ရှယ်သည် ဤနေရာ၌သူတို့တိုက်ခိုက်လျှင် လူများအာရုံစိုက်လာကြမည်ကို သတိထားမိလေရာ သူတို့အကြံအစည်အောင်မြင်ဖို့ဆိုလျှင် ထိုလူစိမ်းကို အပါခေါ်သွင်းရုံကလွဲပြီး တခြားနည်းလမ်းမရှိချေ။ 


ဟန်ချင်စုန့်နှာမှုတ်လိုက်ပြီး မည်သည့်တစ်ခွန်းမှ မဆိုတော့။ 


ကျောက်ကျန့်ရှယ်သည် သူနှင့် ခပ်ပိန်ပိန်လူတံခါးသွားဖွင့်နေစဥ် လျှိုချွန်းဟယ်နှင့်ခပ်ပုပုလူအား လူစိမ်းကို စောင့်ကြည့်ထားရန် အချက်ပြလိုက်သည်။ 


ခပ်ပိန်ပိန်လူသည် သံပြားပါးပါးကို တံခါး၏ထိပ်ကြားထဲသို့ လျှောထည့်ပြီး တံခါး၌ချိတ်ဆွဲထားသောအရာကို ဖြုတ်လိုက်ကာ အားဖြင့်ဆွဲဖွင့်လိုက်သည်။ 


တံခါးပွင့်သွားသည်နှင့် ကျောက်ကျန့်ရှယ်က ထိပ်ဆုံးမှတန်းဝင်သွားပေသည်။


ရုတ်တရက် အမှောင်ထုထဲမှ လေတစ်ချက်ဝှေ့လာပြီး "ဘန်း" ဟူသော အသံကျယ်ကြီး ကြားလိုက်ရသည်။ တစ်စုံတစ်ခုက ကျောက်ကျန့်ရှယ်၏ ဦးခေါင်းတည့်တည့်ကို မညှာမတာ ဝင်ရိုက်ခတ်သွားသည်။ 


အသံအနေအထားအရ နာသည်ဟုထင်ရသော်လည်း အရိုက်ခံရပြီးနောက် ပူထူသောခံစားချက်သာ ခံစားရနိုင်သည်။ 


ကျောက်ကျန့်ရှယ်လည်း ထိုသို့တိုက်ခိုက်ခံရလိမ့်မည်ဟုမမျှော်လင့်ထားသဖြင့် အော်ဟစ်လျက် မြေပေါ်သို့လဲကျသွားသည်။ 


" ဘယ်... ဘယ်သူလဲ... " ခပ်ပိန်ပိန်လူ၏အသံမှာ တုန်နေသည်။ 


အခန်းထဲတွင်မည်သည့်အသံမှမကြားရသော်လည်း တစ်ခုတစ်ခုက အတွင်းမှ ဝဲပျံလာပြီး သူ့၏ခန္ဓာကိုယ်ကို ထိမှန်သွားပြန်သည်။ " ဘိုင်း" ဟူသောအသံနှင့်အတူ ခပ်ပိန်ပိန်လူလည်းဒဏ်ရာရသွားမှန်း သိသာလှသည်။ 


နှစ်ဦးသား တံခါးပေါက်ဝတွင် မြင်မကောင်းရှုမကောင်း လှဲကျနေကြသည်။ 


" သူ‌တို့တွေ ပြင်ဆင်ထားကြတယ် ; မြန်မြန်, ပြေးတော့..."


လျှိုချွန်းဟယ်နှင့် ခပ်ပုပုလူတို့လည်း ထိုသို့အော်ရင်း ခေါင်းလှည့်ပြေးကြတော့သည်။ 


လင်းလန်က ထိုသူခိုးများနောက် လိုက်ရန်ပြင်နေသော တဝမ်ကိုဆွဲထားရင်း ထိုလူတွေနောက် မလိုက်တော့ရန် သတိပေးရသေးသည်။ အဘယ်ကြောင့်ဆို သူခိုးဘယ်နှစ်ယောက်ရှိမှန်း သူတို့မသိနိုင်သဖြင့် ထိုသူခိုးများ ပြန်တိုက်ခိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်များကို ခံစားရန် သူတို့အတွက် မထိုက်တန်၍ဖြစ်သည်။ 


ယခုဆိုလျှင် သူခိုးများလည်း အလန့်တကြားပြေးသွားပြီဖြစ်သည့်အတွက် လင်းလန်လည်း သူတို့တွေ အိမ်ထဲအတင်းမဝင်နိုင်တော့မှန်း အတည်ပြုလိုက်ပြီး ချက်ချင်းအော်လိုက်သည်။ 


" ဒီမှာသူခိုးရှိတယ်ဗျို့... သူခိုးဗျို့..."


အိမ်ထဲရှိ ကလေးများလည်း ပြိုင်တူအော်ဟစ်ကြသည်။ 


" ဝုတ်, ဝုတ်.." အခန်းထဲအိပ်နေသော ဝမ်ဝမ်လည်း အိမ်တွင် ရုတ်ရုတ်သဲသဲဖြစ်သံကြား၍ ထဟောင်လေသည်။ မကြာမီ အနီးနားရှိခွေးများလည်း စတင်ဟောင်လာကြရာ ထိုသို့နှင့် ခွေးတိုင်း, ခွေးတိုင်းကို ကူးစက်သွားပြီး ထိုလိုင်းဂယက်မှာ တရွာလုံးပျံ့နှံ့သွားတော့သည်။ 


xxxxxx